ထင်အောင် – ပညာရေးစံနစ်အပြောင်းအလဲများ
September 11, 2014
– ပညာရေးစံနစ်အပြောင်းအလဲများ
(မိုးမခ)၊ စက်တင်ဘာ ၁၁၊ ၂၀၁၄
လူငယ်များကိုပညာသင်ပေးသောစံနစ်မှာ ဘုရားလက်ထက်တော်ကပင် ရှိခဲ့ပါတယ်။ တက္ကသီလာနယ်မြေကို အထင်အရှားပြနိုင်ပါတယ်။ သက်ဦးဆံပိုင်ပဒေသရာဇ်မင်းများလက်ထက်မှာလည်း တက္ကသိုလ်ရှိခဲ့ပါတယ်။ မင်းညီမင်းသားတွေကို အဌာရဿတ်ပညာတွေ သင်ပေးသောနေရာဖြစ်ပါတယ်။ သာမန်လူတွေထက် အဆင့်မြင့်ပညာ သင်ပေးသောနေရာပါ။ သာမန်လူတွေကတော့ ဘုန်းတော်ကြီးကျောင်းတွေမှာ စာပေသင်ရပါတယ်။ ဘုန်းကြီးကျောင်းသား ခေါ်တာပေါ့။ ဘုန်းကြီးကျောင်းသားကမှ အရေးအဖတ် အတွက်အချက် လောကီ၊ လောကုတရာစာပေတွေ တတ်တာပါ။ အတွင်းအောင်ခြင်း၊ နဝင်းအလီရတဲ့သူကို ပညာတတ်လို့ သတ်မှတ်ပါတယ်။ အိမ်ထောင်ထူထောင်လို့ ရပြီ။ အတန်းလို့  အတိအကျသတ်မှတ်ထားတာမရှိပေမဲ့ သင်ကြားနေတဲ့စာပေအဆင့်အတန်းအရ အဆင့်သတ်မှတ်ထားပါတယ်။ ပရိတ်ကြီးကုန်တယ်။ လောကုတ္တရာစာ ဘယ်နှစ်ဝါသင်ခဲ့ဘူးတယ်ဆိုတာနဲ့  အတန်းကို သတ်မှတ်ကြပါတယ်။ အငယ်တန်း၊ အကြီးတန်း၊ ဓမ္မာစရိယတန်းပြီးတယ် … ပေါ့။
ပါတော်မူပြီး ဗြိတိသျှပညာရေးစံနစ်စတော့မှ အတန်းပညာရေး စလာတာပါ။ သာသနာပြုကျောင်းတွေ၊ အင်္ဂလိပ်-မြန်မာနှစ်ဘာသာသင်ကျောင်းတွေနဲ့ မြန်မာဘာသာနဲ့သာ သင်တဲ့အတန်းကျောင်းတွေ ပေလာပါတယ်။ ဒီလိုသင်ကြားပေးတဲ့ကျောင်းတွေက မြို့ပေါ်မှာသာ ဖွင့်လာတာပါ။ ကျေးလက်၊ တောရွာတွေနေပြည်သူတွေကတော့ ဘုန်းကြီးကျောင်းပညာရေးကိုပဲ အားကိုးနေရတာပါ။ ခေတ်ကို အမှီလိုက်နိုင်တဲ့ဆရာတော်ကြီးတွေက အစိုးရကျောင်းမှာသင်သလို အတန်းပညာတွေသင်ပြီး စာမေးပွဲဖြေခိုင်းပါတယ်။ မြန်မာဘုရင်တွေ အုပ်စိုးစဉ်ကတည်းက စာမေးပွဲစစ်တဲ့စံနစ်ရှိခဲ့ပါတယ်။ ဒါပေမဲ့ လောကုတ္တရာစာပေတွေကိုသာ နှုတ်တိုက်ပြန်ဆိုရတဲ့ စာပြန်ပွဲစံနစ်ပါ။
စာမေးပွဲစံနစ်မှာ ကျောင်းစစ်နဲ့ အစိုးရစစ်ဆိုပြီး နှစ်မျိုး ကွဲသွားပါတယ်။ မူလတန်းပညာပြီးဆုံးတဲ့လေးတန်း၊ အလယ်တန်းပညာပြီးဆုံးတဲ့ ခုနှစ်တန်းတို့မှာ အစိုးရစာမေးပွဲဖြေရပါတယ်။ ဒီစာမေးပွဲမှာထူးချွန်သူတွေကို စကောလားရှစ်ခေါ်တဲ့ ပညာသင်ထူးချွန်ဆုပေးပါတယ်။ စကောလားရှစ်စာမေးပွဲက သတ်သတ်ဖြေရတာပါ။ ဖြေဆိုခွင့်ရသူတွေက မော်ကြွားနိုင်သူတွေပါ။ ဖြေသူတိုင်း ရတာမဟုတ်ပါဘူး။ ရတဲ့သူတွေကတော့ မျက်နှာပွင့်လန်းတာပေါ့။ ဒီလိုပါပဲ … ခုနှစ်တန်းစကောလားရှစ် ၀င်ခွင့်ရသူတွေက မျက်နှာတမော့မော့နဲ့ ပေါ့။ ကိုးတန်းကိုတော့ High School Final (HSF) အတန်းခေါ်ပါတယ်။ HSF အောင်ရင် အဲဒီခေတ်အသုံးအနှုံးအရ University College တက်ခွင့်ရမှာပါ။
ဆယ်တန်းစာမေးပွဲအောင်သူတွေက အစိုးရရုံးတွေတွေမှာ အလုပ်လျှောက်နိုင်ပါတယ်။ အစိုးရကလည်း ပညာအရည်အချင်းအလိုက် ရာထူး တာဝန်ပေးပါတယ်။ လေးတန်းအောင်ရင် လေးတန်းနဲ့တန်တဲ့အလုပ်ပဲ လုပ်ရပါတယ်။ ခုနှစ်တန်းဆိုလည်း ရုံးမှာ စာရေးရာထူးပဲရပါတယ်။ ဆယ်တန်းအောင်ရင် အဆင့်မြင့်ရာထူးရမှာပါ။ လေးတန်းအောင်တဲ့သူက စာရေးရာထူးတိုးချင်ရင် ခွန်နှစ်တန်းအောင် အောင်ကြိုးစား၊ ဒါမှမဟုတ် လုပ်သက်များလာရင် ဌာနတွင်းကကျင်းပေးတဲ့ရာထူးတိုးစာမေးပွဲ ဝင်ဖြေပေါ့။ ဆယ်တန်းအောင်သူတွေက မြို့အုပ် လျှောက်နိုင်ပါတယ်။နောက်ပိုင်း … ဘီအေဘွဲ့ ရမှ မြို့အုပ်၊ မြို့ပိုင်လျှောက်နိုင်ပါတော့တယ်။ သခင်ကြီးများသဘောတော်ကျလို့ ချက်ချင်းစာရေးကြီးကနေ မြို့ပိုင်ခန့် လဲရှိပါတယ်။ သို့သော်တကယ်အရည်အချင်းရှိသူတွေကိုမှ ခန့်တာပါ။ သူတို့ရဲ့အင်ပါယာ အုပ်ချူပ်ရေးလုပ်ရမဲ့သူကို ပေါက်ကရသူကို တာဝန်မပေးပါဘူး။
ဂျပန်ခေတ်မှာသာ ပညာရေး ခဏတာရပ်ခဲ့တာပါ။ ကျောင်းတွေမှာ ဂျပန်စကားသင်ပေးပြီး ဂျပန်စာသင်ပါတော့တယ်။ တော်လှန်ရေးကာလမှာတော့ ကျောင်းတွေပိတ်ထားရပါတော့တယ်။ စစ်ပြီးတာနဲ့  အင်္ဂလိပ်ကကျောင်းတွေ ချက်ချင်းဖွင့်ပြီး ပညာရေးလုပ်ငန်းကို အဆက်ပြတ်မသွား အောင်လုပ်ပါတယ်။ ၁၉၂၀ ကထဲက ဖွင့်လာတဲ့ ရန်ကုန်ကောလိပ်ကို ချက်ချင်းမဖွင့်နိုင်သေးပေမယ့်၊ စစ်အတွင်း တက္ကသိုလ်မတက်ရတဲ့ကလေးတွေ အဆင်ပြေအောင် မဂိုရ်လမ်းမှာ ‘ပလာတာကောလိပ်” ဖွင့်ပေးခဲ့ပါတယ်။ နောက်မှ တက္ကသိုလ်နယ်မြေထဲကို ပြန်ပြောင်းဖွင့်ပါတော့တယ်။ ခေတ်ကာလက ပေးတဲ့ အသိဉာဏ်ကြောင့် ခေတ်သစ်ကောလိပ်ကျောင်းသားတွေဟာ နိုင်ငံရေးလုပ်ငန်းတွေမှာပါ စိတ်ဝင်စား လာကြပါတော့တယ်။ ပညာရေးစံနစ်ကတော့ မပြောင်းလဲပါဘူး။ တည်ငြိမ်နေတဲ့ပညာရေးမူဝါဒကို ကျင့်သုံးတော့ ပြောင်းလဲစရာမလိုပါဘူး။
ဒီလိုနဲ့ လွတ်လပ်ရေး ရခဲ့ပါတယ်။ အုပ်ချူပ်သူတွေသာ ပြောင်းသွားပေမယ့် ပညာရေးစံနစ်က မပြောင်းခဲ့ပါဘူး။ ကျွန်ပညာရေးလို့  အော်နေပေမယ့် ဒီစံနစ်ကိုပဲ ဆက်ကျင့်သုံးနေပါတယ်။ အုပ်ချူပ်ရေးဝန်ထမ်းတွေ တာဝန်ပေးရာမှာလဲ ယခင်စံနစ်အတိုင်းပဲ တာဝန်ပေးပါတယ်။ ဦးစိန်တင်တို့ ခေတ်က ICS စံနစ်ကို BCS အမည်ပြောင်းလိုက်ပါတယ်။ သင်ကြားပေးမှုနဲ့ အုပ်ချူပ်မှုစံနစ်က အတူတူပါပဲ။ သင်ရိုးညွှန်းတန်းတွေက အဆင့်မြင့်ပါတယ်။ ကမ္ဘာအဆင့်မှီလို့ နိုင်ငံတကာကတောင် ရန်ကုန်တက္ကသိုလ်မှာ လာသင်ခွင့်ရအောင်ကြိုးစားကြပါတယ်။ ပညာရေးကိုပါ ပြည်သူပိုင်ပြုလုပ်လိုက်တဲ့အချိန်ကစပြီး အဆင့်အတန်းနိမ့်သွားတယ်လို့ စွပ်စွဲကြပါတယ်။ တကယ်က အဲဒီအချိန်မှာ သိပ်မသိသာသေးပါဘူး။
အခြေခံပညာအလယ်တန်းလို့ ခေါ်တဲ့ ရှစ်တန်းစာမေးပွဲအောင်စာရင်းမှာ သိပံ္ပနဲ့ ဝိဇ္ဇာခွဲပြီး စာမေးပွဲအောင်စာရင်းကို ထုတ်ပြန်ပါတယ်။ အဓိကက သချာင်္ဘာသာ အားနည်းသူများက ဝိဇ္ဇာယူရကာ၊ သချာင်္လိုက်နိုင်သူများက သိပံ္ပယူခွင့်ရပါတယ်။ ဒါပေမဲ့ ဝိဇ္ဇာမှာ သချာင်္ယူလိုသူတွေအတွက် ၀ိဇ္ဇာသချာင်္ဆိုတာ သတ်သတ်သင်ယူခွင့် ရှိပါတယ်။ ဒီကျောင်းသားတွေဟာ စီးပွါးရေးတက္ကသိုလ်တက်ခွင့်ရှိပါတယ်။ သိပံ္ပဘာသာ ယူထားသူတွေက ဝိဇ္ဇာ၊ သိပံ္ပ ဘာသာရပ်တွေအထဲက မိမိအမှတ်မှီရာ ကြိုက်ရာအဓိကဘာသာကို လျှောက်ခွင့်ရှိပေမဲ့၊ ဝိဇ္ဇာယူထားသူများကတော့ ဝိဇ္ဇာဘာသာတွဲတွေကိုသာ ရွေးခွင့်ရှိပါတယ်။ ဒီစံနစ်ကိုလည်း ကန့်ကွက်သူတွေ ရှိခဲ့ပါတယ်။
အခြေခံပညာရေးအထက်တန်း စာမေးပွဲသင်ရိုးတွေကို ပြုပြင်ခဲ့ပေမဲ့ တက္ကသိုလ်သင်ရိုးတွေက ကမ္ဘာအဆင့်အတန်းမှီဖြစ်နေတုံးပါ။ အခြေခံအောင်စာရင်းကို (က)အောင်စာရင်း၊ (ခ)အောင်စာရင်းဆိုပြီး ထုတ်ပေးပါတယ်။ (က)နဲ့ အောင်သူတွေက အဆင့်မြင့်ပညာဆက်သင်ခွင့် ရသလို၊ (ခ)စာရင်းဝင်တွေက အလုပ်လျှောက်ခွင့်ရပါတယ်။ တပ်မတော်သားဖြစ်ချင်သူတွေအတွက် (က)နဲ့ အောင်သူတွေက စစ်တက္ကသိုလ်တက်ခွင့် လျှောက်နိုင်သလို၊ (ခ)သမားတွေက တေဇခေါ်တဲ့ အလုပ်သင်ဗိုလ်သင်တန်း လျှောက်နိုင်ပါတယ်။ အလုပ်တာဝန်တွေကို ပညာရေးအဆင့်အတန်းအရ တာဝန်ပေးတာမဟုတ်တော့ပါဘူး။ ဘွဲ့ ရတွေများလာလို့ သတင်းစာကာတွန်းတွေက “ဘီအေဆိတ်သားကင်”၊ “ဘီအက်စီဆိုက်ကားသမား” ဆိုတဲ့စကားလုံးတွေ ထွင်လာပါတယ်။
အတွင်းဝန်အုပ်ချူပ်ရေးစံနစ်ကိုလည်း ပြုပြင်လိုက်တော့ တိုင်းမင်းကြီး၊ ခရိုင်ဝန်အုပ်ချုပ်တဲ့စံနစ် ပျောက်ကွယ်သွားပါတယ်။ အခြေခံအဆင့်မှာ အခြေခံပညာအထက်တန်းစာမေးပွဲကိုသာ အစိုးရစစ်ပြုလုပ်ပြီး ကျန်စာမေးပွဲတွေကို ကျောင်းစစ်နဲ့ အခြေခံပညာ အလယ်တန်းအဆင့်ကို မြို့နယ်စစ်စံနစ်နဲ့ စစ်ဆေးခဲ့ပါတယ်။ အထက်တန်းပညာရေးဦးစီးဋ္ဌာနကို အဆငိ့မြင့်ပညာဦးစီးဋ္ဌာနလို့ အမည်ပြောင်းလိုက်ပါတယ်။ စံနစ်အသစ်နဲ့  တိုင်းနဲ့ ပြည်နယ်ဒေသတွေမှာ နှစ်နှစ်သင်ဒေသကောလိပ်တွေကို ဖွင့်လှစ်ခဲ့ပါတယ်။ အခြေခံပညာအထက်တန်းအောင်မြင်တဲ့သူတွေဟာ တက္ကသိုလ်၊ ကောလိပ်ကို တိုက်ရိုက် မတက်ရတော့ပဲ ဒေသကောလိပ်မှာနှစ်နှစ် စာသင်ရပါတယ်။
ပထမနှစ်မှာ သချာင်္ဘာသာတွဲ၊ ဝိဇ္ဇာဘာသာတွဲနဲ့ ဇီဝဘာသာတွဲဆိုပြီး ဘာသာတွဲသုံးခု ခွဲထားပါတယ်။ ဆေးပညာသင်လိုသူတွေက ဇီဝဘာသာတွဲ စက်မှုပညာ သင်လိုသူတွေက သချာင်္ဘာသာတွဲ ယူကြပါတယ်။ဒုတိယနှစ်မှာတော့ သက်မွေးပညာဆိုတာကို သင်ပါတယ်။ ကားပြင်တဲ့အတတ်ပညာ၊ စာရင်းကိုင်ပညာ၊ ရုပ်ရှင်ပညာဆိုတာတွေကို သင်ပေးပါတယ်။ ဒီနှစ်နှစ်က ရမှတ်တွေနဲ့ တက္ကသိုလ်တွေဝင်ခွင့်ကို ဆုံးဖြတ်လိုက်တာကြောင့် မူလအခြေခံစာမေးပွဲမှာ အမှတ်ကောင်းသူတွေက ဆေးတက္ကသိုလ်တို့၊ စက်မှုတက္ကသိုလ်တို့ကို ဝင်ခွင့်မရတော့ဘဲ၊ မရသင့်သူတွေက ဝင်ခွင့်ရသွားတာလည်း ရှိခဲ့ဘူးပါတယ်။ ဒီစံနစ်ဟာ ကြာရှည်မခံပဲ ခဏလေးနဲ့ စံနစ်တမျိုးပြောင်းပြန်တော့တယ်။
အခြေခံအထက်တန်းအောင်စာရင်းမှာ( က)၊ (ခ) ဆိုတာ မထုတ်တော့ပဲ အောင်စာရင်းတမျိုးတည်းဖြစ်လာပါတယ်။ ဒေသကောလိပ်တွေကို နှစ်နှစ်သင် ကောလိပ်ဆိုပြီး သတ်မှတ်လိုက်ပြန်ပါတယ်။ ဒီတခါတော့ ဒုတိယနှစ်က အတတ်ပညာသင်တန်းတွေကို ဖြုတ်ပစ်ပြီး၊ စာပေပညာတွေကို ပြန်သင်တဲ့စံနစ် ဖြစ်လာပါတယ်။
တက္ကသိုလ်၊ ကောလိပ်က စာပေသင်တန်းတွေ တည်ငြိမ်နေချိန်မှာ ငွေစက္ကူတွေကို တရားမဝင်ငွေစက္ကူအဖြစ် သတ်မှတ်လိုက်ရာက စပြီး ကျောင်းသားတွေဟာ မကျေနပ်မှုတွေကို ဆန္ဒပြ ထုတ်ဖေါ်လာပါတော့တယ်။ နောက်ဆုံးရလဒ်ကတော့ သွေးထွက်သံယိုတွေဖြစ်ပြီး ကျောင်းတွေကို ရက်အကန့်အသတ်မရှိ ပိတ်ပစ်လိုက်တာကို ခံလိုက်ရတာပဲဖြစ်ပါတယ်။
ကျောင်းတွေပြန်ဖွင့်တော့ ကျောင်းသားတွေကိုမနစ်နာရအောင်ဆိုတဲ့စေတနာထားကာ … သုံးလ၊ ခြောက်လနဲ့ စာမေးပွဲစစ်ပြီး အတန်းတက်ခိုင်းလိုက်တာဟာ ပညာရေးသမိုင်းမှာ အဆိုးဆုံး လုပ်ဆောင်ချက်ဖြစ်နေပါတော့တယ်။ ငြိမ်ချမ်းစွာပညာသင်ကြားရေးကို ဦးစားပေးတဲ့အနေဖြင့် စာမေးပွဲမှာ ခိုးချဖြေဆိုတဲ့သူတွေကို အရေးမယူပဲ ခွင့်လွှတ်ပေးထားတာဟာ ဆရာနဲ့ ကျောင်းသားကို သွေးခွဲပေးနေတာ ဖြစ်ပါတယ်။ ကျောင်းသားက ဆရာဆိုတာ ဂရုစိုက်စရာမလိုဘူးလို့ အထင်ရောက်သွားပါတယ်။ ဆရာကလဲ ခိုးချတာကိုအရေးယူလိုက်ရင် မိမိအပေါ် အမှုပြန်သက်ရောက်မှာစိုးတော့ မဖမ်းတော့ပါဘူး။ စာမေးပွဲမသမာမှုတွေကို တရားဝင်ခွင့်ပေးလိုက်သလို ဖြစ်သွားပါတော့တယ်။ ဒီစာမေးပွဲပုံစံနဲ့ ဘွဲ့ ရသူအရေအတွက်တိုးသွားတာကိုနိုင်ငံတော်က ဂုဏ်ယူစွာမှတ်တမ်းတင်ထားပါတယ်။
ဒီမိုကရေစီကိုဖေါ်ဆောင်ဘို့ လွှတ်တော်အစည်းအဝေးတွေကျင်းပချိန်ကစပြီး ဌာနပေါင်းစုံအတွက် ဥပဒေတွေ ပြဌာန်းပါတော့တယ်။ပညာရေးအတွက်လဲ အမျိုးသားပညာရေးဥပဒေ ဆိုပြီး ဆွေးနွေးကြ၊ ငြင်းခုန်ကြနဲ့ ရေးဆွဲလိုက်ပါတယ်။ သဘောကျတဲ့သူတွေက ထောက်ခံ၊သဘောမတူတဲ့သူတွေက ဆန္ဒပြနဲ့ အီလည်လည်ကြီး ဖြစ်နေပါတယ်။ အဓိကကျတဲ့ ဝန်ထမ်းများသက်သာချောင်ချိရေးကျောင်းသားများ၊ စိတ်ချမ်းသာစွာ ပညာသင်ကြားသင်ခွင့်ရရှိရေး၊ ပညာသင်နေသောကျောင်းသားများအတွက် မိဘများ စိတ်ပူပန်မှုမရှိစေရန် ဆောင်ရွက်ပေးနိုင်ခြင်းများကို လုံးဝဆောင်ရွက်ခြင်းမရှိသလို သင်ကြားရေးအတွက် ကမ္ဘာအဆင့်မှီစေရန် သင်ရိုးများပြုပြင်ခြင်းကိုလည်း အပေါ်ယံသဘောလောက်သာ လုပ်နေတာကို တွေ့နေရပါတယ်။ တက္ကသိုလ်တွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးမယ်လို့ ပြောနေပေမယ့် ဘာလုပ်ပိုင်ခွင့်မှ မပေးသေးတာ အဆိုးဆုံးလုပ်ရပ်ဖြစ်နေပါတယ်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်ဖြစ်လာပါက မိမိတက္ကသိုလ်နာမည်ရရန် သင်ကြားရေးအတွက် စာသင်ကောင်းသော ဆရာများ လိုအပ်ပါတယ်။ ဒါဆိုရင် စာသင်မကောင်းတဲ့ဆရာတွေက နယ်တက္ကသိုလ်တွေမှာပဲ နေရတော့မဲ့ပုံစံ ဖြစ်နေပြန်ပါတော့တယ်။ ကျောင်းသားတွေကလဲ စာသင်ကောင်းတဲ့ကျောင်းတွေကိုပဲ ရွေးကြမှာပါ။ Oxford တို့  Cambridge တို့  ကိုမှ တက်ချင်ကြသလိုဖြစ်လာမှာပါ။ ကျွန်တော်ကြုံနေရတဲ့ နောက်ဆုံးပေါ်ပညာရေးစံနစ်ကြီးကတော့ ဆရာတွေကဆန္ဒထုတ်ဖေါ်ပြလိုက်၊ ကျောင်းသားတွေက မကျေနပ်ချက်တွေကြော်ငြာလိုက်ကြနဲ့ လုပ်နေတာကိုသာ တွေ့ နေရပါတယ်။
အခြေခံအဆင့်မှာ ပုဂ္ဂလိကကျောင်းတွေ မှိုလိုပေါများနေတဲ့ကာလမှာ ကျွန်တော်မြေးကို ဆန္ဒမပြတဲ့ဆရာတွေ၊ ကျောင်းသားတွေရှိတဲ့ကျောင်းကို ရှာဖွေပြီး၊ေ​ဈးနှုံးလည်းသင့်တော်တဲ့ကျောင်းမှာသာထားဖို့ စဉ်းစားထားပါတယ်။ ပညာရေးမူကြမ်းကြီး အတည်ပြုပြီးချိန်နဲ့  ကျွန်တော်၏ နှစ်နှစ်အရွယ်မြေးလေးကျောင်းအပ်ချိန်နဲ့  အံကိုက်ဖြစ်နေမယ်လို့ မျှော်လင့်နေဆဲပါ ခင်ဗျား။    ။
(Photo – RFA Burmese)
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Tags:
အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဝေဖန်ရေးရာ, ခေတ်ပြိုင်အတွေ့အကြုံ
Comments are closed.
ကြော်ငြာ … ကြော်ငြာ …
စာအုပ်မြင် ချစ်ခင်ကြပါစေ …
မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ
မိုးမခမှာ ကြော်ငြာပါ
မိုးမခကို အိမ်အရောက် ပို့ပေးမည်
Help MoeMaKa
မိုးမခမာတိကာစဉ်
%d bloggers like this:
ကြော်ငြာရန် …
မိုးမခနဲ့ ပတ်သက်သမျှ
မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ
By
မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...
Read more »
မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ
By
မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...
Read more »
မိုးမခ သြဂတ်စ် ထွက်ပြီ
By
မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...
Read more »
မိုးမခ ဇူလိုင် ထွက်ပါပြီ …
By
မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...
Read more »
သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ
Recent Comments
ကဏ္ဍများအလိုက်
ကဏ္ဍများအလိုက် မာတိကာစဉ်