ဝိသေသ – ကိုချစ်၏ ကျဆုံးခန်း

September 17, 2014
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

– ကိုချစ်၏ ကျဆုံးခန်း
(မိုးမခ) စက်တင်ဘာ ၁၇၊ ၂၀၁၄

၂၀၀၀ ပြည့်လောက်တွင် ကိုချစ် မလေးရှားမှ ပြန်ရောက်လာသည်။ ၃ နှစ်ကျော် ၄ နှစ်နီးပါး လုပ်ကိုင်ရာမှ စုဆောင်းခဲ့သောငွေ ကျပ် ၁၀ သိန်းလောက် ပါလာ၏။ သူ့မိတ်ဆွေများက ရန်ကုန်မြို့ ဆင်ခြေဖုံးဒေသများ၌ တိုက်ခန်းတစ်ခန်းဝယ်လျှင် ၅ လွှာ သို့မဟုတ် ၄ လွှာကို ကျပ်ငွေ ၁၀ သိန်းဖြင့် ရနိုင်ကြောင်း၊ တိုက်ခန်းဝယ်ထားစေလိုကြောင်း ပြောကြသည်။ ကိုချစ် လက်မခံပါ။

အသားစား ကြက်များကို မွေးမည် ဟု ဆိုသည်။

ထိုကာလလောက်တွင် အရှေ့တောင်အာရှ စီးပွားပျက်ကပ်က ဂယက်ရိုက် နေ၏။ ဆောက်ပြီးလက်စ တိုက်ခန်းများ အတော်များသဖြင့်၊ တိုက်ခန်းဈေးကွက်မှာ ၀ယ်လိုအားက နည်း၍ ရောင်းလိုအားက များပြီး တိုက်ခန်းဈေးတွေ ကျနေချိန် ဖြစ်သည်။ စာရေးသူ ကိုယ်တိုင်က အိမ်ငှားဘ၀ဖြင့် ကာလကြာရှည် နေလာရသူဖြစ်၍ ကိုချစ်အား တိုက်ခန်းဝယ်စေလိုသည်။

သို့သော် ကိုချစ် အသားစားကြက်များကို မွေးလေတော့သည်။ သူ့ရည်ရွယ်ချက်များကို ပြောပြရာ ဤသို့ ဖြစ်၏။

(၁) ကြက်သားဈေး အတော်ကြီးသည်။ စင်္ကာပူ၊ မလေးရှား တိုင်းပြည်များ၌ ၀င်ငွေ အချိုးဖြင့် ကြည့်လျှင် ကြက်သာ ဈေး သင့်တော်၏။ ဖောဖောသီသီ ၀၀လင်လင် ၀ယ်စားနိုင်ကြသည်။ မြန်မာနိုင်ငံထဲမှာလဲ ထိုသို့ ဖောဖောသီသီ ၀၀လင်လင် ၀ယ်စားနိုင်ဖို့ ရည်ရွယ်သည်။ ရောင်းလိုအား များလာဖို့ လိုသည်။

(၂)ကြက်သားဈေးတွေလည်း အတန်အသင့် ကောင်းနေဦးမည်ဖြစ်၍ မွေးမြူသူလဲ သင့်တော်သော အမြတ်အစွန်းရနေမည်။ ကြက်ခြံတွင် အလုပ်သမားများကို အလုပ်ပေးနိုင်မည်။

(၃)မွေးမြူသူသည် ပြည်ပ၌ အောက်ကျပင်ပန်းခံ လုပ်ရန်မလို။

တစ်နှစ်ခန့် ကြာသောအခါ စာရေးသူနှင့် ကိုချစ် ပြန်တွေ့သည်။ သူ့ကို ကြည့်ရသည်မှာ ကျောက်စရစ်တော မာခေါင်ခေါင်၌ အတောင်ကျွတ်သော ကြိုးကြာ ရေရှာ၍ မရသကဲ့သို့သော မျက်နှာဖြစ်၏။ အကြောင်းရင်းကို မေးတော့ သူ၏ ကြက်မွေးမြူရေးစီမံကိန်း ကျဆုံးခန်းကို နတ်သံနှော၍ ပြောပါ၏။

မွေးမြူရေးကြက်များမှာ စမွေးသောကြက်ပေါက်လေးမှ ရောင်းချနိုင်သောအချိန်ထိ ၄၅ ရက် (၁လခွဲ) ကြာမြင့်ပါသတဲ့။ တစ်ကြိမ်မွေးလျှင် အကောင် ၃၀၀၀ မွေးသည်။ ၄၅ ရက်ပြည့်သောအခါ ကြက်များကို ရောင်းသည်။ ကြက်ဒိုင်များကို ရောင်းတော့ ဈေးနှုန်းက သိပ်မရ။ အကောင် ၃၀၀၀ လုံးကိုလဲ သူ့ဖာသာ သူကုန်အောင် ရောင်းလို့မဖြစ်။ ရောင်းလို့ရသည်ပဲထား၊ စည်ပင်စည်းမျဉ်းစည်းကမ်းများ သားသတ်ရုံစည်းကမ်းများက ရှိသေးသည်။ ထို့ကြောင့် ရသလောက် ဈေးနှင့် ရောင်းလိုက်ရသည်။ စာရင်းချုပ်ကြည့်တော့ ဘာမျှ အမြတ်အစွန်း မရှိ။

ကြက်မွေးမြူရေးဆိုတာလဲ သင့်တင့်လျှောက်ပတ်စွာ ရင်းနှီးရသည်။ မီးစက်ဝယ်ရသည်။ ကြက်ခြံငှားရသည်။ အလုပ်သမား ငှားရသည်။ ကြက်ပေါက်ဖိုး၊ ကြက်စာဖိုး၊ ဆေးဝါးဖိုးများလဲ ရှိ၏။

‘မင်းကလဲကွာ…ဈေးကောင်းချိန်ကို နည်းနည်းစောင့်ပြီးမှ ရောင်းပေါ့’ ဟု စာရေးသူက ဆရာဝင်လုပ်ကြည့်သည်။

‘ဘယ်လိုလုပ် ဖြစ်မှာလဲ ဟကောင်ရ။ ကြက်က အကောင် ၃၀၀၀ နော်။ တစ်ကောင် နှစ်ကောင်လဲ မဟုတ်ဘူး။ အကောင် တစ်ရာ နှစ်ရာလဲ မဟုတ်ဘူး။ ကြက်စာဖိုး ကို တစ်ရက်မှာ တစ်ကောင်ကို ၁ ကျပ်ပဲထား၊ အကောင် ၃၀၀၀ ဆိုတော့ ကျပ် ၃၀၀၀ နော်။ ၁ လဆိုရင် ၉ သောင်းနော်။’

‘အေး…ဟုတ်တယ်။’

‘အဲဒါနဲ့ စိတ်ဓါတ်ကျမလိုလို ဖြစ်နေတယ်။ အလုပ်သမားတွေကတော့ အားပေးပါတယ်။ ဒီလိုပဲ ဖြစ်တတ်ပါတယ် အာစရိတဲ့။ နောက်အခေါက်တွေမှာ မြိုးမြိုးမြက်မြက် ရမှာပါတဲ့။ အဲဒါနဲ့ ငါလဲ ၅ ခေါက်လောက် မွေးလိုက်တာ ငါ့ ၁၀ သိန်းလဲ ၅ သိန်းတောင် မကျန်တော့ဘူး။ အံ့သြစရာကောင်းတာက အပြင်မှာ ကြက်သားဈေးတွေ ကောင်းနေရက်သားနဲ့၊ ကြက်အကောင်လိုက်ဈေးက မရဘူးဖြစ်နေတာ။ တကယ်ဝယ်စားရသူကလဲ ဈေးကြီးပေးပြီး ၀ယ်စားရတယ်။ တကယ်မွေးမြူသူကလဲ ဈေးကောင်းမရဘူး။ ကြက်သားတွေကို အအေးခန်းထဲမှာ ထည့်ဖို့ လိုအပ်နေသလား။ သို့မဟုတ် ပါမစ်တွေကို ရောင်းစားနေသူနဲ့ ဈေးကွက်ကို လက်ဝါးကြီးအုပ်နေသူတွေ ရှိနေသလား။ သို့မဟုတ် ရောင်းလိုအားကို ထိန်းချုပ်ထားတဲ့သူတွေများ ရှိသလား။ သို့မဟုတ် ငါကပဲ အရမ်းညံ့နေသလား။ သေချာတာကတော့ နိုင်ငံခြားကို ထွက် အလုပ် မလုပ်ချင်ပဲ လုပ်ရအုံးမယ်။’

‘ဤသို့ဖြင့် ကိုချစ်တစ်ယောက် နောက်ထပ် နိုင်ငံခြားမှာ ၃ နှစ်လောက် ကြာသွားသည်။ ပြန်လာတော့ သူက အကင်းပါးသွားပြီ။ ၂၀၀၆ လောက်တွင် ဒဂုံမြောက်၌ မြေကွက်များကို ၀ယ်ထားသည်။ မကြာမီ မိန်းမယူသည်။ မြေကွက်တွေက ၂၀၁၀ နောက်ပိုင်း၌ ဈေးကောင်းရလာတော့၊ အချို့ မြေကွက်များကို ရောင်း၏။ ဖောဖောသီသီ ပိုပိုလျှံလျှံဖြစ်နေ၏။ သူက ပြော၏။

‘ငါ့ ယောက္ခမကတော့ ကြက်မွေးမြူရေးဆိုတာ အကုသိုလ်အလုပ်မို့ အကျိုးမပေးတာတဲ့။ ငါလဲ ဗုဒ္ဓဘာသာဝင်မို့ ကံနှင့် ကံအကျိုးပေးကို ယုံပါတယ်။ ဒါပေမဲ့ လောကကြီးပွားရေးကျတော့ လက်တွေ့ဆန်ဖို့ လိုတယ်။ ကြက်မွေးမြူရေးနဲ့ ကျိကျိတက် ချမ်းသာနေကြသူတွေလဲ ရှိတာပဲ။ အဲဒါ ဘယ်လိုလုပ်မလဲ။ ကြက်မမွေး၊ ကြက်မသတ်ပေမဲ့ အလှူမှာ ကျွေးဖို့ ယောက္ခမက ကြက်တွေ အော်ဒါမှာတယ်။ ကိုယ်တိုင် တိုက်တွန်း ချီးမွမ်း စိတ်တူ ၄ မျိုးလုံးက ကံမြောက်တာချည်းပဲ။ သူ့ဖာသာ ကံမြောက်နေမှန်းတောင် မသိရှာဘူး။ ဘာသာရေးအကြောင်း ပြောချင်တာမဟုတ်ဘူး။ ရှိသမျှ အရင်းအနှီးလေးနဲ့ အများပြည်သူရဲ့ စားဝတ်နေရေးဆိုင်ရာ လုပ်ငန်းတွေ လုပ်ကြည့်တာပါ။ ဒါပေမဲ့ အလုပ်မဖြစ်ဘူးလေ။ ဆူလွယ် နပ်လွယ် ၀ယ်ရောင်းတွေ လက်လွှဲတွေပဲ လုပ်နေကြရင် နိုင်ငံစီးပွားရေးမတက်နိုင်ဘူးလို့ ကြားဖူးတယ်။ ကုန်ထုတ် ရောင်းဝယ် ၀န်ဆောင်မှုတွေ တကယ်ပီပီပြင်ပြင် လုပ်မှ တိုးတက်မယ်လို့ ကြားဖူးတယ်။ ဒါပေမဲ့ ဒါတွေကို ငါစဉ်းစားလို့ မရဘူးလေ။’

စာရှုသူများခင်ဗျာ…စာရေးသူ ညောင်မြစ်တူးနေခြင်းမဟုတ်ပါ။ ရှိသမျှ အရင်းအနှီးလေးဖြင့် ပြည်တွင်းမှာ လုပ်ကိုင်ချင်သူတစ်ယောက် ဘာကြောင့် ကျရှုံးသွားသလဲဟု ဆင်ခြင်စေလိုခြင်းဖြစ်ပါသည်။ နောင်တွင် ထိုအဖြစ်အပျက်မှ နေ၍ သင်ခန်းစာယူစရာတွေ ရနိုင်မည်ဟုထင်၍ တင်ပြခြင်းသာဖြစ်ပါသည်။ စီးပွားရေးဆိုင်ရာ အသုံးအနှုန်းတွေ သီအိုရီတွေ မတတ်ပါ။ တတ်သူများက သူတို့ပြစရာ ဥပမာလေးအဖြစ် ဤဇာတ်လမ်းကို သုံးကြပါကုန်။
(Photo – မြ၀တီ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်