ဒေါက်တာခင်မောင်ဝင်း(သချာင်္) – အမြင်စုတ်သော်လည်း ရွှေထုပ်သည့်မြပ၀ါများ

September 4, 2014

ဒေါက်တာခင်မောင်ဝင်း(သချာင်္) – အမြင်စုတ်သော်လည်း ရွှေထုပ်သည့်မြပ၀ါများ

မိုးမခ၊ စက်တင်ဘာ ၄၊ ၂၀၁၄

အတွေးအမြင် အမှတ် ၉ ၃ ။၁၉ ၉ ၃ သြဂုတ်လက ပြန်လည်ဖော်ပြသည်

၁၉၈၇ ခုနှစ်လောက် မြန်မာနိုင်ငံတွင် အမ်ဖေး (M. Phil) ဟူသော ဘွဲ့အသစ် တစ်ခုပေါ်ပေါက်လာ သည်။

အမ်ဖေးဘွဲ့ ပေါ်ပေါက်လာရသော အကြောင်းနှင့် အခြေအနေတို့သည် တစ်နိုင်ငံနှင့်တစ်နိုင်ငံမတူ ကြပါ။ ထို့ကြောင့်လည်း အမ်ဖေးဘွဲ့နှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံများတွင် မူဝါဒအမျိုးမျိုး ကွဲပြားလျက်ရှိ သည်။

အမ်ဖေးဘွဲ့ကို အင်္ဂလန်နိုင်ငံတွင် ၁၉၇၅နှစ်ပတ်ဝန်းကျင်လောက်က စတင်ပေးခဲ့သည်။ ထိုဘွဲ့ဖြစ် ပေါ်လာခဲ့ရသော အကြောင်းအရာမှာ ပီအိပ်(ချ)ဒီ (Ph.D)ခေါ် ပါရဂူဒေါက်တာဘွဲ့အတွက် ကျမ်းပြုစုနေ သောကျောင်းသားများမှ စတင်ခဲ့သည်။ ထိုကျောင်းသားများသည် အချိန်သုံး၊ လေး၊ ငါးနှစ်လောက် ကုန်သော်လည်း ပီအိပ်(ချ)ဒီ အတွက် ကျမ်းမပြီးစီးဘဲ ဖြစ်နေသည်။ သို့သော်သူတို့သည် မဟာသိပံ္ပ (M.Sc) ထက် အဆင့်မြင့်သော ကျမ်းများကို ပြုစုနိုင်သော အခြေအနေရှိနေသည်။ ထို့ကြောင့် သူတို့၏ ကြိုးစားမှုနှင့် တက်မြောက်မှုကို အသိအမှတ်ပြုသည့်အနေဖြင့် မဟာသိပံ္ပ နှင့် ပီအိပ်(ချ)ဒီကြားတွင် အမ်ဖေးဟူသော ဘွဲ့တစ်ခုတီိထွင်၍ ပေးလိုက်သည်။ ထို့ကြောင့် အင်္ဂလန်နိုင်ငံတွင် အမ်ဖေးသည် မဟာသိပံ္ပ ထက်မြင့်ပြီး ပီအိပ်(ချ)ဒီထက် နိမ့်သည်။

သို့သော် အချို့သော်နိုင်ငံများတွင် အမ်ဖေးဘွဲ့ကို ဘီအက်စီ ဂုဏ်ထူး B.Sc (Hons.) နှင့် မဟာ သိပံ္ပ ကြားဟူ၍ သတ်မှတ်သည်။ ထိုနိုင်ငံများတွင် အမ်ဖေးသည် ဘီအက်စီဂုဏ်ထူးထက်မြင့်ပြီး မဟာသိပံ္ပ ထက်နိမ့်သည်။

ထို့ကြောင့် အမ်ဖေးဘွဲ့၏ အဆင့်သည်နိုင်ငံ၏ အခြေအနေနှင့် ပညာရေးစနစ်အပေါ်တည်နေ သည်။

မြန်မာနိုင်ငံတွင် အမ်ဖေးဘွဲ့ဖြစ်ပေါ်လာရသောအကြောင်းများမှာ ဤသို့ဖြစ်၏။

မြန်မာနိုင်ငံရှိ တက္ကသိုလ် ကောလိပ်များ၏ ပညာရေးဆိုင်ရာ ဥပဒေကျင့်ထုံးများအရ မဟာသိပံ္ပ ပထမနှစ်စာမေးပွဲတွင် နှစ်ကြိမ်ကျရှုံးသောသူ၊သို.မဟုတ် ဘီအက်စီဂုဏ်ထူးတန်းတွင် တတိယအဆင့်သာရရှိ သူများသည် မဟာသိပံ္ပ ဆက်တက်ခွင့်မရှိတော့ချေ။ ၁၉၈၇ ခုနှစ်လောက်တွင် မြန်မာနိုင်ငံရှိ တက္ကသိုလ် ကောလိပ်များ၌ ထိုဥပဒေများနှင့် ငြိစွန်း၍ မဟာသိပံ္ပ ဆက်တက်၍ မရနိုင်သော ဆရာ/ဆရာမများစွာ ရှိနေ ကြသည်။ တစ်ဖန်/မဟာသိပံ္ပ ဘွဲ့ရမှသာ ရာထူးတိုးမြှင့်ခြင်းကို ခံရမည်ဟူသော စည်းမျဉ်းအရ ထိုဆရာ/ ဆရာမများအတွက်အခွင့်အလမ်းများပိတ်နေသည်။

ထို့ကြောင့် ထိုဆရာ/ဆရာမများအတွက် အခွင့်အလမ်းသစ်တစ်ခုရရှိစေရန် ဘီအက်စီဂုဏ်ထူး တန်းနှင့် မဟာသိပံ္ပကြားတွင် အမ်ဖေးအမည်ရှိသော ဘွဲ့တစ်ခုကို တီထွင်ပေးရလေသည်။ အမ်ဖေးဘွဲ့ကို ရရှိစေရန်အတွက် လိုအပ်ချက်မှာ နှစ်နှစ်အတွင်း ကျမ်းငယ် (small thesis) ခြောက်ခုကို တင်သွင်းရန်ဖြစ် သည်။

ကျွန်တော်သည် ဆရာ/ဆရာမအချို့၏ အမ်ဖေးကျမ်းငယ်များကို ကြီးကြပ်ရန် တာဝန်ကျခဲ့သည်။ ၁၉၈၆ ခုနှစ်နှင့် ၁၉၈၈ ခုနှစ်အတွင်းတွင် ကျွန်တော်သည် သင်ကြားရေးဝါရင့်သော်လည်း မဟာသိပံ္ပ ဆက်မတက်နိုင်သော ဆရာ/ဆရာမအချို့၏ အမ်ဖေးကျမ်းငယ်များကို အောင်မြင်စွာ ကြီးကြပ်ပြီးစီးခဲ့သည်။

သို့သော် ကျွန်တော်၏ ဒုက္ခသည် ၁၉၈၈/၈၉ နောက်ပိုင်းတွင် စတင်ခဲ့သည်။ ထို့အချိန်တွင် ၀ါရင့် ဆရာ/ဆရာမများအားလုံး အမ်ဖေးဘွဲ့များ အသီးသီးရရှိသွားပြီး သူတို့နှင့်ထိုက်တန်သော ရာထူးများလည်း တိုးတက်သွားကြလေသည။ ယင်းဝါရင့် ဆရာ/ဆရာမများပြီးသွားပြီးနောက် လုပ်သက်သုံးနှစ်မျှသာ ရှိသော ဆရာ/ဆရာမငယ်များအလှည့်သို့ကျရောက်လာသည်။ သူတို့အားလည်း အမ်ဖေးကျမ်းငယ်များ ဆက်လက်၍ ကြီးကြပ်ပေးလေရာ ၁၉၉၀/၉၁ လောက်တွင် နောက်ထပ် အမ်ဖေးကျမ်းငယ်များထွက်လာ တော့သည်။ သို့သော် ယခုအကြိမ်နှင့် ယခင်အကြိမ်အခြေအနေချင်းကွားခြားသွားသည်။ ယခင်က၀ါရင့် ဆရာ/ဆရာမများ၏ အမ်ဖေးကျမ်းငယ်များကို အောင်မြင်စွာ ကြီးကြပ်ပြီးစီးခဲ့သည်ဟုဆိုခဲ့သည်။ ယခုအခါ တွင်မူကား ကြီးကြပ်ပြီးစီးခဲ့သည်ကားမှန်၏။ သို့သော် အောင်မြင်သည်ဟု မဆိုနိုင်တော့ပါ။ ယခုအကြိမ် ကျွန်တော်ကြီးကြပ်ခဲ့သော ကျမ်းငယ်များနှင့်ပတ်သတ်၍ အောက်ပါဝေဖန်သုံးသပ်ချက်များ ထွက်ပေါ်လာပါ တော့သည်။

(၁)       ကျမ်းငယ်များတွင် အင်္ဂလိပ်စာအရေးအသားများနေရာတိုင်းလိုလို မှားယွင်းနေသည်။

(၂)       သင်္ချာဖြစ်၍ အင်္ဂလိပ်စာမှားခြင်းကို ခွင့်လွတ်မည်ဟု ဆိုပြန်သော်လည်း သင်္ချာအတွက်အချက်များ လည်းမှားယွင်းနေသည်ကို တွေ့ရသည်။

(၃)       ကျမ်းပြုစုသော သင်တန်းသားများကို ကျမ်းနှင့်ပတ်သက်၍ နှုတ်မေး စားမေးပွဲတွင် မေးမြန်းသော အခါ သူတို့ရေးသားထားသော ကျမ်းကိုပင်ဘာမှနားမလည် ဘာမှမသိကြောင်းတွေ့ရသည်။

(၄)       ကျမ်းစာအုပ်ကို ရိုက်နှိပ်ထားသော ပုံစံ၊ စာလုံး အထားအသိုတို့သည် အမြင်မလှ၊ မည်မျှ အရုပ်ဆိုး နေသည်ကို သင်္ချာမတက်သူများပင်မြင်နိုင်သည်။

ထိုဝေဖန်ချက်များ ဝေဖန်သည့်အတိုင်းမလွဲမသွေ မှန်ကန်နေသည်ကို ကျွန်တော်ကိုယ်တိုင်ပင် ၀န်ခံရလေသည်။ သို့ဖြစ်လျှင် ကျွန်တော်ကြီးကြပ်သော ကျမ်းစာအုပ်များနှင့်ပတ်သက်၍ အကောင်းပြော စရာဘာရှိပါတော့သနည်းဟု မေးစရာရှိသည်။

ထိုအခါ ၁၉၆၀ ပြည့်နှစ်လောက်က မြန်မာနိုင်ငံ ဗဟိုရှပ်ရှင်မှ ရိုက်ကူးသေည သတင်းကားတစ်ခုကို အမှတ်ရမိသည်။ ထိုသတင်းကားမှာ မြန်မာနိုင်ငံတွင် ပထမဦးဆုံးတည်ဆောက်ခဲ့သော ဂုံနီအိတ်စက်ရုံ အကြောင်းဖြစ်သည်။ သတင်းကြေညာသူက ဤသို့ပြောသည်ကို မှတ်မိသည်။

 

“အခုမြန်မာနိုင်ငံမှာ ပထမ ဦးဆုံးထုတ်တဲ့ ဂုံနီအိတ်တွေကိုကြည့်လိုက်ရင် အမြင်ကလဲမလှ၊ ကြမ်းလဲကြမ်း၊ လူကြားထဲလဲကိုင်လို့မရတဲ့ အိတ်စုတ်၊ အိတ်ဟောင်းတွေနဲ့တူပါတယ်။ ဒါပေမယ့် အဲဒီဂုံနီအိတ်တွေက အမြင်စုတ်ပေမယ့် ရွှေထုတ်တဲ့ မြပ၀ါတွေလို့ ဆိုနိုင်ပါတယ်။ အကြောင်းကတော့ အဲဒီဂုံနီအိတ်တွေကို ပြည်တွင်းပစ္စည်းများကိုသာ အဓိက ကုန်ကြမ်းအဖြစ်သုံးပြီး ထုတ်လုပ်ထားပါတယ်။ အဲဒီအိတ်တွေကို မြန်မာနိုင်ငံက ထွက်တဲ့ ပဲ၊ ဆန်စတဲ့ကုန် ပစ္စည်းတွေ ထုပ်ပိုးရာမှာ မသုံးမဖြစ်သုံးရပါတယ်။ အဲဒီလို ထုပ်ပိုးပြီး ပြည်တွင်းစာသုံးဖို့နဲ့ နိုင်ငံခြားပို့ဖို့ အတွက် သယ်ယူနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံခြားငွေ အကုန်အကျသတ်သာရုံသာမက နိုင်ငံခြားငွေ ရရှိဖို့ ကိုပင်လျှင် အထောက်အကူဖြစ်နေပါတယ်”

ကျွန်တော်ကြီးကြပ်လိုက်သော အမ်ဖေးကျမ်းစာအုပ်များလည်း ဤကဲ့သို့ပင်ဖြစ်နေပါ သည်။ အပေါ်ရံကြည့်လိုက်သော်           ဤကျမ်းစာအုပ်များသည် အင်္ဂလိပ်စာမှား၊ သင်္ချာအတွက်အချက်များမှား ယွင်း၊ ကျမ်းပြုစုသူများကလည်း ဘာမှမတက်ဖြစ်နေသည်မှာ မှန်သော်လည်း ကျွန်တော့်အဖို့ တန်ဖိုးမဖြတ် နိုင်သော ရွှေထုပ်သည့် မြပ၀ါများဖြစ်နေသည်။

အဘယ်သို့နည်း။ ရှင်းပြပါအံ့။

ရှေးဦးစွာ အမ်ဖေးနှင့် မဟာသိပံ္ပ ကျမ်းများကြီးကြပ်ခြင်းနှင့်ပတ်သက်သော ကျွန်တော်၏အခြေခံ အယူအဆများကို ရှင်းပြရန်လိုပါသည်။ ၎င်းအယူအဆများမှာ –

 

(၁)       ကျမ်းပြုစုမည့် သင်တန်းသားများသည် ဧကန်တကယ်သင်္ချာအတွေးအခေါ်နှင့်ပတ်သက်၍ ဘာမှ မတက်သေးချေ။

(၂)       ထို့ကြောင့် လိုအပ်သော သင်္ချာအတွေးအခေါ်များကို ရရှိစေရန် ပထမနှစ်၊ ဒုတိယနှစ် အဆင့်၊ အကယ်၍ လိုအပ်ပါက ဆယ်တန်းအဆင့်မှ စတင်၍ပင် ပြန်လည်သင်ပေးရန်လိုအပ်သည်။

(၃)       အကယ်၍ အချိန်ယူ၍ အောက်ဆုံးအခြေခံများမှ စတင်၍ သင်ပေးပါက တက်မြောက်လာလိမ့်မည်။ ထိုအခါတွင် ကျမ်းပြုစုရန် အဆင်သင့်ဖြစ်လာလိမ့်မည်။

ကျွန်တော့် အယူအဆမှာ ကျမ်းပြုစုမည့်သင်တန်းသားများ ဘာမှမတတ်သေးသည့် အကြောင်းမှာ ပြောင်းလဲနေသော ပညာရေးစနစ်များကြောင့် ဖြစ်သည်ဟူ၏။ အကယ်၍ ကျွန်တော်သည် စနစ်မှန်ကန်စွာ ဖြင့် အခြေခံမှ စတင်၍ သေချာစွာ သင်လိုက်လျှင် တက်မြောက်သွားမည်။ ထိုအခါတွင် နောင်တစ်ခေါက် သင်္ချာအတွေးအခေါ်များကို မြှင့်တင်ပေးမည် မျိုးဆက်သစ်များကို မွေးထုတ်ပေးနိုင်လိမ့်မည်။ ထိုမျိုးဆက် သစ်များဖြင့် နောင်တွင် သင်္ချာအတွေးအခေါ် တော်လှန်ရေး (Mathematical Revolution) တစ်ခုကို ဆင်နွှဲ နိုင်လိမ့်မည်ဟု မျှော်မှန်းခဲ့သည်။

သို့်သော် မျှော်မှန်းချက်နှင့် တကယ့်ဖြစ်ရပ်မှာ မိုးနှင့်မြေကြီးလောက်ကွာခြားလေသည်။ ကျွန်တော် ၏ ယူဆချက်များမည်မျှမှားယွင်းခဲ့သည်၊ တွက်ကိန်းများမည်မျှလွဲမှားခဲ့သည်ကို နောင်အရှက်တကွဲ အကျိုး နည်း ဖြစ်တော့မှ သဘောပေါက်သည်။

အနာဂတ်ကို ကြိုတင်၍ မမြင်သော ကျွန်တော်သည် မျှော်မှန်းချက်များစွာဖြင့် How to Prepare if M.Sc or M.Phil. မဟာသိပံ္ပ သို့မဟုတ် အမ်ဖေးကျမ်းအတွက် ပြင်ဆင်နည်း အမည်ရှိစာတမ်းတစ်ခုကို ရေးသားပြုစု၍ အမ်ဖေးစာတမ်းပြုမည့် သင်တန်းသားများအား သင်တန်းစတင်ပေးခဲ့သည်။ သင်တန်းဖွင့်ပွဲ တွင် ဤသို့စတင်ပြောကြားခဲ့သည် “အမ်ဖေး သို့မဟုတ် မဟာသိပံ္ပ ကျမ်းပြုစုဖို့အတွက် စာဖတ်တာဟာ စာမေးပွဲဖြေဆိုဖို့ ဖတ်တာနဲ့ မတူဘူးဆိုတာ အရင်ဆုံးသိဖို့လိုတယ်။ စာမေးပွဲ ဖြေဆိုဖို့ဖတ်တာက စာမေးပွဲ ဖြေပြီးရင် အားလုံးမေ့သွားလို့ ဘာမှမဖြစ်ဘူး။ ကျမ်းပြုစုဖို့ကျတော့ အမြဲတမ်းတတ်မြောက်နေဖို့ သိနေဖို့လိုတယ်။ စာမေးပွဲဖြေဆိုဖို့ စာဖတ်တဲ့အခါမှာ စာမေးပွဲ ပါမယ်ထင်တာတွေ ရွေးပြီးတတ်သည်ဖြစ်စေ၊ မတတ်သည်ဖြစ်စေ၊ အလွတ်ကျက် သွားနိုင်တယ်။ အဲဒီအခါမှာ ကံကောင်းရင်အောင်တာပဲ။ ဂုဏ်ထူးတောင် ထွက်သေးတယ်။ သို့သော် ကျမ်းပြုစုဖို့ကျတော့ အားလုံးကို တတ်ထား၊ ဆရာနဲကလဲအချိန်မရွေးဆွေးနွေးနိုင်တော့မှ တန်ကာကျ တယ်။”

“ဒါကြောင့် ကျမ်းပြုစုတဲ့ သင်တန်းသားတွေဟာ ကိုယ့်ကိုယ်ကို ဘာသိတယ်၊ ဘာမသိဘူး ဆိုတာ အရင်ဆုံး မလိမ်မညာဘဲသိဖို့လိုတယ်။ မသိတာတွေကို သိအောင်လုပ်ရမယ်။”

“စာမျက်နှာ တစ်ခုကို ဖတ်တိုင်း အဲဒီစာမျက်နှာမှာ Key words လို့ ခေါ်တဲ့ သော့ချက်ကျတဲ့ စကားလုံးတွေကို ရွေးထုတ်တတ်ရမယ်။ တစ်ခါတစ်ရံ စကားလုံးအားလုံးရဲ့ အဓိပ္ပါယ်တွေသိစရာတော့ မလိုပါဘူး။ သို့သော်လဲ ဘယ်စကားလုံးတွေရဲ့ အဓိပ္ပါယ်ဟာတော့ မသိမဖြစ် သိရမယ်ဆိုတာ ရွေးတတ်ရ  မယ်။ သိတယ်ဆိုတဲ့နေရာမှာလဲ နှစ်မျိုးနှစ်စားရှိပြန်တယ်။ အပေါ်ယံညာဝါးပြီး သိတာနဲ့ အသေအချာ သိတာနှစ်မျိုးရှိတယ်။ ဘယ်စကားလုံးတွေကို အပေါ်ယံညာဝါးပြီး သိရုံလောက်နဲ့လုံလောက်တယ်၊ ဘယ်စကားလုံးတွေကိုတော့ အသေအချာ သိရမယ်ဆိုတာ ရွေးတတ်ရမယ်။”

“သင်္ချာမှာ စကားလုံးတစ်လုံးတည်း သင်္ကေတတစ်ခုတည်းကို အဓိပ္ပါယ်အမျိုးမျိုးနဲ့ သုံးတတ်တယ်။ ဒါကြောင့် ကိုယ်မြင်နေကျ စကားလုံး၊ သင်္ကေတဖြစ်လင့်ကစား ပေါ့ပေါ့တန်တန်ကျော်မသွားပါနဲ့။ ဘယ်အဓိပ္ပါယ်နဲ့သုံးထားတယ် ဆိုတာကို အသေအချာလေ့လာပါ။”

“သင်္ချာမှာ အရေးအကြီးဆုံးဖြစ်တဲ့ အဓိပ္ပါယ်သတ်မှတ်ချက်များ (definitions) ကို အထူးသတိပြု လေ့လာပါ။ အဓိပ္ပါယ်သတ်မှတ်ချက်များမှာ နောင်တည်ဆောက်မည့် သင်္ချာအဆောက်အအုံရဲ့ အခြေခံ အုတ်မြစ်ဖြစ်တယ်။”

ဤကဲ့သို့ အစပျိုးပြီး အမ်ဖေးကျမ်းပြုစုသည့် ဆရာ/မများအား စတင်၍ သင်တန်းပေးလေသည်။ အချိန်မှာ ၁၉၉၀ ပြည့်နှစ် သြဂုတ်လက ဖြစ်သည်။

သိသင့်သိထိုက်သော အခြေခံများကို ဆယ်တန်း၊ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်အဆင့် လောက်မှ စတင်၍ သင်ကြားသွားရာ ခုနှစ်လလောက် ကြာသွားသည်။ ထိုအခါ အမ်ဖေးကျမ်းငယ်များကို စတင်၍ ရေးသားရန်အဆင်သင့်ဖြစ်ပြီဟု သတ်မှတ်ပြီး ကျမ်းငယ်များအတွက် ခေါင်းစဉ်ပေးခြင်း၊ အကြမ်း ရေးခြင်း၊ အချောရေးခြင်း လုပ်ငန်းများကို စတင်ပြုလုပ်လေသည်။

ကျွန်တော်သည် အောက်ပါရည်ရွယ်ချက် ရည်မှန်းချက်များဖြင့် ကျမ်းငယ်များကို ကြီးကြပ်ပေးခဲ့ သည်။

(၁)       အမ်ဖေးကျမ်းငယ်တွင် ပါဝင်သော အချို့အကြောင်းအရာတို့သည် ပထမနှစ်၊ ဒုတိယနှစ် အဆင့် လောက်သာ ရှိ၍ အဆင့်နိမ့်သည်ဟု ဆိုချင်ဆိုမည်။ သို့သော် ၎င်းတို့၏နောက်ကွယ်ရှိ သင်္ချာ ယုတ္တိဗေဒ အတွေးအခေါ်များသည် အမ်ဖေးအဆင့်မီစေရမည်။

(၂)       အချို့သော အချက်အလက်များသည် အရေးကြီးသော်လည်း အတန်းထဲတွင် အချိန်မလောက်၍ သော်လည်းကောင်း၊ သတ်မှတ်ထားသော သင်ရိုးကို မကုန်မှာစိုး၍သော်လည်းကောင်း ချန်ခဲ့ရ သည်။ အမ်ဖေးကျမ်းငယ်များတွင် ဤကဲ့သို့သော အချက်အလက်များကို ရှာဖွေ၍ ဦးစားပေးဖော် ထုတ်ပေးရမည်။

(၃)       ကျမ်းစာအုပ်တိုင်းတွင် ရည်ရွယ်ချက်တစ်ခုခုရှိပြီး ထိုရည်ရွယ်ချက်ကို ပေါ်လွင်စေရမည်။ ရည်ရွယ် ချက်ဟူရာ၌ အဓိပÜါယ်သတ်မှတ်ချက်၊ သို့မဟုတ် အချို့ကို ခြုံငုံသုံးသပ်၍ ဥပမာပေး၍ ဖော်ထုတ် ရန် ရည်ရွယ်ချက်၊ သီအိုရီတစ်ခုခုကို နယ်ပယ်တစ်ခုခုတွင် အသုံးချပြရန် ရည်ရွယ်ချက် တို့ဖြစ်နိုင် သည်။

ဤကဲ့သို့သော ရည်မှန်းချက်များဖြင့် အမ်ဖေးကျမ်းငယ်များကို ကြီးကြပ်ပေးခဲ့သော်လည်း ကျွန်တော်၏ အခြေခံယူဆချက်များ မှားယွင်းနေခြင်းကြောင့် ကျွန်တော်၏ တွက်ကိန်းများလွဲခဲ့ရ သည်။ ရည်မှန်းချက်များဖြစ်မလာသည့်အပြင် သုံးသပ်ကြည့်သော် ဤသို့တွေ့ရ၏။

(၁)       လွယ်ကူရှင်းလင်းသော အခြေခံများကို အနိမ့်ဆုံးအဆင့်မှ စတင်၍ သင်ပေးခြင်းအားဖြင့် သင်တန်း သားများ တတ်မြောက်လာလိမ့်မည်ဟူသော ယူဆချက်သည် မှား၏။ အမ်ဖေးလာရောက်စစ်ဆေး သော ပြင်ပစာစစ်ဆရာကြီးတစ်ဦးက “မင်းတပည့်တွေဟာ ဘယ်လိုဟာတွေလဲကွာ၊ အမ်ဖေး ကျမ်းရေးနေပြီး ပထမနှစ်က စာတွေတောင် မတတ်ပါလား၊ မင်းဘယ်လို လုပ်တာလဲ” ဟုမေးရာ ကျွန်တော်က ဤသို့ပြန်ဖြေခဲ့သည်။ “ကျွန်တော်လဲ ဒါတွေကို သိလို့ အနိမ့်ဆုံးအင့်က စပြီးသင် တာပဲ”   ထိုအခါ ထိုဆရာကြီးက “အေး-အဲဒါလဲမင်းအမှားပဲ၊ သင်တန်းသား ဖြစ်လာရင် ကျောင်းသား ဖြစ်ဖြစ် ကိုယ်ကချည်း သင်ရင်မတတ်ဘူး၊ သူတို့ကို ဖတ်ခိုင်းပြီး ပြန်ရှင်းပြခိုင်းရ တယ်။ ” ဟု ပြန်လည်ပြောကြားခဲ့သည်။

ဤတွင် ကျွန်တော်၏ အမှားကို  သိလိုက်ရသည်။ ကျွန်တော်ကချည်း သင်နေပြီး သင်တန်းသား များအား ဘာမျှ ပြန်လုပ်မခိုင်းမိခြင်းသည် ပထမအမှားဖြစ်၏။

(၂)       ကျွန်တော်သည် အမ်ဖေး၊ သင်တန်းသားများအား စတင်၍ သင်ရန်ပြင်ဆင်နေစဉ် ကျွန်တော်၏ လုပ်ဖော်ကိုင်ဖက်များက ဤသို့ပြော၏။ “ခင်ဗျားသင်မနေနဲ့ အလကားပဲ။ ခင်ဗျားဆီကို အခု ရောက်လာတဲ့ သင်တန်းသားတွေ ယူဆထားတာက ခင်ဗျားဟာသဘောကောင်းတယ်၊ ဒါကြောင့် ခင်ဗျားဆီကလာရင် အမ်ဖေးဘွဲ့အချောင်ရမှာပဲလို့ပဲ ဖြစ်တယ်။ သူတို့တွေဟာ တတ်လဲ မတတ်ဘူး။ တတ်လဲမတတ်ချင်ဘူး။ ဘွဲ့ကိုသာ အချောင်လိုချင်တာ”

သို့သော် ကျွန်တော်သည် သူတို့၏ပြောကြားချက်များကို လက်မခံပါ။ ကျွန်တော်ယူဆခဲ့သည်မှာ ဤသင်တန်းသားများသည် ပြောင်းလဲနေသော သင်ကြားရေးစနစ်အောက်တွင် ပညာသင်ခဲ့ရသော ကြောင့်သာ ပညာလည်းမတတ်၊ တတ်ချင်စိတ်လည်းမရှိဖြစ်နေသည်။ အကယ်၍ ကျွန်တော်က ကောင်းမွန်မှန်ကန်သောစနစ်ဖြင့် ပြန်သင်ကြားပေးလျှင် တတ်မြောက်လာမည်၊ ထိုအခါ ပညာ တတ်မြောက်ခြင်း၏ အရသာကို သိရှိ၍တတ်လည်းတတ်ချင်လာမည်။ သို့သော် ဤယူဆချက် သည်လည်း မှားပြန်သည်။

ပင်ကိုယ်က ပညာတတ်လိုစိတ်မရှိသူအား မည်ကဲ့သို့ သင်၍မျှမတတ်နိုင်ဟူသော အချက်ကို လက်မခံခဲ့ခြင်းသည်ကား ကျွန်တော်၏ ဒုတိယအမှား။

(၃)       တတိယအချက်သည် လွန်စွာသိမ်မွေ့သဖြင့် ရှင်းပြရန် အတော်ကြိုးစားရမည်။ ကျွန်တော်သည် ဘွဲ့ရရှိပြီးသူများအား သူတို့ကိုယ်တိုင်ဖြတ်သန်းခဲ့သော ပထမနှစ်၊ ဒုတိယနှစ်မှ အစရှိသော စာများ ကို အခြေခံမှစတင်၍ အတွေးသစ်အမြင်သစ်ဖြင့် သင်ကြားခြင်းအားဖြင့် သင်တန်းသားများသည် ပိုမို၍ အမြင်ကျယ်လာလိမ့်မည်၊ သူတို့သင်ခဲ့ဖူးသော သင်ရိုးများ၏ အားနည်းချက်များကို ထင်ထင် ရှားရှားမြင်လာလိမ့်မည်။ ထို့ကြောင့် အမ်ဖေးကျမ်းများကို ရေးသားသောအခါ အတန်းငယ်မှ အကြောင်းအရာများကိုပင် အမြင်သစ်အတွေးသစ်များဖြင့် ရေးသားပြသလိုက်ခြင်းအားဖြင့် သင်္ချာ လောကကြီးကိုပင် ဥာဏ်သစ် သွေးသစ်လောင်းသည့် ပမာဖြစ်သွားမည်ဟု ထင်ခဲ့သည်။

ဤထင်မြင်ချက်သည်လည်း လွဲခဲ့ရပြန်သည်။

 

ကျွန်တော်မျှော်မှန်းသလို ကျမ်းပြုစုသူများ၏ အတွေးအမြင်တိုးတက်မလာဘဲ ထိုကျမ်းများ ကို စစ်ဆေးသူ စာစစ်အဖွဲ့ဝင် ဆရာ/ဆရာမများအတွက် လက်နက်သဖွယ် ဖြစ်သွားသည်။ ယခင် က ဤသင်ရိုးများကို သင်ကြားခဲ့သော ဆရာ/မများသည် ယခင်ကမမြင်ခဲ့သော အားနည်းချက်များ ကို ဤအမ်ဖေးကျမ်းကိုဖတ်ကာမှ မြင်လာကြသည်။ အတွေးသစ်၊ အမြင်သစ်၊ အမြင်ဆန်းများကို လည်း ပိုမို၍ သိမြင်လာကြသည်။ ထိုကဲ့သို့ သိမြင်လာသည့်အလျောက် ကျမ်းပြုစုသူ သင်တန်း သားများ၏  အားနည်းချက်များကို ပိုမို၍ မြင်လာကြသည်။ ယခင်က သင်နေကျသင်ရိုးတွင် သူတို့ ကိုယ်တိုင်ကျော်သွားခဲ့သော အတွေးအခေါ်များကို နှုတ်မေးစာမေးပွဲတွင် မေးတတ်လာသည်။ ထိုအခါတွင် သင်တန်းသားများ၏ အားနည်းမှုများကို ပို၍မြင်လာကြသည်။

သို့ဖြစ်သော်ငြားလည်း ဤအမ်ဖေးကျမ်းငယ်များသည် ကျွန်တော်အဖို့ အမြင်စုတ်သော် လည်း ရွှေထုတ်သည့်မြပ၀ါများပမာ ဖြစ်ကြပါသည်။ ဤသည် အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဤအမ်ဖေးကျမ်းငယ်များ၏ အရေးအသား၊ အပြင်အဆင်ညံ့ဖျင်းခြင်း၊ အင်္ဂလိပ်စာသာမက သင်္ချာ အချက်အလက်များပါးမှားယွင်းနေခြင်းတို့သည် အပေါ်ယံမျှသာ ဖြစ်ပါသည်။ အပေါ်ယံမျှသာ ဖြစ်သည်ဟု ဆိုရခြင်းအကြောင်းမှာ ယင်းအမှားများကို လူတိုင်းလိုလို အလွယ်တကူမြင်နိုင်သည်။ ဥပမာပြရသော် အဖိုးတန်ရတနာများကို အိုးမဲသုတ်ထားသည့်ပမာ ဖြစ်နေသည်။ ထိုအပေါ်ယံများ သည် အဖိုးတန်ရတနာများကို အိုးမဲသုတ်ထားသကဲ့သို့ ဖြစ်နေသည်။ ယင်းအပေါ်ယံအနှောင့် အယှက်များ၏ အောက်ကို ဖောက်ထွင်း၍ မြင်နိုင်လျှင် အောက်ပါအဖိုးတန်ရတနာများကို တွေ့ရ မည်။

(၁)       ရေးသားထားသော အချက်အလက်အချို့တို့သည် ဆယ်တန်း၊ ပထမနှစ်၊ ဒုတိယနှစ်အဆင့်မျှပင် ရှိသဖြင့် အဆင့်နိမ့်သည်ဟု ဆိုနိုင်၏။ သို့သော်ငြားလည်း ၎င်းတို့၏ နောက်ကွယ်တွင် အလွန် လှပသော သင်္ချာအတွေးအခေါ်များ ထည့်သွင်းထားသည်ကို တွေ့ရမည်။

(၂)       ဘွဲ့ကြိုသင်တန်းများကို သင်စဉ်အခါက သတိမပြုမိ၍ သော်လည်းကောင်း၊ အချိန်မရှိ၍သော်လည်း ကောင်း ကျော်သွားခဲ့သော အတွေးအခေါ် အယူအဆများကို ဖော်ထုတ်ပေးသော သီအိုရမ်များနှင့် ပုစ္ဆာများကို တွေ့နိုင်သည်။

(၃)       အမ်ဖေးကျမ်းငယ်များကို သူ့ဘာသာခွဲအလိုက်နှင့် ခေါင်းစဉ်အလိုက် ပြန်စီလိုက်ပါက ပထမနှစ်မှ စတင်၍ နောက်ဆုံးနှစ်အထိ သိသင့်သော သင်ရိုးမာတိကာအတိုင်း အဆက်အစပ် ထိထိမိမိစဉ်ထားသည်ကို တွေ့ရမည်။ ထို့ကြောင့် နောင်အခါသင်ရိုးများ၊ သင်ခန်း စာမှတ်စုများ၊ လမ်းညွှန်များ၊ ပြဌာန်းစာအုပ်များကိုပိုမိုကောင်းမွန်အောင် ပြုပြင်ရာတွင် အထောက် အကူများစွာ ဖြစ်မည်မှာ သေချာပါသည်။

ယခုအခါ ကျွန်တော်သည် ကျွန်တော်ကြီးကြပ်ပေးခဲ့သော အမ်ဖေးကျမ်းငယ်များကို Algebra, Analysis, Topology, Probability, Linear Pnogramming, Differential Equations ဟူသော ခေါင်းစဉ် များခွဲ၍ စာအုပ်များချုပ်ထားသည်။ ဤတွဲချုပ်ထားသော စာအုပ်များရှိခြင်းအားဖြင့် ကျွန်တော့်အား မည်သည့် အတန်းတွင်မဆို၊ ကျွန်တော်အမ်ဖေး ကြီးကြပ်ပေးထားဖူးသော မည်သည့်ဘာသာရပ်ကိုမဆို သင်ခိုင်မည်ဆိုပါက ဤအမ်ဖေးကျမ်းများထဲမှ ထုတ်နှုတ်၍ အချိန်မရွေး သင်နိုင်သည်။

ဤအမ်ဖေးကျမ်းငယ်များသည် ကျွန်တော်ခေါင်းထဲတွင် အစဉ်မမှတ်မိနိုင်သော အချက်အလက် များ၊ သင်ပုံသင်နည်းများ၊ ပုစ္ဆာဆန်းများ၊ အတွေးသစ်အမြင်သစ်များကို အဘိဓာန်ပမာသိမ်းဆည်းထားပေး သကဲ့သို့ဖြစ်နေသဖြင့် ကျွန်တော့်အဖို့ အမြင်စုတ်သော်လည်း ရွှေထုတ်သည့်မြပ၀ါများဖြစ်နေသည်ဟု ဆိုခြင်းဖြစ်ပါသည်။

 

ဒေါက်တာခင်မောင်ဝင်း(သချာင်္)

အတွေးအမြင် အမှတ် ၉ ၃ ။၁၉ ၉ ၃ သြဂုတ်လ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အတွေးအမြင်, ဒေါက်တာခင်မောင်ဝင်း (သချာင်္), ပြန်လည်ဆန်းသစ်ခြင်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်