ကျော်ဟုန်း – လောကမိခင်ကို တွေ့ ခြင်း
August 26, 2014
ကျော်ဟုန်း  – လောကမိခင်ကို တွေ့ ခြင်း
သြဂုတ် ၂၆၊ ၂၀၁၄
မဟာချိုင်။
စမွတ်ဆခွန်ခရိုင်။ ဘန်ကောက်မြို့ တော်နဲ့ အနီးကပ်ဆုံးခရိုင်ပါ။ မဲခမ်မြစ်ဖြတ်စီးဆင်းတဲ့ ဒေသပေါ့။ ဒီနယ်မြေဟာ ကျွန်ုပ်နဲ့ မစိမ်း။ လွန်ခဲ့တဲ့ နှစ်(၂၀)လောက်ကတည်းက ရင်းနှီးဖူးတဲ့နေရာပါပဲ။ ထိုင်းမှာ ကျွန်ုပ်က (၁၁)နှစ်လောက်နေဖူးခဲ့သူဆိုတော့ ဒီဒေသကိုလဲ ရောက်သပေါ့။
ခုလဲ ကျွန်ုပ်ရောက်ခဲ့ဖူးစဉ်တုန်းကအတိုင်း ဒီဒေသမှာ ကျွန်ုပ်တို့ ရဲ့ ဆွေတော်မျိုးတော်တွေ များမှများ ရှိနေဆဲပါ။ ထိုင်းနိုင်ငံရဲ့ နေရာအနှံ့ အပြားမှာ ကျွန်ုပ်တို့ ဆွေမျိုးတော်တွေက မြို့ ပေါ်တွေမှာသာမဟုတ်။ တောထဲ၊ တောင်ထဲ၊ ပင်လယ်ထဲ၊ အနှံ့ ရှိနေဆဲပါ။ သူတို့ တွေကတော့ ကိုယ်နည်းကိုယ့်ဟန်နဲ့  စွန့် စားရောက်လာကြပြီး နီးစပ်ရာ၊ ကြုံရာတွေမှာ ဘ၀ရပ်တည်ရေးအတွက် နေထိုင်လုပ်ကိုင်စားသောက်နေကြရတဲ့သူတွေပေါ့ဗျာ။ အဲဒီအထဲကမှ မဟာချိုင်ရောက် မြန်မာနိုင်ငံသားတွေအကြောင်း ပြောချင်မိပါတယ်။
မဟာချိုင်ဆိုတဲ့အရပ်မှာရှိတဲ့ မြန်မာပြည်သားတွေထဲမှာ မွန်ကအများဆုံး။ ဒုတိယ ထားဝယ်။ ကရင်၊ ၊ ဗမာတို့ က မနည်းမများ ဆိုပါတော့ဗျာ။ ထိုင်းနိုင်ငံဟာ မြို့ တည်တာ၊ အဆောက်အဦဆောက်တာတွေဟာ သိပ်တော့ စည်းစံနစ်ကျလှတယ်လို့ တော့ မဟုတ်ဘူး။ အဓိက ရေနုတ်မြောင်းတွေ စည်းစံနစ်တကျ ဖောက်မထားဘူး။ ဒါကြောင့် မိုးတွင်းအခါ ရေနည်းနည်းပါတဲ့မိုးရွာရင် ရေလျှံတော့တာပါပဲ။ အဲဒီလို မိုးအခါ လမ်းတွေမှာရေလျှံတဲ့အထဲမှာ မဟာချိုင်လဲအပါအ၀င်ပါပဲ။ ရေ၀ပ်ချိုင့်တွေရှိတာကြောင့် ခြင်ပေါတာပေါ့ဗျာ။ ဒီရေရောက်တော အသေးစားလေးတွေလဲရှိကြတယ်။ ဘန်ကောက်မြို့ စွန်ဖြစ်တော့ အလုပ်ရုံအကြီးကြီးတွေလဲ ရှိတဲ့နေရာပါ။ ဒေသ
စီးပွားရေးကောင်းတဲ့နေရာတခုလို့ ပြောနိုင်ပါတယ်။ အများအားဖြင့်တော့ ပင်လယ်ရေထွက်လုပ်ငန်းနဲ့ ဆက်စပ်တဲ့ အလုပ်ရုံတွေ  ရှိတဲ့နေရာပါ။  အအေးခန်းအလုပ်ရုံကြီးတွေတည်ပြီး ငါး၊ ပုဇွန်၊ ပြည်ကြီးငါး၊ ရေဘ၀ဲ အစရှိတာတွေ သန့် စင်ထုတ်ပိုးပြီး ၊ အမေရိကန်၊ သြစတြေးလျ၊ ဟောင်ကောင်၊ ဂျပန် စတဲ့ ဖောက်သည်နိုင်ငံတွေဆီ နှစ်စဉ်တင်ပို့ နိုင်လေတော့ စီးပွားရေးကောင်းသပေါ့။  ကမ္ဘာမှာ ထိုင်းဟာ ပင်လယ်ရေထွက်ပစ္စည်းတင်ပို့ ရာမှာ တတိယနေရာကရှိနေတာဆိုတော့ မဟာချိုင်လို ရေထွက်လုပ်ငန်းတွေများတဲ့နေရာ
ရဲ့ စီးပွားရေးကို မှန်းဆနိုင်ပါလိမ့်မယ်။  အဲဒီလို ရေထွက်လုပ်ငန်းတွေရဲ့ အလုပ်ကြမ်းတွေကို လုပ်ကိုင်နေကြရတဲ့သူတွေ အများစုက ဘယ်သူတွေလို့ ထင်ကြသလဲ။ ကျွန်ုပ်တို့ ဆွေတော်မျိုးတော်တွေလေ။ အသက်မပြည့်သေးတဲ့သူ၊၁၈နှစ်ပြည့်ပြီး၊ သက်လတ်၊ သက်ရွယ်၊ သက်ကြီး အရွယ်စုံတွေ့ ရတဲ့ နေရာပါပဲ။ သူတို့ ဟာ အလုပ်ကြမ်းတွေကို ပျော်ပျော်ပါးပါး လုပြီးလုပ်နေရရှာတာပါ။
အလုပ်ကြမ်းတွေကို ပျော်ပျော်ပါးပါးလုလုပ်နေရတယ်ဆိုတာ လွန်တယ်မထင်နဲ့ ဦး။ ရှင်းပြချင်ပါတယ်။ အဲဒီက အလုပ်ရုံအများစုဟာ ပုဇွန်လှိုင်တဲ့ရာသီမှာသာ အလုပ်သမားတွေကို အလုအယက်ခေါ်ကြပြီး ငါး၊ ပုဇွန်ကျဲသွားရင် အလုပ်နားပစ်တတ်ပါတယ်။ အမြဲတမ်း အလုပ်လုပ်ခွင့်ရတဲ့သူထဲမှာ မြန်မာပြည်သားမရှိသလောက်ရှားပါတယ်။ ဒီတော့ဆွေမျိုးတွေက ပုဇွန်ချိန်ရောက်ရင် ဒီလိုအလုပ်ရုံတွေ မှာ လုပ်ခွင့်ရချိန်မှာ လုလုပ်ကြရတော့တာပါ။ ပုဇွန်ကို အခွံနွှာတာ၊ အကောင်လိုက်စီပြီး အအေးခန်းထဲထည့်တာတွေမှာ လုပ်ကြတာ များတယ်။ ပုဇွန်ခွာတာကလဲ ခွာပြီးသားကို ကီလိုချိန်ပြီးလက်ခံတာဆိုတော့ အပြိုင်ခွာကြရတာပေါ့။ လွယ်မယ်တော့မထင်ပါနဲ့ ။ပုဇွန် ကို ဖြူအောင် လတ်အောင် မပုပ်လေအောင် ဓာတုဆေးမှုန့် နဲ့ အရင်စိမ်ထားပြီးမှခွာခိုင်းတာ။ ပုဇွန်ခွာတဲ့ လက်တွေဟာ တပတ်တွင်း
အရေတွန့် ၊ လက်သည်းခွံနံဘေးတွေ ဓာတုဆေးကြောင့် ကျယ်ပြီး နာကျင်လာပါတယ်။ ထုတ်ပိုးပြီး ပုဇွန်၊ ငါးတွေကို အအေးခန်းထဲ ထည့်ရတဲ့ အလုပ်သမားတွေဆိုလဲ မချောင်ပါဘူး။ အင်္ကျီထူကြီးတွေဝတ်ပြီး ကုန်တွေကို ထုတ် သွင်းလုပ်ရတာ။ တယောက်ကို ၁၅ မိနစ်၊ နာရီဝက်ကျ အအေးခန်းထဲ ၀င်ကြရတာလေ။ အအေးခန်းက အအေးဒီဂရီ ၄၀ ကနေ ၄၅ တွင်းလွှတ်ထားတာဆိုတော့ သူတို့ ဟာ အလွန်ပူအိုက်တဲ့ ထိုင်းနွေရာသီတောင် နှာသီးနီ၊ လက်ထုံကျင်ဝေဒနာကြားက လုပ်နေကြရတာပါပဲ။
မဟာချိုင်ရောက် မြန်မာရွှေ့ ပြောင်းလုပ်သားများဘ၀ဟာ စာနာဖွယ်ပါ။ သူတို့ ဟာ သူများမလုပ်ချင်၊ မလုပ်နိုင်တဲ့အလုပ်ကြမ်းတွေ ကိုလုပ်ကိုင်နေရတယ်။ အလုပ်ခွင်ရာသီမှာ အလုအယက်လုပ်ြကပြီး လုပ်အားခငွေတွေကို စုထားဆောင်းထားကြရတယ်။ အလုပ်ပြတ်တဲ့အချိန်မှာ တခြားအလုပ် ရှာလုပ်နိုင်ရင်လုပ်၊ မလုပ်နိုင်လဲ စုထားသမျှလေး ထိုင်စား။ ဒီလို ကျင်လည်နေရတာ များပါတယ်။ လုပ်ခငွေဆိုတာကလဲ  လုပ်ရှင်သတ်မှတ်ဈေးအတိုင်း စောဒကမတက်ရဲဘဲ လုပ်ရရှာတာပါ။ ဒီကြားထဲ ထိုင်းအချောင်သမားတွေ ရဲ့ လုယက်တဲ့ဒဏ်၊ ရဲတွေဖမ်းမိလို လာဘ်ထိုးရတဲ့ဒဏ်၊ ရဲဖမ်းရင်းနဲ့ ပါသွားရတဲ့ ငွေ၊ ရွှေတွေ၊ ရဲဖမ်းခံရရင် နယ်စပ်ကပြန်တက်လာ ရမယ့် လူပွဲစားကိုပေးရတဲ့ ငွေကြေး၊ ဒါတွေကလဲ ရွှေ့ ပြောင်းလုပ်သားတွေ မဖြစ်မနေကြုံရတဲ့ အခက်အခဲတွေပါပဲ။
ရွှေ့ ပြောင်းလုပ်သားတွေထဲမှာ အလုပ်လုပ်ခွင့်ပါမစ် ရှိသူတွေလဲ ရှိပါရဲ့။  ဒါပေမဲ့ အလုပ်ပါမစ်တနှစ်စာရဖို့   ကိုယ့်အလုပ်ရှင်ကလဲ တာဝန်ခံပေးဦးမှ။ နောက်ပြီး ပါမစ်ဖိုးလဲ ရှိဦးမှ ဆိုတော့။ တချို့ လဲ ပါမစ်မရှိဘဲ  ဒီလိုပဲ ဖြစ်သလို ကြုံသလိုနေရရှာတာပါ။ မသိနား မလည်မှုလဲ ပါတာပေါ့လေ။ တချို့ လဲ ပါမစ်လုပ်ချင်ပေမဲ့ အလုပ်လုပ်ပြီး ပြန်ရမယ့်ငွေနဲ့  ပါမစ်ဖိုးကုန်ကျစားရိတ်တွက်ပြီး မလုပ်ဘဲ  မထူးဇာတ်ခင်းရတာလဲရှိပါတယ်။ ဒါတွေပြောနေရတာ ရွှေ့ ပြောင်းမြန်မာလုပ်သားတွေဘ၀ တစေ့ တစောင်းသိနိုင်ရအောင် ပလ္လင်
ခံရတာပါ။
က သူ့ ကို ခင်ဗျားတို့ နိုင်ငံက တရားမ၀င်လုပ်သားတွေ ကျုပ်တို့ ဆီမှာ အများကြီးရောက်နေတယ်ပြောပါတယ်။ ဗိုလ်ခင်ညွန့် က ကျုပ်တို့ ဆီမှာ တရားဝင်နိုင်ငံခြားကို ထွက်တဲ့သူပဲ ရှိသတဲ့။ အဲဒီလိုလာတဲ့သူတွေက အခြေအနေမဲ့တွေ၊ ကလေကချေတွေဆိုပဲ။ ကိုယ့်နိုင်ငံသားတွေအပေါ် တန်ဖိုးထားတတ်ပုံများ တွေးသာကြည့်တော့။
သိပ်မကြာသေးခင်က ပြည်တွင်းသတင်းတပုဒ် ကြားသိလိုက်ရတာ စိတ်မကောင်းဖြစ်မိရပါတယ်။  ရန်ကုန်မှာ  ပန်းပျိုးသူအဖွဲ့ က လမ်းဘေး ဈေးရောင်းနေရပြီး စာသင်မသင်နိုင်ရတဲ့ ကလေးတွေကို စာသင်ပေးသတဲ့။ ကလေးတွေရဲ့ ရောင်းကုန် ပန်းတွေကိုလဲ ကလေးတွေကိုယ်စားလိုက်ရောင်းပေးပါတယ်။ ဒီကလေးတွေကို လမ်းဘေးမှာသာနေရာရှာပြီး စေတနာရှင်တစုက သေစာရှင်စာတတ်အောင် အခက်အခဲကြားကသင်ပေးရရှာတာပါ။ သိပ်မကြာခင်မှာပဲ လမ်းဘေးစာသင်ကလေးငယ်တွေကို ရဲကအခြေအနေမဲ့ ပုဒ်မတပ်ပြီး ဖမ်းသတဲ့လေ။ စေတနာရှင် ပန်းပျိုးသူအဖွဲ့ ကပဲ လိုက်ထုတ်လို့  ကလေးငယ်တွေ ပြန်တော့ လွတ်ခဲ့ပါရဲ့။  ဒါပေမယ့် တွေးကြည့်။ ဒီလိုလူမမယ်ကလေးငယ်တွေ စာသင်ခန်းမှာမရှိဘဲ ဈေးရောင်းနေရတာ အခြေအနေမဲ့နေရတာဘယ်သူ့ ကြောင့်လဲ။
ဘာကြောင့်လဲ။စစ်တိုက်တာလောက်ပဲသိပြီး နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး၊ အမျိုးသားကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးစတဲ့ ကိစ္စရပ်တွေကို ဘာကိုမှ နားလည်နိုင်စွမ်းမရှိတဲ့ စစ်အုပ်စု  အုပ်ချုပ်ခံ တိုင်းပြည်ဖြစ်နေလို့ ပဲဆိုတာအဖြေထွက်ပါတယ်။ ဒီနေရာမှာ အလျဉ်းသင့်လို့  ကြားဖူးထားတဲ့  အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းစကားကို သတိရမိပါရဲ့။
ဗိုလ်ချုပ်အောင်ဆန်း နယ်လှည့်စည်းရုံးရေးဆင်းစဉ်အခါက နံနက်စောစော ဆောင်းချမ်းချမ်းကာလမှာ အကြော်တဲထဲ အ၀တ်ပါးလေးဝတ်ပြီး  အကြော် ကြော်နေရရှာတဲ့သူကို သူ့ အပေါ်အင်္ကျီ အတင်းထိုးပေးပြီးပြောတဲ့စကားပါ။   “ ခင်ဗျား ဆင်းရဲတာ ကျုပ်နဲ့ ဆိုင်တယ်ဗျ၊ ရော့ – ဒီ အင်္ကျီကိုယူ” တဲ့။  ဗိုလ်ချုပ်က  အဲဒီအချိန်တုန်းက အစိုးရ၀န်ကြီးအဖွဲ့ မှာကိုး။  ကိုယ့်တိုင်းပြည်သူသားကို တန်ဖိုးတတ်ပုံ၊ တာဝန် ယူတတ်ပုံ၊ ကိုယ်နိုင်တဲ့ဘက်က ပြည်သူအပေါ် ဖြည့်ဆည်းပေးတတ်ပုံကို အခု နိုင်ငံကို အုပ်စိုးနေတဲ့ စစ်အုပ်စုအဘများ သိစေချင်
လိုက်တာ။ သူတို့  စစ်အုပ်စုလဲ တိုင်းပြည်ကို မချစ်လို့ တော့ မဟုတ်တန်ပါဘူး။ ဒူးနေရာဒူး တော်ရာမနေတတ်ဘဲ အာဏာခုံမင်နေ လို့ ပါ။ အဏာခုံမှာကလဲ စားကောင်းသောက်ကောင်း အဆီတ၀င်းဝင်းစားရသကိုး။  မက်ပေမပေါ့။ သူခိုးရင့်လာတော့ ဒမြဖြစ်လာ၊ ဒမြကြီးလာတော့လဲ သူခိုးကျင့်မပျောက်နဲ့ ။ တိုင်းပြည်မှာ လုံးပါးပါး၊ ပြည်သူတွေမှာ ပါးပါးလုံးရတဲ့ ဘ၀ရောက်နေရတော့တာပါပဲ။
အခု စစ်အုပ်စု အုပ်ချုပ်နေသူတွေက တာဝန်မကြေလို့  ဘွဲ့ ရအလုပ်လက်မဲ့တွေ၊ ပညာတပိုင်းတစဖြတ် အလုပ်လုပ်ရသူတွေ၊ မိဘမဲ့ ကလေးတွေ၊ တနေ့ လုပ် တနပ်စားတွေ မြန်မာပြည်မှာများသထက်များလာရတာ ၀မ်းနည်းစရာပါ။ ငွေကြေးဖောင်းပွလာသလောက် ကမ္ဘာ့ငွေဈေးကွက်မှာ လဲလှယ်မရတဲ့ ဗမာ့ငွေကြေးကြောင့်လဲ မြန်မာငွေဟာ တန်ဖိုးမရှိ။ ငွေတန်ဖိုး မရှိခြင်းဟာ ပြည်သူတွေကို များစွာ  ဂယက်ရိုက်စေတာပါပဲ။  ပြည်ပထွက် အလုပ်လုပ်ရတဲ့သူများလာတော့ တိုင်းပြည်ရဲ့ လူသားရင်းမြစ်တန်ဖိုးတွေ ဆုံးရှုံးရပါတယ်။ ပညာတတ်ဦးရေ နဲလာတာလဲ တိုင်းပြည်အနာဂတ်မှာ အန္တရာယ်။ တကယ်တော့ လူငယ်တွေဟာ ပညာကိုမခုံမင်၊ စာကိုမခင်တွယ်လို့ တော့ မဟုတ်ပါဘူး။ စားဝတ်နေရေးဒုက္ခကြောင့်သာ ပျော်ရာကို
စွန့် ခဲ့ကြရရှာတာပါ။ခု မဟာချိုင်ဆိုတဲ့အရပ်မှာ ရွှေ့ ပြောင်းလုပ်သားလူငယ်မောင်မယ်တွေအတွက် အခမဲ့ပညာဒါနပြုနေတဲ့ဌာနတခု ပေါ်ထွန်းလာပါပြီ။ “လောကမိခင် ပညာဒါန သင်တန်းကျောင်း” တဲ့။
ဒီကျောင်းဖြစ်မြောက်ဖို့ ကို ကနဦးအကြံဖြစ်ခဲ့တာကတော့ ဆရာတော်အရှင်ဇဋိလ(မင်းတုန်း)ပါ။ ဆရာတော်အရှင်ဇိဋိလ(BA) အပါ အ၀င်  အရှင်စန္ဒိမာ(MA) ငဖဲ၊  အရှင်အာစိဏ္ဏသီရိ(BA) ဒေးဒရဲ၊  အရှင်အာဒိစ္စ(BA) ကျိုင်းတုံ၊  အရှင်ပညာဇောတ(BA) မြန်အောင် နာယကဆရာတော်(၅)ပါးရဲ့ ကောင်းမှုကြောင့် လောကမိခင် ပညာဒါနကျောင်းဟာ မဟာချိုင်အရပ်မှာ ရွှေ့ ပြောင်းလုပ်သားလူငယ်တွေ အားကိုးရာဖြစ်လာခဲ့ပါပြီ။ ဒီလိုဖြစ်လာခဲ့ရတာကိုတွေးကြည့်ရင် ဆရာတော်များကိုယ်တိုင်က ပရိယတ္ထိစာဝါအပြင် ခေတ်ပညာ တတ်တွေဖြစ်နေတာကြောင့်ပါ။ ပညာရဲ့တန်ဖိုး နားလည်တတ်သူ ရဟန်းတော်တွေမို့ ပါ။ နောက်ပြီး သူများနိုင်ငံမှာ အောက်ကျခံပြီး အလုပ်လုပ်နေရသူတွေထဲက  လူငယ်တွေရဲ့ စွမ်းအား၊ တန်ဖိုးတွေကိုသိပြီး သူတို့ တတ်တဲ့ပညာတွေကို မျှဝေပေးလိုမှု၊ တဆင့်မြင့် ဘ၀များ ပိုင်ဆိုင်စေလိုမှု မေတ္တာဓာတ်နဲ့ စေတနာခွန်အား ကြီးမားမှုတို့ ကြောင့်ပဲဖြစ်ပါတယ်။ ဒါဟာ သမိုင်းပေးတာဝန်ကိုထမ်းခြင်း တစိပ်တပိုင်းလဲဖြစ်ပါတယ်။
အဲဒီလိုရှုမြင်မိတာ လွန်မယ်မထင်ပါဘူး။  ဘာလို့ လဲဆိုတော့  လောကမိခင် ပညာဒါနကျောင်းက သင်ကြားပေးတဲ့ ဘာသာရပ်တွေ က ခေတ်လူငယ်တွေ အမှန်လိုအပ်နေတဲ့ ပညာရပ်တွေဖြစ်တဲ့ ကွန်ပျူတာဘာသာရပ်၊ အင်္ဂလိပ်စာ (ရေး၊ပြော၊ဖတ်)ဘာသာရပ်တွေ အပြင် ထိုင်းမှာနေထိုင်ရှာဖွေစားသောက်ရတဲ့အတွက် ထိုင်းစာပေနဲ့ စကားပြောကို ကျွမ်းကျင်စွာပြောဆိုတတ်အောင် သင်ကြားပေးတာကိုး။ ထိုင်းတွေအများစုက အင်္ဂလိပ်စကားကို မပြောတတ်တာများတယ်။သူတို့ ဘာသာစကားကိုပဲ စာရေး၊မန်နေဂျာ၊သူဌေးတွေ က  အသုံးများတာဆိုတော့ ထိုင်းရောက်မြန်မာတွေမှာ  ထိုင်းစကားတတ်ရင်ကိုပဲ  လုပ်ငန်းမှာ နေရာကောင်းနဲ့ လစာမြင့်နိုင်တာကိုး။  ဒါကြောင့် ထိုင်းရောက် ဗမာတွေအတွက် ထိုင်းစကားနဲ့ စာ သင်ကြားပေးခြင်းဟာ ကာလဒေသနဲ့  အလွန်သင့်တင့်လျောက်ပတ်တာ
မို့ အထူးကောင်းမွန်ပါရဲ့။ ဒိထက် အင်္ဂလိပ်စာရောစကားပါ ပြောနိုင်ရေးနိုင်ဖတ်နိုင်၊ ကွန်ပျူတာပါ အသုံးပြုနိုင်တဲ့သူတွေဖြစ်ခဲ့ရင်တော့ အလုပ်ရုံကြီးတွေမှာ  အမြဲတမ်းလုပ်ခွင့်ရနိုင်သလို လစာကောင်းလဲ ရနိုင်ပါတယ်။ လောကမိခင်ကျောင်းဟာ  ထိုင်းရောက် ရွှေ့ လျား လုပ်သားလူငယ်တွေအတွက် ကိုယ်ကြိုးစားရင် ကြိုးစားသလို အကျိုးရှိစေမယ့် ကျောင်းပေါ့။
ကွန်ပျူတာအခြေခံနဲ့ စာရင်းအင်းကို အရှင်ပညာဇောတက တာဝန်ယူသင်ကြားပေးပြီး ဖိုတိုရှော့ကို ကိုအောင်မိုးက သင်ပေးပါတယ်။    ကွန်ပျူတာအဆင့်မြင့်ပညာကိုတော့ အရှင်စန္ဒိမာကသင်ကြားပေးနေပါတယ်။အင်္ဂလိပ်စာအခြေခံက ဦးသန့် ဇင်၊ အင်္ဂလိပ်စကားပြော ကို အရှင်ဝိနယ၊ အင်္ဂလိပ်(ရေး၊ ဖတ်၊ပြော)ကို အရှင်စန္ဒိမာတို့ က ဦးစီးသင်ကြားပေးကြပါတယ်။ ထိုင်းဘာသာ ရေးဖတ်ပြောကိုတော့ အရှင်အာစိဏ္ဏသီရိက ကြီးမှူးသင်ပေးနေတာပါ။  ဒီလို ဘာသာရပ်ဆိုင်ရာသင်ကြားမှုတွေကို အချိန်ဇယားနဲ့ ၊ ကျောင်းသားလက်ခံမှု စာရင်းနဲ့ တိတိကျကျကို သင်ကြားပေးနေတာဖြစ်ပြီး သင်တန်းကာလတခုကို (၄)ပတ်သတ်မှတ်ထားတော့ တနှစ်ကို (၃)ကြိမ်နှုန်းနဲ့ 
သင်နိုင်ခဲ့ကြတာပါ။ ခုဆို (၄)နှစ်တာကာလထဲရောက်လာပြီလေ။ဒီသင်တန်းကျောင်းက တနှစ်ကို ဘာသာရပ်အလိုက်ထူးချွန်သူတွေ အယောက် (၃၀)ကနေ (၄၀)ကြား မွေးထုတ်ပေးနိုင်တယ်လို့ လဲ သိရလို့ ဝမ်းသာမိပါရဲ့ဗျာ။  နောင်လဲ တိုးပွားအောင် လောကမိခင် ကျောင်းက  ဆက်လုပ်နေဆဲမို့ ပြည်ပရောက် မြန်မာနိုင်ငံသား ရွှေ့ လျားအလုပ်သမားတွေ့ အတွက်  တကယ့်ကို အေးမြတဲ့အရိပ်  ကောင်းကို  ခိုလှုံရတဲ့ အခွင့်အရေးပါပဲ။  ထိုင်းနိုင်ငံ၊ စမွတ်ဆခွန်ရောက်  မြန်မာပြည်သားတွေအဖို့ တော့  လောကမိခင်ကျောင်းက ကန္တာရထဲက အိုအေစစ်။
လောကမိခင်ကျောင်းကို ကန္တာရထဲက အိုအေစစ်လို့ တင်စားရင် လွန်မယ်မထင်ဘူးဗျ။ ဘာလို့ လဲဆိုတော့ ပညာသင်ကြားရေးသက် သက်သာမဟုတ်ဘူး။ သံဃာတော်တွေဦးဆောင်ကြတော့ ပြည်ပရောက်တွေအတွက် ယဉ်ကျေးလိမ္မာရေး၊ ဗုဒ္ဓဘာသာတည်တံ့ရေးတို့ ကိုလဲ လုပ်သဗျ။ ထိုင်းနိုင်ငံအစိုးရရဲ့ တရားမ၀င်နိုင်ငံခြားသားတွေအပေါ် ထုတ်ပြန်တဲ့ ဥပဒေတွေ၊ နိုင်ငံခြားသားတို့   မဖြစ်မနေလုပ်ဆောင်ရမယ့် ကိစ္စတွေကိုလဲ သင်တန်းသားတွေ၊ နီးစပ်ရာ မြန်မာပြည်သားတွေကို အသိပေး ကာကွယ်ရေးလဲ လုပ်ပေးနေသေး တာကိုး။ လူကုန်ကူးမခံရအောင်နဲ့ လူကုန်ကူးခံရသူတွေ တိုင်ကြားနိုင်အောင်လဲ ကူညီနိုင်မယ့်သူတွေအမည်နဲ့  ဖုံးနံပါတ်တွေကိုလဲ ဖြန့် ဝေပေးတာတွေလုပ်ပါသေးတယ်။ ဒါဟာ လောကမိခင်ကျောင်းရဲ့ မျိုးဆွေအပေါ် တာဝန်သိစောင့်ရှောက်ခြင်းမင်္ဂလာတရားပါပဲ။    ပြည်ပမှာ ဟာကွက်ဖြစ်နေတဲ့ ကိစ္စရပ်တွေကို လောကမိခင်က လုပ်ဆောင်နေတာလို့ မြင်ပါတယ်။
ဒါနဲ့  ဦးဆောင်ဆရာတော်တွေကို အသင်းရပ်တည်ရေးနဲ့ ပညာဒါနပြုနိုင်ရေးအတွက် ဘယ်လိုငွေကြေးရှာပြီး တည်တံ့အောင်လုပ်နေပါသလဲလို့ မေးလျှောက်တော့ တရားပွဲတွေကရတဲ့ အလှူငွေနဲ့ ရပ်တည်ရသတဲ့။ စေတနာရှင်များရဲ့ အလှူငွေတွေကို စုပြီး ကျောင်းအတွက်သုံးတာတဲ့။ ကိုယ်ကျိုးမတွက် အများအတွက်သာလုပ်ဆောင်တဲ့ သာသနာ့ရဟန်းပျိုများကို ဦးခိုက်ကော်ရော်မိပါရဲ့လေ။
ဒီနေရာ ထိုင်းအာဏာပိုင်တွေလက်ခံနိုင်ဖို့ အတွက်ရယ်၊ စာလာသင်သူတွေ ရဲအဖမ်းအဆီးတွေ ကင်းဖို့ အတွက်ရယ်ကိုတော့ ထိုင်းလူမျိုး Mr. Sompong Srakaew ရဲ့ အကူအညီတွေကိုယူရပါတယ်။ မစ္စတာ ဆွန်ပေါင်းဟာ သမ္မာဆတ်တက္ကသိုလ်ဘွဲ့ ရသူပါ။ သူက Labour Right Promotion မှာတည်ထောင်သူ၊ ဦးဆောင်သူတယောက်။သူ့ အကူအညီဟာ မြန်မာရွှေ့ ပြောင်းလုပ်သားတွေအတွက် အတော်ထိရောက်စေလို့ ကျေးဇူးတင်စရာပါပဲ။ ဒီနေရာမှာ တလောက ပြည်တွင်း နေပြည်တော်မြို့ မှာ  အမေ့ အိမ်ပညာဒါနကျောင်း စာလာသင်ပေးတဲ့ဝန်ထမ်းတွေကို သက်ဆိုင်ရာက ဖိအားပေး ခြိမ်းခြောက်တယ်ဆိုတဲ့သတင်းကြားမိတော့ အံ့သြဒေါသထွက်မိတယ်ဗျာ။ ကြည့်လေ၊ လူမျိုးခြားတွေက ပညာရေးအားပေးကူညီ၊ ကိုယ့်ပြည်တွင်းက အဘဆိုသူတချို့ က ပညာဒါနလုပ်သူကို ဖိအားပေး၊ နှောက်ယှက်။ အရပ်ရပ် ကြားလို့ မှ မတော်။ ပြည်တွင်းနဲ့ ပြည်ပ နှိုင်းယှဉ်ကြည့်မိတော့ စိတ်ထိခိုက်ရတယ်ဗျာ။
ပြန်တွေးကြည့်ပါ။ ပညာရှာလိုလျက်နဲ့ ကျောင်းကိုစွန့် ၊ မိသားစုဝမ်းရေးစိုဖို့  စွန့် စား ထွက်လာကြတဲ့ ရွှေ့ ပြောင်းလုပ်သားလူငယ်တွေဟာ ကျွန်ုပ်တို့ တိုင်းပြည်ရဲ့ အနာဂတ်တွေ မဟုတ်ဘူးလား။ သူတို့ လေးတွေသာ ကိုယ့်တိုင်းပြည်မှာ ပညာဆုံးအောင်သင်နိုင်ခဲ့ရင်..။ သူတို့ လေးတွေသာ ကိုယ့်ပြည်ထဲမှာ အလုပ်လုပ်ပြီး သူတို့ အတွက် ဖူလုံနိုင်ခဲ့ရင် …။ အတွေးတွေ ပျံ့ မိပေါ့။
ကိုယ့်တိုင်းပြည်က လူသားရင်းမြစ်တန်ဖိုးတွေ ဆုံးရှုံးနေတာ စစ်အုပ်စု အဘများ သိပါစ။ ကိုယ့်တိုင်းပြည်က ဦးနှောက်တွေ ပြည်ပနဲ့  ယှဉ်ရင် နောက်ကျနေတာ စစ်အုပ်စု အဘများသိပါစ။ သိလဲ မသိဟန်ဆောင်နေကြမှာပါ။ ပြည်တွင်းမှာ လူမှုရေးလုပ်ဆောင်နေသူတွေ၊ ပညာရေးဒါနပြုနေသူတွေကိုတောင် လစ်ရင်လစ်သလို နှောက်ယှက်နေသူတွေဆိုတော့ အခက်သားလား။
စစ်အုပ်စုအဘတွေ တာဝန်မကျေလဲ ထိုင်းက လောကမိခင်ကတော့ တာဝန်ကျေတယ်ဗျာ။ ဒီတာဝန်က ကိုယ့်ဖာသာ အသိစိတ်နဲ့ ထမ်းဆောင်တဲ့ သမိုင်းပေးတာဝန်လေ။ အချိန်အခါရဲ့ လိုအပ်ချက်၊ အခြေအနေရဲ့ လိုအပ်မှု၊ ဒီအစုစုကို တကယ့် စေတနာ၊ မေတ္တာ၊ ကရုဏာယှက်လို့ ထမ်းဆောင်တဲ့ လောကမိခင်ပညာဒါနကျောင်းက ဦးဆောင် ဆရာတော် ရဟန်းပျိုများကို အကြိမ်ကြိမ် ဦးချမိရဲ့။ တိုင်းပြည်ကြီးတွေမှာ  အခြေချနိုင်နေပြီဖြစ်တဲ့ မြန်မာနိုင်ငံသားတွေလဲ  ကိုယ့်အမျိုးကို  စောင့်ရှောက်လိုတယ်ဆိုရင်  လောကမိခင်ပညာဒါနကျောင်းကို အားပေးကူညီကြဖို့ တိုက်တွန်းချင်ပါရဲ့လေ။ လောကမိခင်ကျောင်းက  ဘဏ္ဍာရေးအဖွဲ့ မှူး ကိုသောင်းကြည်ရဲ့
ဖုံး (၀၈ ၅၃ ၂၁၄ ၈၂၆ ) ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ဆရာတော် အရှင်အာစိဏ္ဏသီရိက မိန့် ပါတယ်။ လူကိုယ်တိုင်လဲ ထိုင်း ရောက်ခဲ့ရင် ဖုံးဆက်သွယ်ပြီး ကျောင်းကို သွားလေ့လာကြပေါ့။ စာသင်လိုလဲ သင်ပေးနိုင်ရင် ၀င်သင်ပေးကြပေါ့ဗျာ။
ခုဆိုရင် လေးနှစ်တာရောက် လောကမိခင်ပညာဒါနကျောင်းကို ဗီယက်နမ်က ဆရာတော်၊ သီလရင်တွေတောင် လာရောက်လေ့လာ အကြံပေးတွေ လုပ်တဲ့အထိ လူသိများလာပါပြီ။  ကျွန်ုပ်တို့  ရွှေဆွေမျိုးတွေလဲ  လောကမိခင်ကို  တွေ့ မြင် သဒ္ဓါပေါက်နိုင်ကြပါစေ။
ကျွန်ုပ်ကတော့ လောကမိခင်ကို တွေ့ မိပြီးပြီ။    ။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
Tags:
အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းဆောင်းပါး, ကျော်ဟုန်း, ရေခြားမြေခြား မြန်မာများ
Comments are closed.
ကြော်ငြာ … ကြော်ငြာ …
စာအုပ်မြင် ချစ်ခင်ပါစေ
မိုးမခမှာ ကြော်ငြာပါ
Help MoeMaKa
မိုးမခမာတိကာစဉ်
%d bloggers like this:
ကြော်ငြာရန် …
မိုးမခနဲ့ ပတ်သက်သမျှ
ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ
By
  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...
Read more »
မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ
By
မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...
Read more »
မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ
By
မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...
Read more »
မိုးမခ သြဂတ်စ် ထွက်ပြီ
By
မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...
Read more »
သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ
Recent Comments
ကဏ္ဍများအလိုက်
ကဏ္ဍများအလိုက် မာတိကာစဉ်