ဖိုးထက် – စာဖတ်ကြဖို့ တိုက်တွန်းချင်

September 3, 2014

ဖိုးထက် – စာဖတ်ကြဖို့ တိုက်တွန်းချင်

စက်တင်ဘာ ၃၊ ၂၀၁၄

စာဖတ်ကြဖို့၊ စာဖတ်ကြဖို့ အပြောဆုံး ပုဂ္ဂိုလ်များသည် စာရေးဆရာများ ဖြစ်သည်။ “ဘာဆန်းသလဲ။ ဈေးထဲမှာ ငါးသည်က သူ့ငါးတွေ လတ်ကြောင်း။ ကောင်းကြောင်း။ ငါးစားတာ ၀က်သား စားတာထက် ကျန်းမာရေး ပိုကောင်းကြောင်း။ (မှတ်ချက်။ ။ ကျွန်တော် ဗမာ၊ ဗုဒ္ဓဘာသာ ၀က်သား အလွန်ကြိုက်သည်။ ဟူး…ဒါလဲ ကြောက်ရသေးသည်။) သူ့ငါးတွေ ၀ယ်စားကြဖို့ အမွှန်းတင်မည်။ သံပုရာသီးသည်က သူ့ သံပုရာသီးတွေ အစစ်ဖြစ်ကြောင်း။ အလွန် အရည်ရွှမ်းကြောင်း။ နေပြည်တော်ထွက် သံပရာသီးကြီးများ ဖြစ်သောကြောင့် အလွန့် အလွန် ချဉ်စုတ်နေကြောင်း ဟာသလေးနှောပြီး ဈေးဝယ်ကို ဆွယ်မည်။ စာရေးကြသော သူများက စာဖတ်ကြဖို့ ပြောတာ အနှီဈေးသည်များလိုဘဲပေါ့” လို့ ထင်သော သူများ ရှိနေနိုင်သည်။ မှန်ပါသည်။ စာဖတ်ရင် ကောင်းတယ်ဆိုပေမယ့် စာဖတ်သူများ အားလုံးလဲ ကောင်းကြတာ မဟုတ်။ ထို့အတူ စာရေးသူ အားလုံးလဲ ရိုးသားသန့်စင်ကြသော လူများ မဟုတ်။ (ဥပမာ ကျွန်တော်လို အကောင်။) သို့သော် စာဖတ်တာ ကောင်းပါသည်။ အနည်းဆုံးတော့ ဗဟုသုတများမည်။ လူပေါ် လူဇော်လုပ်နိုင်မည်။ အထူးသဖြင့် ဆိုရှယ်နက်ဝပ်တွေမှာ ဆရာ၊ ဆရာမကြီးများ လုပ်နိုင်သည်။ အနိမ့်ဆုံး အဆင့် အပျင်းပြေမည်။

အီတလီနိုင်ငံ ဖလောရဲင့်စ်မြို့မှာ ၁၄၆၉ ခုနှစ်က နစ်ကိုလို မက်ခီယာဗယ်လီ ဆိုသော လူတစ်ယောက်မွေးခဲ့သည်။ သူရေးခဲ့သော စာအုပ်တွေထဲက “The Prince” ဆိုသည့် စာအုပ်က အလွန် ထင်ရှားသတဲ့။ အလွန် အောင်မြင်သတဲ့။ စာအုပ်ပါ အကြောင်းအရာတွေထဲက တစ်ချို့ အကြောင်းအရာတွေကတော့ “ နိုင်ငံတစ်ခုမှာ အလိုအပ်ဆုံး အရာက လက်နက် တောင့်တင်းဖို့ဖြစ်တယ်။ ဘုရင် (မင်း) ဖြစ်တဲ့ ပုဂ္ဂိုလ်ဟာ အောင်မြင်ချင်ရင် မိမိဂုဏ်သိက္ခာကို နည်းနည်းမှ ငဲ့ဖို့ မလိုဘူး။ အာဏာသိမ်းချိန်မှာ ရက်စက်စရာရှိရင် အပြတ်လုပ်၊ နောင်ကြဉ်သွားအောင် တစ်ခါတည်းလုပ်။ ဘုရင် (မင်း) ဟာ ကိုယ်ကျိုးအတွက်ဆိုရင် မလုပ်သင့်ဘူးဆိုရင်လဲ လုပ်ရမှာဘဲ။ ကတိတွေ ပျက်ရင်လဲ အကြောင်းပြချက်တွေရှိရတယ်။ (သူများ ယုံ ယုံ၊ မယုံ ယုံ မျက်နှာပြောင်တိုက်လို့ ပြောတာ) သူတစ်ပါးရဲ့ ကတိစကားကို မယုံပါနဲ့။ (ဘယ်သူ့မှ မယုံနဲ့။)” စတဲ့ ဘုရင်၊ မင်း၊ အုပ်ချုပ်သူ၊ အာဏာရှင်တွေ လိုက်နာဖို့အတွက် (do and don’t တွေကို) အခန်း၊ အခန်းတွေ ခွဲပြီး ရှင်းရှင်းလင်းလင်း ရေးခဲ့တယ်။ သူ့စာအုပ်ဟာ ဘယ်လောက် အောင်မြင်သလဲဆိုရင် နပိုလီယံဟာ ဒီစာအုပ်ကို ခေါင်းအုံး အိပ်သတဲ့။ ဟစ်တလာတို့ စတာလင်တို့ လက်စွဲတဲ့။ (ဆရာကြီး ဒေါက်တာသန်းထွန်း ဘာသာပြန်သည့် “ကျော်စွာ ၁၀၀” ကို ကိုးကားသည်။)

အဲဒီလို သူ့စာအုပ်မျိုးကျတော့ အာဏာမြဲချင်တဲ့ အာဏာရူးတွေအတွက်ဘဲ ကောင်းပါတယ်လို့ ဆိုတောင်မှ ဖတ်ဘူးတဲ့ လူတွေအတွက် ဒီလူတွေ ဘယ်အကွက်ထွင်နေပြန်ပြီလဲ။ ဒီလူတွေ လိမ်နေပြန်ပြီ။ ဒီလူတွေ ရက်စက်တော့မယ်။ ဒီလူတွေ အာရုံလွှဲနေပြီ။ ဒီလူတွေ ကလိမ်ကျနေပြီလို့ သိရတာပေါ့။ ကွက်ကြိုမတွေးနိုင်ရင်တောင်မှ လယ်ဗယ်တူ လိုက်တွေးနိုင်တာပေါ့။ ထားပါတော့။ ကျွန်တော်ဆိုလိုချင်တာက စာဖတ်သောသူများကို လိမ်ဖို့၊ ညာဖို့ အလွန်ခက်ပါတယ်။ စာဖတ်သူများကို လိမ်၊ ညာလို့ ရနေတယ်လို့ ထင်နေရင်လဲ အမှားကြီး မှားပါတယ်။ ချစ်လွန်းလို့ မပြော။ ဇယားရှုပ်လွန်းလို့ မပြော။ ရွံလို့ မပြော။ အဖက်မလုပ်ချင်လို့ မပြောတာဘဲ ဖြစ်မယ်။ မသိတာ မဟုတ်။ ၂၀၀၈ ဖွဲ့စည်းပုံကြီး မပြင်ဘဲနှင့် ဒီမိုကရေစီ အုပ်ချုပ်ရေး သွားနေပါသည် ဆိုသည့် သူများကို ဒီစာအုပ်ကို ဖတ်ထားသူများက “ငါ့များ မအဘူး မထင်နဲ့” လို့ ပြောနိုင်မည်။

လက်ရှိ မြန်မာနိုင်ငံမှာတော့ ကျွန်တော်တို့ စာဖတ်နည်းကြသည်။ စာတွေ ပိုဖတ်ကြပါလို့ ကျွန်တော်က တိုက်တွန်းချင်သည်။ ဒီလို တိုက်တွန်းလို့ စာမူခတွေအများကြီး ရပြီး ဘ၀လမ်းကြောင်းဖြောင့်နေသော သူတစ်ယောက်လို့ ထင်ရင် မှားပါလိမ့်မည်။ (မိုးမခမှ ဆရာများက စာမူခတင်မက စာအုပ်လက်ဆောင်ပေးနေပေမယ့် ကျွန်တော်က စာအုပ်ဘဲ ယူဖြစ်သည်။ စာမူခ မယူရက်ပါ။ ယူရလောက်အောင် အဆင့်ရှိသော အကောင်လဲ မဟုတ်။ နောက်ပြီး ပိုက်ဆံ မလိုချင်လို့လဲ မဟုတ်။ မိုးမခမဂ္ဂဇင်း ကမကထလုပ်နေသည့် လူကြီးတွေကိုယ်တိုင် ဇွတ်ကြိတ်နေရတာကို သိနေလို့။ စကားမစပ် မိုးမခမဂ္ဂဇင်း ၀ယ်ဖတ်ကြဗျာ။ ၁၅၀၀ ကျပ် ထဲပါ။ ဒါက အသလွတ်ကြီး ကြော်ငြာဝင်တာ။) ကျွန်တော် စာဖတ်ဖို့ တိုက်တွန်းချင်သော လူတန်းစားက တစ်ခုတည်း။ အလယ်အလတ်တန်းစား ခေတ်ပညာတတ် လူငယ်များ။ လူလတ်ပိုင်းများ။ စာ ဖတ်ချင်ဖတ်၊ မဖတ်ချင်နေ ဇွတ်ကြီး တိုက်တွန်း၊ ဆရာကြီး ပုံစံ ဖြင့် လုပ်လို့ မရသော မြန်မာပြည်မှ လူတန်းစား နှစ်ခုလဲ ရှိသည်လို့ ကျွန်တော် ထင်သည်။

စာဖတ်ဖို့ မတိုက်တွန်းသင့်သော ပထမ လူတန်းစားက ဘ၀အတွေ့အကြုံကောင်းကြသည့် ပညာတတ် လူတန်းစားများ။ သူတို့အသက်မွေး ၀မ်းကျောင်းနဲ့ သူတို့ ဘ၀ကို တည်တည်တံ့တံ့ရပ်တည်နေနိုင်သော လူများ စာမဖတ်လဲ ဒီလူတွေက ခေတ်ကြီးကို သိသည်။ စနစ်ကြီးကို ဖတ်မိသည်။ သိမှာပေါ့။ သူတို့မှာက မျက်စိကြီး၊ နားကြီး ကြသည်ဘဲ။ သူတို့ အသိုင်း အ၀ိုင်းက ပညာတတ် အသိုင်းအ၀ိုင်း။ သူတို့က ပေါက်ဖွားလာသော မျိုးဆက်သစ်များ စာဖတ်ဖို့ ကြတော့ ဒီပညာတတ်ကြီးတွေက မျက်ကွယ်ပြု မနေမှာ အလွန်သေချာသည်။ ဒီတော့ သူတို့ကို သွားပြီး “စာဖတ်ကြဗျ..ဟဲ..ဟဲ” လို့ လုပ်ကောင်းသော အရာမဟုတ်။ ကိုယ့်ထက် ၀ါကြီး၊ ပညာကြီးကြသော လူများကို ဆရာမလုပ်တာ အကောင်းဆုံး။ ဒီလူတွေက ရှင်ကြီးဝမ်းရော၊ ရှင်ငယ်ဝမ်းရော အကုန်ဝင်ခဲ့ကြသော သူများ မို့လား။ ရှိပါစေ။ နေပါစေ။

ဒုတိယ လူတန်းစားက လက်လုပ်လက်စားများ။ တစ်ရက်လုပ် တစ်ရက်စားဖို့အတွက် ရုန်းကန် လှုပ်ရှားနေရသည့် အောက်ခြေလူတန်းစားများ။ သူတို့ဘ၀ရပ်တည်ဖို့ ရုန်းကန်လှုပ်ရှားနေရသော အချိန်တွေ၊ အားအင်တွေထဲမှ ဖဲ့ပြီး “စာဖတ်နော်.. သိလား… စာဖတ်… စာဖတ်တာ သိပ်ကောင်း၊ ခင်ဗျားတို့ ဘ၀တွေ တိုးတက်လာမှာ..သိလား” လို့ မသိသား ဆိုးရွားစွာ တိုက်တွန်း မနေသင့်။ သူတို့အတွက် စာတစ်အုပ်ထက် အဆင့်အတန်းမြင့်သော ရုပ်ရှင်၊ ဗီဒီယို ဇာတ်လမ်းတွေက ပိုပြီး ထိရောက် သင့်တော်မည်။ ဘီအီးတစ်ပိုင်းနှင့် ကလိကြားထိုး အတင်းကြီး ရယ်ခိုင်းသော ခပ်ချာချာ ဇာတ်လမ်းတွေက နောက်ရက် တစ်ရက်မှာ အလုပ်လုပ်ဖို့ အားအင်ပြည့်ဖြိုးစေမည်။ သူတို့ဘ၀များ ပိုမို အဆင်ပြေ ချောမွေ့စေဖို့ စာရေးသူများမှာလဲ တာဝန်မရှိ။ စာအုပ်များထဲမှာလဲ မရှိ။ အုပ်ချုပ်သူ လူတန်းစား တစ်ဖွဲ့တည်းက လွဲလို့ ဘယ်သူ့ ဘယ်သူ့မှာ မှ တာဝန် မရှိဘူး လို့ ကျွန်တော် ထင်သည်။

လူလတ်တန်းစား ခေတ်လူငယ်များကိုတော့ စာဖတ်ကြဖို့ အလေးအနက် တိုက်တွန်းလိုသည်။ ဆရာ့ ဆရာကြီး ပုံစံဖြင့် တိုက်တွန်းလိုခြင်း ကျွန်တော့်မှာ အလျှင်းမရှိ။ အလုပ်အတွက် အချိန်ပေးရတာ။ Stress များတာတွေ ရှိပါလိမ့်မည်။ သို့သော်လည်းဘဲ တစ်နေ့ကို အနည်းဆုံး လေး၊ ငါးမျက်နှာလောက် စာဖတ်ခြင်းကို အကျင့်လေးတွေ လုပ်ထားကြရင် သိပ်ကောင်းတယ်လို့ ကျွန်တော် တစ်ဦးတည်း ပြောသည်လို့ မထင်ပါနှင့်။ ကမ္ဘာမှာ လူအများစု တိုက်တွန်းကြသော ကိစ္စကြီး ဖြစ်သည်။

စာအုပ်ဈေးတွေ ကြီးတယ်။ ဘယ်မှာ ငှားရမှာလဲ။ မတတ်နိုင်ဘူး။ စသည့် စသည့် အကြောင်းပြချက်များသည် စာတကယ်ဖတ်တော့မယ်ဆိုလျှင် ကျော်လွှားလို့ ရသော အကြောင်းခြင်းရာများလို့ ထင်မြင်မိသည်။ ပြီးတော့ ဘာစာတွေ ဖတ်ရမလဲလို့ မေးခွန်းကို ကွယ်လွန်သူ အနုပညာရှင် ဦးသုမောင်၏ အဖြေကို ကိုးကားချင်သေးသည်။ (သိပ်တော့ မသေချာ။ သာဓုနှင့် သားများထဲကတော့ သေချာသည်။) “ဘာစာဖတ်ဖတ်။ ဖတ်ချင်ရာဖတ်။ မဟုတ်တဲ့ အပြာစာအုပ် ဖတ်ရင်တောင် ယူတတ်ရင် ရတာတွေ အများကြီး ဆိုတာ ယောင်္ကျားလေးတွေ အသိဆုံး” လို့ ဖြေသွားခဲ့တာ ကျွန်တော် ဖတ်ဘူးသည်။ ဆရာ ဦးသုမောင် ပြောသည့် ယူတတ်ရင် ရတယ်ဆိုတာလဲ စာမဖတ်ခင်ကဘဲ အခံ သတိ၊ ပညာဥာဏ်ကြီး ပြီးသား ဖြစ်နေရမယ်လို့ ဆိုလိုတာ မဟုတ်ဘူး ထင်သည်။ စာဖတ်တာ များလာရင်၊ စာဖတ်နာလာရင် လူတွေက သူ့ဗီဇနှင့် သူ လိုအပ်တာကို ထုတ်ယူနိုင်ကြသည်။ နိုင်ငံရေး စိတ်ဝင်စားသူများက နိုင်ငံရေးကို ယူမည်။ ရသပိုင်းကို စိတ်ဝင်စားသူက ခံစားမှုရသကိုယူမည်။ ဗဟုသုတနှင့် အချက်အလက်ကို ထုတ်ယူသော သူက ထုတ်ယူသွားမည်။ နိုင်ငံရေး၊ ရသခံစားမှု၊ ဗဟုသုတတွေဆိုတာ မကောင်းတာတွေလဲ မဟုတ်။ ကိုယ်ကြိုက်တာ ကိုယ်ထုတ်ယူသွားကြတာ စာဖတ်သူများ၏ ရပိုင်ခွင့် မဟုတ်ဘူးပေဘူးလား။

မှန်ရာကိုသာ ၀န်ခံပြီး ဆရာကြီး ပုံစံဖြင့် ကောက်ချက် ချရလျှင် လက်ရှိ ပညာတတ် ဘွဲ့ရ လူလတ်တန်းစား လူငယ်များ၏ စာဖတ်အားက ကြောက်ခမန်း လိလိ။ ကြောက်ခမန်းလိလိ စာဖတ်ကြတာ မဟုတ်။ စာမဖတ်ကြတာလို့ ကျွန်တော် ကောက်ချက်ချရင် အပြစ်မမြင်ကြစေလို။ ကိုရီးယားကားများ၊ တရုတ်ကားများ၊ အင်တာနက် ဆိုရှယ်နက်ဝပ်ခ်များဖြင့် အချိန်ကုန်လို့ ကုန်မှန်း မသိ ကုန်နေကြရင်း အသက်တွေ ကြီးကြီးလာကြသော လူငယ်တွေကို ကျွန်တော် ရင်လေးသည်။ “အောင်မာ..နင်က ကြီးကြီး ကျယ်ကျယ်။ ရင်လေးရအောင် နင်က ဘာမို့လို့လဲ” လို့ အမေးရှိလာလျှင် ဆရာကြီး ဦးအောင်သင်း၏ စကားကို ကိုးကားချင်ပြန်သည်။ “စာမဖတ်ကြသောလူငယ်များ အသက်ကြီးလာလို့ သူတို့လက်ထဲမှာ နိုင်ငံကို ၀ကွက်အပ်ပြီး ထားရရင် အသက်ကြီးမှ တောင်ပြေး၊ မြောက်ပြေးနဲ့ သေရတာ မဖြောင့် ဖြစ်မှာစိုးလို့။ ကိုယ့် ကိုယ် ကိုယ် သနားလို့” ဆိုသည့်သဘော ပြောသည့် ဆရာကြီး စကားကို ကိုးကားချင်သည်။ လက်ရှိ ဘောင်းဘီချွတ်အစိုးရထဲတောင်မှ စာမဖတ်သောသူများက စကားကို တောပြော၊ တောင်ပြော အဆင့်အတန်း မရှိပြောသည်။ စာဖတ်သောသူ (များ) ကတော့ သူတို့ အစိုးရကိုတောင် ရုပ်ထု ထုပြီး ဘုရားစဉ်ပေါ် တင်ထားရမလို အကြောင်းပြချက် ကောင်းကောင်းတွေ ပေးတတ်ကြတာ ဆိုရှယ် နက်ဝပ်ခ်က ဟိုလူကြီး တစ်ယောက်ကို ဆွဲထုတ် ဥပမာ ပြချင်သည်။

ဒါပေမယ့် အထက်က ပြောခဲ့သော အီတလီလူမျိုး မက်ခီယာဗယ်လီ ရေးသော စာအုပ်တစ်အုပ်ထဲကိုဘဲ ရွေးဖတ်သော သူများတော့ ဖြစ်မှာစိုးရိမ်သည်။ ဒီလိုစာအုပ်မျိုးကို ထုံးလိုချေ၊ ရေလိုနှောက်၊ ကြောင်ပုဇွန်စား ကြွပ်ကြွပ်ဝါးသကဲ့သို့ ဖင်ပြန် ခေါင်းပြန် အပြန်ပြန် အလှန်လှန် ကြေညက်အောင် ဖတ်ထားခဲ့ကြသည့် လူကြီးတွေ လက်ထဲမှာ ကျွန်တော်တို့ နေခဲ့ရသလိုမျိုး နောက်မျိုးဆက်တွေ ဆက်ကာ ဆက်ကာ နေကြရမှာ ကျွန်တော် စိုးရိမ်သည်။ ဒီလိုသာ ဆိုရင်ဖြင့် လက်လုပ် လက်စားများက ပူစရာ မလို။ နှိမ်ချ ပြောလိုခြင်း မဟုတ်ပါ။ သူတို့ဘ၀နှင့် သူတို့။ “ကိုယ် လုပ်မှ ကိုယ်စားရတယ်” ဆိုသည့် ရိုးသားဖြူစင်သည့် အမြင်များဖြင့် ဘယ်ခေတ်ကို မဆို ဖြတ်သန်းကြအုံးမည်။  ပညာတတ်ကြီးများကတော့ ဘယ်နိုင်ငံ ဘယ်ရေ ဘယ်မြေကို ထွက်သွား ထွက်သွား အေးအေး ဆေးဆေး မိသားစုလိုက် အချိန်မရွေး ထွက်သွားနိုင်ကြသည်။ ကျွန်တော်လို တောင်မရောက် မြောက်မရောက် အကောင်ဘဲ အသေမလှမှာ။ ကျွန်တော် အသေလှဖို့ ညီ၊ ညီမငယ်များ စာဖတ်ကြစမ်းပါလို့ တိုက်တွန်းရင် ဆရာ့ ဆရာမကြီးများ အားလုံး မမြင်ချင်ယောင် ဆောင်ပေးနိုင်ကြမယ်လို့ မျှော်လင့်မိသည်။ “မင်းသား” စာအုပ် ခေါင်းခု အိပ်သော သူများကတော့ စာမဖတ်လေ ကြိုက်လေ။ ပညာမတတ်လေ ကြိုက်လေ။ စာအုပ်တွေကို မေ့နေလေ ကြိုက်လေ။

ဖိုးထက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖိုးထက်, ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်