ကိုသန်းလွင် – စာကြည့်တိုက်

September 19, 2014

 

– စာကြည့်တိုက်
(မိုးမခ) စက်တင်ဘာ ၁၉၊ ၂၀၁၄

(၁)

စင်္ကာပူသို့ရောက်သူတိုင်း မရောက်မဖြစ် သွားကြရမည့်နေရာများတွင် စင်္ကာပူ ဗဟိုစာကြည့်တိုက် သည်လည်း တခု အပါအ၀င်ဖြစ်ပါသည်၊ တမြို့လုံးတွင် စာကြည့်တိုက်ခွဲပေါင်း ၂၆ ခုရှိသည်၊ ဘူးဂစ် ဂျန်ရှင် နှင့် ဘရပ်ဘရာဇာ ကြား ဗစ်တိုးရီးယားလမ်းပေါ် တွင်ရှိသည့် ပင်မ စာကြည့်တိုက်ကြီးသို့ မရောက်လျင်ရှိစေဦး၊ စာကြည့်တိုက် အထားအသို၊ စံနစ်တို့ကိုသိနိုင်ရန် မိမိ တဲခိုသည့်နေရာ နှင့် အနီးဆုံး စာကြည့်တိုက်တခုခုသို့ ၀င်ပြီးကြည့်ရှုလေ့လာသင့်ပါသည်၊

စင်္ကာပူအစိုးရသည် အစိုးရတခုအနေနှင့်တာဝန်ရှိသည့်အတိုင်း မိမိ နိုင်ငံသားများ စာဖတ်ကြစေရန်၊ ပြင်ပဗဟုတများရှာဖွေရရှိနိုင်စေရန် အတတ်နိုင်ဆုံး စာကြည့်တိုက်ကို ပြည့်စုံအောင်လုပ်ပေးထား သည်၊ ဗဟိုစာကြည့်တိုက် အဆောက်အဦးသစ်ကို ၂၀၀၅ ခုနှစ်တွင်အသစ်ဖွင့်သည်၊ ယခင် စတင်းဖို့ လမ်းမှ အဆောက်အဦ ဟောင်းမှာ တထပ်တိုက်အဆောက်အဦးသာဖြစ်သည်၊ စာကြည့်တိုက်သစ်မှာ အထပ် ၁၆ ထပ်ရှိပြီး ကြမ်းခင်းဧရိယာမှာ စတုရန်းမီတာ တသောင်းတထောင်ကျော်ရှိသည်၊ အများ ပြည်သူ ၀င်ရောက် ကြည့်ရှုရွေး ချယ်နိုင်ရန် မြေညီထပ်၏အောက် အထပ် တခုလုံးတွင် စာအုပ် နှစ် သိန် ကျော်ကို စာအုပ်စဉ်တွေပေါ်မှာ စီ၍ထားသည်၊

စာအုပ်ငှားခွင့်မှာ အိုင်စီကဒ် ပါလျင်ဖြစ်သည်၊ တခါမှတ်တမ်းတင်ထားရုံဖြင့် အခမဲ့ စာအုပ် ၄ အုပ်ဖြစ် စေ၊ ဗွီဒီယို၊ စီဒီ နှစ်ချပ်ဖြစ်စေ နှစ်ပါတ် ကြာငှားရမ်းနိုင်သည်၊ မိမိကဒ်ကို အဆင့်မြှင့်လိုပါက ဆယ် ဒေါ်လာပေးသွင်းလျင် စာအုပ်ရှစ်အုပ် ဗွီဒီယို လေးခု ငှားရမ်းနိုင်သည်၊ စာအုပ်ငှားရန် အငှား Station မှာမိမိ အိုင်စီကဒ်ကိုထည့်ရသည်၊ စာအုပ်တွေကို စီထပ်ပေးလိုက်ပါက စက်က ဖြတ်ပိုင်းထုတ်ပေး သည်၊ စာအုပ်အမည်တွေ၊ ပြန်အပ်ရန်ရက် စသည်တို့ပါသည်၊ အကယ်၍ အငှားကွန်ပျူတာတွင် စာရင်း မသွင်းဘဲ ဂိတ်ကိုဖြတ်ပြီး စာအုပ်ယူသွားမိလျင် အချက်ပေး ခေါင်းလောင်း မည်လာမည်ဖြစ် သည်၊

စာကြည့်တိုက်အတွင်းသို့ မိမိကိုယ်ပိုင်အိပ်ကိုသယ်ဆောင်ခွင့်ရှိသည်၊ အိပ်တွေဖွင့်ပြရသည်ကိုမတွေ့ရ ဘူးချေ၊ ရက်လွန်ကြေးမှာ ပြားအနည်းငယ်သာပေးရသည်၊ မိမိဖုံးနံပါတ်ကို မှတ်တမ်းတင်ထားပါက စာအုပ်အပ်ချိန်နီးလျင် SMS နှင့်သတိပေးသည်၊ ပြန်အပ်ရမည့်ရက်ကို အွန်လိုင်းမှ အချိန်မရွေး စစ်ကြည့်နိုင်သည်၊ ရက်စေ့ချိန်နီးလျင် ကဒ်ထူစာရွက် တရွက်နှင့်လည်း သတိပေးစာရောက် လာတတ် သည်၊ ပြန်အပ်ရန်ရက်ကို ရက်တိုးလိုလျင် အင်တာနက်တွင် ကလစ်ပေးလိုက်ရုံသာ၊ နှစ်ပါတ်အထိ တကြိမ် ရက်တိုးခွင့်တောင်းနိုင်သည်၊

ကက်တလောက်မှာ အွန်လိုင်းကက်တလောက်ဖြစ်သည်၊ မိမိအိမ်မှထွက်ခွာရန်မလို အင်တာနက်မှ တဆင့် မိမိလိုသောစာအုပ်ရှိမရှိကို ရှာဖွေနိုင်သည်၊ မိမိနှင့်နီးစပ်ရာ စာကြည့်တိုက်မှာ မရှိပါကလည်း ဘယ် Branch တွင်ရှိသည်ကို ပြောပြလိမ့်မည်၊ ထိုစာကြည့်တိုက်သို့မိမိ ကိုယ်တိုင်သွားပြီး ငှားရန်းရုံ သာ၊ သို့မဟုတ်ပါက ဘယ် Branch ကိုပို့ပေးပါဆိုပြီး မေတ္တာရပ်နိုင်သည်၊ သူတို့က ၀န်ဆောင်စားရိပ် ၁.၅၅ ဒေါ်လာပေးလျင် မိမိနှင့်နီးစပ်ရာ Branch  သို့ပို့ပေးသည်၊ တရက်နှစ်ရက်တော့ စောင့်ရသည်၊ မိမိကိုယ်တိုင်းသွားယူပါက ခရီးစားရိပ် ရထားခသည် ထိုမျှမကပေးရ ရန်ရှိရာ သူတို့ကိုယူခိုင်း သည်က ပိုပြီးတွက်ချေကိုက်သည်၊

စာအုပ်အပ်လိုပါသော် ဘယ်စာကြည့်တိုက်ကဘဲငှားငှား မိမိနှင့်နီးရာ Branch တွင် စာအုပ်အပ်ရာ ပုံးထဲသို့ထည့်လိုက်ရုံသာ၊ ထိုပုံးမှာ ၂၄ နာရီဖွင့် ထားသည်၊

ကျွန်တော်တို့တက္ကသိုလ်တက်စဉ်က Harold Robins, Federic Foresyth ကဲ့သို့သော စာရေးဆရာ တွေ၏၀တ္ထုတွေကို ကျောင်းဘေးက အငှားဆိုင်မှာ ပိုက်ဆံပေးပြီးငှားဖတ်ရတာ ကိုသွားပြီး သတိရ မိသေးသည်၊ သည်မှာတော့ စာရေးဆရာပေါင်းစုံ၏ လက်ရာတွေကို အတွဲလိုက် ငှားဖတ်နိုင်ကြပါ သည်၊ ဂန္တ၀င်မြောက် ၀တ္ထုတွေကိုလည်း စဉ်ပေါ်မှာဆွဲချ ငှားပြီးဖတ်နိုင်ကြပါသည်၊

တခါကစာအုပ်အပ်ရာတွင် ၂ ဒေါ်လာတန်ငွေစက္ကူတရွက်ညပ်ပြီး ပါသွားဘူးသည်၊ စာရေးမက ကျွန်တော် ထည့်လိုက်သော စာအုပ်ထဲမှ ၂ဒေါ်လာတွေ့ကြောင်း၊ ချက်ချင်းလာယူပါဟုဆိုသည်၊ ကျွန်တော်က သုံးလိုက်ပါတော့ဆိုတာမရ၊ သူအလုပ်ပြုတ်သွားနိုင်ပါသည်ဟုဆိုသည်၊ နောက်တော့ ကျွန်တော် စာကြည့်တိုက် အကောင့်အတွင်း ထည့်ပေးပါမည်ဆိုပြီး ပြီးသွားကြသည်၊ စာကြည့်တိုက် ကွန်ပျူတာ ကိုသုံးရန် ကျွန်တော်တို့ အကောင့်ဖွင့်ထားရပါသည်၊ တဒေါ်လာလောက်ထည့်ထားလျင် ကျွန်တော်တို့ မေ့သွားလောက်အောင် အင်တာနက်ကို အကြာကြီးသုံးနိုင်ပါသည်၊

သတင်းစာထဲမှာဖြစ်စေ၊ တီဗွီမှာဖြစ်စေ စာရေးဆရာ (သို့မဟုတ်) စာအုပ်တအုပ် အကြောင်းဖြစ်စေ ရည်ညွှန်းပြောဆိုပြီဆိုပါစို့၊ သေချာသည်မှာ နောက်တနေ့ဆိုလျင်ထိုစာအုပ်ကို စင်္ကာပူပရိတ်သတ်က ငှားသွားကြပြီဖြစ်၏၊ စာပေဝေဖန်ရေးသမားတွေက အကောင်းတွေချည့်ရေးပြီဆိုလျင် Status မှာ On Loan  ဖြစ်ဖို့သေချာနေတော့သည်၊ ကမ္ဘာကျော် စာရေးဆရာကြီးများကွယ်လွန်လျင်ဖြစ်စေ၊ အခြား သူတို့နှင့်ပါတ်သက်၍သတင်းထူးလျင်ဖြစ်စေ သတင်းပါလာပါက နောက်တနေ့တွင်ထိုစာရေးဆရာ၏ စာအုပ်ကို ငှား၍မရတတ်တော့ပေ၊ ဤနည်းဖြင့် ကနေဒါမှ စာရေးဆရာမ အဲလစ် မွန်ရို၊ သဘာဝ စာရေးဆရာ ပီတာမက်သီးဆန်း တို့ စာအုပ်တွေကို ကျွန်တော်ဖတ်ဖူးရခြင်းဖြစ်ပါသည်၊

တကယ်က ဗဟိုစာကြည့်တိုက်ကြီးမှာ အများပြည်သူ စာကြည့်တိုက်နှင့်  လီကွန်ချမ်း ရည်ညွှန်း စာကြည့်တိုက် နှစ်ခုကို ပေါင်းထားခြင်းဖြစ်သည်၊ ရည်ညွှန်းစာအုပ်များကိုအထပ်ခုနှစ် တွင်ထားရှိပြီး လူတိုင်း ၀င်ရောက်ဖတ်ရှုနိုင်ပါသည်၊ ထိုစာအုပ်များကိုမူ အိမ်သို့ငှားခွင့်မရှိ ထိုအခမ်းမှာသာ ဖတ်ရှုရန် ဖြစ်သည်၊ ကော်ပီကူးလိုပါက ကော်ပီကူးစက်ရှိသည်၊ ဈေးနှုံးချိုသာစွာကော်ပီကူးနိုင်သည်၊ Cash Card ခေါ်ငွေထည့်ထားသည့်ကဒ်ဖြင့် ကျသင့်ငွေကိုရှင်း ရသည်၊

အခြားတန်ဘိုးကြီးသည့် ဂျာနယ်များကို ရည်ညွှန်းစာကြည့်တိုက်မှာ ဖတ်နိုင်သည်၊ ပြင်ပမှာဈေးကြီး သောကြောင့် မ၀ယ်နိုင်၊ အင်တာနက်မှ တဆင့် လည်းဖတ်ရှုနိုင်ကြသည်၊ စာကြည့်တိုက်မှ ကွန်ပျူတာ မှာ CPU ကိုဘယ်မှာထားသည်မသိ၊ Thumb Drive ထည့်၍ ဖိုင်ကိုကူးမယူနိုင်၊ Print လုပ်လျင်လုပ် Print  မလုပ်ပါက အီးမေးလ် ဖြင့်သာ မိမိလိုချင်သောဖိုင်ကို အပြင်သို့ပို့နိုင်သည်၊ အခုနောက်ပိုင်းမှာ တော့ ဂျာနယ်ပေါင်းများစွာကို အိမ်မှ ဖတ်နိုင်သော ဒီဂျစ်တယ် စာကြည့်တိုက်လုပ် ပေးထားရာ ကမ္ဘာ ကြီးနေရာစုံမှ သတင်းစာတွေ ဂျာနယ်ပေါင်းများစွာကို အိမ်မှနေ၍ ဖတ်နိုင်ကြပါပြီ၊

စာကြည့်တိုက်တွေကို လူငယ်ကျောင်းသားတွေအမြောက်အများသွားကြလေသည်၊ စာကြည့်တိုက် မှာပျင်းစရာမရှိ၊ လေအေးစက်ကလည်းအမြဲအေးနေအောင်လွှတ်ထားသေးရာ အပမ်းဖြေရိပ်သာကြီး သဘွယ်ဖြစ်နေသည်၊ အနားယူနေကြသူတွေ တွေ့နိုင်သည်၊ ဆူညံသံ မနှောင့်ယှက်လျင်ပြီးရော၊ လူတွေအများကြီး ထိုင်ပြီးစာအုပ်ရှာ စာအုပ်ဖတ်လုပ်နေကြသည်တိုင် စာကြည့်တိုက်အတွင်းမှာ ဆူညံသံကို မကြားရဘူးချေ၊ စာဖတ်နေလျင်လည်းရသည်၊ အင်တာနက် မှာဟိုကြည့်သည်ကြည့် လုပ်နေလျင်လည်းမိမိ ကိုနှောင့်ယှက်မည့်သူမရှိ၊

စာကြည့်တိုက်မှာ အမြဲလူပြည့်နေတတ်သည်၊ မဂ္ဂဇင်းပေါင်း ရ၀၀ ကျော်နှင့် သတင်းစာပေါင်း ရ၄ စောင် ဖတ်လိုသူတွေအတွက် နေရာသီးသန့်ရှိသည်၊ အင်တာနက် ကြည့်နိုင်သည့်စားပွဲမှာ အားနေသည့်စက်မရှိ၊ စာဖတ်သူတွေက စဉ်တွေဘေးမှာ၊ နံရံတလျောက်စီချထားသော ဆိုဖါတွေ ပေါ်မှာ အပြည့်၊ စာဖတ်ရင်းအိပ်ပျော်နေသူတွေကိုတော့ ၀န်ထမ်းတွေက လိုက် သတိပေးနှိုးနေတာ ကိုတွေ့ရဘူးသည်၊ မိုဘိုင်းဖုံးကို ဖွင့်ပြီးသုံးမိလျင် မသုံးဘို့ တားဖြစ်သူချက်ချင်း ရောက်လာတတ်သည်၊
(၂)

၁၉၈၀ခုနှစ်များဆီက ကျွန်တော်သည် အင်ဒိုနီးရှားနိုင်ငံသို့ သင်တန်းတက်ရန်သွားရဘူးသည်၊ အသွား လားအပြန်လားကျွန်တော်မမှတ်မိ၊ စင်္ကာပူမှာ ၃ ရက်လောက်ကျွန်တော်နေရသည်၊ တနေ့တွင် ကျွန်တော်သည် စတင်းဖိုဒ် လမ်းမှ MPH စာအုပ်ဆိုင်သို့ရောက်သွားလေသည်၊ စာအုပ်ကြည့်နေစဉ် တွင် ကျွန်တော့်ရှေ့နားဆီမှ လူကြီး နှစ်ယောက် ဧရာမစာအုပ်စဉ်ကြီးတခုရှေ့တွင် စာအုပ်ကြည့်ရင်း စကားပြောသံကို ကျွန်တော်ကြားနေရသည်၊ ထိုစဉ်က စင်္ကာပူမှာ ဗမာတယောက်ကိုတွေ့ရန် အလွန် ခဲယဉ်း ပါသည်၊ ပတ်(စ) ပို့လုပ်ရန် အပြင်လူတွေ အဖို့ မဖြစ်နိုင်လောက်အောင် ခက်ခဲပါသည်၊

“ကျွန်တော်တို့ နိုင်ငံမှာ ဒီလိုစာအုပ်ဆိုင်တွေရှိဘို့လိုတယ်၊ ဒီလိုစာအုပ်တွေ ကျွန်တော်တို့ဆီမှာ ၀ယ်ရ နိုင်အောင်လုပ် ပေးရမှာပေါ့” ဟုပြောနေသံကိုကြားရသည်၊ ကျွန်တော်သည် ဘာကိုမှထွေထွေ ထူးထူး မစဉ်းစား၊ ဗမာစကားပြောသံကြားသည်နှင့် “ဦးတို့က ဗမာတွေလားဆိုပြီး” သွားနှုတ်ဆက်ပါသည်၊

ခဏကြာသော် လူကြီးနှစ်ယောက် အနက်မှ တယောက်က ကျွန်တော့်ကို ဘေးသို့ခေါ်ပြီး ကိုယ့် နိုင်ငံက ၀န်ကြီးကို မသိရကောင်းလားဆိုကာ အပြစ်တင်လေသည်၊ သူက သံမှုးသော်၎င်း သံအရာရှိ သော်၎င်း ဖြစ်ဟန်ရှိသည်၊ သူက “မင်းစင်္ကာပူရောက်တဲ့အကြောင်း သံရုံးကို အကြောင်းကြား ပြီးပြီ လား” မေးသည်၊ ကျွန်တော်က သတင်းမပို့ရသေးပါဟုဆိုတော့ သူ့မှာကျွန်တော့်ကို လက်ချာရိုက်ရန် အခွင့်ရ သွားဟန်တူသည်၊ ဗမာတွေမှာ စည်းကမ်းမရှိကြဘူးဟု ထိုဝန်ကြီးရှေ့မှာ ကျွန်တော့်ကို အပုတ် ချလေ သည်၊ ထိုဝန်ကြီးမှာ ကုန်သွယ်ရေးဝန်ကြီးဖြစ်သည်၊ သူက ဗမာတွေ စာဖတ်သင့်ကြကြောင်း သူသည် နိုင်ငံကိုပြန်ရောက်ပါက MPH လိုစာအုပ်ဆိုင်ကြီးတွေ ဖွင့်နိုင်အောင်ကြိုးစားမည်ဟုဆိုသည်၊

သို့ပါသော်လည်း ဗမာပြည်ကြီးသည် ပြင်ပကမ္ဘာနှင့် အဆက်အသွယ်တွေပြတ်ခါ အမှောင်အတိ ကျခဲ့ရခြင်း ကိုအများသိကြပါသည်၊ ၀န်ကြီးကိုယ်တိုင်က စာအုပ်တွေ တင်သွင်းခြင်းကို ဆန္ဒရှိ ပါလျက် ကျွန်တော်တို့ ပြင်ပကမ္ဘာကြီးနှင့်အဆက်ပြတ်ခဲ့ကြရပါသည်၊ ပြင်ပမှစာအုပ်တွေလည်း မလာ၊ စာပေ စီစစ် ရေးကြောင့် ပြည်တွင်းတွင်လည်း စာအုပ်တွေကို လွတ်လွတ်လပ်လပ် မရေးနိုင် မထုတ်နိုင်ကြ သောအခါ ပြည်သူတွေစာကောင်းပေကောင်း ဖတ်ဖို့အခွင့်အရေးနှင့်လွဲခဲ့ကြရပါသည်၊ ဆရာဇော်ဂျီ၊ မင်းသုဝဏ်၊ ဆရာတင်မိုး လူထုဒေါ်အမာ၊ ဒေါ်ခင်မျိုးချစ်၊ ဆရာမြသန်းတင့် စသည်ဖြင့် စာကောင်း ပေကောင်း တွေ ကို ဖန်တီးနိုင်သူများမှာ ဖန်တီးခွင့်မရခဲ့ကြပါ၊

တနေ့ကဂျာနယ်တစောင်တွင် မြန်မာပြည်မှ စာကြည့်တိုက်ကြီးများအကြောင်းဖတ်လိုက်ရသည်၊ မြန်မာပြည်မှာ အားကိုးလောက်သောစာကြည့်တိုက်ကြီးတွေမရှိတော့ပါ၊ အမျိုးသားပြတိုက်မှာ တချိန်တုံးက ထောက်လှန်းရေးရုံး ဖြစ်သွားသည်ဟု ကြားဖူးသည်၊ ကမ္ဘာအေးလမ်းမှ အမျိုးသား စာကြည့်တိုက် မှာအပြင်သို့စာအုပ်မငှားဟုဆိုသည်၊ ပညာဗိမာန် စာပေဗိမာန် စာကြည့်တိုက်တွေမှာ အသင်းဝင် လစဉ်ကြေးပေးလျင်စာအုပ်ငှားနိုင်သည်၊ Come Clean Library မှာ သောင်္ကြာ တရက်သာဖွင့်သည်။ စာအုပ်ငှားလိုလျင် ကြိုပြီးဖုံးဆက်ရန်လိုသည်၊

ထိုဂျာနယ်ဆောင်းပါးကရေတွက်ပြသော စာရင်းတွင် တက္ကသိုလ် စာကြည့်တိုက်မပါလာပေ၊ ကျွန်တော်တို့ကျောင်းသားဘ၀တုံးက ဘွဲ့နှင်းသဘင် လမ်းမကြီးဘေးမှ တက္ကသိုလ်စာကြည့်တိုက်မှာ အလွန်အားကိုးရပါသည်၊ ဆရာဇော်ဂျီ၊ ဦးသော်ကောင်း၊ တို့ ငြိမ်းကျော်တို့သည် ထိုစာကြည့်တိုက်မှာ အလုပ်လုပ်ကြပါသည်၊ စာအုပ်ရှာရသည်မှာ သစ်သားအံဆွဲလေးတွေ ကဒ်ထူပြားလေးတွေနှင့်ဖြစ် သည်၊ ကဒ်ပြားပေါ်က ရည်ညွှန်းစာကို ပြောပြလျင် စာကြည့်တိုက်ဝန်ထမ်းတွေက စာအုပ်တွေရှာ ပေးသည်။ ထိုစဉ်က ကျောင်းသားကဒ် သည် စာအုပ်ငှားခွင့် ကဒ်ပင်ဖြစ်ပါသည်၊ ကျွန်တော်တို့သည် တက္ကသိုလ်စာကြည့်တိုက်လို အစဉ်အလာကောင်း ခဲ့သည့် စာကြည့်တိုက်ကြီးများကို ဒီဂျစ်တယ်ခေတ် သို့အပါခေါ်ဘို့လိုပါသည်၊

ကိုယ်ထူကိုယ်ထထူထောင်ထားသော ဆရာပါရဂူ ၏စာကြည့်တိုက်ကိုလည်းထိုစာရင်းတွင်မတွေ့ရပေ၊ စာကြည့်တိုက်တွေ ထူထောင်ဘို့ စီမံကိန်းမှာ အစိုးရ၏ ဦးစားပေး စာရင်းများတွင်လည်းမတွေ့ရ သေး ပေ၊

အဓိကကတော့ စာအုပ်တွေဝယ်ရန် ဘတ်ဂျက် လိုပါသည်၊ အစိုးရကလည်း စာအုပ်စာပေ လူ့မိတ်ဆွေ ဆိုသည်ကို သဘောပေါက်ရန်လိုသည်၊ အစိုးရက လိုအပ်သောရံပုံငွေကို ဖန်တီးပေးမှသာ စာကြည့် တိုက် တွေရပ်တည်နိုင်ကြပါလိမ့်မည်၊ ၈ျာနယ်ပေါင်းစုံ အမြဲယူဘို့ အွန်လိုင်းက ဖတ်နိုင်ဘို့ တစ်လ တစ်လတွင် ဒေါ်လာ သိန်းချီ၍များ ကုန်မလား မပြောတတ်ပါ၊ စင်္ကာပူ ဗဟိုစာကြည့်တိုက်ကြီးကို Lee Kong Chaing ဖေါင်ဒေးရျင်းကြီးက ပေးသော အလှုငွေ ဒေါ်လာ သန်း ၆၀ နှင့်မတည်ပြီးဆောက်သည် ဟုသိရသည်၊

ယနေ့ မြန်မာပြည်စာကြည့်တိုက်တွေက စာအုပ်ငှားရန် ပဌမ အသင်းဝင်ရပါမည်၊ အသင်းဝင်ဖြစ်ရန် ၀င်ကြေးပေးရဦးမည်၊ ရပ်ကွက်ထောက်ခံစာနှင့် အိမ်ထောင်စုစာရင်းကလိုသေးသည်၊ စာအုပ်တွေကို ကိုယ်တိုင် ရှာဖွေပိုင်ခွင့်မရှိ၊ ကက်တလောက်မှာရှာပြီး ၀န်ထမ်းအကူအညီကိုယူရမည်၊ ပါရမီ စာအုပ် တိုက်က ပဌမဆုံးထုတ်လုပ်သော Website (www.myanmarbookshop.com) မှာ စာအုပ်တွေကို ဗမာလိုရေးပြီး ရှာနိုင်၊ ဖတ်နိုင် မှာနိုင် ၀ယ်နိုင်နေပါပြီ၊ မြန်မာနိုင်ငံ စာကြည့်တိုက်ကြီးအနေဖြင့် On Line Catalogue မထားနိုင်သေး ခြင်းမှာ ယခုလို IT ခေတ်တွင် ဘယ်လိုမှမဖြစ်သင့်ပါ၊ စာကြည့်တိုက်၏မှတ်တမ်း မှတ်ရာ တွေကို ဒီဂျစ်တယ် Records ရှိအောင်ဆောင်ရွက်သင့်လှပေသည်၊

ပြင်ပမှဘာသာရပ်ဆိုင်ရာ ဂျာနယ်တွေမှာ အွန်လိုင်းမှတဆင့် ဖတ်နိုင်ကြပါပြီ။ ပြည်သူအများစုက ထို အွန်လိုင်းဂျာနယ်တွေကိုဈေးကြီးမြင့်သဖြင့် မဖတ်နိုင်ကြပါ၊ ငွေအိပ်ကြီးကြီးရှိသော အစိုးရ၏ တာဝန် မှာ စာကြည့်တိုက်တွေက တဆင့် ထိုဗဟုသုတဖြစ်ဖွယ် စာအုပ်၊ ဂျာနယ်တွေကို ပြည်သူတွေ ဖတ်နိုင် အောင်ဆောင်ကျဉ်းပေးရန်ဖြစ်ပါသည်၊ ပြည်တွင်း ဂျာနယ်မဂ္ဂဇင်းတွေကိုလည်း နိုင်ငံနှင့်အ၀ှမ်း ပြည်သူတွေ ဖတ်နိုင်အောင် စာကြည့်တိုက်ကြီးတွေက စီစဉ်ပေးရပါမည်၊

စာကြည့်တိုက်ဆိုသည်မှာ ပြည်သူကို စာဖတ်အောင် ကူညီပေးရမည့်ဌာနကြီးများဖြစ်သည်၊ စာဖတ်ရန် အရေးကို အခက်အခဲတွေမရှိစေရ၊ ၊ အနှောက်အယှက်တွေ အမျိုးမျိုးထား၍ ခက်ခဲ အောင်လုပ်သော စိတ်ဓါတ်ကို ပယ်ဖျက်ကြရပါမည်၊ စာဖတ်ချင်သူတဦး စာကြည့်တိုက်သို့ရောက်လာ လျင် သူလိုအပ် သောစာအုပ်ကို ယူ၍ ဖတ်နိုင်အောင် စီစဉ်ပေးကြရပါမည်၊ စာအုပ်ဖတ်ခြင်း၏ အကျိုးကျေးဇူး မှာ လက်ဆုပ်လက်ကိုင် ပြစရာမရှိ၊ Abstract ဖြစ်နေသည်၊ သို့ပါသော်လည်း လူတယောက် ၏ အသိ ဥာဏ်ဖွင့်ဖြိုးမှု၊ ဘ၀အောင်မြင်မှုတို့တွင် စာအုပ်စာပေ၏ အရေးပါပုံကို ပုံကြီးချဲ့ ရန်မလိုပေ၊ ပညာ ဗဟုသုတ ကင်းမဲ့လျင်လူ့ဘ၀မှာ ဘာတွေ ချို့ယွင်း မည်ဆိုသည်ကို ရှည်ရှည် ဝေးဝေးရှင်းပြရန်မလိုပါ၊

စစ်အစိုးရအဆက်ဆက်က နိုင်ငံခြားနှင့်ဆက်သွယ်ခြင်းကို အားမပေး၊ နိုင်ငံခြားမှဝင်လာမည့် စာအုပ် စာရွက်စာတမ်းမှန်သမျှကို ၀င်လာမည့်လမ်း မှပိတ်ထားလေသည်၊မြန်မာပြည်တွင်းမှ ပြင်ပနိုင်ငံတွေက ဂျာနယ် မဂ္ဂဇင်းတွေကို Subscribe လုပ်၍မရပါ၊ ကျွန်တော်သည် တခါက ဂျာနယ်တွေ စာအုပ်တွေ အများကြီးကို ရေလမ်းမှ ရန်ကုန်လိပ်စာဖြင့်ပို့လိုက်ဖူးသည်၊ ပညာရပ်ဆိုင်ရာစာအုပ်တွေကို အကောက်ခွန် ဌာနကဖမ်းပြီးသိမ်းလိုက်လေသည်၊ နောက်မှ နမူနာပါဆိုပြီး ဂျာနယ်အချို့ကို ကြိုးစီး ချိတ်ပိတ်ခါ အကောက်ခွန် ဌာနချုပ်သို့စစ်ဆေးရန်ပို့ရသည်၊ သူတို့ကပေးစေ အမိန့်ချမှ ကိုယ့်စာအုပ် တွေကို အိမ်သို့သယ်ခွင့်ရသည်၊

မကြာသေးမီကမှ ရန်ကုန်မှ သူငယ်ချင်းတယောက်က အခု စာအုပ်တွေကို စာတိုက်ကပို့ခွင့်ပြုနေပါပြီ၊ အစမ်းပို့ ကြည့် ပေးပါဆို၍ မဂ္ဂဇင်းတစောင်ပို့ကြည့်ရသည်၊ ပဌမဆုံးစာစောင်ကရောက်မသွားပေ၊ နောက် စာစောင် တွေက ချောချောမောမောရောက်ပါသည်ဟု သူငယ်ချင်း က၀မ်းပမ်းတသာ ဖုံးဆက် ရှာသည်၊ မြန်မာစာတိုက်ကြီးသည် ကျွန်တော်တို့ မမွေးခင်ခေတ်ကလို စာပို့သည့် သူ့အလုပ်ကို သူ ပြန်လုပ်နေပါပြီ ဟုဆိုသည်၊ ၀မ်းမြောက်ဖွယ်ရာပင်၊ ကျွန်တော့်အတွက်မူ နိုင်ငံခြားမှ စာတိုက်ဖြင့် ပို့လိုက်သော မဂ္ဂဇင်း တစောင် ရန်ကုန်လိပ်စာသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားဖြင်းမှာ အိမ်မက် သဘွယ်ပင်၊

ကျွန်တော်တို့မြို့မှာ စာကြည့်တိုက်မရှိ၊ ရွှေဘိုမှာသာ ပြန်ကြားရေးစာကြည့်တိုက်ရှိသည်၊ ထိုစာကြည့် တိုက်မှာ စာအုပ်တွေရှိသည်ဟု မကြားစဖူး၊ ကြေးမှုံနှင့်လုပ်သားလို နိုင်ငံပိုင် သတင်းစာ တစ်စောင် နှစ်စောင် သာနေ့တိုင်းရနိုင်သည်၊ ခင်ဦးစာကြည့်တိုက်မှာ လူငယ်တွေ စုပြီးထောင်ကြသော စာကြည့် တိုက်ဆိုသာရုံ ရှိဘူးသည်၊ စာအုပ်တွေမှာ အရပ်က၀ိုင်းပြီးလှုကြတာ တွေဘဲရှိသည်၊ အခမ်း ကလည်း ခပ်ကျဉ်းကျဉ်း လူအများကြီး ထိုင် ရန်နေရာတွေမရှိ၊ ရံပုံငွေမှာ ဘာမှ ဖြစ်လောက်သည် မဟုတ်၊ လခ ဟူ၍မပေးနိုင်တော့လည်း စေတနာဝန်ထမ်း ကူညီသူတွေက မမြဲ၊ သည်လိုနှင့် စာအုပ်တွေ ကလည်း ဟိုရောက်သည်ရောက် ပျက်သွားရပြန်သည်၊ စာကြည့်တိုက်တွေကို အစိုးရရံပုံငွေ ထောက်ပံ့ ငွေတွေ ဖြင့် စံနစ်တကျဖြစ်စေချင်ပြီ။ စာကြည့်တိုက်မှာ အင်တာနက် ရပြီဆိုသည်နှင့် စာကြည့်တိုက် တခု သည် အတော် မြိုင်ဆိုင် အသုံးကျသွားပါပြီ၊

တကယ်ဖြစ်ရမည်မှာ နိုင်ငံနှင့်အ၀ှမ်း စာကြည့်တိုက်ကြီးတွေ ရှိရမည်၊ ထိုစာကြည့်တိုက်ကြီးများမှာ တခုနှင့်တခု အွန်လိုင်းချိတ်ဆက်ပြီး မြန်မာပြည်နေရာအနှံ့ ပြည်သူတို့လိုအပ်ချက်ကို ဖြည့်ဆီးပေးနိုင် သင့်သည်၊ လူဦးရေ သန်း ၅၀ နှင့် တပြည်လုံး စာကြည့်တိုက်တွေကို တန်ဘိုးရှိရှိ အသုံးချနိုင်ပြီဆိုလျင် မြန်မာတို့၏ ယဉ်းကျေးမှု့ထိမ်းသိမ်းရေး ပရောဂျက်မှာအလွန် အထောက်အကူပြုနိုင်ပါသည်၊

(၃)

လူတို့သည်လွတ်လပ်မှုကို အလိုရှိကြသည်၊ ချုပ်ချယ်ကန့်သတ်ချက်များကို မကြိုက်ကြပေ၊ စင်္ကာပူမှာ ဒီမိုကရေစီမရှိဘူးဆိုသူတွေကို ၀န်ကြီးချုပ်ဟောင်း လီကွမ်းယူး ကကျွန်တော်တို့ BBC အသံလွှင့် ဌာန ကို တကျွန်းလုံးနားဆင်နိုင်အောင် ၂၄ နာရီလွှင့်ပေးထားပါတယ်ဟုချေပဘူးသည်၊ စင်္ကာပူမြို့တော် တ၀ိုက်တွင် FM ၈၈.၉ တွင်နားဆင်ပါက BBC ကိုအမြဲကြားနေနိုင်သည်၊ ပြည်သူတို့အသိပညာ တိုး တက် ရေးအတွက် အစိုးရက သူတို့တတ်နိုင်တာကို လုပ်ပေးပါသည်၊ အမှောင်ခေတ်မှာနေခဲ့ရသော ကျွန်တော်တို့သည် ခေတ်နှင့်အမှီ သတင်း ဌာနတွေကို အမြဲနားထောင်နေနိုင်ဘို့ လိုသည်ထင်မိသည်၊

ကျွန်တော်သည် တော်လှန်ရေးကောင်စီခေတ်က ကုန်သွယ်ရေးဝန်ကြီးကို ပြန်တွေ့လိုသေးသည်၊ သူပြောသလို ဗမာပြည်မှာ အင်္ဂလိပ်စာအုပ်ဆိုင်တွေ၊ နိုင်ငံခြားစာအုပ်ဆိုင်တွေ ဘာ့ကြောင့်ဖြစ်မလာ ရတာလဲဟု မေးချင်သည်၊ ခန့်ငြားသော စာကြည့်တိုက်ကြီးတွေ ဘာ့ကြောင့် ဖြစ်မလာသလဲဟု မေးချင်သည်၊ ဒီမိုကရေစီခေတ်မှာ အင်တာနက်လည်းရောက်ပါပြီ၊ ကွန်ပျူတာကျွမ်းကျင် သူတွေ လည်း ရှိကြပါသည်၊ ပညာဗဟုသုတ ဖြန့်ဖြူးရေးမှာ နိုင်ငံအုပ်ချုပ်သူတွေက အဘယ့်ကြောင့် အား သွန်ခွန်စိုက်မလုပ်နိုင်ကြပါသနည်းဟုမေးချင်သည်၊ ခေတ်ဟောင်းက မှားခဲ့ပြီးသားအမှားကို ထပ်ပြီး မမှားစေချင်တော့ပါ၊

Xxxx


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ

2 Responses to ကိုသန်းလွင် – စာကြည့်တိုက်

  1. zaw aung on September 19, 2014 at 11:50 am

    Good Article..
    Europe countries, Japan, Korea .. they have many public libraries but south east asia countries Thai, Malaysia, Vietnam .. i visited and unable to find public library.

    I am proud, there is Burmese library LPK, it is barrowing to many Burmese in Singapore (Peninsula Plaza Level 4).

    Burmese like to read book and it is potential of developing the country.That Minister of Trade was “I think, writing his experience book very think and two volume already published in Yangon” I am not wrong, he never setup a own public library in Myanmar even though now he is super billionare (very rich) as ex-General. I wish, he (former trade minister) to donate public library as Singapore Lee Kwan Yew.

  2. Han Tun on September 20, 2014 at 6:40 pm

    Very good article. It can be due to the same old 1001 reason which is why Minister of Trade unable to implement his wishes. There was no basic SOP in there. All munbo jumbo. Different Minister with different ideas until now it changes again. As long as they don’t bother to learn the lessons from past, the country and the peoples will keep on suffer.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်