ကျော်ဟုန်း – ဓာတ်ခွဲခန်းပို့ ရမယ့် မျက်ရည်စက်များ
September 1, 2014
ကျော်ဟုန်း – ဓာတ်ခွဲခန်းပို့ ရမယ့် မျက်ရည်စက်များ
စက်တင်ဘာ ၁၊ ၂၀၁၄
ကိုလတ်သည် လေယာဉ်ထိုင်ခုံမှာနေယူပြီ။ ထိုင်ခုံခါးပတ်ကို အများနည်းတူပတ်လိုက်ပြီးနောက် ဘေးရှိ ခုလုတ်ကိုနှိပ်ကာ ထိုင်ခုံကို လျောချလိုက်ပြီး ခေါင်းကိုမှေးမှီကာ သက်တောင့်သက်သာ အနေအထားဖြစ်အောင်ြ ပင်ဆင်လိုက်ပြီး ဇိမ်ယူနေတော့သည်။ လေယာဉ်က အမြင့်ပေ တစ်သောင်းအထက်မှာ ပျံနေဆဲ။
ကမ္ဘာ့လူဦးရေထက် သီချင်းအပုဒ်ရေက ပိုများမည်ဟု ကိုလတ်ထင်ပါသည်။ ကိုလတ်က တေးသီချင်းများကို နယ်စည်းမခြား အကုန်ကြိုက်သူ။ ဒါပေမဲ့ ပါရမီနည်းလေသလားမသိ။ ကိုလတ် အစအဆုံးရသည့်သီချင်းက ကမ္ဘာမကြေ.. ဗမာပြည် အစချီရတဲ့ နိုင်ငံတော်သီချင်းသာ။ ဒါတောင် ငယ်ငယ်က ကျောင်းစာမှာသင်ရလို့ ။ နေ့ တိုင်း ကျောင်းမှာ အတန်းသားတိုင်း ဆရာတွေက ဆိုခိုင်းလို့ ဖြစ်သည်။ ကျန်သီချင်းများဆိုလျှင် တပိုဒ်မှ အစ  အဆုံးမရ။ တကြောင်းစ နှစ်ကြောင်းစ၊ ဒါမှမဟုတ် သံပြိုင်ပုဒ်ကလေးပဲရနှင့်ပင်။ ဂီတပါရမီက အတော်နည်းပါသည်။ ခုလည်း သူစိတ်ထဲက အခေါက်ခေါက်အခါခါ  ညည်းလာတာက …
(အသည်းကွဲခဲ့တဲ့ ..အမေ့ရဲ့သားလေးပြန်လာပြီ…၊ နှစ် အစိတ်လောက် အမေ့ဆီ မပြန်ဘဲ .. လွင့်ခဲ့သားလူမိုက်ဟာ…)
မူရင်းသီချင်းစာသားက သုံးနှစ်လောက် နေရာမှာ နှစ်အစိတ်လောက်အစားထိုးကာ ဒီစာကြောင်းလေးကိုပဲ အခါခါ စိတ်ထဲမှာဆိုရင်း အူမြူးနေခဲ့သည်။
သူ စီးလာတဲ့လေယာဉ်က ၀ါရှင်တန်ဆီယက်တဲ အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ကယ်လီဖိုးနီးယား။ နောက်တဆင့်  ပြန်ပြောင်းပြီး စီး၊ ဒီကမှ ထိုင်ဝမ်မှာနား။ ထိုင်ဝမ်ကမှ မြန်မာပြည်ရဲ့ အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်ဆီသို့ ။   ဒီလို အဆင့်ဆင့် ပြောင်းလဲပြီး တော့   လေယာဉ်ကို ၂-ရက်ကြာစီးခဲ့ရပေမဲ့  အာရုံရတိုင်းဆိုညည်းမိတာက  ( အသည်းကွဲခဲ့တဲ့ … အမေ့ရဲ့သားလေး… ပြန်လာပြီ..) တေးပုဒ်သာဖြစ်သည်။
#     #     #    #     #
တကယ်တော့ ကိုလတ်က တတိယနိုင်ငံသို့ ရောက်တာ ၁၅ နှစ်ကျော်မျှရှိနေပြီဖြစ်သည်။ ဒုက္ခသည်အဖြစ်နဲ့ အမေရိကားကို စာနာသူတို့ ကောင်းမှုဖြင့် မယောင်မလည်ရောက်လာသူဖြစ်၏။ ဆွေမရှိ၊ မျိုးမရှိ၊ လုပ်ဖော်ကိုင်ဖက် တချို့ တော့ရှိသည်။ အများစုတွေက မက်မောသည့် အမေရိကားဆိုသည်ကို ကိုလတ်အဖို့ တော့ မမက်မော။ သူတကယ်မက်သည်ကား အမိမြေ၊ ချက်မြှုပ်ရာမြေ ဗမာပြည်သာဖြစ်သည်။ ဒါကြောင့်လည်း အမေရိကားမှာ နိုင်ငံသား လျှောက်ခွင့်ကြုံသည်တိုင် သူက မလျှောက်ထား။ တချို့  သူလို လာခဲ့သူများကတော့ အမေရိကန်နိုင်ငံသား ခံယူထားတာရှိသည်။ ကိုလတ်ကတော့ တနေ့ နေ့  တချိန်ချိန် မြန်မာပြည်ပြန်နိုင်လိမ့်မည် ယုံကြည်ချက်ဖြင့် အမေရိကန်နိုင်ငံသား မခံယူထားသာ တာဖြစ်သည်။ နိုင်ငံသားခံယူထားသူများကိုလည်း သူအပြစ်မပြောပါ။ လူဆိုတာ ကိုယ့် ခံယူချက်နဲ့ ကိုယ်သာ။ သူနားလည်မှု ရှိပြီးသား။
ဟော.. ၂၀၁၄ မှာတော့ သူ့ အယူအဆမှန်လာပြီဟုပြောရမလိုဖြစ်သည်။ မြန်မာနိုင်ငံရေးအခြေအနေက  တချိုးကွေ့  တမျိုးပြောင်းလာသည်။ မြန်မာ့သမ္မတကြီးအဖွဲ့ လည်း အနောက်နိုင်ငံတွေသို့  အလည်အပတ်ရောက်ဖို့  အခွင့်ကြုံခဲ့ပြီ။ ယခင်က စီးပွားရေးပိတ်၊ ဗီဇာပိတ်နိုင်ငံတွေကလည်းတံခါးတွေဖွင့်ပေးပြီး ဖိတ်ခေါ်မှုတွေရပြီ။ ထို့ အတူ ပြည်ပရောက် မြန်မာနိုင်ငံသားတွေကိုလည်း သမ္မတကြီးက ပြန်ဖိတ်ခေါ်မှုပြုခဲ့သည်။ ပြည်ပက အတတ်ပညာရှင်တွေ၊ ရင်းနှီးမြှုပ်နှံလိုသူ မြန်မာတွေ ပြန်လာပါဆိုသည်။ သို့ ကြောင့်ပင် လာဘ်မြင်သူ နိုင်ငံသားခံယူပြီးသားတွေက ခုန်ပေါက်ကာ ချက်ချင်းလို အမိမြေသို့ ပြန်ကြတော့သည်။  သြော် .. နှစ် ၂၀ ကျော်ကြီး အိမ်ခွဲခဲ့ရသူတွေဆိုတော့လည်း အိမ်လွမ်းပေမပေါ့ ။
ကြောင့်ပင် ကိုလတ် လုပ်သင့်တာတွေ အလျင်စလို လုပ်တော့သည်။ နိုင်ငံသားလျှောက်ခြင်း၊  ပတ်စပို့ လျှောက်ခြင်း၊  ငွေစုဆောင်းခြင်း၊ ကန်တော့ရန်နှင့်လက်ဆောင်ပေးရန် ပစ္စည်းများစာရင်း တေးထားခြင်း။ အစုစုတို့ ကို စိတ်ကူးကြိုယဉ်၊ ကြိုပြင်ဆင်ခဲ့ရသည်။ ဒါ
ပေမဲ့ ကိုယ်နှင့်မပြီးသည့်ကိစ္စများအတွက်ကိုတော့ စိတ်ရှည် သီးခံရသည်ပေါ့။ နိုင်ငံသားရဖို့ ဆိုတာက သင်တန် လျှောက်လွှာတင်၊ ရက်ချိန်းပြန်စာစောင့်၊ လက်ဗွေနှိပ်၊ မေးဖြေစာမေးပွဲစောင့်၊ ဒါတွေကို သက်ဆိုင်ရာအစိုးရအလုပ်နဲ့ နှီးနွယ်နေလေတော့ သူတို့ ကြာသမျှ  ကိုယ်ကြာနေရသည်။  ၈ လကြာမျှရင်းလိုက်ပြီးမှ ကိုလတ်အတွက် မြန်မာပြည်ခရီးက အဆင်ပြေလေသည်။  ဒါတောင်မှ
မြန်သည်ဟု ဆိုရမည်။
#   #   #   #   #
ကိုလတ်ရဲ့ အတွေးစတို့  ပြတ်တောက်သွားသည်။ လေယာဉ်ရပ်တန့် သွားပြီ။ လေယာဉ်ပေါ်မှ ခရီးသည်တွေ လှုပ်ရှားသက်ဝင်ကုန်ပြီ။ ကိုယ့်အိတ်ကိုယ်ဆွဲဖြင့် စည်ဝေနေလေပြီ။ လေယာဉ်မယ်က ခရီးစဉ်ဆုံးကြေညာသည်ကိုပင် ကိုလတ် ဂရုမထားလိုက်မိအောင် အတွေးစတွေ ပျံ့ လွင့်လာခဲ့၍ အများလှုပ်ရှားတော့မှသာ လိုက်လှုပ်ရှားဖြစ်သည်။ လေယာဉ်ပြတင်းမှန်ဝိုင်းမှ ခြောင်းကြည့်လိုက်မိသေးသည်။ ဟုတ်သည်။ မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာလေဆိပ်။ ကိုလတ်ရဲ့ နှစ်ချို့ အိပ်မက်တို့  လက်တွေ့ သက်ဝင်ခြေပြီ။
လေဆိပ်အဆောက်အဦအတွင်းရောက်တော့ နိုင်ငံသားက သတ်သတ်၊ နိုင်ငံခြားသားက သတ်သတ်။  ဒါက  နိုင်ငံတကာလေဆိပ်တိုင်းရဲ့ သတ်မှတ်မှုမို့ မထူးဆန်း။ ကိုလတ်က နိုင်ငံခြားသားဝင်ပေါက်မှာ တန်းစီရတော့ စိတ်ထဲ ဘာလိုလို အမျိုးအမည်မသိသော ဝေဒနာ ခံစားရသည်။ ရင်ထဲမှာ ကျင်ခနဲ။  ဒါက မြန်မာပြည်လေ။ ငါက မြန်မာလေ။ မြန်မာမိဘ ၂ ပါးက မွေးတဲ့ မြန်မာစစ်စစ်လေ။ နောက်မှ ပူပူနွေးနွေး အမေရိကန်နိုင်ငံသားခံထားရတဲ့အဖြစ်ကို သတိရပြီး စိတ်ဖြေရတော့သည်။
စစ်ဆေးရေးဂိတ်မှာ  ကိုယ့်အလှည့်ရောက်တော့ ထုံးစံအတိုင်း အိတ်ကြီးကို ဖွင့်ရှာဖွေခံရတော့သည်။  ကန်တော့ရန် ယူလာသည့် လူကြီးသုံး ဆီထရွန် အားဆေးပုလင်းက ၁၀ ပုလင်း။ ဂျော်နီလမ်းလျှောက်(အကောက်ခွန်လွတ်)က ၁ ပုလင်း။ မာဗိုလို ၁ တောင့်။ စမတ်ဖုံး၂ လုံး၊ အိုင်ပက် ၂ ခု၊ လက်တော့ပ်ကွန်ပျုတာ ၁ လုံးတို့ ပါသဖြင့် ရစ်ချင်စရာလေးဖြစ်နေသည်။ မက်ချင်ဖွယ်ဖြစ်နေသည်။ ဒါကို အကောက်ခွန်အရာရှိက မျက်စေ့ကျနေလေပြီ။ အားဆေး ၁၀ ပုလင်းကို ပြဿနာရှာတော့ “မိဘနဲ့ ဆရာများ ကန်တော့ဖို့ ပါ၊ အကိုကြီးရယ်၊ တယောက်တည်းအတွက်မဟုတ်လို့ ပါ” တောင်းပန်သော်လည်း ဥပဒေတွေ၊ ပုဒ်မတွေတလှေကြီး ရွတ်ပြပြီး ရစ်နေသည်။ အကိုကြီးကိုလဲ လက်ဆောင်ပေးပါ့မယ်ဆိုတော့မှ “အေး ဒါဆို ဆေးတဘူးပေး” ဆိုပြီး  ဆတ်ခနဲကောက်ယူသွားသည်။ ဘယ်အချိန်က ခြောင်းနေမှန်းမသိသူ နောက်တယောက်က “ငါလည်းကြည့်လုပ်ဦးကွာ” ဆိုသဖြင့် မာဗိုလိုတတောင့်ပေးခဲ့ရသည်။ ဒီလိုမျိုးကြုံရတော့ ကိုယ့်အရင် ပြည်တော်ပြန်ဖူးသူတို့ အမှာစကားကို ပြေးသတိရမိသေးသည်။ “ မင်း ပြန်ရင် လူတွေနဲ့  ဆက်ဆံရတဲ့အခါ အထူအပါးသိဖို့ တော့လိုတယ်”တဲ့။ လာဘ်ပေးလာဘ်ယူမလုပ်လိုလည်း သူအရပ်နဲ့ သူ့ ဇာတ်ကို ပူပူနွေးနွေးပြည်တော်ပြန်မို့  မရုန်းသာသေးတာ ၀မ်းနည်းမိသည်။
လေဆိပ်အပြင်ဘက်ရောက်မှ အပူလုံးကြီးကျသွားတော့သည်။  လ၀ကကိုကျော်ဖြတ်ရတာတွေ၊ စစ်ဆေးဂိတ်ကျော်ဖြတ်ရတာတွေက တခြားနိုင်ငံလေဆိပ်နဲ့ မတူတာကိုတော့ သတိထားမိသည်။ အမေရိကန်စာအုပ်ပြာလေးဆိုရင် မရစ်။  ပြုံးရွှင်ပြီး ရွကြွနေအောင် ဖော်ရွေကြတာ ကြုံရသည်။ မြန်မာပြည်ကတော့ စာအုပ်ပြာဆိုကတည်းက ဗိုက်ဆာနေတဲ့ကျားရှေ့  သမင်ရောက်သလိုမျိုးအဖြစ်မျိုး ဆက်ဆံခံရသည်။ ရန်ကုန် လေဆိပ်ကြီးက ယခင်ထက် အနည်းငယ်ပြောင်းလဲ ခန့် ငြားလာသော်လည်း ၀န်ထမ်းများစရိုက်ကတော့ မပြောင်း။ အရင်အတိုင်း။
( စွန့် ခွာခဲ့တာ..ကြာပြီမို့ သူစိမ်းတယောက်လို…၊ ကြိုသူမရှိ တဦးတည်း ရပ်နေရင်း .. လမ်းဟောင်းလေးအတိုင်း လျှောက်ပြန်လာ)
တိုက်ဆိုင်ချိန်မို့ လေလားမသိ။ သီချင်းတပိုင်းတစက ကိုလတ်အတွေးစထဲ ဖျတ်ခနဲရောက်လာပြန်သည်။ တကယ်လည်း ယောင်ချာ၊ ကြိုသူမရှိပါ။ အသိ၊ မိတ်ဆွေ၊ ဆွေမျိုး ကြိုသူမရှိပေမဲ့လည်း ဧည့်ကြို အငှားကားသမားက ၀ိုင်းလည်ကြိုကြပါသည်။ ဒါနဲ့  နီးရာကားသမားခေါ်ရာသို့ လိုက်လိုက်သည်။ ရန်ကုန်မှာ အငှားကားတွေက လေးဘီး ဘီ-၆၀၀ တွေမဟုတ်တော့။ အရင် ကိုလတ်တို့  မြန်မာပြည်မှာရှိစဉ်တုန်းကလို မဟုတ်။ စလွန်းကားလှလှလေးတွေ နေရာယူထားတာ တွေ့ ရသည်။   တိုင်းပြည်ကြီးက  ကိုယ့်ဆွေမျိုးတွေ တချို့ လည်း စီးပွားရေးပြေလည်နေတယ် ထင်ပါရဲ့လို့  ကိုလတ်တွေးမိလိုက်သည်။ ကားသမားက ဘယ်မောင်းပို့ ရမလဲမေးတော့ သူက မြို့ ထဲက ဈေးပေါဆုံး ဟိုတယ်တခုခုကို မောင်းပို့ ဗျာဟု ပြောလိုက်သည်။ ကားအလျင်တိုင်း မြင်ကွင်းတွေကို ငေးကြည့်လာမိခဲ့သည်။ ရိပ်ရိပ် ရိပ်ရိပ်၊ ရီဝေေ၀။
#   #   #   #   #
တည်းခိုခန်းမှာ တညတာအိပ်စက်ပြီးနောက် မနက်စောစော ကိုလတ် နိုးလာသည်။ ခရီးပမ်းခဲ့၍ စောစောအိပ်ဖြစ်ပြီး စောစောနိုးတာဖြစ်မည်။ မိဘနှင့် အမများကို တွေ့ လိုဇောပြင်းပြနေတာကြောင့်လည်း ဖြစ်နိုင်သည်။ ကိုလတ်က မျက်နှာသစ်၊ရေချိုး တပေါင်းတည်း လုပ်လိုက်သည်။ ပြီး အ၀တ်အစားလဲကာ အခန်းသော့ခတ်ပြီး ရန်ကုန်ရင်ခွင်ကို တိုးဝှေ့ လိုက်တော့သည်။ မြင်မြင်သမျှ မြင်ကွင်းတို့ သည်လည်း သူ့ အဖို့ ရင်းနှီးကျွမ်းဝင်ပြီးသား အဆောက်အဦတွေရှိသလို နောက်ပေါ်အဆောက်အဦတွေ၊ ကုန်တိုက်အသစ်တွေ၊ လူအသစ်တွေလည်း ဘွားခနဲတွေ့ ရပြန်သည်။ လွန်ခဲ့တဲ့ ၂၅ နှစ်တုန်းက ဒီနေရာမှာ ဒါမရှိ၊ ဟိုဟာကြီးက ဘယ်ပျောက်သွားဆိုပြီး တဦးတည်းတွေးရင် ငေးရင်း လမ်းလျှောက်နေမိသည်။ ရောင်စုံလူတွေကြားမှာ ရောင်စုံအတွေးဖြာနေရသော ကိုလတ်။
အတွေးကလည်း ဖြာလောက်ပါသည်။ ပြောင်းလဲခြင်းတွေက သူ့ အတွက် အသစ်ချည်း။ မနက်စာအဖြစ် ကော်ဖီဆိုင်တဆိုင်မှာ စားသောက်ရင်း ကိုလတ်တွေးနေမိသေးသည်။ လေဆိပ်မှ မြို့ လယ်ထိကားခ၊ တည်းခိုခန်း တနေ့ စာနှုန်းထား၊ ကော်ဖီတခွက်ဈေးနှုန်း၊
စီးကရက်တဗူး ဈေးနှုန်း၊ အစစအရာရာ ငွေပေးချေရမှုသည် ကိုလတ်အဖို့  ရှော့ရိုက်စေသည်။ ငွေဖောင်းပွမှုဒဏ်ရာချက်များက  သူ့ ကို သိသိသာသာ ရိုက်ခတ်လေပြီ။ အမေရိကန် ၁ ဒေါ်လာကို  မြန်မာငွေ ၉၀၀ ကျော်ပေါက်ဈေးရှိမှန်းသိပေမဲ့  အရင်တုန်းကဆိုရင် ကော်ဖီတခွက်က ဘယ်လောက်၊  စီးကရက်တဗူးမှ ဘယ်လောက်၊  အစအစ  ဟိုး ကျန်ခဲ့တဲ့ ၂၅ နှစ်ကအတိုင်းနှင့်  နှိုင်းယှဉ်မိနေပြီး စိတ်မသက်မသာဖြစ်နေသေးသည်။ တကယ်ဆို ဒေါ်လာဈေးနဲ့ တွက်ရင် တန်မှတန်ဆိုပြီး ဖြုန်း ကောင်းမှန်း သိပေလည်း   အတိတ်ရဲ့အရိပ်က အားကောင်းစွာ သူ့ ကို စိုးမိုးနေဆဲဖြစ်နေတာ ဆန်းသည်။ မနက်စာစားပြီးသည်နှင့် သူ့ အိမ်ရှိရာ ရပ်ကွက်ကို   ခြေဦးပြင်လိုက်တော့သည်။
#   #   #   #   #
ရင်ကွဲပက်လက် မွေးရပ်သို့ ရောက်လေပြီတကားဆိုပြီး ကိုလတ် ၀မ်းနည်းလာသည်။  မိမိနေထိုင်ရာရပ်ကွက်လေးသည် ယခင်လို မဟုတ်တော့။  သွပ်မိုး သစ်ကာအိမ်များ၊ အချို့  ဓနိမိုး သစ်ဖာ အိမ်များသာရှိခဲ့သော ကိုလတ်ငယ်စဉ်က  နေထိုင်ရာရပ်ကွက်လေး။  ခုတော့ ကွန်ဒိုတိုက်ခန်းကြီးက နေရာယူထားတာတွေ့ ရသည်။  မိမိအိမ်နေရာကိုမှန်းပြီး  ရင်းနှီးဖူးသောမျက်နှာများကို ရှာဖွေသော်လည်း မတွေ့ ။ တွေ့ သမျှသူကို ဦးတင်လှ၊ ဒေါ်ခင်ရီတို့ အိမ် ဘယ်မှာလဲဟုမေးလည်းခေါင်းခါသူများသည်။ ဇဝေဇ၀ါဝေ့လည်လည်။ နောက်ဆုံး မိမိတို့ အိမ်ကိုဝင်ထွက်သွားလာတတ်သူ ငယ်သူငယ်ချင်းတို့ ကိုစဉ်းစားမိကာ သူငယ်ချင်းများရှိရာကိုစုံစမ်းရန် ကိုလတ်
ခြေဦးလှည့်ရပြန်သည်။
သူငယ်ချင်းများဆီသွားတော့လည်း မတွေ့ မဆုံရသည်က များနေသည်။ တချို့ က အိမ်ထောင်ကျပြီး ပြောင်းရွှေ့ ၊ တချို့ က သေဆုံး၊ တချို့ ကတွေထဲကမှ တဦးကိုတော့ တွေ့ လိုက်ရသည်။ လှဝင်း။ ကိုလတ်ကို ရုတ်တရက် လှဝင်းတွေ့ တော့ ကြောင်အမ်းအမ်းနှင့်ငေးကြည့်နေသေးသည်။ “ငါ မင်းသူငယ်ချင်း ကိုလတ်လေ” ဆိုတော့မှ သူက အားရ၀မ်းသာ ပြေးဖက်သည်။ “မင်းကွာ နေနိုင်ရက်လိုက်တာ၊ ဘာမှလဲ မဆက်သွယ်ဘူး” ဟု ပြစ်တင်စကားဆိုသည်။ ကိုလတ်က သူ့ ဖြစ်စဉ်တွေကို အတိုချုပ်ရှင်းပြလိုက်သည်။ ထိုအခါမှ ကရုဏာကြည့်ဖြင့်“ ဖြစ်ရလေကွာ” ဟု လှဝင်းကဆိုရင်း ဒီလိုကွဟုအစချီ ရှင်းပြရှာသည်။
“ မင်း တောခိုသွားပြီး တနှစ်မရှိတရှိလောက်မှာ ရန်ကုန်နဲ့ မန္တလေးက ဖုံးနံပါတ်တွေကို ပြောင်းပစ်လိုက်တာ။ အရင် နံပါတ် ၅ လုံးက ၆ လုံးဖြစ်သွားတယ်။ ဒါကြောင့် မင်းအိမ်နားက ဖုံးကို ဆက်မရတာဖြစ်မယ်။ မင်းစာထည့်ပေမဲ့ မင်းအိမ်က စာပြန်မရတာကလဲ  မင်းတို့ နေတဲ့ ရပ်ကွက်ကို  ကျူးကျော်ရပ်ကွက်ဆိုပြီး ဘိုဒိုဇာနဲ့ ထိုးကော်၊  အတင်းပြောင်းခိုင်းခဲ့တဲ့အချိန်ကြောင့်ဖြစ်မယ်” ဟုရှင်းပြလေသည်။
ထိုအခါမှ မိမိအိမ်က စာပြန်မဆက်သွယ်တာ၊ ဖုံးဆက်မရတာတွေကို ကိုလတ် သဘောပေါက်သွားသည်။ အရင်က မိမိဆိုးမှုကို စိတ်နာပြီး အိမ်က မဆက်သွယ်ခဲ့လေသလားဟု ထင်မှားခဲ့မိသမျှ ခု ရင်မှာ နာကျင်ခဲ့ရပြန်သည်။ သည်လိုနှင့် ထမင်းစား  အချိန်ရောက်နေ၍  လှဝင်းက  ထမင်းစားရန်ပြောသော်လည်း မစားနိုင်။  မိဘနဲ့ အမတော်များတွေ့ ရန် အာသာပြင်းနေသည်။ဒါကြောင့်ပင် မိမိတို့ အိမ်ပြောင်းရွှေ့ ရာ မြို့ သစ်ဆီသို့  လှဝင်းကိုလမ်းပြလုပ်ခိုင်းကာ ကိုလတ် အသော့နှင်ခဲ့တော့သည်။
အိမ်သို့ ချီရာလမ်းတလျှောက်တွင် ကိုလတ်စိတ်ကူးတို့ မှာ ယဉ်ကျော့ကျော့နှင့် နော့လေခြေပြီ။ အမေ့ရင်ခွင်ထဲ ခေါင်းထိုးပြီး  ချွဲပစ်လိုက်မည်။  အမတွေကို  ပွေ့ ဖက် နမ်းလိုက်ဦးမည်။   အဖေအမေနဲ့  အမတွေကို ခေါင်းရင်းခန်းမှာထိုင်ခိုင်းပြီး ပါလာသမျှတွေစုပုံပြီး ကန်တော့လိုက်ဦးမည်။ ကြုံရသမျှ ဘ၀အထွေထွေကို ပါးစပ်အမြုံ့ ထွက်အောင် မနားတမ်းပြောလိုက်မည်။ ရှေ့ ဆက်ပြီး အိမ်မိသားစုတွေအတွက် လစဉ်ထောက်ပံ့နိုင်အောင်လုပ်ဦးမည်။ အဖေအမေတွေ တရားရိပ်၊ဘုရားရိပ်မှာ အေးအေးဆေးဆေးခိုလှုံပြီး  အလှူအတန်းတွေလုပ်နိုင်အောင်လည်း ထောက်ပံ့ဒါနပြုပါဦးမည်။ ကိုလတ်မှာ ရွှေအိပ်မက်များနှင့် လန်းဆန်းနေမိသေးသည်။
မိသားစုတွင် ကိုလတ်က အငယ်ဆုံးဖြစ်သည်။ အိမ့်အသည်း၊ အိမ့်ဆွဲလွဲဖြစ်သည်။ မိဘများက အမ ၃ ယောက် ရှေ့ဆင့်နောက်ဆင့် မွေးသည်။ ကိုလတ်ကို အမေ့အသက် ၄၁ နှစ်ရှိမှမွေးသည်။ ဒါကြောင့် အမများနှင့်ကိုလတ်က အသက် ၁၀နှစ်ကျော်မျှခြားနေသည်။ စဉ်းစားကြည့်။  မောင်နှမများထဲတွင် မိန်းကလေးတွေချည်းပြီးမှ  ရှားရှားပါးပါး  သားယောက်ျားလေးတယောက် ရခဲ့ခြင်း။ နောက်ပြီး အငယ်ဆုံးလဲဖြစ်ဆိုတော့ မိဘ ၂ ပါးတင်မက အမများကလဲ ဖူးဖူးမှုတ် ချစ်ကြသည်မှာ မဆန်း။ ခုဆို အမေ၊ ၊ အဖေတို့  အသက်မှာ ၈၅နှစ် ၊ ၈၆နှစ်ရှိနေပေတော့မည်။ ကိုလတ် မြန်မာပြည်က ထွက်သွားတော့  အသက်က ၁၉ နှစ်ပင် ရှိသေးသည်။  ခုဆို ကိုလတ်ရဲ့ အသက်ပင် ၄၅ ဖြစ်နေပြီ။ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးနှင့်။ ဗိုက် ရွှဲရွဲနှင့်။
#   #   #   #   #
ဖုန်ထူထူ၊ ချိုင့်ခွက်တို့ နှင့် မသေမသပ်လမ်းသွယ်များကြားဝယ်  ဟိုဖာ ဒီကာ အိမ်စုတ်လေးများနှင့်ပြည့်နေသော ရပ်ကွက်ထဲ ၀င်လာမိတော့ ကိုလတ်၏ ယဉ်ခဲ့သောစိတ်ကူးတို့ သည် ရူးရာသို့ ပြောင်းချင်လာသည်။ လှဝင်းက “ ဒါ မင်းတို့  အိမ်လေ“ ဟု ညွှန်ပြရာကို ကြည့်ရင်း မှင်သက်သလိုဖြစ်မိသေးသည်။ လှဝင်းက အိမ်ဝန်းသို့ ဝင်ဝင်ချင်း “ အိမ်ရှင်တွေ..ဒီမှာ အထူးဧည့်သည်လာတယ်၊ ဘယ်သူလဲ ထွက်ကြည့်ကြဦး”ဟု အသံပြုလိုက်ချိန်တွင် တဲသာသာအိမ်ထဲမှ အမျိုးသမီးကြီးတဦးက ထမီပြင်ဝတ်ရင်း ထွက်လာခဲ့သည်။ နောက် – ကိုလတ်ကိုမျက်မှောင်ကုပ်ကြည့်သည်။
ကိုလတ်က မချင့်မရဲလေသံဖြင့် “မမကြီး ဘာကြည့်နေတာလဲ၊မောင်လေး … ကိုလတ်လေ”ဟုပြောမှ “ဟင် ….မောင်လေး”ဆိုကာ ပြေးဖက်ပြီး ငိုပါတော့သည်။
တဆက်ထဲ အိမ်ထဲမှသူများထံသို့  “မောင်လေး ကိုလတ်ပြန်လာပြီ၊ ဟဲ့..လာကြဦး”ဟု အသိပေးလိုက်သည်။ အမတွေက ပါလာသောအထုတ်အပိုးတွေ ၀ိုင်းသယ်ကြရင်း ပါးစပ်မှလည်း  အသားတွေ ပိုဖြူလာပြီး ၀လာကြောင်း၊  အသံပြောင်းသွားကြောင်း၊ ငယ်ရုပ်ပျောက်နေလို့  မမှတ်မိအောင်ပင်ဖြစ်ကြောင်း၊ နှုတ်ခမ်းလေးနဲ့ မျက်ခုံးမွှေးသာ ငယ်ရုပ်ဖမ်းမိစရာဖြစ်ကြောင်း သူထက်ငါ အလုအယက်ပြောနေကြသည်။ ဘာမှ ဆက်သွယ်မှုမရ
၍ သေပြီဟုပင်ထင်ထားကြောင်း၊ နေရက်လိုက်တာဟုလည်း အပြစ်တင်ကြသည်။
ကိုလတ်က တယောက်ပေါက် အလုအယက်ပြောနေကြတဲ့အမများကိုဂရုမပြုအားဘဲ အိမ်ဖွဲ့ စည်းပုံကို အလျင်စလိုမျက်စေ့ကစား နေမိသည်။ သူရှိစဉ်ကလို၊ ရပ်ကွက်အပြောင်းမခံရစဉ်အိမ်မျိုးလို မဟုတ်တော့တာကို သတိထားမိသည်။ အိမ်မိုးထားသောသွပ်ချပ် တွေက သံချေးကိုက်ကော အတော်များများပေါက်ပြဲနေသည်။  အိမ်အဖီဆောင်ကာ သစ်တို့ ဖရိုဖရဲဖြစ်နေ၍  နေရောင်ကအိမ်ထဲသို့  ကွက်ကျားပေါက်များမှ ထိုးထွက်နေတာမြင်သည်။  အိမ်တွင် လျှပ်စစ်မီးလည်းမရှိတော့။ သူယူလာသောကွန်ပျူတာ၊ ဖုံး၊ အိုင်ပက် ဘယ်လိုသွားသုံးနိုင်တော့မည်နည်း။ သက်ပြင်းကို ခိုးချမိရင်း အဖေနှင့်အမေကောဟု မေးလိုက်သည်။
ထိုအခါမှ အမများကသတိဝင်ကာ အဖေဆုံးတာ ၈ နှစ်ရှိပြီဟုပြောကြသည်။ အမလတ်က ရှိုက်သံသည်းသည်းဖြင့် အဖေမဆုံးခင်မှာ သားလေးကိုလတ်ဆိုပြီး အကြိမ်ကြိမ်တမ်းတပြီးမှအသက်ထွက်သွားကြောင်းပြောကာ အမများပြိုင်တူ ငိုပါတော့သည်။ လှဝင်း က “ မင်းရောက်ရောက်ချင်း မင်းအဖေဆုံးတဲ့အကြောင်းမပြောချင်လို့ ငါမပြောဘဲထားတာပါ” ဟု ကြားဝင်ဖြည့်သည်။ အဖေဆုံးခဲမှန်းကိုပင် မသိလိုက်ရတဲ့ဘ၀မို့  ကိုလတ်ရင်၌ လှိုက်ခနဲဖြစ်သွားရပြန်သည်။ “ဒါနဲ့  အမေကော..အမေကောဟင်”လို့ စိုးရိမ်တကြီး မေးတော့မှ အမများက အမေလဲလျောင်းရာအခန်းသို့  ကိုလတ်ကို ခေါ်သွားပေးသည်။
အမေသည်  အသက်ကြီး၍  သက်တောင့်သက်သာဖြစ်စေရန် သီးသန့် နေရာထားပေးဟန်တူသည်။ ကုတင်မရှိသော အိပ်ယာပေါ်တွင် အမေကလဲလျှက်။ ဘေးမှာ တံတွေးခွက်၊ ခြေရင်းဖက်မှာ ဆီးအိုးတလုံးတွေ့ ရသည်။ လေ၀င်ပေါက်ပြူတင်းတခုရှိသည်။ အမေကား အရိုးပေါ်အရေတင်။ ပိန်လှီလှသည်။ မျက်စေ့လည်း မှုန်ဟန်ရှိသည်။ အမငယ်က အမေကိုသက်တောင့်သက်သာရှိစေရန်ပွေ့ ထူပေးရင်း “ အမေ ..ကြည့်ပါဦး၊ အမေ့သားလေး ကိုလတ်လေ” ပြောပြနေသည်။
ကိုလတ်က အမေကိုပွေ့ ဖက်ကာ  ရင်ခွင်ထဲတိုးရင်း “ အမေ..သားကိုလတ်လေ၊ အမေ့သားလေး ကိုလတ်လေ” တတွတ်တွတ်ပြောကာ ဖက်ထားရာမှခွာပြီး အမေ့မျက်နှာအနီးဆုံးထိ  သူ့ မျက်နှာကို တိုးကာပြလေသည်။  အမေကား  ၀မ်းသာအဲလဲဖြစ်ရမည့်အစား ဇဝေဇ၀ါဟန်ဖြင့်။  ခေါင်းတလုံးလုံးဖြူနေသည့်  ဆံပင်များဝှေ့ ရမ်းလှုပ်ခါပြီး ပြောလိုက်သောစကားကြောင့် အနီးရှိလူများ ခေတ္တငြိမ်သက်သွား မှင်သက်သွားကြရသည်။
“ ဘာ … ဘယ်က ကိုလတ်လဲ၊ ငါ့သား ကိုလတ်က ကျောင်းသွားတက်နေတယ်”
“ ငါ့သားလေးက ဖြူဖြူသွယ်သွယ် လူချောလေး၊ ခုမှ လူပျိုပေါက်လေးရှိသေးတာ၊ မင်း .. ငါ့လာ မညာနေနဲ့ ၊ သွား ..၊ မင်း …ငါ့သားမဟုတ်ဘူး”
ကိုလတ်အဖို့  အမေ့ရဲ့ “သွား.. မင်း ငါ့သားမဟုတ်ဘူး”ဆိုသည့်ငြင်းပယ်စကားသည် ကမ္ဘာပြိုသည့်အလား ခံစားရလေသည်။ ကိုလတ်က အမေ့ရဲ့ လက်မောင်းသေးကျစ်ကျစ်လေးကို အသာလုပ်ခါရင်း ..
“အမေရယ်.. အမေ့သားလေး ကိုလတ်အစစ်ပါဗျာ..၊ အမေ့သားစစ်စစ်ကြီးပါဗျာ.. သားကို အမေ မမှတ်မိတော့ဘူးလား” ဆိုပြီး တရှိုက်ရှိုက် လှိုက်ငိုမိတော့သည်။ ကိုလတ်ဘ၀တွင် တခါမှ  မငိုဘူးခဲ့။ လူကြမ်းကြီး၊ အသည်းမာသူကြီး၊ စိတ်ခိုင်သူကြီးဟု ကိုယ်တိုင်ထင်ထားသူကြီးမှာ မျက်ရည်ပုလဲမိုး သည်းထန်နေရချေပြီ။ ခုတော့ဖြင့်
အမတော်များကလည်း ၀ိုင်း၍ အမေ့အိုအား ငိုရှိုက်ရင်းနှင့်ပင် ကူပြောပေးရှာပါသည်။ အမများက တယောက် တမျိုးဖြင့် ကျောင်းစိမ်းဝတ် ၁၈ နှစ်အရွယ်ကျောင်းသားလေးများမြင်ရင် သားလေးကိုလတ် ကျောင်းသွားပြီဟု အမေပြောတတ်ကြောင်း၊ နေ့ စဉ်   ကျောင်းတက်၊ ကျောင်းဆင်းချိန်တွေမှာ ခြံဝထွက်ကာ မျှော်နေတတ်ကြောင်း။ အိမ်မှာ ကိုလတ်ကို အမေမတွေ့ ချိန်များမေးတဲ့အခါ ကျောင်းတက်နေတယ်။  ကျူရှင်ဆက်တက်နေတယ်ဟု ညာထားရကြောင်း၊ ထို့ သို့ အမေဖြစ်နေသည်မှာ နှစ်တွေအတော်ကြာပြီဖြစ်ကြောင်း အမ ၃ ယောက်က ငိုရှိုက်ရင်းဖြင့် ကိုလတ် နားလည်အောင် အမေအိုအကြောင်း ရှင်းပြပေးကြသည်။ ထိုသို့  ရှင်းပြလေ  ကိုလတ်မှာ စိတ်ထိခိုက်ရလေ၊ ကြေကွဲလေဖြစ်ကာ ယောက်ျားတန်မဲ့ တသွင်သွင် မျက်ရည်ကျရပြန်တော့သည်။
အမေအိုဖြစ်သူမှာ သားငယ်ကို မမှတ်မိရလောက်အောင် ကိုလတ်ကလည်း ငယ်ရုပ်ပျောက်နေသည်။ အသည်းရောဂါကြောင့်လည်း သူ့ ဗိုက်က  အတော်စူနေသည်။  အသံတွေလည်း ကြီးကောင်ဝင်လို့ ပြောင်းလေပြီလား မသိ။ ဒါမှမဟုတ် အမေအိုက သားဇောနှင့် စိတ်ဝေဒနာအပျော့စား ခံစားနေရလို့ များ အမှတ်မဲ့နေလေပြီလား။ အသက်ကြီးသွားသောကြောင့် သတိချို့ ယွင်းနေတာများလား။ ကိုလတ်မဝေခွဲနိုင်တော့ပြီ။
ကိုလတ်သည် အမေအိုနှင့် ဒုးတုန့် မျက်နှာချင်းဆိုင်အနေအထားမှ အမေဖြစ်သူပေါင်ပေါ်သို့ မျက်နှာအပ်ကာပျော့ခွေသွားခဲ့ပေတော့သည်။ “ အမေရယ်..အမေ့ရဲ့သား စစ်စစ်ကြီးပါဗျာ..။ အမတို့ ဝိုင်းပြောပေးကြပါဦး” ဟု အစ်အောက်အောက်အသံကြီး ထွက်လာပြီး  ကိုလတ်မျက်ရည်များ အမေအိုထမီသို့  ရွှဲစိုသွားပေတော့သည်။ ကိုလတ်ငိုနေတာကြည့်ပြီး အမ ၃ ယောက်ကလည်းငိုသည်။ အမြဲ ပျော်ပျော်နေတတ်သော ငယ်သူငယ်ချင်း လှဝင်းပင် မျက်နှာလွှဲကာ မျက်ရည်များသုတ်နေသည်။
အမေအိုသည် သူ့ ပေါင်ပေါ်တွင် သည်းထန်စွာငိုနေသောကိုလတ်ကို သူ့ လက်သေးသေးလေးဖြင့်ဆွဲထူနေ၍ ကိုလတ်က အလိုက်သင့် ကိုယ်ကိုပြန်မတ်လိုက်သည်။ ပြီးနောက် အမေအိုမျက်ဝန်းတွင်လည်း မျက်ရည်များစီးနေသည်ကိုတွေ့ လိုက်ရသည်။ သူ့ နံဘေးတွင်ငိုနေသူများကြောင့် အမေကရောမျက်ရည်ကျသည်လား။ ကိုလတ်ကို သူသားအဖြစ် မှတ်မိသွား၍ ၀မ်းနည်းငိုနေတာလား မဝေခွဲတတ်တော့ပါ။ ပြီး  အမေအိုက ကိုလတ်ကိုလည်း သူလက်သွယ်များဖြင့် မျက်ရည်များကို သုတ်ပေးနေပြန်သည်။ ထိုသို့  သုတ်လေ ကိုလတ်မျက်ရည်များကစီးကျ
လေ ဖြစ်နေသည်။
“မောင်လေးရယ်..ကိုယ့်သားပဲ၊ ဘယ်အရွယ်ရောက်ရောက် အမေပြန်မှတ်မိမှာပါ၊ သွေးက စကားပြောပါတယ်”
ဟု အမအကြီးဆုံးက နှစ်သိမ့်နေပါသည်။ ဒါပေမဲ့ သူတို့ လည်း မျက်ရည်စတွေနှင့်။
#   #   #   #   #
ကိုလတ်သည် ၈၈ အရေးအခင်းတွင် ဆန္ဒပြရင်း တောခိုသွားခဲ့သူဖြစ်သည်။ မိဘများကိုပင် အသိမပေးနိုင်ခဲ့။ အနီးဆုံးသူငယ်ချင်း လှဝင်းကိုတော့ သူတောခိုတော့မည့်အကြောင်း အားလုံးကြိတ်စီစဉ်ပြီးမှ ပြောခဲ့တာဖြစ်သည်။ လှဝင်းမှတဆင့် ကိုလတ် အိမ်သားများက တောခိုသွားကြောင်းတော့ သိနိုင်ပေလိမ့်မည်ထင်သည်။
နှစ်ပေါင်း  ၂၅ နှစ်တာကြာမျှ  အဆက်အသွယ်မရခဲ့သော  မောင်ငယ်အတွက်  ရုတ်တရက်  မသေမပျောက်ဘဲ  ပြန်ဆုံခွင့်ရခဲ့လို့  အမများက ၀မ်းသာပြီးကျသည့်မျက်ရည်လေသလား။ အမေနှင့်သားအဖြစ်ကိုကြည့်ရင်း အမများက ယူကျုံးမရဖြစ်ကာဝမ်းနည်းပြီး မျက်ရည်ကျလေသလား။
အမေက သားကို မမှတ်မိတော့၍  ကိုလတ်က ၀မ်းနည်းပြီး ကျသည့်မျက်ရည်လား။  မိသားစုဘ၀  အခြေနဲ့ နေတာမြင်ပြီး  ကျမိ သည့်မျက်ရည်လား။  မိမိယုံကြည်ချက်အတွက် ပေးဆပ်လိုက်ရတာတွေ မတန်တဆဖြစ်နေ၍ ကျသည့် မျက်ရည်ပေလား။
လှဝင်းသည် ပြန်ဆုံချိန်တောင်မပျော်ရနိုင်ရှာသည့် ကိုလတ်တို့ မိသားစုကိုကြည့်ရင်း တချိန်က  ခေတ်စနစ်ဆိုးရဲ့ဒဏ်ကြောင့် ဖြစ်ခဲ့ ရတဲ့ ဤမိသားစုလိုမျိုးမျက်ရည်စက်များ ဘယ်လောက်ရှိလေမည်လည်းဟု တွေးရင်း စိတ်ထဲ ကြေကွဲနေပေသည်။
ဒီမျက်ရည်စက်များကို ဓာတ်ခွဲခန်းကိုပို့ ကာ ဓာတ်ခွဲကြည့်သင့်သည်။  ဒါမှ  နောင်လာနောက်သားတွေ ခေတ်ဆိုးတခုသားကောင်များအကြောင်းကို အမှန်သိနိုင်လာလိမ့်မည်၊ စာနာနိုင်လာလိမ့်မည်ဟု လှဝင်း တွေးနေမိတော့သည်။    ။
ကျော်ဟုန်း
သြဂုတ်၊ ၂၇၊ ၂၀၁၄။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.
အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို, ကျော်ဟုန်း
Comments are closed.
ကြော်ငြာ … ကြော်ငြာ …
စာအုပ်မြင် ချစ်ခင်ကြပါစေ …
MoeMaKa Monthly MARCH 2017 ထွက်ပြန်ဘီ တဲ့..
မိုးမခမှာ ကြော်ငြာပါ
မိုးမခကို အိမ်အရောက် ပို့ပေးမည်
မိုးမခမာတိကာစဉ်
%d bloggers like this:
ကြော်ငြာရန် …
မိုးမခနဲ့ ပတ်သက်သမျှ
မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ
By
  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...
Read more »
မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ
By
မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...
Read more »
မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်
By
မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...
Read more »
မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ
By
” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....
Read more »
သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ
Recent Comments
ကဏ္ဍများအလိုက်
Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်