ကိုသန်းလွင် – သား

September 5, 2014



– သား

(မိုးမခ)၊ စက်တင်ဘာ ၅၊ ၂၀၁၄

(၁)

ကိုစိန်မြသည် သင်္ဘောသားဖြစ်သည်၊ ကျွန်တော်ဆီကို သူမလာတာကြာပါပြီ၊ နှစ်နှစ် လောက်ကြာသွားပြီထင် သည်၊ လာမည်လာတော့ သူ့တူမ တယောက်နှင့်အတူလာပြီး ဆိုင်မှာ ၂ နာရီလောက်နေသွားပါသည်၊ သူသည် သူ့သား၏ ကိတ်မုန့်ဆိုင်အကြောင်းစီကပါတ်ကုံးပြောပြသွားသည်၊ မြန်မာပြည်တွင်ကိတ်မုန့်ဆိုင်ပေါင်း ရာထောင် ချီ၍ရှိရာတွင် သူ့သား၏ကိတ်မုန့်ဆိုင်မှာ တခုတည်းထူးခြားသောဆိုင်ဖြစ်သည်၊ ကိတ်မုန့်ပေါ်တွင် စာရေးရန် ဖြစ်စေ၊ အရုပ်လုပ်ရန်ဖြစ်စေ သူ့သား၏လက်ရာမှာပြိုင်ဘက်ကင်းပြီး အလွန်လက်ရာမြောက်လှသည်၊ သူက Website တခုကိုပြရာ သူ့သား၏တီထွင်ကြံဆထားသောဒီဇိုင်းပုံ မျိုးစုံကိုတွေ့ကြရသည်၊ လူရုပ်၊ စစ်သားရုပ်၊ လေယာဉ်ပျံ၊ မီးရထား အရုပ်အမျိုးစုံအောင်တွေ့ရသည်၊ ထိုအရုပ်များမှာ ကိတ်မုန့်ပေါ်မှ အရုပ်များဖြစ်ပြီး ကိတ်မုန့်နှင့်အတူ စားရန်ဖြစ်ပါသည်၊

အော်ဒါတွေလာလိုက်ပုံမှာ တကမ္ဘာလုံးမှပင်ဖြစ်၏၊ အမေရိကား၊ ဥရောပနိုင်ငံတွေ၊ အာရှနိုင်ငံတွေကမှာကြ သည်၊ ရန်ကုန်အနီးတ၀ိုက်က လိပ်စာများသို့ ပို့ပေးရသည်၊ တခုပြသနာတက်နေသည်မှာ ထိုအရုပ်မျိုးစုံလုပ်ရန် ကုန်ကြမ်းကို စင်္ကာပူမှာသာ ၀ယ်၍ရနိုင်ခြင်းပင်ဖြစ်သည်၊ သူသည်သင်္ဘောသားမို့ လေယာဉ်စီးရာတွင် ကီလို၄၀ မျှသ ယ်ခွင့်ရှိရာ အခုသူရောက်တုန်း လိုတာတွေဝယ်ပြီးပြီ၊ ၄၂ ကီလိုဘိုး ၀ယ်ပြီးနေပြီ၊

သူ့သားနှင့်စင်္ကာပူမှာ ဆုံရန်ချိန်းဆိုထားရာ ဗီဇာ လျှောက်သည်မှာ ၃ကြိမ် ရီဂျက်ထိပြီးပြီဟုဆိုသည်၊ သားသည် စင်္ကာပူ စီမံခန့်ခွဲရေးတက္ကသိုလ် (Singapore Institute Of Mahagement) မှဘွဲ့ရခဲ့သူဖြစ်သည်၊ ကျောင်းပြီး ကတည်းက လခစားလုပ်ရန်စိတ်မကူး၊ ကိုယ်ပိုင်လုပ်ငန်းကို ထူထောင်သူဖြစ်သည်၊ ကိုစိန်မြသည် နောက် အခေါက်တွေအတွက် ရန်ကုန်ကို ပစ္စည်းထုတ် ပို့ရန် မကြံတတ်ဖြစ်နေသည်၊ ထို့ကြောင့် ကျွန်တော့်ထံ ရောက် လာရခြင်းဖြစ်သည်၊ ကျွန်တော်တာဝန်ယူနိုင်လျင်ဘယ်လောက်ကျကျပေးပါ မည်ဟုဆိုသည်၊

ကိုစိန်မြနှင့်ကျွန်တော်သည် တက္ကသိုလ်တက်စဉ်က အတူတူဖြစ်သည်၊ သူသင်္ဘောလိုက်နေတာကို ကျွန်တော် သိသည်၊ အခက်အခဲဖြစ်ချိန်ကျွန်တော့်ကိုသတိရသည့်အတွက်မူ ကျွန်တောဝမ်းမြောက်ရပါသည်၊  ကျွန်တော် သည်အစိုးရိမ်ကြီးသော ဖခင်တဦး၏မေတ္တာ ဆိုသည်ကိုတွေ့မြင်နေရခြင်းဖြစ်သည်၊၊ ပါလာသော တူမက သားရဲ့ အလုပ်ကိစ္စတွေမှာ အဖေက၀င်မရှုပ်ရဘူးဟု ဗေဒင်ထွက်ထားသည်ဆို၏၊၊ သားဖြစ်သူက အဖေအကြံပြုတာ တွေကိုလက်မခံဘူးဟုဆိုသည်၊ သို့သော် ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက် သူ့သားတွင်လိုနေတာကို ဖြည့် ဆည်း နေသော ဖခင်၏ ကြိုးစားအားထုတ်မှုမှာ သိသာပါသည်၊

ဘောလုံးသမားရိုနီ၏အဖေကို ကျွန်တော်တို့ မသိသော်လည်း သားဝင်ငွေတွေအတွက် ဂုဏ်ယူရာတွင် ကိုစိန်မြကို မှီလိမ့်မည်ဟု ကျွန်တော်မထင်မိပေ၊ ကိုစိန်မြသည် ပြင်ပကမ္ဘာကြီးမှာ ဘာဖြစ်နေသည်ကို ဂရုစိုက်ပုံမပေါ်၊ ယူကရိန်းကို ရုရှားတွေကျူးကျော်တာကိုမသိ၊ တရုပ်ပြည်သည် ရုရှား၏ဥပမာကို လိုက်လုပ်နိုင်သည်ဟု စဉ်းစား နေချိန်သူ့မှာမရှိ၊ ကျွန်တော်ပြောသမျှကို ဘာမှမကြားဘဲ သူ့သားကိတ်မုန့်ဆိုင်အကြောင်းသာ သူ့ခေါင်းထဲမှာရှိပုံ ရသည်၊

(၂)

မိဘဆိုတဲ့လူတွေရဲ့ ရင်ထဲကပေါက်ဖွားလာတဲ့ မေတ္တာဆိုတာဟာ လူကြားကောင်းရုံပြောတာမဟုတ်ဖူး ဟု ဆိုကြပါသည်၊ ကိုစိန်မြ သားကိုဂရုစိုက်တာတွေကို တွေ့သော် ကျွန်တော်အမေကိုသတိရမိသည်၊

ကျွန်တော် ၁၀တန်း ဖြေစဉ်က စက်မှုတက္ကသိုလ်ကိုမရနိုင်ဘူးဟု မိမိဖာသာဆုံးဖြတ်ခါ နောက်ဆုံးဖြေရသည့် သင်္ချာ ဘာသာအဖြေလွှာကို ကြက်ချေတွေခတ်၍ ပေးလိုက်သည်၊ အိမ်ပြန်ရောက်သော် မိမိလုပ်ရပ် အတွက် မိမိ နားမလည်နိုင်၊ ယူကျုံးမရဖြစ်နေမိသည်၊ အမေသည် ဘယ်သူ့ကိုမှ တိုင်ပင်မနေဘဲ ထိုစဉ်က စာစစ်အဖွဲ့ ဥက္ကဌဖြစ်သူ ဒေါ်စိန်စိန်ထံသို့ စာရေးလေသည်၊ လိပ်စာကိုအမေဘယ်လိုရှာသည်မသိ စာကမူ ဒေါ်စိန်စိန် ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားဟန်တူသည်၊ အမေသည်ကျွန်တော်အကို တယောက်ကို ဒေါ်စိန်စိန်နှင့် သွား တွေ့ခိုင်းသည်၊ ဒေါ်စိန်စိန်က “ကျမစာရပါတယ် ကျွန်မတို့သက်သက်ညှာညှာစဉ်းစားမှာပါ” ဟုပြောသည် ဆိုပါ၏၊ ကျွန်တော်သည်သင်္ချာ ၆၉ မှတ်ဖြင့် ဆယ်တန်းစာမေးပွဲအောင်ခဲ့လေသည်၊ သည် အကြောင်းတွေကို အမေကပြန်ပြောသည်မဟုတ် ကျွန်တော်ဘွဲ့ရပြီး အတော် ကြာမှ အကိုကပြန်ပြော ခြင်းဖြစ် သည်၊ အမေသည် သားဖြစ်သူစိတ်ခံစားနေရခြင်းကို ဘယ်လိုကူညီရမလဲစဉ်းစား နေခြင်း၏ပြယုဂ်တခုဖြစ်ပါ သည်၊

အမေသည်ချမ်းသာသူမဟုတ်၊ သို့ပါသော်လည်း သားသမီးတွေဆယ်တန်းအောင်သော် တက္ကသိုလ် ပို့ရန်ကိုမူ တွေဝေစဉ်းစားနေခြင်းမရှိ ပို့ကိုကို့ရမည်ဟုသာ သဘောထားသည်၊ ထိုစဉ်က နိုင်ငံတော်အစိုးရ ၏ ပေါ်လစီမှာ တက္ကသိုလ်တွင် ကျောင်းသားသုံးယောက် တပြိုင်နက်ထည်းရှိနေသော် တယောက်ကို ကျောင်းလခ လွတ်ငြိမ်း ခွင့်ပေးမည်ဟူ၍ဖြစ်၏၊ ကျွန်တော်တို့သည်လျှောက်လွာတွေအစောင်စောင်ရေး၍ထောက်ခံစာတွေ တထပ်ကြီး နှင့် ကျောင်းလခလွတ်ငြိမ်းခွင့်လျှောက်ယူရတာကို မှတ်မိနေလေသည်၊ ထိုစဉ်က အမေသည် ကျောင်းသား လေးယောက်ကို တပြိုင်နက်ထည်း မန္တလေးတက္ကသိုလ်သို့ ပို့ရခြင်းဖြစ်ပါသည်၊

သားသမီးတွေ၏ နောင်ရေးကို မိဘဖြစ်သူက တာဝန်မယူခဲ့ပါသော် ကျွန်တော်တို့ကလေးတွေ ၏နောင်ရေးသည် ဘယ်သို့ရှိပါမည်နည်း၊ အမေ၏အတွေးအခေါ်မှန်ကန်ခဲ့သဖြင်ကျွန်တော်တို့ တက္ကသိုလ်တက်၊ဘွဲ့တွေရခဲ့ကြခြင်း    ဖြစ်ပါသည်၊ အမေသည်သားသမီးတွေကို တက္ကသိုလ်ပို့ရသောကြောင့် ကြွေးတွေပါတ်လည်ဝိုင်းနေခဲ့သည်၊  ခရီးစားရိတ်၊ ကျောင်းမှာလူတိုင်းစေ့နေနိုင်ရေး၊ စာကိုသာမှန်မှန်ကျက်နိုင်ရေးအတွက် ငွေရှာရပို့ရသည်၊ အမေ သည် သူများထံမှ ပိုက်ဆံချေးရဟန်တူပါသည်၊ မင်းအမေကသိပ်မာနကြီးတာကွဲ့ဟု အမေ့သူငယ်ချင်းတွေ ကဝေဖန်ကြလေသည်၊ အမေသည် ကတိကိုဖျက်သည်မရှိ၊ မပေးနိုင်သည်ရှိစေဦး၊ မျက်နှာတော့ပြဖြစ်အောင်ပြ မည်ဖြစ်သည်၊

ကျွန်တော်ဒုတိယနှစ်လောက်အရောက်မှာ ရည်းစားဦးနှင့်ကွဲသည်၊ ထိုမိန်းကလေးသည် သူ့တခြားချစ်သူနှင့် အဆင်ပြန်ပြေသွားသောအခါ ကျွန်တော့်ကို ရုတ်တရက်ကြီးဖြတ်လိုက်ခြင်းဖြစ်ပါသည်၊ ပရိဒေ၀မီးတောက် လောင်နေသောကျွန်တော်သည် အိမ်ပြန်ရောက်သော်အမေ့အားဖြစ်ကြောင်းကုန်စင် ပြန်ပြောပြရသည်၊ အမေက “သူ့ထက်သာတာရအောင်ရှာပေးမှာပေါသားရယ်”ဆိုသောစကား တခွန်းထည်းနှင့် ကျွန်တော့်ရင် ထဲကမီးတောက်သည် တမဟုတ်ချည်း ငြိမ်းအေးသွားခဲ့ရဘူးပါသည်၊

တခါက အိမ်အပြန် မန္တလေးအမြန်ရထားပေါ်တွင် ကျွန်တော်သည် ရှေးခေတ် နိုင်ငံရေးသမားကြီးတဦးနှင့် တလမ်း လုံးစကား လက်ဆုံကျသွားဘူးသည်၊ သူက တရုပ်ဝန်ကြီးချုပ်ချူအင်လိုင်း၊ အိန္ဒိယမှအင်ဒီရာဂန္ဒီ တို့နှင့် တွေ့ဘူး ကြုံဘူးသည်၊ ငယ်သေးသောကျွန်တော်က သူ့နာမည်ကိုမမေးတတ်ခဲ့ပါ သို့ပါသော်လည်းသူပြော ခဲ့သောစကား တခွန်းကိုမူ တသက်လုံးကျွန်တော်မမေ့နိုင်တော့ပေ၊ သူက” ဦးသန့်ဟာ လူတော်တယောက်ပါ၊ ရုံးလုပ်ငန်း ကျွမ်းကျင်တာကတော့ ဒေါက်တာညီညီတို့လိုပါဘဲ၊ သို့ပေမဲ့ ဦးသန့်ဟာ အမေကို အရမ်းရိုသေဂရုစိုက်တယ် သူပြန်လာတဲ့အခါ ဘာမှမလုပ်နဲ့ဦး သူ့အမေဘေးမှာ ပုံ့ပုံ့လေး ထိုင်နေရရင်ကို ကျေနပ်နေလေ့ ရှိတယ်၊” ဟုပြော သည်၊

ကျွန်တော်သည်အိမ်ရောက်ရောက်ချင်းအမေ့ကိုပြန်ပြောလေသည်၊ “’ဒီလောက်မလိုပါဘူးကွယ်” ဟုဆိုသော်လည်းကျေနပ်ပီတိဖြစ်နေသောအမေကို သားဖြစ်သူကျွန်တော်က သိလေသည်၊နောင်အခါ အခွင့် ကံကြမ္မာ အလှည့်သင့်၍ ကောင်းတာတွေဖြစ်လာတိုင်း အမေ့ကိုဂရုတစိုက်ကျေးဇူးပြုခဲ့၍ဖြစ်ရတာဟုကျွန်တော် ယုံကြည်ပါသည်၊ ကံ၊ကံ၏အကျိုးဆိုသည်နှင့် ဘယ်လိုရှင်းပြရမည်ဟုကျွန်တော်မသိ၊ သို့ပါသော်လည်း ကျွန်တော့်အဖို့ အခက်အခဲကြုံတိုင်းတနည်းမဟုတ်တနည်း ဘေးမသီ ရန်မခ လွတ်မြောက်ခဲ့သည်ချည်းဖြစ် သည်၊

၁၉၈၀ အမေပင်စင်ယူပြီးချိန် ကျွန်တော်နိုင်ငံခြားသို့သွားရသည်၊ ကားတစီးပါလာပြီး ရောင်းသော် တသိန်းသုံး သောင်း ခန့်ရပါသည်၊ ထိုငွေနှင့်အမေသည် ကြွေးဟူသမျှ ရှင်းနိုင်သည့်အပြင် နံကပ် နှစ်ထပ်အိမ်တလုံးကို ဆောက်နိုင်ခဲ့ပါသည်၊ မြေးတွေတပုံကြီးကို သင်္ကန်းဆီးရန်အလှုကြီးပေးနိုင်ခဲ့ပါသည်၊ ကျွန်တော့်အကို လခရတုံး ကလည်း သူ့လခ အကုန်လုံးကို အမေ့ထံ စာတိုက်ကလွှဲပေးပါသည်၊ အကို့မူအတိုင်းလခ၀င်ငွေအားလုံး အမေ့ကိုကျွန်တော်အပ်ပါသည်၊ ထိုအချိန်ကစပြီးအမေသည် ကျွန်တော့်ကိုအလွန်ဂရုစိုက်ခဲ့ပါသည်၊

သားထမင်းစားပြီးပြီလား၊ ဘယ်တော့ပြန်လာမှာလဲ၊ ဟိုနာရီလေးမတွေ့ပါဘူး စသည်ဖြင့် အမေကဂရုစိုက်သော အခါ အခြားအကိုအမတွေက ရယ်ကျဲကျဲလုပ်ကြလေသည်။ အမေသည် သူ့ကိုဝေဖန်တာကိုဂရုမစိုက် ဒီသား ကြောင့်ဒီကြွေးတွေကျေတာ၊ ဒီသားကြောင့် ဒီအိမ်ကိုဆောက်နိုင်တာ၊ ဆိုပြီးတဖွဖွပြောသည်၊ ကျွန်တော်တို့ အိမ်ရှေ့ဝန်းခြံ ၀င်းထရံကိုကပ်၍ခုံတန်းရှည်ကလေးတခု ရိုက်ထားရာ အိမ်လည် သွား သောကျွန်တော်ပြန်မလာ မချင်း အမေသည် ထိုခုံပေါ်မှာထိုင်၍စောင့်နေတတ်သည်၊ အရိပ်အကြည့်ကြည့်၊ အမေ့အတွက်မူသားသည် သာသူ့ဘ၀ဖြစ်လာခဲ့ လေသည်၊

ကျွန်တော်သည်အမေ့ကို အိမ်ထောင်ပြုရန်ကိစ္စမပြောရဲချေ၊ မင်းအမေတော့ ဆေးရုံတင်ရမှာဘဲဟုသူငယ်ချင်း တွေကပြောကြသည်၊ ကျွန်တော့်အကိုတယောက် အိမ်ထောင်ပြုစဉ်ကမူ “ ဘာလဲကွဲ့ သားကိုမိန်းမတောင်း ပေးပါတော့လို့ ပြောမလို့ မဟုတ်လား” ဟုကျွန်တော့်ရှေ့မှာပင် အမေကမေးဘူးသည်၊ မကြာမှီ မင်္ဂလာပွဲကို အမေက ဖြစ်အောင်လုပ်ပေးပါသည်၊

ကျွန်တော့်အကိုအကြီးဆုံးမှာ အမေတို့ ဆင်းရဲစဉ်က အမေ့မိဘတွေထံပညာသင် ပေးဘို့ ရွှေဘိုသို့လွှတ်လိုက်ရဘူးသည်၊ ထိုစဉ်ကစပြီး ထိုအကိုကြီးနှင့်ဆက်ဆံရေးမှာ ကောင်းမလာခဲ့ပေ၊ နောက်ပိုင်း အကိုတွေက ကလေးတွေမွေးသော် အမေ့အိမ်သို့ချည့် ရောက်လာကြသည်၊ နာမည်ကို အမေကပင်ပေး၊ ကျောင်းထား၊ ကျွေးမွေးသုတ်သင်၊ အမေကပင်အကုန်တာဝန်ယူရလေသည်၊

(၃)

ကျွန်တော့်တွင်သားနှစ်ရောက်ရှိရာ တယောက်တမျိုးစီမတူကြပေ၊ အငယ်ကအိမ်မှာဘဲနေမည်၊ အပြင်ကို “သားအပြင်မထွက်ဘူးလား” မေးမှ တခါတရံထွက်သည်၊ အကြီးကမူ မခေါ်လို့ကတော့ အိမ်ကို ပြန်လာမည့်ပုံ မပေါ်၊ အပြင်မှာဘဲ အပေါင်းအသင်းတွေနှင့်ပျော်နေတတ်သည်၊ အကြီးကောင်စင်္ကာပူ ကိုရောက် တော့ သုံးနှစ် မပြည့်တပြည့်၊ တရုပ်စကားကလည်းမတတ်၊ အင်္ဂလိပ် လိုကလည်းဘယ်တတ်ပါ့မလဲ၊ ကလေး တွေ ကစား ကွင်းမှာ ဘေးကကလေးတွေနှင့်ဘယ်လို ဆက်သွယ်ရမည်မသိ၊ သားသည်ကစားကွင်းမှ အမြင့်ဆုံး နေရာအထိ တက်ခါ အောက်သို့ ခုန်ချလေသည်၊ အခင်းက ရာဘာခင်းမို့နာဟန်မတူပါ၊ ဘေးကကလေးတွေက၀ိုင်းလာ ကြသည်၊ ခြေဟန်လက်ဟန်နှင့် သူတို့ကစားဖေါ်တွေဖြစ်သွားကြသည်၊

သားကြီးအလယ်တန်းရောက်သော် ဆရာတွေကမိဘတွေကိုလာတွေ့ပါဟုဆင့်ခေါ်သည်၊ သား၏ဖိတ်စာစာရွက် တွင် “မိမိဆန္ဒရှိကလာပါ” ဆိုသောနေရာနှင့် “မဖြစ်မနေ လာကိုလာရမည်” ဆိုသောနေရာတွင် အမြဲတစေ လာကို လာရမည်ဟုညွှန်ကြားခံရလေ့ရှိသည်၊ သူတို့ ဝေဖန်ချက်မှာအမြဲတစေ သားသည် စာသင်ခမ်းထဲတွင် အငြိမ် မနေ၊ တခုံမှတခုံအမြဲကူးနေသည်၊ ဆရာစာသင်သည်ကိုမေးခွန်းမေးလျင် သင်သောဆရာဆက်မဖြေ တတ်အောင် အကြပ်ရိုက်စေသည့်မေးခွန်းတွေ မေးသည်ဟုဆိုသည်၊ ဆရာတိုင်းက ကလေးကို တားမြစ်ပေးပါ ဟုမဆို၊ သို့သော်လည်းသူတို့စိတ်အနှောင့်အယှက်ဖြစ်ရတာကို မှတ်တမ်းတင်ဘို့ မိဘကိုခေါ်ပြောကြ ခြင်း ဖြစ် သည်၊ နှစ်စဉ် အတန်းစဉ် Complaint က တူနေသောကြောင့် ကြာသော်ကျွန်တော်တို့သည်ပြုံး၍သာနေရ တော့ သည်၊ စကားတွေကလည်းထပ်၍ ဆရာတွေခေါ်မှာကို ကျွန်တော်တို့ မဖြုံကြတော့ပေ၊

သားကြီး ဘော်ဒါဆောင်နေရသောတနှစ်မှာ အခုလာကြပါဆိုပြီးအခေါ်ခံရပြန်သည်၊ သူငယ်ချင်းတစုက သူတို့ မိတ်ဆွေ၏ မိဘများထံ SMS ကိုအယောင်ဆောင်ပို့လို့ဟူ၏၊ သားကတရားခံစာရင်းတွင် အဓိကတော့မဟုတ် အပေါင်းပါနေရာကဖြစ်၏၊ ဗမာပြည်မှာဆိုသော်မင်းတို့နောက်မလုပ်နဲ့ နှင့် ပြီးရမှာကို ဆရာလုပ်သူက “ရဲမတိုင် ဘို့ သူမေတ္တာရပ်ခံထားရသည်” ဟုဆိုသည်၊ ကျွန်တော်တို့သည် ဂျပိုးကိုလိပ်ဖြစ်အောင်လုပ်နေသူကို စိတ်ပင် ဆိုးသော်လည်း ဟုတ်ကဲ့ လိုက်နေရသည်၊ သားကဒါကိုဘယ်လိုရိပ်မိသည်မသိ၊ “ဒယ်ဒီကသားတို့ကို စိတ်မဆိုး ပါဘူး။ လှမ်းခေါ်တဲ့ဆရာကို ဒေါသထွက်တာ” ဟု ဝေဖန်လေသည်၊

ကျွန်တော်သည် ပရီးမီးယားဘောလုံးပွဲတွေလောင်းရင်း စိတ်ထိခိုက်လိုက်ကြ၊ ပျော်လိုက်ကြဖြစ်ခါ အရှုံး သံသရာလည်နေကြသည်၊ ကာလကြာသော် “ ဒယ်ဒီ ရှောက်ပြောမနေနဲ့ နောက်ဆုံးတော့ ဒယ်ဒီ ရှုံးရတာ ချည့်ဘဲလေ” ဟုသားကဆိုသည်၊ သားအသက် ၁ရ နှစ်လောက်ရှိ ပါပြီ၊ သားကဝေဖန်သောကြာင့် နောင်တွင် ကျွန်တော်ဘော်လုံး ပွဲမလောင်းတော့ပေ၊

သားအပေါ်ချစ်သော ဖခင်စိတ်မိခင်စိတ်ကို ကျွန်တော်တို့နားလည်နေတာကြာပါပြီ၊ မူးရာဇ်ဆေးဝါးမှုဖြင့် သား သမီးတွေပြသနာတက်ကြသော် မင်းသားကြီး ဂျက်ကီချန်းတို့ သမတကြီးဘုတ်(ရှ) တို့ မြန်မာနိုင်ငံက ဗိုလ်ချုပ် ကြီး တို့ ရင်ထဲမှာ ဘယ်လောက် မီးတောက်နေမည်ဆိုသည်ကိုကျွန်တော်တို့ ကိုယ်ချင်းစာနာနိုင်ကြပါသည်၊

ကျွန်တော့်မိတ်ဆွေ၏သမီးဖြစ်သူ သင်းသင်းခိုင်မှာ စင်္ကာပူမှာ အလုပ်လုပ်ရင်း သားတယောက်ကိုကျောင်းထား ကာ သားအမိ နှစ်ယောက်အတူ နေကြသည်၊ သားလုပ်သူက လမ်းကူးဘို့ ဂုံးတံတားကျော်သော် တံတားပေါ် မတက် မှီတခါ၊ ဟိုဘက်ရောက်သော်အခါ အမေဖြစ်သူကို ဖုံးခေါ်လေသည်၊ ပိုသည်ဟုထင်ကြမလားမသိပြီ၊ သင်းသင်းခိုင်သည် Facebbok ပေါ်မှ “သူ့အဖေသည် လိုအပ်ချိန်တိုင်း၌ဘေးမှာရှိနေတတ်ကြောင်း၊ အားငယ် စိတ်ကို အဖေကိုကြည့်ပြီးဖြေရကြောင်း” အဖေများနေ့တွင်လှမ်းပြီး ချွဲလေသည်၊ အဖေလုပ်သူ၏ ကွန်မင့်တွင် လည်းဖွဲ့နွဲ့ထားလိုက်သည်မှာလွမ်းစရာ၊

နောက်တပါတ်ရောက်သော် “ အိမ်ထောင်စုစာရင်းတွင် အမေ၏အလုပ်အကိုင်မှာ မှီခိုဟုဆိုသော်လည်း အမေ သည်မှီခိုသူမဟုတ်ဟုဆိုသည်၊ တကယ် အမေ့အပေါ်မှာမှီခိုနေကြသူတွေမှာသူတို့သားသမီးတွေ ဖြစ်သည်၊ နံနက် စာကို အမျိုးချင်းမထပ်အောင်သူ့ အမေစီမံဆောင်ရွက်ပုံ၊ ကျောင်းသွားဘို့ဆိုလျင် အ၀တ်အစားမထပ်ဖို့ သပ်သပ် ယပ်ယပ်ဖြစ်ဖို့ အမေကသာ ဖန်တီးပုံ” တို့ ရေးပြီးအမေကိုချွဲပြန်လေသည်၊ မိဘနှစ်ပါးမှာ ခွဲခွာနေရ သောသမီး ဖြစ်သူကိုလွမ်းရှာပါလိမ့်မည်၊ ပိုသည်ဟု ဘယ်လိုဝေဖန်ပါမည်နည်း၊

(၄)

ကျွန်တော်သားနှစ်ယောက်လုံး၏ ထူးခြားချက်မှာသူတို့ကို ကြီးပြင်းအောင်မွေးရာတွင် မိဘနှစ်ပါးအိပ်ရေးမပျက် လိုက်ရခြင်းပင်၊ အကြီးကို ကြမ်းပြင်တွင်သေးပေါက်ချသဖြင့် လက်နှင့်တခါရိုက်လိုက်ရဘူးသည်၊ အငယ်မှာ စီဒီ အခွေတွေကိုဆွဲချသောကြောင့်တကြိမ်သာ ရိုက်လိုက်ရဘူးသည်၊ အကြီးက ငိုကြောရှည်နေတာကို မပြီးမီ မီးဖို နားက အမှိုက် ပစ်စဉ်အနီးတွင်ချထားလိုက်ရာ သားငိုတာကို ကျွန်တော်တို့နောင်တွင် တခါမှ မတွေ့ရတော့ပေ၊ သားသမီးတို့ ချစ်စရာ အကောင်းဆုံး အရွယ် တွေ မှာ တောက်တက် တောက်တက် ပြေးခါစ၊ တီတာ တီတာ ပြောတတ်ခါစဟုဆိုကြသည်၊

ကျွန်တော့်သားတွေမှာ ထိုအရွယ်တွေကလွန်မြောက်သွားကြလေပြီ၊ ဘယ်လိုပုံဖြင့်ကျော်ခဲ့သည်ကို ကျွန်တော် တို့ သတိမပြုခဲ့မိ၊ ကျွန်တော် တရုပ်ပြည်မှာတာဝန်ကျစဉ်က နေ့စဉ် သားတွေကို လွမ်းနေမိတာကိုတော့မှတ်မိ သည်၊ သားတွေအရွယ်ရောက်သော် ကိုစိန်မြလို သားအတွက်ဂုဏ်ယူသော၊ သားအကြောင်းကြွားနေနိုင်သော ဖခင်မျိုးဖြစ်ချင်သည်၊ အငယ်လေးကဟန်မဆောင်တတ်၊ “ရေတခွက်လောက်ခပ်ခဲ့ပါ” ဆိုတာကို မကျေနပ်ပါက မျက်နှာတခုလုံး မဲနေတတ်သည်၊ ကျွန်တော်တို့သည်စိတ်မဆိုးရက်၊ သားသမီးဆိုသည်မှာ ဆိုးသော် ဆိုးသည့် အလျှောက်ချစ်ကြရသည်သာဖြစ်သည်၊ သင်းသင်းခိုင်လိုချွဲတတ်အောင်၊ သားတွေကိုခွဲထားကြည့် ပါလား ဟုစဉ်းစားမိသည်၊ သားကြီးဖြစ်သူက အငယ်ကောင်ကို နိုင်ငံခြားကျောင်းကိုပို့ပါလားဟုအကြံပြုဘူးသည်၊ မချွဲတတ်လျင်နေပါ စေ၊ နိုင်ငံခြားဘွဲ့ကို မရလျင်လည်းရှိစေ၊  သား နှင့်ခွဲနေရန်ကားမဖြစ်နိုင်ပြီ၊

Photo Credit – The World’s Best Photos by dany13 – Flickr Hive Mind

flickrhivemind.net


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

2 Responses to ကိုသန်းလွင် – သား

  1. ko metta on September 6, 2014 at 4:45 am

    မိဘမေတ္တာက ၁၅၀၀၊ မြန်မာပြည်အစိုးရက ၁၅၀၀ကျပ် ဖုန်းရောင်းပေးပါတယ်။ ထာဝရမေတ္တာဆိုတာတော့ သွေးသားမတော်စပ်ပဲ၊ လူသားချင်ချစ်တဲ့မေတ္တာရှိပါတယ်။ မာသာ-ထရီစာလို့၊ မင်းတုန်းမင်းရဲ့ စင်္ကြာဒေဝီမိဘုရား ..စသဖြင့်ပါ။ သားကို ချစ်တဲ့မေတ္တာနဲ့ လူသားအားလုံးကိုချစ်တဲ့ အံ့သြဘွယ်ရာများရှိပါတယ်။ ဘုရားမေတ္တာပါ…။

    • Ba Ba Gyi on September 6, 2014 at 7:38 pm

      မိဘမေတ္တာက ၅၂၈ ပါဗျာ။ ဘယ်လိုဖြစ်ပြီး ၁၅၀၀ ဖြစ်သွားရတာလဲ။
      မူးရာဇ်ဆေးဝါး မဟုတ်ပါ၊ မူးယစ်းဆေးဝါးပါ။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)