မောင်လူပေ – အမေတို့ရွာ (၃)

September 13, 2014

– အမေတို့ရွာ (၃)
(မိုးမခ) စက်တင်ဘာ ၁၃၊ ၂၀၁၄

အနီးအနားမှဟု ထင်ရသော လှည်းများကတော့ သူတို့ လုများကို လာကြိုပြီး ထွက်သွားကြလေပြီ။ အူကြောင်ကြောင်နှင့် လမ်းဆုံတွင်ရပ်ပြီး ဘယ်လမ်းသွားရမယ် စဉ်းစားနေစဉ် လှည်းတစ်စီးက ဘေးတွင်လာရပ်သည်။ လှည်းပေါ်မှာတော့ အသက် ၆၀ကျော်အရွယ် ဦးကြီးတစ်ဦးနှင့် အသက် ၃၀ခန့် ထင်ရသည့် အမျိုးသမီးတစ်ဦးပါသည်။ ကားပေါ်တွင် ပါလာသော အမျိုးသမီးပင်။ သူ့  ဖခင်က လာကြိုဟန်ရှိသည်။

” လူကလေး ဘယ်သွားမလို့ လဲ”

“ဇိန့် ကို သွားမလို့ ပါ အဘ။”

‘”ဇိန့် က ဘယ်သူ့ ဆီသွားမှာလဲ”

” ကိုဝင်းမြင့်တို့  အိမ်ကို သွားမှာ။”

“ကိုဝင်းမြင့်နဲ့  ဘာတော်လဲ။”

” သူ့ တူပါ။ ကျွန်တော်က တောင်ငူကပါ။”

” အော်.. တောင်ငူက မအုံးခင် သားလေးလား။”

“ဟုတ်ကဲ့။”

” ဒါဆို အမျိုးတွေပဲ။ လှည်းပေါ်တက်။ ဝင်းမြင့်က ငါ့တူ။ တို့ က ဇိန့် ဘေးက ပြင်ထောင်မယ်နေတာ။ အိမ်မှာအိပ်။ မနက်ကြ မင့်ဦးလေးအိမ် လိုက်ပို့ မယ်။”

ချက်ခြင်း အမျိုးစပ်ပြီး အမျိုးတော်သွားသော ဦဲးကြီး၏ လှည်းကား ကယ်တင်ရှင်ပင်။ ညက ခဏလေးနှင့် မှောင်လေသည်။ မိုးတိမ်တွေနှင့်မို့  ကြယ်ရောင်ပင် မမြင်ရ။ အာကာသလောကကြီးကား ပိန်းပိတ်အောင် မှောင်လှသည်။ နွားနှစ်ကောင်ကတော့ အမှေင်ထဲမှာ လမ်းသိစွာဖြင့် တရွေ့ ရွေ့  ခရီးနှင်လျှက်။

“နွားတွေက အမှောင်ထဲမှာ သွားတတ်တယ်နော်။”

” ‘ဒီလိုပဲ။ ဒီကောင်တွေက သိပ်တော်တာ။ သူတို့ အိမ်ကို ဘယ်လောက်မှောင်မှောင် မှတ်မိတယ်။”

ဦးကြီးက သူ့ နွားညီနောင် အကြောင်း ချီးမွမ်းခန်း အကြာကြီး ထုတ်သည်။ လမ်းဘေးမှာတွေ့ တဲ့ လူစိမ်း လူငယ်ကို ကူညီလိုသဖြင့် ဆွေမျိုးစပ်ရင်း သူ့ အမျိုးဖြစ်နေသဖြင့် အိမ်ခေါ်လာသည်တဲ့။

“အစကတော့ မောင်ရင့်ကို မြို့ လှက အသိအိမ်မှာ သိပ်ခဲ့မလို့ ။ မောင်ရင်က ဦးရဲ့  မြေးတော်နေလို့  အိမ်ခေါ်ခဲ့တာ။ အိမ်မယ်ကဦးနဲ့  သမီး နှစ်ယောက်ထဲရယ်။ မင်းတို့  လူငယ်တွေ မကြောက်မရွ့ံ။ ညမှောင်မှောင်ထဲ လျှောက်သွားဖို့  လုပ်ရဲတယ်။ ပိုးကောင်တွေ ပေါပါဘိနဲ့ ။ ပိုးထိရင် ဆေးမမှီပဲ မောင်ရင်လေးရဲ့ ။”

“အဘကလည်း မဦးမချွတ်။ ဘာတွေပြောတာလဲ။”

ဦးကြီး၏သမီးက ဝင်ဟန့် သည်။ သူတို့ အရပ်က မြွေကို ပိုးကောင်ဟု ခေါ်သည်။ မြွေကလည်း ပေါလှသည်။ ထို အမျိုးသမီး၏ ခင်ပွန်းသည်ပင် အီမ်ထောင်ကျြပီး သုံးလခန့် တွင် မြွေကိုက်ခံရပြီး ဆေးရုံပို့ နောက်ကြသောကြောင့် ဆုံးရှာသည်မှာ မကြာသေးဟု နောက်မှ သိရသည်။ ဆေးရုံကဝေးသည့်အပြင် မြွေဆိပ်ဖြေဆေးကလည်း မရှိသည်က များလေသည်။

ဒီလိုနှင့်ပင် တအီအီမည်နေသော လှည်းသံကို နာခံရင်း နှစ်နာရီကျော်ကြာပြီးနောက် ဦးကြီးတို့ ၏ ကျူတောရွာနေအိမ်ရောက်သည်။ည ရှစ်နာရီကျော်လေပြီ။ဦးကြီးက လက်ဆွဲ ရေဒီယို အသေးလေးဖြင့် ဘီဘီစီ မြန်မာပိုင်း နားထောင်သည်။ ခေတ်မှီသော ဦးကြီးပင်။ ဦးကြီးတို့ ကျွေးသော ထမင်းနှင့် ငါးခြောက်ဖုတ်ပဲဟင်းကလည်း စားကောင်းလှသည်။ ဆာနေသောကြောင့်လည်းဖြစ်၏။

မိုးတွင်းမကုန်နိုင်သေးပဲ မိုးနှောင်းကောင်းလွန်းနေသော မိုးသံနာခံရင်း အိမ်ဦးခမ်းသာတွင် အိပ်မောကျသွားတော့သည်။

ကြက်တို့က မိုးမသောက်မီကပင် တွန်နေကြပြီ။ ရောင်နီပျိုးစကပင် အိပ်မရတော့။ ခြင်ထောင်မပါသော်လည်း ဒီအရပ်က ခြင်တော့ သိပ်မကိုက်လှ သဖြင့် ညဦးက အိပ်ပျော်ခဲ့သဖြင့် အိပ်ရေးလည်းဝပြီ။ ဦးကြီးကား အစောကြီးအိပ်ရာထကာ နွားစာစင်းတောင်ပြီးနေပြီ။ သူ့သမီးပြင်ပေးသော ထမင်းကြမ်းကျော်ဝါဝါလေးက ဆနွင်းနံ့ သင်းသင်းနှင့်မို့ တမျိုးစားကောင်းသည်။ တောစပ်တွင် တစ်ဆောင်းစာ ထင်းခွေစရာရှိသော ဦးကြီးက စောစောပင် ဇိန့်သို့ လိုက်ပို့လေသည်။

ပြင်ထောင်နှင့် ဇိန့်ကား တစ်မိုင်သာသာခရီးမို့ လှည်းမကောက်ပဲ ခြေလျှင် သွားကြသည်။ တစ်ညလုံးရွာခဲ့သည့်မိုးကြောင့် မြေလမ်းကား ရွံလမ်းအသွင်ပြောင်းချေပြီ။ ဖိနပ်လက်မှာကိုင်ပြီး ခြေဗလာနှင့် စီးပိုင်နေသော ရွံ့ထဲ ရုံးရသည်မှာ ခရီးမတွင်လှ။ ချော်လဲမှာလည်းစိုးရသေးသည်။ ဇိန့်ရွာကိုတော့ ကျွန်းလုံးခံတပ်အပြည့်ဖြင့် လှမ်းမြင်နေရ၏။ အနားကရွာများနှင့်မတူ တမူထူးကာ ရွာစည်းရိုးခပ်ထားသည်က ဒီရွာလေး၏ ထူးခြားမှုပင်။

တစ်မိုင်ခရီးကို တစ်နာရီနီးမျှ လယ်တောလမ်းမှ ရွံ့များကို နင်းဖြတ်အပြီးမှာတော့ ဇိန့်ရွာဝင်ပေါက်ကိုရောက်သည်။ ကွေ့ကောက်ကာတည်ဆောက်ထားသော အိမ်များကို ကွေ့ပတ်အပြီးမှ ဦးလေးဝင်းမြင့်တို့၏ ခြေတံရှည်ပျဉ်ထောင်အိမ်လေးကို တွေ့ရလေသည်။ အိမ်ထဲမှာတော့ ဦးလေး၏အမေ အဖွားလေး ညီမငယ်သာ ရှိသည်။ ဦးလေးကား တောစပ်သို့ ထင်းခွေ ဆင်းနှင့်ပြီ။

အဖွားလေးက ဝမ်းပန်းတသာ ဆီးကြိုသည်။ လိုက်ပို့သော ဦးကြီးက အဖွားလေး၏ ညီမအငယ်ဆုံးရဲ့ ခင်ပွန်း။ ဒါကြောင့်ဦးလေးဝင်းမြင့်ကို ငါ့တူဟု ခေါ်ခြင်းပင်။ သူ့ဇနီးကတော့ ဆုံးရှာလေပြီ။ အဖွားလေးညီမငယ်က အမေကြီး၏ အငယ်ဆုံးမောင်နှင့် အိမ်ထောင်ကြသည်။ ခင်ပွန်းသည် ဆုံးတော့ အဖွားလေးက ခတ်ငယ်ငယ်သာ ရှိသေးသော်လည်း နောက်အိမ်ထောင်မပြုတော့။ ဦးလေးဝင်းမြင့်က တစ်ဦးတည်းသောသားမို့  တုန်နေအောင် ချစ်ရှာသည်။ ဦးလေးက တောင်ငူတွင် ပျော်သည်။ နေချင်သည်။ သို့ သော် သူ့ မိခင်က သူ့ ယောကျာ်းခေါင်းချရာမှ မခွာချင်။ ထို့ ကြောင့် အမေ့စကားနားထောင်ကာ ရွာမှ အမေပေးစားသူနှင့် အိမ်ထောင်ပြုသည်။ ကလေးပင် နှစ်ယောက်ရနေလေပြီ။

အဖွားလေးညီမငယ်က ရေနွေးကြမ်း၊ထန်းညက်ခဲဖြင့် ဧည့်ခံသည်။ သူ့မြေးတော်မောင် ဒုတိယနှစ် ကောလိပ်ကျောင်းသားက ချည်ကြမ်း လုံချည်တိုတိုဖြင့် တောသားပုံပေါက်နေသည်ကိုလည်း သဘောကျသည်။ မြို့က ကောလိပ်ကျောင်းသား ရောက်နေသည်ဟူသော သတင်းလည်း တစ်ရွာလုံး ပျံ့နေပြီမို့ အပျိုချောများက မသိမသာ လာကြည့်ကြသည်။ သို့သော် မြို့သားက သူတို့ ကြည့်ဘူးသော ဓါတ်ရှင်တွေထဲကလို စမတ်မကျပဲ တောပုံပေါက်နေသဖြင့် ကောလိပ်ကျောင်းသားကလည်း တို့တောသားလိုပဲဟု ပြောကာ ပြန်သွားကြသည်ဟု အဖွားလေးက ပြောပြသည်။

အဖိုးလေးတော်သူ ပြင်ဦးလွင် ဆရာတော်ကြီးက ပြောဖူးသည်။ ဒို့ နယ်က ဆင်းရဲတော့ ရွာသူလေးတွေလည်း မတိုးတက်ဘူး။ မင်း ဦးလေးနှစ်ယောက်ကလည်း မစွန်ဘူးကွ။ ကိုယ့်ရွာသူကို ပြန်ပြီး မချီးမြောက်ဘူး။ တခြား အရပ်သူတွေပဲ ယူကြတယ်။ ကိုယ့်အရပ်သူကို ကိုယ်မှ မချီးမြောက်ရင် ဘယ်သူလာချီးမြောက်မလဲ။ ငါ့မြေးကြရင် ကိုယ့်ရွာသူ ပြန်ယူကွာ။ ဒါမှ ကိုယ့်ရွာသားတွေ မြို့ရောက်ပြီး တိုးတက်မယ် တဲ့။ ဆရာတော်ကြီးကို ကြောက်သောကြောင့် မှန်ပါ့ဘုရားလုပ်ခဲ့ရသည်။ သို့သော် ခုတော့ ရွာသူကလေးများ၏ စိတ်ဝင်စားမှုကိုပင် မခံရတော့။ ဆိုးလိုက်တဲ့ကံ။

အဖွားလေးကတော့ သူ့မြေးပုံတုံးကာ တောပုံဖမ်းထားသည်ကို ဂုဏ်ယူသည်။ ဒီလို ရိုးရိုးသားသားဝတ်စားရတယ်ဆိုကာ ဦးလေး၏ ချည်ကြမ်းပုဆိုး တစ်ထပ်ကြီးကို ထုတ်ပေးလေသည်။ မကြာမီပင် ဦးလေးလည်း ထင်းခွေရာမှ ပြန်လာသည်။ သူ့လှည်းပေါ်တွင် သူ့မိသားစုလည်းပါ၏။ ထင်းခွေရာတောစပ်သို့ လိုက်သွားကြခြင်းပင်။ သူ့ဇနီးက ညိုချောလေး။ ကလေးတွေကတော့ ဦးလေးနှင့်တူကာ ဖြူကြသည်။ မိန်းကလေးတွေချည်းဖြစ်၏။ ကျီးကန်းက ဗျိုင်း ချီထားတာလေဟု ညိုသောအမေက ဖြူသောသမီးငယ်ကို ချီပိုးထားသော မြင်ကွင်းအားကြည့်ုပြီး အဖွားလေးက ရယ်ရွှင်ဖွယ်ပြောသည်။

တောမှာ အသားဖြူသူ ရှားပါးသော်လည်း အမေ့အမျိုးတွေက ဖြူသူများသည်။ အမေတို့ အဖိုးက ရှမ်းသမားတော်ကြီး ဆရာမောင်တဲ့။ ရှမ်းပြည်မှ ဆေးလာကုရင်း ရွာသူနဲ့ အကြောင်းပါခဲ့သည်။ အမေကြီးရော အမေပါ တရုပ်မလားမေးရအောင် ဖြူဖွေးနေခြင်းမှာ ထိုသွေးကြောင့် ဖြစ်မည်ထင်၏။ ထို့ကြောင့်လည်း အမေတစ်ယောက် တရုပ်သွေးပါသော အဖေနှင့် အကြောင်းပါခဲ့ပါခြင်းဖြစ်မည်။

ခလေးနှစ်ယောက်ရဲ့ ငယ်နာမည်တွေကလည်း တရုပ်မနဲ့ ဖြူလုံးတဲ့။ ချစ်စရာလေးတွေ။ မြေအိုးပုတ်လေးတွေနှင့် ဆော့နေလေသည်။

မြို့ပေါ်က အမျိုးလာလည်တော့ ထုံးစံအတိုင်း အိမ်တွေက ထမင်းစားဖိတ်ကြလေသည်။ နေခဲ့သောရက်အပြည့် ထမင်းစားအိမ်အပြည့်ပင်။ အိမ်ပေါ်တက်မှ အမျိးစပ်ပြပြီး ထမင်းကြွေးကြသည်။ ဟင်းကလည်း ဘယ်အိမ်သွားသွား ကြက်သားဟင်းပင်။ မွေးထားသော ကြက်လေးများကို ရိုက်သတ်ပြီး ဧည့်သည်ကို ဟင်းကောင်းကြွေးခြင်း ဖြစ်သော်လည်း မြိုမကျချင်။ မနက်ကပင် ပြေးလွှားနေသေးသော ကြက်ငယ်များ ဟင်းဖြစ်ရှာပြီ။ ဦးလေးက ကြက်လိုက်ဖမ်းနေသည်ကို တားသေးသော်လည်း ကြက်က ညနေကျတော့ ဟင်းစားဖြစ်သည်ပင်။ နေခဲ့သော ရက်အတွင်း ကြက်ဘယ်နှစ်ကောင် ဘဝပြောင်းခဲ့ရသည်မသိ။

အိမ်လည်ထမင်းစားကြွရာတွင် အိမ်ပေါ်မတက်ခင် ခြေဆေးရသော ဒုက္ခကလည်း မသေးလှ။ မိုးဒါဏ်ကြောင့် ရွှံလမ်းတွေဖြစ်နေလေရာ ခြေမျက်စိမြုတ်သော ရွှံ့တွေကို သာမန်ဆေးလို့မရ။ သေသေခြာခြာ လက်ဖြင့် ပွတ်တိုက်ရသည်။ ခြေချောင်းတွေကြားမှ ရွှံ့များကလည်း စီးကပ်နေသဖြင့် တော်တော်နဲ့ ချွတ်မရ။ တို့တောသားတွေက ဖင်ထဲ ရွှံ့တစ်ပိသာလောက်ဝင်မှ ထမင်းစားရတာကွဟု ဦးလေးက ရယ်ပွဲဖွဲ့ရှာသည်။ ဖင်လှန်ကြည့်လို့ ဖင် ရွှံ့ပေမှ တောသားစစ်သတဲ့လေ။

အကြီးမားဆုံးဒုက္ခကား အိမ်သာတက်ရန်ခက်ခဲလှခြင်းပင်။ ရွာထဲမှာ လူချမ်းသာ စာရင်းဝင်သော ဦးလေးတို့ ကျွန်းအိမ်ကြီးမှာ ဟီးထနေသော်လည်း အိမ်သာကျတော့ ညံ့လှသည်။ ကျင်းလေးတူး၊ ပျဉ်လေးပစ်ကာ ဝါးတိုင်စိုက်၊ ယိုင်ဖတ်ကာနှင့် ယိုင်နဲ့နဲ့ အိမ်သာစုတ်လေးသာရှိသည်။ ဒီလို အိမ်သာစုတ်လေးတောင် တစ်ရွာလုံးမှ လေးငါးလုံးမျှသာရှိသည်။ ဒီလို အိမ်သာမရှိပဲဘယ်လိုနေကြလည်းမေးတော့ မရှိရင် တောထိုင်တာပေါ့တဲ့။ အိမ်သာတက်မယ်ဆို တောထိုင်ဦးမယ် ဆိုကာ ရွာပြင် ခင်တန်းညို့ညို့ဆီ ပြေးကြလေသည်။ ဦးလေးအိမ်က အိမ်သာက အပေါ့လောက်သာ သွားလို့အဆင်ပြေပြီး အလေးကျ သွားမရ။ သို့နှင့်ပင် ရွာဦးကျောင်းဆရာတော်ထံ ခွင့်ပန်ပြီး သူ့ကုဋီကို ရှယ်ရလေသည်။ နေ့တိုင်း ဘုန်းကြီးကျောင်းပြေးရသော ဒုက္ခကလည်း မသေးလှ။ ရွာကျောင်းဆရာတော်က ဗာရာဏသီဆရာတော်၏ တပည့်ဖြစ်သောကြောင့်သာ သူ့ငယ်ဆရာတော်၏ မြေးမို့ မျက်နှာသာပေးခြင်းဖြစ်သည်။ နို့မို့ဆို အဆူခံရလောက်၏။

တစ်ရွာလုံးမှာ ဘုန်းကြီးကျောင်းမှာပဲ ရေလောင်းအိမ်သာရှိခြင်း၏ အကြောင်းတခုကား ရေရှားပါးသောကြောင့်ဖြစ်သည်။ ချိုးရေသုံးရေအတွက် ခပ်စရာရေတွင်းက ဘုန်းကြီးကျောင်းအောက်တွင်းနှင့် လယ်ကြီးတွင်း နှစ်တွင်းသာရှိရာ ရေခပ်ရသောဒုက္ခက မသေးလှပေ။ ထို့ကြောင့်လည်း ရေလောင်းအိမ်သာကို စိတ်မဝင်စားကြပဲ ခင်တန်းကလေးတွင်သာ တောထိုင်ကြခြင်းပင်။

နွေရောက်လျှင် ကျောင်းတွင်းကရေ ခန်းသောကြောင့် အမေတို့ လှူထားသော လယ်ကြီးတွင်းကိုသာ အားကိုးကြရသည်။ ဦးလေးသယ်ပေးသောရေကို အခန့်သား မချိုးချင်သောကြောင့် လယ်ကြီးကွင်းမှရေကို သယ်ကြည့်ရာ ရွာကကုန်းမြင့်ပေါ်တွင်ရှိပြီး ရေတွင်းက အနိမ့်ပိုင်းမို့ မလွယ်လှပေ။

ရွာမှာ ရေလောင်းအိမ်သာ ယင်လုံအိမ်သာတည်ဆောက်ရေး တရားဟောခဲ့သော်လည်း မည်သူမျှ စိတ်ဝင်စားပုံမပြကြ။ သူတို့အခေါ် ၁၂တန်းကျောင်းသားက မိကျောင်းမင်း ရေခင်းပြသည် ထင်လေသည်မသိပေ။ ရေလောင်းအိမ်သာဆောက်ရန် ရေပေါဖို့လိုသည်။ ဒီအရပ်က ရေတူးတိုင်းလည်း တွေ့သည်မဟုတ်။ အဝီစိတွင်းတူးကြဆိုတော့ ရေစုတ်စက်လည်ရန် လျှပ်စစ်မီးမရှိပြန်။ ဒီဇယ်မီးစက်ဖိုး၊ ဒီဇယ်ဖိုးတွေ မည်သူပေးမည်နည်း။ ထိုထိုသော အကြောင်းများကြောင့် ရေလောင်းအိမ်သာနှင့်ဝေးကာ ယင် တလောင်းလောင်းနှင့် ယင်လောင်းအိမ်သာဖြင့်သာ နှစ်ပါးသွားနေရသော ရွာသားများအတွက် စိတ်မကောင်း။ ကိုယ်ကလည်း ဘာမှမဟုတ်သူမို့  ဘာမှ လုပ်မပေးနိုင်ခဲ့။ အမေတို့ မောင်နှမတွေ စုပေါင်းပြီး ရေတွင်းတူးကာ ရေတွင်းမြေကိုပါ အများအတွက် လှူခဲ့သည်ကိုပင် ကျေးဇူးတင်လို့ မဆုံးကြ။

လျှပ်စစ်၏ အခန်းဂဏ္ဍကား အရေးပါလှလေသည်။ ကျေးရွာပေါင်း ၈၀% ကျော် လျှပ်စစ်မရသေးသောနိုင်ငံတွင်းရှိ ရွာလေးကား မီးအိမ် မီးခွက်လေးများဖြင့်သာ အိပ်မောကြဆဲ ရှိလေသည်။

(ဆက်ရေးပါ့မယ်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်