ဖိုးထက် – စိတ်အရောင် ပြောင်းစေတဲ့ ကွမ်းတယာ

September 19, 2014

ဖိုးထက် – စိတ်အရောင် ပြောင်းစေတဲ့ ကွမ်းတယာ 
မိုးမခ။ စက်တင်ဘာ ၁၉၊ ၂၀၁၄

“လ္ဘက်ထမင်း တပွဲ၊ မွှေကြော်မှောက်မယ်”
“ပေါ့ဆိမ့်တခွက်၊ မုန့်လွတ်တပွဲ၊ လန်ဒန် ၂၀၀ ဖိုး နံပါတ် ၇ မှာ ရှိမယ်”

“ရှမ်းတပွဲ၊ ဆီလျှော့၊ အချိုမှုန့်ရှောင်၊ ပဲနံပြားတပွဲ၊ ပဲမှာ အချိုမှုန့်ရှောင်မယ်ဟေ့ နံပါတ် ၉ မှာ”

စားပွဲထိုးများ၏ အော်သံများ၊ ဆိုင်ရှင်ဖြစ်သူ၏ စီမံခန့်ခွဲ လောဆော်နေသံများ၊ စားသုံးသူများ၏ စကားသံများ ဆူဆူညံညံ အသံတွေ အကြားမှာ အချိုမှုန့်ရှောင်မယ်ဆိုသည့်သူများကို ကျွန်တော် စိတ်ဝင်စားသွားသည်။ အမျိုးသမီး နှစ်ယောက်။ ခပ်ငယ်ငယ်တွေ။ သြော်.. ကောင်းလေစွ။ တော်ပေစွ လို့ စိတ်ထဲက ချီးကျူးမိသည်။ အချိုမှုန့်ရှောင်ခိုင်းတာ ငါတယောက်တည်းမဟုတ်လို့ တွေးမိပြီး အားရှိသွားသည်။ ဇီဇာကြောင်သလို ဖြစ်မှာ၊ စားပွဲထိုးတွေကို အလုပ်အပိုတွေပေးမိမှာ စိုးရိမ်နေမိသည့် စိတ်ကနောက်ဆုတ်သွားသည်။

နိုင်ငံတနိုင်ငံ ဆင်းရဲလျှင် အဲဒီနိုင်ငံမှာရှိသောလူတွေ၏ ပျမ်းမျှသက်တမ်းက တိုသည်တဲ့။ ရောဂါကပ်ဆိုးတွေကြောင့် မဟုတ်။ ငတ်ပြတ်ပြီး အာဟာရ ချို့တဲ့လို့ မဟုတ်တဲ့။ နေ့တဓူဝ ရုန်းကန်လှုပ်ရှားနေကြရသောကြောင့် ကျန်းမာရေးအတွက် ထည့်တွက်မစဉ်းစား နိုင်တော့တာတဲ့။ အာဟာရဖြစ်စေမည့် ကျန်းမာစေမည့် အစားအစာတွေ ရွေးချယ်ဖို့ အခွင့်အလမ်းနည်းသွားတာတဲ့။ အဘယ်ပညာရှင်က အဘယ်စာရင်း ဇယားများဖြင့် အဘယ်သို့မှတ်တမ်းတင်ပြီး မည်သို့ကောက်ချက်များချခဲ့သည် မသိ။ ဖြစ်နိုင်ချေတော့ အများကြီးရှိသည်။

ကျွန်တော်တို့လူမျိုး အလွန်ကြိုက်သည့် လ္ဘက်ထမင်းကို ကြည့်ကြဦးစို့။ လ္ဘက်နှင့် ထမင်းရောမွှေပြီး အချိုမှုန့်များဖြင့်သုပ်ထားသည့် အစား အစာ သည် စရိတ်နည်း ၀န်ပါ ထမင်းတနပ်တော့ ပြီးစေသည်။ ကျန်းမာရေးနဲ့ ညီညွှတ်ဖို့ ကြတော့ သိပ်ကြီး မျှော်လင့်လို့ မရဘူး ထင်သည်။ နောက်ပြီး လမ်းဘေး ထမင်းဆိုင်လေးတွေ မီတာ တရာ၊ မီတာနှစ်ရာလောက်မှာ တဆိုင်စီတော့ ရှိတတ်တာ ကျွန်တော် သတိထားမိသည်။ ဆီတွေလား ရေတွေလား မသိသော ဆီလည်ရေလည် အရည်တွေထဲမှာ ဟင်းတွေက အဖုံးအကာမဲ့စွာ ရှိနေတာများသည်။

ဒီလိုဆိုင်တွေမှာ ကျန်းမာရေးအသိအမြင်မရှိတဲ့လူတွေဘဲ စားမှာပေါ့ဆိုသည့်အပေါက်မျိုးသွားချိုးလျှင် အတော်မသိတတ်သောလူဖြစ်မည်။ တလမှာ လစာငွေကြေး နှစ်သိန်း၊ သုံးသိန်းခန့်ရကြသည့် လူလတ်တန်းစားများအတွက် ဒီလိုထမင်းဆိုင်တွေ အားမကိုးလို့ ဘယ်လို လုပ်မ လဲ။ အလုပ်အတွက် အချိန်တွေအများကြီး ပေးရသည်။ ငွေရေး ကြေးရေးက စီစစ်ရအုံးမည်။ နေဖို့အတွက် ငွေကြေးသုံးစွဲရသေးသည်။ သူ့အလုပ်နဲ့သူ၊ သူ့ဘ၀နဲ့သူ မနည်းကြီး ရုန်းကန်လှုပ်ရှားနေကြရသော လူများကို ကိုယ့်အိမ်မှာ ကိုယ့်ဘာသာ အသီးအရွက် ကြော်စား။ ပဲအ မျိုးမျိုး များများစား။  ပင်လယ်စာ များများစား။ ငါးများများစား၊ ဆီလျှော့စားကြပါလို့ သွားလုပ်နေလို့မှ မဖြစ်တာ။

“အစ်ကို ပဲနံပြားမှာထားလား။ ဒီမှာရပြီ”

စားပွဲထိုး ကလေး၏ အမေးကြောင့် မနက်စောစောစီးစီး တောင်တောင် အီအီ ဆရာကြီး ဂိုက်ဖမ်းပြီး တွေးနေသည့် ကျွန်တော့် အတွေးစများ ပြတ်သွားသည်။ အခုနက ပဲမှာ အချိုမှုန့်ရှောင်ဆိုသည့် အမှာစကားကြောင့် နံပြားနှင့် တွဲဖက်ချပေးသည့် ပဲကို သတိထားကြည့်လိုက်မိသည်။ “အား…ပါး…ပါး…” ဟု မြန်မာစကားဟုတ်ဟန် မတူသည့် မွေးစား အာမေဍ္ဍိတ် ပြုမိသည်။ စတော်ပဲထဲမှာ အချိုမှုန့်တွေက အတောင့်လိုက်၊ အတောင့်လိုက်။ စတော်ပဲ၏ ပင်ကို အရသာကိုက ချိုပြီးသား။ သူ့ကို ပဲဆီ၊ နှမ်းဆီလေး နည်းနည်း ဆမ်းလိုက်လျှင် အရသာကချိုပြီး မွှေးနေ သည်။ နံပြားနှင့် စတော်ပဲ ဘယ်လောက်လိုက်ဖက်သလဲဆိုတာ ကျွန်တော်တို့ အမျိုးသားခေါင်းဆောင်ကြီးဖြစ်သူ ကရိကထ မများသော သူတော်ကောင်းကြီး ဗိုလ်ချုပ်အောင်ဆန်းပင် သိခဲ့သည်ဘဲ။  ဒါကိုမှ ဘာအကြောင်းကြောင့်များ အချိုမှုန့်အတောင့်လိုက်ထည့်ပြီး နယ်လာရ သလဲ။ ကိုယ့်ဆိုင်က ပဲနံပြား ပိုပြီး စားကောင်း၊ ပိုပြီး ချိုအောင် အချိုမှုန့်ထည့်ပေးပါလို့ ဆိုင်ရှင်ကများ မှာထားသလား။ မန်နေဂျာဖြစ်သူကများ လောကွတ်ပိုသလား။ ကျွန်တော်စိတ်ဆိုးသွားသည်။ “မလိုအပ်ဘဲနဲ့ကွာ” လို့ တွေးမိပြီး ပြန်လဲခိုင်းလိုက်ရသည်။  စားပွဲထိုး ကလေးလေး ကတော့ “လူရှုပ်ရတဲ့ အထဲ ဒီဘဲနာကြီး သက်သက်မဲ့ အလုပ်ပိုတွေ ခိုင်းနေတယ်” လို့ ထင်သွားဟန်ရှိသည်။ မတတ်နိုင်။

အချိုမှုန့်ဆိုတာ ဟင်းခတ်အမွှေးအကြိုင်တွေထဲမှာ မပါလို့ ကျွန်တော်သိထားသည်။ ကိုလံဘတ်စ်တို့၊ ဒီဘရစ်တို (၀ါ) ငဇင်ကာ (မှတ်တမ်း မှတ်ရာနဲ့ အလုပ်မလုပ်ခဲ့တော့ ဒင်းကြောင့် ပါးစပ်ထဲ တွေ့ကရာတွေ လျှောက်ပြောခွင့်ရခဲ့ကြတာ။ ဒါက စကားချပ်) တို့ ခေတ်တွေတုန်းက အချိုမှုန့်သည် ကူးသန်း ရောင်းဝယ်ဖောက်ကားကြသော ဟင်းခတ် အမွှေးအကြိုင်တွေထဲမှာ ပါသေးဟန် မတူပါ။ အချိုမှုန့်သည် ဟင်း၊ အသုပ်တွေ အတွက် လေးလေးပင်ပင်နဲ့ ပိုပြီးအရသာရှိစေတာမှန်ပေမယ့် မစားဘဲနေရင် အကောင်းဆုံးလို့ ကျွန်တော်သိထားသည်။ ဓာတု ဗေဒနည်းအရ ပြုပြင်ထားသောဟင်းခတ်မှုန့်တမျိုး။ အနည်းအကျဉ်းစားမိရင် ပြဿနာမရှိပေမယ့် နှစ်ရှည်လများစားတာများလာရင် နောက်ဆက်တွဲ ရောဂါတွေအများကြီးရစေနိုင်သည်လို့ သိထားသည်။ စားစား မစားစား တချိန်ကြရင် သေကြရမှာ မှန်ပါသည်။ သို့သော် သူတော်ကောင်းကြီးတွေလို သတိမှတ်ပြီး သက်တောင့် သက်သာ အသက်မထွက်မယ့် ကျွန်တော်တို့အတွက် ရောဂါ ကင်းကင်းရှင်းရှင်းလေးနဲ့ အိုပြီး သေဖို့တော့ ပြင်ဆင်ထားသင့်သည်လို့ ကျွန်တော်က တွေးမိသည်။

တလောက မိတ်ဆွေ တဦးက မုန့်ဟင်းခါး သိပ်ကောင်းသည်ဟု ညွှန်းသော နာမည်ကြီး မုန့်ဟင်းခါး ဆိုင် တခုသို့ ကျွန်တော်ရောက်သွားသည်။ မုန့်ဟင်းခါးက ကျွန်တော့် အကြိုက်ဆုံး အစားအစာမဟုတ်ပေမယ့် မုန့်ဟင်းခါးကြိုက်သူကို ကြုံကြိုက်ရင် လိုက်ကျွေးဖို့ မြည်းစမ်း စားကြည့် သည်။ မုန့်ဟင်းခါးအရည်က ချိုတာမှ လျှာတောင် နှစ်ထပ်ဖြစ်သွားသလို ခံစားရသည်။ ချိုပြီး လေးနေတာ မုန့်ဟင်းခါးမှ ဟုတ်ပါလေစလို့ သံသယ၀င်စေသည်။ အချိုမှုန့်တွေ ဘယ်လောက်တောင် အသုံးပြုထားသည်မသိ။ မိတ်ဆွေကတော့ “အဲဒီလို ချိုလို့ ၊ အရသာရှိလို့ နာမည်ကြီးတာပေါ့ ငတုံးရ” လို့ ကျွန်တော့်ကို တွယ်သည်။ ဆိုင်ရှင်ကို ထပြီး အချိုမှုန့်ဘယ်လောက်သုံးထားသလဲဆိုတာ မေးလို့ ကောင်းတာလဲ မဟုတ်။ ခပ်မဆိတ်ပင် နေလိုက်ရသည်။ “ဒီဆိုင်က နာမည်ကြီး” ဆိုသည့် မိတ်ဆွေ၏ ပြောစကားကတော့ မှန်ပုံရသည်။ ကားကြီး၊ ကားငယ် အသွယ်သွယ်ဖြင့်လာပြီး မုန့်ဟင်းခါး စားကြသော လူတွေက နည်းနည်းမဟုတ်။ နောက်ကျရင် ရတောင် မရနိုင်လောက်အောင် ရောင်းကောင်းသတဲ့။

လူ့လျှာသည် အလွန်အသုံးဝင်သော အာရုံခံ ကိုယ်ခန္ဓာအစိတ်အပိုင်း ဖြစ်သည်။ နိုင်ငံခြား တိုင်းပြည်တွေက ၀ိုင်ထုတ်လုပ်သော လုပ်ငန်းကြီးတွေမှာ ၀ိုင်၏ အရသာကို ခံစား ဆုံးဖြတ်ပေးသည့် ပညာရှင်တွေ၏ လျှာတွေကိုတောင် အာမခံ ထားသည်တဲ့။ မြန်မာစကားမှာ အကြောပေါင်း တထောင်စိမ့်အောင် အရသာရှိသည်ဆိုသည့် စကားက လျှာကိုရည်ရွယ်ဟန်တူသည်။ “ငါ၏ ကိုယ်ခန္ဓာကြီး လည်ပါတ်နိုင်ဖို့ အစာအဟာရ အလို့ငှာ ဒီအစားအစာကို စားသုံးပါသည်” ဆိုသည့် သူတော်စင် ဘုန်းတော်ကြီးတွေ စားသလို အရသာကို လစ်လျှူရှူပြီး ကျွန်တော်တို့က စားနိုင်တာမှ မဟုတ်တာ။ အရသာ ကောင်းကောင်းကြိုက်တတ်ကြတာ မလွန်ဘူးလို့ ထင်သည်။ ပြီးတော့ ကျွန်တော်တို့ လူမျိုးက လ္ဘက်ရည်ဆို ချိုမှ။ ကက်ဆက်ဆို အသံကျယ်မှ။ ဇာတ်ကား (ဗီဒီယိုကား)ဆိုလျှင် ချမှ (ဖိုက်တင်းပါမှ) ကြိုက်ကြသည့် လူမျိုး။ အခုတော့ အစားအစာဆိုလျှင် အချိုမှုန့်အများကြီး သုံးမှလို့ ဖြည့်ပြီး တွေးရမည်လား မသိ။

တိုင်းပြည်တပြည်၏ ပြည်သူလူထု ကျန်းမာရေး အသိအမြင်ရှိကြဖို့ အပြောသာ လွယ်သည်။ တကယ်လုပ်ကြမယ်ဆို ခက်မယ်လို့ ကျွန်တော်ထင်သည်။ ကျန်းမာရေး အသိအမြင် ဘယ်လောက်ရှိရှိ တနေ့စာ တနေ့ ရုန်းကန် လှုပ်ရှား အလုပ်လုပ်ကြရလျှင် လမ်းဘေးဆိုင်ဆိုပြီး ဖုန်တွေ ၀င်နေမှာလို့ ဘယ်မှာ ရွေးနေလို့ ရမှာလဲ။ ဘာဆီအမျိုးအစားသုံးထားသလဲလို့ မေးပြီး ၀ယ်စားလို့ ရတာလဲ မဟုတ်။ လမ်းလျှောက်  ကိုယ်လက်လှုပ်ရှားလုပ်ဖို့ သွားပြောရင် ဒီလောက် ကားတွေ ရှုပ်၊ လမ်းတွေက ကျင်း၊ ချိုင့် တွေနဲ့ သေအောင် လုပ်နေတာလားလို့ ဆဲနိုင်သည်။ ဆင်းရဲပြီဆိုလျှင် ပုံမှန်စားရဖို့ထက် အရေးကြီးတာ ဘာမှ မရှိ။ ၀တ်ဖို့ သိပ်အရေးမကြီး။ နေဖို့က ကျောတခင်းစာရရင် ဖြစ်ပြီ။ လမ်းဘေးက ဆိုင်လေးမှာသွားပြီး “ဆီတွေလျှော့နော်၊ အချိုမှုန့်မထည့်နဲ့။ ဖုန်တွေ ယဉ်တွေ မနားအောင် အုပ်ထားရဲ့လား။ ကန်ဇွန်းရွက်ကြော် နှစ်ရာဖိုးနဲ့ ၀က်သား သုံးရာတန် တတုံး လုပ်စမ်းပါ” လို့ သွားဝယ်ရင် အသက်ထွက်အောင် ထုမလွှတ်လျှင် ကံကောင်း။

သို့သော်လည်း ကျွန်တော်ထိုင်နေသည့် လ္ဘက်ရည်ဆိုင်လို စီးပွားရေးကြီးတွေ ကြတော့ မလိုအပ်ဘဲ အချိုမှုန့်တွေ သုံးတာ လွန်သည်လို့ ထင်သည်။ တကယ်ကျတော့ သူတို့ ဆိုင်တဆိုင်ထဲ မှ မဟုတ်တာ။ စားသုံးသူတွေရဲ့ ကျန်းမာရေးကို ထည့်သွင်း စဉ်းစားပြီး အလုပ်လုပ်သော သူဌေးတွေ မြန်မာပြည်မှာ ရှား လို့ မှတ်ချက်ချရမည်။ ငပိထဲမှာ ဓာတုပစ္စည်းတွေ ထည့်သည်။ ရေသန့်ဆိုပြီး လိမ်ရောင်းသည်။ လ္ဘက်ထဲမှာ ကင်ဆာဖြစ်စေမည့် ဆိုးဆေးတွေ သုံးသည်။ ကော်ဖီမစ်ထဲမှာ ထန်းလျက်ကြိတ်ထည့်သတဲ့။ အရက်တွေထဲမှာ မြန်မြန်သေအေးရောဆိုပြီး လုပ်နေကြသည်ဘဲလေ။

လ္ဘက်ရည်ဆိုင်က ကျွန်တော်ထပြန်လာတော့ ပါးစပ်ချဉ်လာသည်။ ကွမ်းလေး တယာလောက် ၀ါးလိုက်ရရင် အာဂပါးစပ် လူဖြစ်ကျိုး အလွန်နပ်မှာဆိုသည့် အာရုံတပ်မက်မှုက ငေါထွက်လာသည်။ “အို.. ငါ့အသက် ငယ်တော့တာ မဟုတ်ဘူး။ စောင့်စီး အောင့်အီးနေရတာတွေ သိပ်များတဲ့ ဘ၀။ ဒါလေးတော့ ကိုယ် ကြိုက်တာ ကိုယ်လုပ်စမ်းပါရစေ” လို့ တွေးပြီး ကိုယ့် ကျောကိုယ် ပြန်သပ်ပြီး သနားသွားသည်။
“92 နှပ်ဆေးရည်နဲ့ နှစ်ရာဖိုးလောက်” လို့ ကျွန်တော်စားနေကြ ကွမ်းယာဆိုင်မှာ ၀င်ပြီး ၀ယ်သည်။

ပိုက်ဆံအိတ်ထဲမှ အတော်ကြီး နွမ်းနေပြီဖြစ်သည့် နှစ်ရာကျပ်တန်ကို ထုတ်ပေးလိုက်သည်။ ကွမ်းယာသည် ကောင်လေးက သူ့လက်ဖြင့် ပိုက်ဆံ နွမ်းနွမ်းဖတ်ဖတ်ကြီးကို အရင်သိမ်းသည်။ ဘယ်ခေတ် ဘယ်ကာလက ချိတ်ထားသည် မသိသော ဘာအရောင်လဲဆိုတာ ဓားထမ်းငြင်းရမည့် အရောင်အဆင်း မဲ့နေပြီဖြစ်သည့် အ၀တ်စုတ်မှာ သူ့လက်ကို သုတ်သည်။ ကွမ်းကို မြန်မြန်ယာသည်။ လက်သည်းဂျီးတွေ အထပ်ထပ်ဖြစ်နေသည့် သူ့လက်ကြီးထဲမှာ ကွမ်းယာတွေကို ညှပ်ပြီး “တယာစားအုံးမှာလား အစ်ကို” လို့ ကျွန်တော့်ကို လှမ်းမေးသည်။ ခေါင်းငြိမ့်ပြလိုက်ပြီး သူလှမ်းသည့် ကွမ်းယာကို ပါးစပ်ထဲ ထည့်ဝါးလိုက်တော့ စားကောင်းလိုက်သည့် ဖြစ်ခြင်း။ လေးလေးပင်ပင် ရှိလှသည်။ လေးမှာပေါ့ သူ့လက်က ဂျီးတွေ နဲ့ ဆေးရွက်ကြီး တန်ခိုးတွေ နေမှာပေါ့။

ကိုယ်လုပ်ချင်တဲ့ အလုပ်ကို တားမယ့် ဆီးမယ့်သူလဲမရှိ၊ ဘယ်သူ့ကိုမှ ငဲ့ညှာနေစရာမလိုဘဲ  လွတ်လွတ်လပ်လပ်ကြီး လုပ်ခွင့်ရလျှင် ခံစားရသည့် ကျေနပ် ပီတိဖြာမှုများလို ကွမ်းဝါးရခြင်း အရသာကို ခံစားမိသည်။ ကျွန်တော်၏ စိတ်အတွေးအစဉ်များလဲ ပြောင်းလဲသွားသည်။ တကယ်ကျတော့ မြန်မာပြည်မှာ ကျန်းမာရေးကို သိပ်ပြီး ဂရုစိုက်ဖို့ မလိုဘူးလို့ ကျွန်တော့်အတွေးပြောင်းသွားသည်။ ဘာလုပ်မှာလဲ။ ကျန်းမာရေး လိုက်စားလို့ အသက်တွေ ရှည်နေရင်လဲ ဒီလူတွေ မရ အရ ဆွဲဆန့်ကြအုံးမည့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ စနစ်၊ ခေတ်ကြီးမှာ ဘာသွားလုပ်ရမှာလဲ။ မြန်မြန်သေ အေးတာဘဲလို့ တွေးပြီး ကွမ်းယာကို ပါးစောင်မှာ ကြိတ်ဝါးရင်း ကွမ်းသွေးကို လမ်းပေါ်သို့ “ပြစ်” ခနဲ့ အသံမြည်အောင် ထွေးထုတ်လိုက်သည်။ ပြီးတော့ “ဒါမျိုးမှ အကြောပေါင်း တထောင်စိမ့်တဲ့ မြန်မာပြည်သားကွ” လို့လဲ ကိုယ့်ဘာသာ ဂုဏ်ယူ ကြည်နူး ပီတိဖြာနေမိသည်။ လောကကြီးက နေတတ်ရင် ကျေနပ်စရာချည်းဘဲ မို့လား။ ဘာလုပ်မှာလဲ အသက်တိုတိုလေးမှာ။ ကျန်းမာရေးတွေ၊ ဆင်းရဲတာတွေ၊ နိမ့်ကျတာတွေ၊ အဆင့်အတန်းမမှီတာတွေ လျှောက်တွေးနေရင် ဘ၀က ဘာအရသာ ရှိတော့မလဲလို့ တွေးရင်း ကွမ်းကိုသွာ ဖိ ဖိပြီး ကြိတ်ဝါးပြစ်လိုက်သည်။

ဖိုးထက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို, ဖိုးထက်, ရသဆောင်းပါးစုံ

One Response to ဖိုးထက် – စိတ်အရောင် ပြောင်းစေတဲ့ ကွမ်းတယာ

  1. Catwoman on September 20, 2014 at 4:53 am

    That s disgusting

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်