မောင်လူပေ – အမေတို့ ရွာ (၂)

September 11, 2014

– အမေတို့ ရွာ (၂)
မိုးမခ၊ စက်တင်ဘာ ၁၁၊ ၂၀၁၄

အမေတို့ ရွာသားများကား ခေတ်အဆက်ဆက် ဖြတ်သန်းရင်း ဘဝကို ရုန်းကန်နေကြရှာသည်။ သူတို့ ဒေသထွက်ကုန်လေးများဖြစ်သော ဆန်စပါး၊မြေပဲ၊နှမ်း၊ဝါ လေးများကို အနီးဆုံးမြို့ ဖြစ်သော အောင်လံသို့  သွားသွင်းကြသည်။ မြို့ ပေါ်က လိုအပ်သည်များဝယ်သည်။ တစ်မိုးလုံး နွားနှင့်ရုံးကာ ထွက်ရှိလာသော လယ်ယာထွက်ကုန်လေးများသာ သူတို့ အတွက် အသက်သွေးကြောဖြစ်သဖြင့် မိုးရေမမှန်သောရာသီများတွင် ဝမ်းစာပင် မရရှာကြ။ သို့ သော်လည်း အမတော်ကြေးယူထားပြီးပြိမို့  အစိုးရကို တာဝန်ကျေသွင်းရန်ရှိသည်။ မသွင်းနိုင်တော့ အဖမ်းခံရလေသည်။အချုပ်ထဲမှာနှစ်ပတ်လောက်ထားပြီး ပြန်လွတ်တော့ မြို့ က အသိပွဲရုံမှ ငွေချေးကာ ပြန်ခဲ့ရသည်ဟု ပြောပြရှာသည်။

အင်္ဂလိပ်ခေတ်ကရော ဂျပန်ခေတ်ကပါ နိုင်ငံခြားသား အင်္ဂလိပ် ဂျပန်များ သူတို့ ရွာသို့  တစ်ဦးမျှမရောက်လာခဲ့ဖူး။ ထို့ ကြောင့် ဂျပန်ခေတ်ဆိုတာ ကြားဖူးတာပဲရှိတာဟု အမေပြောဖူးသည်။ သူတို့ ရွာသားတွေအများစုကကလည်း အောင်လံကလွဲလို့  အဝေးမြို့ များသို့  ရောက်ဖူးသူနည်းသည်။ အသွားအလာနည်းတော့ ဗဟုသုတလည်း နည်းသည်။ ဂျပန်ခေတ်က စစ်လေယဉ်တွေ ပျံလာတာကိုတွေ့ တော့ လေယဉ်မှန်းမသိရှာလို့  ဘုရားဓါတ်တော်တွေ ဝေဟင်ကကြွလာတယ်ထင်ပြီး လယ်လုပ်တာရပ်ကာ ထိုင်ရှိခိုးခဲ့ဖူးတယ်လို့  အမေကြီး(အဖွား)က ပြောပြခဲ့ဖူးသည်။

ရိုးသားကြသူများမို့  လိမ်ဖို့ ကိုလည်း ကြောက်ကြသည်။ တစ်ခါက အမေတို့ ရွာသားအချို့  ရန်ကုန်သို့  ဘုရားဖူးထွက်ကြသည်။မသွားခင်လည်း ခေါင်းဆောင်က “ရန်ကုန်ဆိုတာ မြို့ ကြီးမို့  နင်တို့ ကို ဘယ်ကလာကြလဲမေးရင် ဇိန့် ရွာတို့  အောင်လံတို့ မဖြေနဲ့  ခရိုင်မြို့  ဖြစ်တဲ့ သရက်ကလို့ ဖြေ”ဟု မှာသည်။တောသားတွေမို့  ရန်ကုန်သားတွေက အထင်သေးမှာ စိုးပုံရ၏။ ရန်ကုန်ရောက်တော့ ထုံးစံအတိုင်း ဘယ်ကလာကြလဲဟုအမေးခံရသောအခါ သင်ထားသည်များကိုမေ့ပြီး ဘယ်လိုဖြေရမယ်မသိတော့ကာ “ဘယ်ကလာမှန်းကို မသိတော့ပါဘူး” ဟု ဖြေကြသည်တဲ့။ ကိုယ့်ဟာကိုယ် ဘယ်ကလာမှန်းတောင် မသိတော့ဘူးလားဟု ရန်ကုန်သားတွေက ရယ်ကြသည်ဟု အမေကပြောဖူးသည်။

အမေတို့ ရွာနားတွင်ရှိသော ရွှေပန်းတောရွာမှာ ငါးရက်တစ်ဈေးရှိသည်။ ထိုဈေးလေးမှာ အနည်းအပါး လိုအပ်သည်များသွားဝယ်ကြသည်။ ဒီဈေးလေးမှာ အသားစိုလေးများအနည်းအပါးကို တတ်နိုင်သူများဝယ်စားကြသည်။ အများစုကတော့ အသားစိုဆိုတာ အလှူကြီးရှိမှ စားရတာဖြစ်၏။ ငါးခြောက်ဖုတ်နှင့် ပဲဟင်းသည်သာ သူတို့ တွေရဲ့  နေ့ တိုင်းစားစရာ။ ဘာဟင်းချက်လဲ မေးစရာမလို။

ထိုကဲ့သို့ မဝေးကွာလှသော်လည်း သွားလာရေးခက်လှသော အမေတို့ ရွာသို့  အိမ်မက်တစ်ခုသဖွယ် ရောက်ရှိခဲ့ဖူးလေသည်။

ဒီခရီးကို စီစဉ်တာတော့မဟုတ်။ အမေတို့ ရွာကို အမေပြန်တိုင်း အိမ်စောင့်တာဝန်ကျသူမို့  မရောက်ဖူးခဲ့လို့  ရောက်ဖူးချင်သည်။ အိမ်ကကိုးကွယ်သော သိမ်ဥူးကျောင်းဆရာတော်ကလည်း ရွာပြန်ဖို့ ရှိသည်။ ဆရာတော်က ရွှေကျင်ဂိုဏ်းဝင်မို့  ငွေကို ကိုင်တွယ်ခွင့်မရှိသဖြင့် ကပ္ပိယလိုသည်။ ဘုန်းကြီးကျောင်းသားက နေမကောင်း။ ထိုသို့  အကြောင်းဆုံကာ အမေက ဘုန်းကြီးကျောင်းသားလုပ်ပြီး ရွာလိုက်သွားဟုဆိုကာ လိုရာသုံးရန် ငွေနှစ်ရာပေးပြီး ဆရာတော်နှင့် ထည့်လိုက်လေသည်။

ဘုန်းကြိးကျောင်းသား အသစ်စက်စက်က ၁၈နှစ်သာရှိသေးသော ဒုတိယနှစ်ကျောင်းသားဖြစ်ရာ ဘုန်းကြီးကျောင်းသားစိတ်သွင်းမရ။ ငယ်ရွယ်သူမို့  အတွေးအမြင်ကလည်း မကြွယ်သေး။ထိုထိုသော အကြောင်းများကြောင့် အောင်လံအရောက်တွင် ဆရာတော်နှင့် လမ်းခွဲကာ ရွာသို့  တစ်ကိုယ်တော် ချီတက်တော့သည်။ ဆရာတော်ကတော့ သူ့ ဒကာအိမ်မှာ သုံးရက်လောက် သီတင်းသုံးပြီးမှ ရွာပြန်မည်။

ရွာသို့ သွားမည့်ကားက နေ့ လည်နှစ်နာရီလောက်မှာ အောင်လံဈေးဘေးမှထွက်သည်။ ကားက ရွှေပန်းတောကမနက်ထွက်ပြီး အောင်လံမှ နေ့ လည်ပြန်ထွက်သည့် တစ်စီးသာရှိသည့် ၆တန် ကုန်ကားဖြစ်သည်။ သည်တစ်စီးသာရှိသော ကုန်ကားက ကုန်အပြည့်ကို တင်ထားသေး၏။ ဘယ်ကစီးရမှာလဲမေးတော့ ကုန်တွေပေါ်က ထိုင်လိုက်ရမည်တဲ့။ ဒီလိုနှင့် ကုန်တွေပေါ် ကုတ်ဖဲ့တက်ပြီး အများနှင့်ရောနှောထိုင်ကာ ကျောက်ခဲစားထားတောင် အစာကြေတယ်ဟုပြောကြသော ရွှေပန်းတောလမ်း ခတ်ကြမ်းကြမ်းကို ရင်ဆိုင်ခဲ့ရတော့သည်။

ကုန်အပြည့်ပေါ်မှာထိုင်ရတာမို့  ဘယ်လိုမှအဆင်မပြေ။ ကိုင်စရာလည်းမရှိ။ လမ်းကလည်းကြမ်းမို့  တကိုယ်လုံး ယိမ်းကလိုက်ရသည်။ ကားပေါ်ပါ လူတစ်ယောက်က သစ်ကိုင်းစောင့်တာဝန်ယူသည်။ သစ်ကိုင်းစောင့်ဆိုလို့  မျက်စိလယ်မသွားကြပါနှင့်။ လူတွေက ကုန်အပြည့်တင်ထားသောကားပေါ်မှာထိုင်ရတာမို့  မိုးပေါ်ရောက်နေသဖြင့် သစ်ပင်ကြီးများမှ သစ်ကိုင်းများနှင့်မလွတ်သောကြောင့် လမ်းဘေးရှိကျွန်းပင်ကြီးများနှင့်နီးလာလျှင် ဝပ်ဟ၊ဝပ်ဟ ဟုအော်ရသူကို သစ်ကိုင်းစောင့်ဟု ခေါ်ခြင်းဖြစ်၏။ထိုသူထံမှ ဝပ်ဟ။ဝပ်ဟဟု အော်လိုက်သည်နှင့် ခေါင်းကိုဝပ်ချပြီး ခါးလေးကုန်းလိုက်မှ သစ်ကိုင်းနှင့်လွတ်မှာဖြစ်လေသည်။

အချိန်က သီတင်းကျွတ် တန်ဆောင်မုန်းမို့  မိုးကလည်း မကုန်ချင်သေး ဖွဲဖွဲလေးရွာလို့ နေသည်။ ထီးကလည်း ဘယ်လိုမှဆောင်းမရသည်မို့  ကားပေါ်ကလူအားလုံးလေအေးဒါဏ်၊မိုးဒါဏ်တို့ ကြောင့် ခိုက်ခိုက်တုန်နေကြရသည်။ ယိမ်းထိုးလိုက်၊ဝပ်လိုက်နှင့် ဘုရားတ ကာ သွားရသောလမ်းဖြစ်သောကြောင့် တို့ ရွာလမ်းက ဘုရားတရားမြဲတဲ့လမ်းဟု ရယ်မောကာ ဆိုကြသည်။ထို့ နောက် အားလုံးကားပေါ်ကဆင်းပါဟု အော်သံကြားရလေ၏။တံတားမဲ့ သဲချောင်းတစ်ခုသို့ ရောက်ပြီ။

သဲချောင်းကားရေစပ်စပ်နှင့်။ ချေင်းကမ်းပါးက မညီညာသည်မို့ ကားမှောက်တတ်သဖြင့် အားလုံးဆင်းရသည်။ ကားက ကြမ်းတုံးအားကိုးနှင့်ဖြတ်၊ လူတွေက ကိုယ့်ခြေထောက်နဲ့ ဖြတ်၊ချောင်းကျော်လျှင် ကားပေါ်ပြန်တက်။ဒီလိုနှင့်ပင် တံတားမဲ့ သဲချောင်းနှစ်ခုကို ကျော်ဖြတ်ခဲ့ရသည်။ နောက်ဆုံးနာမည်ကျော် မြို့လှချောင်းသို့  ရောက်တော့ ငါးနာရီနီးပြီ။ မြို့လှရွာအနီးရှိ မြို့ လှချောင်းက အကျယ်ကြီး။ ပြီးတော့ ရေအပြည့်ဖြင့် ကြိုလှင့်နေပေပြီ။

မြို့ လှချောင်းမှာရေတိုးနေသဖြင့် ကားဆက်သွားလို့  မရတော့ပြီ။ ဒီမှာညအိပ်ပြီး မနက်ရေကျမှ ကားပြန်ထွက်နိုင်မည်တဲ့။ ဒုက္ခက မထင်မှတ်ပဲဆီးကြိုနေလေသည်။ ကိုယ်ကလူစိမ်း၊ အဖေါ်လည်းမပါ။ ဘယ်သူ့ ကိုမှလည်းမသိ။ ရွာရောက်ဖို့  ဘယ်လောက်လိုသေးလဲလို့  စပ်စုမိတော့ ရှစ်မိုင်ကျော်လိုသေးသည်တဲ့။ ဒါဆို ၁၂မိုင်သာ ခရီးပေါက်ခဲ့ခြင်းပင်။ နီးစပ်ရာရွာမှ လူများကတော့ အထုတ်လေးတွေ ခေါင်းမှာရွက်ရင်း ချောင်းကိုကူးနေကြတာမြင်ရ၏။ ချောင်းရေကတော့ ခါးသာသာရှိလေသည်။

ဘာအရေးလဲ။ယောက်ျားပဲ။ တုံးတိုက်တိုက်၊ကျားကိုက်ကိုက်ဟု အားတင်းလိုက်သည်။ ရှစ်မိုင်ခရီးကို ခြေလျှင်ခရီးနှင်မည်ဟု ဆုံးဖြတ်ပြီး ပါလာသောလွယ်အိပ်လေး ခေါင်းပေါ်တင်ကာ မြို့ လှချောင်းထဲ ဆင်းလိုက်၏။ ချောင်းရေက ရေခဲရေအလားအေးစက်နေသည်။ ဒီအထဲ မြစ်ရေကျောကိုမသိပဲ ဆင်းလာမိသဖြင့် ရေက ခါးတင်မက ရင်ခေါင်းနီးပါးထိနက်နေလေသည်။ ရေစီးကလည်း သန်လှသည်မို့  ရေစီးထဲ မြောမသွားအောင် မနဲထိမ်းပြီးသွားရ၏။ ဘုရားပေါင်းများစွာတပြီးနောက်တွင် ချောင်းတဖက်သို့ ရောက်တော့ ရွဲရွဲစိုနေလေသည်။ ဒီအထဲ နေကလည်း ဝင်နေလေပြီမို့  မှောင်စပြုလာသည်။ တွေ့ တဲ့လမ်းခွဲက နှစ်ခု။ ဘယ်ဘက်လမ်းကို လိုက်ရမည်မသိပဲ အကျပ်ရိုက်နေတော့၏။

(ဆက်ရေးပါမယ်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အခန်းဆက်များ, ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်