fbpx

ခင်မောင်စော (ဘာလင်) – ဖစ်မှဖစ်ရလေ

September 5, 2014

 
 ခင်မောင်စော (ဘာလင်) – ဖစ်မှဖစ်ရလေ
(မိုးမခ) စက်တင်ဘာ ၅၊ ၂၀၁၄  
                              

မြန်မာတို့ သည် တခုခုကို သရော်တော်တော် ပြောလိုသောအခါ၌ ဖြစ်စေ ရေရွတ်လိုသောအခါ ဖြစ်စေ။ ဖဦးထုပ်ကို ရရစ်မပါသော စသတ်ဖြင့် ‘ဖစ်မှဖစ်ရလေ’ ဟု သရော်လေ့ရှိပါသည်။

 မြန်မာပြည်တွင်းမှရောပြည်ပမှပါ  မြန်မာများ မြန်မာဘာသာစကား တလွဲ ပြောဆိုရေးသားမှုများကြာလေ ဆိုးလေ ဖြစ်လာသည်မှာများလှပါပြီ။  ကြာလျှင်မြန်မာစာနှင့်အသုံးပျက်ပါတော့မည် ဖြစ်သဖြင့် ဤ သတိပေးဆောင်းပါးကို ‘ဖစ်မှဖစ်ရလေ’ ဟု  အမည်တပ်ကာ ရေးလိုက်ရခြင်း ဖြစ်ပါ၏။


(၁) တံတားတလမ်း သံတလမ်း—တဲ့။ 

တခါက လူထုစိန်ဝင်းနှင့် ‘ဗျူး’ ခဲ့သူက အမှန်ဖြစ်ရမည့် ပြဒါးတလမ်း သံတလမ်းအစား တံတားတလမ်း သံတလမ်းဟု ကြိမ်ဖန်များစွာ ရေးခဲ့ပါသည်။ ဆရာကြီး လူထုစိန်ဝင်းကတော့ အမှန်အတိုင်းပြောခဲ့မည် မှာ မြေကြီးလက်ခတ်မလွဲပါ။ သို့ သော် ‘ဗျူး’ ခဲ့သူ ကိုယ်တော်မြတ်ကသာ မြန်မာစာဗဟုသုတ ကြွယ်ဝသူ မဟုတ်၍ အသံဖမ်းစက်ထဲ တွင် သွင်းလာသော စကားမှန်ကို မကြားတော့ဘဲ ထင်မိထင်ရာ ‘တံတားတ လမ်း သံတလမ်း’ ဟု ‘ရုတ်တမ်း’ ရမ်း တုတ် လိုက်ခြင်းသာ ဖြစ်ပါပေမည်။

ပြဒါးတလမ်း သံတလမ်း ဆိုသောစကားမှာ အဂ္ဂိရပ်ပညာမှ ပေါက်ဖွါးလာသော စကားဖြစ်ပါသည။် ပြဒါး ဝိဇ္ဇာ နှင့် သံဝိဇ္ဇာတို့ မှာ တလမ်းစီဖြစ်ကြောင်း။ ‘ပြဒါးသေ တဆွေဝ။ ‘သံသေ တပြည်ဝ’ ဆိုသော စကားပုံ ကလည်းအ ထောက်အထားအဖြစ်ရှိပါသည်။

ပြဒါးရှင်လုံးကို ရအောင်လုပ်နိုင်သည့် ပြဒါး ဝိဇ္ဇာမှာ ၎င်း၏ဆွေမျိုးတစုကိုသာ ချမ်းသာအောင်လုပ်ပေး မည် ဖြစ်သော်လည်း သံကိုပိုင်နိုင်စွာ အသုံးချနိုင်မည့် သံဝိဇ္ဇာ ကမူ တတိုင်းတပြည်လုံးကို ချမ်းသာ အောင် စွမ်းဆောင် နိုင်စေမည်ဟု ဆိုလိုပါသည်။

ဤစကားပုံ ၂ခုကို ကြည့်ခြင်းအားဖြင့်ရှေးမြန်မာကြီးများသည် အဂ္ဂိရပ်ပညာမှ ပို၍ခေတ်မီသော ဓါတုဗေဒ သတ္တုဗေဒတို့သို့  ပြောင်းလိုခဲ့သည်မှာထင်ရှားပါသည်။ အနောက်နိုင်ငံများတွင် စက်မှုတော်လှန်ရေးများ ပေါ်ပေါက်လာကာ ကြွယ်ဝချမ်းသာသွားကြပုံက သက်သေခံနေပါသည်။


(၂) ပုလဲနံပသင့် — တဲ့။ 

လူတိုင်းလောက်နီးနီး အထက်ပါစကားပုံအမှားကိုသုံးနေကြပါသည်။ တချို့ လူများကဆိုလျှင်သီဟိုဠ်ကျွန်း တွင် ပလဲဆိုသူနှင့်နံပဆိုသူတို့ ချစ်ခင်ရင်းနှီးကြရာမှ ၎င်းစကားပုံ ပေါ်လာသည်ဟု ဖြီးဖြန်းရမ်းတုတ်ကြပါ သည်။ အမှနှ်မှာ မွန်ဘာသာစကားမှလာသော စကားပုံဖြစ်သည်။ ကမာကောင်များမှရသော ပုလဲသည် ကြိုးနီနှင့် လိုက်ဖက်သည်ဟု ဆိုလိုရင်းဖြစ်ပါသည်။ ကြိုးနီကို မွန်ဘာသာဖြင့် ပနံဟုခေါ်ပါသည်။
ထို့ ကြောင့် စကားပုံအမှန်မှာ ‘ပုလဲပနံသင့်’ သာ လျှင် ဖြစ်ပါသည်။
ကာလရွေ့ လျော၍ ရှေ့ နောက် ပြောင်းပြန်ဖြစ်သွားကာ ‘ပုလဲနံပသင့်’ ဟု မှားနေကြခြင်းပါပေ။


(၃) ဘုမသိ ဘမသိ ။

၎င်းစကားပုံမှာလည်း မွန်ဘာသာမှ လာခြင်းဖြစ်ပါသည်။  မွန်ဘာသာတွင် ‘ဘု’ နှင့် ‘ဘ’ သည် အဖြူနှင့် အမဲဟု မြန်မာအဓိပ္ပါယ် ရပါသည်။ အဖြူမှန်း အမဲမှန်း မခွဲခြားတတ်သူ။ ဘာမျှမသိသူ။ ငတုံးဟူသော သဘောရပါသည်။

မူရင်း မွန်ဘာသာမှ လာမှန်းမသိသူများက အသံတိတ်ရုပ်ရှင်ခေတ်က ‘ဝေဘာဂီ’ ဟူသော ရုပ်ရှင်ကားပါ ဇာတ်လမ်းကို၎င်းစကားပုံ၏မူလဇစ်မြစ်ဟုထင်နေကြပေသည်။ ၎င်းရုပ်ရှင်မှာ လူကြိုက်များသဖြင့် စကား ပုံ၏မူရင်းကိုသိသူ ပိုနည်းသွားပါသည်။
ဇာတ်လမ်းမှာဘုရင့်သမီးတော်၏ တိတ်တိတ်ပုန်း ချစ်သူမှာ ချည်မန်းကွင်း စွပ်လိုက်လျှင် ငှက်ကလေး အဖြစ်ဖြင့် မင်းသမီးအဆောင်တွင်နေပြီး ညလူခြေတိတ်ချိန်တွင် ချည်မန်းကွင်းဖြုတ်လိုက်ရာ လူဖြစ်လာ ပြီး သမီးတော်နှင့် အချစ်ပလူးသည်။ တနေ့ တွင် ဘုရင်ကြီး ရိပ်မိသွား၍ သမီးတော်က ၎င်း၏ ချစ်သူကို ချည်မန်းကွင်းစွပ်ပြီး ငှက်ကလေးအဖြစ် အလွှတ်တွင် ချည်မန်းကွင်းပြတ်သွား၍ လူဖြစ်လာပြီး စစ်သား များလက်မှ လွတ်ရန်ပြေးရလေတော့၏။ စစ်သားများကို အတန်ငယ် ဖြတ်ထားမိချိန်တွင် လယ်တောအိမ် တခု အ တွင်းသို့ ဝင်သွားရာ ထမင်းစားနေသော လယ်သမားကြီးနှင့် သမီး၏ ထမင်းဝိုင်းသို့ အတင်းဝင်၍ စားလေတော့သည် ။ စစ်သားများ ရောက်လာချိန်တွင် ၎င်းက “စားပါ အဘရဲ့။ အဘ သမီးရဲ့ လက်ရာက သိပ်ကောင်းတာဘဲ” ဟူ၍၎င်း။ ´ မိန်းကလေးကိုလည်း “စားပါ မိန်းမရဲ့။ မင်းလက်ရာ က တနေ့ ထက် တနေ့ ပိုကောင်းလာတယ်”ဟု၎င်း လုပ်လေတော့ရာ စစ်သားများက မိသားစုထမင်းဝိုင်း ထင်ပြီး ထွက် သွားကြလေတော့မှ လယ်သမားကြီးက သမီးကို “ဘုရေ သမီးသူ့ ကို သိသလား” ဟု မေးရာ သမီးက “မသိပါဘူး အဘရေ။ ဘရော သူ့ ကို သိသလား” ဟု ပြန်မေးပြန်ရာ လယ်သမားကြီးက “အဘလည်း မသိပါဘူး။ လက်စသတ်တော့ ဘုမသိ ဘမသိ လူပါလား” ဟု ပြောဆိုလိုက်သည်။ လူစိမ်းက ထိုင် ကန်တော့ပြီး အကြောင်းစုံကို ရှင်းပြရာ လယ်သမားကြီးက “ဘုမသိ ဘမသိလည်း ကိစ္စမရှိဘူး။ အသက် တချောင်း ကယ်လိုက်ရတာတို့ ကုသိုလ်ပေါ့။ မင်းလည်း ငါတို့ လယ်တောထဲမှာ နေပြီး ကူလုပ်ပေးပါ လား” ဟု ဆိုပြီး ခေါ်ထားလိုက်ရာ နောက်ဆုံးတွင် သမီးနှင့် ညားသွားသော ဇာတ်လမ်းဖြစ် သည်။
(၄) ‘အသုဘမှာ မင်္ဂလာပါ—တဲ့’ 

စာရေးသူတို့  ငယ်စဉ်က စ၍ မြန်မာအ့သံမှ နေ့ စဉ်ကြားနေရသော စကားမှာ “သောတရှင်များ ကျန်းမာတော် မူကြပါရဲ့လားရှင်/ခင်ဗျား” ဆိုသော နှုတ်ခွန်းဆက် စကားသာ ဖြစ်ခဲ့ပါ၏။ သဘင်ပွဲများ။ ဧည့်ခံပွဲများတွင်လည်း” ရွှေပွဲ လာ ပရိဿတ်များ ခင်ဗျား/ရှင်။ ဧည့်တော်များရှင်/ခင်ဗျား “စသော နှုတ်ခွန်းဆက် စကားများသာ ကြားခဲ့ရပါ၏။

၁၉၆၅ခုနှစ်တွင် ကျောင်းပေါင်းစုံကို ပြည်သူပိုင်သိမ်းလိုက်ရာတွင် ယခင်က ´Good morning Sir/ teacher` စသည်ဖြင့် နှုတ်ဆက်ခဲ့ကြသော အင်္ဂလိပ်ကျောင်းများနည်းကိုယူပြီး အာဏာရှင် ဗိုလ်နေ၀င်း က ‘မင်္ဂလာပါ’ ဟူသော စကားကို ထွင်ပေးလိုက်ပြီး “မင်္ဂလာပါ ဆရာ/ဆရာမ”ဟု ကျောင်းတိုင်းတွင် နှုတ်ဆက်ခိုင်းပါတော့သည်။ သို့ သော် မြ န်မာ့အသံနှင့် ရုပ်မြင်သံကြားကမူ ၁၉၈၈ခုနှစ်အထိ မင်္ဂလာပါ ဖြင့် မစသေးပါ။ နာမည်ကျော်အဆိုတော်ကြီး ဒေါ်မာမာအေးအသိဆုံးဖြစ်ပါလိမ့်မည်။ ယခုတိုင်လည်း ဒေါ်မာမာအေးသည် သူ၏ဆောင်းပါးများ၌ “သောတရှင်များ ကျန်းမာတော် မူကြပါရဲ့လားရှင်” ဟူသော  နှုတ်ဆက်စကားဖြင့်သာအစပျိုးပါသည်။ မိုးမခတွင် ၎င်းရေးသောစာတိုင်း၌ မြန်မာ့ရိုးရာဓလေ့အတိုင်း ” သောတရှင်များ ကျန်းမာတော်မူကြပါစရှင် … မာအေးချစ်တဲ့ သောတရှင်တွေ၊ ဂီတ၀ါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေးကြားရတဲ့အခါ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန် ကောင်း တောင်းလိုက်ပါတယ်။ သောတရှင်တို့ရေ” တို့ဖြင့်သာ အစချီပါသည်။ ဗိုလ်နေဝင်းတို့ထွင်ခဲ့သော “မင်္ဂလာပါ”ဆိုသည့်အသုံးကိုမသုံးပါ။ အများမိုးခါးရေသောက်တိုင်း လိုက်သောက်သည့်သူမဟုတ်ပါ။

 

၁၉၆၅ ခုမှ စထွင်သည့် “မင်္ဂလာပါဆရာ/ဆရာမ” ကိုလည်း ထိုစဉ်က ကျောင်းသား ကျောင်းသူများက လူပျိုဆရာ/ အပျိုဆရာမများကို နောက်ပြောင်ပြီး “မင်္ဂလာဆောင်ပါ ဆရာ/ ဆရာမ” ဟု နှုတ်ဆက် ကြလေရာ ဆရာ/ဆရာမတို့ ကလည်း “ဘယ်မလဲ သတိုးသား/ သတိုးသမီး”ဟု ပြန်နောက်ကြသဖြင့် တဝေါဝေါ ရယ်ပြီးသာ အတန်းများကို စခဲ့ကြရပါသည်။  ကျောင်းသူကျောင်းသား ခပ်နောက်နောက် တချို့ကလည်း “မင်္ဂလာဒုံပါ ဆရာ/ဆရာမ”ဟူ၍၎င်း “လေဆိပ်ပါ ဆရာ/ဆရာမ”ဟူ၍၎င်း နောက်ပြောင် ပြီးနှုတ်ဆက်ကြပါသည်။
၈၈ခု နောက်ပိုင်းတွင်မူ ‘မင်္ဂလာပါ’ နှင့် လက်အုပ်ချီ စနစ်ကို ဓါးမိုး၍ ခိုင်းလေတော့ရာ နောင်လာ နောက်သားတို့ မှာ တကဲ့ မြန်မာ့ယဉ်ကျေးမှုကြီးသဖွယ် လိုက်နာနေကြရပါတော့သည်။ ပို၍ဆိုးသည်မှာ  မြန်မာဘာသာ။ စကား။ ယဉ်ကျေးမှုတို့ ကို လေ့လာကြသော နိုင်ငံခြားသားများက တွေ့ သမျှလူကို လိုက်ပြီး “မင်္ဂလာပါ”ဟု နှုတ်ဆက်ရာတွင် လူအများစုက ပြုံးရုံမျှအပ မည်သူကမျှပြန်ပြီး ‘မင်္ဂလာပါ’ မလုပ်ကြ၍ အူကြောင်ကြောင် ဖြစ်ကုန်ကြပါသည်။
စစ်အစိုးရက “မင်္ဂလာပါ” နှင့် လက်အုပ်ချီနည်းကို ဗမာ့ယဉ်ကျေးမှု ပုံသွင်းလာသည်မှာ မည်မျှဒုက္ခတွေ့ နိုင်ကြောင်း စာရေးသူကိုယ့်တွေ့ ကြုံရပုံကို တင်ပြလိုပါသည်။ တခါက နိုင်ငံခြားသူ၊ မြန်မာဘာသာစကားနှင့် စာပေကိုလေ့လာနေသူ ဆရာမတဦးက ရန်ကုန်မြို့ တွင် နာမည်ကြီး မြန်မာစာရေးဆရာမကြီးတဦး၏ အသုဘတွင် လူတကာကိုလိုက်ပြီး “မင်္ဂလာပါရှင့်”ဟု လက်အုပ်ချီပြီး နှုတ်ဆက် နေ လေတော့ရာ မသာရှင်ရော အသုဘ လာသူအပေါင်း ငိုအား ထက်ရယ်အား သန် “ဖစ်မှဖစ်ရပလေ”ဟု ပြောရတော့ မလို ဖြစ်သွားပါသည်။ နောက်ဆုံးတွင်မနေနိုင်သူတဦးက မသာ။ အသုဘဆိုသည်မှာ မြန်မာမှုတွင် ‘အမင်္ဂလာကိစ္စ’ ဖြစ်၍ ‘မင်္ဂလာပါ’ ဟု နှုတ်မဆက်သင့်ကြောင်း ရှင်းပြလိုက်ရာတွင် ၎င်းနိုင်ငံခြားသူက “မြန်မာ ဘာသာစကားသင် စာအုပ်တွေမှာ ဘာကြောင့် နှုတ်ခွန်းဆက် စကားလို့ ရေးထားတာလဲ” ဟု စောဒကတက်လေတော့သဖြင့် ၎င်းပုဂ္ဂိုလ်မှာမချိသွားဖြဲရယ်ရင်း “ဒါတွေက အာဏာစက်နဲ့ လုပ်ထားတာ ပါ။ တကယ်မြန်မာမှုတွေ မဟုတ်ပါဘူး” ဟုသာ ပြောလိုက်ရရှာပါတော့သည်။
(၅)   တော်ဝင်မိသားစု၊ တော်ဝင်မင်းသမီး — တဲ့။ 
ယခုခေတ်စာနယ်ဇင်းများတွင် ဗြိတိသျှတော်ဝင်မိသားစု၊ ဒိန်းမတ်တော်ဝင်မင်းသမီးစသောအရေးအသား များကို မကြာခဏဖတ်နေရပါသည်။ အင်္ဂလိပ်စကား Royal ကို မှားယွင်းစွာဘာသာပြန်ထားချက်ပါပေ။
မြန်မာဘာသာ၌  တော်ဝင်ဆိုသောစကားကို အများအားဖြင့် အမရာ၊ ကိန္နရီ၊ မဒီဒေဝီ၊ သမ္ဘူလဆိုသော ပရမီဖြည့်ဘက် အမျိုးသမီးကြီးလေးဦးအတွက် တော်လေးဝ ဝင်သူများ၊ တော်ဝင်သူမယ်သမ္ဘူစသည်ဖြင့် သုံးလေ့ရှိပါသည်။ ထီးနန်းသုံးအဖြစ်သုံးလိုပါက တော်ဝင်နန်းသုံး ဟုသုံးလေ့ရှိပါသည်။  ဥပမာ တော်ဝင် နန်းသုံးဆေး၊  တော်ဝင်နန်းသုံးသဘင်သည် စသည်ဖြင့် သုံးလေ့ရှိပါသည်။  တော်ဝင်သစ်တောဟု သုံး လိုက်ပါက ဘုရင်ပိုင်သစ်တောဖြစ်သွားပါသည်။
မင်းဆွေမင်းမျိုးများအတွက် အိမ်ရှေ့စံ၊ မင်းညီ မင်းသား၊ မင်းသမီး၊ ညီတော်၊ ညီမတော်၊ နှမတော်၊အစ်မတော်၊ မောင်တော်၊ မရီးတော်၊ မတ်တော် ၊ယောက္ဖတော်ကျော်ထင်နော်ရထာ စသောအသုံးများ သာရှိပါသည်။
သာကီဝင်မင်းများအကြောင်းရေးရာ၌  ဂေါတမဘုရား၏  “ဆွေတော်ရှစ်သောင်း မျိးတော်ပေါင်း” ဟု ရေးလေ့ရှိသည်။ ကမ္ဘာ့သမိုင်းအခြေပြစာအုပ်၌လည်း “ဂျာမန်ကိုင်ဇာဘုရင်သည် ဗြိတိသျှဆွေတော် မျိုးတော်တို့၏ အကူအညီဖြင့် ဟော်လန်နိုင်ငံသို့ပြေးလေတော့သည်။” ဟုသာရေးထားပါသည်။ “ဗြိတိ သျှတော်ဝင်မိသားစု” တို့၏အကူအညီဖြင့်ဟော်လန်နိုင်ငံသို့ပြေးလေတော့သည် ဟုရေးမထားပါ။
ထို့ကြောင့် “ဗြိတိသျှတော်ဝင်မိသားစု” ဆိုသောအသုံးအစား “ဗြိတိသျှဘုရင့်မိသားစု”၊ “ဒိန်းမတ်တော်ဝင် မင်းသမီး” ဆိုသောအသုံးအစား “ဒိန်းမတ်ဘုရင်၏သမီးတော်/ နှမတော်/ အစ်မတော်” စသည့် မြန်မာ ဆန်သောအသုံးများကို သုံးသင့်ပါသည်။
( ၆)  ရွှေခေတ်— တဲ့။ 
Golden age ကိုမြန်မာလို  ရွှေခေတ် ဟု ဘာသာပြန် နေကြပါသည်။ ဘာသာပြန်ထားချက်လွဲ နေပါ သည်။ အကြောင်းမှာ
ကျောက်တုံးကျောက်ခဲကိုလက်နက်၊ လူသုံးပစ္စည်းအဖြစ်သုံး သောခေတ်ကို ကျောက်ခေတ် ဟုခေါ်ပါသည်။ အင်္ဂလိပ်လို stone age  ဖြစ်ပါသည်။ ကြေးကိုလက်နက်၊ လူသုံးပစ္စည်းအဖြစ်သုံး သောခေတ်ကို ကြေးခေတ်ဟုခေါ်ပါသည်။ အင်္ဂလိပ်လို bronze age  ဖြစ်ပါသည်။သံကိုလက်နက်၊ လူသုံးပစ္စည်းအဖြစ်သုံး သောခေတ်ကို သံခေတ်ဟုခေါ်ပါသည်။ အင်္ဂလိပ်လို iron age  ဖြစ်ပါသည်။

ရွှေခေတ်ဟုသုံးလျှင် ရွှေကိုလက်နက်၊ လူသုံးပစ္စည်းအဖြစ်သုံး သောခေတ် ဖြစ်သွားပါမည်။ အင်္ဂလိပ်လို gold age  ဖြစ် ဖြစ်သွားပါမည်။ Golden age  မဟုတ်တော့ပါ။

Golden age ကိုမြန်မာလို “ခေတ်ကောင်းချိန်”၊ “စမ်းပွင့်ချိန်” စသည်ဖြင့်ဆီလျော်အောင် ဘာသာပြန်လေ့ ရှိပါသည်။ gold (ရွှေ) ပါစေချင်လျှင်လည်း  “ရွှေထီးဆောင်းခဲ့သောကာလ” သို့မဟုတ် “ရွှေထီးဆောင်းခဲ့ စဉ်က” သို့မဟုတ် “ရွှေထီးဆောင်းခဲ့သောခေတ်” ဆိုလျှင် “ရွှေခေတ်” ဟုဆိုသည်ထက် ပိုပြီးမြန်မာဆန် ပါလိမ့်မည်။

(၇) နိုင်ငံခြားထွက်ပြီး “ပိုက်ဆံရှာ” – သတဲ့။ 

“ပိုက်ဆံရှာ”ဆို သောစကား၏ဆိုလိုရင်းအဓိပ္ပါယ်ကို ယခုခေတ်မြန်မာအများစုမသိကြတော့ပေ။ အထူး သဖြင့်အမျိုသမီးများက “ကျွန်မတို့ ‘ပိုက်ဆံရှာ’ဖို့ နိုင်ငံခြားထွက်လာတာ” ဆိုသောစကားကို ကြားရသော အခါ ကျွန်တော့်မှာ ဖဦးထုပ်ကို ရရစ်မပါသော စသတ်ဖြင့် ‘ဖစ်မှဖစ်ရလေ’ ဟုသာ ရေရွတ်ရတော့မလို
ဖြစ်သွားရပါ၏။ အကြောင်းမှာ “ပိုက်ဆံရှာ”ဆိုသောဘန်းစကား၏အဓိပ္ပါယ်မှာ “ခန္ဓာကိုယ်နှင့်ရင်းကာ ငွေရှာသည်၊ ပြည့်တန်ဆာလုပ်သည်”၊ အရှင်းဆုံးနှင့်ခပ်ကြမ်းကြမ်းပြောရလျှင် “ဖာခံသည်” ဟုဆိုလို သောကြောင့်ပင်တည်း။
“ပိုက်ဆံ”သည်ကုလားစကားမှလာသောမွေးစားစကားလုံးဖြစ်ကာမြန်မာစကားအစစ်က”ငွေ”ဖြစ်သည်။ “သည်ဆောင်းဟေမန်” ရုပ်ရှင်ကားတွင် မင်းသားကျော်ဆွေကိုယ်စား ဒါရိုက်တာဦးသုခသီဆိုပေးခဲ့သော “ဂုဏ်ဆိုတာငွေကိုခေါ်တယ်” သီချင်းတပုဒ်လုံး၌ ပိုက်ဆံဆိုသောအသုံးတခါသာပါပြီး “ငွေ”ဆိုသောမြန် မာဝေါဟာရကိုသာထည်လဲသုံးသွားပါသည်။
အင်္ဂလိပ်များမြန်မာပြည်ကိုသိမ်းပြီးခါစကမြန်မာ့ဇာတိမာန်ကိုချိုးရန်အကြံထုတ်ရာ နောက်ဆုံး၌ လူဦးရေ နည်းသောမြန်မာပြည်ကို လူဦးရေများသောအိန္ဒိယပြည်တွင်းသွင်းပြီး အိန္ဒိယပြည်၏ ပြည်နယ်တခုအဖြစ် ထားကာ သန်းချီသော ကုလားများကို မြန်မာပြည်တွင်းသွင်း၍ လူကိုလူချင်းမျိုသည့်နည်းဖြင့် မြန်မာ လူမျိုးပျောက်သွားစေရန်အကြံကိုရခဲ့ကြသည်။ ၎င်းကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဟောင်းဒေါက်တာ ထင်အောင်က အောက်ပါအတိုင်းရေးခဲ့ပါသည်။
“Lord Dufferin, finally decided to annex the territory altogether and, with a view to further humiliate the Burmese people, declared the whole country to be a mere province of the Indian empire.  He probably hoped that the Burmese would lose their separate racial identity under the flood of Indian immigrants”. (See details: Maung Htin Aung, A History of Burma,Columbia University Press, 1967, p. 266)
ထို့ကြောင့် အင်္ဂလိပ်ခေတ်၌  ခေါ်တောအစ၊ ကျူလီယာအလယ်၊ ပန်ချာဘီအဆုံး၊ ကုလားနွယ်တိုင်းမသိ၊ ထုပတိ သောကုလားများ တံခါးမရှိဓားမရှိဝင်လာကြသည်မှာ မြန်မာပြည်လူဦးရေ ၁၄သန်းတွင်ကုလားက ၁.၇ သန်းရှိနေပြီး၊ ဗမာမတွေကုလားနှင့်ညားကာ မူဆလင်ဖြစ်၊ ဇေဒဘာရီခေါ်ကုလားကပြား (နောင်ဗမာ မူဆလင်အမည်ခံ) တွေကလည်းနှစ်သိန်း နီးပါးရှိလာသောအချိန်၌ “ကုလားနှင့်ပေါင်း၍ ခန္ဓာကိုယ်နှင့်ရင်း ကာ ငွေရှာသည်”ဟုအဓိပ္ပါယ်ရသော “ပိုက်ဆံရှာ” ဆိုသည့်ဘန်းစကားကို မျိုးချစ်စိတ်ပြင်းထန်သူများက ထွင်လိုက်သည်ဟုမှန်းရပါသည်။
“ပိုက်ဆံရှာ” နှင့်ပတ်သက်၍အကောင်းဆုံး ဥပမာမှာ ကွယ်လွန်သူစာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင်၏ “ကမ္ဘာကုန်ကျယ်သ၍ဝယ်”ဝထ္ထုတွင် သူ့ကိုကိုယ်စားပြုထားသူ သက်ခိုင် နှင့် တင်မောင်စိုး၊ မောင်ရှိန် စသူများလောင်းကြေးထပ်ကြရာ၌ သက်ခိုင်ကနိုင်ရာ ရှုံးသူများက “ပုဗ္ဗေစအခြေမလှသူကို” အစချီသည့် သူတောင်းစားသီချင်းဆိုပြီး အခန်းစဉ်လှည့်တောင်းကြသည်ကို သက်ခိုင်မြင်၍ ဘာကြောင့်ကျက်သရေမရှိ   သောအလုပ် လုပ်နေကြကြောင်းမေးသည်တွင် တယောက်က “လောင်းကြေးရှုံးပြီး ပေးစရာပိုက်ဆံမရှိလို့ ရမည့်နည်းနဲ့ ပိုက်ဆံရှာနေတာ” ဟုဖြေ၏။ နောက်တယောက်က “ထွီ၊ တောင်းစားရင်တောင်းစား တယ်ပြောပါလား၊ ဘာလို့ပိုက်ဆံရှာတယ် ပြောရတာလဲ။ ပိုက်ဆံရှာတဲ့အထဲငါမပါဘူး မင်းနဲ့ မင်းအမျိုးတွေ ဘဲပါမှာ”ဟုပြောသည်။
ဤနည်းဖြင့် “ပိုက်ဆံရှာ” ဆိုသောအလုပ်မှာ မိန်းမရွှင်၊ မိန်းမပျက်၊ ကြေးစားမ၊ ပြည့်တန်ဆာ၊ ဖာသည်၊ ပခြုပ်သည် တို့၏ “စီးပွားလုပ်” ခြင်းဖြစ်ကြောင်းထင်ရှားစွာပြထားပါသည်။
ဦးပုည၏ဝိဇယပြဇာတ်တွင် မယ်ကုဝဏ်သည် ဘီလူးမဖြစ်ကြောင်းသိသွားသောအခါ ဝိဇယကုမ္မာက “ဘိက္ခူနီယောင်၊ မာယာဆောင်သည်၊ ကြောင်သီလနယ်၊ အရင်းမထုတ် စီးပွားလုပ် တဲ့ ပခြုပ်သည်” ဆိုပြီးသတ်မည်လုပ်ပါသည်။ ဦးပုည၏ဝိဇယပြဇာတ်တွင်ပါသော “စီးပွားလုပ်” နှင့်တက္ကသိုလ်ဘုန်းနိုင်၏ “ကမ္ဘာကုန်ကျယ်သ၍ဝယ်” ဝထ္ထုတွင်ပါသော “ပိုက်ဆံရှာ” တို့သည် သံကွဲကြောင်းတူ စကားလုံးများ (synonym) များဖြစ်ပါသည်။တနည်းအားဖြင့် “ပိုက်ဆံရှာ”  နှင့် “စီးပွားလုပ်”က အဆိုးကိုပြပြီး၊ “ငွေရှာ”၊ “စီးပွားရှာ” နှင့် “စီးပွားဖြစ်” တို့က အကောင်းကိုပြကြောင်းသိနိုင်ပါသည်။
(၈) ပတ္တမြားမှန်လျှင် နွံမှာမနစ် – တဲ့။

 

တချို့ လူများကအထက်ပါ စကားပုံအမှားကို သုံးနေကြပါသည်။ ယထာဘူတကျကျစဉ်းစားကြည့်ပါ။ ပတ္တမြား၏သိပ်သည်းဆသည် ရေ၏သိပ်သည်းဆ၊ နွံ၏သိပ်သည်းဆ တို့ထက်များသဖြင့် နွံ၌ နစ်မည်မှာ ဧကံမုချဖြစ်ပါသည်။
စကားပုံအမှန်မှာ “ပတ္တမြားမှန်လျှင် နွံမှာနစ် သော်လည်း မညစ်”  ဖြစ်ပါသည်။
ပညာရေးဝန်ကြီးဌာန၊ မြန်မာစာအဖွဲ့မှထုတ်သော “မြန်မာစကားပုံ” စာအုပ် စာမျက်နှာ ၁၄၀ – ၁၄၁ စကားပုံနံပတ် ၃၈၆ ကိုကြည့်ပါ။
စကားပုံ၏မူရင်းဇတ်မှာ ခုဒ္ဒကနိကာယ်၊ ဇာတ်တော် နံပတ်၂၈၅ မဏိဃံသဇာတ်ဖြစ်ပါသည်။
ဇာတ်ကြောင်းမှာ ရှေးသရောအခါ ဟိမ၀န္တာရှိ ပတ္တမြားဂူတစ်ခုအတွင်းဝယ် ၀က်တအုပ်နေကြ၏။ ထိုဂူ အနီးသို့ ခြင်္သေ့လာတိုင်း ဂူ၌အရိပ်ပေါ်လေရာ ၀က်များသည် ရွံ့နွံ၌လူး၍ ဂူကိုပွတ်ကြသည်။ ပတ္တမြားဂူကို ရွံ့နွံဖြင့်ပွတ်တိုင်း ပတ္တမြားသည် အရောင်မှိန်မသွားပဲ ပို၍တောက်ပြောင်လာ၏။ ဂူအနီးတွင် တရားကျင့် နေသော ရသေ့က ထိုအခြင်းအရာကို မြင်သောအခါ ၀က်များအား အဘယ့်ကြောင့်ထိုသို့လုပ်နေကြောင်း မေးလေ၏။ ၀က်တို့လည်း ပတ္တမြားဂူအားအရောင်မှိန်စေရန်အတွက်လုပ်ခြင်းဖြစ်ကြောင်း ပြောလေ သော် ရသေ့က ပတ္တမြားအရောင်ကို နွံဖြင့်မှိန်အောင် လုပ်ခြင်းငှာ မစွမ်းနိုင်၊ သင်တို့ ခြင်္သေ့ရန်ကို ကြောက်လျှင် ဤဂူ၌မနေသင့်၊ တခြားနေရာသို့ ပြောင်းလော့ဟုဆို၏။ ထိုဇာတ်တော်ကို အစွဲပြု၍ ပတ္တမြားမှန်လျှင် နွံမှာ နစ်သော်လည်း မညစ်ဟူသော စကားပုံပေါ်လာခြင်း ဖြစ်သည်။
(၉) သူမ –တဲ့
အင်္ဂလိပ်ဘာသာတွင် he, she, ဂျာမန်ဘာသာ၌ er, sie, တို့ရှိသော်လည်း မြန်မာဘာသာ၌ သူဆိုသော နာမ်စားတခုသာရှိပါသည်။ လိင်ခွဲမထားပါ။  သို့သော်ပြောသူအတွက်နာမ်စား၌မူကားမြန်မာဘာသာတွင် ကျွန်တော်နှင့်ကျွန်မလိင်ခွဲထားပါသည်။ ယခုခေတ်လူငယ်များက ပြောသူနာမ်စားအဖြစ် သုံးလေ့ ရှိသော သားသမီး စသောနာမ်များကိုသုံးလျှင်၎င်း၊ မိမိ၏နာမည်အပြည့်အစုံဖြစ်စေ၊ တစိတ်တပိုင်း ဖြစ်စေ ပြောသူနာမ်စားအဖြစ်သုံးသုံးလျှင်၎င်း လိင်ခွဲထားမှုရှိကြောင်းပြနေပါသည်။ အင်္ဂလိပ်ဘာသာတွင် I, ဂျာမန်ဘာသာ၌ ich ဆိုသော နမ်စားတခုသာရှိပါသည်။ လိင်ခွဲမထားပါ။  ဤကားမြန်မာသဒ္ဒါနှင့် အနောက်တိုင်းသဒ္ဒါ ခြားနားချက်ပါပေ။
အင်္ဂလိပ်ခေတ်က၎င်း၊ ယခုခေတ်တွင်၎င်း၊ အချိ့က အနောက်တိုင်းသဒ္ဒါကိုလိုက်ပြီး သူမဟုသုံးနေကြ ပါသည်။ သို့ပါသော်လည်း ထိုသူကို ခင်ဗျားမိန်းမဘယ်မှာလဲဟုမေးလိုက်ပါက သူဈေးသွားတယ်စသည်ဖြင့် သူကိုသာသုံးပါမည်။ “”သူမဈေးသွားတယ်ဟုမည်သူမျှမပြောပါ။
အချို့မြန်မာမှုများတွင် သူသည် ဣထ္ထိလိင်ဖြစ် ကြောင်းပြသည်။ ဥပမာ၊ ကျောင်းသူ ကျောင်းသား။ ဈေးသူ —  ဈေးသား။ မန္တလေးသူ မန္တလေးသား။ လယ်သူ လယ်သား။ ရွာသူသည် ရွာက မိန်းက လေးဟု၎င်း၊ အသေးစားစုံးမဟု၎င်း ၂ မျိုး အနက်ပေးပါသည်။
မြန်မာစကားမှာရှိသော လူကြီးသူမတွင်ပါသော မှာ ဣထ္ထိလိင်နှင့်မဆိုင်ဘဲ အိမ်မ၊ ပြည်မ တို့မှာ ကဲ့သို့ ကြီးခြင်းကိုပြပြီး လူကြီးသူကြီးဟုဆိုလိုပါသည်။ လယ်သူမတွင်လည်း မူရင်းဆိုလိုချက်မှာ လယ်သူတို့၏အကြီးအကဲ(ဝါ) ကောက်စိုက်မခေါင်းဖြစ်သည်။ ဣထ္ထိလိင်နှင့်မဆိုင်ပါပေ။
(၁၀)  တစ်ရေးထုံးနှင့် တပင်ရွှေထီးဘုရင်၊ ဗိုလ်တထောင်ဘုရား စသောအမည်များ။
မြန်မာစာအတွက် ကံဆိုးသည်မှာ အာဏာရှင် ဗိုလ်နေ၀င်း မြန်မာစာ ကော်မရှင်တွင် နာယကတက်လုပ် ပြီး သတ်ပုံ သဒ္ဒါတို့ ကို ၎င်း၏စိတ်တိုင်းကျ ရေးဆွဲ ပြင်ဆင်ခိုင်းလိုက်ခြင်းပင်ဖြစ်သည်။ အကျယ်ကို ဆရာကြီး ကြေးမုံ ဦးသောင်း ရေးခဲ့ပြီးဖြစ်၍ ထပ်မရေးလိုတော့ပါ။ ‘တခါတရံ၊ လောကဓံ။ ဆက်ဆံကို လည်း၊ သေးသေးတင်’ ဟူသော က၀ိလက္ခဏာ သတ်ပုံလင်္ကာနှင့် “ထိုမင်း၏ ပါယ်မယား တယောက် သော်ကား တြိလာကဝဋ်သကာဒေဝီမည်၏။ ထိုပါယ်မယားသားတမူလည်း ရာဇကုမာရ် မည်၏” ဟုရေး ထိုးထားခဲ့သော မြစေတီကျောက်စာပါ ရေးထုံးများကို ဗိုလ်နေ၀င်း၏ “တ နှင့် တစ်ရေးထုံးသစ်” နှင့် ယှဉ် ကြည့်ကြပါဟုသာ ဆိုချင်ပါသည်။
ဗိုလ်နေ၀င်းက “တ နှင့် တစ်ရေးထုံးသစ်” ထွင်ပါသော်လည်း ဘုရားသမိုင်းပါ စစ်ဗိုလ်တစ်ထောင်နှင့် ဝိုင်းတည်သည်ဆိုသောစေတီကိုမူ “ဗိုလ်တစ်ထောင်ဘုရား” ဟုမရေးရဘဲ “ဗိုလ်တထောင်ဘုရား”ဟုသာ “စမသတ်ဘဲ”ရေးကြရပါသည်။
ရွှေရောင်တောက်သည့်ဆံမျှင်တစ်ချောင်းပါလာသည့် ဘုရင်ကို ဘာကြောင့်”တစ်ပင်ရွှေထီး”ဟုမရေးရဘဲ “တပင်ရွှေထီး”ဟုရေးရသနည်း။ အဖြေကားရှင်းနေပါ၏။ “မင်းခေါင်နော်ရထာ့တွတ်”ဆိုသူ ဗိုလ်နေဝင်း၏ သတ်ပုံကျမ်းမှားနေသည့်အတွက်ကြောင့်ပင်မဟုတ်ပါလော။
ထို့ကြောင့် ဆရာကြီး ကြေးမုံ ဦးသောင်း(အောင်ဗလ)ကတော့ ကွယ်လွန်သည်အထိ စစ်အစိုးရ၏ သတ်ပုံ ကျမ်းကို သပိတ်မှောက်ပြီး က၀ိလက္ခဏာသတ်ပုံညွှန်းအတိုင်းသာ ရေးသားသွားခဲ့ပါသည်။
(၁၁) သံနုံ့ (non-aspiraated sound) နှင့် သံပြင်း (aspirated sound) အမှားများ
ဥပမာ။ စလုံးသံနှင့်ဆလိမ်သံမှားပြီး ပြောင်းပြန်ပြောဆိုရေးသားနေကြခြင်း။
ယခုခေတ်တွင်အဆင်ပြေကိုအစဉ်ပြေ၊ ဆွတ်ခူး ကို စွတ်ခူး၊ စောင့်ထိန်း ကို ဆောင့်ထိန်း ၊ အသက်ဦးဆံ ပိုင် ကို သက်ဦးစံပိုင်၊ ဆိတ်သုဉ်း ကို စိတ်သုဉ်း၊ လက်နက်စွဲကိုင် ကို လက်နက်ဆွဲကိုင်၊ စသောအမှားများ ကို ပြည်တွင်း၌ရော ပြည်ပတွင်ပါ သတင်းစာများ၊ websites များ၌ တွေ့နေရပါသည်။
ကြာလျှင်မြန်မာစာနှင့်အသုံးပျက်ပါတော့မည် ဖြစ်သဖြင့် ဤသတိပေးဆောင်းပါးကို ‘ဖစ်မှဖစ်ရလေ’ဟု  အမည်တပ်ကာ ရေးလိုက်ရခြင်း ဖြစ်ပါကြောင်း။
ကိုးကားရာကျမ်းများ
(၁)  မြန်မာစာအဖွဲ့၊ “မြန်မာစကားပုံ”၊ ရန်ကုန်၊ ၁၉၉၁
(၂)  တက္ကသိုလ်ဘုန်းနိုင်၊ “ကမ္ဘာကုန်ကျယ်သ၍ဝယ်”၊  မြစာပေ၊ ရန်ုကုန်၊ ၁၉၆၈
(၃)  ဦးပုည၊ ဝိဇယပြဇာတ်၊ ဟံသာဝတီပုံနှိပ်တိုက်၊ ရန်ုကုန်၊ ၁၉၅၆
(၄)  ဒါရိုက်တာသုခ၊ သည်ဆောင်းဟေမန်၊ ဗြိတိသျှဘားမားရုပ်ရှင်၊ ရန်ုကုန်၊ ၁၉၅၂
(၅)  ကြေးမုံဦးသောင်း၊ ဗိုလ်နေဝင်းဇာတ်လမ်းရှုပ်သမျှ ….၊ Morris Publishing, Florida,USA, 2001
(၆)  Maung Htin Aung, A History of Burma, Columbia University Press, 1967

 

(၇) U Tin Htway, A Glimpse of General Observations on Burmese pum, South Asian Digest of Regional Writing, Vol. 9: Essays on Folktales, Satire and Women, University of Heidelberg, Germany, 1980

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, ဝေဖန်ရေးရာ

6 Responses to ခင်မောင်စော (ဘာလင်) – ဖစ်မှဖစ်ရလေ

  1. Htwe on September 5, 2014 at 6:07 am

    Thank you so much for the very useful article. It reminded not to make a spelling and grammar mistake.

  2. San Hla Gyi on September 5, 2014 at 7:07 pm

    တကယ်ပဲ ဗဟုသုတ ရပါတယ်ဗျာ။ မသိသေးတာတွေလည်း သိခွင့်ရလို့ ကျေးဇူးတင်ပါတယ်။

  3. Maung Aung Khine on September 5, 2014 at 7:51 pm

    အခုလိုထောက်ပြတာကောင်းပါတယ်။ ကျေးဇူးတင်ပါတယ်။
    အင်းလျားကန်ကိုလည်း အင်းယားကန်လို့ရေးနေကြပါတယ်။
    ဘယ်သူကထွင်လိုက်မှန်းမသိပဲပေါ်လာတဲ့ ” ကျေးဇူးရှင်နဲ့ ကျေးဇူးညောင်းရသူ” ဆိုတဲ့စကားလုံးသစ်တွေလည်း websites တွေမှာ တွေ့နေရပါတယ်။
    အနှစ် ၅၀ လောက်ပညာရေးမှာအဖျက်ခံထားရတော့ဒီလိုဖြစ်တာမဆန်းပါဘူး။
    “မျမ္မာစာဏဲ့ဇဂါးဟာ ငဒို့ကိုဘိုင်၊ ဓီမိုးကရေစီးခစ်ယောက်ပီ။ ကျိုက်သဠိုယေးမယ်၊ အသံဂိုဖဋ် ဠို့ယ ပီးဓာဗဲ” ဆိုတဲ့ခေတ်မျိုး ရောက်သွားမှာကိုစိုးရိမ်မိပါတယ်။

  4. Ba Ba Gyi on September 6, 2014 at 5:53 am

    မြန်မာစာလေ့လာသူများအတွက် ပညာတိုးစေသည့်ဆောင်းပါးဖြစ်ပါသည်။
    ဘာသာပြန်လွဲမှားနေကြပုံမှာ ကြောက်ခမန်းလိလိ အခြေအနေသို့ ရောက်နေပါပြီ။
    ဆက်စပ်၍ပြောရလျှင် “ဖုန်းယဉ်ကျေးမူ”ဆိုသောဝေါဟာရသစ်ကိုလည်းတွေ့မိပါသည်။ တယ်လီဖုန်း၌ယဉ်ကျေးမှုမရှိနိုင်ပါ။ “တယ်လီဖုန်းဆက်ရာ၌ယဉ်ကျေးခြင်း”၊ ယဉ်ကျေးစွာဖုန်းဆက်တတ်ခြင်း ဟုဆိုလျှင် ပိုဆီလျော်သောမြန်မာစကားဖြစ်ပါလိမ့်မည်။

  5. Kan Thein on September 6, 2014 at 10:59 pm

    ထောက်ပြရေးပြတွေကကောင်းပါရဲ့၊ ဒါပေမဲ့အခုခေတ်မှာ “ငါ့လှေငါထိုး ပဲခူးရောက်ရောက်”တွေကများတော့ “ကျွဲပါးစောင်းတီး” များဖြစ်မလားမသိ!

  6. Dr. Maung Maung Gyi on September 8, 2014 at 3:50 am

    Excellent article! It should be better if this article can also be published in a journal inside Myanmar.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)