ကိုသန်းလွင် – လမ်းလေးခွ

August 28, 2014

– လမ်းလေးခွ
သြဂုတ် ၂၈၊ ၂၀၁၄
 

 
(၁)

တနေ့သော် သူငယ်ချင်း ကိုသိန်းထွန်းအောင် သည် ထောင်ဝတ်စုံအဖြူဖြင့် ကျွန်တော့်ဆိုင်သို့ရောက်လာလေ သည်၊ သူ့ကိုအင်းစိန်ထောင်က လွှတ်လိုက်ခြင်းဖြစ်သည်၊ အပေါ်ဖြူအောက်ဖြူ အရောင်က ညစ်ထေးထေး၊ မြန်မာပြည်မှာကတော့သူ့ကိုမြင်သူတိုင်းက ထောင်ထွက် ဟုပြောစရာမလို၊ လူတိုင်းသိကြပေမည်၊ စင်္ကာပူမှာ တော့သူ့ကိုဘယ်သူမှသတိပြုမိကြဟန်မတူပါ၊

(၂)

ပဌမ သူ့ကိုဘေးဆိုင်က ဘောင်းဘီရှည်နှင့် အင်္ကျီ တစုံဝယ်ပေးရပါသည်၊ သူ့မှာ ရန်ကုန်လေဆိပ်တွင် စင်္ကာပူ သံအရာရှိကပေးလိုက်သော ဒေါ်လာ ၅၀ မှ တက္ကစီခ ပေးပြီးတာကျန်သည်၊ “ပဌမဆုံး စားချင်တာကတော့ Berger King ဘဲဗျာ” ဟုဆိုသောကြောင့် သူစားချင်သော မုံ့ ကို ၀ယ်ပေးလိုက်ရပါသည်၊ သူ့စင်္ကာပူအိမ်ကို ဖုံးဆက်တော့ ဖုံး ကိုင်မည့် သူမရှိ၊ သူ့အဖို့တော့ အပျော်ဆုံးနေ့ ဖြစ်ပါလိမ့်မည်၊ ဘေးက ကျွန်တော့် ဇနီးကမူ စိတ်လှုတ်ရှားသောကြောင့် ရင်တွေ တုန်နေပြီဟုဆိုသည်၊

သိန်းထွန်းအောင်သည် စင်္ကာပူ နိုင်ငံသားဖြစ်ပါသည်၊ မြန်မာပြည်သို့ စီးပွားရေးကိစ္စတခု နှင့်သွားသည်၊ သူသည် မြန်မာပြည်၌လေယာဉ်းစီးရာ၌ ၄င်း၊ အခြားကိစ္စ တခုနှစ်ခုတွင်၎င်း၊ ဟိုတုံးကရှိခဲ့သည့် မှတ်ပုံတင် ကဒ်ပြားကို သုံးမိလေသည်၊ ထြိုပစ်မှုဖြင့် သူ့ကိုထောင်အနှစ် ၂၀ နီးပါးချလိုက်လေသည်၊ အယူခံဝင်သော် ခုနှစ်နှစ်သို့လျှော့ချပေးသည်၊ ထောင်ထဲတွင်သုံးနှစ်ခန့်နေရပြီး တနေ့သူ့ကိုထားဝယ်ထောင်မှ အင်းစိန်ထောင် သို့ပြောင်းပေးသည်၊

ထို့နောက် တနေ့ မနက် ခုနှစ်နာရီ ခန့်တွင် သူ့ကို အင်းစိန် အကျဉ်းစခမ်း မှခေါ်ထုတ်လာသည်၊ အပြင်မှာ ၀တ်စရာ လဲစရာ ဘာမှမရှိ စီစဉ်၍လည်းမပေး၊ မင်္ဂလာဒုံလေဆိပ်အရောက်မှာ စင်္ကာပူ သံရုံးမှ အရာရှိ တဦး ကလာ တွေ့သည်၊ ဒေါ်လာ ၅၀ ချေးငှားလိုက်သည်၊ ဤသို့ဖြင့် လေယာဉ်ပျံစီးကာ ကျွန်တော့်ဆိုင်သို့ သူ ၀ရုန်းသုံးကား ရောက်လာ ခြင်း ဖြစ်သည်၊

သူထားဝယ်ထောင်မှာရှိစဉ် ကျွန်တော့်ထံသို့ ပဌမဆုံး ဆက်သွယ်ခဲ့ပါသည်၊ သူ့မိန်မကိုပြောပေးပါ ဆိုတာတွေ မပါ၊ သူ့ထံသို့ ပိုက်ဆံပို့ပေးရန်သာမှာသည်၊ သူ့ထံသို့ပိုက်ဆံ သုံးလေးကြိမ်ပို့ပေးရဘူးသည်၊ သူ့မိတ်ဆွေ မြန်မာ မိန်းကလေးတဦးက မြန်မာပြည်ဘက်ကလုပ်စရာတွေကို အတော်လေး ကူညီလုပ်ပေး ရှာပါသည်၊ ဇတ်လမ်း အသေး စိတ်တွေ ကို ကျွန်တော်မသိ၊ သူကလည်းမပြောပါ၊ သိန်းထွန်းအောင်သည်ကျွန်တော်နှင့် နှစ်နာရီကျော် ထိုင်ပြီးခါမှ သူ့အိမ်က ဖုံးကိုင်သည်၊ “ ဟေ့ကောင်ငါမင်းအဖေပါကွ” ဟုပြောသံကြားရသည်၊ ပြီးမှ ၀မ်းသာ အားရပြန်သွားရှာပါသည်၊

(၃)

ကျွန်တော့်ဆိုင်သည်လမ်းဆုံလမ်းခွမှာ ရှိနေသောဆိုင် ဖြစ်ပါသည်၊ ရွှေဘိုမြို့မှာ လမ်းလေးခွ ဆိုသောနေရာ တနေရာရှိသည်၊ မြို့ထဲသို့ ဖြတ်သောလမ်းမကြီးနှင့်လမ်းသွယ်တခုဆုံရာမှာလမ်းလေးသွယ်လာပြီးဆုံသည်၊ မြီု့ထဲမကျတကျ မှာရှိပြီး လမ်းညွှန်လိုလျင် လမ်းလေးခွ ဓါတ်ဆီဆိုင်၊ လမ်းလေးခွရဲ့မြောက်ဖက်နား၊ လမ်းလေးခွ က နှစ်လမ်းကျော် စသည်ဖြင့် လမ်းလေးခွမှာလမ်းညွှန်ရာတွင်အလွန်အသုံးကျသည်၊ လမ်းလေးခွသည် လူတို့ ဥဒဟို ဖြတ်သန်းကြရာနေရာဖြစ်သည်၊ လူတိုင်းရောက်လွယ်သည်၊

သိန်းထွန်းအောင် ရောက်လာတော့ ကျွန်တော့် ဇနီး က ရင်တုန်သည်ဆိုသော်လည်း ကျွန်တော် ကမူ သူငယ်ချင်းကိုတွေ့ရသည်မို့ ရွှင်းလန်းဝမ်းမြောက်မိပါသည်၊ ထိုနည်းတူ မိတ်ဟောင်းဆွေဟောင်းတွေ လာကြပြီဆိုလျင် ကျွန်တော်တို့ ရွှင်လန်း ၀မ်းမြောက် ကြရသည်ချည့်ဖြစ်ပါသည်၊ မြန်မာတွေ စင်္ကာပူသို့ လာကြပြီဆိုလျင် ( Peninsula Plaza) ပင်နီဆူလာ ပလာဇာ သို့ အရောက်လာတတ်ကြပါ သည်၊ ထိုအခါ ကျွန်တော်သည်မိမိဖါသာ လမ်းဆုံလမ်းခွ မှာ ထိုင်နေသူဟုယူဆမိပါသည်၊

ပင်နီဆူးလား သည်မြန်မာတွေ၏ ဆုံရာအရပ်ဖြစ်ပါသည်၊ စနေ တနင်္ဂနွေလိုနေ့တွေမှာ တခါတရံ လူတွေတိုး မပေါက်၊ သင်္ကြန်လို ၀ါဆိုသင်္ကန်း ကပ်ချိန်ဆိုလျင် ခြေချစရာနေရာပင်မရနိုင်၊ မြန်မာလူမျိုးတို့သည် အိမ်ကို လွမ်းဆွတ်တတ်သော လူမျိုးဖြစ်သည်၊ စင်္ကာပူနေ မြန်မာတို့သည်လည်း အားရက်ဆိုလျင် ပင်နီဆူလား သို့ ရောက်လာ ကြလေသည်၊ ဟိုတုန်းကဆိုလျင် ဆိုင်ရှင်မသည် တနင်္ဂနွေနေ့တွေ မှာ တပါတ်တမျိုး မထပ် ရအောင် စား စရာ တို့ကိုပြင်ဆင်ထားတတ်သည်၊ မုန့်တီ၊ မုန့်ဟင်းခါး၊ အစုံသုတ် စသည်ဖြင့် အပေါင်း အသင်း သူငယ်ချင်း တို့ကို ဧည့်ခံကျွေးမွေးတတ်၏၊ အခါကြီးရက်ကြီးတွေမှာတော့ စတုဒီသာ ကျွေးသူတွေ နှင့် စည်ကားနေတတ်သည်၊

အချင်းချင်း သတင်းတွေ ဖလှယ်ကြသည်၊ပေးစရာရှိတာကိုပေး၍ယူစရာရှိတာကို ယူကြသည်၊ အိမ်ခမ်းလွတ် မရှိဘူးလား၊ အိမ်ငှားနေချင်တဲ့လူများရှိသလား၊ စုံစမ်းကြသည်၊ စာကလေးတစောင်ထားခဲ့ပါရစေ ပစ္စည်းလေး တထုပ်ထားခဲ့ပါရစေ၊ ဘယ်သူ ဘယ်ဝါ လာယူ ပါလိမ့်မယ်ဆိုတာတွေကို ထိမ်းသိမ်းပေးရသည်၊ ထားခဲ့သော ပစ္စည်းသည်ဥပဒေနှင့်မလွတ်ကင်းပါက မိမိကို အမှုမပါတ်စေရန် ထိုပစ္စည်းကို လူမြင်ကွင်း၌ ထားရမည်ဆို သော စင်္ကာပူ ဥပဒေကိုမူ လူတိုင်းကိုပြောရသည်၊ အလုပ်ရဘို့ ဘယ် အေးဂျင့် ကောင်းလဲဆိုတာတွေကိုဖြေပေး ရသည်၊ လမ်းညွှန်ရသည်၊

အခုမြန်မာ အိမ်ဖေါ် တွေများလာသောအချိန်မှာ မြန်မာမိန်းခလေးငယ်ငယ်လေးတွေကို ကော်ရီဒါနှင့် အပြည့် တွေ့ရတတ်သည်၊ Work Permit နှင့်အလုပ်လုပ် နေသူ လူငယ်တွေကလည်း တနင်္ဂနွေနေ့ဆိုလျင် ပင်နီဆူလား သို့ အရောက်လာကြလေသည်၊

သူတို့သည်မိမိ အလုပ်ရှင်အကြောင်း၊ ဇာတိအရပ်မှ ဆွေမျိုး မိတ်သင်္ဂဟတွေအကြောင်း တယောက်ကို တယောက် စကားတွေကို ဖေါင်လောက်အောင်ပြောကြသည်၊ ဘီယာပုလင်းထောင်ပြီးစည်းစိမ်တွေ့နေကြသော ၀ိုင်း ကလေးတွေလည်း အမြဲမြင်ကြရပါသည်၊ ကျွန်တော်တို့သည် တပြည်ရပ်ခြားမှာ မိမိတို့၏ကိုယ်ပိုင်နေရာ လေးတွေကို ဖန်တီးနေကြခြင်းဖြစ်ပါသည်၊ တနည်းဆိုသော် သူတို့သည် ဗမာလိုစား၊ ဗမာစကားကိုပြော၊ မိမိလို ဗမာတွေကိုကြည့်ခါ ဗမာပြည်ကို အလွမ်းဖြေနေကြခြင်းဖြစ်ပါလေသည်၊

Little Myanmar ဟုဆိုအပ်သော ပင်နီဆူးလားမှာ မြန်မာအလုပ်သမားများ၊ အိမ်ဖေါ်များ၊ လုပ်ငန်းရှင် အသေး စားလေးများ၊ သာမန်လက်လုပ်လက်စားကလေးများ ဆုံကြရာနေရာ ရောင်းဝယ်ဖေါက်ကားကြရာ နေရာ ဖြစ်ပါသည်၊ နိုင်ငံကျော်ရုပ်ရှင်မင်းသား၊ မင်းသမီးတွေကိုတွေ့ရဘူးသည်၊ ကျောက်စိမ်းတွင်းပိုင်ရှင်ကြီး များ၊ ဆေးရုံနှင့် ဟော်တယ်ပိုင်ရှင်ကြီးများ၊ ဘဏ်ဥက္ကဌကြီးများ ကိုလည်းတွေ့ရတတ်သည်၊ ရှစ်ဆယ်ရှစ် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ကိုလည်းတွေ့ရဘူးသည်၊ စာရေးဆရာတွေကတော့ စင်္ကာပူလာ ပြီဆိုလျင် ပင်နီဆူးလား သို့ဦးတိုက် လာတတ် ကြလေသည်၊

လက္ခဏာဆရာကြီး ဦးစံတင်အောင်သည်တခါကပင်နီဆူးလားသို့လာ၍ ဗေဒင်ဟောခမ်းဖွင့်လေသည်၊ သူသည် ဆိုင်ပေါင်းစုံသို့သွား၍ သူ့ကိုယ်သူမိတ်ဆက်သည်၊ ကျွန်တော့်ဆိုင်ကစာအုပ်စဉ်ကိုမြင်သော် ဘယ်စာအုပ် ကဘယ်လိုစသည်ဖြင့်ဝေဖန်လေသည်၊ သူကရွှေဘို တင်တိမ်ရံရွာသား ကျွန်တော်က ခင်ဦးသား ဖြစ်ရာသူ့ညီ အရင်းတယောက် ခင်ဦးမှာနေသည်ဟုပြောရင်း ကျွန်တော်တို့မိတ်ဆွေဖြစ်သွားကြလေသည်၊ သူကခင်ဗျားဘ၀ မှာဇာတိမြေကိုပြန်ပြီး အလုပ်တွေလုပ်ရဦးမယ်ဟု ဟောသည်၊ သူ့ဟောကိန်းသည် အခုထိတော့မှန်မလာသေး ပါချေ၊

ရန်ကုန်မှစီးပွားရေးအောင်မြင်နေသူ မိတ်ဆွေတဦးကလည်း သူတို့စီးပွားရေးလုပ်ငန်းတွေမှာ အခါပေး၊ ယတြာ တွေအပေး ကောင်းလှသော ခြေခဏာကြည့်သည် ဆရာတဦးကိုခေါ်လာဘူးသည် ၊ကျွန်တော့်ဇနီး ကိုမြင်သည် နှင့် ခြေထောက်ပေါ်မှာ မင်ကြောင်းတွေရေးဆွဲခါဗေဒင်ဟောပါသည်၊ သူတို့ရွာဇာတိ မြန်မာပြည်မှာ ကျန်ရစ် သော ဆွေမျိုးမိဘတွေ အကြောင်း ဟောလိုက်သည်မှာ အကုန် ဒက်ထိ အမှန်တွေချည့်ဖြစ်နေသည်၊ မိန်းမက ပြောသော် ကျွန်တော့်လည်းဟောပါဦးဟုပြောမိသည်၊ ကျွန်တော်သည် မြန်မာပြည်မှာနေပါက လုပ်ငန်းရှင်ကြီး ဖြစ်မည် ဟုဟောလေရာ ကျွန်တော့်မိန်းမမှာ ထိုညအိပ်မပျော်တော့ချေ၊ မြန်မာပြည်ပြန်ရအောင်ဟု အတွင်တွင် ပြောလေတော့သည်၊

မင်းသမီး ခင်သီတာထွန်းမှာ ကျွန်တော်ငယ်စဉ်ကတည်းက စွဲလန်းခဲ့သော ရုပ်ရှင်သရုပ်ဆောင်တဦးဖြစ်သည်၊ ကျွန်တော်တို့ရွာတွင် ဖျာခင်း ဖျာကာ ဇတ်ရုံဆောက်ခါ ကန်ထရိုက်ဆွဲသူတွေက ရုံသွင်းပွဲဟူ၍ ပြခဲ့ကြပါသည်၊ ဖတ်ကားတခုတွင် ခင်သီတာထွန်းက လွမ်းမျက်ရည်တွေ ဝေနေချိန်တွင် မင်းသားလုပ်သူက မှီအောင်သရုပ် မဆောင်နိုင်ကြောင်းကို ၆ တန်းကလေးကျွန်တော်ပင် သိသည်၊ တနေ့တွင် ဒေါ်ခင်သီတာထွန်း သည် အဖေါ်မပါ အချွေအရံတွေ မခေါ်ဘဲ ကျွန်တော်တို့ ဆိုင်သို့ဈေးဝယ်လာပါသည်၊ ခင်သီတာထွန်းသည် အသက်ကြီးသော်လည်း ချောတုန်း၊ လှတုန်း ဘေးလူတွေ ငေးကြည့်နေရအောင် စကားပြောကောင်းတုန်းဖြစ် ပါသည်၊ ဇနီးသည်မှာ သူ့ဆီမှ ရရန်ရှိသည်တို့ကို မှားပြီးပေါင်းလေသည်၊ မင်းသမီးကြီးမှာ စိတ်မဆိုးရှာ၊ နောက်တကြိမ်လာပါဦးဟုဖိတ်ခေါ်သည်ကို လာပါ့မယ်ဟု ပြုံးပြုံးကြီး ဂတိပေးပါသည်၊

အချို့ကမူ ပင်နီဆူးလား ကိုလာလျင်သူတို့ သိက္ခာကျမည်ဟု ယူဆ ကြလေသည်၊ ခရိုနီ လုပ်ငန်းရှင်ကြီးတွေ ကို မတွေ့ကြရ၊ မြန်မာနိုင်ငံက သမတကြီးသည် စင်္ကာပူလာသည့်တိုင် ပင်နီဆူလားကိုမလာ၊ လွှတ်တော် ဥက္ကဌ ကြီးကိုလည်းမတွေ့ရဘူးချေ၊ ဒေါ်အောင်ဆန်းစုကြည်လာတုံးကလည်း ပင်နီးဆူးလားကို သွားကြည့်သင့်သည် ဟုသူ့အကြံပေးတွေက သူ့ကို ပြောကြပုံမပေါ်၊ မြန်မာတို့နေရာကို ထိုခေါင်းဆောင်ကြီးများက မချီးမြှောက်ပါ သော် အဘယ်သူက ချီးမြှောက်ဖို့ သတိရပါမည်နည်း၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးသာ သူဆေးကုလာစဉ်က ပင်နီဆူးလားသို့လာပြီး မြန်မာထမင်းအကြိမ်ကြိမ် စားဘူးသည်ဟုသိရသည်၊

ပင်နီဆူးလား အုပ်ချုပ်ရေးအဖွဲ့ကတော့ ဗမာတွေ ကွမ်းစား ကွမ်းတံတွေးထွေး ကြသောကြောင့် များစွာစိတ်ပျက် ကြသည်ဟုဆိုသည်၊ ပင်နီဆူးလားဘေးမှာ အဆောက်အဦးအသစ်ကြီးဆောက်နေရာ ဗမာဆိုင်တွေကို နေရာ မပေးဟုဆိုသည်၊ ကွမ်းယဉ်ကျေးမှုကြီးကူးစက်လာမှာကိုစိုးရိမ်ဟန်တူသည်၊ ကျွန်တော်တို့သည်သူတို့ စိတ်ပျက် တာကိုဂရုမစိုက်နိုင် ကွမ်းကလေး တရာကို ၀ါးလိုက်ရမှ ဗမာပြည်တခေါက် ပြန်လိုက်ရသလို ရင်ထဲမှာအေးသွား တတ် ကြသည်၊

ကျွန်တော်သည် အစိုးရ ၀န်ထမ်းလုပ်ခဲ့ဘူးရာ ယခင်ကကျွန်တော့်လုပ်ဖေါ်ကိုင်ဖက်တွေ ဆိုင်သို့အမြဲလာလေ့ရှိ ကြပါသည်၊ ဗမာပြည်ပြန်လက်ဆောင်တွေဝယ်ဘို့၊ သူတို့မြန်မာပြည်မှာ လုပ်ရန်မဖြစ်နိုင်တာတွေကို သည်မှာ အလွယ်တကူ လုပ်နိုင်ပေရာ ထိုအလုပ်တွေကို လုပ်ဖို့ ကျွန်တော့်ထံလာတတ်ကြသည်၊

ဤနည်းဖြင့် ဧည့်သည်တွေ ထပ်မံရောက်လာသောအခါ၊ ဘယ်သူဖြင့်ဘယ်တုံးကလာသွားတယ်ဟုပြောတတ် လာသည်၊ ဘယ်သူတွေ ဘာဖြစ်နေကြပြီ၊ ဘယ်သူဖြင့်ကြီးပွားနေပြီ ဆိုတာတွေပြောရသည်၊ ဘယ်သူက ဘယ်မှာ၊ ဘယ်သူကဘာရာထူး ရသွားတယ်၊ ဘယ်သူဖြင့်ဆုံးရှာပြီ ဆိုတာတွေနောက်ပိုင်းပါလာရသည်၊ ကျွန်တော်သည် သတင်းစုံကြားနေရသူဖြစ်လာသည်၊ အရင်က ဖါသိဖါသာနေသူတွေ မှာလည်းအခုကိုယ်က အိမ်ရှင်အနေဖြင့် ဧညိ့ခံရလေရာဧည့်ခံရင်းမိတ်ဆွေတွေ ဖြစ်သွားကြသည်၊

ဆရာဦးသော်ကောင်း တို့လို နိုင်ငံသိ ပညာရှင်ကြီးများကိုမူ “ဆရာ ဘယ်တုံးကရောက်လဲ” ဟုမေးပြီးသည် နှင့် ခင်မင်သော မိတ်ဆွေဟောင်းတွေလိုရင်းနှီးသွားကြပါသည်၊ ဆရာကြီးမှာ စာပေဗဟုသုတ နှင့်ပါတ်သက်ပြီး မေးခွန်းမေးလျင် စိတ်ရှည်လက်ရှည် ရှင်းပြတတ်သည်၊ ဆရာဒေါက်တာခင်မောင်ညွန့်မှာ သတင်းစာတွင် အမှတ်တမဲ့ ဖတ်မိသောသူ့ဆောင်းပါးတခုအကြောင်းမေးမိရာဝမ်းသာအားရဖြေရှာပါသည်၊ ဆရာကြီးဒေါက်တာ လှဖေလာစဉ်ကမူ ကျွန်တော်ဆိုင်မှာသူ့စာအုပ်ကိုတင်ထားတာတွေ့သဖြင့် ၀မ်းမြောက်ဝမ်းသာဖြစ်သွားရှာသည်၊
ကျွန်တော်ဆိုင်သို့ လာဘူးသူများတွင် ရာထူးအကြီးဆုံးမှာ ကျွန်တော့်ဇနီး၏မိတ်ဆွေ က၊စ၊ထ မှုးကြီးလာတုံး ကဖြစ်ပါသည်၊ ရှေ့ပြေးစုံစမ်းသူက ကစထ မှုးကြီးလာမယ်လို့မပြော၊ ဘယ်သူရှိသလား၊ ဆိုင်ဖွင့်သလားဟုသာ အမှတ်တမဲ့မေးသည်၊ ထိုစဉ် ကကျွန်တော်သည် အခမ်းထဲမှာ နောက် VIP တယောက်ကို ဧည့်ခံနေလေရာ ကစထ မှုးကြီးမှာ ဇနီးဖြစ်သူနှင့် မတ်တတ်ရပ်ပြီးသာစကားပြောသွားရလေသည်၊ မြန်မာပြည်မှာဆို သူ့ကို စကားပြောဘို့ မဆိုထားနှင့် လူမြင်ရဘို့ကို မဖြစ်နိုင်ပါပေ၊

ဤနည်းဖြင့် ကျွန်တော့်ရုံးခမ်းသို့ အပ်ချည်မြှင် ဆရာတော်ကြီးလည်း မပျံလွန်မှီက ရောက်လာခဲ့ဘူးသည်၊ ဒကာ တယောက်က ဆရာတော်ကို လှည့်လည်ပြရင်း ဆရာတော်ကို ဆွမ်းကပ်ချင်၍ ရုံးခမ်းကို အသုံးပြုခွင့်ပေးပါဟု ပြောလာသည်၊ ကျွန်တော်တို့ က၀မ်းမြောက်၍မဆုံး၊ ဆရာတော်ကြီးကို ဦးချခွင့် ရလိုက်သည်၊ ဆွမ်းကပ်ခွင့်ရ လိုက်သည်၊ ဆရာတော်ကြီးက အသက် ၅၀ ပြည့်လျင် လောကီအလုပ်ကို စွန့်၍ တောထွက်တော့မည်၊ တကိုယ်တည်းနေပြီး တရားရှာတော့မည်ဟု မိန့်သည်၊ ဆရာတော်၏မွေးနေ့ပွဲကို ဖေဖ၀ါရီလက ကျင်းပသည်ဟု ကြားလိုက်ရသည်၊ မရှေးမနှောင်းမှာ ဆရာတော်ကြီးပျံလွန်တော်မူရှာပြီဟု ကြားကြရလေသည်၊

ကျွန်တော့်ဆိုင်က ကျွန်တော့်ရုံးခမ်းမှာ အကျယ်ကြီးမဟုတ်၊ ဧည့်သည်ထိုင်ဘို့ ခုံက တလုံးသာချောင်ချောင်ချိချိ ချထားနိုင်သည်၊ ဧည့်သည်မှာ အဖေါ်ပါလာပါက နံရံမှာကပ်ထောင်ထားရသောခုံကို ဧည့်သည်ကိုယ်တိုင်က ယူပြီး ချပေးကြရသည်၊ သုံးယောက်ဆိုပါက မတ်တပ်သာရပ်ပေရော့၊ မဖြစ်မနေ ထိုင်ရမည် ဆိုသော် အပြင်မှ တယောက်က ခုံကိုမယူလာပြီး ခင်းပေးရလေသည်၊ ဇနီးဖြစ်သူမှာ ဧည့်သည်လာ လျင် အလွန်ပျော်သည်၊ ကော်ဖီဘယ်လိုသောက်သလဲမမေး၊ ဖျော်ပြီးချပေးတတ်သည်၊ ဧည့်သည်က ကော်ဖီကို ငြင်းလျင် ကျွန်တော် သာသောက်ရတော့သည်၊

အောင်ကျော်မင်းဆိုသော သူငယ်ချင်းသည် ပါကင်ဆန်ဝင်နေပြီဟု အတူပါလာသောသမီးက တိုးတိုးလေးပြော သည်၊ သူသည်ကျွန်တော့်စားပွဲကို သဘောကျနှစ်ချိုက်ခါ မင်းစားပွဲမှာ ငါထိုင်မယ်ကွာဆိုပြီး နေ့တိုင်း  လာနေ တော့သည်၊ သူ့ရုံးအလုပ်တွေလုပ်စရာရှိတယ်ဆိုပြီး စားပွဲပေါ်မှာ သူ့စာရွက်တွေကို ဖြန့်ချတတ်သည်၊ တကြီမ်၊ နှစ်ကြိမ်မှ သုံးကြိမ် ဖြစ်လာသော် “သူငယ်ချင်းငါ့ဧည့်သည်လာစရာရှိတယ် “ဟု ပြောရတော့သည်၊ ထို့နောက် သူသည် ကျွန်တော့်ကို စိတ်ဆိုးကာကျွန်တော့် ထံသို့ တခေါက်မှ ရောက်မလာတော့ချေ၊
ကျွန်တော့်တွင် ကိုအောင်မြင့်ဦးဆိုသောမိတ်ဆွေ တယောက်ရှိသည်၊ သူသည်စကားပြောလျင် ပရိယါယ်မပါ တဲ့တိုးကြီးပြောတတ်သည်၊ ဖုံးဆက်လျင် သူ့ကိုယ်သူ မိတ်ဆက်ခြင်းမရှိ သူလိုချင်တာကိုတောက်လျှောက်ကြီး ပြောတော့ရာနားထောင်သူတွေက သူဘာပြောတာကိုနားလည်ဘို့ မဆိုထားဘိ၊ ဘယ်သူပြောနေတယ်ဆိုတာ ကို သိအောင်ကြိုးစားနေကြရရာ အကြောင်းမသိမှီ အတော်အခက်ကြုံကြရ၏၊ ကိုအောင်မြင့်ဦးသည် စကားပြောရာမှာ အလွန်ရိုးသားသလို ကွန်ပျူတာပညာမှာမူ အံ့သြရအောင်ကျွမ်းကျင်လေသည်၊ သူသည်မိမိ ဖါသာ တတ်အောင်သင်ပြီးကွန်ပျူတာပြင်သူဖြစ်သည်၊ အိုင်သရီး၊ အိုင်ဖိုက်၊ ၀င်းဒိုးဆဲဗင်း၊ အိတ် ဆိုတာတွေကို အလက်ထရောနစ်အင်ဂျင်နီယာတွေ ငေးနေလောက်အောင်ပြောနိုင်လေသည်၊

တနေ့ ဆိုင်သို့ရောက်သွားရာ ကျွန်တော့်ရုံးခမ်းတွင် ကွန်ပျူတာတွေ လေးငါးလုံးပြန့်ကျဲ နေပြီး ထိုင်ခုံသို့ရောက် အောင်ကျွန်တော်မသွားနိုင်၊ ကျွန်တော်သူ့ကို နှင် မထုတ်ရက်ပါ၊ ရှေ့မှာ၊ဘေးမှာက သူ့မိတ်ဆွေတွေ စောင့်နေ ကြသည်၊ သူသည်ကွန်ပျူတာကိုအခမဲ့ပြင်ပေးနေခြင်းဖြစ်သည်၊ ကွမ်းတ၀ါးဝါး၊ ရယ်တပြုံးပြုံးဖြင့် သူ ကွန်ပျူတာ ပြင်နေသည်မှာ ပျင်းစရာမရှိ၊ ထိုအချိန်မှာလာသော ကျွန်တော့် ဧည့်သည်ကိုမူ ကျွန်တော်သည် အပြင် တနေရာ သို့ခေါ်ထုတ်ပြီးဧည့်ခံရလေသည်၊

(၄)

အချိန်ကြာလာသည်နှင့်အမျှ ကျွန်တော်ဆိုင်သို့ရောက်လာကြသောဧည့်သည်အရေအတွက်မှာ ပိုပိုများလာပြီး ရေတွက်ခြင်းငှာ၊ ရေးချမှတ်ထားခြင်းငှာ မဖြစ်နိုင်တော့ပေ၊ လိပ်စာကဒ်ပြားတွေပင် စံနစ်တကျ မသိမ်းနိုင် လောက် အောင်များလာလေသည်၊ ကာလကြာသော် ကဒ်တွေပေါ်မှာ ဘယ်တုံးက၊ ဘာလုပ်တဲ့ဆရာ စသည် ဖြင့် အတိုကောက်တွေ ရေးမထားလျင် ဘယ်သူဘယ်ဝါ ဟုမသိနိုင်တော့ပေ၊

ပြင်သစ်လို Rendezvous မှာ လမ်းဆုံလမ်းခွ၊ လူတို့တွေ့ဆုံရာနေရာဟု အဓိပ္ပါယ်ရပါသည်၊ ကျွန်တော်က ဆိုင်နာမည်ကို Rendezvous (ရောင်ဒေးဗူး) ဟုပြောင်းရအောင်ပါဟု ဇနီးသည်ကို အကြံပြုသည်၊ သူက “ရှင့်အလုပ်ကဈေးသည်၊ ရှင်လုပ်ရမဲ့အလုပ်က ဈေးရောင်းတဲ့အလုပ်၊ သိပ်စိတ်ကူးမယဉ်ပါနဲ့ “ ဟုဆိုကာ ပယ်ချလေသည်၊


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

One Response to ကိုသန်းလွင် – လမ်းလေးခွ

  1. ko metta on August 29, 2014 at 9:16 pm

    စင်ကာပူ ပင်နီစူလာအကြောင်း သိပ်ဖတ်ကောင်းပါတယ်။
    Thank You

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်