ဖိုးထက် – နံနက်ခင်း ခြေရာများ

September 11, 2014

 
ဖိုးထက် – နံနက်ခင်း ခြေရာများ
မိုးမခ၊ စက်တင်ဘာ ၁၁၊ ၂၀၁၄
“လူတွေဟာ အသက်ကြီးလာရင် အိပ်ချိန် နည်းသွားတယ်”
ဆိုတာ ကလေးဘ၀တုန်းကတော့
“အို..အိပ်တာဘဲ..ပင်ပန်း အိပ်ပျော်မှာပေါ့၊ တစ်သက်လုံး အိပ်လာခဲ့တော့ အိပ်ရေးတွေ ၀နေလို့ နေမှာပေါ့”
လို့ဘဲ အထွန့်တက် တွေးခဲ့သည်။
အသက်ကလေး ရလာတော့ ကိုယ်တိုင် အိပ်မပျော်တဲ့ ညတွေရှိလာမှ အဲဒီစကားက မှန်သလိုလို ရှိသားကလား။ ဒါတောင် အစဉ်အမြဲကြီး မျက်လုံး မှိတ်သွားရသေးတာ မဟုတ်။ ရှစ်နာရီလောက် အိပ်ချိန်လေးကိုဘဲ မအေးချမ်းသော စိတ်တွေနဲ့လို့ အားမလို အားမရ စိုးရိမ်ပူပန်နေမိသည်။ ကျွန်တော့် စိတ်ထဲမှာ ကိုယ်ရေး ကိုယ်တာ အပူတွေ။ ဘ၀ကို မကျေမနပ်ဖြစ်နေတာတွေ များနေသလား မသိတတ်ပါဘူး။ ငါ့ဘ၀ သိပ်ဆိုး၊ သိပ်စိတ်ပျက်ဖို့ကောင်း ဆိုသည့် အတွေးများဖြင့် အိပ်ရာမှ လူးလဲ ထရင်း နာရီကြည့်တော့ မနက် ငါးနာရီ ကျော်ခါစ။ အိပ်မပျော်မယ့် အတူတူ လမ်းဘေး ဘာလေး လျှောက်တာပေါ့လို့ တွေးမိရင်း အိမ်အပြင်သို့ လမ်းလျှောက်ထွက်ခဲ့သည်။
လမ်းပေါ်မှာ ကားတွေက ခပ်ကျဲကျဲ သွားစ ပြုနေပြီ။ အလင်းရောင်က မှောင်ရီရီ။ နံနက်ခင်း အနံ့ကို ပီပီပြင်ပြင် ရှူရှိုက်စဉ် နှာခေါင်းထဲသို့ ပုတ်အဲ့သော အနံ့ဆိုးကြီးက ၀င်လာသည်။ ဘေးဘီကို သတိထား ကြည့်လိုက်မှ စည်ပင်သာယာက အမှိုက်သိမ်းကားကြီးနှင့် အမှိုက်ပုံကြီးကို ထိုးဆွ၊ သိမ်းဆည်းနေကြသော စည်ပင်သာယာ အလုပ်သမားများကို တွေ့သည်။ အားလုံး ခြောက်ဦး၊ ခုနှစ်ဦးခန့်။
အားလုံးနီးပါး ဘောင်းဘီ အတိုဝတ်ထားသည်။ အရောင်အဆင်း မရှိသလောက် ဖြစ်နေသည့် အောက်ခံ အကျီ င်္။ အဲဒီအပေါ်ကမှ လိမ္မော်ရောင် လက်ပြတ် စည်ပင်သာယာ အကျီ င်္။ ခြေညှပ်ဖိနပ်။ လျှာထိုး အုပ်ထုပ် နှင့် အပေါ်က head light ခေါ် မီးရောင် ခပ်မှိန်မှိန် တစ်ခုစီဖြင့်။ နှာခေါင်းနှင့် ပါးစပ်မှာ အစည်းအနှောင် အကာအကွယ် မရှိပေမယ့် အချင်းချင်း စနောက်ရင်း အမှိုက်ထုပ်တွေကို အတော်ကြီး စုတ်ချာနေပြီ ဖြစ်သည့် အမှိုက်သိမ်း ဆယ်ဘီးကားကြီးပေါ်သို့ တင်နေကြသည်။ ကျွန်တော့် စိတ်ထဲမှာ ဆရာမြသန်းတင့် ဘာသာပြန်သည့် သုခမြို့တော်ထဲက ဟာရီစပါးတို့ မိသားစုကို သတိရသလိုလို ရှိသွားသည်။ အမှိုက်ပုံထဲမှာ ဘ၀ရှင်သန်အောင် ရုန်းကန်ကြရသည့် လူများ။
ရန်ကုန် မြို့တော်စည်ပင် ဘယ်လောက် နာမည်ပျက်ရှိတယ်ဆိုတာ ကျွန်တော်တို့ အားလုံး သိကြသည်။ စီမံခန့်ခွဲမှု ညံ့ဖျင်း၊ စိတ်ထား မမှန်၊ အိတ်ထဲထည့်ဖို့သာ အစဉ်အမြဲ ချောင်းနေသည့် မြန်မာနိုင်ငံရှိ အဖွဲ့အစည်းကြီးတွေ များစွာထဲက အလွန်နာမည်ရသည့် ရန်ကုန် မြို့တော်စည်ပင်။ ပြောင်းဘူးကြီးကိုင် လျှောက်သွားပြီး မပြောင်းချင်သည့် ခပ်ချာချာ စိတ်အစဉ်နှင့် လူကြီးတွေ ကြီးစိုးခဲ့သည့် ဌာနကြီး တစ်ခု။ အခွန်၊ အခ ၀င်ငွေ သောက်သောက်လဲ ဘေးပေါက်များ ရှိနေသည့် အဖွဲ့အစည်းကြီး တစ်ခု။ ကြောင် နောက်ဖေးသွားဖို့ အသုံးပြုရန် အိမ်နောက်ဖေး သဲပုံထားရင်တောင် သိသည့် အဖွဲ့အစည်းကြီးက ခွင့်ပြုချက်မဲ့ အဆောက်အဦးတွေကို ဖြိုချ၊ ဖျက်ချမယ်လို့ ကြုံးဝါးနေသည့် လူအများစု ရှိနေသော အဖွဲ့အစည်းကြီး တစ်ခု။ ဒီလို အဖွဲ့အစည်းကြီးက အောက်ခြေ၀န်ထမ်းများ အမှိုက်တွေကို ကာယအားကိုးပြီး အလွန် အန္တရာယ်များသည့် အမှိုက်သိမ်းဆည်းပုံတွေကို ကျွန်တော်ကဖြင့် ထူးထွေသည့် အံ့ရာသော် နည်းနည်းမှ မဖြစ်။
အိမ်သာတက်ခြင်းနှင့် မိမိအိမ်မှာ မိမိဘာသာ အမှိုက်ပစ်ခြင်းသည် အလွန် ပရိုက်ဗေစီ ရှိသော ကိစ္စများ ဖြစ်သည်။ အလွန်တိုးတက်ပါသည်၊ အလွန်ပညာတတ်ပါသည်၊ အလွန်ချမ်းသာပါသည်ဆိုသည့် နိုင်ငံတွေတောင်မှ အမှိုက်တွေကို ခွဲခြား ပြစ်ကြဖို့ အစဉ်နှိုးဆော်နေရသည် မဟုတ်လား။ မီးဖိုချောင်ထွက် စားကြွင်း စားကျန် အမှိုက်အစိုတွေက သပ်သပ်။ ပြန်လည် အသုံးပြုနိုင်သည့် စာရွက်၊ သံဗူး၊ ဆောက်လုပ်ရေး ပစ္စည်းတွေက သပ်သပ်။ မီးလုံး၊ မီးချောင်း၊ ဓာတုဗေဒဓာတ်များ ပါသည့် အမှိုက်တွေက သပ်သပ်။ ဆေးရုံသုံး သွေး၊ ချွေးတွေ ပေရေနေသည့် အမှိုက်တွေက သပ်သပ်။ စသည့် စသည့် အမှိုက်တွေကို ဘယ်လို ဘယ်ပုံ ခွဲခြား စွန့်ပစ်ရမယ်လို့ ဘယ်လိုဘဲ ပညာပေးပေး၊ ဘယ်လောက်ဘဲ လုပ်လုပ် လူ့သဘာဝအရ ပရိုက်ဗေစီ ရှိရှိ အလွယ်လိုက်ကြသည် မဟုတ်လား။ အမှိုက်ပုံးတွေကို ဘယ်လိုဘဲ အမျိုး အစားခွဲခြား ထားပေး ပေမယ့် မမြင် မမြင်သလို အမှိုက်တွေကို ရောပြီး ပစ်တတ်ကြတာ အဆင်းရဲဆုံး စာရင်းဝင် ကျွန်တော်တို့မှ မဟုတ်။ ထိပ်တန်း နိုင်ငံက လူတွေတောင် လုပ်တတ်ကြသေးသည်ဘဲ။ ကိုယ့်အိမ်မှာကိုယ် အမှိုက်တွေကို သတ်မှတ်ထားသည့် အမှိုက်အိတ်ထဲ စုထည့် ချည်တုပ်ပြီး အမှိုက်ပုံမှာ သွားပစ်လျှင် “ခင်ဗျား အမှိုက်အမျိုးအစားက ဘာတွေလဲ” ဟု စောင့်ကြည့်ပြီး အမှိုက် Analysis လုပ်နိုင်ကြတာမှ မဟုတ်တာ။
ကျွန်တော်တို့ဆီမှာဖြင့် အမှိုက်အိတ်ထဲမှာ အမျိုး အစား အစုံ အစုံ။ ချွဲသလိပ်တွေလဲ ပါသည်။ လုံချည်အဟောင်း အစုတ်တွေလဲ ပါသည်။ စားကြွင်း စားကျန်တွေလဲ ပါသည်။ ကုန်ကုန် ပြောရလျှင် အမျိုး သမီးသုံး ပစ္စည်းတွေနှင့် ဘုရားပန်းအကျတွေတောင် ရောပါတတ်သေးသည်။ တတ်နိုင်သည့် နိုင်ငံတွေကတော့ ဒီအမှိုက်တွေကို ဥပဒေတွေဖြင့် ကွပ်ညှပ်၊ အသေအချာ ပညာပေး စည်းရုံးပြီး ခွဲခြား အမှိုက်ပစ်စေသည်။ အိမ်ထဲက အိမ်အပြင်ထွက်စရာ မလိုဘဲ အမှိုက်ပစ်လို့ရအောင် ဖန်တီးပေးထားသည်။ ပြီးတော့ အမှိုက်မီးရှို့စက်ရုံကြီးတွေကို တည်ဆောက်ထားကြသေးသည်။
အမှိုက်မီးရှို့စက်ရုံကြီးတွေရဲ့ တည်ဆောက်စရိတ်က နည်းတာ မဟုတ်။ ဒေါ်လာငွေကြေး ဘီလျှံချီ ကုန်ကျသည်။ အမှိုက်တွေကို စုပုံထားသည့် ဘန်ကာကြီးတွေထဲကမှ အမှိုက်အရည်တွေကို စုကာ မီသိန်းဓာတ်ငွေ့ထုတ်ပြီး Generator များကို မောင်းနှင်၍ လျှပ်စစ်မီး ထုတ်နိုင်သည်။ ဒါပေမယ့် ထွက်ရှိလာသည့် လျှပ်စစ်မီးက သိပ်တော့ အများကြီး မဟုတ်ဘူးလို့ ကျွန်တော် သိထားသည်။ စက်ရုံကြီး ပြန်လည်ပါတ်အောင် အသုံးပြုလို့တော့ ရမည်။ မြို့ကြီးတစ်ခုကို Back up ပြန်ပြီး ဖြန့်ဖြူးပေးနိုင်လောက်အောင် မထုတ်လုပ်နိုင်။ စက်ပစ္စည်း၊ ပစ္စယတွေက ဈေးအလွန်ကြီးသည်။
နောက်ပြီး ရောနှောနေသည့် အမှိုက်တွေကို သံက သပ်သပ်၊ ကြေးက သပ်သပ်၊ ပြန်လည် အသုံးပြုလို့ရသည့် ပလပ်စတစ်များက သပ်သပ်။ စသည့် စသည့် အမှိုက်အမျိုး အစားတွေကို ခွဲခြားပြီး ထုတ်ယူသည်။ အမှိုက် အဆွေး အမြေ့များကို မြေဆွေးပြန်လုပ်ပြီး စိုက်ပျိုးရေးမှာ ကောင်းကောင်းကြီး အသုံးချနိုင်သေးသည်။ ဘယ်လိုမှ ပြန်လည် အသုံးပြုလို့ မရသည့် အမှိုက်တွေကိုတော့ မီးရှို့ပြစ်သည်။ အဲဒီ မီး အပူရှိန်တွေကမှ တဆင့် ဘွိုင်လာအိုးကြီးများ ခံကာ လျှပ်စစ်မီး ပြန်ထုတ်နိုင်ပြန်သည်။ အားကိုးလို့ ရတဲ့ ပမာဏတော့ မဟုတ်။ ဒီလို ဘက်စုံ အသုံးဝင်သည့် အမှိုက်မီးရှို့ စက်ရုံကြီးတွေ ရှိရင် သိပ်ကောင်းတယ်ဆိုတာ သိကြပေမယ့် နည်းပညာလိုသည်။ ငွေလိုသည်။ ပြီးတော့ ဒီစက်ရုံကြီးတွေ အစဉ်အမြဲ လည်ပါတ်နိုင်အောင် ပြုပြင် ထိမ်းသိမ်း စရိတ်က နည်းတာမဟုတ်။ အဆွေး အမြည့် အမှိုက်တွေနှင့် အလုပ်လုပ်ရသည့် စက်တွေကို မဆွေး မမြည့် အောင် ထိမ်းသိမ်းရတာ မလွယ်ရေးချ မလွယ်။ အလွန် ပိုက်ဆံ ကုန်သည်လို့ ကျွန်တော် သိထားသည်။ အလွန် ကရိကထ များသည်။
အခု ကျွန်တော်တို့ ဆီမှာလဲ အမှိုက်မီးရှို့စက်ရုံများ ထားဖို့ ဟိုက ဒီက နိုင်ငံများနှင့် ပေါင်းပြီး ကြိုးစားနေကြတာ လက်ခုပ်တီးအားပေးရမယ့် ကိစ္စတွေလို့ဘဲ (လို့ဘဲ) ဆိုကြပါစို့။ အမှန်အကန်လား အကြံအဖန်လား သက်ဆိုင်ရာ လူကြီးတွေက အသိဆုံးနေမှာပါ။ အမျိုး အရင်းကြီးတွေဆိုတော့ နည်းနည်းမှ မယုံရဘူး မို့လား။  ပြီးတော့ အဆင့်မှီ စက်ရုံကြီးတွေ ဖြစ်လာဖို့ ကျွန်တော်တို့ဆီမှာ စိတ်စေတနာ ကောင်းကောင်းဖြင့် စီမံခန့်ခွဲနိုင်သည့် လူ၊ အဖွဲ့အစည်းတွေကော ရှိမှ ရှိပါ့မလားလို့ စိုးရိမ်မိသည်။ ဘယ်နိုင်ငံကမှ “သြော် မြန်မာပြည်က လူတွေ အမှိုက်တွေ ပစ်ရ၊ သိမ်းရတာ ဒုက္ခများလိုက်တာ။ ငါတို့ အမှိုက်မီးရှို့စက်ရုံကြီးတွေ ဆောက်ပေး…. အုံးမှာ” လို့ စေတနာ ရှေ့ဆောင် လုပ်ကြမယ်လို့ ကျွန်တော် မထင်။ တိုးတက်လွန်းပါသည်ဆိုသည့် နိုင်ငံတွေတောင် သူတို့ ကိစ္စနဲ့ သူတို့ ၊ သူတို့ ပြဿနာနဲ့ သူတို့ လိပ်ပါတ်လည်ကြတာ မဟုတ်။ “အကျိုးအမြတ်မလိုချင်ဘဲ ကူညီဖို့ သက်သက်ပါဘဲ” ဆိုသည့် စကားကိုဖြင့် ကျွန်တော် မယုံကြည်ရင် အဆိုးမြင်လွန်းတယ်လို့ ဆိုချင်လဲ ဆိုစေတော့။ “မယုံ မကြည်စိတ် များလွန်းတဲ့ လူ၊ ကိုယ့်စိတ်နဲ့ နှိုင်း…ရိုင်းပေါ့” လို့ စကားတင်း အဆိုခံရမှ ခံရပေတော့။ အသေအချာ စီစစ်ပြီး လုပ်ကြရမည့် ကိစ္စတွေလို့ ကျွန်တော် ထင်မြင်မိသည်။
“စက်ရုံကြီးတွေချီ.. ကြည့်စမ်းပါအုံး.. တို့ အပေါင်းအသင်း… ရောင်းရင်းတွေများရယ်”
ဆိုသည့် ထို အမှိုက်သိမ်းနေသည့် စည်ပင်သာယာဝန်ထမ်း တစ်ဦး၏ သီချင်းသံကြောင့် ကျွန်တော့် အတွေးများ ပြတ်တောက်သွားခဲ့ရသည်။
“မင့် အဘ စက်ရုံကြီးတွေဘဲ ချီ။ လုပ်…လုပ်..မြန်…မြန်။ နေထွက်လာတော့မှာ” ဟု နောက်တစ်ဦးက သီချင်း အဆိုရှင်ကို လှမ်းငေါက်သံ ကြားလိုက်ရသည်။
ကျွန်တော် သူတို့ အနားက ပြန်လှည့်ထွက် လာခဲ့သည်။ လမ်းဆက်လျှောက်လာရင်း ဒီလို အမှိုက်အဆွေးတွေကို ရာဘာလက်အိပ်လေးဘဲ စွပ်ပြီး သိမ်းဆည်းနေရသည့် သူတို့ ကျန်းမာရေးကို ကျွန်တော်တွေးမိသည်။ ဘယ်အိမ်က ဘယ်လူက ဘာရောဂါပိုးမွှားများ ရှိနေသည် မသိဘဲ အမှိုက်တွေကို လက်နဲ့ ပါယ်ပါယ်နှယ်နှယ်ကိုင်ပြီး သိမ်းဆည်းနေကြရသည့် သူတို့ဘ၀တွေကို ဘာမှ မတတ်နိုင်သည့် ကျွန်တော်က အားနာမိသည်။ စီပိုးလား။ ဘီပိုးလား။ သူတို့ မိသားစုဝင်တွေရဲ့ ကျန်းမာရေးတွေကိုပါ ထိခိုက်ကုန်မှာလား။ လူတန်းစေ့တဲ့ ကျန်းမာရေးမှ ရကြပါ့မလားလို့ ဆက်ပြီး တွေးနေမိသည်။ သူများတွေဆီမှာဆိုရင် အမှိုက်သိမ်းကားနဲ့ အမှိုက်ပုံးတွေကို အကာအကွယ်ကောင်းကောင်း ယူထားသည့် ၀န်ထမ်းတွေက ချိတ်ဆက်ပေးလိုက်ရုံဘဲလို့ တွေးမိပေမယ့် ကိုယ့်ဆီမှာဖြင့် အဲဒီလို အမှိုက်သိမ်းကား တစ်ပါတ်ရစ်ကိုတောင် သတင်းစာထဲထည့် ဖဲကြိုးဖြတ် ဖွင့်လှစ်ဂုဏ်ယူကြဆဲ။
အိမ်ပြန်ရောက်တော့ ဖတ်လက်စ စာအုပ်ဖြစ်သည့် ဆရာ သန့်မြင့်ဦးရေးသော “ခြေရာပျောက်မြစ်” (The River Of Lost Footsteps) မြန်မာ ဘာသာပြန် ကို ဆက်ပြီး ဖတ်နေမိသည်။ အင်္ဂလိပ်စာဆိုလျှင် နီတိတစ်ကြောင်းတောင် အင်္ဂလိပ်လို မဖတ်ချင်သည့် ကျွန်တော်တို့လို ငပျင်း လူစားတွေအတွက် မြနှင်းဆီ (Mra Hninzi) ဆိုသည့် ဘာသာပြန် ကလောင်ရှင်ကို မနက် အစောကြီး မေတ္တာဓာတ်များ ပို့သနေမိသည်။ ပြီးတော့ တဆက်တည်းမှာ ရောဂါပိုးမွှားများကို ဂရုမစိုက်နိုင်အားဘဲ အမှိုက်သိမ်းပေးနေကြသည့် အောက်ခြေ စည်ပင်သာယာဝန်ထမ်းများကိုရောပေါ့။ နိုင်ငံကို စုတ်ပြတ်သတ်နေအောင် လုပ်သွားကြသည့်၊ လုပ်နေကြသည့် လူများကိုဖြင့် သေဂျင်းဆိုးနဲ့ သေကြပါစေလို့ ဆုမတောင်းကောင်းပေမယ့် ကျန်းမာ၊ ချမ်းသာကြပါစေ မောင်မင်းကြီးသားများလို့ မေတ္တာမပို့နိုင်ပါဘူးလေ။
အေးအေး လူလူ စာဆက်ဖတ်နေရင်း ဆရာ့ စာအုပ်ထဲက ကျွန်တော်တို့ ယောင်္ကျားလေး အများစု စိတ်ဝင်စားမည့် အကြောင်းအရာ တစ်ခုကို ဖတ်လိုက်ရသည်။ အင်္ဂလိပ်တွေ အထက်မြန်မာပြည်ကို သိမ်းဖို့ စစ်ပြင်ဆင်တော့ သူတို့မှာ တစ်မိနစ်ကို ကျည်တောင့် ၅၀၀ ထွက်သည့် မက်ဆင်မ် စက်သေနတ် (Maxim Machine Gun) အလက်ပေါင်း ၄၀ ကို ပြင်ဆင် ယူလာကြသတဲ့။  အဲဒီအချိန်က ကျွန်တော်တို့ နည်းပညာက ဗထက်ချိုင့် သေနတ်ကို ဂုဏ်ယူ ချီးကျူးနေကြရဆဲ။ အချိန်က ၁၈၈၅။ အခု ၂၀၁၄ ဆိုတော့ နှစ်ပေါင်း ၁၃၀ ပြည့်လု ပြည့်ခင်။ လွန်ခဲ့သော နှစ်ပေါင်း တစ်ရာကျော်နှင့် လက်ရှိ ကျွန်တော်တို့၏ ကွာခြားမှုက အတူတူဘဲလို့ ဆိုရမှာလား။ ရုပ်ဝတ္ထုတိုးတက်မှု မလုပ်နိုင်လို့ စိတ်အကျင့်တွေ တိုးတက်လာသလားဆိုတော့လဲ မဟုတ်ပြန်။  နံနက်ခင်း လေထုကြီးက စီးစီပြစ်ပြစ် ဖြစ်နေဟန်ရှိသည်။
ကျွန်တော် အသက်ရှူကျပ်လာသည်။ စာအုပ်ကို ပြန်ပိတ်ရင်း စာအုပ်ခေါင်းစီးကို ပြန်ဖတ်ကြည့်ရင်း ဆရာ့ရဲ့ စာအုပ် ခေါင်းစဉ် ပေးပုံကို သဘောကျနေမိသည်။ ခြေရာပျောက်တယ်တဲ့လား။
တစ်ချို့ကိစ္စတွေက ကျွန်တော်တို့ နှလုံးသားတွေထဲမှာ ခြေရာတွေ ထင်းထင်းရှင်းရှင်းကြီး ပေါ်နေခဲ့အောင် အနင်းခံ ခဲ့ကြရတာ မဟုတ်ဘူးလား။ ကျွန်တော်တို့ နှလုံးသားတွေထဲမှာ ကိုယ်ရေး ကိုယ်တာ သေရာပါမယ့် ခြေရာ ကြီးတွေ ရှိတတ်ကြတယ် မဟုတ်လား။ တစ်ချို့ခြေရာတွေက အသက်နဲ့ လဲမှ ပျောက်မယ့် ခြေရာတွေ။ တစ်ချို့ ခြေရာတွေက မပျောက်ပျက်သွားစေချင်သည့် မြတ်နိုးချစ်ခင်ရတဲ့ ခြေရာတွေ။ ချစ်ရလွန်းတဲ့ ခြေရာတွေ။ တစ်ချို့ခြေရာတွေက အမြဲ မှတ်မိနေချင်လို့ သပ်သပ်ခွဲထားတဲ့ ခြေရာတွေ။ အဲဒီသပ်သပ်ခွဲထားတဲ့ ခြေရာတွေထဲမှာ နိုင်ငံကို အောက်တန်းကျအောင် လုပ်သွားခဲ့တဲ့ ခြေရာတွေ ကျွန်တော့်တို့ နှလုံးသားတွေထဲမှာ အများကြီး ရှိကြမှာပါ။ အမုန်းနဲ့ သိမ်းထားရင် ပင်ပန်းပေမယ့် ခြေရာပျောက်အောင်တော့ မလုပ်သင့်ဘူးလို့ ထင်သည်။  မဖျောက်ပြစ်နိုင်ပါဘူး။ လျှော်ဖွပ်မပြစ်နိုင်ပါဘူး။ ကျွန်တော်က လောက အလုံးစုံကို မေတ္တာထားနိုင်တဲ့ ဗုဒ္ဓရှင်တော် မြတ်မှ မဟုတ်တာဘဲ။ ဘုရားရှင်တော်မြတ်လို နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့ ပုဂ္ဂိုလ်ကြီးတွေသာ ဒီလို စိတ်ပျက်ဖို့ ကောင်းတဲ့ ဘ၀၊ အောက်တန်းကျရတဲ့ ဘ၀၊ ပျော်ရွှင်ဖို့ နည်းနည်းမှ မရှိတဲ့ ဘ၀တွေကို သတိတရားနဲ့ စောင့်ကြည့်ပြီး အလွတ်ရုန်းထွက်နိုင်ကြတာ မို့လား။ သံသရာက မလွတ်မချင်း အဲဒီ ခြေရာတွေကိုတော့ ကျွန်တော်တို့ ပြန်ပြန်ငဲ့ကြည့် နေရအုံးတော့မှာ။
ဖိုးထက်

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖိုးထက်, ခေတ်ပြိုင်အတွေ့အကြုံ

One Response to ဖိုးထက် – နံနက်ခင်း ခြေရာများ

  1. P N wara on September 11, 2014 at 6:54 pm

    ကောင်းတယ်ဗျ ကိုဖိုးထက်-

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်