နေလင်းညီ – ဆရာဝန်ဖြစ်လိုသူတစ်ဦး၏ ဖွင့်ဟ၀န်ခံချက်

September 11, 2014

နေလင်းညီ – ဆရာဝန်ဖြစ်လိုသူတစ်ဦး၏ ဖွင့်ဟ၀န်ခံချက်

(မိုးမခ)၊ စက်တင်ဘာ ၁၁၊ ၂၀၁၄

၁၉၈၃-၈၄ ပညာသင်နှစ်တွင် လူထွေးက ဆယ်တန်း။

ဆယ်တန်းတွင် ထူးထူးချွန်ချွန် အောင်မြင်ပြီးသကာလ၊ ဆရာဝန်လိုင်းရောက်လိုသူများတွင် လူထွေးလဲ ပါဝင်၏။ ထိုခေတ်က စာတော်သူ၊ စာကြိုးစားသူအားလုံးလိုလိုမှာလည်း ဆရာဝန်ရူး ရူးကြသူများဖြစ်သည်။ တစ်နှစ်လုံးမှာမှ ဆေးကျောင်းသား အယောက် ၅၀ ပဲ လက်ခံသည်။

ဆရာဝန်ဘ၀ဆိုတာလည်း အလွန်မက်မောလောက်သောဘ၀ ဖြစ်သည်။ ထိုခေတ်က ဆမ လက်မှတ်ရသော ဆရာဝန်တိုင်း ဆေးနှင့် ဆေးပစ္စည်းများကို quota ရကြသည်။ အစိုးရထုတ်ဈေး နှင့် အပြင်မှောင်ခိုဈေးကလည်း တော်တော်ကွာသည်။ ဆေး quota များကို လိုက်ကောက်သူထံ ပြန်ရောင်းရုံနှင့် တစ်လတာ အမြတ်က ကျပ် ၁၀၀ ကျော်ရပါသည်။ ထိုစဉ်က အောက်တန်းစာရေးတစ်ယောက်၏ လစာမှာလည်း ၁၀၀ ကျော်လောက်သာ ရ၍ ထိုခေတ် ကုန်ဈေးနှုန်းအရ ထို ၁၀၀ ကျပ်မှာ လင်မယား ၂ ဦး စားဝတ်နေရေးကို ကောင်းကောင်း ဖြေရှင်းပေးနိုင်ပါသည်။

ဆေး quota အမြတ်ငွေမှာလည်း ၁၀၀ ကျော်သဖြင့် (ထိုဆရာဝန်သည် အခြားဝင်ငွေ ဘာမျှမရပဲ နေစေကာမူ သူ့စားဝတ်နေရေးကတော့ ပြေလည်နေပါပြီ။ ကဲ…ဒါလေးသည်ပင် မက်စရာ မဖြစ်ပေဘူးလား။

ပြီးတော့ ဆေးကျောင်းဆင်း၊ ဆရာဝန်တစ်ဦးအဖို့ အစိုးရအလုပ်မရဘူးဆိုတာ မရှိပေ။ ကျောင်းဆင်းအားလုံးကို လက်ထောက်ဆရာဝန်အဖြစ် ခန့်ထားပေးနိုင်ခဲ့သည်။ လက်ထောက်ဆရာဝန်ဆိုတာ ပြန်တန်းဝင်အရာရှိဖြစ်၏။ သာမန်အားဖြင့် အောက်တန်းစာရေးမှတစ်ဆင့် ပြန်တန်းဝင်အရာရှိ ဖြစ်ဖို့ဆိုတာ တော်တော်လေးပဲ ခက်ခဲပါသည်။ ရာထူးအဆင့်ဆင့် ဖြေဆိုအောင်မြင်ရသည်။ နှစ်ကာလအတန်ကြာ စောင့်ဆိုင်းပြီး ကြိုးစားရသည်။ ဆရာဝန်ကျတော့ ဆေးကျောင်းဆင်းချိန်တွင် အသက် ၂၃ နှစ်မှ ၂၇ နှစ် ၀န်းကျင်လောက်ပဲ ရှိသေး၏။ ပြန်တန်းဝင်အရာရှိ တိုက်ရိုက်ရရှိသည်။ အောက်တန်းစာရေးအဆင့် နှင့် ဆိုလျှင် လစာစကေး ၅ ဆင့်လောက် မြင့်မည်ထင်ပါသည်။

ပြီးတော့ လုပ်ငန်းသဘာဝ။ လူလေးစား၊ ရှင်လေးစားအလုပ်ဟု ဆိုနိုင်သည်။ ကုသိုလ်လည်းရ၊ ၀မ်းလည်းဝသော လုပ်ငန်းဟု ဆိုစမှတ်ပြုကြသည်။ ပြုရလောက်အောင်လည်း ထိုခေတ်က ကျန်းမာရေးကဏ္ဌတွင် ဆရာဝန်များမှာ အရေးပါလှသည်။ ကျန်းမာရေးဘတ်ဂျက် အတန်အသင့်ရှိသလို၊ ဆရာဝန်များလုပ်ပိုင်ခွင့်လဲ ရှိကြပါသည်။

ကဲ…သည်တော့ လူထွေးတို့ ဆရာဝန်ဖြစ်ချင်ကြသည်မှာ ဘာဆန်းသလဲဟု ဆိုဖွယ်ရှိပါသည်။

သို့သော်ခေတ်ကာလ အပြောင်းအလဲတွေက ဖြစ်ပေါ်လာသည်။ အရေးအခင်း ၁၉၈၈ အပြီး၌ ကုန်ဈေးနှုန်းတွေက တောက်လျှောက်တက်ကုန်သည်။ စီးပွားရေး၌ ခေတ်ပျက်သူဌေးတွေက ကောင်းစားကုန်ကြသည်။ ပြည်သူအများစုကတော့ ငွေကြေးဖောင်းပွမှုဒဏ်ကို ခါးစီးခံကြရသည်။ အလုပ်အကိုင် အခွင့်အလမ်းတွေကလဲ နည်းသထက်နည်းလာသည်။ အစိုးရလခစား ၀န်ထမ်းများတွင် အကြံအဖန် လာဘ်ပေးလာဘ်ယူ ကောင်းသောသူအချို့က ထောသလောက်၊ သာမန်ဝန်ထမ်းများမှာ မ၀ရေစာစားကြရသည်။ လစာက လစာမဟုတ်တော့ပဲ ရက်စာဖြစ်သွားသည်။ ၇ ရက်လောက်အတွင်း ကုန်သွား၍ ဖြစ်သည်။ ကျန်းမာရေးဘတ်ဂျတ်တွေကလဲ ဘယ်လောက်ဆိုတာပင် မသိရလောက်အောင် နည်းပါးလွန်းလှသည်။ ချပေးသောဘတ်ဂျတ်ကလဲ အပေါ်မှာပင် ကုန်သွားဟန်တူ၏။ ဆရာဝန်တွေကို ပေးသော ဆေး quota ဆိုတာလဲ မရှိတော့ပေ။

(ဗိုလ်ချုပ်က တိုက်ဆောက်၊ စစ်သားက ဂျိုင်းထောက်၊ ပြည်သူက ဗိုက်မှောက်) ဟု ဆိုစမှတ်ပြုကြသော ခေတ်ဆိုးကြီးကို ကြုံတွေ့ကြရကြောင်း မှတ်တမ်းပြုကြသည်။ ၀န်ထမ်းလောကတွင်လည်း (တန်းတူကို ခြေထိုး၊ အောက်လူကို ဂုတ်ချိုး၊ အထက်လူကို ရှိခိုး၊ မုချကြီးပွားလတ္တံ့) ဟု ကာတွန်းဆရာများရေးရလောက်အောင် အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစား တွေ ဖြစ်ကုန်သည်။

ဝန်ထမ်းထဲက ၀န်ထမ်းများသာ ဖြစ်ကြသော ဆရာဝန်များမှာလည်း အဆိုးလောကဓံ၏ ရိုက်ခတ်မှုကို အများနည်းတူ ခံကြရပါသည်။ လောလောဆယ် ဘ၀အာမခံချက်ရသော အလုပ်တွေကို လုပ်ကြရာ၊ ဂျပန်သွားပြီး အိုက်တိုးပဂေးဆံ ( အိုးတိုက်ပန်းကန်ဆေး) ကြရသော ဆရာဝန်များလဲ မနည်းလှပေ။ စာရေးဆရာ ပြေ (ဆေး – ၂) က ဂျပန်ရောက် သူ၏အတွေးအကြုံများကို ရေးခဲ့ဖူးသည်။ စာအုပ်အမည်က…နိဟွန်ဂျင်း နဲ့ ဘိရုမာဂျင်း တဲ့။ ခေတ္တ ဂျပန်၊ ခေတ္တ စင်္ကာပူဆိုသူများ သတိပြုရန် ဟူ၍လဲ ကြော်ငြာစာသားထည့်ထားသည်။ ဒါတွေက ခေတ်တစ်ခေတ်၏ ကြေးမုံပြင်တွေပေါ့ခင်ဗျား။

ဆိုလိုတာက ဆရာဝန်တွေ၏လစာနှင့် ရပိုင်ခွင့်တွေ သင့်တော်မျှတမှုမရှိတော့လျှင်၊ ဆရာဝန်တွေ ဘယ်လိုရှေ့ဆက် စခန်းသွားမလဲဆိုသော ပြဿနာဖြစ်သည်။

အကျင့်ပျက်လောဘကြီးလှသော ဆရာဝန်အချို့မှာ စီးပွားရေးသမား ၀ိသမလောဘသားများနှင့် ပေါင်းကာ၊ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေဟူသော ဇာတ်လမ်းမျိုးစုံကို တင်ဆက်ကပြကြသည်။ ပြည်သူတွေကတော့ နူရာဝဲစွဲ၊ လဲရာသူခိုးထောင်းဇာတ်လမ်း၌ ပါဝင်ကြရသည်။ သည်ကြားထဲ ဆရာဝန်ကျင့်ဝတ်ကို အတတ်နိုင်ဆုံး လိုက်နာပြီး၊ စေတနာ ၀ါသနာဖြင့် အကောင်းဆုံး ဆောင်ရွက်သွားသူများလဲ ရှိနေခဲ့ကြောင်း သိရ၏။ အံ့သြချီးကျူးဖွယ် ဖြစ်ပါသည်။ ဒါမျိုးက ရှားတော့ ရှားတာပေါ့။

ဆရာဝန်လေးတစ်ဦးကတော့ ပြောစမှတ်တွင်မဲ့ တောရပ်ခွင် ဇာတ်လမ်းလေးကို ကပြခဲ့ရသည်။ သူ တာဝန်ကျသော တောင်ပေါ်မြို့ငယ်လေးက တော်တော်ဆင်းရဲသည်။ ဆေးပစ္စည်းလဲ မရှိ၊ ဘာခေတ်မှီကိရိယာမှလဲ မရှိ၊ ဓါတ်မှန်ခန်းလေးတော့ ရှိသော်လဲ ဖလင်ချပ်တွေက သက်တမ်းကုန်နေသဖြင့် သုံး၍ မရ။ စရိတ်မျှပေးဆိုတာကြီးက၊ ဆေးရုံအခွံကြီးပဲ ရှိတယ်ဟု ဆိုလိုကြောင်း သူက အဓိပ္ပါယ်ဖွင့်သည်။

လူနာတွေရောက်လာသည်။ ကြိုးစားပြီး ကုသပေးနိုင်သော ဆရာဝန်လည်း ရှိသည်။ သို့သော် ရေတိုက်၍ ၉၆ ပါးသောရောဂါကို ကု၍ရသည်မဟုတ်။ ဆေးဝါးမရှိ၊ ကိရိယာမရှိ၊ ငွေမရှိ။ လက်ဖြောင့်သေနတ်သမားက၊ ကျည်ကုန်နေသဖြင့် ရန်သူကို အညံ့ခံရသောဇာတ်လမ်းတွေချည်း ကပြနေရသည်။ အဖိတ်အစင် မဖြစ်သင့်ပဲ ဖြစ်သွားတာတွေကို မချိတင်ကဲ ထိုင်ကြည့်နေရသည်ဟု ဆို၏။ သူသည် ၀န်ထမ်းလောက စာချုပ်သက်တမ်းပြည့်ချိန် ၂၀၀၄ ၌ နေရပ်ဇာတိ ရန်ကုန်သို့ ပြန်ဆင်းလာသည်။ နိုင်ငံခြားသို့ ဆရာဝန်အလုပ်ဖြင့် ထွက်ခွာနိုင်အောင် ကြိုးစားရာ၊ အောင်မြင်သွားကြောင်း ၀မ်းမြောက်ဖွယ်သိရသည်။ သူ ငွေရှာပြီး ဆေးပစ္စည်းနှင့် ဆေးကိရိယာများကို လှူဒါန်းမည်ဟု ပြောပြခဲ့၏။ အထမြောက်ပါစေကြောင်း လူထွေးက ဆုတောင်းနေရသည်။

သက်ပြည့် အငြိမ်းစား ဆရာဝန်တစ်ဦးမှာ ကာကွယ်ရေးနှင့် လူမှုဆေးပညာလုပ်ငန်းများကို စွမ်းစွမ်းတမံ ပါဝင်ထမ်းဆောင်ခဲ့သူဖြစ်သည်။ အငြိမ်းစားပင်စင်လေးက နည်းလွန်းလှသဖြင့် စား၍မလောက်၊ ကုသရေးလဲ ဇောက်ချလုပ်ခဲ့သူမဟုတ်၍ GP ထိုင်ဖို့ကလဲ မ၀ံ့မရဲ။ ကာကွယ်ခြင်းက ကုသခြင်းထက် ပိုထိရောက်သည်ဟူသော ဆောင်ပုဒ်အရ ပညာပေးရေးလုပ်ငန်းများကို စေတနာပါပါ အတတ်နိုင်ဆုံး လုပ်ခဲ့သဖြင့် အကျိုးခံစားရသူများ မုချမသွေ ရှိမှာပါ။ သို့သော် စားဝတ်နေရေးကိစ္စ၌ သူ့ကို တာဝန်ယူမည့်သူက မရှိ။ သားထောက်သမီးခံကလဲ မရှိရှာ။

တကယ့်လုပ်ငန်းခွင်တွင် ဆရာဝန်တွေမှာ ကိုယ်အားရော၊ စိတ်အားပါ အကြီးအကျယ် စိုက်ထုတ်ကြရသည်။ စေတနာပါလေ၊ ပင်ပန်းလေ ဖြစ်သည်။ မမြင်ဝံ့ ဆေးဆရာ၊ မကြားဝံ့ တရားသူကြီး ဟူသော ဆိုရိုးမှာလဲ အလွန်မှန်၏။

‘ဟူး… တော်ပါသေးရဲ့၊ငါ ဆရာဝန် မဖြစ်တာ’

လူထွေးက သို့ဂလို မှတ်ချက်ချလိုက်ပါ၏။ ဆရာဝန်ဖြစ်ချင်လှသော လူထွေးသည် ဆရာဝန်မဖြစ်ခဲ့ရခြင်းအတွက် တော်တော်ကံကောင်းသည်ဟု ထင်သွားပြန်သည်။ ငရဲလဲရှာ၊ အသပြာလဲ ရှာသော ဆရာဝန်ဖြစ်ရခြင်းမျိုး အလိုမရှိပါ။ ကုသိုလ်တော့ရမည်၊ ၀မ်းတော့ ၀ချင်မှ ၀မည်ဆိုသော ဆရာဝန်မျိုးဖြစ်ရလျှင်လည်း ဒဏ်ခံနိုင်ဖို့ မလွယ်လှဟု တွေးခြင်းကြောင့် ဖြစ်သည်။

သည်ကြားထဲ လူထွေး၏ သမီးကြီးက ၂၀၀၇ခု၊ မတ်လ စာမေးပွဲတွင် ဆယ်တန်းကို ဂုဏ်ထူး ၄ ခုဖြင့် အောင်သည်။ ဂုဏ်ထူး ၅ ခုဖြင့်အောင်သော သူမ၏ သူငယ်ချင်းထက်ပင် ၅ မှတ်ပိုသေးသည်။ ဆေးကျောင်းအမှတ်မီသဖြင့် တက်ရမလားဟု သမီးကြီးက တိုင်ပင်သည်။ ဆရာဝန်တစ်ယောက်၏ အခွင့်အလမ်းနှင့် အခက်အခဲတွေကို ထောင့်စေ့အောင် သမီးကြီးကို ဆွေးနွေးပြခဲ့သည်။ ၀ါသနာပါတာ၊ ယုံကြည်တာကိုလုပ်ပါ၊ ကြုံလာရတာကိုလည်း ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပါဟု ပြောဖြစ်သည်။ သမီးကြီးက မြန်မာနိုင်ငံရှိ လူငယ်အများစုလိုပဲ ဘာကို ၀ါသနာပါမှန်းပင် ကိုယ့်ကိုကိုယ် မသိရှာ။

‘ဘာမှ မသိတဲ့ ကလေးကို ဘာတွေ လျှောက်ပြောနေတာလဲ၊ သမီး…ဆေးကျောင်းပဲတက်၊ သူ့ဟာသူ အဆင်ပြေသွားလိမ့်မယ်’ ဟု လူထွေး၏ ယောက္ခမက ၀င်၍ ဆုံးဖြတ်သည်။

‘ဟုတ်တယ်…ဖွားဖွားပြောတာ ကောင်းတယ်’ဟု မဒမ်လူထွေးကပါ ၀င်၍ ထောက်ခံလေသည်။ သမီးကြီးလဲ နဝေတိမ်တောင်ဖြင့် ဆေးကျောင်းသို့ သွား၍ တက်ရလေသည်။ ဆေးကျောင်းတွင် သမီးကြီး တစ်ခါမှ မမြင်ဖူးသော ကျောင်းသူအသစ်တစ်ဦးက သမီးကြီးတို့ တက်ခဲ့သော အထက မှ ၁၀ တန်းအောင်ခဲ့ပါသည်ဟု ပုံစံဖြည့်သောအခါ အံ့သြသွားသည်။ (ကျောင်းအုပ်ကြီးနှင့် ညှိထားပြီး၊ ကျောင်းမတက်ပဲ ကျောင်းခေါ်ချိန်အပြည့်ပေးထားဟန် တူသည်။ ၉ တန်းအောင် နှစ်တက်များသည် ၁၀ တန်းကို နေ့ကျောင်းတက်ပြီးမှ ဖြေခွင့်ပေးသောစနစ်ကျင့်သုံးခဲ့ရာ အကြံအဖန်တွေ လုပ်ကုန်ကြ၏။ ကျောင်းသားအများစုမှာလဲ ကျူရှင်ပြေးရ၊ ကျောင်းကိုလဲ ဟန်ပြတက်ရနှင့် အပိုတွေ လုပ်ခဲ့ကြရသည်။ ၁၉၈၈ အရေးအခင်းမတိုင်မီက ၉ တန်းအောင်သူတိုင်းကို အပြင်ဖြေ ဖြေခွင့်ပေးသော စံနစ်ပြန်လည်ကျင့်သုံးသင့်ပါသည်။)

ဝါသနာမပါပဲ ဆေးကျောင်းတက်ရသဖြင့် တဖုတ်ဖုတ်ကျရှုံးနေသော ပေပေတေတေ ကလေးအချို့မှာ ရေပေါ်ဆီ လူကုံထံ အချို့၏ သားသမီးများဖြစ်နေသည်။ ‘ဟေ့ကောင်…မင်းက ဖုန်းဟန်းဆက် ၁ လုံးထဲ ရေထဲ လွှင့်ပစ်ရဲတာ၊ ငါက ၂ လုံးလွှင့်ပစ်ရဲတယ်ကွာ’ ဟူသော အရူးချီးပန်း ပကာသနပြိုင်ပွဲမျိုးလဲ ရှိလေသည်ဟူသတတ်။ သာမန်လူလတ်တန်းစား သားသမီးများသည် သူတို့ကို အတုယူလျှင် ငါးပါးမှောက်မည်ဖြစ်သည်။

ဆရာဝန်တွေနှင့် ပတ်သက်ပြီး တောင်တောင်အီအီ တွေ တွေးရင်း လူထွေး မှတ်ချက်ချမိသည်။

‘ငါက ဆရာဝန်ဖြစ်ချင်တယ်ဆိုတာ ဆရာဝန်အလုပ်ကို လုပ်ချင်လို့မှ မဟုတ်ပဲ။ ဆရာဝန်ရတဲ့ အခွင့်အရေးကို လိုချင်လို့ပဲ။’

လူထွေး စဉ်းစားသလိုပင် တိုင်းပြည်ခေါင်းဆောင်ဖြစ်လိုသူတွေ၊ ဖြစ်နေသူတွေလဲ စဉ်းစားကြည့်စေချင်ပါသည်။

‘ငါ သမ္မတ ဖြစ်ချင်တာ သမ္မတ အလုပ်နဲ့ တိုင်းပြည်ကို ကောင်းအောင် လုပ်ချင်တာလား၊ သမ္မတရဲ့ အခွင့်အာဏာကို ကိုယ်ကျိုးအတွက် သုံးချင်တာလား။’

‘ငါ ကာကွယ်ရေးဦးစီးချုပ် ဖြစ်ချင်တာ၊ ကာကွယ်ရေးဦးစီးချုပ်အလုပ်နဲ့ တိုင်းပြည်ကို ကာကွယ်တဲ့ အလုပ် လုပ်ချင်လို့ လား။ ဦးစီးချုပ်ရဲ့ အခွင့်အာဏာကို ကိုယ်ကျိုးအတွက် သုံးချင်တာလား။’

‘ငါ ၀န်ကြီးဖြစ်ချင်တာ… ၀န်ကြီးချုပ်ဖြစ်ချင်တာ… ငါလွှတ်တော်အမတ်ဖြစ်ချင်တာ…’

နေလင်းညီ

၁-၈-၂၀၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ

One Response to နေလင်းညီ – ဆရာဝန်ဖြစ်လိုသူတစ်ဦး၏ ဖွင့်ဟ၀န်ခံချက်

  1. P N wara on September 11, 2014 at 7:03 pm

    ကောင်းတယ်ဗျ အတွေးရော အရေးပါ ကောင်းမှ ကောင်း-

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်