သက်ခိုင် – ပုတ်သင်ညိုအကြီးစား၊ ဖားမစား အောင်ဖေနဲ့ ကံဆိုးတဲ့တောကြောင်

September 6, 2014

သက်ခိုင် – ပုတ်သင်ညိုအကြီးစား၊ ဖားမစား အောင်ဖေနဲ့ ကံဆိုးတဲ့တောကြောင်
စက်တင်ဘာ ၆၊ ၂၀၁၄
 
(၁)

စစ်မှုထမ်း ဘ၀ကနေ တပ်ပြေးလာတဲ့သူတွေလည်း အောင်ဖေတို့တပ်မှာ ၀င်လာပြီးပြန်တော်လှန်ရေး လုပ်သူတွေလည်းရှိတယ်။ ဥပမာ အောင်ကျော်မိုးတို့၊ ဇင်ဝင်းအောင်တို့လိုပေါ့။ အောင်ဖေက တောကြက်မကို မှန်အောင် မပစ်နိုင်ကတည်းက ဘိုဖြူတို့တသိုက်က အယုံအကြည်ကို မရှိတော့ဘူး၊ တောလည်သွားဖို့ခေါ်ရင် မလိုက်ချင်သလိုလို လုပ်တတ်ကြကော။ ဒါကြောင့်တရက်တော့ အောင်ဖေတယောက် ပျင်းပျင်းရှိတာနဲ့ ဇင်ဝင်းအောင်ကိုစည်းရုံးပြီး တောင်ခြေဘက်သွားကြတယ်၊ အဲဒီဘက်မှာက မျောက်အော်သံတွေလည်း ကြားနေရတာကိုး။ စခန်းကထွက်တော့ သူများတွေကမေးတယ် ဘယ်လဲပေါ့၊ မျောက်သွားပစ်မလို့ပေါ့လေ၊ လူတွေကလည်း အော်တခုခုတော့ ဒီကောင်က ရတတ်တယ် သွားပါစေပေါ့လေ။

တောင်ခြေကိုရောက်ခါနီးတော့ ဘယ်ကအော်နေမှန်းမသိတဲ့ မျောက်အော်သံတွေလည်း တိတ်သွားပြီ၊ ဘာမှလုပ်မရတော့ဘူး၊ ဒါကြောင့် အောင်ဖေကနေ ဇင်ဝင်းအောင်ကို ငါတို့တောင်ခြေကနေ စမ်းချောင်းအတိုင်း တက်ကြည့်ကြမယ် အနည်းဆုံးတော့ ဇရစ်ဖူးတွေ တို့စရာအနေနဲ့တော့ ရမယ်ကွပေါ့လေ။ ဒါကြောင့်ထိုင်းဘက်ခြမ်းကို ဦးတည်သွားတဲ့ ကားလမ်းအတိုင်း နည်းနည်းတက်ပြီးတော့ စမ်းချောင်းဘက်ကို ထိုးဆင်းကြကော။

စမ်းချောင်းထိရောက်ဖို့ဆိုတာ တောကိုတိုးသွားရတာလေ၊ မိုးကလည်းကုန်ခါနီးအချိန် ဆိုပေမယ့် လူတွေကို သွေးစုပ်တတ်တဲ့ ကျွတ်ကတော့ နေရာတိုင်းမှာ ရှိနေဆဲပဲ။ ကျွတ်ဆိုတာက ကိုယ်လုံးလေးက နားဖာကလော်တံ လုံးပတ်လောက်ပဲရှိတာ ဒါပေမယ့်ရှည်မျောမျောနဲ့ တလက်မလောက်ရှည်တယ် ဆန့်လိုက်ရင် ၂လက်မလောက် အသာလေးပဲ၊ သူ့မှာ ဟိုဘက်ထိပ် ဒီဘက်ထိပ် စုပ်ခွက်လေးတွေပါတော့ ဘယ်ဘက်နဲ့ပဲဖြစ်ဖြစ် အသံကြားရင် ခေါင်းလေးထောင်ပြီး တွယ်ကပ်ဖို့ စောင့်နေတတ်တာ၊ အနားရောက်လာတဲ့ မည်သည့်သတ္တ၀ါကိုမဆို အသာလေးဖတ်ကနဲ ကပ်လိုက်ပြီး ကပ်လိုက်ခွာလိုက် ကပ်လိုက်ခွာလိုက်နဲ့ အရေပြားဆီရောက်အောင်သွား ပြီးမှအပိုင်ကပ်တွယ်ပြီး သွေးစုပ်နေတော့တာကိုး၊ သွေးဝပြီဆိုရင် အကောင်က ဖောင်းကားပြီး လက်သန်းလုံးလောက် ဖြစ်လာတတ်ကော။ တခါတခါ လူတွေကမသိဘူး ကိုယ့်အ၀တ်အစားက သွေးတွေရွှဲနေမှ ကျွတ်တွယ်ထားမှန်း သိကြတယ်။ ဒီလိုကျွတ် အတွယ်ခံပြီး တောတိုးကြတာလေ။ ဒီလိုနဲ့တိုးရင်းက သစ်ပင်ကြီးကြီး တပင်အနားကို အောင်ဖေအရောက်မှာ ဗြုန်းကနဲ ပုတ်သင်ညိုအကြီးကြီး တကောင်ကအပင်မှာ တွယ်ကပ်နေရာကနေ အောင်ဖေ့ကို ချောင်းကြည့်လိုက်တာ မြင်ရပါလေကော။ ဇင်ဝင်းအောင်က အောင်ဖေနောက်မှာကိုး။

“ဟာဟေ့ကောင်၊ ပုတ်သင်ညိုအကြီးကြီးကွ၊ အပင်ပေါ်တက်ပြေးတော့မယ် ငါဟိုဘက်ကပစ်မယ်၊ မင်းဒီဘက်ကပစ်” ဆိုပြီး၊ အောင်ဖေက တဘက်ခြမ်းကို လှည့်ထွက်လိုက်တော့ ၄ပေကျော်ကျော်လောက်ရှိတဲ့ ပုတ်သင်ညိုကြီးရယ်လေ သစ်ပင်ပေါ်ကို တက်ပြေးပါလေကော၊ ဒါကြောင့် အောင်ဖေတို့တွေ အောက်ကနေ လှမ်းပစ်ကြတော့တာပေါ့။

တဒိုင်းဒိုင်းနဲ့ နှစ်ယောက်သားတွယ်လိုက်တာ၊ ဒီကောင်ဘာခံနိုင်မလဲ ခဏနေတော့ ၁၀ချက်လောက် ပစ်အပြီးမှာ အပင်ပေါ်ကနေ ပြုတ်ကျလာပါလေကော။ ဒီတော့အောင်ဖေက အနားကပ်သွားတော့ ပုဂ္ဂိုလ်က မရှောသေးဘူး ပါးစပ်ကြီးဟပြီး အောင်ဖေ့ကို ပြန်ကိုက်မယ် လုပ်နေပါကော၊ ဒါနဲ့။

“အသာနေကွ ဒီကောင်ကို ဘက်နက်နဲ့ထိုးပြီး ကားလမ်းပေါ်ကျမှထုမယ်” ဆိုပြီး အောင်ဖေ့အေကေ သေနတ်မှာပါလာတဲ့ ဘက်နက်နဲ့ထိုးချိတ်ပြီးကားလမ်းပေါ် အမြန်တက်ကြပါလေကော၊ အခုနေရာက စမ်းချောင်းကိုဆင်းတဲ့ တောင်စောင်းကိုး။ မတက်လို့ကလည်း မဖြစ်တော့ဘူးလေ၊ အောင်ဖေတို့ကို တွက်ထားတဲ့ ကျွတ်တွေကလည်း နည်းမှမနည်းတာ၊ ကားလမ်းပေါ်ရောက်တော့ ဒီကောင်ကို ဘက်နက်ကနေ ချွတ်ချထားပြီး အောင်ဖေတို့ ကျွတ်တွေကို အရင်ဖြုတ်ကြရတယ်၊ မဟုတ်ရင် သွေးထွက်လွန်ရင် ဖျားကြပြန်တာကိုး။ ကျွတ်တွေဖြုတ်ပြီးမှ။

“အားပါး အတော်ကြီးတဲ့ ပုတ်သင်ညိုပဲကွ၊ ဒီလောက်ကြီးတာ ငါတခါမှ မမြင်ဖူးဘူး” လို့ပြောရင်း မသေသေးတဲ့ ဒီကောင်ကို ကျည်ရှင်းပြီး ဒင်နဲ့ထုသတ်လိုက်ရပါလေကော။ ဒီကောင်သေတော့မှ ဇင်ဝင်းအောင်က အောင်ဖေကို ပြုံးစိစိနဲ့ကြည့်ပြီး ပြောတယ်။

“အကိုကလည်း ပေါက်တတ်ကရ၊ ဒါပုတ်သင်ညို မဟုတ်ဘူးဗျ၊ ဖွတ်ဗျ၊ ဖွတ် ဖွတ် မှတ်ထား” တဲ့၊ အော ဒီတော့မှ ပုတ်သင်ညိုလို့ထင်ထားတာ အမှန်ကဖွတ်ကြီးကိုး၊ အောင်ဖေတို့က ရန်ကုန်သားလည်းဖြစ်၊ တိရိစ္ဆာန်ရုံကိုလည်း ဟိုးငယ်ငယ်ကလေးတည်းကပဲ ရောက်ဖူးခဲ့တာဆိုတော့ ဘယ်မှတ်မိတော့မလဲ ဒါကြောင့်ဖွတ်မှန်း ပဒပ်မှန်း မသိဖြစ်တော့တာကိုး။ ဒါကြောင့် ရန်ကုန်မှာကတည်းက အတူနေစား ရှိလာခဲ့တဲ့သူတွေက အောင်ဖေကို မကြာခဏ စကြတယ်၊ ဘာတဲ့ “ တိရိစ္ဆာန်ရုံ မရောက်ဖူးတဲ့၊ စတိတ်ရှိုး မကြည့်ဖူးတဲ့၊ ကြေးအိုး မစားဖူးတဲ့ အောင်ဖေ” တဲ့။ သူတို့ပြောတာလည်း ဟုတ်သား။

ဒီဖွတ်ကြီးက လုံးပတ်တင်ပဲ ကလေးတွေကစားတဲ့ ကော်ဘောလုံးအ၀န်းလောက်ရှိတယ်၊ ဒါကြောင့် သစ်ကိုင်းတခုကိုခုတ်၊ ဒီကောင့်အမြှီးကိုချည်ပြီး နှစ်ယောက်သား ထမ်းလာကြတာပေါ့၊ အေဘီစခန်း ၁၀၁ရှေ့ရောက်တော့ ရဲဘော်တယောက်က လှမ်းပြောတယ် “မင်းတို့တောကောင်ပစ်တာကလည်း တိုက်ပွဲဖြစ်နေတာ ကြနေတာပဲတဲ့” အောင်ဖေတို့လည်း ရယ်ကျဲကျဲ လုပ်ပြီး လာခဲ့ရတယ်၊ သူဆိုလိုတာ ကျည်ဖြုန်းတယ် ဆိုတဲ့သဘောပေါ့၊ “ချီးပဲ မင်းစွတ်ပစ်တာနဲ့ သူများအတင်းပြောတာ ခံရပြီကွ” လို့တော့ ဇင်ဝင်းအောင်ကို စပ်ဖြဲဖြဲနဲ့ အောင်ဖေပြောလိုက်သေးတယ်။

စခန်းထဲဝင်လာတော့ ရဲဘော်တွေက လှမ်းအော်မေးကြတယ် “ဟာမျောက်ကြီးရလားပြီလားဗျ” တဲ့၊ အောင်ဖေကတော့ ခပ်တည်တည်နဲ့စားဖိုမှာ ဖွတ်သေကြီးကို ပစ်ချလိုက်ပြီး ပြောလိုက်တယ်။ “မျောက်သွားပစ်မလို့ဘဲဗျ ဒီကောင်ရလာတာနဲ့ သွားရမှာ ပျင်းသွားလို့ ပြန်လာခဲ့တာ” အော လုပ်ပုံ၊ ကိုယ့်ဘာသာ ဇရစ်ဖူး ခူးပြီး ပြန်မယ်လုပ်ခါမှ ကံမကောင်းတဲ့ဖွတ် ချောင်းကြည့်မိလို့ ဇီဝိန်ချုပ်ရတာကို သူ့ကိုပဲ အပျင်းပြေပစ်လာခဲ့တဲ့ပုံနဲ့ အောင်ဖေပြောပုံက။

ဖွတ်ကြီးကို ဗိုက်ခွဲလိုက်တော့ အမလေးလေး အထဲမှာ သန်ကောင်တွေ အများကြီးကိုး၊ အောင်ဖေကြည့်တောင် မကြည့်ရဲတော့ဘူး ရွံလွန်းအားကြီးလို့။

(၂)
မိုးပါးလာတော့ ကိုလွင်ဦးက ပီဒီအက်ဖ် တဘက်ခြမ်း တောင်ကြောပေါ်တက်ပြီး အောင်ဖေတို့စခန်း သီးသန့်ဆောက်ဖို့ နေရာရှာပါလေကော၊ တရက်ကြတော့ ပြောတယ်၊ စခန်းချစရာ နေရာတွေ့ထားပြီ သွားရှင်းကြမယ်တဲ့၊ ဒါကြောင့် ကိုယ့်သေနတ်ကိုယ်လွယ်ပြီး ဓါးတယောက်တချောင်းစီနဲ့ အောင်ဖေတို့ တောင်ကြောပေါ် တက်ကြပါလေကော၊ သူတွေ့ထားတဲ့နေရာက ဟိုးအရင် သစ်ကားတွေ ဖြတ်သန်းသွားလာဖူးထားလို့ ကားလမ်းကြောင်းဟောင်း တံတောင်ဆစ်ထောင့်ချိုး အကွေ့တနေရာ ကြောငယ်လေးတခုက ဆင်းလာတဲ့အခြေကို စမ်းချောင်းသေးသေးလေးက ကွေ့ဝိုက်ပြီး ပတ်ထားတာ ရေလည်းအဆင်ပြေ၊ နောက်ကြောကိုလည်း တောကောင်ရအောင် ထောင်ချောက် ထောင်မယ်တဲ့။

စခန်းစရှင်းတော့ သစ်မင်းပင်တို့ နနွင်းခါးတို့ ဆင်တုံးမနွယ်တို့တွေလည်း အောင်ဖေတို့ရကြတယ်၊ ကိုလွင်ဦးက ရှင်းပြတယ်၊ သစ်မင်းဆိုတာ အိမ်ခိုက်တယ်တို့ ဘာတို့ဆိုရင် သူ့ကို သပ်သဘောမျိုး အိမ်တိုင်တခုခုမှာ ရိုက်ထည့်လိုက် အားလုံးအိုကေသွားကောတဲ့၊ ဆင်တုံးမနွယ်ကတော့ သိကြတဲ့အတိုင်း လူတိုင်းသိတယ်၊ နနွင်းခါးကတော့ ဆေးဘက်ဝင် အပင်တမျိုးတဲ့ အတော်ရှားတယ်တဲ့ ဒါကြောင့် အောင်ဖေရယ်၊ ကိုအောင်မိုးရယ် ကိုလွင်ဦးရယ် ၃ယောက်သား အဲဒီနနွင်းခါး အမြစ်တွေကို လိုက်ဖော်ကြတော့တာပေါ့၊ ဒါတွေကို နောက်ပိုင်း ဟိုလူလာ လက်ဆောင်ပေး၊ ဒီလူလာ လက်ဆောင်ပေးနဲ့ ကုန်သွားတယ်နဲ့ တူပါရဲ့။

စခန်းဆောက်တယ်သာ ပြောတာပါ၊ လူကရှိတာမှ လောလောဆည် ၃ယောက်ထဲဆိုတော့ တဲခပ်ကြီးကြီး တလုံးကိုပဲ တောင်ခြေကပ်ပြီး ဆောက်လိုက်ကြတယ်၊ အင်္ဂလိပ်စာလုံး U ပုံစံပေါ့ တဘက်စွန်းမှာ စားဖိုထားပြီး၊ အလယ်မှာ စားပွဲတလုံးကို ထိုင်ခုံတွေနဲ့ ဆောက်ထားလိုက်ကြတယ်၊ ဒီနေရာမှာ တခုပြောရမယ် ဒီတောကျွဲအင်းသား ကိုလွင်ဦးက ဓါးကိုင်တာ အတော်ကိုရဲတင်းသလို ၀ါးတို့ဘာတို့ကို ဓါးခုတ်တာ အတော်ကျွမ်းကျင်တာ၊ တဲဆောက်တာလည်း သူပဲဦးစီးတာ အောင်ဖေတို့က၀ိုင်းကူယုံပဲ။ သူဆောက်ပြီးတော့ အားပါး တဲက အတော်နေချင်စရာကို ကောင်းသွားကော။ တဲဆောက်ပြီးတော့ အောင်ဖေလာကွ ငါတို့ထောင်ချောက် ဆင်ကြရအောင်ဆိုလို့ သူနဲ့အောင်ဖေနဲ့ ဘိုဖြူနဲ့ တောင်ကြောပေါ်နည်းနည်းတက်ပြီး လမ်းသွားရှင်းကြတော့တာပဲ၊ ဘိုဖြူကတော့ အောင်ဖေဒီစခန်းသစ်ကို ပြောင်းလာကတည်းက ခေါ်လာတော့ ဒီကောင်လည်း လိုက်လာရတာပေါ့၊ အဖြူမတို့ အညိုမတို့ ဘိုတုတ်တို့ကတော့ ပီဒီအက်ဖ်စခန်းမှာ ကျန်နေတော့တာပေါ့လေ။

တောထဲမှာ ထောင်ချောက်ဆင်တယ်ဆိုတာက ဖြူတို့၊ ကြက်တို့၊ တောကြောင်တို့ အဲဒီလိုကောင်တွေ ရေသောက်ဆင်းတဲ့ တောင်ကြောကို အောက်ခြေအပင်တွေ ၃ပေလောက်စီ လမ်းကလေးဖြစ်အောင်ရှင်း ဒီအကောင်ငယ်တွေ သွားလို့ရအောင် လမ်းနေရာသေးသေးလေး ပေးထားခဲ့၊ ရှင်းထားတဲ့ အပင်ငယ်တွေလည်းခြောက် ဖွင့်ပေးထားခဲ့တဲ့ လမ်းကျဉ်းလေး ကိုလည်း ဒီကောင်တွေ ဖြတ်လျှောက်လို့ ဘာအန္တရယ်မှ မဖြစ်ဖူးလို့ ယုံကြည်သွားလောက်တဲ့ ၁ပတ်ကျော် ၁၀ရက်လောက်ကြမှ ပလပ်စတစ်ကြိုးလေးတွေကို ၀ါးခြမ်းသေးသေးလေးမှာ ဒေါက်ကလေး လုပ်ထားပြီး သူတို့သွားသွားနေတတ်တဲ့ လမ်းကျဉ်းလေးမှာ ထောင်ထားခဲ့တာ၊ တောကောင်ဆိုတဲ့ အမျိုးက သွားနေကြနေရာ၊ သွားနေကြလမ်းကနေ သွားတတ်တယ်၊ အဲဒီလိုသွားရာမှာ ထောင်ထားတဲ့ ထောင်ချောက်ကကြော့ကွင်းကို ၀င်တိုးမိရင်တောင် နောက်မဆုတ်တော့ဘူး ဆက်တိုးကော၊ အဲဒီလိုတိုးတော့ ချိတ်ထာတဲ့ ဒေါက်ကလေးကဖြုတ်ပြီး သူတို့ဝင်တိုးတဲ့ ပလပ်စတစ်ကြိုးကွင်းက ချည်မိပြီးသား ဖြစ်သွားကော အထူးသဖြင့် လည်ပင်းနဲ့ ခြေလက် နေရာတွေပေါ့။

ထောင်ချောင်ဆင်ပြီး ၃ရက်မြောက်နေ့ကြမှ အောင်ဖေထောင်ချောက်ကို တက်ကြည့်ပါလေကော၊ ဟာ အဲဒီမှာ အတော်ကို ပျော်သွားတယ်၊ ကိုင်းတခုမှာလေ တောကြက်ဖကြီးတကောင်ရယ် မိနေတာ သေတော့သေနေပြီ၊ အတော်ကိုလှတဲ့ကောင် အိမ်ကြက်တွေလှတယ်ဆိုတာ ပျင်းတောင်ပျင်းသေးတယ် အမွှေးတွေက အတော်ကြီးကို စိုပြည်ပြီး လှလိုက်တာ အောင်ဖေနှမျောတောင် နှမျောသွားတယ်၊ ဒီကောင့်ကြည့်ရတာ စခန်းကို သယ်လာတဲ့ ကြက်မလေးတွေကို လာချောင်းရင်း အောင်ဖေတို့လူလည်တွေ ထောင်ထားတဲ့ ကြော့ကွင်းမှာ မိသွားပုံရပါတယ်၊ တိရိစ္ဆာန်လည်း ဖွန်ကြောင်ရင် ရှောတာပဲဆိုတာ လက်တွေ့။

ဒီကောင်ကြီးကိုချက်တော့ အတော်ချက်ရတယ် တော်ယုံနဲ့ မနူးဘူး၊ နောက်ဆုံးတော့ လက်လျှော့ပြီး ရသလောက်နဲ့ အောင်ဖေတို့ ၃ယောက်သား တွယ်လိုက်ကြတော့တာပဲ။ မာမာကြီးကို လွှေးရတာ အိမ်ကြက်လိုမဟုတ်ဘူး၊ ဒါပေမယ့် အောင်သေ အောင်သားအနေနဲ့ သည်းခံစားကြတာကိုး ပထမဆုံးရတာဆိုတော့။ ဘိုဖြူလည်း အူမြူးနေတော့တာပေါ့ သူကပိုစားရတော့တာကိုး အရိုးကော လူတွေ မ၀ါးနိုင်တဲ့အသားကော။

တောထဲမှာ ထောင်ချောက်တွေထောင်တော့မှ ထူးထူးဆန်းဆန်း သိရတာတွေရှိတယ်၊ အပြင်လောကမှာတော့ ရေဆင်တို့ဘာတို့ ကြားဖူးကြတာရှိသလို၊ မြင်ဖူးကြတာတွေလည်း ရှိကြမယ်ထင်ပါရဲ့။ ဒါပေမယ့် အောင်ဖေတို့ ထောင်ချောက်တွေမှာ ခဏခဏ မိတာတွေကတော့ ဖြူ၊ ရစ်၊ ကြက်စတဲ့အကောင်တွေနဲ့ ဂျီလောင်လို့ခေါ်တဲ့ ဂျီနဲ့ တပုံစံထဲ လက်သီးဆုတ်လောက် အကောင်လေးတွေ မိတတ်တယ်၊ ပထမတော့ အောင်ဖေလည်း အံ့သြသွားတာပေါ့၊ ဘာလဲဟ သားပေါက်လည်း မဟုတ် ဘာမဟုတ်ပေါ့၊ အဲဒီတော့ လောကကြီးမှာ လူသေးသေးလေး လူခြောက်ဆိုတာ ရှိသလို တိရိစ္ဆာန်တွေမှာလည်း ဆင်တူအကောင်သေးလေးတွေ ရှိတတ်တယ်ဆိုတာ အမှန်ပဲ။ ကမ္ဘာလောကက ထူးဆန်းပါ့ပေ့။

(၃)
စခန်းအထိုင်ကြတော့ ကိုလွင်ဦးနဲ့ အောင်ဖေတောတခွင် လှည့်ကြည့်ကြတယ် တနေရာမှာတော့ စမ်းချောင်းတခုအတိုင်း တက်သွားကြတာ ရေတံခွန်အကြီးကြီး တွေ့ခဲ့ရတယ် အတော်ကိုလှတယ်၊ အော် ငါတို့မြန်မာပြည်က တောတောင်တွေထဲမှာ အတော်လှပတဲ့နေရာတွေ ရှိပါလားပေါ့လေ။ တခါတလေ အဲဒီလိုစမ်းချောင်းတွေမှာ လိပ်တွေလည်းရတတ်တယ်၊ အောင်ဖေတို့တော်လို့ မဟုတ်၊ ဘိုဖြူက အနံ့ခံကောင်းလို့။ ကျောက်ခဲတွေနဲ့ ရောနေတဲ့လိပ်ကို ဘိုဖြူကတွေ့ရင် ဟောင်ကော အဲဒီကြလူတွေက အသာလေးကောက်ပြီး ယူလာခဲ့ယုံပဲ၊ စခန်းရောက်မှ ခေါင်းဖွက်ထားတဲ့ကောင်ကို မီးပုံထဲပစ်ထည့်လိုက်တာ၊ ဒီကောင်လည်း ပူတော့ ခေါင်းတွေဘာတွေ ထွက်လာရင်း ဆန့်ငင်ဆန့်ငင်နဲ့ ဘ၀ကူးရပါလေကော၊ အတော်တော့ အကုသိုလ်များသား ဒါပေမယ့် တောထဲတောင်ထဲမှာ ရတဲ့အသား စားကြတာကိုး၊ အောင်ဖေကတော့ ဘာသားမှ စားကိုမစားဘူး တောကြောင်တို့၊ ဖားတို့၊ မျောက်တို့ကအစ၊ မရှိရင် စိုက်ထားလို့ သီးနေတဲ့ ပဲတောင့်ရှည်ဖြစ်ဖြစ်၊ ကြက်မဥထားတဲ့ ကြက်ဥဖြစ်ဖြစ် ကြော်စားပစ်တာပဲ မစားဖူးတဲ့အသား စားကိုမစားတာ။

တခါတလေကြရင် ပီဒီဖက်ဖ်စခန်းက ကိုကျော်ကျော်တို့ ကိုအာနီးလ်တို့ကို လှမ်းဖိတ်ပါလေကော၊ လူစုပြီး ယမကာလေးဘာလေး မှီဝဲကြတာကိုး၊ အဲဒီလိုရက်ဆိုရင် မွေးထားတဲ့ ကြက်တကောင်ကောင်ကို ချက်ဖြစ်တယ်၊ အောင်ဖေတို့ ရေချိုးရင် ပီဒီအက်ဖ်စခန်းနဲ့ အောင်ဖေတို့စခန်း တောင်ကြောကြားမှာ စီးနေတဲ့စမ်းချောင်းအကြီးကြီးမှာ သွားချိုးကြတာကိုး အဲဒီနေရာမှာပဲ ကြက်ကိုကိုင်တယ်၊ ညနေစောင်းကြက်ကိုင်တဲ့ အချိန်ဆိုရင် မီးထွန်းထားလို့ မြင်နေရတဲ့အလင်းရောင်ကို လာစပ်စုတဲ့ ဖားကြီးတွေရှိတယ် ကြက်ခုတ်တဲ့သူက အနားရောက်လာတဲ့ ဖားကိုဂွပ်ကနဲ တချက်ထုလိုက် ချထားလိုက်၊ ကြက်ကို ဆက်ကိုင်လိုက်၊ နောက်တခါ ထပ်ရောက်လာတဲ့ ဖားကို တချက်ထုလိုက်၊ ချထားလိုက် ကြက်ကိုင်လိုက်ပေါ့ စခန်းမှာ စားသောက်ကြမယ့်သူတွေ ၄ဦးရှိရင် ဖားကို ၃ကောင်ပဲရိုက်တယ်၊ ဘာလို့ဆို အောင်ဖေက မစားဘူးလေ၊ ကြက်ပဲစားမှာ၊ ဒီဖားကြီးတွေကလည်း တကောင်တကောင်ဆိုတာ နည်းတာမှမဟုတ်တာ ဟိုဘက်လက်ထိပ်တွေ ဒီဘက်လက်ထိပ်တွေ စုကြည့်ရင်မြင်ရတဲ့ အလုံးအ၀န်းလောက် ကြီးတာဆိုတော့ ဘယ်လာ လူတယောက်တောင် မနည်းကုန်အောင် စားကြရတာကိုး၊ ဒါကြောင့် တယောက်တကောင်နူန်းပဲ ပိုမရိုက်ဘူး နောက်အပတ်တို့ နောက်ရက်တို့တွေအတွက် ချန်ထားတာ ဒီလို။

စခန်းမှာက အဲဒီအချိန်က နော်ဝေအစိုးရကောင်းမှုနဲ့ ဒီဗီဘီသတင်းတွေ နားထောင်ဖို့ ကက်ဆက်၊ ရေဒီယိုလေး တလုံးရှိတယ် သတင်းတွေနားထောင်ပြီးတာနဲ့ ယမကာလေးမှီဝဲရင်း ကိုအောင်မိုးက ဘိုသီချင်းခွေတွေ တခုပြီးတခု ဖွင့်ပါလေကော၊ တောထဲတောင်ထဲမှာ ကမ္ဘာဆန်နေကြပုံများ၊ အဲဒီခေတ်က သီချင်းတွေက ညှင်ညှင်သာသာလေးတွေ ဗုန်းဒိုင်းအုံးဂွမ်းတွေ မရှိဘူး သာယာတယ်ပြောရမယ်။ အဲဒီလိုသီချင်းတွေထဲက။

“ အိုင်……………..မစ်စ်……………….ယူ” တို့၊ “လပ်ဖ်မီ……….လပ်ဖ်မိုင်ဒေါ့” ဘာညာနဲ့ အောင်ဖေလည်း ပေါက်တတ်ကရ လွမ်းပေါ့။

စစ်ပူပြီဆိုရင်တော့ အောင်ဖေတို့ ၃ယောက်သား စခန်းကိုထားခဲ့ပြီး ပီဒီအက်ဖ်နဲ့ သွားပေါင်းနေကြရတယ်၊ စခန်းကြီးတွေ ၃ခုသဘောဖြစ်သွားကြတာပေါ့၊ ရခိုင်စခန်းနဲ့ ဒေါက်တာကျော်ညွှန့်တို့အဖွဲ့၊ ဒီပီအေကတဖွဲ့၊ ပီဒီအက်ဖ်ကတဖွဲ့ အဲဒီလိုနေကြတာ၊ စက်ကိုင်ရင် ကိုကျော်ကျော်ကကိုင်တယ်၊ ညဘက်ဆိုအောင်ဖေကကိုင်တယ်၊ အောင်ဖေက စက်နာမည်ကို “အင်ကြင်း” လို့ပေးထားတယ်၊ ဘာလို့ဆို ငယ်ငယ်ကတည်းက စာရေးဆရာမင်းကျော်ရေးတဲ့ အင်ကြင်းဝတ္တုထဲက “သုညဘ၀က တက်လာခဲ့တဲ့သူက သုညထက်ပိုပြီး ထပ်ကျသွားစရာ မရှိဘူး” ဆိုတာကို သဘောကျလို့ ယူထားတာ။

တခါမှာတော့ ရန်သူစစ်ကြောင်းတက်တယ်လို့ သတင်းကြားတော့ အောင်ဖေတို့တွေ ပီဒီအက်ဖ်စခန်းမှာ စုကြတာပေါ့ စစ်ကြောင်း၂ကြောင်းခွဲပြီး ရှေ့ကိုထုတ်ထားတယ် ရေးချောင်းဖျားဘက်မှာ မွန်အဖွဲ့နဲ့ပူးတွဲတကြောင်း၊ ကုန်သည်လမ်းကို မြန်မာပြည် တောင်ကြောပေါ်ကဆင်းလာတဲ့ ဘက်မှာ ဒီပီအေနဲ့ပူးတွဲတကြောင်း ခွဲလွှတ်ထားရတယ်။

ရက်ကကြာလာပြီ၊ ဒီတော့ ရဲဘော်တွေ ရိက္ခာအတွက် စဉ်းစားရပြီ၊ အောင်ဖေက ကိုအာနီးလ်နဲ့ ကိုရန်အောင်ကိုပြောတယ် ၀က်တကောင်လောက်ပေါ်ရင်ကောင်းမလားပေါ့၊ အားလုံးကလည်း သဘောတူကြတော့၊ ၀က်ထီးတကောင်ကိုဖမ်း ကြိုးနဲ့တုတ်၊ ကိုဂျော်နီကမြှောက်ပေးတော့ အောင်ဖေသတ်မယ် လုပ်ပါလေကော၊ အဲဒီတော့ ၀က်ကို ကိုဝေထွန်းနဲ့ ကိုအာနီးလ်တို့တွေက ၀ိုင်းချုပ်ထား၊ လဲနေတဲ့ဝက်ရဲ့ ဘယ်ဘက်လက်ပြင်က နှလုံးရှိတဲ့နေရာကို တခါတည်းမှန်းပြီး အောင်ဖေထိုးချလိုက်တာ၊ ၀က်က ထအော်ပါလေကော၊ ဟာပြဿနာပဲ ဘက်မှားသွားပြီလားမသိပေါ့ ဟေ့လူတွေ တဘက်ပြန်လှည့်ဗျ ဘာညာနဲ့ပြောတော့ ဟိုလူတွေလည်း ၀က်ကြီးရဲ့ကိုယ်လုံးကို တဘက်ပြန်လှည့်၊ ထပ်ပြီးထိုးတာပေါ့ နောက်ဆုံးတော့ အကုသိုလ် အတုံးလိုက် အတစ်လိုက်ဖြစ်ပြီးမှ ၀က်ကသေသွားတော့တယ်၊ ကိုဂျော်နီက အောင်ဖေ့ကို ကြည့်ပြီး စပ်ဖြီးဖြီးပေါ့၊ ဆရာမပြ နည်းမကျလိုလို ဘာလိုလို။ ဒီကောင့်ရင်ဘတ်ခွဲတော့မှ သိရတော့တယ် အောင်ဖေ ပထမဆုံးထိုးလိုက်တဲ့ဘက်ကမှန်တယ် နှလုံးရှိတယ်၊ ခက်တာကဓါးချက်က နှလုံးနဲ့ အသည်းကြားကိုဝင်သွားတာ ဒါကြောင့်ဒီကောင် မသေဘဲ အော်တာကိုး။ ၀က်ကြီးကိုဖျက် ချက်ပြုတ်ပြီး စစ်ကြောင်းတွေကို လူခွဲသွားပို့ကြတယ်၊ ၀က်ကြီးသေပုံသေနည်းကို ရှေ့တန်းကရဲဘော်တွေသိတော့ တဟားဟားပေါ့ ဖြစ်ပုံပြောပါတယ်။

ရန်သူစစ်ကြောင်းက ဆုတ်ပြီလိုလို သတင်းကြားတော့ အောင်ဖေကပြောတယ်၊ စခန်းဟောင်းမှာ ထောင်ထားခဲ့တဲ့ ထောင်ချောက်သွားကြည့်ဦးမယ်ပေါ့လေ၊ ဒါနဲ့သွားကြည့်တော့ ထောင်ချောက်တန်းကို အဝေးကလှမ်းကြည့်လိုက်တာ ဟာ တနေရာမှာ ထောင်ချောက်ကြိုးပြတ်နေတယ်၊ သွားပြီ ဒီကောင်ရုန်းတာနဲ့ ကြိုးပြတ်ပြီး ပါသွားပြီ နှမျောလိုက်တာ၊ ဒါနဲ့ အစကနေအဆုံးထိ လိုက်စစ်ပါလေကော၊ ဘာမှမတွေဘူး မမိဘူးဆိုတာ သေချာနေပြီ လူလည်းစိတ်ပျက်သွားကော ဒါနဲ့ ကြိုးပျက်သွားတဲ့ ကြော့ကွင်းနားရောက်တော့။

“ခွီး” ဆိုတဲ့ အသံကြီးကြားတော့ အောင်ဖေလန့်သွားတယ်၊ ငုံကြည့်လိုက်မှ တောကြောင်ကြီးရယ်လေ ပြတ်ထွက်သွားတဲ့ ပလပ်စတတစ်ကြိုးနဲ့ သစ်ပင်ငယ်တွေက ကိုင်းတွေနဲ့ ရစ်ပတ်ပြီး ထွက်မပြေးနိုင်ဘဲ ဖြစ်နေတာ၊ လူကိုမြင်တော့ ရန်မူတဲ့အနေနဲ့ အော်တာ၊ ဒီကောင်သာ မအော်ရင် အောင်ဖေမသိဘဲ ကျော်သွားမှာ ဘာလို့ဆို ဒီတောကြောင်က ငါးချိပ်ရောင်ကြီးလေ သူ့အနံ့က အတော်မွှေးတာ ကြောင်နံ့သာလို့တော့ ပြောကြတာပဲ။

ဒါနဲ့အောင်ဖေလည်း လူကိုမော့ပြီးကြည့်နေတဲ့ ဒီကောင်ကို သေနတ်နဲ့ “ဒိုင်း” ကနဲ တွယ်လိုက်တယ်၊ ဟာ မသေဘူး သေနတ်နဲ့ပစ်တာကို ဒီလူအော်သံက အတော်ကျယ်ပါလားဆိုတဲ့အထာနဲ့ ဒီကောင်မျက်လုံးကြီး ပြုးပြီးကြည့်နေတယ်၊ ဒီလောက်အနီးကပ်ငုံ့ပြီး ပစ်တာတောင် ကျည်ကလွဲသွားတယ် အောင်ဖေတို့တော်ပုံ၊ ဒါနဲ့ဒီကောင် မပြေးနိုင်ဘူးဆိုတာ သေချာသွားတော့ အောင်ဖေသေချာအောင် သေနတ်ပြောင်းကို သူ့နဖူးပေါ်တင်လိုက်တယ်၊ ဒီအချိန်မှာတော့ ဒီကောင်နောင်တ ရသွားပုံရတယ် မျက်လုံးလေး ပေကလပ်ပေကလပ်နဲ့ ခင်ဗျားပြုသမျှ နုရတော့မယ့် ဘ၀ကိုး ဆိုသလိုပေါ့၊ ဒိုင်းကနဲ ပစ်ချလိုက်တော့ ငြိမ်ကျသွားကော၊ ဒါနဲ့အောင်ဖေလည်း သူ့ထားခဲ့ပြီး နောက်ထပ် ထောင်ချောက်တွေ လိုက်စစ်တယ် ဘာမှမမိဘူး ဒီတကောင်ပဲ၊ ဒါကြောင့် ဒီကောင့်ထမ်းပြီး စခန်းကိုပြန်လာခဲ့ကော။

စခန်းကိုရောက်တော့ ရဲဘော်တွေက ၀ိုင်းပြောတယ် “ထင်တော့ထင်သား သေနတ်သံ နှစ်ချက်ကြားတာ တကောင်ကောင်တော့ ရပြီလို့” တဲ့၊ အဲဒီမှာ အောင်ဖေက ရှင်းပြတယ်၊ ပြောပုံက ဒီလို။

“ကျနော်ထောင်ချောက်တွေကို သွားတော့ ဘာမှမတွေ့ဘူးဗျာ၊ ဒါနဲ့စိတ်ဓါတ်ကျပြီး ပြန်လှည့်လာတယ်၊ အဲဒါကွေ့အရောက်မှာ ဟိုးသစ်ပင်ပေါ်ကနေ ရိပ်ကနဲ အရိပ်တခုမြင်လိုက်သလိုဖြစ်တော့ မော့ကြည့်တာ အပင်က အတော်မြင့်တယ်ဗျ ပေ၃၀လောက်ရှိမယ်၊ အဲဒီအပင်ဂွကြားကနေ ဒီကောင်ကချောင်းကြည့်နေတာဗျ၊ ဒါနဲ့ကျနော်လည်း အသာလေးနေပြီးချိန်လိုက်တယ်၊ ပထမအချက်အပစ်မှာ ဒီကောင်ခေါင်းငုံ့သွားပုံရတယ်ဗျ မထိလိုက်ဘူး၊ ဒါနဲ့ ဒုတိယအခေါက် သေချာထပ်ချိန်ပြီး ပစ်လိုက်တာ၊ ဘာရမလဲ ကျလာတာပေါ့ဗျာ ထိတာကတော့ ချက်ကောင်းဗျ နဖူးတည့်တည့်၊ ပစ်ကွင်းကလည်း သေးတာကိုဗျာ”

အဲဒီလို ဇတ်လမ်းဆင်ပြောလိုက်တော့ ရဲဘော်တွေလည်း ဝေဖန်ချက်တွေပေးတာပေါ့၊ “ဟုတ်မယ်ကွ ပထမအချက်က ထိပုံမရဘူး အသံရှည်တယ်၊ ဒုတိယအချက်က အသံတိုတယ် ပြတ်တယ်” အဲဒီလိုမျိုးပြောပြီး လေးစားတဲ့အကြည့်တွေနဲ့ အောင်ဖေကို ကြည့်ကြည့်သွားကြတာပေါ့၊ အောင်ဖေကတော့ ခပ်တည်တည်ပါပဲ၊ စားဖိုဘက်ကိုတော့ လှမ်းလှမ်း ကြည့်တယ် ဘာလို့ဆို ကိုကျော်ကျော်က ရေနွေးတည်ပြီး ကြောင်အမွှေးနုတ်ဖို့ ပြင်နေပြီကိုး။

ခဏနေတော့ ကြောင်ကို ရေနွှေးနဲ့ဖျောပြီး အမွှေးနုတ်နေတဲ့ ကိုကျော်ကျော်က လှမ်းအော်တယ်။
“ဟေ့လူ” တဲ့။

ပြီးတော့ အမွှေးတွေပြောင်သွားလို့ ကြောင်လည်ပင်းမှာ ပေါ်လာတဲ့ကြိုးကွင်းရာကို ထောင်ပြတယ်။

အောင်ဖေစပ်ဖြီးဖြီးနဲ့ အသာလေး မျက်စိမှိတ်ပြလိုက်တယ်၊ သူလည်း သဘောပေါက်သွားပါတယ်၊ ဘာမှမပြောတော့ဘဲ ပြုံးစိစိနဲ့ ခုတ်ထစ်ပြီး ချက်ဖို့လုပ်တော့တာပါပဲ။

(နောက်ပိုင်းမှာတော့ နောက်ထပ်စခန်းတခုကိုပြောင်းပုံ အောင်ဖေတို့စခန်းမှူး ဖြစ်လာပုံတို့ကို ထပ်မံရေးသားပါမယ်)

သက်ခိုင်
(၁၂း၂၉)နာရီ
၁၅.၈.၂၀၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, သက်ခိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်