ဖိုးထက် – အရုပ်ဆိုးသော အရှုံးများ

September 6, 2014
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ဖိုးထက် – အရုပ်ဆိုးသော အရှုံးများ

မိုးမခ၊ စက်တင်ဘာ ၆၊ ၂၀၁၄

အသက်ရှိနေသေးသော ဒီမနက်ခင်းမှာ တစ်နေ့စာအတွက် လုပ်စရာ အလုပ်တွေကို စဉ်းစားကြည့်လိုက်တော့ မဖြစ်မနေ လုပ်ကို လုပ်ရမယ်လို့ စိတ်ပိုင်းဖြတ်လိုက်သော အလုပ် နှစ်ခု ပေါ်လာသည်။ မိတ်ဆွေ တစ်ဦး၏ ကလေးလေး နေမကောင်းဖြစ်လို့ ရန်ကုန် ကလေးဆေးရုံကြီးမှာ တင်ထားသော ကိစ္စမှာ သတင်းမေး ကူညီဖို့။ နောက်တစ်ခုက ပြည်သူ့ဥယျာဉ်ထဲက နက္ခတာရာ ပြခန်းဘေးမှာ ရှိသော The Yangaon Gallery မှာ ကျင်းပမည့် ရှားပါးစာအုပ်ပြပွဲနှင့် စာပေဟောပြောပွဲကို သွားဖို့။ ကဗျာဆရာများ ဖြစ်ကြသည့် ဆရာ မင်းထက်မောင် နှင့် ဆရာ ကိုသိန်းဇော် (၀ါ) K ဇော် တို့ ဟောပြောကြမည်။ ကျွန်တော်က ဆရာ ကိုသိန်းဇော်၏ ကြီးစွာသော အားပေးသူ ပရိတ်သတ်ဦးရေ ထဲက တစ်ယောက်။ ဆရာ့ ကဗျာတွေမှာ ဟိတ်ကြီး ဟန်ကြီးတွေ မပါ။ လူအထင်ကြီး လေးစားစေဖို့ ဇွတ်နှစ်ထားသော ပညာခန်းတွေ မပါ။ ရိုးသား ဖြူစင်သည့် ကဗျာများ။ လူအများနားလည်အောင်၊ တွေးစရာတွေ အများကြီးပါအောင် အနုပညာဂုဏ်မြောက်စွာ ရေးဖွဲ့သည့် ဆရာ ကိုသိန်းဇော်၏ ကဗျာတွေကို ကျွန်တော်က နှစ်သက် ကြည်ညိုလို့ မဆုံး။

ကလေးဆေးရုံရောက်တော့ နေ့လည်မွန်းတည့်ခါနီးပြီ။ စာပေဟောပြောပွဲက နေ့လည် တစ်နာရီတွင် စမည်။ ဆရာ မင်းထက်မောင် ဟောပြောတာတွေကို မှီဖို့ သိပ်မသေချာ။ သို့သော် ဆရာ ကိုသိန်းဇော်ကတော့ နှစ်နာရီခွဲမှ စမည်လို့ အစီအစဉ်ထဲမှာ ရေးထားသည်။ ဆရာ မင်းထက်မောင်ကို မမှီရင်လဲ ရှိပါစေတော့။ ဆရာ့ ကဗျာတွေနဲ့ ကျွန်တော်က အလှမ်းဝေးသည်ဘဲ။ ဆရာ ကိုသိန်းဇော်ဟောပြောတာ မှီရင်ဘဲ ကျေနပ်ပြီ။ နောက်ပြီး မိတ်ဆွေ၏ စိတ်ဒုက္ခတွေကို ကူညီညာ ၀ိုင်းကူပြီး ဝေမျှဖို့ အချိန်ပိုပေးချင်သည်။

ဆေးရုံဆိုတာ ရဲစခန်း၊ တရားရုံး၊ စစ်ကြောရေးစခန်း တွေလို သွားဖို့ မသင့်တော်သော နေရာများ လို့ ကျွန်တော် ထင်သည်။ စိတ်လက်ချမ်းသာ ငြိမ်းချမ်းမှုရှိစေဖို့ အကူအညီပေးနိုင်ကြသော နေရာများ မဟုတ်။ စိတ်အဆင်းရဲကြီး ဆင်းရဲကာ လူ့ဘ၀ ဒုက္ခတွေကို အပြည့်အ၀ပေးမည့် နေရာများလို့လဲ ကျွန်တော် ထင်သည်။ အထူး သဖြင့် မြန်မာပြည်မှ ပြည်သူ့ ဆေးရုံများ။ ပြည်သူလူထု အားကိုး အားထားပြုရသော နေရာ ဌာနကြီးတွေမှာ မပြည့်စုံ မလုံမလောက် ရှိနေခြင်းမှာ ပြည်သူ့ဆေးရုံကြီးတွေလဲ အပါအ၀င်ဘဲ မို့လား။

ကျွန်တော်တို့ရဲ့ မပြည့်စုံ၊ မလုံလောက်၊ ဆင်းရဲတွင်းဆုံး ကျနေတာတွေကို အပြစ်တွေချည်းဘဲ လိုက်မြင်မနေချင်တော့။ အခြားသော ဌာနတွေမှာ စည်းစနစ်မကျတာ။ မဖြစ်သင့်သော အရာများ ဖြစ်ပျက်နေတာအတွက် ကျွန်တော်က စိတ်ဒုက္ခ လိုက်ပြီး ခံစား မနေနိုင်အား။ တစ်ချို့ အရာများက နေ့ချင်း ညချင်း ပြင်လို့ ရတာ မဟုတ်။ မျက်လှည့်ဆရာ ဦးထုပ်ထဲက လိုချင်သော အရာတွေကို ဆွဲထုတ်သလိုမျိုး လုပ်လို့ ရသော အရာများ မဟုတ်လို့ ကျွန်တော် နားလည်ပါသည်။

သို့သော်လည်းဘဲ ကလေးဆေးရုံကြီးမှာတော့ ကျွန်တော်၏ နားလည် သီးခံနိုင်စွမ်းအားများ အနှုတ်လက္ခဏာပြလာသည်။

ဘယ်အပေါက်က ၀င်ပေါက်မှန်း မသိ။ ဘယ်အပေါက်က ထွက်ပေါက်မှန်းလဲ မသိ။ ကားတွေက ၀င်ချင်သည့် အပေါက်က ၀င်။ ထွက်ချင်သည့် အပေါက်က ထွက်ကြသည်။ ဆေးရုံ အဆောင်တစ်ခုနဲ့ တစ်ခု အကြားမှာ လူနာတင်လှည်းတွေက ဟိုတစ်ခု ဒီတစ်ခု။ အမှိုက်တွေက ဟိုမှာ ဒီမှာ။ ဆေးရုံကို သူတို့ မိဘပိုင်  (အမေလင်) ပိုင်ဆိုင်သော ၀န်းခြံကြီးလို့ ထင်ကြသည်လား မသိသော ကားသမားများက ကား ဟွန်းတွေကို တီးကြသည်။ ဆေးရုံပေါ်ရှိ နေမကောင်း မကျန်းမာသော ကလေးလေးတွေ စိတ်အနှောင့် အယှက်ဖြစ်လောက်အောင် ဟွန်းတီးကြသည်။

မိတ်ဆွေ၏ ကလေးလေး ရှိနေသော အဆောင်ကို ရောက်ဖို့ မျက်စိလည်နေစဉ်မှာ ပြင်ပ လူနာ ဌာနသို့ ရောက်သွားသည်။ ဖျော့တော့ အားနည်းနေသော မျက်နှာများနှင့် ကလေးလေးတွေ၊ ကလေးလေးတွေ။ မျက်စိပျက် မျက်နှာပျက် ဖြစ်နေကြသော မိဘတွေ၊ မိဘတွေ။ ဘယ်ကို သွားလို့ သွားရမှန်း မသိ။ ဘယ်သူ့အားကိုးလို့ အားကိုးရမှန်း မသိ။ ဘယ်နေရာမှာ သွားမေးလို့ မေးရမှန်း မသိဖြစ်နေကြသော လူများ။ ဆေးရုံဆိုတာ ပျော်စရာကပွဲ တစ်ခု မဟုတ်တာ ကျွန်တော် နားလည်ပါ၏။ သို့သော် အရာရာမှာ စည်းစနစ် မကျန မှုတွေက သိသိသာသာ ရှိလွန်းနေတာ ပေါ်လွင်နေသည်။

သူငယ်ချင်း မိတ်ဆွေက အဆောင်အောက်ထိ ဆင်းခေါ်မှ သူ့ ကလေးလေး တက်နေသော အဆောင်၏ အခန်းကို ရောက်တော့သည်။ ပေနှစ်ဆယ်ကျော်ကျော် ပါတ်လည် အကျယ်အ၀န်းရှိသည့် အခန်းမှာ မကျန်းမာသည့် ကလေးလေးတွေ၏ လူနာကုတင်က ဆယ့်နှစ်ခု ဆယ့်သုံးခု။ ကလေး လူနာ ကုတင်တွေကြားမှာ မိဘ လူနာရှင်တွေက ဖင်ချင်း ပေါက်နေအောင် ဂဏန်းသွား သွားကြရသည်။ တကယ်ဆို ကျွန်တော့် မိတ်ဆွေက အပြင် အထူးကုဆေးခန်းသွားမယ်ဆို သွားနိုင်သည်ဘဲ။ သို့သော် ရန်ကုန် ကလေးဆေးရုံကြီးမှာက ပစ္စည်းကိရိယာ ပိုပြီး စုံသည်တဲ့။ စိတ်ချရသည်တဲ့။ အခန်းသပ်သပ် လိုချင်လို့ သူငယ်ချင်းက ကြိုးစားတော့ အဲဒီ အခန်းတွေမှာလဲ နေမကောင်းသည့် ကလေးလေးတွေ ရှိပြီး ကြပြီ။ ဒီလိုဆိုလျှင်ဖြင့် မတတ်နိုင်သော ကလေးများ၊ အဆင်မပြေသော မိဘများအတွက် ဒီလို ညပ် သပ်နေသော အခန်းမှာ ဒုက္ခခံပေတော့။

ကလေးလေးတွေကို သွေးဖောက်စစ်သည့် စားပွဲက ရွာဘုရားပွဲဈေးတွေမှာ ယာယီ ဈေးသည် တစ်ဦး၏ စားပွဲလိုမျိုးဖြင့် လူနာတွေ ကြားထဲမှာ ရောက်နေသည်။ ကလေးတွေ၏ သွေးနမူနာကို ဖောက်စစ်နေသော ဆရာဝန်ကတော့ ဒီပါတ်ဝန်းကျင်မှာ အသားကျပြီးဟန်တူသည်။ အဘယ် ဆရာဝန်က ဒီလို လူနာတွေ ကြားထဲမှာ၊ ဆူပွက်ညံအောင် ငိုနေကြသည့် ကလေးလေးတွေ ကြားထဲမှာ သွေးဖောက်၊ သွေးစစ်ချင်မှာလဲ။ မတတ်သာသည့် အဆုံး အလုပ်ပြီးအောင် လုပ်ကြရသည့် ယဉ်ကျေးမှုမှာ ဆရာဝန်ခမျာလဲ အသားကျသွားဟန်တူ၏။ မိတ်ဆွေ၏ အမျိုးသမီးကတော့ သူ့သမီးကလေး၏ ခေါင်းရင်းမှာ လွန်ခဲ့သော နှစ်နာရီခန့်မှ ရောက်လာသည်ဟု ဆိုသော အဆုပ်ရောဂါ ကလေးလေးဆီမှ ရောဂါပိုးမွှားများ ကူးစက်လာမှာ စိုးရိမ်နေသည်။

လူနံ့ သူနံ့များ၊ ကလေးငိုသံများ၊ မိဘများ၏ စိတ်ပူပင်ကြီးများစွာဖြင့် စကားသံများ ကြားမှာ ကျွန်တော်တို့လို သေဖို့ အသက်တစ်ဝက်ကျော်လာခဲ့ပြီး ခက်ခဲသည့် ဘ၀အတွေ့အကြုံများ၏ အထု အရိုက်ခံထားရသူတွေတောင်မှ စိတ်တွေ ရှုပ်ထွေး နောက်ကျိလာသည်။ နေမကောင်း မကျန်းမာသည့် နုနယ်သော ကလေးတွေဆိုလျှင် ဘယ်လိုများ ရှိမလဲဆိုတာ တွေးကြည့်ရုံနှင့် ကျွန်တော် စိတ်အအိုက်ကြီး အိုက်သွားသည်။ မိတ်ဆွေ၏ သမီးလေးကတော့ ငိုလို့ မဆုံးတော့။ ချွေးစေးလေးများ ပျံနေအောင် စိတ်အိုက်ဟန် တူသည်။ သူ့ အဖေဖြစ်သူ ကျွန်တော့်သူငယ်ချင်း သူ့အသဲစွဲဖြစ်သူကိုတောင် အကပ်မခံတော့။ ဆရာဝန်၊ ဆရာဝန်များ ခမျာလဲ  လူတွေ အများကြီး၏ အပူတွေ ကူးစက်နေဟန်တူသည်။ စိတ်ရှည်မှုများ ပျောက်ဆုံးနေကြဟန်ရှိသည်။  စိတ်အလိုမကျမှုများ၊ ရောဂါ ဝေဒနာဖိစီး မှုများကြောင့် ငိုချင်တိုင်း ငိုနေရှာကြသော ကလေးလေးများ စိတ်သက်သာရာ ရစေဖို့ မိဘများက အစွမ်းကုန် ကြိုးစားနေကြသည်။ မီးတွေ ရောင်စုံ လင်းနေသည့် ဓာတ်ခဲငါးစက်ရုပ်လေးကို လူနာရှင် ကလေးလေး တစ်ဦးက စိတ်မ၀င်စားနိုင်။ ကော်ရစ်ဒါမှာ ကလေး အငိုတိတ်စေဖို့ ရင်သားဖော်ပြီး နို့တိုက်နေသော အမေဖြစ်သူကို ကလေးလေး တစ်ဦးက တွန်းကန်ပြီး ရုန်းနေ၏။ ဆန်ပြုပ် တစ်စွန်းတိုက်ရဖို့ မျက်ရည်တွေ ၀ဲလာအောင် သနားခြင်း မက သနားမှုများဖြင့် သူ့ကလေးလေးကို ချော့မြူနေသော အမေဖြစ်သူကို ကလေးလေးက အသံဗြဲကြီးဖြင့် အော်ဟစ်ရုန်းကန်နေသည်။

သူငယ်ချင်း ဇနီးမောင်နှံကို လိုအပ်တာတွေ ကူညီပြီး ဆေးရုံကနေ ကျွန်တော် ပြန်ထွက်လာတော့ အမှန်တကယ်သာဆိုလျှင် ကျွန်တော့် စိတ်တွေ လန်းဆန်းပေါ့ပါးသွားရမှာ။ သို့သော် စိတ်အတွေးတွေက ဆက်လက် နောက်ကျိနေသည်။ သူများ နိုင်ငံတွေမှာတုံးက သူငယ်ချင်းဖြစ်သူများ ဆေးရုံတက်ခြင်းကိစ္စများမှာ ကျွန်တော် လိုက်လံ ကူညီပေးဖူးသည်။ အထူးကုဆေးရုံများ မဟုတ်ကြ။ ပြည်သူ့ ဆေးရုံများသာ။ အားလုံးက သက်တောင့်သက်သာဖြင့် ရောဂါဝေဒနာများ အမြန်ပျောက်စေဖို့ ကူညီနိုင်သော နေရာတွေဆိုတာ အလွန်သေချာသည့် အပြင်အဆင်များ။ စီမံခန့်ခွဲမှုများ။ အခုလို အပြင်အဆင်များ၊ စီမံခန့်ခွဲမှုများဖြင့် ရောဂါဝေဒနာများနေကြသည့် ကလေးလေးတွေကို ကျွန်တော်တို့လို အရွယ်ရောက်ပြီး မျိုးဆက်တွေက တာဝန်မကျေသလိုမျိုးကြီး ကျွန်တော် ခံစားရသည်။ သူငယ်ချင်း၏ အမျိုးသမီး သူ့သမီးလေးကို ပြောနေသလိုမျိုး “နင်မဖြစ်ဘဲ ငါသာ ဖြစ်ပြီး သေသွားလဲ အေးတာပါဘဲဟယ်” ဟု ညည်းငြူသလို ဒီကလေးလေးတွေ၏ မပြည့်စုံ မလုံလောက်မှုများအတွက် ဟိုလူကြီးသူခိုးများနှင့် တကွ ကျွန်တော်ပါ သေသွား ပြီးတာဘဲလို့ တွေးမိလာသည်။

The Yangon Gallery ကို ကျွန်တော်ရောက်တော့ ဆရာ ကိုသိန်းဇော် မဟောပြောရသေး။ ကပ်ပြီး မှီသည်။ ဆရာဟောပြောဖို့ ခေါင်းစဉ်က “လတ်ဆတ်လမ်းသွယ်စိမ်း” တဲ့။ ဆရာ့ ဟောပြောချက်တွေထဲက ကဗျာတွေကို စင်္ကာပူမှာ ဆရာလာပြီး ဟောပြောစဉ်က ကျွန်တော် ကြားဘူးခဲ့ပြီးသား။ သို့သော် ကဗျာဆိုတာ တကယ်ကောင်းပြီဆိုရင် ဘယ်နှစ်ခေါက် ပြန်ဖတ်၊ ပြန်ဖတ်၊ ဘယ်နှစ်ကြိမ် ခံစား ခံစား မပြီးနိုင် မစီးနိုင် ခံစား၊ စံစားလို့ အလွန်ကောင်းသော အနုပညာတစ်ရပ်မို့လား။ ဆရာက သူ့ကဗျာတွေ ဖြစ်သည့် ည၊ တောင်ကုန်း အဟောင်းများ၊ ရင်ထဲက ပြာလဲ့လဲ့ တိမ်တိုက်တွေ မိုးရွာမချခင် စသည့် ကဗျာများကို ရင်ဘတ်ကြီးနဲ့ ရွတ်ပြ၊ ဖတ်ပြသွားသည်။ ပရိတ်သတ်က မများလှ။ အလွန်ဆုံး ရှိလှမှ သုံးဆယ်ကျော်ကျော်ခန့်သာ။  ပွဲပြီးတော့ မေးခွန်းလေးတွေ မေးကြသည်။ တစ်ဦးကတော့ ဆရာမင်းထက်မောင်ကို လက်ရှိ စာပေလောကမှာ ကလေးကဗျာလေးတွေ မရှိသလောက်ဖြစ်နေတဲ့ အပေါ် ဆရာ့ ထင်မြင်ယူဆချက်ကို မေးသွားသည်။ ဆရာက ဆရာကြီး မင်းသုဝဏ်၊ ဆရာကြီး ပျဉ်းမနား မောင်နီသင်းတို့ ခေတ်ပြီးကတည်းက ဒီဘက်ခေတ်မှာ ကလေးကဗျာရေးသူ မရှိသလောက်ဖြစ်တာ ၀န်ခံပါတယ်တဲ့။ ကျွန်တော်တို့ ကြိုးစားကြရမယ့် ကိစ္စ တစ်ခုပါလို့လဲ ဖြည့်စွက် ဖြေကြားသွားခဲ့သည်။

ဟောပြောပွဲပြီးတော့ စာအုပ်အဟောင်းများကို ကျွန်တော်ခဏလိုက်ကြည့်ပြီး ပြန်လာခဲ့သည်။ ကားတွေ ပိတ်ကြပ်နေသော လမ်းပေါ်မှာ ဆရာကိုသိန်းဇော်ပြောသွားသော စကားတစ်ခွန်းကို ကျွန်တော် သတိရလာသည်။ အကောင်းဆုံး ပြင်ဆင်ပြီး ရှုံးနိမ့်သူများဟာ လှပါတယ်တဲ့။ ကျွန်တော်တို့က အကောင်းဆုံး မပြင်ဆင်ဘဲနဲ့ အရှုံးကြီး ရှုံးနိမ့်နေကြသည်။ ပစ္စပ္ပန်ကို ကိုရှုံးသည်။ အနာဂါတ်ကို ရှုံးနိမ့်သည်။ အလွန် အရုပ်ဆိုး အကျည်းတန်သော ရှုံးနိမ့် ကျဆုံးမှုတွေ။

ဖိုးထက်

Photo Credit –

www.ft.com972 × 547Search by image

Nurses
at the Yangon children’s hospital walk through the corridors. Nurses at
the hospital walk through the corridors. ©Charlie Bibby/FT

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖိုးထက်, ရသဆောင်းပါးစုံ, ခေတ်ပြိုင်အတွေ့အကြုံ

One Response to ဖိုးထက် – အရုပ်ဆိုးသော အရှုံးများ

  1. Catwoman on September 6, 2014 at 7:32 am

    Yes it s very sad. Other counties have one room per each pediatric patient. There s a tv and couch / sofa for the parents to sleep. Food is provided for kids and parents. Kids should be kept separated because if one has the flu then everyone gets it

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်