နေလင်းညီ – အသီး သီးသော သရက်ပင်များ ဖြစ်ဖို့ …

September 19, 2014

– အသီး သီးသော သရက်ပင်များ ဖြစ်ဖို့ …
(မိုးမခ) စက်တင်ဘာ ၁၉၊ ၂၀၁၄

၁၉၅၀ ကာလများက ဖြစ်သည်။ ချင်းတောင်တန်းဒေသ၊ ကန်ပက်လက်မြို့နယ်ရှိ အောက်ကန့်ရွာနေ ကလေးငယ်တစ်ဦးမှာ ပညာတတ်လိုစိတ်များ တဖွားဖွားပေါ်ပေါက်လာနေသည်။ အောက်ကန့်ရွာသည် ထိုစဉ်က အိမ်ခြေ ၁၀ အိမ်ခန့်မျှသာ ရှိ၍ ကျင်ဒွေးရွာကြီးနှင့် ၅ မိုင်မျှ ဝေးကွာသေး၏။ ကျင်ဒွေးရွာကြီးသည်ပင်လျှင် ကန်ပက်လက်မြို့မှ ခြေလျင်ခရီးဖြင့် ၂ ရက်ကျော် ၃ ရက်မျှ သွားမှ ရောက်၏။

ထိုကလေးငယ်သည် အသက် ၇ နှစ် ၈ နှစ် လောက်မှစ၍ မိဘနှစ်ပါးလုပ်ကိုင်သော မိရိုးဖလာအလုပ်များကို ကြိုးကြိုးစားစားလုပ်ကိုင်ကြည့်ခဲ့ဖူးသည်။ ထင်းခွေသည်။ ရေခပ်သည်။ စိုက်ပျိုးရေးတွင် ပါဝင်လုပ်ကိုင်ပေးသည်။ သစ်ဝါးခုတ်သည်။ ခြံစည်းရိုးကာသည်။ ကောက်စိုက်၊ ကောက်သိမ်းခြင်းတွင် ပါဝင်ပေးသည်။ ဂျပ်ခုတ်ပင် ၀င်ယက်ဖူးသည်။ တောသူတောင်သားတို့ အလုပ်အကိုင်မှန်သမျှ လုပ်ကြည့်ဖူးသည်။ ပင်ပန်းဆင်းရဲမှုကို မျက်ဝါးထင်ထင် နဖူးတွေ့ ဒူးတွေ့ တွေ့ရသည်။ သူသည် ဤအလုပ်များကို အပင်ပန်းခံ၍ မလုပ်လိုတော့ပေ။

သက်တောင့်သက်သာ အေးအေးဆေးဆေး အသက်မွေးဝမ်းကျောင်းရသော အလုပ်မျိုး ဤလောက၌ မရှိတော့ပြီလော။ ရှိပါ၏။ သူသည် သူတို့ မူလတန်းကျောင်းတွင် စာသင်ပေးနေသော ကျောင်းအုပ်ဆရာကို ချက်ချင်း ပြေးမြင်လိုက်သည်။ ကျောင်းအုပ်ဟု ဆိုသဖြင့် သူ့အောက်တွင် ဆရာ ဆရာမများ ရှိလိမ့်ဦးမည်ဟု သင် ထင်မည်။ မရှိပါ။ ဤကျောင်းတွင် တစ်ဦးတည်းသော ဆရာသာ ဖြစ်သည်။

ကလေးများကို စာသင်ကြားခြင်းမှာ အလေးအပင်ထမ်းပိုးရခြင်း၊ ခက်ခဲမောပန်းစွာ တက်ဆင်းသွားလာရခြင်းများ မရှိ။ ကျောင်းသား ကျောင်းသူများသာမက ရပ်ရွာလူကြီးများကပါ ဆရာကြီးကို ရိုရိုသေသေ လေးလေးစားစား ပြောဆိုဆက်ဆံကြသည်။ တိုင်ပင်ဆွေးနွေးကြသည်။ ဆရာကြီး၏ လစာမှာ လောက်ငသည့်အပြင် တော်တော်လေးလဲ ပိုလျှံပုံရသည်။ အခြားသူတို့ကို ကူညီပေးကမ်းလိုက ကူညီပေးကမ်းနိုင်သေး၏။

အခြားသူတို့က နေပူမိုးရွာမရှောင် သွားလာလုပ်ကိုင်နေရသော်လည်း ဆရာကြီးကမူ မိုးလုံလေလုံ အဆောက်အဦးတွင် နေရ၊ လုပ်ရ၏။ အခြားသူတို့က ချွေးသံတရွှဲရွှဲဖြင့် ညစ်ပတ်ပေရေနေသော အ၀တ်အစားများကို ၀တ်ဆင်နေရသော်လည်း ဆရာကြီးကမူ သပ်ရပ်သန့်ရှင်း၍ တောက်ပြောင်နေသော အင်္ကျီဖြူကို ၀တ်ဆင်ထားသည်။ ဆရာကြီး၏ စတစ်ကော်လံမှာ လှပသပ်ရပ်သဖြင့် သူ့မျက်စိထဲက မထွက်။ ဖိနပ်စီးသူ မရှိသော ဒေသတွင် ဖိနပ်ကို စီးထားပြီး ဆံပင်ကို ကျော့မော့နေအောင် ဖီးထားသော ဆရာကြီးသည် သူ့ဘ၀အတွက် စံပြပုဂ္ဂိုလ်ဖြစ်လေပြီ။ သူသည် ထိုဆရာကြီးကဲ့သို့ပင် အသက်ရှင်ရပ်တည်လိုသည်။ သို့ဆိုလျှင် ဘာလုပ်ရမည်နည်း။ စာကြိုးစားရမည်ဟူသောအသိမှာ သူ့ဦးနှောက်အတွင်း၌ ခိုင်မြဲစွာ နေရာယူလိုက်လေပြီ။

မှန်၏။ ထိုစဉ်က ထိုကလေးငယ်တန်ဖိုးထားလိုက်သောအရာမှာ သူကိုယ်တိုင် သိချင်မှ သိမည်ဖြစ်သော်လည်း တကယ်တော့ ပညာဟူသော အရာပင် ဖြစ်၏။ ပညာကို တန်ဖိုးထားခြင်းဖြစ်၏။

ထိုကလေးငယ်မှာ စာကြိုးစားသဖြင့် အတန်းတိုင်း၌ ထူးထူးချွန်ချွန်အောင်မြင်ကာ ပညာသင်ဆုများ ရရှိသည်။ ပထမဆုံး RIT ကျောင်းဆင်းအင်ဂျင်နီယာဘွဲ့ရဖြစ်လာသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် နှစ်ကာလများစွာ တာဝန်ထမ်းဆောင်ခဲ့ကာ အင်ဂျင်နီယာမှုးအဖြစ် အငြိမ်းစားယူခဲ့သော ဦးတင်အောင်ပင် ဖြစ်သည်။ ဦးတင်အောင် အသက် ၇၂ ရှိခဲ့ပြီ။

ဦးတင်အောင်သည် ၂၀၁၁ ဒီဇင်ဘာတွင် လူထွေးနှင့် စကားဝိုင်းဖွဲ့နေ၏။ ဘယ်မိဘဆွေမျိုး၊ ဆရာသမားကမှ အတင်းအကြပ်တိုက်တွန်းမှု မရှိပဲ၊ စာကြိုးစားရပုံကို ဆရာဦးတင်အောင်က လူထွေးအားပြောပြနေခြင်း ဖြစ်သည်။ ဤတွင် လူထွေးသည် သူဖတ်မှတ်ဖူးခဲ့သော ဆိုရိုးကို ပြေး၍ သတိရလိုက်သည်။

ပညာသည် တန်ခိုးကို ဖန်ဆင်း၏ဆိုသော ဆိုရိုး။

ဦးတင်အောင်က Ambitious ဟုခေါ်သော ဆန္ဒပြင်းပြမှုက အဓိကတွန်းအားတစ်ရပ်ဖြစ်ကြောင်း သုံးသပ်ပြသည်။ သို့သော် လူထွေးဆက်၍ တွေးနေသည်မှာ ဆန္ဒပြင်းပြမှုသည် တွန်းအားဟု ဆိုရာ၌ ပညာကို ထိုက်တန်စွာ အသုံးချနိုင်ခွင့်ဆိုသော အချက် ဖြစ်သည်။ ဦးတင်အောင် ကလေးငယ်ဘ၀က တွေ့ခဲ့သော ဆရာကြီးသည် ချောင်းရိုးတစ်လျှောက် ငါးဖမ်းနေသော ရွာသားတစ်ယောက်လောက်မှ စားဝတ်နေရေးမပြေလည်လျှင် မောင်တင်အောင်လေးက ဆရာကြီးကို အားကျနိုင်ဦးမည်လားဟု စဉ်းစားမိခြင်းဖြစ်သည်။

                                                                                             

လူထွေးကိုယ်တိုင် စာကြိုးစားဖြစ်ပုံကို ပြန်၍ စဉ်းစားနေမိသည်။ လူထွေးကို သူ့အစ်ကိုကြီးက မော်လမြိုင်နှင့် ရန်ကုန်မြို့များရှိ ဘုန်းကြီးကျောင်းများသို့ ပို့ကာ အတန်းစာ သင်စေခဲ့သည်။ စာကြိုးစားမှ ဘ၀တွင် လူရာဝင်နိုင်ပုံကို အလျဉ်းသင့်သလို သြ၀ါဒပေးခဲ့၏။ သို့သော် ထိုသြ၀ါဒကြောင့် စာကြိုးစားဖြစ်ခဲ့ခြင်းထက် ချင်းတောင်ကျေးလက်သို့ ပြန်ရောက်ခိုက် တွေ့ကြုံခံစားရမှုကြောင့် စာကြိုးစားခဲ့ခြင်းက ပိုသည်။

တောင်ယာခုတ် အသက်မွေးရတာ အဘယ်ရွေ့၊ အဘယ်မျှ ခက်ထန်ကြမ်းတမ်းသနည်း။ အရိပ်အမြွက် သိသာရုံ ပြောပြလို၏။ တောင်ယာသို့ အသွားအလာ အတက်အဆင်းကပင် ကျိုက်ထီးရိုးဘုရား အတက်အဆင်းလောက်ရှိ၏။ ဘာဝန်စည်စလွယ်မှ မထမ်းပိုးရဘူးပဲထား၊ တက်ဆင်းရသည်ပင် အီစလံဝေနေပြီ။ သစ်ပင်ခြုံနွယ်အားလုံးကို ခုတ်လှဲစုပုံ၍ မီးရှို့ရသော အလုပ်ကား ပြန်တွေးမိရုံဖြင့် ထိတ်လန့်ဖွယ်ပါပဲ။ သီးနှံမျိုးစေ့များကို စူးထိုးစိုက်၍ ကြီးထွားသီးပွင့်လာတော့လည်း စားဝတ်နေရေး အသင့်အတင့် ပြေလည်ရုံသာ။ မိုးဖျက်၊ ပိုးဖျက်၍ ရိက္ခာခက်ခဲလျှင်ကား မလွယ်။ ကြွက်ဘေးကျပါမူ ပြောင်သလင်းခါ ပျောက်ကွယ်ကုန်၏။

ဒါတွေကို မြင်ပါများတော့ အစိုးရ၀န်ထမ်းလောက် ဖြစ်ရမှ သက်သာမည်ဟု တွေးခဲ့ဖူး၏။ လူထွေးတို့ ကျေးရွာသို့ မူလတန်းပြဆရာမ လာလုပ်သော ယောနယ်မှ မမော်ကို သတိရ၏။ ၁၉၈၀ ၀န်းကျင်က ဒေသခံများတွင် ၁၀ တန်းအောင်သူ နည်းသဖြင့်၊ ကျောင်းဆရာ အုပ်စုစာရေးခန့်ထားရန်ပင် မလောက်၍ ချင်းပြည်နယ် နယ်စပ် မကွေးတိုင်းမှ ၁၀ တန်းအောင်သူတို့ကို ခန့်ထားရသည်။ ထိုသူတို့အနက် မမော်လဲ တစ်ဦးအပါအ၀င်ဖြစ်သည်။ မမော်ရသော မူလတန်းပြဆရာမ လစာမှာ ၁၃၀ ကျပ်ဟု ထင်၏။ ထိုစဉ်က ၀န်ထမ်းဆန်ပေးရာ အိမ်ထောင်သည်က ၁၄ ပြည်၊ အပျို လူပျိုက ၁၂ ပြည် ရသည်။ ထုတ်ဈေးမှာ ၁ ပြည်လျှင် ၂ ကျပ်ဖြစ်၍ ၂၄ ကျပ်ဆိုလျှင် ဆန်ဖိုးကျေပြီ။ ထိုလစာမှာ မိဘများကို အသင့်အတင့်ထောက်ပံ့ကန်တော့နိုင်ပြီး စာပေးစာယူသင်တန်းမှ ၄ နှစ်အတွင်း ဘွဲ့တစ်ခု ရရှိနိုင်ခဲ့သည်။ (ယခု အဝေးသင်တက္ကသိုလ် )

တောမှာဆိုတော့ ဟင်းလျာလဲ ငွေကြေးကုန်ကျသည်မဟုတ်။ သီးပင်စားပင်လေးများ စိုက်၍ ငါးခြောက် ငါးခြမ်းလေးများဖြင့် ရောနှော၍ စားနိုင်ခဲ့ကြသည်။ မမော်က ပြောဖူး၏။

‘ကျွန်မ ချင်းတောင်ရောက်စက ဘယ်ပျော်ပါ့မလဲ။ ဒါပေမဲ့ မိဘကိုလဲ အသင့်အတင့် ကြည့်နိုင်တယ်။ အချိန်တန်ရင် ဘွဲ့ရတယ်၊ လုပ်သက်လဲ ရတယ်။ ခုတော့ အဆင်ပြေပြေနဲ့ SAT လဲဖြစ်လာပြီ။ ဆုံးဖြတ်ချက် မှန်ခဲ့သားပဲ။’

၁၉၉၈ လောက်တွင် လူထွေး ချင်းတောင်ပြန်ရောက်သွားတော့၊ ဆယ်တန်းအောင်သူ အတော်များများ ၀န်ထမ်းမလုပ်ကြတော့။ ၀န်ထမ်းနေရာ လစ်လပ်မှု နည်းသွား၍လား၊ သို့မဟုတ် အလုပ်ရဖို့ ကုန်ကျစရိတ် မတတ်နိုင်၍ပဲလား၊ သို့မဟုတ် အဖက်ဖက်တွင် တွက်ခြေမကိုက်တော့၍ပဲလား။

အုပ်စုစာရေးလုပ်နေသော လူထွေး၏ အစ်ကိုကတော့ ဤသို့ပြောသည်။ ‘ဆယ်တန်းအောင်ရင် စာရေးတဲ့။ ဆယ်တန်းမအောင်ရင် သူဌေးတဲ့။ မအောင်တဲ့သူတွေက ဟိုထွက် ဒီထွက် ဟိုလုပ် ဒီလုပ်နဲ့ စီးပွားရေးလေး အဆင်ပြေလာကြတယ်လေ။ ငါတို့ကတော့ လစာမဟုတ်တော့ဘူး။ ရက်စာဖြစ်ကုန်ပြီ။ ရက်ပိုင်းလောက်ပဲ သုံးရတာကိုး။’(မှတ်ချက်။ ယခုမူ တောင်တန်းရှားပါးစရိတ်အဖြစ် ၃ သောင်းပိုပေး၍ အောက်တန်းစာရေးပင် ၁ သိန်းခန့် ရသည်)

                                                                                             

လူထွေးသည် လျှပ်စစ်စွမ်းအားသင်တန်းများကို သင်ကြားပေးနေ၏။ လုပ်ငန်းခွင်၌ အဆင်ပြေပြေဖြစ်ဖို့အထိ ရည်ရွယ်၍ အားကြိုးမာန်တက်သင်ပေးသည်။ မြန်မာတွေရဲ့ ဦးနှောက်က မညံ့ပါ။ ကြားကာမြင်ကာ၊ မကြာတတ်မြောက်၊ ရဲရဲတောက်သော၊ အသိပညာ၊ ဥာဏ်အလိမ္မာနှင့် ပြည့်စုံရပါစေသားဟု ဆုတောင်းပြည့်ခဲ့သူများ ဖြစ်ပုံရသည်။ ကျောင်းသားတွေက ကြိုးကြိုးစားစား သင်ယူတတ်မြောက်သွား၍ လူထွေး ပီတိဖြစ်နေမိသည်။

သို့သော် ထိုပီတိမှာ ဘာမျှ မကြာလိုက်။ မီးကျီးခဲပေါ် ယင်နားသလောက်ပင် မကြာလိုက်။ သင်တန်းဆင်းအချို့သည် ပြည်တွင်း၌လည်းကောင်း၊ ပြည်ပ၌လည်းကောင်း သူတို့ချိတ်ဆက်ထားသော အလုပ်အကိုင် အခွင့်အလမ်းများ အဆင်မပြေကြ။ လူထွေးထံလာ၍ သူတို့အခက်အခဲများကို ရင်ဖွင့်တတ်ကြသည်။ သင်တန်းတက်စဉ်က သူတို့စိုက်ထုတ်ခဲ့ရသော ငွေအား၊ လူအားများနှင့် ထိုက်တန်စွာ ရလိုကြမည်မှာ သေချာသည်။

ယခု နောက်ပိုင်းတွင်

သင်တန်းတက်သူများ နည်းသည့်အခါ အလွန်နည်းသည်။ များသည့်အခါ အလွန်များသည်။ အဘယ်သို့ ဖြစ်ပါလိမ့်။

အလုပ်အကိုင် အခွင့်အလမ်းသေချာသဖြင့်၊ လျှပ်စစ်ပညာကို သေချာပေါက် အသုံးချရန်လိုအပ်သောအခါ၌ သင်တန်းတက်သူများ များလေ့ရှိသည်။ အားကြိုးမာန်တက်လည်း သင်ယူဆည်းပူးလေ့ရှိ၏။ ထိုသို့မဟုတ်လျှင် သင်တန်းတက်သူများ အလွန်နည်းသွားလေ့ရှိသည်။

ဆရာတစ်ဦးက လူထွေးကို သြ၀ါဒပေး၏။

‘ဒီ ပညာတတ်လို့ သူ့အတွက် အကျိုးအမြတ်ရှိမယ်ထင်ရင် စိတ်လိုလက်ရသင်မှာပဲ။ အဲသလို မထင်ရင် မင်းက လက်ဆွဲခေါ်ပြီး အခမဲ့သင်ပေးတောင် အချိန်ကုန်ခံတက်မှာ မဟုတ်ဘူး။ ဒါကြောင့် ပညာတစ်ရပ်ကို သင်တော့မယ်ဆိုရင် ပညာရဲ့တန်ဖိုး၊ ပညာရဲ့အကျိုးကျေးဇူးကို တကယ်သဘောပေါက်အောင် ပြောပြဖို့လိုတယ်။ အသက်မွေးဝမ်းကျောင်းအသက်ပညာဆိုရင်လည်း တကယ်ဝင်ငွေကောင်းနိုင်သလား၊ အလုပ်အကိုင် အခွင့်အလမ်းကောင်းနိုင်သလားဆိုတာ အရေးကြီးတယ်။ ရေတိုအတွက်လား၊ ရေရှည်အတွက်လားလဲ သိရမယ်။’

                                                                                             

သရက်သီး မသီးတော့သော သရက်ပင်ကြီးကို ဦးမြမောင်က ခုတ်လှဲလိုက်၏။ ‘ဒီအသီးစားချင်လို့ ဒီအပင်ကို စိုက်တာပေါ့။ ဒီအသီးမှ မသီးတော့ရင် အလုပ်ရှုပ်ခံပြီး ဒီအပင်ကို ထားနေအုံးမလား။’ ဟုလဲ ပြောသေးသည်။

လူထွေးကလဲ ပညာရေးလောကနှင့် ပတ်သတ်၍ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို မပေးစွမ်းနိုင်သော ပညာရေးသည် အသီး မသီးသော သစ်ပင်နှင့် တူနေကြောင်း ဆက်စပ်တွေးနေမိပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်