သက်ခိုင် – ကြက်ဖရိန်၊ ငစွန့်စားအောင်ဖေနဲ့ ရေနံဆီဗုံး

September 21, 2014

သက်ခိုင် – ကြက်ဖရိန်၊ ငစွန့်စားအောင်ဖေနဲ့ ရေနံဆီဗုံး
(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၁၄

(၁)
တောထဲမှာက မွေးထားတဲ့ကြက်ကလေးတွေကို အမြန်ထွားစေချင်တော့ ရဲဘော်တွေက အားနေရင် ခြတောင်ပို့တွေကို သွားသွားရှာလာပြီး ခွဲကျွေးတတ်တယ်။ ခြတောင်ပို့က လုံးပတ်၂ပေလောက်အထိ ရှိတတ်တယ်၊ သူ့တွေ့ပြီဆိုရင် မြေကြီးထဲမြုတ်နေတဲ့အပိုင်းကို ပေါက်တူးနဲ့တူးပြီးဖော် အဲဒီလိုဖော်နေလို့ တဂုတ်ဂုတ်မြည်နေတာနဲ့တင် အပြင်ထွက်နေတဲ့ ကောင်တွေ ရှိရင်လည်း သူတို့ရဲ့တောင်ပို့ထဲ အတင်းဝင်ပြေးကြတော့တာကိုး တူးပြီးလို့ ရလာပြီဆိုရင် စခန်းကိုထမ်း မလာကြတော့တာပဲ။

ခြတောင်ပို့တလုံးလုံးများ ထမ်းလာပြီဟေ့ ဆိုလို့ကတော့ ရှိသမျှကြက်ဘိုးအေတွေကော ကြက်မဒမ်းလေးတွေကော ပြေးလာကြပြီး အတင်းခွဲခိုင်းတော့တာပဲ၊ အဲဒီကြမှ လူတွေကဓါးမနဲ့ အသာလေး တဖဲ့စီဖဲ့ အပေါက်တွေထဲမှာ ရှိနေတဲ့ခြတွေကို ခေါက်ချ၊ အဲဒါကို ကိုယ်တော်ချောကြက်တွေက မြိန်ရေရှက်ရေစားသုံး အဲဒီလို၊ အောင်ဖေတို့ ရဲဘော်တွေ တသိုက်က ကြက်ကလေးတွေကို သိပ်စေတနာထားလို့တော့ ဟုတ်ဟန်မတူပါဘူး၊ ခြကိုစားရရင် ကြက်ကလေးတွေက အကောင်ထွားတာ မြန်တယ်လေ အဲဒီအခါကြ ကြက်သားဟင်း မြန်မြန်စားကြရတာကိုး ဒါကြောင့်ဖြစ်မယ်။ တယောက်မဟုတ် တယောက်ကတော့ အားအားရှိ ခြတောင်ပို့ခွဲပြီး ကျွေးကျွေးနေတော့တာပဲ။

စခန်းမှာ အသုံးစားရိတ်ဆိုတာက တလကိုဘတ်ငွေ ၅၀၀လားမသိ သတ်မှတ်ပေးထားတာရှိတယ်၊ ဒီအထဲက ဆီ၊ဆား၊ ဓါတ်ခဲ၊ ရဲဘော်တွေ မုန့်ဖိုး၊ ဖျားနာစားရိတ်၊ တခါတလေ အသားပေါ်ရင် ဟင်းစားဖိုး ဒါတွေကို သုံးရတာကိုး၊ ဟိုလူတွေ ရှေ့တန်းသွားတုန်းက ထားသွားခဲ့တဲ့ ပိုက်ဆံက ၃လလောက်နေတော့ ပြတ်သွားကော၊ သူတို့က ၂လလောက်ပဲ ကြာမယ်ထင်ပြီး ဆင်းသွားကြတာကိုး အဲဒီတော့ ၄လလောက်ကြာလာတော့ ပိုက်ဆံက လုံးဝပြတ်ပြီ၊ စံခကရုံးကိုတက်ပြီး ပိုက်ဆံရှာမှရတော့မယ်၊ ဒါကြောင့်မိုးအရမ်းမကြီးခင် အောင်ဖေစံခတက်ဖို့ ဖြစ်လာပါလေကော။

စံခရောက်တော့ ကိုနေမျိုးနဲ့ အဲဒီမှာယာယီခဏ ရောက်နေတဲ့ ကိုရဲနဲ့ ရှိနေတယ်၊ ရောက်ရောက်ခြင်းဆိုသလို ကိုနေမျိုးက ကြက်ကင်ဝယ်ကျွေးတာ အတော်ကိုစားလို့ကောင်းတာပဲ တခုမှ ၁ဘတ်လားမသိ၊ တောထဲမှာဆိုတော့ အသားက နပ်မမှန်တာ စားရခဲတာလည်းပါမယ်ထင်တယ်၊ နောက်ရက် ဈေးသွားဝယ်မယ်လိုက်ခဲ့တဲ့ ခေါ်ပါလေကော၊ လိုက်မယ်ပေါ့ ဈေးရောက်ဖူးတယ် ရှိတာပေါ့ဗျာပေါ့လေ။

ဈေးရောက်တော့ ထွေထွေထူးထူး မဟုတ်ပါဘူး ကြက်ဖရိန်လို့နောက်ပြီး ခေါ်ကြတဲ့ ကြက်အကောင်လိုက်ကို ကလီစာတွေ အသားတွေ နွင်ထားပြီးလို့ ကပ်ရပ်ပြီးကျန်နေတဲ့ အသားအချို့ရှိနေတဲ့ ကြက်ရိုးကို ၀ယ်တာပေါ့၊ သူနဲ့ဆိုင်ရှင်နဲ့က ထိုင်းလိုတွေ ပြောနေတယ် အောင်ဖေကတော့ နားမလည်ပါဘူး ဟိုကမေးတာကို သူကပြုံးပြီး လက်၂ချောင်း ထောင်ပြတယ် ဆိုင်ရှင်ကခေါင်းတငြိမ့်ငြိမ့်ပေါ့၊ ဒါနဲ့လမ်းရောက်တော့ အောင်ဖေက မေးတာပေါ့။

“ဟေ့လူ ခင်ဗျားက ထိုင်းစကား အတော်တတ်နေပြီပဲဗျ၊ အဖွားကြီးက ဘာတွေခင်ဗျားကို မေးနေတာတုန်းဗျ”

အဲဒီတော့ သူကဖြေတယ်၊ ကျနော်က ကြက်ရိုးခဏခဏ လာဝယ်လို့ မေးနေတာဗျတဲ့၊ ဒါနဲ့အောင်ဖေလည်း ဘယ်လို မေးလို့တုန်းဗျပေါ့လေ။ သူကဆက်ပြောတော့မှ အောင်ဖေသဘောပေါက်သွားတယ်။

“အဲဒီလို ခဏခဏ၀ယ်နေတော့၊ ထိုင်းမှာက ကြက်ရိုးဆိုတာ ခွေးလေးတွေအတွက်ပဲ ချက်ပြုတ်ကျွေး ကြတာလေ၊ ဒါကြောင့် အိမ်မှာ ခွေးဘယ်နှစ်ကောင်ရှိလဲ မေးနေတော့၊ ကျနော်က ၂ကောင်လို့ ပြန်ဖြေလိုက်တာဗျ” တဲ့။

ကဲမှတ်ကရော၊ အောင်ဖေနဲ့ကိုရဲကို မျက်စိထဲမြင်ပြီး ဖြေလိုက်ပုံရပါတယ်၊ သူ့ကိုယ်သူကြတော့ ထည့်မတွက်ဘူး၊ သူကတော့ သခင်ပေါ့လေ လုပ်ပုံကိုက။

အောင်ဖေလည်း တောသားမြို့ရောက် ဆိုသလိုသူခေါ်တဲ့နေရာတွေ လိုက်လိုက်သွားကြည့်ပေါ့လေ၊ ဘာလို့ဆို အရင်တုန်းက မွန်ဘက်ကမ်း ၀င်းကအပိုင်းပဲ ရောက်ဖူးတာကိုး အခုရုံးရှိနေတာက ထိုင်းမြို့ဘက်ခြမ်း စံခရဘူရီအပိုင်းကိုး ဒီဘက်မှာက ကရင်တွေ၊ ထိုင်းတွေပဲ များတယ်၊ မွန်မရှိသလောက်ပဲ။ မြို့ကတော့ သေးသေးလေးပါပဲ ဒါပေမယ့်လိုအပ်တဲ့ အခြေခံအဆောက်အဦတွေ ပြည့်စုံတယ်ခေါ်ရမယ် ရဲစခန်း၊ ဆေးရုံ၊ မီးသတ်၊ ကျောင်း၊ ကျန်းမာရေးဌာန စတာတွေ ပေါ့လေ။

အောင်ဖေရောက်ပြီး ၁ပတ်လောက်ကြာတော့ ငွေလည်းနည်းနည်း ရလာပြီဆိုတော့ စခန်းဆင်းဖို့ ပြင်ရပြီ။ ငွေရတယ်ဆိုတာက ကိုနေမျိုးကနေ တခြားအဖွဲ့တွေဆီက ချေးပေးတာ၊ ၂၀၀၀ လောက်ရှိမလားတော့ မပြောတတ်ဘူး မှတ်တော့ မမှတ်မိတော့ဘူး။

(၂)
စခန်းဆင်းမယ်ဆိုတော့ ရာသီဥတုအခြေအနေ၊ လှေရှိမရှိ စုံစမ်းရပြီပေါ့၊ မိုးတွင်းဆိုတော့ လှေနဲ့ကရိန်ကန်ဆိုတဲ့ ဟိုးအရင် အေဘီစခန်းဟောင်း နေရာကိုသွား၊ အဲဒီကနေမှ ပေါက်ကြူ၊ ပယော်၊ စခန်းအထိ လမ်းလျှောက်သွားရတာကိုး။ မသွားခင် ရခိုင်အဖွဲ့က ရဲဘော်တွေနဲ့တွေ့တော့ မေးကြည့်တယ်၊ အောက်မှာအခြေအနေ ဘယ်လိုရှိလဲပေါ့၊ ခင်ဗျားတို့စခန်းက ရဲဘော်တယောက် ဖျားလို့ဆေးရုံတင်ထားရတယ်တဲ့ ဟာဒါဆိုကွိုင်ပဲ အမြန်ဆင်းမှရတော့မယ်ပေါ့လေ။

ဖြစ်ချင်တော့ လှေတွေကသွားမယ့်လှေ မရှိဘူးဖြစ်နေတယ် မိုးတွင်းဆိုတော့ လူသွားလူလာ သိပ်မရှိတတ်ဘူးလေ၊ ကိုယ်တယောက်ထဲကတော့ ဘယ်လှေမှ လိုက်မှာမဟုတ်၊ ကံကောင်းချင်တော့ ပစ္စည်းသွားပို့မယ့် လှေတစီးရှိတယ်ဆိုတာနဲ့ ဖြစ်ချင်ရာဖြစ်ဆိုပြီး လိုက်လာခဲ့တော့တာပဲ။ ကရိန်ကန်ရောက်တော့ လှေဆိပ်နားက တဲတလုံးမှာနေတဲ့ မွန်ဦးလေးကြီးတဦးကို ပြောပြီး သူ့အိမ်မှာ နားနေလိုက်တယ်၊ ဘာလို့ဆိုချောင်းတွေမှာ ရေတွေက အရမ်းများနေပြီလေ နွေတို့ဆောင်းတို့လို ဖြတ်ကူးလို့ မရတော့ဘူး၊ အရင်ပုံမှန်ရေထက် ၃မီတာလောက်ကို မြင့်နေပြီလေ၊ ပိုဆိုးတာက အောင်ဖေက ရေမကူးတတ်တော့ ဒီလောက်အထိတော့ မစွန့်စားရဲဘူး တောင်ကျချောင်းက စံခအင်း(ဆည်) လေ့လာရေးအတွက် ပြန်ခေါ်သွားမယ်လေ၊ ဆိုလိုတာက ဒီချောင်းတွေအကုန်လုံးက စံခရဘူရီအင်းကြီးထဲကို အကုန်စီးဝင်တာ။ သူကနေတဆင့် ကန်ချနဘူရီခရိုင်ကို ရေချိုဖြန့်တာကိုး။ တော်ကြာ လူကြားမကောင်း သူကြားမကောင်း အောင်ဖေစံခအင်းထဲမှာ ဂျပန်လိုပြောရရင် ဟာရာကီရိ (sucide ကိုယ့်ကိုယ်ကို သတ်သေခြင်း) လုပ်သွားတယ် ထင်နေ ကြမယ်။

ဒါနဲ့ ၃-၄ရက် ထပ်စောင့်နေရပြန်ကော၊ ဦးလေးကြီး ထောင်လို့ရလာတဲ့ မြုံးထဲကငါးလေးတွေကို သူနဲ့ချက်စားလိုက်၊ စခန်းအတွက် ၀ယ်လာတဲ့ ရိက္ခာထဲက နည်းနည်းထုတ်ပြီး ချက်လိုက်နဲ့ သူပြောတာ ကိုယ်လည်း သိပ်နားမလည် ကိုယ်ပြောတာလည်း သူကသိပ်နားမလည်နဲ့ အဆင်တော့ပြေနေတော့တာပါပဲ။ ရေအကျစောင့်ပါတယ်ဆိုမှ မိုးက တိတ်တယ်ကို မရှိတော့ဘူး ဆက်တိုက်ကိုရွာနေတော့တာပဲ အဲဒီနှစ်က ၁၉၉၄ခုနှစ်ဆိုတော့ မြန်မာလိုပြောရရင် ၀ါကလည်းထပ်တယ်လေ၊ မိုးများတာပေါ့။

ဒါနဲ့ ၄-၅ရက်လောက်အရောက်မှာ စခံကနေ ကုန်သည်အဖွဲ့လား ထိုင်းကပြန်လာတဲ့ မိသားစုတွေလားမသိ ရောက်လာကြကော၊ သူတို့မှာ ကလေးတွေလည်းပါတယ် ကျောသိုင်းပြီး ထုပ်ပိုးလာတာပေါ့လေ။ သူတို့ကလည်း အရေးကြီးနေပုံရပါတယ်၊ အမြန်ပြန်ချင်နေကြတယ်၊ ဒါနဲ့အောင်ဖေက မွန်ဦးလေးကြီးနဲ့ လှေသမားတွေကို စပ်စုရတော့တာပေါ့၊ ဒီကုန်သည်လမ်းက စမ်းချောင်းတွေ မဖြတ်ရဘဲ ပယော်ရွာကို ဘယ်လိုသွားလို့ ရနိုင်မလဲပေါ့၊ အဲဒီမှာ ၀မ်းသာသွားရတော့တာပဲ၊ သူတို့ပြောတာက လှေကို အထက်ထိဆက်စီး၊ တနေရာရောက်ရင် တောင်ကြောတခုရှိတယ်၊ အဲဒီကနေ တောင်ပေါ်လမ်းလျှောက်ရင် တရက်သွားပဲ ပယော်ကို တန်းရောက်တယ်တဲ့၊ အောင်ဖေ၀မ်းသာလိုက်တာလေ တောင်တန်းတွေပေါ် လမ်းလျှောက်ရတာကတော့ ပျင်းတောင်ပျင်းသေးတယ်ပေါ့။

ဒါနဲ့အိမ်ပြန်ကြမယ့် အဖွဲ့တွေကိုညှိတယ် ဒီလိုဒီလိုရှိတယ် သွားကြမလားပေါ့၊ ဘာမှမပူနဲ့ ကျနော်ရှေ့ကနေ လမ်းရှင်း ပေးသွားမယ်ပေါ့လေ၊ လိုက်သာလိုက်ခဲ့ပေါ့။ သူတို့ကလည်း သဘောတူတယ် ကိစ္စမရှိဘူး သွားလို့ရရင် တော်ပြီပေါ့လေ၊ ဒါနဲ့တောင်းတောင်းပန်ပန်နဲ့ လှေသမား ရှာရတာပေါ့ တချက်လိုက်ပို့ပေးပါပေါ့၊ စခန်းကရဲဘော်တွေလည်း နေမကောင်းဖြစ်နေတယ်၊ ပိုက်ဆံလည်းမရှိ၊ ဟိုအဖွဲ့တွေလည်း အရမ်းအရေးကြီးနေတယ် ကလေးတွေလည်း ပါနေတယ်ပေါ့၊ တော်ယုံလှေသမားကလည်း မလိုက်ရဲဘူး ရေစီးကကြမ်းတယ်လေ ပြီးတော့ သွားလေ့သွားထ သိပ်မရှိဘဲ ကျောက်ဆောင်ကျောက်ခဲတွေကလည်း ရှိနေတော့ လန့်ကြတယ်၊ ဒါပေမယ့် နောက်ဆုံးမှာ လှေသမားတယောက်က သူလိုက်ပို့မယ် ငြိမ်ငြိမ်စီးပြီးသာ လိုက်ခဲ့ကြပေါ့လေ။

သူပြောတာလည်း ဟုတ်သား ရေစီးကော လမ်းကကော အတော်ကြမ်းတာကိုး အောင်ဖေတို့တတွေ ဘုရားတပြီး တုတ်တုတ်မှ မလှုပ်ရဲဘဲ ငြိမ်ပြီး လိုက်သွားရတယ်၊ တခါတခါ လှေက ကရိန်ကန်ပြန်မယ်ချည်းပဲ လုပ်နေလို့ မနည်းချော့မော့ မောင်းနေရတယ်၊ ဆိုလိုတာ ရေစီးအရမ်းကြမ်းတော့ ရေစီးကို အတင်းထိုးခွဲတက်တာ မနိုင်ဘဲ လှေခေါင်းပြန်လည်ပြီး ရေထဲမျောတာကိုပြောတာ။ နောက်ဆုံးတော့ ကံကောင်းထောက်မစွာဘဲ တောင်ခြေတခုကို နေ့လည်၁၂နာရီလောက်မှာရောက်တယ် အောင်ဖေတို့လည်း ကျေးဇူးအများကြီးတင်ကြောင်း အခုလိုကူညီတာ မမေ့ပါကြောင်း နောက်တွေ့တာပေါ့ ဘာညာပြောပြီး ခရီးဆက်ထွက်ဖို့ ပြင်ရတော့တယ်။

ခက်တာက အောင်ဖေ့ကျောပိုးအိတ်မှာ ရိက္ခာတွေကလွဲပြီး ဓါးတို့ လက်သည်းညှပ်တို့ ဘာမှမပါဘူး၊ ဒါကြောင့် အတူပါလာတဲ့ လူအုပ်ကိုပြောရတယ်။

“ခင်ဗျားတို့ဆီမှာ ပါတဲ့ဓါးတချောင်း ကျနော့်ပေး ကျနော်ရှေ့ကနေသွားမယ်၊ လမ်းဂွဆုံတွေတွေ့ရင် သွားရမယ့် လမ်းကလွဲပြီး လမ်းပိတ်ခဲ့မယ် ဖွင့်ထားတဲ့လမ်းအတိုင်း လိုက်လာခဲ့ကြ ညနေဆို ပယော်ရောက်မယ်လို့ ထင်တယ်၊ ဟိုလူတွေ ပြောတာ ဒီအတိုင်းပဲ”
အဲဒီလို ရှင်းပြရတယ်၊ လှေသမားတွေပြောတာကတော့ အဲဒီအတိုင်းပဲ တရက်ခရီးဆို ရောက်တယ်တဲ့၊ သူတို့ တရက်ခရီးဆိုတာ အောင်ဖေ့ခြေနဲ့ဆို နေ့တ၀က်ပေါ့ ဒါကြောင့်ရွာသားလား ကုန်သည်လားမသိတဲ့ အဖွဲ့တွေကို မစိုးရိမ်ရအောင် ညနေရောက်မယ်လို့ ပြောရတာ။

တောင်ကြောပေါ်စတက်တော့ အောင်ဖေက ရှေ့ကနေဦးဆောင်ပြီး တက်တာပေါ့၊ ရွာသားတွေကတော့ တဖြည်းဖြည်း တက်လာကြတာပါပဲ၊ တောတိုးတက်ရတယ်သာပြောတာ အမှန်တော့ မဟုတ်ဘူး မုဆိုးတွေသွားလာထားလို့ လမ်းရာလေးရှိထားတော့ အေးဆေးပါပဲ၊ နာရီဝက်လောက်ကြာတော့ တောင်ထိပ်ကြောပေါ်ကို ရောက်သွားပါလေကော၊ နောက်မိနစ်၂၀လောက်ကြာမှ ရွာသားတွေ ရောက်လာကြတယ်၊ သူတို့ရောက်လာတော့ အောင်ဖေကသူတို့ကိုပြောတယ်၊ ဟုတ်ပြီ ဘာမှမပူနဲ့ ဒီကြောအတိုင်း ဆက်လျှောက်ကြရမှာ လမ်းတွေတွေ့ရင် ညာဘက်ကြောကိုသာ ရွေးပြီးလာခဲ့ကြ ကျနော်သွားနှင့်မယ် မသွားရမယ့်လမ်းတွေကို လမ်းပိတ်ခဲ့မယ်ဆိုပြီး ဆက်ထွက်လာခဲ့ရော။

အောင်ဖေက ခြေလှမ်းမြန်တော့ အထုပ်အပိုးတွေ၊ ကလေးတွေနဲ့ မိုးကာတွေခြုံပြီး တဖြည်းဖြည်းခြင်း လိုက်လာတဲ့သူတို့တွေ မမီနိုင်ဘူးဆိုတာ သိတယ်၊ ဒါကြောင့် စောင့်မနေတော့ဘဲ တောက်လျှောက် အမြန် လျှောက်တော့တာပဲ၊ တချို့နေရာတွေမှာ လမ်းနှစ်ခွတို့ သုံးခွတို့တွေ့တယ်၊ တွေ့တိုင်းညာအစွန်လမ်းကိုပဲ ရွေးသွားတော့တာပဲ၊ ကျန်တဲ့လမ်းတွေကို သစ်ကိုင်းခုတ်ပြီး ချထားခဲ့တယ် လမ်းပိတ်တဲ့သဘောပေါ့၊ တောင်ကြောသဘောအရဆို စလာတာက တောင်ဘက် ရွာကမြောက်ဘက်မှာ ရှိနေမှာလေ၊ လမ်းမှားသွားခဲ့ရင်တောင် ပေါက်ကြူနဲ့ ပယော်ကိုသွားတဲ့ ကုန်သည်လမ်းနဲ့ သူ့ဘေးကတောက်လျှောက် စီးလာတဲ့ စမ်းချောင်းကို ပေါက်မယ်ဆိုတာ တွက်မိနေတော့ ညာကိုချည်းပဲ ရွေးလာခဲ့တာ၊ လမ်းမှာမိုးကလည်း တအားရွာနေပြန်ကော၊ ရေဆာရင်တော့ လဲနေတဲ့ သစ်ပင်တွေအပေါ်က သစ်ပင်ပင်စည်ပေါ်မှာ ချိုင့်ခွက်လိုဖြစ်နေတဲ့အထဲ အိုင်နေတဲ့ရေကို လက်ခုပ်နဲ့ခပ် သောက်ပေါ့။

ဒါနဲ့လာခဲ့တာ ညနေစောင်းတော့မယ်၊ ဘာရွာမှမရောက်သေးဘူး အောင်ဖေစိုးရိမ်လာပြီ ငါများတခုခုမှားပြီလားပေါ့၊ ရွာသားတွေလည်း အဝေးကြီးမှာ ကျန်ခဲ့ပြီ ငါတယောက်ထဲ တောထဲမှာ ဘယ်လိုလုပ်ရပါ့မလဲ၊ စိတ်တော့ အတော်ညစ်သွားတယ် ဒီလှေသမားတွေပြောတာ ဟုတ်ပါ့မလား ငါတို့ပယော်ကိုရောက်ကော ရောက်ပါတော့မလားပေါ့။ သေချင်စော်ကို နံသွားတော့တာပဲ။

ထင်တဲ့အတိုင်း အမှောင်ကစလာပြီ ဘယ်လိုမှဆက်သွားလို့ မရတော့ဘူး တနေရာရာမှာ အိပ်မှနားမှ ရတော့မယ်၊ လူလည်းအရမ်းပင်ပန်းနေပြီ ရောက်လိုဇောနဲ့ အမြန်လာခဲ့တာ မိုးရွာထဲမှာ လူကချွေးတွေတောင်ထွက်နေပြီ၊ ငါတော့မှားပြီလားမသိ၊ ရဲဘော်တွေ နေမကောင်းဘူး ဆေးရုံတက်နေရတယ်ဆိုတာနဲ့ အတင်းဆင်းလာခဲ့တာ ပွဲခံပြီပေါ့၊ ဒီလိုစဉ်းစားရင်း စိုးရိမ်ရင်းလာခဲ့တာ ဗြုန်းဆိုစမ်းချောင်းသေးသေး တခုတွေ့ပါလေကော အလင်းမှုန်မှုန်လေးသာ ကျန်တော့တဲ့အထဲ အဲဒီစမ်းချောင်းထဲမှာ ကျောက်တုံးကြီး အကြီးကြီးတတုံးကို ဘွားကနဲတွေ့ရပါလေကော၊ ဒီကျောက်တုံးကြီးက အပေါ်ယံမျက်နှာပြင်က ပြန့်နေတယ် ဒီတော့လူက၀မ်းသာသွားတယ်၊ ဒီကျောက်တုံးပေါ်မှာပဲ အိပ်လိုက်မယ်ပေါ့၊ ဘာလို့ဆို တောင်ထိပ်ကြောဆိုတော့ တောင်ကျရေတွေဘာတွေ ဒီထက်ပိုပြီး များများစားစား ကျလာစရာမရှိဘူးလေ စိတ်ချရတယ်။

ဒါနဲ့ကျောက်တုံးပေါ်ကိုတက် ကျောပိုးအိတ်ကိုချ သူ့ကိုခေါင်းအုံးလုပ် မိုးကာကိုတကိုယ်လုံးကို ပတ်ပြီးလက်ထဲမှာ ဓါးကို သေချာကိုင်ထားပြီး ငြိမ်နေလိုက်ရတော့တယ်၊ ဘယ်လိုမှတညလုံး အိပ်မရဘူး မိုးကလည်းတချိန်လုံးရွာ ဒီကြားထဲတချိန်လုံး အေးနေခဲ့တာဆိုတော့ လူကလည်းငှက်ဖျားပိုးထလာ၊ တုန်တုန်ယင်ယင်နဲ့ လန့်ကလည်းလန့် ငါ့ဘယ်အချိန်များ စပါးကြီးလာပတ်မလဲပေါ့လေ အတော်ကိုစိုးရိမ်နေကော၊ ကျန်တဲ့အကောင်တော့ ဘာမှမကြောက်ဘူး စပါးကြီးအမျိုခံရမှာပဲ လန့်နေတာ၊ ဒီကောင်တွေက တွေ့ရင်ပြေးပတ်ပစ်တာ ပြီးရင်ဖြစ်ညှစ်ပစ်ပြီးမှ မျိုတတ်တာလေ။ ကဲမတတ်နိုင်ဘူး မြိုလဲမြိုတော့ကွာ ငါ့မှာရွေးစရာ လမ်းမရှိတော့ဘူး၊ ကံတရားပဲပေါ့။

ဒီလိုနဲ့တညလုံး တထိတ်ထိတ်တလန့်လန့် နေလာခဲ့တာ မနက်၅နာရီလောက် ရှိလောက်ပြီ၊ အလင်းပျပျ စမြင်ရတော့မယ် လူလည်းဝမ်းသာသွားတယ် ငါတော့လွတ်ပြီကျွတ်ပြီပေါ့ ဘာစပါးကြီးမှ မလာဘူး တော်ပါသေးရဲ့ပေါ့။ နောက်၆နာရီ အချိန်လောက် ရှိတော့မယ်ထင်ပါရဲ့ အလင်းကောင်းကောင်း ကျလာပြီ လူလည်း အားရ၀မ်းသာနဲ့ ခရီးဆက်ထွက်ဖို့ ပြင်ရပြီ၊ ကျောပိုးအိတ်ကိုလွယ် ဓါးကိုကျစ်ကျစ်ပါအောင်ဆုတ်ပြီး အောင်နိုင်သူခြေလှမ်းနဲ့ အောင်ဖေတို့ မနက်ခင်းကို ကြိုတော့တာပေါ့။

တခုရှိတာက ဒီမုဆိုးလမ်းလေးက အောင်ဖေအိပ်တဲ့ စမ်းချောင်းလေးဘေးကနေ ကပ်သွားတာဆိုတော့ လမ်းကတော့ မပျောက်သေးတာ သေချာတယ်၊ ဒါကြောင့် ငါ့မှာ မနက်ကနေ ညနေအထိ ၁၂နာရီအချိန်ရတယ် လမ်းလျှောက်လို့ရတယ် အားတင်းထားအောင်ဖေပေါ့၊ ဆက်လျှောက်လာတော့ လမ်းလေးကတောင်စောင်းလေးအပေါ်ကို တက်ပြန်ပါလေကော ကွိုင်ပဲဒီလမ်းက ရွာကိုရောက်ပါတော့မလားပေါ့၊ နာရီဝက်လောက်ပဲ စမ်းချောင်းကနေလျှောက်လိုက်တယ် ဘွားကနဲ အောင်ဖေတွေ့လိုက်ရတာက ၀ါးတော၊ မျက်စိတောင်မယုံဘူး ၀ါးတောစစ်စစ်။ ဒီဝါးတောမှာ ၀ါးခုတ်ထားတဲ့ ဓါးချက်တွေနဲ့ဝါးတော အောင်ဖေပျော်လိုက်တာလေ၊ ဘာလို့ဆို ၀ါးတွေခုတ်ထားတယ် ဆိုကတည်းက ဒီမနီးမဝေးမှာ လူသူရှိနေပြီဆိုတာ သေချာပြီ။

အားရ၀မ်းသာနဲ့ အောင်ဖေဆက်လျှောက်တော့တာပဲ၊ တောင်ကြောထိပ်တခုပေါ်မှာ လျှောက်နေရာက ရုတ်တရက် လူသံတွေကြားလာပြီ၊ ဒီမှာတင်လမ်းက ဆုံးသွားကော ကြောပြတ်ရွေ့ကြီး အောက်ကိုငုံကြည့်လိုက်တော့ ရွာတရွာ၊ ဟာလူတွေသွားလာနေတယ်၊ ဒါသေချာတယ် ထိုင်းရွာတော့ မဟုတ်ဘူး မြန်မာပြည်ဘက်ခြမ်းကရွာပဲ ဖြစ်ရမယ် ဘာလို့ဆိုလူတွေ ၀တ်စားဆင်ယင်ပုံက မြန်မာပြည်သားတွေ ဒီဇိုင်းအတိုင်း။

အောင်ဖေငုံကြည့်နေတဲ့ ကြောထိပ်နဲ့ ရွာလမ်းလေးဘေးမှာ ကပ်ပြီးစီးနေတဲ့ ကြောအောက်က စမ်းချောင်းက လူကူးလို့ရတယ် ညှင်သာတယ်၊ ဒါဆိုငါ ဒီကမ်းပါးစောင်းကို ဓါးနဲ့ထောက်ဆင်းရင် အောက်ကို သေချာပေါက်ရောက်တယ် ပြုတ်ကျတောင်စမ်းချောင်းထဲပဲ မပူရဘူး၊ မြင့်တာကတော့ ပေ၃၀လောက်တော့ရှိတယ်၊ အောင်ဖေမစိုးရိမ်တော့ဘူး ဘာလို့ဆို ကြောပေါ်ကနေ စမ်းချောင်းဘက်ကို ကျနေတဲ့တချို့နွယ်တွေလည်း ရှိနေတော့ ဒီကောင်တွေကိုတွယ်ဆင်း တဘက်ကဓါးနဲ့ကမ်းပါးနံရံကိုစိုက်ထောက်ပြီးဆင်းရင် အိုကေပေါ့၊ ဒါကြောင့် သေချာကျောပိုးအိတ်ကိုလွယ် နွယ်တစကိုဆွဲကြည့်တယ် ဟာခိုင်တယ် ငါ့အလေးချိန်ကိုနိုင်တယ် အိုကေပြီပေါ့၊ ဒါကြောင့်အောင်ဖေ ဓါးကို တချက်စိုက်လိုက်ပြီး နွယ်ကနေတွယ်ဆင်းတယ် အဆင်ပြေတယ်၊ နောက်တချက်ထပ်စိုက်၊ တွယ်ဆင်းတယ် အဆင်ပြေတယ်၊ အောက်မှာ ၁၀ပေလောက်ပဲကျန်တော့တယ်၊ ရွာလမ်းဘက်တချက်ခေါင်းငဲ့ ကြည့်လိုက်တယ် အောင်မယ်ကလေး၂ယောက် အောင်ဖေ့ကိုလှမ်းကြည့်နေတယ် စမ်းချောင်းဘေးကနေ၊ ဒါနဲ့တဖြည်းဖြည်းချင်းဆင်း စမ်းချောင်းထဲရောက်ပါလေကော၊ အဲဒီကြမှ မြေပြင်ပေါ်ကနေ ရွာအနေအထားကို ကြည့်လိုက်တာ ဟာ ဒါပယော်ရွာ စစ်စစ်ပဲကိုး အောင်ဖေမှတ်မိသွားတယ် ၀မ်းသာလိုက်တာ ပြောမနေနဲ့တော့။

စမ်းချောင်းကို အားရ၀မ်းသာဖြတ် တဘက်ကမ်းရောက်တော့ လမ်းဘေးကဈေးဆိုင်အိမ်ကို တချက်ဝင်နားလိုက်တယ် လူကရင်တွေ ခုန်နေတယ် ငါမသေသေးဘူးပေါ့လေ။ ဒီဈေးဆိုင်က အောင်ဖေ့ကိုသိတယ် ဈေးဝယ်နေကျရယ် တခါတလေ အောင်ဖေတို့ တောအရက်လေးဘာလေး လာသောက်တတ်တော့ ရင်းနှီးနေပြီ အဒေါ်ကြီးကမေးတယ်။ ဘယ်က ပြန်လာလည်းပေါ့၊ စံခကပေါ့လေ၊ အော်တဲ့ တယောက်ထဲလား၊ မဟုတ်ဘူး ရွာသားတွေ နောက်မှာပါတယ် သူတို့က ကလေးတွေနဲ့ဆိုတော့ နည်းနည်းကြာမယ် တဖြည်းဖြည်း လိုက်လာတာပေါ့၊ အဲဒီလိုပြောပြီးမှ အဒေါ်ကြီး ပြောတဲ့စကားကြောင့် အောင်ဖေအမောဆို့ သွားတော့တာပါပဲ။

“အောင်ဖေရယ်၊ နင်ကလည်း ဟိုဘက်ဘေးမှာ အောက်ဆင်းတဲ့လမ်းရှိတာ၊ ဘာလို့အဲဒီက မဆင်းဘဲ စတန့်ထွင်ပြီး ဒီနံရံပေါ်က ဆင်းလာရတာလဲ” တဲ့။

သေပြီဆရာ၊ ရွာထဲဆင်းတဲ့ လမ်းကဘေးမှာရှိနေတာ မြင်လည်းမမြင်တော့ဘူး လူသံသူသံကြားတာနဲ့ အားရ၀မ်းသာ ဆင်းလာခဲ့တာဆိုတော့ အခုတော့သူများပြောတာ ခံရပြီကော၊ မနေ့ကတနေ့လုံး ထမင်းမစားခဲ့ရလို့ ဒီဆိုင်မှာ ထမင်းစားမယ်လို့ စဉ်းစားတာတောင် မစားတော့ဘဲ ထပြန်လာခဲ့တယ်၊ ဘယ့်နှယ် လူကဘယ်လောက်စွန့်စားခဲ့ရတယ် သူကမသိဘူး သူ့မျက်စိထဲ လူစွမ်းကောင်းလုပ်ပြနေတယ်များ မှတ်နေလားမသိ၊ တထိတ်ထိတ်နဲ့ ပြုတ်မကျအောင် သတိထားဆင်းခဲ့ရပြီး မသေလို့မြင်ရတာကို ၀မ်းမသာတဲ့အပြင် အပြစ်ပြော သေးတယ်ပေါ့လေ။

အဲဒီဆိုင်ကနေ ထွက်လာပြီး ရွာလမ်းအတိုင်း စမ်းချောင်းကိုထပ်ဖြတ်ပြီး ခုနကကြောလေးဘေးဘက် တက်လာတော့မှ ဟုတ်သားလမ်းကိုဖြူးနေတာပဲ၊ အောင်ဖေတို့ပင်ပန်းချင်ပုံများ ဖြစ်ရလေ။ ရွာထဲမှာ ပြောင်းနေနေတဲ့ ကိုပြည်အုပ် အိမ်ရောက်တော့ ဆေးရုံတက်နေတယ်ဆိုတဲ့ လှိုင်မင်းထွန်း နေကောင်းနေပြီ။ ဟာအကို ပြန်လာပြီ ကျနော်တောင်ဒီနေ့ပဲ စခန်းဆင်းတော့မလို့၊ နေအုံးမဆင်းနဲ့ ညနေမှဆင်းမယ် ငါလည်းပင်ပန်းနေတော့ ခဏနားဦးမယ်ဆိုပြီး ထမင်းစားသောက်ပြီး တချက်အိပ်လိုက်တော့တယ်၊ လူကအပူအပင်တွေ လျှော့သွားခဲ့ရပြီကိုး။

(၃)
အောင်ဖေ စခန်းပြန်ရောက်တော့ ရဲဘော်တွေအားလုံး ပျော်သွားကြတာပေါ့၊ ပိုက်ဆံမရှိ ဘာမရှိနဲ့ မိုးတွင်းဆိုတော့ ကုန်သည်တွေကလည်း မတက်လို့ ရိက္ခာပြတ်နေကြတာကိုး၊ ပါလာတဲ့ ရိက္ခာလေးတွေကို ချွေချွေတာတာနဲ့ စားရင်း ပြန်လည်ပြီး အူစိုပြေလာကြတာပေါ့၊ ဒါပေမယ့် ပြဿနာက ရှိသေးတယ်၊ မိုးတွင်းဆိုတော့ တခြားစခန်းတွေကို သွားဖို့လာဖို့က မိုးအရမ်းရွာနေရင် အောင်ဖေတို့ စခန်းအောက်က စမ်းချောင်းက ရေပြင်ကျယ်ပြီး ဖြစ်နေသလို၊ တခြားချောင်းလေးတွေကလည်း တောင်ကျရေအရမ်းစီးနေတတ်တာ ရေကူးတတ်မှ မကူးတတ်ရင် မရဘူး။

အောင်ဖေလည်းပြန်ရောက်တာကို တခြားစခန်းတွေလည်းသိသလို၊ တရက်မှာတော့ ဒီပီအေအဖွဲ့က သူတို့ဆီက အခြေခံစစ်သင်တန်းဆင်းပွဲကို မဖြစ်မနေလာပါဆိုပြီး အတင်းဖိတ်တော့တာပဲ၊ ဒါကြောင့် ကိုလွင်ဦးနဲ့အောင်ဖေ သွားကြရတယ်။ ဒါပေမယ့် လမ်းတွေက ဆိုခဲ့တဲ့အတိုင်း မိုးကကြီးနေတော့ ရေတွေလည်း တက်နေတယ်၊ ကိုလွင်ဦးက လိုက်ခဲ့ပါကွာ မင်းကလည်း သူတို့ကလည်း မင်းကိုတွေ့ချင်နေတာ ငါပါတယ်မပူနဲ့ ငါရေကူးကျွမ်းပါတယ်ကွနဲ့ အောင်ဖေလည်း ပါသွားတော့တာပေါ့၊ တနေရာရောက်တော့ စမ်းချောင်းသေးလေး တခုကို ဖြတ်ရမယ်၊ ဒီစမ်းချောင်းက နွေဘက်ဆို ရေကခြေကျင်းဝတ်လောက်လေး အခုတော့ ၃မီတာလောက် ရေတက်နေတယ် တောင်ပေါ်မှာ မိုးအရမ်းရွာထားလို့၊ ဒါကို ဖြတ်ကူးပြီးမှ ဒီပီအေစခန်းကို ရောက်မှာလေ။

ကိုလွင်ဦးကပြောတယ် ဒီလိုလုပ်ငါကအရင်ကူးပြီး ဟိုဘက်အောက်ကနေစောင့်နေမယ်၊ မင်းက အတို(သေနတ်)နဲ့စက်တွေ ၊ အင်္ကျီ၊ အိတ်တွေကိုမိုးကာထဲထည့် စုကိုင်ပြီး ရသလောက်ကူးလာခဲ့တဲ့၊ ဟာ ဟေ့လူ မရဘူးနဲ့တူတယ်ဗျ ကျနော့်ဝိတ်က ပေါ့တယ်ဗျ၊ ရပါတယ်ကွာ လုပ်စမ်းပါဆိုပြီး တဗုံးဗုံးနဲ့ ကူးသွားပါလေကော၊ အမှန်တော့ ချောင်းအကျယ်က ၃-၄ မီတာထက်မပိုဘူး ရေစီးနေလို့သာ ပြဿနာတက်နေတာ၊ ဒါနဲ့အောင်ဖေလည်း သူပြောတဲ့အတိုင်း ဘယ်ဘက် လက်တဘက်က ပစ္စည်းတွေထည့်ထားတဲ့ မိုးကာထုပ်ကိုကိုင်၊ ညာလက်ကို အလွတ်ထားပြီး ရသလောက်ကူးမယ်ဆိုပြီး ၀ုန်းဆို ရေထဲပစ်ဆင်းပြီး ကူးပါလေကော။

အောင်ဖေကူးပေမယ့် မကူးတတ်တာရယ်၊ ရေစီးသန်တာရယ်၊ ခန္ဓာကိုယ်အလေးချိန်က ပေါ့တာရယ်ကြောင့် ရေထဲမျောပါလေရော၊ ဟာအောင်ဖေ ရသလောက်ကူးကြည့်ကွ၊ အထုပ်ကို လက်ကမလွတ်စေနဲ့ ဘာညာနဲ့ ကိုလွင်ဦးလည်း စိုးရိမ်တကြီးအော်၊ မရဘူးဗျ မျောနေပြီဗျ ဆိုပြီး အောင်ဖေကလည်း ပြန်အော်၊ ဆူညံနေတော့တာပဲ၊ အောင်ဖေလည်းမျောပါသွားပြီဆိုတာ သိတော့ သတိမပြတ်အောင်ထားပြီး မိုးကာထုတ်ကို အသေကိုင်ထားတယ် ပြီးတော့ မျောနေတဲ့အထဲကနေ နောက်ဘက်ကို လှည့်ကြည့်လိုက်တော့ ဟာသစ်ပင်ကိုင်းကြီးတခု၊ စမ်းချောင်းအပေါ်ကို ညွှတ်ကျနေတယ် အဲဒီကိုင်းအပေါ်မှာ နွယ်စတစ။

ဟုတ်ပြီ ဒါကိုလှမ်းဖမ်းကြည့်မယ်၊ ကံကောင်းတာက လူမျောနေတာက ဒီနွယ်နေရာကို တည့်တည့်ကြီးရောက်လာတာပဲ အဲဒီတော့လွတ်နေတဲ့ ညာဘက်လက်နဲ့ လှမ်းကိုင်လိုက်တာ၊ ဘုရားရေ နွယ်ကခိုင်တယ်ဗျာ ပြတ်မထွက်သွားဘူး၊ အဲဒီမှာ စမ်းချောင်းဘေးကနေ လိုက်လာတဲ့ ကိုလွင်ဦးလည်း အားရ၀မ်းသာနဲ့ သစ်ကိုင်းပေါ်တက်လာပြီး ငါ့ကို အထုပ်ပေး လောလောဆည် မင်းအမောဖြေလိုက်ဦး ပြီးမှငါ့လက်ကိုတွဲပြီး သစ်ကိုင်းပေါ်တက်ကွနဲ့ ပြောတော့တာပဲ၊ သူ့ကို အထုပ်ပေးပြီး သူ့လက်ကိုတွဲပြီး သစ်ကိုင်းပေါ်ကနေတွယ်ပြီး ကမ်းစပ်နားကို ခုန်ဆင်းလိုက်တော့ လဒစမ်းချောင်း ကမ်းစပ်ကြတော့ တိမ်တိမ်လေးရယ် အလယ်မှာသာ အနက်ကြီးဖြစ်နေတာ၊ လူတွေလည်း ရယ်ရအခက် ငိုရအခက်ပေါ့။

မိုးကုန်သွားတော့ လမ်းတွေလည်း ပေါက်ကုန်ပြန်တာပေါ့၊ ဒီတော့ လိုတဲ့ရိက္ခာကို ကုန်သည်တွေ တက်မလာခင် စံခကနေ ထပ်မှာရပြန်တာပေါ့၊ တရက်တော့ ကရိန်ကန်ကိုသွားပြီး ရဲဘော်တချို့ ပစ္စည်းသယ်ကြတယ်၊ အဲဒီမှာ ရေနံဆီဗုံးကလည်း ပါနေတော့ ဘယ်သူလည်းမသိ ရေနံဆီဗုံးကပေါက်လို့ လောင်တယ်ဆိုပြီး တနေရာမှာ ဖွက်ထားခဲ့ရကော၊ ဒါကြောင့် ပယော်မှာစောင့်နေတဲ့ အောင်ဖေက ပလပ်စတစ်ဗုံး လိုက်ငှားတာပေါ့ ဘယ်မှာမှ မရဘူး၊ မအားကြဘူး၊ ကဲဒါနဲ့ မထူးဘူးဆိုပြီး အချိန်ကိုတွက်ကြည့်တယ်၊ ကရိန်ကန်ကနေ ပယော်ဆိုရင် မနက်အစောကြီးထသွား ညနေစောင်း မိုးမချုပ်ခင်လေးတော့ ရောက်နိုင်တယ်ပေါ့၊ အလောင်ခံပြီး အမြန်သယ်၊ ဒီရောက်မှ ၂ပုံးခွဲထည့်ထား နောက်မှ ပလပ်စတစ်ဗုံးနဲ့ ပြောင်းထည့် စခန်းသယ်မယ် လုပ်ရတော့တာပေါ့။

အောင်ဖေတို့တွေ ငါးပိဗုံးတို့ ဘာတို့ကိုသယ်ရင် ဖားကမာလို့ခေါ်တဲ့ နံငယ်ပိုင်းကို ပလပ်စတစ်ကြိုးနဲ့ သိုင်းချည်ပြီး သယ်ကြရတာကိုး၊ ကရိန်ကန်ရောက်တော့ နေ့လည်၁၂နာရီရှိပြီ၊ ဒါနဲ့အားလုံးပြင်ဆင်ပြီး စသယ်တော့တာပဲ စသယ်ပြီး နောက်နာရီဝက်လောက်မှာ ပေါက်ကြူရွာဟောင်းလောက် ရောက်တယ်ဆိုရင်ပဲ ကျောမှာရေနံဆီက စလောင်ပြီ၊ ပြဿနာပဲ ငါဆက်သယ်လို့ ရပါ့မလား၊ ဒီကောင်ကလည်း မသယ်လို့ကလည်း မဖြစ်ကွိုင်ပဲပေါ့၊ နောက်တော့ မထူဘူးကွာ ငါတချက်မှ မနားဘဲသယ်မယ် ဒါမှဖြစ်မယ် နားရင်ပိုဆိုးမယ်ဆိုပြီး တောက်လျှောက်အပူခံပြီး သယ်တော့တာပဲ တွေ့သမျှလူတွေကိုလည်း အတင်းကျော်တက်ပြီး ခြေကုန်သုတ်ရတာ၊ မှန်းထားတဲ့အတိုင်း ညနေ၅နာရီကျော်လောက် ရောက်တော့ ပယော်ရွာကိုရောက်တော့တာပဲ၊ ရေနံဆီဗုံးချပြီး အင်္ကျီကိုချွတ်လိုက်တော့မှ ကိုပြည်အုပ်ရယ်လေ လန့်သွားတယ်။

“ဟာဟေ့ကောင်အောင်ဖေ အရေပြားတွေ အတော်လောင်နေတယ်ကွ၊ မြန်မြန်ရေချိုးပြီး သနပ်ခါးလိမ်းထားလိုက်” တဲ့။

သူပြောတာ ဟုတ်တော့ဟုတ်တယ်၊ အားတင်းပြီးသာ သယ်လာခဲ့ရတာ လူကမဟန်တော့ဘူး၊ ဒါကြောင့်ရေမိုးချိုးပြီး ကိုပြည်အုပ် အမျိုးသမီးဆီက ဆောင်တော်ကူး သနပ်ခါးကိုဖေသန်းလားမသိ လူးပေးရတော့တာပဲ၊ နောက်ကြတော့ တောအရက်ဝယ် မူးအောင်သောက်ပြီး အိပ်ဖို့ လုပ်လိုက်ရတော့တယ်၊ ဘာလို့ဆို မနက်လောက်ဆိုရင် စပြီး သက်သာတော့မယ်လေ အခုက အဆိုးဆုံး အခြေအနေကို ရောက်နေတာကိုး မခံနိုင်ဘူး။

သက်ခိုင်
(၉း၃၉) နာရီ
၂.၉.၂၀၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, သက်ခိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်