ငြိမ်းချမ်းအေး – ပျောက်ချင်ဦးဟဲ့.. ကိုလိုနီ အငွေ့အသက်

August 26, 2014
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ငြိမ်းချမ်းအေး – ပျောက်ချင်ဦးဟဲ့.. ကိုလိုနီ အငွေ့အသက်
သြဂုတ် ၂၆၊ ၂၀၁၄

ဗြိတိသျှ ကိုလိုနီဟောင်း နိုင်ငံတွေမှာ လုပ်လေ့ရှိတာ တခုက ကျွန်နံ့ ပျောက်အောင် ဆိုတဲ့ အကြောင်းပြချက်နဲ့ အခြေတည်ပြီး အင်္ဂလိပ် နာမည်တွေကို ပြောင်းကြတာပါ။  အင်္ဂလိပ်အသံထွက်ကိုဖျောက် ဒေသခံ အသံထွက်ကို ယူကြတယ်။  ဥပမာ – အိန္ဒိယ “Calcutta” ဆိုရင် ဒေသခံ အသံထွက် အတိုင်း “Kolkata” လို့ ပြင်တယ်။

ဗမာပြည်မှာတော့ ကိုလိုနီမဖြစ်ခင် ပဒေသရာဇ် ခေတ်မှာကတည်းက မွန်လူမျိုး တွေရဲ့ “ဒဂုံ” ဟာ မြန်မာ ကုန်းဘောင် ဘုရင် ကိုလိုနီပြု သိမ်းတဲ့ အချိန်မှာ “ရန်သူတွေ ကုန်ပြီဟေ့” ကြွေးကြော် “ရန်ကုန်” ဖြစ်ခဲ့ရတယ်။  ပဒေသရာဇ် ခေတ်မှာ ပထဝီ ဒေသချင်းဆက် မြို့ပြနိုင်ငံငယ်တွေ အချင်းချင်း အင်အားကြီးချိန် ကိုယ် သွား မတိုက်လည်း၊ သူလာ တိုက်မှာပဲ ဖြစ်တာကြောင့် ဒါကို လက်ခံပေးနိုင်သေးတယ်။

ဒီ အသစ်ပြောင်းပြီ အမည် “ရန်ကုန်” ကို ကိုလိုနီ ဖြစ်ချိန် အင်္ဂလိပ်တွေ ခေါ်တဲ့ “Rangoon” က ဒေသအသုံး မြန်မာစကား ရဲ့ မူလ အသံမှာလည်း ပါတဲ့၊ ရခိုင်လို လူမျိုးစု ဝင်တွေလည်း သုံးဆဲဖြစ်တဲ့ ရကောက် သံ “Ra သံ” ထည့်ရွတ်တဲ့ မူရင်း အသံထွက်နဲ့ အနီးစပ်ဆုံးပါ။  ဒါကိုလည်း မြန်မာဇာတ်သွင်းချင်တဲ့ စစ်အာဏာရှင်များက ၁၉၈၉ မှာ “Yangon” လို့ ရကောက်သံဖျောက် ခေတ်မြန်မာသံ ပီပီသသ ပြောင်းပစ်လိုက်တယ်။

အရာရာ “မြန်မာဖြစ်” လုပ်ချင်သူတွေ ကြီးစိုးခဲ့တော့ လူမျိုး အမည်တောင် မှ ရကောက် သံ ဖျောက် ဖျောက် ရွတ်နေကြတာ အစိုးရအသံလွှင့်တွေမှာ မကြားချင်အဆုံး ဖြစ်ခဲ့ရတယ်။  လူငယ်များ လည်း ရခိုင်ကို “Ra သံ” ထည့်ရွတ်မှ မှန်တယ်၊ ရခိုင်လူမျိုးတွေရဲ့ ဘာသာဗေဒ ထူးခြားလက္ခဏာ ကို အသိအမှတ်ပြု လေးစားရာ ရောက်တယ် ဆိုတဲ့ အကြောင်း သိနားလည်မှု နည်းခဲ့ရတယ်။

ဗမာပြည် က မြန်မာ မဟုတ်သူဦးရေ ဟာ အရှေ့တောင်အာရှ နိုင်ငံတချို့ ရဲ့ လူဦးရေ ထက် ပိုတယ်။  သူတို့မှာ မတူညီတဲ့ စကား၊ အသံထွက်၊ စာပေ၊ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှု အသီးသီး ရှိကြတယ်။  ဒီလိုမှာ တမျိုး၊ တဘာသာ ချီးမြှောက် “မဟာ မြန်မာ” မင်း စိတ်ပေါက်နေသူ စစ်အာဏာရှင်တွေရဲ့ စနစ်ကြောင့် လူမျိုးစု ပဋိပက္ခတွေ ရာစုဝက်ကြာဖြစ်ကာ တအိမ်တည်းသားချင်း ရန်ဖြစ်နေရတာနဲ့ပဲ အချိန်ကုန်၊ ငွေကုန် တိုင်းပြည် တိုးတက် လူစဉ်မီမှုဘက်ကို မလှည့်နိုင်ဖြစ်ခဲ့ရတယ်။

ပြဿနာ ကို စစ်အစိုးရများဟာ “ကိုလိုနီ အမွေဆိုး” ဆိုကာ ထမင်းရည်ပူ လျှာလွှဲ လေ့ရှိတယ်။  မမှန်ကန်တဲ့ တဖက်စောင်းနင်း ဖြစ်နေတဲ့ အပြုအမူ၊ လူမျိုးကြီးဝါဒ ပုံဖော်ထားတဲ့ စနစ် ကိုတော့ ပြင်ဖို့ ဘယ်တုန်းကမှ မကြံစည်ခဲ့ဘူး။

အခုလည်း လာပြန်ပါပြီ။  စစ်တပိုင်း အစိုးရ “ဒီမိုကရေစီ အတုအယောင်ခေတ်” မှာ “ဖက်ဒရယ် အတု” နဲ့ ချွေးသိပ်ဖို့ ကြံစည်နေကြပြန်ပါတယ်။  ဘယ်လောက် ရေရှည် ငြိမ်းချမ်းရေး၊ ခွင့်တူညီမျှရေး ဖော်ဆောင်နိုင်မလဲ။  စစ်မှန်၊ မှန်ကန်၊ မျှတ တဲ့ သဘောထား၊ ယုံကြည်မှုများ နဲ့ အခြေမတည်တာကြောင့် “စလယ်ဝင် ဖင်မမည်းခင်” ဇာတ်လမ်း မြင်ယောင်မိပါရဲ့။

တိုင်းရင်းသား ပြဿနာ ကို “ကိုလိုနီ အမွေဆိုး”တံဆိပ် ကပ်ချင်ရင်လည်း ရာစုဝက်ကျော် ကြာသည့် လက်ရှိတိုင် ကျန်အောင် ဆက်လက် အမွေခံ ထားတဲ့ အုပ်စိုးသူ စစ်အစိုးရများရဲ့ အပြစ်လို့သာ ပြန် လက်ညှိုး ထိုးရပါမယ်။  စစ်အစိုးရ အဆက်ဆက် ဟာ မွေခံမထိုက်တဲ့ “ကိုလိုနီ အမွေဆိုး”များကိုသာ ဖက်တွယ်ခဲ့ပြီး “အမွေကောင်း” များကိုတော့ မိုက်မိုက်မဲမဲ အစွန်းရောက် အမျိုးသားရေး စိတ်အခံနဲ့ ဖျက်ပစ်ခဲ့ကြတယ်။

ကိုလိုနီိအမွေ ကို ဖျက်တဲ့ အထဲမှာ အဆိုးဆုံးကတော့ ပညာရေး စနစ် ကို ဖျက်ခြင်းပါ။  စစ်တပ် အာဏာသိမ်းပြီးချိန် က စလို့ စာသင် ကျောင်းတွေ အားလုံးကို ပြည်သူပိုင်သိမ်း၊ သီးခြား အာဏာရှိ ရပ်တည်နေတဲ့ တက္ကသိုလ်တွေကို အစိုးရက ထိန်းချုပ်၊ ကျောင်းသား အခွင့်အရေးကို ဖိနှိပ်၊ ရန်သူ လို သဘောထား ဆက်ဆံ၊ ပညာရပ်ဝန်းကို ဆိတ်သုဉ်း အောင်လုပ်နဲ့ ရာစုဝက်ကျော် ထင်တိုင်းကြဲခဲ့တာ ဗမာ့ ပညာရေး အထွေထွေ အဆင့်အတန်းဟာ အောက်ဆုံးအဆင့် ယုတ်လျော့ ကျဆင်းလာခဲ့တာ မျက်မြင်ပါပဲ။

၁၉၆၀ ကျော်မှာ တက္ကသိုလ် ပညာရပ်များကို အားလုံး ဘာသာပြန် စနစ် လုပ်ပစ်လိုက်တာ မိခင် ဘာသာစကားနဲ့ သင်ရလို့ ဝိဇ္ဇာ၊ သိပ္ပံ တွေ ပိုနားလည် ကျွမ်းကျင်သွားမှု အကျိုးက မသိသာခဲ့ပေမယ့် အင်္ဂလိပ်စာ အားနည်းသွားမှုကြောင့် ဗမာပြည် က ဘွဲ့ရများ နိုင်ငံတကာမှာ မျက်နှာငယ် ဖြစ်ရမှုကတော့ ထင်ရှားခဲ့တယ်။  အာဏာရှင်ကြီး ရဲ့ သမီးတော် တယောက် ပြည်တွင်းဖြစ် ဆရာဝန်ဘွဲ့ကို ဇွတ်လုပ် ယူနိုင်ပေမယ့် ဘိလပ်သွား ဘွဲ့လွန်ယူတော့ အင်္ဂလိပ်စာ အရည်အချင်းမမီ ကျပါလေရော၊ ကိုယ့် ထိ မှ နာတတ်သူများဆိုတော့ အဲ့တော့မှပဲ အင်္ဂလိပ်စာကို အလေးပေးတဲ့ ပညာရေး စနစ်ကို ၁၉၈၀ ခုနှစ်များကျမှာ ပြန်အသက်သွင်းခဲ့တယ်။  ဒါပေမယ့် ကြားမှာ ကမ္ဘာ့ ရင်ဘောင်တန်းနိုင်တဲ့ ပညာမျိုးဆက်က အားနည်း ပြတ်ကျန်သွားခဲ့ပြီ။

အဲ့ဒီလို နှစ်ကာလတွေမှာ ဒေသတွင်း စင်္ကာပူ ကတော့ အင်္ဂလိပ်စာကို ရုံးသုံး၊ ကျောင်းသုံး တရားဝင် ပြဋ္ဌာန်း၊ ပညာကို ဗဟိုပြု လူ့စွမ်းအား အရင်းမြစ် မြှင့်တင်လိုက်တာ အချိန်တို အတွင်း ပေမီဒေါက်မီ လူရာဝင်၊ ဖွံဖြိုးတိုးတက်၊ ချမ်းသာပြီး နိုင်ငံဖြစ်သွားတယ်။  ဒါကြောင့် ၁၉၈၀ ခုနှစ်များ နှောင်းပိုင်း က စလို့ ဗမာ ပညာတတ်များ မျက်နှာ အောက်ချ၊ ကိုယ် အောက်ကျို့ စင်္ကာပူ သွား အလုပ်ရှာ၊ ဝမ်းကြောင်း၊ ကျွန်ခံနေရတယ် မဟုတ်လား။

ဗမာပြည်မှာလိုပဲ ရှေးရိုးစွဲများ ရှိပေမယ့် အမျိုးသားရေး အကြောင်းပြ ပညာရေးကို မဖျက်ဘဲ၊ အင်္ဂလိပ် ဘာသာစကား အဓိက သင်ကြားမြဲ ဖြစ်တဲ့ လွတ်လပ်ပြီးခေတ် အိန္ဒိယ ကို ကြည့်ရင်လည်း အသိ၊ အတတ်ပညာ ဆိုင်ရာ နိုဗယ်လ် ဆုရှင်တွေကို ဗြိတိသျှ-အိန္ဒိယ ခေတ်က အတိုင်း ဆက်လက် မွေးထုတ်ပေးနိုင်ခဲ့တယ်။  နိုင်ငံတကာမှာ လူရာဝင်နေတဲ့ အဆင့်မြင် နည်းပညာ အင်ဂျင်နီယာ တွေ မွေးထုတ်ပေးနေတယ်။  အနည်းဆုံး အဆင့် အင်္ဂလိပ်စကား လိပ်ပတ်လည်မှုကို အသုံးချပြီး အိန္ဒိယတွေ မိခင်မြေက မခွာရဘဲ အိုးမကွာ၊ အိမ်မကွာ နိုင်ငံတကာ က အလုပ်တွေကို လုပ်နေနိုင်တယ်။  ဥပမာ – Call Center ဖုန်းလက်ခံ ဝန်ဆောင်မှု။

ဗမာပြည်မှာတော့ ကဏ္ဍ ပေါင်းစုံ အရည်အသွေးမြှင့် “Capacity Building” လုပ်ကြမယ်ဟေ့ ဆိုနေကြပေမယ့် ပြည်တွင်း မဟာဘွဲ့၊ ပါရဂူဘွဲ့ရ တွေတောင် နိုင်ငံတကာ တန်းဝင်၊ ခေတ်မီ အဆင့်မြင် ပညာ တွေကို ဆက်လက် လေ့လာသင်ယူနိုင်ဖို့ရာ မိမိ အင်္ဂလိပ်စာ အရည်အချင်း ကို အရင်ဆုံး မြှင့်ရတဲ့ ကိန်းဆိုက်နေတယ်။

“ပျောက်ချင်ဦးဟဲ့.. ကိုလိုနီ အငွေ့အသက်” ဆိုပြီး စစ်ဗိုလ်ကြီးများကို နားရင်းပါးရင်းတီး မေးလိုက်ချင်တယ်။

အခြေတည်ပြီး ကိုလိုနီခေတ် စနစ်ဟောင်းကို အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိဘဲ ဖျက်တဲ့ အထဲမှာ နေ့စဉ် လူအများ ကာယကံမြောက် အန္တရာယ် ကြုံတွေ့၊ လူတွေ သေကြေ၊ ထိခိုက် ဖြစ်နေရတာ တခုက လက်ဝဲကနေ လက်ယာမောင်းကို ပြောင်းခဲ့မှုပါ။  ၁၉၇၀ ခုနှစ် အကုန်မှာ စတယ်၊ အာဏာရှင်ဟောင်းကြီး ရဲ့ နက္ခတ်ဆရာ ဘိုးတော် က အတိတ် ပေးလို့ ယတြာချေတဲ့ အနေနဲ့ ပြောင်းခဲ့တယ် ဆိုပဲ၊ ကောင်းလိုက်တဲ့ အကြောင်းပြချက်။

ယာ ပြောင်းတာ အခြား အင်္ဂလိပ် ကိုလိုနီဟောင်းတွေ အမေရိကန် က အစ လုပ်ခဲ့ကြတာမို့ ကြံဖန် နားလည်ပေးချင်ရင် ပေးနိုင်သေးပေမယ့် ပြဿနာ က စနစ်တကျ မပြောင်းခဲ့တာပါ။  ယာမောင်း လမ်း စနစ်ဖြစ်သွားပေမယ့် ကားထိုင်ခုံ စနစ် ကို လိုက်လျောညီထွေ လိုက်မပြောင်းဘဲ ကားမောင်းသူ ထိုင်ခုံ တွေက ညာမှာပဲ ဆက်ရှိနေတယ်။  နောက်ပိုင်း ထပ်တင်သွင်းတဲ့ ကားအများစုကလည်း စံသတ်မှတ် စီစစ်၊ ပြင်ဆင်မှု မရှိဘဲ၊ ဘယ်လမ်းမောင်း စနစ် ကျင့်သုံးရာ နိုင်ငံတွေ က ကား အဟောင်းတွေကို ဒီ အတိုင်းဆက်သုံးတာ ဆိုတော့ ကောင်းမောင်းသူ ထိုင်ခုံ က ညာတွေချည်းပဲ။

ဒါကြောင့် ဗမာပြည်က ကားမောင်းသူတွေဟာ ကားကျော်တင်ချင်ရင် မျက်စိ မမြင်သူလိုပဲ ဘေးက လူ အကူအညီကို ယူရတယ်။  အများသုံး ယာဉ်တွေမှာဆိုရင် ယာဉ်နောက်လိုက် က ရှေ့လမ်းကို၊ ဆန့်ကျင်ဘက် ကားကို ကြည့်ရတဲ့ အရေးကြီး ပုဂ္ဂိုလ်၊ တကားလုံး အသက်ကို သူ့ လက်ထဲ အပ်ထားရတယ်။  ၁၉၇၀ ကတည်းကနေ အခု အထိ ဒီ ပြဿနာကြောင့် ဖြစ်ပွားတဲ့ ယာဉ်တိုက်မှု အရေအတွက်ကို သေချာ စာရင်းပြုစုထားရင် ကြောက်စရာ ကောင်းတဲ့ ကိန်းဂဏန်းတွေ ထွက်လာနိုင်တယ်။

ဒါလည်း “ပျောက်ချင်ဦးဟဲ့.. ကိုလိုနီ အငွေ့အသက်” ဆိုပြီး စစ်အာဏာရှင်ဟောင်းကြီးကို ပါးရိုက် မေးလိုက်ချင်တယ်။

ကျွန်စော်နံမှုတွေကို ဖျောက်ချင်တယ် ဆိုတာ လွတ်လပ်ပြီး နိုင်ငံမှာ မှန်ကန်တဲ့ သဘောထားနဲ့ လုပ်ရမှာ မှန်ပါတယ်။  ဒါပေမယ့် ကိုလိုနီခေတ် အမွေဆိုးတွေ ကို သာ ဖျောက်ပြီး အမွေကောင်း တချို့ နဲ့ အကျိုးမယုတ်တဲ့ စနစ်တွေကိုတော့ မပျောက်ပျက်အောင် ထိန်းသိမ်းသင့်တာပေါ့။  အခုတော့ ဖြစ်ခဲ့ရတာက ဆိုးမွေ တွေကိုသာ အာဏာ မြဲစေဖို့ အလို့ငှာ ကွက်ယူပြီး ကောင်းမွေတွေကို စွန့်ပစ်ခဲ့တယ်။

လွတ်လပ်ပြီးခေတ် စစ်အစိုးရ အဆက်ဆက်ဟာ ကိုလိုနီခေတ် အတိုင်း လူနည်းစုတွေကို ပုံစံ တမျိုး ခွဲခြား ဆက်ဆံတယ်၊ လူမျိုးစု တွေ အချင်းချင်း အမြင် မကြည်လင်အောင်၊ မတည့်အောင် သွေးခွဲတယ်၊ ကရင်လူမျိုး တမျိုးတည်းတောင် နှစ်ဖွဲ့ကွဲအောင် ဘာသာရေး နဲ့ သပ်လျှိုပြီးမှ အနိုင်ယူတယ်။  နိုင်ငံရေး အရ စစ်မှန်တဲ့ သဘောထား နဲ့ ဖြေရှင်းရင် ချက်ချင်း ရပ်နိုင်တဲ့ ပြည်တွင်းစစ်ကို မျှဉ်းမျှဉ်းဆွဲ ထားပြီး လူများစု မြန်မာတွေကို “တွေ့လား.. လူနည်းစု သူပုန်တွေ အများကြီး၊ ငါတို့ ရှိမှ ဖြစ်မယ်၊ တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အား ရှိမယ်” ပုံဖော် အုပ်ချုပ်တယ်။  ဒီသဘောဟာ အင်္ဂလိပ် ကိုလိုနီ အမွေ ဆိုး “Divide and Rule” အတိုင်းပဲ မဟုတ်လား။  အရာရာ လူမျိုးကြီး သဘောနဲ့ “Myanmarnization” လုပ်ချင်မှုကလည်း အင်္ဂလိပ်တွေ ကိုလိုနီခေတ်ကောင်းစဉ်က ကမ္ဘာပတ်ပြီး လူဖြူ အရှင်သခင်ကြီးများ အဖြစ် “Englishnization” လုပ်ချင်ခဲ့မှုနဲ့ ဘာထူးလဲ၊ အတူတူပဲ မဟုတ်လား။

ဒီလို ဆိုးမွေကိုသာ ယူခဲ့တဲ့ ရလဒ် က ဘာဖြစ်ခဲ့သလဲ။  ပြည်တွင်းစစ် ဒဏ်ရာ ဗရပွ၊ လူမျိုးရေး အမုန်း တင်းကျမ်းနဲ့ ကမ္ဘာ လှည့် လက်ဖြန့်တောင်း၊ ခွက်ဆွဲနေရတဲ့ မျက်မှောက် ဗမာပြည် မဟုတ်လား။

ကိုလိုနီ အငွေ့အသက် ဆိုပြီး အရေး မပါတဲ့ အင်္ဂလိပ်လို နာမည် ကိစ္စမျိုး ကို သွား ဖြုတ်ဦးနှောက် နဲ့ ဇောင်းပေးခဲ့ကြတာ၊ တကယ်တော့ ခေတ်သစ် မှာ ဘယ် နိုင်ငံကြီးက မှ နာမည်အပျက်ခံ ကျွန်လာပြု နယ်မချဲ့တော့ဘူး။  ကိုယ့် တိုင်းပြည်မှာ လူတမ်းစေ့ အောင် ဝမ်းစာ ရှာစားနိုင်ဖို့ အခွင့်အရေး မသာတဲ့ ကိုယ့်လူမျိုးကသာ ကိုယ့်စားရိတ်နဲ့ကိုယ် သူတို့ ဆီသွား လိုလိုချင်ချင် ကျွန်ခံနေရတာမျိုး။  ဒီလို လူသားအရင်းအမြစ် တင် ဆုံးရှုံး ကျွန်ပြုခံနေရတာ မဟုတ်၊ ကိုယ်ဆီရှိတဲ့ သဘာဝ အရင်းအမြစ် ရေနံ၊ သဘာဝ ဓာတ်ငွေ့ လည်း ပိုက်ဆံပေးနိုင်တဲ့ ဒေသတွင်း နဲ့ အနောက် နိုင်ငံကြီးတွေက ကုမ္ပဏီကြီးများကိုပဲ တင်ပို့ ဆက်သ ကိုယ့် ပြည်သူမှာတော့ ဖယောင်းတိုင် ထွန်း၊ ယပ်ခတ်နေရတယ် မဟုတ်လား။

ကိုလိုနီ အငွေ့အသက် ဖျောက်လိုခြင်းရဲ့ အနှစ် သဘော က တိုင်းပြည် နဲ့ လူမျိုး ဂုဏ်သိက္ခာ ရှိရှိ၊ လွတ်လပ် အမှီအခိုကင်း ထည်ထည်ဝါဝါ နေနိုင်မှုက လိုရင်းပါ။  ဖြစ်ခဲ့တာက အစွန်းရောက် အမျိုးသားရေး မှိုင်းလုံးတွေနဲ့ စစ်အစိုးရ အဆက်ဆက် တံခါးပိတ်ဝါဒ ကျင့်သုံး၊ ပြည်တွင်းမှာ လူမျိုးစုငယ် တွေကို ဖိနှိပ်၊ အတိုက်အခံ ဒီမိုကရေစီ အင်အားစု နဲ့ ကျောင်းသား ကို နှိပ်ကွပ်၊ တကမ္ဘာလုံးနဲ့ ရန်လုပ် အထီးကျန် နိုင်ငံဖြစ်၊ ဒေသတွင်း က ဘာဖြစ်ဖြစ် ပါးပါးလှီး ရပြီးတဲ့ နိုင်ငံတွေကိုကျ မျက်နှာချိုသွေး၊ အိမ်တိုင်ပါ ချွတ် ရှိတာ အကုန်ပေးပေါင်းရင်း ဓားမနောက်ပိတ်ခွေး အဆင့် နောက်ဆုံး ရောက်ရတယ်။  ပေါက်ဖော်ကြီး ကျေးဇူးကို “ကျွန်” တော်မျိုးကြီးတို့ သိတတ်ရကြောင်းပါ လို့ အစိုးရ လူကြီးဆိုသူများ ကိုယ်တိုင် အရှက်မရှိ ထုတ်ဖော်ဝန်ခံနေရတယ်။  “ပြည်ပအားကိုး ပုဆိန်ရိုး” က အစိုးရ ကိုယ်တိုင် ဖြစ်နေတယ်။  အခုလည်း အန်ကယ်ဆမ် ရဲ့ ကီပင် အသစ် ဖြစ်လာတော့မယ်။

နိဂုံးချုပ်ရရင် အဲ့သလို တိုင်းပြည်အပေါ် “နှစ်” ခဲ့ကြတဲ့ စစ်အာဏာရှင်ဟောင်းများရဲ့ အနွယ်များက အခု “ပြည်သူကို ကယ်တင်ချင်ပါတယ်” အော် ခွင့်သာနေသေးပြန်တယ်။  မနှစ်မြို့ဖွယ်၊ မသတီစရာ စစ်အာဏာရှင် ကျောရိုးများ သက်ဆိုးရှည် ညောင်မြစ်လို ပွားပုံ၊ ပုတ်သင်ညို လို အရောင်ပြောင်းတတ်ပုံများ ပြည်သူ့ ဘဝ “နာလည်း နာသေး၊ နံလည်း နံသေး” ပါပဲ။  အမျိုးချစ်လှပါချည်းရဲ့ ဆိုကာ ကိုယ်ကျိုး ရှာရင်း ဗန်းပြ အမျိုးသားရေး “ပျောက်ချင်ဦးဟဲ့.. ကိုလိုနီ အငွေ့အသက်” လုပ်ခဲ့သူများရဲ့ ချီးဘရိန်းဒဏ် ခံခဲ့ရလို့ တိုင်းပြည်လည်း ခေတ်သစ်ကိုလိုနီ ကျွန်ပြုခံ ဖြစ်နေတာ ကြာပါပြီ။

ဒီ စစ်အာဏာရှင် မျိုးဆက် စစ်အုပ်စု အမွေခံများ၊ သူတို့ အတွေးအခေါ် စရိုက် စနစ် အပုပ်အသိုးများ တိုင်းပြည်မှာ မပျောက် သရွေ့ အုပ်စိုးသူ နဲ့ အပေါင်းအပါ လူတစုသာ ကောင်းစားကာ ပြည်သူ အများမှာတော့ စစ်ပွဲ၊ လူမှု၊ စီးပွား ဒုက္ခတွင်းထဲက ရုန်းထွက်နိုင်မှာ မဟုတ်ပါ။  တိုင်းပြည်လည်း ဗိုလ်ချုပ်ပြောတဲ့ “ဖာနိုင်ငံ” အဖြစ် ရေတဖြန်းဖြန်းဆေးရင်း တရုတ်ရဲ့ မယားကြီး၊ အနောက်အုပ်စု ရဲ့ မယားငယ် ဘဝ ဖြစ်မြဲ ဖြစ်နေဦးမှာ ဖြစ်ကြောင်းပါ ခင်ဗျား။

ငြိမ်းချမ်းအေး

သြဂုတ် ၂၀၊ ၂၀၁၄

(ဆောင်းပါး ပါ အာဘော် ကို ဝေဖန်ရန် nyeinchanaye81@gmail.com ထံ စာရေး ဆက်သွယ်နိုင်သည်။)

The Ladies News Journal: အတွဲ (၂)၊ အမှတ် (၂၇)၊ သြဂုတ်၊ ၂၄-၃၀၊ ၂၀၁၄ ထုတ် တွင် ပုံနှိပ် ဖော်ပြခဲ့ပြီး ဖြစ်သည်။  မိုးမခ တွင် အွန်လိုင်း ထပ်မံ ပုံနှိပ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သူတို့အာဘော်, ငြိမ်းချမ်းအေး

2 Responses to ငြိမ်းချမ်းအေး – ပျောက်ချင်ဦးဟဲ့.. ကိုလိုနီ အငွေ့အသက်

  1. Ba Ba Gyi on August 26, 2014 at 6:16 am

    n 1969 U Nu went into exile and requested all Burmese to join his revolt. Bo Let Ya, the former Second Man of Aung San and co-founder of the Burma Army joined U Nu and established ‘The Patriotic Burmese Army’ in Thailand. At the beginning, U Nu and Bo Let Ya were successful. U Nu was able to go to China and he was accepted by Chairman Mao. Bo Let Ya was able to hire some planes and dropped pamphlets all over Burma in which he, as a co-founder of the Burma Army, requested all soldiers of the Burma Army to revolt against Ne Win. Following the advice of his astrologers, Ne Win changed the driving system in Burma from the left (like England & Japan) to the right (like Europe and America). Since the Burmese word for ‘Right Hand Side’ is Let Ya, the campaign was called ‘Let Ya Maun Sanit’ လက်ျာမောင်းစနစ် which can be roughly translated as: ‘Let’s Drive right’ and seemed to be harmless, however, as homonym it could also mean: လက်ျာ မောင်း ‘Kick Out Let Ya’! The entire traffic system with the exception of trains was changed in 1969. The system of trains remains the same, ‘Driving on the Left Side’, until today. Why? The train is called ‘Ya Hta’ ရထား in Burmese and the homonym ‘Ya Hta’ ရ ထား means ‘what one has already achieved’. Hence, the Slogan in 1969 was: “Let Ya Maun Sanit” and “Ya Hta Sanit Ma Pyaun” both could be harmlessly translated as: လက်ျာမောင်းစနစ် ရထားစနစ်မပြောင်း”Let us Drive Right, but the System for the Trains will not be changed”, however, the homonyms could also be: လက်ျာ မောင်း ရ ထား စနစ်မပြောင်း “Kick out Let Ya; we won’t change the system (in Burma) which we have already achieved”! So, the program had two meanings either ‘Let’s Drive Right’- or ‘Kick out Let Ya’-Program! Whether his astrologers were too good or it was only an accident, only God would know, U Nu’s and Bo let Ya’s attempts failed and Ne Win remained as the ‘Leader’ of Burma.

  2. Catwoman on August 26, 2014 at 8:55 am

    Haha so true . Sometimes truth might be painful for them. It ll tAke years to fix the education system may be generations.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်