သက်ခိုင် – ဦးဘော်စခန်း၊ ကင်းစစ်အောင်ဖေနဲ့ ဘိုဖြူတို့တသိုက်

August 30, 2014

သက်ခိုင် – ဦးဘော်စခန်း၊ ကင်းစစ်အောင်ဖေနဲ့ ဘိုဖြူတို့တသိုက်
အောင်ဖေအခန်းဆက် အပိုင်း ၁၀၊ သြဂုတ် ၃၀၊ ၂၀၁၄

(၁)

အောင်ဖေတို့ စခန်းကိုဆင်းလာတော့ နေ့လည်(၁၁)နာရီကျော်ပြီ၊ စခန်းထဲရောက်တော့မှသိတယ် တပ်က ရှေ့တန်းထွက်တော့မယ်၊ အကုန်လုံး ပြင်ဆင်ထားပြီး အဆင်သင့် ဖြစ်နေကြပြီ၊ အဲဒီနေ့က ၁၉၉၃ခု သင်္ကြန်အကြိုနေ့ကြီး၊ ကိုငြိမ်းက ဝီစီမှုတ်တန်းစီခိုင်း ပြီးတော့မှာစရာရှိတာမှာပေါ့ ဘယ်သွားမယ် ဘာလုပ်မယ် လမ်းမှာ အာမချောင်နဲ့ ဘာညာပေါ့လေ။

ပြီးတော့ စခန်းထဲကနေ စပြီးထွက်သွားကြကော၊ ကိုအောင်ကျော်စိုးလည်း ပါသွားတယ် ဟိုးအောက်ကနေ လှမ်းခေါ်လို့၊ အောင်ဖေ့နှယ် လိုက်ချင်လိုက်တာလေ ဒါပေမယ့် ကိုလွင်ဦးလည်းရှိသေးသလို ကိုယ်ကလည်း တပ်သားဘဝတောင် မရောက်တဲ့ ဒုအရန်တပ်သားဆိုတော့ နေခဲ့ရတာပေါ့။

အဲဒီအချိန်မှာ မှတ်မိသလောက် စခန်းမှာကျန်ခဲ့တာဆိုလို့ ဦးအောင်သန်း၊ ဆရာဦးသိန်းဝင်း၊ တပ်ရေး ကိုကျော်ကျော်၊ တပ်ထောက်ကိုအာနီးလ်(ချင်းလူမျိုး)၊ ကိုငွေထွန်း၊ ကိုမောင်ငယ်၊ ကိုလွင်ဦး၊ မအေးအေးအောင် စတဲ့သူတွေနဲ့ အောင်ဖေနဲ့ လူက(၁၀)ယောက်လောက်ပဲရှိမယ်။

စခန်းက စားဖိုတဲတလုံး၊ စားဖိုဘေးကပ်လျှက် တဲကြီးကြီးတလုံး၊ လက်နက်တိုက်နဲ့ မအေးအေးအောင်နေတဲ့ တဲတလုံး၊ ဟိုးတဘက်ထိပ် မီတာ၈၀၀လောက်မှာ တဲကြီးကြီးတလုံး ဒါပဲဆောက်ထားသေးတယ်၊ လိုအပ်ရင် အောင်ဖေတို့တွေ ထပ်ဆောက်ရမှာပေါ့။

မနက်စောစော ၅နာရီခွဲလောက်ဆိုရင် ဆရာဦးသိန်းဝင်းက စိုင်းထီးဆိုင်ရဲ့ အညာနွေသီချင်းလေးဆိုပြီး ရေနွေးတည် ထမင်းချက် လုပ်တော့တာပဲ၊ အောင်ဖေကတော့ နိုးနေလည်း မထသေးဘူး ချမ်းလို့ မှိန်းနေကော၊ ဟေ့ကောင်ထတော့ မင်းဘယ်အချိန်ရှိပြီလဲ ဆိုတော့မှထတာ၊ ငပျင်း။

စခန်းနေရာကအသစ်လည်းဖြစ် တောကလည်းအသစ်လို ဖြစ်နေတော့ စံခကပါလာတဲ့ ပိုက်နဲ့ ညနေစောင်းရင် စမ်းချောင်းတွေမှာ ငါးသွားသွားထောင်ကြကော ည၉နာရီလောက်မှ သွားဖြုတ်ပြီး ထပ်ထောင်ခဲ့ပေါ့ မနက်ကြရင် အစောကြီးတခါထပ်ဖြုတ် အဲဒီလိုရှာစားကြတာ၊ တခါတခါ ငါးကိုလာစားတဲ့ ရေမြွေလိုကောင်မျိုးတွေလည်း မိနေတတ်ရဲ့ ဒါမျိုးဆိုရင်တော့ အောင်ဖေက စမ်းချောင်းထဲ ဆင်းကို မဆင်းတော့ဘူး ထိလည်းမထိတော့ဘူး မြွေကိုကြောက်တာကိုး၊ အဓိကကတော့ ဆရာဦးသိန်းဝင်းပဲ ငါးဖြုတ်တာ များပါတယ်။ တခါတခါလည်း ပိုက်မှာမိနေတဲ့ ငါးတွေကို ဖျံက စားသွားပြီး ပိုက်ကိုရှုပ်ရှက်ခက်အောင် လုပ်ထားခဲ့ကော၊ သေချင်းဆိုး တခါမှမမိဘူး ဒင်းကို။

စခန်းဘေးမှာ မွန်အဘိုးကြီး ဦးဘော်တို့က တောင်ယာခုတ်ထားတာကိုး၊ အဲဒီတော့ သင်္ကြန်ပြီးပြီဆိုတာနဲ့ မီးတားတွေလုပ်ပြီး မီးရှို့တော့တာပဲ တဖုန်းဖုန်းတအုံးအုံးနဲ့၊ တောထဲမှာ ခုတ်ထားတဲ့ ဝါးတောတို့၊ ဝါးတောကို တောမီးတို့လောင်ပြီဆိုရင် ဟိုးအဝေးကနားထောင်ကြည့်ရင် ရထားခုတ်သံလိုပဲ ဒါကြောင့်များ ထူးအိမ်သင်က အမေ့အိမ်သီချင်းထဲမှာ ရထားဥသြသံလေးများကြားရင် ဘာညာများ ထည့်ရေးခဲ့သလားတောင် စဉ်းစားမိတယ်၊ သူလည်းတောခိုခဲ့တာကိုး။

အောင်ဖေက အလုပ်မရှိရင် သေနတ်လေးလွယ်ပြီး စခန်းဝန်းကျင် ဟိုသွားဒီသွားလုပ်တော့တာပဲ၊ အဝေးကြီးတော့ မသွားသေးဘူး တောကအရိုင်းကိုး အထူးသဖြင့် စခန်းနားတဝိုက်ပဲ၊ တခါတော့ စခန်းအထဲက တောလမ်းကြောမှာ ဖြတ်သွားရင်းနဲ့ “ဖုန်း” ကနဲဆို တောပုန်းက စခန်းနားကပ်ပြီး ဖောက်သံကိုကြားပါလေကော။

အဲဒါနဲ့အောင်ဖေလည်း ၂ပေလောက်ပဲကျယ်တဲ့ လူသွားလမ်းလေးကနေ တောထဲကိုနည်းနည်းတိုးပြီး။

“ဘယ်သူလဲကွ ငါ့စခန်းနား သေနတ်လာဖောက်တာ၊ စခန်းနား လာမပစ်ရဘူးဆိုတာ မသိဘူးလား”

အောင်ဖေ့အသံက အတော်ကျယ်တယ်၊ အမဲပစ်တဲ့သူလည်း အတော်တော့လန့်သွားမယ့်ပုံရတယ်။

“ဟေ့ မေးနေတယ်၊ မကြားဘူးလား ထွက်ခဲ့စမ်း မဟုတ်ရင် ငါပစ်မှာနော်၊ မင်းကိုမြင်နေရတယ်”

ခပ်တည်တည်နဲ့ အောင်ဖေခြောက်လိုက်တော့ ရွာသားတဦးအရိပ်က တောထဲမှာတွေ့ပါလေကော၊ အောင်ဖေတို့ searching fire လုပ်ပုံက ထိရောက်သွားတယ်၊ အဲဒီရွာသားက ကိုယ်ရောင်သာပြလိုက်ပြီး အပင်ကြီးကြီးတပင်နဲ့ သူ့ကိုယ်လုံးကို ကွယ်ထားတယ်၊ အောင်ဖေသောက်ရမ်း ပစ်မှာလန့်ပုံရတယ်။

“ကျနော် ဒီရွာကပါပဲ၊ ဘုတ်ကိုပစ်တာပါ၊ အမိန့်ထုတ်ထားမှန်း မသိလို့ပါ”

အော ဒါဆိုရင်တော့ ငါကောလိုက်တာ လန့်သွားပုံပဲ၊ တခါတည်းဖြဲခြောက်မယ်ပေါ့လေ။

“ဟုတ်ပြီ နောက်ဆို စခန်းနား ဘယ်သူမှမကပ်ရဘူး သေနတ်လည်း ယောင်လို့တောင် လာမဖောက်ရဘူး ကြားလား၊ နောက်တခါဆိုရင် အပစ်ပဲ မေးမနေဘူး”

ဆိုတော့ ရွာသားလည်း ဟုတ်ကဲ့ ဟုတ်ကဲ့နဲ့ပြောပြီး နောက်ဆုတ်ပြီး ကြောပေါ်ကနေဆင်းသွားပါလေရော။ အောင်ဖေလည်း အောက်တဲဘက်ကိုပြန်အဆင်း အောက်ကနေ တက်လာတဲ့ ဦးအောင်သန်းကမေးတယ်၊ ဘာဖြစ်လဲပေါ့ ရွာသားစခန်းနားလာကပ်ပြီး တောပုန်းပစ်နေလို့ ဟောက်လိုက်ရတယ်ပေါ့လေ။

နောက်မှ ပြန်သိတာက အောင်ဖေက စွတ်ရွတ်ပြီးသာအော်နေတာ ဒီရွာသားက သူ့ကိုမြင်ပြီးသား၊ သူကသာ ဘာမှမမြင်ရဘဲ စွတ်ဖြီးနေတာ၊ တောပုန်းဆိုတော့လည်း ဟိုကတတောင့်ပဲ ထည့်ထားတာဆိုတော့ ယမ်းထောင်းပြီး ထပ်ထည့်ရဦးမှာလေ၊ မတော်အောင်ဖေဆိုတဲ့ကောင်က အေကေကို အတွဲလိုက် ဆွဲထည့်လိုက်ရင် ကံမကောင်းပဲ ယောင်ယမ်းလာထိရင် ဒုက္ခဆိုပြီး အဲဒီရွာသားက လူယောင်ပြလိုက်ရတာတဲ့၊ မဟုတ်ရင် ပုန်းနေပြီး အသာလေး ကားလမ်းဘက် ပြန်ဆင်းယုံတဲ့။ ဟိုကများ သောက်မြင်ကပ်ပြီး ဘယ်သူမှ သိတာမဟုတ်ဘူးဆိုပြီး ပစ်ထည့်လိုက်လို့ကတော့ အမလေးအောင်ဖေရယ် ဖြစ်ဦးမှာ၊ နောက်တော့ အဲဒီရွာသားက ကိုမောင်မောင်လတ် ယောက္ခထီးကြီး ဖြစ်လာတော့တာပါပဲ။

အဲဒီကတည်းက ဦးဘော်တို့ရွာမှာ အောင်ဖေနည်းနည်း နာမည်ရသွားတယ်၊ ဒီအကောင်လေးကကြမ်းတယ်တဲ့ သူ့စခန်းနား သွားမကပ်ကြနဲ့တဲ့ ဦးဘော်က ကုန်သည်တွေကော ဘာတွေကော အကုန်လုံးကို မှာထားတယ်။

ရွာသူကြီး ဦးဘော်က ကြံရည်ခါးလုပ်ရောင်းတယ်၊ ကြံရည်ဆိုတာ လူတွေက အချိုပဲ သိကြမယ် အခုက အဲဒီလိုမဟုတ်ဘူး သူကကြံရည်ကို အရက်ချက်တဲ့ ဗျစ်ရည်တွေ စိမ်ရည်တွေဘာတွေ တခုခုနဲ့ရောပြီး ခါးအောင်လုပ်ထားတာ ၂ပုလင်းလောက်ဆိုရင် သူလည်းရေချိန် အတော်တော့ကိုက်သား၊ တခါတခါ ကိုအာနီးလ်ကို ချော့မော့ပြီး ဟေ့လူကြံရည်ခါးလေး ဘာလေးချရအောာင်ဗျာ ဘာညာလုပ်ပြီး သွားသွား မော့ကြသေးတယ်။

တခါတခါတော့ အောင်ဖေတို့ စခန်းနားကမီးရှို့ထားတဲ့ တောင်ယာအသစ်က ပိုးကောင်လေးတွေကို လာလာစားတဲ့ ဘုတ်တွေဘာတွေ ရတတ်တယ်၊ ဘုတ်ဆိုတာက ကိုယ်လုံးက သင်္ကန်းအရောင်နဲ့ခေါင်းကြတော့ မဲတယ်၊ သူကကြက်လောက်နီးနီးကြီးတယ် တကူကူလာအော်လို့ကတော့ ရတာများတယ်။ အမှန်က ဒီကောင်တွေက အရင်ကတည်းက ဒီဂွင်မှာကျက်စားနေကျ အခုမှသေနတ်သံတွေဘာတွေ စစ်သားလိုလို ဘာလိုလိုကောင်တွေကို တွေ့ဖူးကြတယ် ထင်ပါရဲ့ ဒါကြောင့်ထွက်မပြေးမိဘဲ စူးစမ်းရင်း ဇီဝိန်ချုပ်ကြတာ။

(၂)

ဒီလိုနဲ့ မိုးတွင်းကျလာတော့ စခန်းကို ထိုင်းအိုင်ဒီစီအချုပ်ကနေ လာသွန်လို့ တပ်ထဲဝင်မယ်ပြောပြီး ရောက်လာတဲ့သူတွေ ကိုရှမ်းလေး၊ ရွှေညာ၊ အောင်ကျော်မိုး၊ မောင်တင်စိုး၊ စသဖြင့် (၁၀)ယောက် ကျော်ကျော်လောက် ထပ်ရောက်လာပါလေရော၊ ဒီမှာအောင်ဖေတို့ ကိုယ့်ဘာသာကိုယ် ရာထူးယူလိုက်တယ် အကြပ်လိုလို ဘာလိုလိုနဲ့ သူတို့ကို သွားဆရာလုပ်လို့ ရသွားကော၊ ဟုတ်တယ်လေ ကျန်သူတွေက အကုန်ဆရာကြီးပဲ သူကို့ပဲလုပ်မှာ၊ အခုမှ အသစ်ကလေးတွေရောက်လာတော့ အောင်ဖေ့အတွက် အပိုင်ပေါ့။

တခါတခါ သူတို့ကိုထားတဲ့ အထဲကဘားတိုက်မှာ အောင်ဖေသွားသွားနေတယ်၊ ထုံးစံအတိုင်း သေနတ်ဆိုတာ ဘယ်လိုပစ်ရတယ် ကျည်ကိုအလကားနေ မသုံးရဘူး၊ သေနတ်ကို ဘယ်လိုတိုက်ချွတ်ဆေးကြော၊ တောထဲက ပုံမှန်အသံနဲ့ ထူးခြားတဲ့အသံဆိုတာ ဘယ်လိုခွဲဘာညာပေါ့လေ။

အသစ်လေးတွေထဲမှာ အောင်ဖေ့ထက်ငယ်တဲ့ ဖိုးဇော်တို့ဘာတို့ကလည်း ပါဆိုတော့ အောင်ဖေ အာတွေ့နေတာပေါ့၊ ကျန်တဲ့သူ လူဟောင်းတွေကိုပြောပြီး ဒီကောင်တွေကို ကင်းပါစောင့်ခိုင်းမယ် လုပ်ပါလေကော၊ သူတို့ဆီမှာ အေကေ၂လက်ထားပေးထားတာကိုး။

“ခင်ဗျားတို့ကင်းစောင့်ရင် ကြောက်မှာစိုးလို့ ၂ယောက်တွဲထားပေးမယ်၊ ဒီဘားတိုက်ကနေလာတဲ့ ကားလမ်းဟောင်းဘက်က ဘာပဲဖြစ်ဖြစ်လုံးဝမပစ်ရဘူး တောကောင်တောင် သေချာမြင်ရမှ တောထဲဘက်ဆိုပစ် ကားလမ်းဘက်ဆို လုံးဝမပစ်ရ၊ ကင်းတဲကျော်သွားမှ ပစ်ရမယ်၊ ကင်းတဲရှေ့ကတော့ တခုခုထူးခြားတာနဲ့ တယောက်က လာသတင်းပို့ ကျနော်တို့တက်လာမယ်၊ ဒီနေရာကို ဘယ်ရန်သူမှတက်မလာဘူး”

အဲဒီလိုလုပ်ပြီး ညညဆိုကင်းသွားသွားစစ်ကော၊ တခါလည်းမဟုတ် နှစ်ခါလည်းမဟုတ် သူကိုယ်တိုင်လည်း ကင်းစောင့်သလို သူများတွေစောင့်နေရင်လည်း ဆရာလုပ်ချင်တဲ့ ဗီဇကပါတော့ သွားသွားစစ်ပါလေကော၊ ည၁နာရီပဲဖြစ်ဖြစ် မနက်၃နာရီပဲဖြစ်ဖြစ် အဲဒီလိုလုပ်တာ၊ ကြာတော့ ဟိုကောင်တွေက မေးတော့တာပဲ ကိုအောင်ဖေ ခင်ဗျားညဘက် အိပ်ကော အိပ်ရဲ့လားဗျတဲ့။ အဲဒီလိုမေးရင် ဂုဏ်ယူဝင့်ကြွားစွာနဲ့ ဖြေပုံကိုက။

“စစ်သားဆိုတာ အိပ်ချိန်တန်ရင် အိပ်ရသလို၊ အလုပ်ရှိရင်လည်း ဘယ်အချိန်ဖြစ်ဖြစ် လုပ်ကိုလုပ်ရတယ်ဗျ” တဲ့၊  အော်ဟုတ်မှာပေါ့လေ လူသစ်လေးတွေလည်း တလေးတစားနဲ့၊ အခုမှကင်းစောင့်တာကို သူတို့က မသိဘူး တပ်ကရှေ့တန်း ထွက်သွားကတည်းက ကိုယ့်ကင်းကိုယ်ယူပြီးအိပ်ဆိုပြီး လုပ်ထားတာ၊ ဘာကင်းမှ ချမထားဘူး။ ဘိုဖြူတို့ စောင့်တာနဲ့တင် နေခဲ့ကြတာကိုး။

တရက်မှာတော့ ရှေ့တန်းကနေကြေးနန်းရတယ်၊ ဆရာဦးသိန်းဝင်းညီကိုအောင်မျိုး ရှေ့တန်းမှာ ဌက်ဖျားနဲ့ ဆုံးသွားတယ်တဲ့၊ အားလုံးစိတ်မကောင်းပေါ့ ဆရာဦးသိန်းဝင်းဆို တရက် မအေးအေးအောင်နေတဲ့ ဆက်သွယ်ရေးကုန်းဘက်ကနေ ညဘက်ကြီး သူလမ်းလျှောက် ဆင်းလာသလိုကိုတောင် မြင်လိုက် မိသေးတယ်လို့ပြောသေးတယ်၊ အောင်ဖေလည်း နည်းနည်းတော့ လန့်သွားတယ် ကင်းတောင် ၄-၅ရက် သွားမစစ်တော့ဘူး၊ ဟိုကဖြင့် ဆုံးသွားတာကြာပြီ။

နောက်ပိုင်း ကိုစိုးဝင်းကြီးလည်း ရှေ့တန်းကပြန်တက်လာတော့ သူကစခန်းလုံခြုံရေးမှူး တာဝန်ယူပေါ့၊ သူကအရပ်၆ပေလောက်ရှိတယ် ပြည်သားပဲလားတော့ မမှတ်မိတော့ဘူး။ တခါတော့ ဦးအောင်သန်းဖျားတာ နည်းနည်းဆိုးတော့ ဒေါင်တာကျော်ညွှန့်တို့ စခန်းမှာသွားပြရင်း အောင်ဖေလည်း လိုက်စောင့်ပေးရတော့တာပေါ့၊ အဲဒီမှာ သူနလန်ထတော့ တောင်စောင်းတွေဘက် ဆင်းကြည့်ကြရင်း သစ်တိုပင်တပင်တွေ့တယ် မှည့်လို့ကြွေကျတဲ့ အသီးတွေကို သူကကောက်ခိုင်းပြီး ငါးပိနဲ့ပြန်ကြော်တာ ဟာအတော်စားလို့ မြိန်တာပဲ၊ နောက်ပိုင်းတော့ သစ်တိုသီး ရာသီမကုန်မချင်း အဲဒီစခန်းမှာ သွားသွားကောက်ကြတော့တာပါပဲ။

တရက်တော့ ကိုဇော်မိုးကျော်နဲ့ တွဲဘက်အတွင်းရေးမှူးလုပ်သူ ကိုဇော်နိုင်ဦးတို့ ရှေ့တန်းမှာလားမသိ ဆုံကြပြီးတော့ စခန်းကိုဆင်းလာကြတယ်၊ မိုးတွင်းလည်း လူတွေက သွားလိုက်လာလိုက်ပါပဲ၊ လူပြတ်တယ်မှ မရှိဘဲ။ မိုးကလည်း ကောင်းတဲ့အချိန် တနေ့မှာတော့ မအေးအေးအောင် နေမကောင်းတာ အတော်ကို စိုးရိမ်ရတော့ ရဲဘော်တွေ တပ်စိတ်တစိပ်လောက်နဲ့ ပေါက်ကြူဆေးရုံကို ပို့ရတော့တယ်၊ ပယော်ဆေးရုံက သေးတော့ပိုစိတ်ချရအောင်။

လမ်းမှာမိုးတွင်းဆိုတော့ ပယော်ကနေ ပေါက်ကြူအထိ ကားလမ်းအတိုင်း ဘယ်လိုမှသွားမရတဲ့ နေရာတွေကို တောင်ပေါ်လမ်းရှင်းပြီး သူ့ကိုပုခက်နဲ့ထမ်း သယ်ရတာပေါ့၊ အဲဒီအချိန်က ပေါက်ကြူရွာကို မိုးကုန်ရင် ခလော့ခနီဘက် ရွှေ့ရမယ်လို့ ထိုင်းအစိုးရက အမိန့်ထုတ်ထားတော့ ရေရှိတီဘက်က မွန်ဗဟိုကိုလည်း ပေါက်ကြူနဲ့ ပယော်ကြားက လမ်းခွဲတခုကနေ မြန်မာဘက်အခြမ်း နယ်မြေမှာ ဆောက်ထားတယ်။ အဲဒီမွန်ဗဟိုကထွက်တဲ့ လမ်းခွဲမှာ တညအိပ်ပေါ့၊ ညဘက်ကြတော့ ပိုက်ထောင်ပြီး ငါးဖမ်းတာ ငါးတွေ အတော်ရလိုက်သေးတယ် ဒါကနောက်နေ့မနက်အတွက်တော့ ဟင်းဖြစ်သွားတော့တာပါပဲ။

တောထဲမှာ ထမင်းစားရင် ဌက်ပျောရွက်လေးငါးခြောက်ရွက်ကို တယောက်ယောက်က ဓါးနဲ့သွားခုတ်လာ ပြီးရင်ရေဆေး မှောက်ရက်ဖြန့်ခင်း အဲဒီအလည်ကို ရေခမ်းတည်ထားတဲ့ ထမင်းအိုးမှောက်ချပြီး အေးသွားအောင် ဖြန့်လိုက်၊ ပြီးရင်ကင်ထားလို့ မွှေးနေတဲ့ငါးတွေကို အလယ်မှာချပြီး အဆင်ပြေသလို စားကြတာကိုး၊ ဆားလေးဘာလေး တို့ပြီးတော့ပေါ့။ သူများတယ် ငါနည်းတယ်ဆိုတာ မရှိ။ လူတွေက တနေကုန်လမ်းလျှောက် ချောင်းတွေကို လက်တွဲကူး၊ ကြိုးနဲ့ကူးဖြတ်၊ အဲဒီလိုသွားနေရတာဆိုတော့ ပျော်စရာလည်းကောင်း စားရတာလည်း အတော်မြိန်ပေါ့။

ပေါက်ကြူကို ၃ရက်လောက်နေမှ ရောက်တော့တယ်၊ နောက်ပိုင်းတော့ မအေးအေးအောင်ကို စံခအထိပို့လိုက်တာပါပဲ၊ နောက်ပိုင်း ဘန်ကောက်နေတဆင့် ဗဟိုကိုသူပြန်သွားပုံရတယ်၊ ပြန်မလာဖြစ်တော့ဘူး။ အပြန်ကြတော့လည်း လာတုန်းကအတိုင်း ချောင်းတွေကိုဖြတ် တောင်ပေါ်ကပတ်ပေါ့၊ ရေမကူးတတ်တဲ့ အောင်ဖေကိုတောင် သူများတွေက တွဲပြီး ချောင်းဖြတ်ရသေးတယ်။ ပုံမှန်လမ်းက လာတာကိုး လူနာမှ မပါတော့ဘဲ အထီးတွေချည်းပဲကိုး။

(၃)

မိုးပါးလာတော့ အောင်ဖေလည်း တောလည်စထွက်လို့ အဆင်ပြေသွားပြန်ကော၊ အထူးသဖြင့်တော့ တောင်ခြေကားလမ်းဘက်ကို ဘိုဖြူဦးဆောင်တဲ့ အနီမတို့၊ အဖြူမတို့ နောက်မွေးလာတဲ့ ဘိုဖြူနဲ့ အဖြူမတို့သား အတော်ကိုလှပြီး အမဲနဲ့အညိုရောင်စပ်ပြီးနေတဲ့ ဘိုတုတ်တို့ ခွေးတပ်စိတ်ကို ခေါ်ပြီးသွားတာ။ ဘိုဖြူကတော့ အောင်ဖေ့အချစ်တော်ကိုး၊ သူပါရင်ကျန်တဲ့ကောင်တွေကလည်း လိုက်ကြတယ်။

တရက်စခန်းနောက်ကျောက ကားလမ်းအတိုင်း ခွေးတသိုက်နဲ့ လမ်းလျှောက်သွားရင်း တောင်ခြေရောက်တော့ ကားလမ်းဘက် ဆက်မသွားတော့ဘဲ ဘယ်ဖက်ကစမ်းချောင်းဘက်ကို ချိုးဝင်ကြည့်မိပါလေရော၊ အဲဒီမှာ ရုတ်တရက် တောကြက်မတကောင်က ထပျံသွားပြီး စမ်းချောင်းဘေး မလှမ်းမကမ်းက သစ်ကိုင်းတခုပေါ် သွားနားပါလေရော၊ ဘိုဖြူတို့တသိုက်လည်း အသာလေးငြိမ်ပြီး အောင်ဖေကိုကြည့်နေတော့တယ်၊ ကဲကိုယ့်ဆရာ အပိုင်သာတွယ်နော် ဆိုတဲ့အထာနဲ့၊ အောင်ဖေလည်း ငါသိပါတယ် မင်းတို့အသာနေဆိုတဲ့ ပုံစံနဲ့ ကြက်မနားနေတဲ့ သစ်ကိုင်းအောက် ရောက်သွားကော။

သစ်ကိုင်းက ၄မီတာလောက်ပဲမြင့်မယ် ပစ်ကွင်းကလည်းရှင်းရှင်းကြီး၊ အောင်ဖေချိန်သီးကို ထိုးချိန်လိုက်တယ် ကွက်တိပဲ၊ ခဏခဏ လက်တည့်စမ်းထားဖူးတာဆိုတော့ ကိုယ့်သေနတ်ကိုသိတယ်လေ။ ပိုင်ပြီဆိုမှ အသာလေး အသက်အောင့်ပြီး မောင်းကိုဆွဲဖြုတ်လိုက်တော့။

“ဒိုင်း” ဆိုပြီး အသံထွက်လာတော့ ကြက်မကလန့်ပြီး နောက်တနေရာကို ပျံသွားပါလေကော၊ အောင်ဖေလည်း အူကြောင်ကြောင်းဖြစ်သွားတယ် ဟာဘယ်လိုဖြစ်လို့ မထိပါလိမ့်ပေါ့၊ ဘိုဖြူက နားရွက်ထောင်ပြီးကြည့်နေတယ်၊ ဘဲကြီး ဟုတ်ကော ဟုတ်သေးရဲ့လာ မီတာ၅၀လောက်မှာ ငါးသေတ္တာဗူးခွံကိုထောင်ပြီး ကျည်အလကား ဖြုန်းတုန်းကတော့ ဟုတ်လို့ဆိုတဲ့အထာနဲ့။

အောင်ဖေလည်း အသာလေးထပ်ပြီး ကြက်မပျံသွားတဲ့ သစ်ပင်အောင် ထပ်သွားပြန်တာပေါ့၊ ကြည့်ရတာ ကြက်မက တောကြက်မဆိုတော့ လူတွေခွေးတွေ တွေ့ဖူးပုံမရဘူး၊ ဒီအကောင်တွေက ငါ့ထက်ကြီးလှပါလား အော်တဲ့အသံကလည်းကျယ်ပါ့၊ ငါ့တောထဲမှာလည်း တခါမှ မတွေ့ဖူးပါဘူးဆိုတဲ့အထာနဲ့ သူကလည်း စူးစမ်းပုံရပါတယ်၊ ဒါကြောင့်အဝေးကြီး ပျံမသွားဘဲ နောက်တနေရာရွှေ့ပြီး ကလည်ကလည်နဲ့ကြည့်နေတာ။

ဒီတခါတော့ လွဲမရဘူးဆိုပြီး အောင်ဖေသေချာချိန်တယ်၊ မောင်းကိုဆွဲထည့်လိုက်တယ်။

“ဒိုင်း” ကနဲဆိုပြီး ကျလာတယ်၊ ကြက်မတော့ မဟုတ်ဘူး သူနားနေတဲ့ သစ်ကိုင်းချောက် ပြတ်ကျလာတာ။ သူကအဝေးကြီးကို ပျံသွားကော။

အဲဒီအချိန်မှာ တချိန်လုံးငြိမ်ပြီး အောင်ဖေ့ကိုကြည့်နေတဲ့ ခွေးတသိုက်က ဘိုဖြူရယ်လေ ခြေခါလက်ခါရယ်နဲ့ ခင်ဗျားဗျာ အရိုးလေးဘာလေး ဒီနေ့တော့ ကိုက်ရတော့မယ်ထင်ပြီး အဟုတ်မှတ်လို့ကြည့်နေတာ ကျုပ်ရှက်လိုက်တာဗျာ ဆိုတဲ့အထာနဲ့ နောက်ကြောင်းကို ပြန်လှည့်ပါလေကော၊ ဟာဟေ့ကောင်တွေ နေကြပါဦးလို့ ပါးစပ်ကလှမ်းပြောတာလည်း လုံးဝကို မရတော့ဘူး၊ အောင်ဖေ့ကို အယုံအကြည်မရှိ အဆိုတင်ပြီး ပြန်ကြပါလေကော၊ သူပြန်တော့ ကျန်တဲ့ကောင်တွေလည်း အလကားလူ သူများတွေကို ခြေညောင်းအောင် လျှောက်လုပ်တယ်ဆိုတဲ့ ပုံစံနဲ့ ခွေးတွေတသိုက်လုံး အောင်ဖေ့ကို လှည့်တောင်မကြည့်ပဲ ပြန်လှည့်ကုန်တာ။

အောင်ဖေလည်း ဘာမှလုပ်မရတော့ သူတို့နဲ့အတူ ပြန်ခဲ့ရတော့တာပေါ့၊ လမ်းတဝက်ရောက်တော့ တောထဲက အကောင်တကောင်ကောင် ပြေးသွားသံကို ဘိုဖြူက ရုတ်တရက်ငြိမ်နားထောင်ပြီး ဝေါကနဲဆို တောထဲကို ပြေးဝင်ကော၊ ကျန်တဲ့ကောင်တွေကလည်း လိုက်ပေါ့၊ အောင်ဖေ အသာရပ်ကြည့်နေတယ်၊ တဝုတ်ဝုတ်နဲ့ ဘိုဖြူထဟောင်တော့ အောင်ဖေလည်း တောထဲဝင်လိုက်ကြည့်တော့တာပေါ့၊ အဲဒီမှာ ဖြူကြွင်းဝတခုမှာ ဘိုဖြူကပိတ်ပြီး ဟောင်နေတာ၊ ကျန်တဲ့ကောင်တွေလည်း ဟိုဟိုဒီဒီလိုက်ရှာတော့ ကြွင်းဝတွေ ထပ်တွေ့ ပါလေကော၊ အဲဒီမှာ သူတို့ဘာသာစကားနဲ့ ကျန်တဲ့ကောင်တွေကို ဘိုဖြူက နေရာချပုံရပါတယ်၊ အပေါက်ဝတွေမှာ အသာငြိမ်ပြီး စောင့်နေကြကော၊ အဲဒီမှာ သားမွေးထားလို့ အကောင်သေးနေတဲ့ အဖြူမက ကြွင်းဝတခုကို လက်နဲ့ယက်ပြီး ဟောင်တော့တာပဲ၊ သူကအကောင်သေးတော့ ကြွင်းထဲတောင် ဝင်လို့ရတော့မယ်။

ဒီလိုဖြစ်နေတုန်း ဗြုန်းကနဲ ကြွင်းထဲက ဖြူကကြောက်လန့်ပြီး ပြေးထွက်လာပါလေကော၊ အဲဒီမှာ ခွေးတသိုက်မြန်ချက်က ဝိုင်းကိုက်လိုက်ကြတာ စုတ်ပြတ်ကုန်ရော၊ ဒါနဲ့အောင်ဖေလည်း အနားသွားပြီး ဟေ့ကောင်တွေ တော်ကြတော့ ဘာညာပြောရတယ် သူတို့ကတော့ ဝိုင်းထားဆဲပေါ့၊ ခက်တာက ဒီဖြူက မသေသေးဘူး လှုပ်နေသေးတယ်၊ အောင်ဖေကလည်း မကိုင်ရဲဘူး ဒါကြောင့် သေနတ်ကိုခေါင်းပေါ်တေ့ပြီး ဖြုတ်ချလိုက်ကော။

“ဒိုင်း” ကနဲဆိုတော့ ဟိုကောင်လည်း သေရောပေါ့။

အဲဒီကြမှ အမြှီးကနေ ကောက်ကိုင်ပြီး သေနတ်ပြောင်းမှာချည်ပြီး သယ်လာခဲ့တော့တာပဲ။

စခန်းအဝင်ဝရောက်တော့ ရဲဘော်တွေကလှမ်းမေးတယ် ကိုအောင်ဖေဘာကြီး ရလာလဲဗျပေါ့။ ဖြူလို့ဖြေပြီး စားဖိုကို သွားပေးလိုက်တယ်၊ အကုန်ဝိုင်းမေးတော့တာပေါ့၊ ခင်ဗျားဖြူကို ဘယ်လိုရအောင် ပစ်လာသလဲပေါ့။

“ကျနော်ပထမ ကြက်တွေ့သေးတယ်၊ အတော်ဝေးတော့ဗျာ သူနင်းထားတဲ့ သစ်ကိုင်းခြောက်ပဲ သွားထိတယ် ခြေထောက်တော့နည်းနည်း ရှပ်ထိသွားမယ်ထင်တယ်ဗျ သူလည်းကြောက်အားလန့်အားနဲ့ ပြေးတာဆိုတော့ တနေရာရာမှ ကျနေမှာတော့သေချာတယ်ဗျ၊ ကျနော်လည်း မလိုက်တော့ပါဘူးလေဆိုပြီး ထားခဲ့လိုက်တာ ဘိုဖြူတို့ကတော့ သိပ်ကြည်ပုံမရဘူး၊ တနေရာရောက်တော့ တောထဲကအသံကြားလို့ ဒီကောင်တွေ ငြိမ်ငြိမ်နေဖို့ပြောပြီး တောစပ်ကို အသာကပ်သွားတာပေါ့ဗျာ၊ အဲဒီမှာချောင်းကြည့်တော့ ဒီဖြူကောင်ကြီးက အစာစားနေတာဗျ ကျနော့်ကို မမြင်ဘူး၊ ဒါနဲ့ အသာမောင်းတင်ပြီး အပိုင်တွယ်ထည့်လိုက်တာ သိတဲ့အတိုင်း ခေါင်းကနေဝင်သွားကောဗျ၊ အဲဒါဗျာ ဒီကောင်တွေ အတင်းဝင်ဆွဲတော့ နည်းနည်းတော့ စုတ်ပြတ်ကုန်ကော မဟုတ်ရင် အကောင်လိုက်ရမယ်ဗျ”

ကြည့်လုပ်ပုံ ကြက်ကလည်းထိတယ် လိုက်မကောက်ချင်လို့ ထားခဲ့တယ်၊ ဖြူကလည်း အပိုင်ချောင်းပြီး ပစ်ခဲ့တာ ရတော့ ခွေးတွေက ဝင်ရှုပ်လို့ စုတ်ပြတ်သွား သယောင်ယောင်၊ ဇတ်လမ်းကိုဆင်ပြီး ပြောနေတာ ဘိုဖြူသာ စကားပြောတတ်ရင် အောင်ဖေအဆဲခံရမှာ သေချာတယ်။

လူတွေလည်း တယ်ဟုတ်ပါလားပေါ့ အောင်ဖေက တောလည်ထွက်ရင် ဘာမှမရရင်တောင် ဇရစ်ဖူးတွေ ချိုးချိုးလာသေးပေါ့လေ အထင်တကြီးနဲ့ လေးစားသွားတဲ့ပုံ၊ အောင်ဖေလည်း တကယ့်ပီဘိ အမဲလိုက်မုဆိုးကြီးလို အိုက်တင်ခံရင်း ဆေးပေါ့လိပ်ကို တချက်ဖွာလိုက်တယ်။

အဲဒီအချိန်မှာ ဖျားပြီးလမ်းမလျှောက်နိုင်တော့ပဲ အောက်ပိုင်းသေသလို ဖြစ်နေလို့ ဆေးပြန်ကု လေ့ကျင့်ရေး လုပ်ပြီး လှဲနေတဲ့မောင်တင်စိုးက။

“ကျနော် ကြားလိုက်တာ သေနတ်သံက ၃ချက်လားလို့” တဲ့။

ဟုတ်သား ရွီးတာလွန်သွားပြီ၊ တချက်ကျန်ခဲ့တယ်၊ အဲဒါမှဒုက္ခ။

“မင်းဘာသာ နေမကောင်းဖြစ်ပြီးကတည်းက ကယောင်ခြောက်ခြားနဲ့ ကြားချင်တာ ကြားနေတာ နေမှာပေါ့ကွ”

အောင်မယ် သူများကိုများ အောင်ဖေပြောထည့်လိုက်တာ၊ မောင်တင်စိုးလည်း ဟုတ်နိုးနိုးနဲ့ ဘာမှ ဆက်အထွန့် မတက်တော့ဘူး၊ ကျန်သူတွေကလည်း ဖြူကို ရေနွေးဖျော အရည်ခွံစုတ်ဖို့ ပြင်နေကြပြီဆိုတော့ အောင်ဖေတို့ကို သတိမထားမိတော့ဘူးပေါ့။

နောက်ပိုင်းမှာတော့ ပီဒီအက်ဖ် တဘက်ခြမ်း တောင်ကြောပေါ်တက် တဲဆောက်နေတဲ့ အောင်ဖေအကြောင်း ဆက်လက်ရေးသားပါဦးမယ်။
သက်ခိုင်

(၂၁း၃၁)နာရီ

၂.၈.၂၀၁၄

Photo Credit – http://www.htetaungkyaw.net/2012/03/absdf_31.html


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, သက်ခိုင်, အခန်းဆက်များ, ဖြစ်ရပ်များ၊ အမှတ်တရများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်