ကျော်ဟုန်း – ကြမ်းဆွေးပေါက်ကျွံ ခြေဖ၀ါးနု (အပိုင်း – ၁)

September 22, 2014

ကျော်ဟုန်း – ကြမ်းဆွေးပေါက်ကျွံ ခြေဖ၀ါးနု (အပိုင်း – ၁)
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၁၄

ထိုင်းနိုင်ငံ ရနောင်းဘက်ကမ်း။  ဒီနေရာကို  ဦးဆုံးရောက်နှင့်နေသူ ထားဝယ်များ၊ မွန်များက ရှမ်းကမ်းလို့ ခေါ်ကြတယ်။ ထိုင်းနိုင်ငံရနောင်းနဲ့  မြန်မာနိုင်ငံ ကော့သောင်းမြို့ တို့က (Pak Chan) ပါချန်မြစ်ရဲ့  ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်းပါ။  အဲဒီရှမ်းကမ်းဆိုတာကတနင်္သာရီတိုင်းမှာနေတဲ့သူတွေ၊ မော်လမြိုင်၊ ဘီလူးကျွန်းဘက်မှာနေတဲ့သူတွေ အစောဆုံး လာရောက် စီးပွားရှာကြတဲ့နေရာဒေသလို့ ပဲ ထင်မိပါရဲ့။ ကျနော်အေးစိန်က ကော့သောင်းကို လာအလုပ်လုပ်တာပါ။ ရနောင်း ရှမ်းကမ်းကိုတော့ ကော့သောင်းမှာ စာအုန်းဆီသီးခူးတဲ့အလုပ် ၈ လနီးပါးလုပ်ပြီးမှ ကူးခဲ့တာပါ။ ရှမ်းကမ်းအကြောင်းမပြောခင် မေ့မရတဲ့ ကော့သောင်းက စာအုန်းဆီသီးခူးရတဲ့အလုပ်အကြောင်းပြောပြချင်ပါသေးတယ်။ ဒါမှ ကူညီသူကြီးတွေအကြောင်း သိမှာမို့ပါ။ စားအုန်းဆီစိုက်ခင်းမှာ အသီးခူးဖို့ သတင်း စာထဲမှာ ကြော်ငြာတွေ့ လို့ ဝင်လျှောက်ခဲ့ရင်း အလုပ်ရတာလေ။ ဒါနဲ့  မွေးရပ်မြေ အသုတ်မြို့ လေးကနေ ရန်ကုန်တက်။  ရန်ကုန်ရုံး ခွဲကနေ ကော့သောင်းရုံးဆီကို ရွေးချယ်ခံလူတွေအားလုံး ပို့ ပေးလို့  မြန်မာပြည်ရဲ့ တောင်ဘက်စွန်းကို သင်္ဘောနဲ့ ရောက်လာခဲ့ရသူ ဆိုပါတော့။

စားအုန်းဆီအသီးခူးတဲ့ အလုပ်ကြော်ငြာကလည်း မက်လောက်စရာဗျို့ ။  အဲဒိအချိန်က ကျနော်တို့ဆီမှာ နေ့ စားအလုပ်သမားခကတနေ့ မှ  ၈ ကျပ်ခွဲပဲရတာ။ ဒီအလုပ်က တနေ့ လုပ်ခ ၇၅ ကျပ်ပေးတယ်။  နေစရာနဲ့ စားစရိတ်ငြိမ်းတဲ့။ စဉ်းစားကြည့်ပေါ့။  ဒီလိုအလုပ်မျိုး အခြေခံလူတန်းစားတွေ ဘယ်လက်လွှတ်ခံလို့ ဖြစ်ပါ့မလဲ။ ကျနော်လည်း ရန်ကုန်ကိုအမြန်တက်ပြီးလျှောက်တာပေါ့။ထင်တဲ့အတိုင်းပဲ။ အလုပ်လျှောက်တဲ့သူတွေ များမှများ။ နယ်ကတက်လာတဲ့ကျနော် ဒီအလုပ်မှ ရပါ့မလားလို့  ဘုရားတမိသေးတာ။ ဘဘုန်းကြီးပေးထားတဲ့ ဂုဏ်တော်တွေလည်းရွတ်ပေါ့။ ကံကောင်းချင်လို့ လားမသိဘူး။ နယ်ကလာလျှောက်တဲ့သူတွေမှန်သမျှအကုန်အလုပ်ရတယ်ဗျ။ နယ်ကလူတွေက ရန်ကုန်လူထက် အလုပ်ကြမ်းလုပ်နိုင်တာကိုး။ ၂ နှစ်စာချုပ်ရမယ်တဲ့။ စားအုန်းဆီပင်ဆိုတာကနိမ့်နိမ့်လေးတဲ့။ လူတက်ခူးစရာမလိုဘူးတဲ့။  ဓားကောက်ရှည်နဲ့ ဆွဲချပြီး ကားပေါ်တင်ပေးရုံပဲတဲ့။ စားစရိတ်၊ နေစရိတ်ငြိမ်းဆိုတော့အသားတင်ငွေရမှာလို့  အလုပ်ခန့် သူက ရှင်းပြတော့ ကျနော်တို့လည်း တွက်ကိန်းကိုယ်စီနဲ့  ၀မ်းသာလုံးဆို့ နေခဲ့ကြတာပေါ့လေ။ အလုပ်ခန့် တဲ့ လူကြီးမင်းတွေလည်း ကျမ်းမာပါစေ၊ ချမ်းသာပါစေ ဆုတောင်းပေးမိပါတယ်။

ဒီလိုနဲ့ လုပ်ငန်းခွင်ထဲရောက်ခဲ့တယ်ပေါ့ဗျာ။ အလုပ်ကြီးကြပ်သူက အလုပ်ချိန်၊ နားချိန်၊ စားချိန်၊ အိပ်ချိန် ရှင်းပြတယ်။ ဘားတိုက်လိုအခန်းရှည်ကြီးမှာစုနေရတာ။ ခေါင်းအုံးနဲ့ စောင်ပါး ၁ ထည်စီတော့ရသဗျ။ ဆီအုန်းတောနဲ့ နီးတော့ ညဆို ခြင်ကိုက်လို့ ခြင်ဆေးခွေကလည်းမရှိ။ ဆီအုန်းလက်အစိုတွေ သံဗူးခွံထဲထည့် မီးရှို့ ပြီး  ခြင်မောင်းပွဲလုပ် အိပ်ရတာ။ ဒါပေမဲ့ ခြင်ကိုက်ခံရတာပါပဲ။ စားစရိတ်ငြိမ်းဆိုတော့ ထမင်းကျွေးတာက ဆန်ကြမ်းနဲ့ ပဲဟင်းရည်ကျဲကို နေ့ တိုင်းလွေးရတော့တာဗျို့ ။ တပတ်မှ တခါလောက် ပလာတူးငါးကို  မရမ်းပြား၊ နနွင်း၊ ဆား ထည့်ပြုတ်ဟင်းစားရသဗျ။  အမဲသား၊  ၀က်သား ၊ကြက်သားဆိုတာ တလနေလို့ ယောင်ပြီးတောင် မကျွေးဘူး။ ငါတို့များ အချုပ်သားတွေဖြစ်နေပြီလားလို့ တောင် တွေးမိသေးပါရဲ့။ စားဖိုမှူးကို တခါတလေ အသားလေးစားရမလားလို့ စကားဦးသန်းကြည့်တော့ သူရွတ်ပြတဲ့ ကော့သောင်းကုန်ဈေးနှုန်းက ကြောက်စရာ။ သားငါး၊ ကြက်၊ ၀က်၊ အမဲနဲ့  ဟင်းသီးဟင်းရွက်တွေက ရနောင်းဘက်ကမ်းက ၀ယ်ရတာတဲ့။ ကီလိုချိန်နဲ့ ရောင်းတာတဲ့။ ကီလိုက ပိဿာထက် အလေးချိန်နည်းတယ်တဲ့။ ဒါမို့ဈေးကြီးတော့  အများစာကို အသားချက် မကျွေးနိုင်ဘူးတဲ့လေ။ ကော့သောင်းမှာ သားငါး၊ ဟင်းရွက်တွေ တခြားနိုင်ငံက  ၀ယ်စားရတာတဲ့လေ။ ကော့သောင်းမှာ ဟင်းသီးဟင်း ရွက်ပင်တွေစိုက်မရလို့ လား၊  ကြက်၊၀က်၊ဘဲ မွေးမရလို့ လားဆိုပြီး တွေးမိသေးတယ်။ ဗိုလ်ချုပ်အောင်ဆန်းသာ ခုနေရှိသေးရင် ကော့သောင်းကလူတွေကို တန်းစီပြီး ပါးရိုက်လေမလားလို့  တွေးမိပါရဲ့ဗျာ။

ကျနော်တို့က တလမှာ ၂ ရက် နားခွင့်ရတော့ ကော့သောင်းဈေးကြီးနဲ့ ကမ်းနားဘက်တွေလျှောက်လည်ဖြစ်တာပေါ့။ ဟုတ်တယ်ဗျ။ စားဖိုမွဴးႀကီး မလိမ္ဘူး။ ကော့သောင်းဈေးကြီးနှုန်းက လက်ဖျားခါလောက်တယ်။ ကျနော်တို့မြစ်ဝကျွန်းပေါ်ဘက်နဲ့ တခြားစီဗျ။လက်ဖက် သုတ်ပွဲသေးလေးက ၇၅ ကျပ်။ ကျနော်တို့တနေ့ လုပ်အားခဗျာ။ ဆန်ခေါက်ဆွဲကြော် ကြက်သားဖတ်နုတ်နုတ်စင်း ပါရုံလောက်လေးက တပွဲ ၆၀ ကျပ်။ ဘိတ်ကပ်ကြေးကိုက်ဆိုလားခေါ်သဗျ။တပွဲဆိုတာ ဆွမ်းတော်တင်တဲ့ပန်းကန်သေးလေးနဲ့ နော်။အဲဒိတော့မှ ငါတို့လုပ်အား ခရတာ လက်ဖက်သုတ်တပွဲဖိုးပဲရှိပါလားဆိုတာ သိရတော့တယ်။

စာချုပ်တုန်းက မသိခဲ့ရတဲ့  ကိစ္စတွေလည်း ရှိသေးသဗျ။  လစာကို တလ တခါ မပေးဘူး။  ၆ လပြည့်မှ ပေးမတဲ့။ ဒါပေမဲ့ အသေးသုံးဖို့ ကိုတော့ နားရက်ရောက်တဲ့အခါ ကိုယ့်လစာထဲက ကြိုတင်ငွေအနည်းအကျဉ်းထုတ်ပေးမယ်ပြောတယ်။ နေမကောင်းလို့ ဆေးကုရရင် ဆေးခန်းပြခဖိုးဖြတ်တယ်။ ဖိနပ်ရှည်၊ ဓားကောက်ဖိုးဖြတ်တယ်။ မှတ်ပုံတင် သိမ်းတယ်။ ၂ နှစ် စာချုပ်ပြည့်မှ ထုတ်ပေးမယ်ပြောတာပဲ။ ဒါက လုပ်ငန်းခွင်ရောက်မှ သိရတဲ့အချက်တွေပေါ့။ သဘောမတူလို့ ကလည်း မရတော့ဘူးလေ။ ပြန်ပြေးချင်ရင်တောင် ဘယ်မှာလဲ သင်္ဘောခ၊ ဘယ်မှာလဲ မှတ်ပုံတင်။ ဒါနဲ့  ရောက်စက ပျော်နေတဲ့စိတ်တွေ၊ ကြိုမက်ခဲ့တဲ့အိပ်မက်တွေဟာ တဖြည်းဖြည်းပရုတ်လုံးလို ပါးလာတော့တာပေါ့။

ကျနော့်မိဘတွေက လယ်သမားဗျ။ ရှိပြီးသားလယ် ၂ ဧက ကွက်လေးကလဲ အမတော်ကြေးပြန်မဆပ်နိုင်လို့  တဧကကွက်လေးကိုရောင်းပေးလိုက်ရတော့ မိသားစုဝမ်းရေးကို ကျန်တဲ့ ၁ ဧကကွက်လေးနဲ့ လုပ်စားနေရတာ။ အရွယ်ရောက်လာတဲ့ကျနော်က မိသားစု အရေးမျှော်တွေးပြီးတော့ စွန့် မယ်စားမယ်ကြံရတာ။ ဒါနဲ့  ကော့သောင်းက စားအုန်းဆီသီးခူးတဲ့အလုပ် လုပ်မိတာပေါ့ဗျာ။ ထင်သလို မဟန်တဲ့အချိုးအကွေ့ တွေ ကြုံလာရတော့လည်း နောက်တမျိုးကြံရသပေါ့။ ရှေ့ တိုးခက်၊နောက်ဆုတ်ခက်ဘ၀မှာ ရှေ့ ဆက်တိုးဖို့ ပဲဆုံးဖြတ်လိုက်တယ်ဗျာ။

ဒီလိုနဲ့  အတူဆီအုန်းသီးခူးဖော် ထားဝယ်သား ဆန်းတင့်နဲ့ အကောင်အထည်ဖော်ဖို့ ဖြစ်လာတယ်။ ဆန်းတင့်က ထားဝယ်သားဆို
ပေမယ့် သူနေတာက ရန်ကုန် သာကေတက။ ထားဝယ်မွေး၊ ရန်ကုန်ကြီးသူ။ သူ့ ဆွေမျိုးတွေကတဆင့် သူက  ရနောင်း ရှမ်းကမ်း
အကြောင်း နည်းနည်းသိထားတယ်။ အဲဒိဘက်မှာ မြန်မာပြည်သားတွေ အများကြီးအလုပ်လုပ်နေကြောင်း၊ ငါးပုံးအသင်း၊  ငါးဖမ်း
လှေလိုက်တဲ့သူတွေရှိကြောင်း ကျနော့်ကိုပြောပြတယ်။  ထိုင်းငွေနဲ့ လုပ်ခရတာကြောင့် ပိုအဆင်ပြေနိုင်ကြောင်းတွေ ပြောပြတော့
နဂိုကမှ ရွှေအိပ်မက်တွေနဲ့ လာခဲ့တဲ့ကျနော့်အဖို့  ရွှေတွင်းကြီးတွေ့ ရသလိုဖြစ်ရတာပေါ့လေ။  ဒီလိုနဲ့   ဆီအုန်းခူးတဲ့ အလုပ်ကနေ
ဟိုဘက်ကမ်း ရနောင်းကို ကူးဖို့ ဖန်လာတော့တာပါပဲ။ ဆန်းတင့်ကိုလည်း ဆွယ်ရတာပေါ့။ ဆန်းတင့်ကလည်း သူ့ က ရန်ကုန်မှာ
တနိုင်တပိုင် ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်လို့ ငွေရှာနေသူဆိုတော့ သိပ်စည်းရုံးစရာမလိုပါဘူး။ ဒီလိုနဲ့  ဆန်းတင့်နဲ့ အေးစိန်ဆိုတာ ၂
ယောက် တမွှာ ညီအကိုလိုဖြစ်သွား၊ မုံ့ ကြိုးလိမ်ဖြစ်သွားခဲ့တာပေါ့။

တကယ်တမ်း ရနောင်းဘက်ကူးမယ်ဆိုတော့ ကျနော်တို့ ၂ ယောက်လုံးမှာ ဘာအဆက်အသွယ်၊ ဘာအသိမှ မရှိပါဘူး။ စွန့် စား
ရမယ့် ကိန်းပါ။ ဒါကြောင့် ဆီအုန်းခူးလုပ်ငန်းက ခိုးထွက်ဖို့ ကြိုတင်စီစဉ်ရပါတယ်။ မှတ်ပုံတင်က ပြန်ရဖို့ မရှိဘူးဆိုတာ သိထားပါ တယ်။  ဟိုဘက်ရောက်ရင် သုံးနိုင်အောင် ငွေ စု၊ လှေဆိပ်ကို စုံစမ်း။  ဘတ်ငွေလဲတဲ့နေရာစုံစမ်းထား လုပ်ရတာပေါ့။  နေစရာက
အဓိကဖြစ်ပေမယ့် ကံကိုပဲ ဇွတ်မှိတ်ထားရတာပါ။ ဟိုဘက်ကမ်းမှာ အလုပ်လုပ်တဲ့ ဗမာတွေ အများကြီးရှိနေတယ်ဆိုတော့ ကြုံရာ
လူကို အကူအညီတောင်းမယ်။ တယောက်ယောက်တော့ အကူအညီရနိုင်ကောင်းရဲ့ပေါ့။ ဒီလို မမြင်ရတဲ့ကံကို ဇွတ်တိုး စွန့် စားရ
တာ တကယ်တော့ မလွယ်ပါဘူး။ ယောက်ျားပဲကွာ၊ သေမြေကြီး ရှင်ရွှေထီးဆိုပြီး ရှေ့ ဆက်ရတာပါပဲ။ ကိုယ်က ငွေလိုချင်တာကိုး။
ရည်ရွယ်ချက်နဲ့ လာခဲ့တဲ့သူတွေဆိုတော့ အလံလဲလို့ မဖြစ်ဘူး။ ဆီအုန်းလုပ်ငန်းက အမြီးနုတ် ခေါင်းနုတ်နဲ့ ။ ဘာမှ ကိုယ့်အတွက် မကျန်နိုင်ဘူး။ အချိန်ကုန်၊ အစားဆင်းရဲ အနေဆင်းရဲပဲ အဖတ်တင်မှာသိလာလေ ရနောင်းဘက်ကို ဆက်ကူးဖို့ သေချာလေ ဖြစ်
တာပေါ့။  ၆ လကြာမှ  ကြိုတင်ယူငွေ အထွေထွေကိုဖြတ်ပြီး  ကျန်မယ့်ငွေလေးကို စောင့်ရင်း အလုပ်လုပ်နေရတာလေ။ ဒီလိုနဲ့ ပဲ
ရည်မှန်းထားတဲ့အတိုင်း ဆီအုန်းအလုပ်က ၈ လပြည့်ပြီး နားရက်ရတဲ့တနေ့ မှာ ကျနော်ရယ် ဆန်းတင့်ရယ် ရနောင်းကမ်းကိုကူး
လာနိုင်ခဲ့ပါတယ်။
#   #   #    #    #

အဲဒီတုန်းက  ဗမာငွေ ၄ ကျပ်ကို ထိုင်းငွေ ၁ ဘတ် ပေါက်ဈေးရှိတယ်။ ဗမာဘက်ကမ်း မြွေကျွန်းမှာ စစ်တပ်ဂိတ်ရှိတယ်။ အသွားနဲ့ 
အပြန်လှေတွေမှန်သမျှ အဲ့ဒိမြွေကျွန်းကို မ၀င်မနေရ၀င်ပြီးစစ်ဆေးခံရတယ်။လူ ၁ ယောက်ကို ထိုင်းငွေ ၁၀ ဘတ်နှုန်းကောက်တယ်။
ပစ္စည်းတွေ၊ အိတ်တွေပါလာတဲ့လူဆို ဘယ်လောက်ယူလေသလဲမသိဘူး။ ကျနော်နဲ့ ဆန်းတင့်က  ၂ ယောက်ပေါင်းမှ ကျောပိုးအိတ်
သေးလေး ၁ လုံး။ ဒါတောင် ရစ်ခံရတာ။ဆန်းတင့်က ဈေးသွားဝယ်ပြီးပြန်လာမှာပါပြောလို့ ထပ်မရစ်ဘဲ လွှတ်လိုက်တာမို့တော်သေး
ပါရဲ့။  ထိုင်းဘက်ကမ်းရောက်တော့ လူတွေအကုန်ဆင်းပြီး လက်ဗွေနှိပ်ရတယ်။ ထိုင်း လ၀က ဆီမှာ ဘတ်ငွေ ၄၀ ပေးပြီး ၁ ရက်နေ ခွင့်စာရွက်လေးယူရသေးတယ်။ အဲဒါကို ထိုင်းလို တာမော ဆိုလားခေါ်သဗျ။ ဒီလိုနဲ့ ရနောင်းကငါးဆိပ်ကမ်းကိုရောက်လာတာ။ အဲဒိ
ဆိပ်ကမ်းကို ဗမာတွေက ဖန်ဖလားလို့ ခေါ်တယ်။ နောက်မှသိလာရတာက ထိုင်းအခေါ်က စဖန်ပလာတဲ့။ ဘာဘဲဖြစ်ဖြစ်ကိုယ့်အရင်  ရောက်နှင့်နေတဲ့သူတွေခေါ်တဲ့အတိုင်း ဖန်ဖလားလို့ ပဲ နှုတ်ကျိုးသွားတာပါပဲ။

ကျနော်တို့ ၂ ယောက် အဲဒီ ဖန်ဖလားဆိုတဲ့နေရာကိုရောက်တော့ ဗမာပြည်သား ကိုယ့်လို လူငယ်တွေ၊ လူရွယ်တွေ တွေ့ သဗျ။ လူ
တွေများ အလုပ်လုပ်နေကြတာအားတက်သရောနဲ့ ။ တချို့ ယောက်ျားလေးတွေက ငါးထည့်ထားတဲ့ပုံးဝိုင်းရှည်ကြီးတွေကို နည်းနည်း
စောင်းပြီး ခွေလှိမ့်သလို လှိမ့်သွားလိုက်တာများ ကြည့်လို့ တောင် ကောင်းနေသေး။ မိန်းမလေးတွေက သူတို့ပုံးထဲက သွန်ချပေးတဲ့
ငါးတွေ၊ ပုဇွန်တွေကို ရေခဲဖယ်၊ ခြင်းထဲထည့်။ ပြီးရင် ကီလိုချိန်၊ ကားငယ်ပေါ်တင်ပေး လုပ်နေကြတာတွေ့ တယ်။ ကျနော်တို့လည်း
အလုပ်လုပ်နေတဲ့ဗမာတွေကို ဟိုကြည့်ဒီကြည့်ရင်းအကဲခတ်နေရတာပေါ့။အလုပ်နားနေတဲ့သူတွေနား မရဲတရဲကပ်သွားပြီးမိတ်ဆက်
အလုပ်လိုချင်လို့ ပါ၊ကူညီပါပြောရတာပေါ့။ ဒါပေမဲ့ လူလိုတဲ့အခါ ပြောပါ့မယ်ဆိုတာလောက်ပဲပြန်ဖြေကြတာများတယ်။ ဒီလိုနဲ့ ဟိုလူ့ 
မေး ဒီလူ့ မေးရင်း နေသာစောင်းလာတယ်။ အလုပ်ရမယ့်အခြေအနေပေါ်မလာဘူး။ အလုပ်မရခင် တည်းခိုဖို့ အကူအညီတောင်းတာ
လည်း ခေါင်းခါတာများတယ်။ သူတို့ဝင်းထဲမှာ အပြင်လူ လက်ခံမရတဲ့အကြောင်း ပြောတယ်။  ဒီတော့ နေစောင်းလေ ချွေးပြန်လေ၊
စိတ်လေးလာလေဖြစ်ကုန်ကြပြီ။ အလုပ်လုပ်တဲ့သူတွေ အတော်များများကလည်း သူတို့ ငါးတွေ၊ ပုဇွန်တွေတင်တဲ့ကားမှာ ခိုပြီး ပြန်
သွားကြကုန်ပြီ။ လူတော့ နည်းနည်းပါးပါး ကျန်နေတာတွေ့ ရတယ်။ ကျနော်တို့လည်း တလည်လည်နဲ့ ။ ဟိုနားရပ်လိုက်၊ ဒီနားထိုင်
လိုက်နဲ့  အခက်တွေ့ နေကြပြီ။

ဒီအချိန်မှာ ကျနော်တို့ဆီကို လူတယောက် လျှောက်လာတယ်။ သူက ကျနော်တို့ကို  အကဲခတ်ကြည့်ရင်း “ မင်းတို့ ၂ ယောက် ကို ငါတွေ့ နေတာ ကြာပြီ၊ အိတ်တလုံးနဲ့ ဟိုသွားလိုက် ဒီသွားလိုက်လုပ်နေတယ်၊ ၀တ်ထားတာလဲ ပုဆိုးနဲ့ ဆိုတော့  တာမောဖမ်း သွားရင် ဒုက္ခဖြစ်မှာစိုးလို့ လာမေးတာ” “ငါ့ညီတို့က  ဘယ်က လာတာလဲ၊ ဘယ်သွားမလို့ လဲ” မေးတယ်။ သူ့ လက်ထဲက ကွမ်းယာ ထုပ်ကိုကမ်းပေးရင်း “စားတတ်ရင် စား”တဲ့။  ရေနစ်တုန်း ဆယ်မယ့်သူပေါ်လာသလိုပါပဲ။ ကျနော်တို့ အလုပ်လိုချင်လို့  လာတာဖြစ် ကြောင်း၊ တည်းခိုဖို့ နေရာလည်းမရှိကြောင်း၊ အသိမိတ်ဆွေတွေမရှိတဲ့အကြောင်း၊ ကူညီနိုင်ရင် ကူညီဖို့ အကြောင်း၊  ခရားရေလွှတ် သလိုပြောရင်း အကူအညီတောင်းရတာပေါ့။ ဘုရားမ တယ်လို့ ပဲဆိုရမလား။ အဲဒိလူက ကြည်ကြည်ဖြူဖြူ “ငါ့ အခန်းလိုက်ခဲ့” ဆိုပြီး ခေါ်သွားတယ်။ အလုပ်က ဘာအလုပ်မဆို မရွေးဘဲလုပ်နိုင်ရင် အလုပ်ပေါကြောင်း၊ အလုပ်မရခင်မှာ သူ့ ဆီမှာနေ၊ သူဆီမှာ စားလို့  ရကြောင်းပြောလာတော့ ၀မ်းသာလိုက်ရတဲ့ဖြစ်ခြင်းဗျာ။

ကျနော်တို့ကို ရနောင်းမှာ အဦးဆုံးကူညီသူပေါ့။သူ့ နာမည်က ကိုဝင်းမြင့်လို့ ခေါ်သတဲ့။ အရပ်ထောင်ထောင်မောင်းမောင်း၊ဆံပင်က
ဂုတ်ဝဲအထိ ရှည်တယ်။ အင်္ကျီလက်တိုဝတ်ထားတော့ သူ့ လက်မောင်း ၂ ဖက်လုံးက တက်တူးတွေကို အတိုင်းသားမြင်နေရသပေါ့။
စကားပြောခက်ထန်သလိုရှိပေမဲ့ သဘောကောင်းပုံရသဗျ။ကျနော်တို့ကို ကွမ်းယာရော စီးကရက်ပါထုတ်တိုက်သေးတာ။ သူခေါ်ရာ
လိုက်သွားတဲ့  လမ်းတလျှောက်မှာ  ကျနော်တို့ အမည်မေး၊  နေရပ်မေး၊  ဒီကို ဘာအလုပ်လုပ်ဖို့ လာတာလည်းလို့   မေးပါတယ်။ ကျနော်တို့လည်း ကိုယ့်အမည် ကိုယ်မိတ်ဆက်၊ ကိုယ့်ဖြစ်စဉ်အတိုချုပ်ပြောပြရင်း ကိုဝင်းမြင့်ရဲ့ အခန်းကိုရောက်လာပါတယ်။

ကိုဝင်းမြင့်မှာ  မိန်းမရှိသဗျ။  ကိုဝင်းမြင့်က အသားက ညိုကျုတ်ကျုတ်ရယ်။  သူ့ မိန်းမကျ ဖြူလို့ ဥလို့  လှသဗျ။  သူက သူ့ မိန်းမကို
ဒီနေ့ လူ ၂ယောက်တိုးလာတယ်၊ ထမင်းဟင်းပိုချက်ဖို့ အကြောင်း လှမ်းပြောတယ်။ ကျနော်တို့ကိုလည်း အခန်းမှာ အဆင်ပြေသလို
အိပ်ကြဖို့ ပြောရင်းနေရာပေးတယ်။အခန်းက သိပ်မကျယ်ဘူး။ ၁၅ ပေပတ်လည်အခန်းပဲ။ အဲဒီမှာ သူတို့လင်မယားနေဖို့ အခန်းထင်
ပါရဲ့။ သစ်သားနဲ့ အခန်းကျဉ်းတခန်းဖွဲ့ ထားတာတွေ့ တယ်။ ကျနော်တို့အရင်မှာ လူငယ် ၃ ယောက်က အရှေ့ ကြမ်းပြင်မှာ  အင်္ကျီ
ဗလာနဲ့ လှဲအိပ်နေတာတွေ့ တယ်။ ကိုဝင်းမြင့်က မိုးချုပ်ရင် ဒီမှာနေတဲ့သူတွေ ၆ ယောက်အုပ်စု ရောက်လာဦးမယ်ပြောတယ်။ ဒါဆို
ဒီအခန်းထဲမှာ ကျနော်တို့အပါအ၀င်ဆို ၁၃ ယောက်တောင်ဖြစ်နေပြီလို့ စိတ်ထဲ တွက်နေမိသေးတာ။ ကျပ်ကျပ်တည်းတည်းပေမယ့် အိပ်ဖို့ နေရာ၊ စားဖို့ နေရာရရင်ပဲ  ကျနော်တို့အတွက်က ရွှေဖြစ်နေပြီလေ။ ဘာပဲဖြစ်ဖြစ် ကိုဝင်းမြင့်တို့လင်မယားကို ကျေးဇူးတင်မိ ပါတယ်။
#    #     #    #   #

ကိုဝင်းမြင့်က ရနောင်းရောက်မြန်မာပြည်သားတွေထဲမှာ လာဘ်မြင်တယ်လို့ ပြောရမယ်။ သူ့ မှာက ဗွီဒီယိုရုံလည်းရှိသေးသဗျ။ သူ့ ရဲ့
မိန်းမ မဖြူသွယ်ကို နေ့ ခင်းကြရင် ရုံစောင့်ငွေကောက်ပြခိုင်းထားတာ။ ညဖက်ကျရင် သူလည်း တခါတလေ ပြတဲ့သူလုပ်ပေါ့။ဇာတ်
လမ်းခွေတွေကတော့ ဗမာကား၊တရုတ်ကားတွေများတယ်။ ဇာတ်ထုပ်တိတ်ခွေတွေကို ကော့သောင်းကမ်းကမှာတာ။လူတယောက်
၁၀ ဘတ်ပေးကြည့်ရတာ။ အပြာကားတွေဆို ဘတ်၂၀ ယူသတဲ့။ သူ့ နည်းသူ့ ဟန်နဲ့ အလုပ်ဖြစ်နေတာ။သူ့ ဗွီဒီယိုရုံက သူ့ အခန်းနဲ့ 
မဝေးဘူး။ တကွေ့ ရယ်။ ကိုဝင်းမြင့်ရဲ့ဆရာ ထိုင်းလူမျိုးအိမ်အဖီမှာ ရုံဖွင့်ထားတာ။ ထိုင်းဆရာကိုလည်း ရုံငှားခပေးရမယ်ထင်တာပဲ။ ဘာဖြစ်ဖြစ် လုပ်စားတတ်ရင် အလုပ်ဖြစ်တာကို သတိထားမိလိုက်တယ်။

သူ့ အိမ်ခန်းမှာရှိနေတဲ့သူတွေက လှေလိုက်တဲ့သူချည်းပဲ။ လူငယ်တွေများတယ်။သူက အဲ့ဒီလူငယ်တွေကို အသောက်အစားလျော့ဖို့ 
ပိုက်ဆံစုဖို့ ၊ အ၀တ်အစားဝယ်ဖို့ လည်း တခါတရံ ဆုံးမနေတာလည်းတွေ့ ရတယ်။ တခါတရံ ဆဲဆိုကြိမ်းမောင်းနေတာလည်း ကြုံ
ရတယ်။လှေသားလူငယ်တွေကလည်း ပေပေတေတေပုံစံတွေဗျ။ သူဆဲဆိုတာလည်း ကရုဏာဒေါသောပဲဖြစ်မှာပါ။ဒီလောက်လူအုပ်
ကြီးကို နေစရာပေးထား၊ အသင့်ချက်ကျွေးထားတဲ့စိတ်ဓာတ်ကိုပဲ ကျိတ်ချီးကျူးနေရသေးတာ။ ကိုဝင်းမြင့် ပြောရင်ဆိုရင်ဆဲရင်တော့
လှေသားတွေက ငြိမ်ခံကြတာတွေ့ ရတယ်။

ကျနော်တို့အရင် ရှိနှင့်နေတဲ့ လှေသားတွေဆိုတာကလည်း ကိုဝင်းမြင့်ဆူရင် ဆူစရာဗျ။ နေခင်းကျ အခန်းထဲမှာ အင်္ကျီချွတ်တွေနဲ့ ။
တီထွေးကြီးတွေလိုပဲ တယောက်ကိုယ်တယောက်ခွပြီးအိပ်နေကြတာ။ ညပိုင်းလောက်ဆို အလျှိုလျှိုပျောက်ကုန်ရော။အရက်ဆိုင် ဘီယာဆိုင်ရောက်သတဲ့။ ညလုံးပေါက်ကို သောက်ကြပျော်ကြတာတဲ့။ မနက်ကျမှပြန်လာပြီး မဖြူသွယ် ချက်ထားတဲ့ ထမင်းနဲ့ ဟင်း
ကိုယ့်ဖာသာခူးခပ်စားပြီးအိပ်ကြတာ။ အ၀တ်အစားအပိုလဲဖို့ နောက်တစုံသာမရှိကြတာ။ အရက်သောက်၊ စီးကရက်သောက်ဖို့ ကျ
အလျှံအပယ်။ သူတို့ကိုယ်မှာ စွပ်ကျယ်လက်ရှည်ရယ်၊ ခါးမှာ ရှမ်းဘောင်းဘီနဲ့ တူတဲ့ ကမ်ကေးဘောင်းဘီရယ်။ ပိုသီဘတ်သီနေကြ
တာ။ အသုံးအစွဲကလည်းကြီးပါပေ့။ ဒါပေမဲ့ သူတို့လည်း ကိုယ့်ကျေးဇူးရှင်တွေထဲပါပါတယ်။ သူတို့စွန့် တဲ့  ကွန်ထစ်စီးကရက်လေး၊
ကွမ်းယာလေးတော့  ပေးစားလို့ လေ။ ကျနော်တို့က  အလုပ်အကိုင်မရှိသေးတော့  ပါလာတာလေး ကျစ်ထားရတာ။  သူတို့လိုကျ
ဘယ်သုံးရဲ၊ ဖြုန်းရဲပါ့မလဲ။  ဒီလိုနဲ့  ကိုဝင်းမြင့်အခန်းမှာ ၃ ပတ်နီးပါး နေထိုင်ပြီးနောက်မှာ  လှေလိုက်တဲ့သူတွေလည်း တဖြည်းဖြည်း
လျော့သွားတယ်။ ကိုဝင်းမြင့်ပြောတော့ သူတို့ကို  ကိုဝင်းမြင့်က လှေထဲမှာလုပ်ဖို့ ထည့်ပေးတာဆိုပဲ။  ငါးဖမ်းလှေအလုပ်လို့ ပြောပြ
တယ်။ လှေအလုပ်က ပိုက်ဆံ မြိုးမြိုးမြက်မြက်ရကြောင်း၊  စုတတ်ဆောင်းတတ်ရင် အချိန်တိုအတွင်း စီးပွားဖြစ်ကြောင်း၊  ကိုဝင်းမြင့်
ကိုယ်တိုင်လည်း အရင်က ဖိုးချွေးအဖြစ်လှေလိုက်ဖူးခဲ့ကြောင်း။ ဖိုးချွေးဆိုတာ ပဲ့နင်းကြီးအကူ လှေမောင်းတဲ့သူဖြစ်ကြောင်း၊ ကြိုးစား
ရင် လှေသားဘ၀က ဖိုးချွေးအဆင့်အထိဖြစ်နိုင်ကြောင်း၊ကျနော်နဲ့ ဆန်းတင့်ကို စီကာပတ်ကုံးပြောပြတယ်။ ဒီလိုနဲ့ ကျနော်တို့လည်း
ငါးဖမ်းလှေလိုက်ဖို့ စိတ်ဆုံးဖြတ်လိုက်ပြီး ကိုဝင်းမြင့် အလုပ်ဆက်ပေးရာကို လက်ခံလိုက်တယ်။ လှေသားဖြစ်ပြီပေါ့။

ငါးဖမ်းလှေကို ၀ါးလတ်လို့ ခေါ်တယ်ဗျ။ ၀ါးလတ်ငါးဖမ်းလှေ စတက်ခါနီးမှာ ကိုဝင်းမြင့်က ကျနော်တို့၂ ယောက်ကို စွပ်ကျယ်လက်
ရှည် ၂ ထည်စီ၊ ကမ်ကေးဘောင်းဘီ ၂ထည်စီ ၀ယ်ပေးလိုက်သေးတာ။ အသေးသုံးငွေ တယောက် တထောင်စီလည်း ပေးသေး
တယ်။ ငွေက လှေထွက်စရိတ်ရတာတဲ့။ ကျနော်တို့လှေပြန်ဝင်လာမှ သူ့ ကို အိမ်ခန်းခနဲ့  စားစရိတ်ပေးတဲ့။  ခုတော့ မင်းတို့သုံးဖို့ 
ဒီငွေတွေ ယူသွားတဲ့။  ကျနော်တို့က ဘတ်ငွေ ၅၀၀ စီပြန်ပေးတာတောင် မယူဘူးဗျာ။  အဲဒိလောက်ထိ  သဘောကောင်းတဲ့သူမျိုး
ဘယ်မှာရှာမလဲ။ ထမင်းထုပ်သိုးသွားမယ်။ ရှာတွေ့ မယ်မထင်ဘူး။ ဒါနဲ့  လှေပြန်ဝင်လာရင်လည်း ကိုဝင်းမြင့်တို့ဆီမှာ နေမယ်၊ စား
မယ်၊ နေခစားခ ပိုက်ဆံလည်းယူပါပေါ့။ခုလိုကူညီတာ ကျေးဇူးတသက်မမေ့ပါဘူးဆိုပြီး မတ်တပ်ရပ်လျက် လက်အုပ်ချီနှုတ်ဆက်ခဲ့
ပါသေးတယ်။ သွားပြီ၊ ပင်လယ်ဆီ…။
#   #    #    #    #

ပင်လယ်ထဲရောက်တော့ ပထမဆုံးသင်ခန်းစာက လှိုင်းမူးခြင်းပဲ။ လူသစ်တွေအကုန်လုံး လှိုင်းမူးကြတာ။  ခေါင်းထဲ ရိပ်ရိပ်တက်လာ၊
ရင်ထဲ လှိုက်လှိုက်ဖြစ်လာ အန်တော့တာပဲ။ လှေကြမ်းပြင်မှာ လှဲအိပ်ရတော့  လှိုင်းပုတ်တဲ့ဘက် လိမ့်လိမ့်သွားတာများ ဇီးဖြူသီးတွေ
ဆန်ကောထဲထည့်လှိမ့်ခံရသလိုမျိုးပဲ။ လှေသက်ရင့်တဲ့သူတွေကျ ဘယ်လောက်လိမ့်လိမ့် အိပ်ချိန်အအိပ်မပျက်၊ စားချိန်အစားမပျက်
ဟုတ်နေတာပဲ။ ကျနော်တို့လှေသားသစ်တွေက လှိုင်းမူးလို့ သာ မှေးပြီးလှဲနေတာ။ အိပ်မရပေါင်ဗျာ။ ဒီကြားထဲ ရေထဲကငါးဖမ်းပိုက်
ဆွဲတင်ရင် ဘဲလ်သံစူးစူးကြားရပြီ။ လူအားလုံး ဘဲလ်သံကြားရင် ထကြပေတော့။ ငါးဖမ်းပိုက်ကလည်း ၂ နာရီ၊ ၃နာရီခြားလောက်ကို
တခါလောက်  လှေဝမ်းပေါ်ဆွဲတင်နေကြတာ။ ဘယ်လာ ကောင်းကောင်းအိပ်ရတော့မလဲ။ ကြက်အိပ် ကြက်နိုးပေါ့။  အိပ်ချင်မပြေ
နွမ်းလျလျဖြစ်နေလည်း ငါးရွေးပြီး ဗန်းထဲ၊ ပုံးရှည်တွေထဲ အရွယ်လိုက်၊ အမျိုးအစားလိုက်ထည့်ကြရတာ။ လှေဝမ်းထဲမှာလည်း ရေခဲ
တူးသူတူး၊ ငါးပုံးရှည်ထဲ၊ ဗန်းတွေထဲ ရေခဲဖြန်းသူဖြန်းပေါ့။ အဲဒိအချိန်ဆို လှေကြမ်းပြင်နဲ့ လှေဝမ်းထဲ ပြိုင်တူအလုပ်ရှုပ်ကြတော့တာ။

ဒုတိယသင်ခန်းစာကတော့ ငါးရွေးနေတုန်း “လုန်းလုန်း”ဆိုပြီးဟောက်သံကြားလိုက်ရပြီး အုန်းအုန်းအသံနဲ့ အတူ ဘုံးဘုံးဟပ်ထိုး လဲ အောင် ခံလိုက်ရတာဗျ။ လုန်းလုန်းဆိုတာက ထိုင်းလိုပါ။ ဗမာလိုအဓိပ္ပါယ်က မြန်မြန်တဲ့။ ငါးရွေးနေတုန်းနောက်ကနေခြေထောက်နဲ့ 
ဆောင့်ကန်ခံလိုက်ရတာ။ လူသစ်တွေဆိုတော့ ငါးရွေး ပုဇွန်ရွေး ဘယ်ကျွမ်းကျင်ပါ့မလဲ။ နှေးတုံ့ တုံ့ ပေါ့။ ဒီကြားထဲ မသေမရှင်ငါးကို
ကိုင်မိရင် ငါးစူးတာခံရသေးတာ။ လက်တွေလည်းထုံကျင်ကိုက်ခဲလို့ ။အလုပ်ပြီးလည်း နားရတယ်ဆိုတာသိပ်မရှိပါဘူး။နားချိန်ဆိုတာ
မုန်တိုင်းလာမယ် ကြိုသတင်းရလို့  ကျွန်းကြားခိုတာ။  ငါးမဖမ်းတဲ့ လှိုင်းကြီးချိန်မျိုးတွေမှာသာ နားရတယ်ရှိတာ။  ပင်လယ်ပြင်ထဲမှာ
ကိုယ်လို ငါးဖမ်းလှေတွေ အများကြီးရှိတာ အဲသလိုအချိန်မျိုးကျ သိရသဗျ။ လှေအချင်းချင်းပူးကပ်ပြီး ကျောက်ချနားထားတာများဆို
၁၅ စီးလောက်ကို တွဲထားတာမျိုးလေ။ လှေသားတွေအချင်းချင်းလည်း အဲဒိအချိန်ကျရင် တလှေပေါ်တလှေကူး ဖဲရိုက်ကြ။ ဘိန်း
ရှုကြ၊ ယာမားရှုကြနဲ့ ။ ပျော်တဲ့သူတွေ ကြံဖန်ပျော်နေတာပါပဲ။

လှေသားအသစ်ဘ၀မှာ တွေ့ လိုက်ရတဲ့သင်ခန်းစာတွေက မနည်းပါဘူး။ နောက်ထပ်သင်ခန်းစာက ထိုင်းလို မပြောတတ်လို့ ခံလိုက်
ရတဲ့ သင်ခန်းစာ။ လှေသားတွေ ထမင်းစားနေချိန်ပေါ့။ ကိုယ့်ထက်အသက်အများကြီးငယ်တဲ့ ချာတိတ်က သူစားပြီးသား ထမင်းဇလုံ
ကို ကျနော်ရှေ့  ပစ်ပေးတယ်။ ဟေ့ကောင်- ဒီဇလုံဆေးထားလိုက်တဲ့။ ခပ်ရင့်ရင့်နဲ့ ။ ကိုယ်မွေးရင် ကိုယ့်သားလောက်က ဒီလိုလာပြီး
အကျောနဲ့ ခိုင်းတာဆိုတော့ ကျနော်လည်း ဒေါသထောင်းခနဲဖြစ်သွားတယ်။ ဒီလိုနဲ့ ထမင်းဝိုင်းမှာ စကားများ ရန်ဖြစ်ကြတာပေါ့။ သူ
ထိုး၊ ကိုယ်ထိုး ရှုပ်ရှုက်ခတ်သွားတယ်။ ထုံးစံအတိုင်း ကိုယ့်လူ ကိုယ်ကူပေါ့။ ဆူဆူညံညံအသံကြားတော့  ရေရှူးအတင့်ရှိတဲ့ ထိုင်းက လာမေးတယ်။ ကျနော်နဲ့  ရန်ဖြစ်တဲ့ ချာတိတ်အုပ်စုက ထိုင်းလိုကျွမ်းတော့ ဘာပြောလိုက်လည်း မသိဘူးဗျာ။  ကျနော်နဲ့ အေးစိန်ကို
ဒူးပျံတွေရော ဖနှောင့်ကန်တွေရော လက်သီးမိုးရော အစုံကျွေးခံရတာ။ ထိုင်းက ပါးစပ်ကလည်း “ ယက်ကမဲ့” ချင်းထပ်နေအောင်ဆဲ
ပြီးထိုး၊ ရန်ဖြစ်ဖော် မွန်အုပ်စုကလည်း ထိုင်းကို မျက်နှာအားရနဲ့ ဝိုင်းထိုးကြနဲ့ ။ အတော်ကို ဖူလုံအောင် ခံစားလိုက်ရသေးသဗျို့ ။ ရန်
ပွဲပြီးလို့  အေးအေးဆေးဆေးကျမှ  အတူလှေသားဖော် ရခိုင်သားလှဝင်းက ရှင်းပြမှ ဇာတ်စုံသိရတာ။ ရန်ဖြစ်ဖော် မွန်အုပ်စုက ထိုင်း
ရေရှူးကို ရှင်းပြတာက ထမင်းစားပြီးပိုက်ဖာဖို့ ပြောတာကို ကျနော်က မဖာတတ်ဘူးပြောကြောင်း၊ ပိုက်မဖာတတ်ရင် သူတို့သင်ပေး မယ်ပြောတာကို ကျနော်က မင်းတို့အလုပ်မင်းတို့ဖာသာလုပ်၊ ငါမလုပ်နိုင်ဘူးဆိုပြီးဂျစ်ကန်ကန်ပြန်ပြောလို့ စကားများရန်ဖြစ်တာဆို
ပြီးရှင်းပြသတဲ့။ ဒါကြောင့် ထိုင်းရေရှူးက ဒေါကန်ပြီး ကျနော့်ကိုဆဲပြီးထိုးတာဆိုပဲ။ ယက်ကမဲ့ဆိုတာ မြန်မာလို အမေနဲ့ နှိုင်းပြီး အဆဲ
ခံရတာလို့ လှဝင်းက ရှင်းပြမှ သိတာ။ လှဝင်းရှင်းပြတော့  ကျနော်တို့အတော်စိတ်မကောင်းဖြစ်မိတယ်။ မွန်အုပ်စုတွေက ဗမာဆိုရင်
ဒီလိုအမြဲ လှေပေါ်မှာ အနိုင်ကျင့်တတ်ကြောင်း၊ ဗမာမုန်းတီးစိတ် သူတို့မှာရှိကြောင်း လှေသက်ရင့်နေတဲ့ ရခိုင်သားလှဝင်းရှင်းပြမှပဲ
ဇာတ်ရည်လည်တော့တာ။ ဗမာကို တိုင်းရင်းသားတွေ ဘာကြောင့်မုန်းတယ်ဆိုတာတော့ အေးစိန်ဆိုတဲ့ ဗမာတောသားလေးကျနော်
ဂဃနဏ မသိ။ စိတ်ထဲမှာတော့ ၀မ်းနည်းမိသား။
#   #    #   #    #

အပိုင်း (၂) အား ဆက်လက်ဖော်ပြပါမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, ကျော်ဟုန်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)