ညိုထက်ညို – ဈေးသည်မလေး မိနွယ်

September 22, 2014

– ဈေးသည်မလေး မိနွယ်
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၁၄

နာမည်လား။ ဒီမှာကတော့ အစ်ကိုသိတဲ့ အတိုင်း မိနွယ်ပဲ ခေါ်ကြတာပေါ့။ နာမည်ရင်းကတော့ နွယ်မာဦးပါ။ ဒီဘက် ရောက်တာလား….အင်း ဒါပါနဲ့ဆို လေးနှစ်ပေါ့။ စွဲစွဲမြဲမြဲ ဒီဘက်မှာပဲ ထိုင်တာတော့ နှစ်နှစ်လောက်ပဲ ရှိပါသေးတယ်။ ၂၀၀၅….ဟုတ်တယ် ၂၀၀၅ လောက်က။ အရင်က နွယ်က ဘယ်လိုခေါ်မလဲ။ ဒီလိုလေ အရင်က နွယ်က ခုလိုမျိုး တနေရာတည်းမှာမှ မထိုင်ဘဲကိုး။ လမ်း ၄၀ ဘက်လဲ နွယ်ရောက် တာပဲ။ ဗိုလ်ချုပ်လမ်းဘက်လဲ နွယ်နေလိုက်တာပဲ။ တခါတခါ လမ်း၃၀ထိပ်ဘက် တောင် သွားနေလိုက်သေးတယ်။ ဂိုဏ်းကလဲ နေ့မဟုတ် ညမဟုတ်လေ။ ဒီလိုလေ နွယ်တို့မှာက…အဲ…ဒီမြို့ထဲတဝိုက်ကို ပြောတာနော်။ နေ့ဂိုဏ်းနဲ့ ညဂိုဏ်း ရှိတာကိုး။ ဟင့်အင်း…ဘယ်သူကမှ ခွဲထားတာ မဟုတ်ပါဘူး။ သူ့ဟာသူ အဆင်ပြေသလိုပေါ့။ မနက်ဂိုဏ်းက ညရှစ်နာရီလောက်ကနေ ညနေသုံးနာရီ လောက်ထိပေါ့။ ညဂိုဏ်းကတော့ သုံးနာရီကနေ ညဆယ်နာရီ။ နွယ်ကတော့ ဒီလိုလေ၊ ကိုယ်က အဲလောက်အစောကြီးလဲ မလာနိုင်ဘူး၊ နောက်အကျကြီးလဲ မနေနိုင်ဘူးဆိုတော့ ကြားချထားရတာပေါ့။ မနက် ၁၁ နာရီလောက်ကနေ ည ခုနစ်နာရီ ရှစ်နာရီလောက်ပေါ့။

နွယ်မြို့ထဲစရောက်တာက ၂၀၀၃ လေ။ အဲဒီတုန်းကတော့ ကိုယ်ကလည်း အပေါင်းအသင်းက မရှိသေးတော့ ဒီလိုပဲ ဟိုသွားလိုက် ဒီသွားလိုက် လုပ်နေရတာကိုး။ ပြီးတော့ ဘယ်လိုပြောမလဲ။ အဲဒီတုန်းက ကိုယ်ကိုယ်တိုင်ကလဲ ဂွင်တွေဘာတွေ မဖန်တတ်သေးတော့ ဒီမှာ ဧည့်သည်မရ ဟိုမှာရနိုးနိုး၊ ဟိုမှာမရ ဒီမှာရနိုးနိုးနဲ့ ရွာလည်နေတာပေါ့။ နောက်တော့မှ လမ်း၄၀ထိပ်က မချိုကြီးလေ…ဟို အသက်အကြီးဆုံး တယောက်ပေါ့ အစ်ကိုရဲ့။ တီရှပ်အနီကြီး အမြဲ ဝတ်တဲ့ တယောက်လေ။ အစ်ကိုသိပါတယ်။ သူက နွယ့်ကိုသနားပြီး လူခေါ်နည်းလေးဘာလေး သင်ပေးပြုပေးနဲ့ အဲဒီနောက်ပိုင်းကျမှ နည်းနည်းအဆင်ပြေလာတယ် ပြောရမှာပေါ့။ နွယ်လား…နွယ်က အဲဒါတွေ ဘယ်သိမလဲ။ အနှိပ်ခန်းကဆင်းပြီး လမ်းပေါ်ရောက်လာတာကိုး။ အနှိပ်ခန်းမှာက ဒါတွေလိုမှ မလိုတာ။ ဒါနဲ့ နွယ် အဲလိုပဲ ပျံကျလျှောက်သွားနေတာ တနှစ်ခွဲလောက်တော့ ရှိမယ်။ နောက်ပိုင်းကျတော့ အိမ်ခံတွေက နွယ့်ကို မကြည်တော့ဘူးလေ။ သူတို့ကိုလဲ အပြစ်ပြောတာ မဟုတ်ပါဘူး။ သူတို့ကလည်း သူတို့အပိုင် နယ်ထိန်းကို ပိုက်ဆံပေးထားရတာကိုး။ နွယ်တို့ ဘာမှ မပေးဘဲ လာတဲ့သူကျတော့ မကြည်ကြတော့ဘူးပေါ့။ အောင်မယ် နွယ့်ကို ဖမ်းခိုင်းမယ်တွေ ဘာတွေ လုပ်သေးတယ်…. လူလေးတွေက လက်တောက်လောက်နဲ့။ အရွယ်လေးတွေက ငယ်သေးတော့ မာန်တက်နေတာပေါ့။ မချိုတို့ဆို ဒီလိုမဟုတ်ဘူး။ ဆောင်စရာ ရှောင်စရာအားလုံး နွယ့်ကိုသင်ပေးတယ်။ မချိုလား ၄၀လောက်တော့ ရှိရောပေါ့။ ဒီမြို့ထဲမှာ သူဝါအရင့်ဆုံးပဲဟာ။ ဟိုးအရင်လမ်း၄၀ အထက်လမ်းက ဘိမှာကတည်း က သူကစတာလေ။ ကြာပြီပေါ့။ လွန်ခဲ့တဲ့ ဆယ့်လေးငါးနှစ် လောက်ထဲက။ နွယ်ကတော့ ဘယ်သိမလဲ။ သူ ပြန်ပြောပြ တာတွေပေါ့ အစ်ကိုရဲ့။ ခဏနော် အစ်ကို ခဏ….ဟဲ့ ဝါဝါ ဘယ်လဲ….အေးအေး ငါ ဒီမှာပဲ ဆက်ထိုင်လိုက်ဦးမယ်။

စောစောက စကားတောင် ပြတ်သွားပြီ။ အဲ….နွယ်လဲ ကြာလာတော့ ပျံကျမလုပ်ချင်တော့ဘူး။  ဘာပဲပြောပြော အတည်တကျပဲ ကောင်းတယ်ဆိုပြီး ဒီမဟာဗန္ဓုလဘက် ရွေးလိုက်တာလေ။ ဒါလဲ မချိုကောင်းမှုပေါ့။ လမ်း၄၀ထိပ်က ဂွင်ကျဉ်းတယ်လေ။ ဒီဘက်နဲ့စာရင်။ ဒီမှာက ကားဂိတ်ကြီးတော့ လူက ပြတ်တယ်ရယ်မှ မရှိတာ။ နောက်ပြီး ဒီဘက်က နယ်ထိန်းကလဲ မချိုနဲ့ ရင်းတယ်ပေါ့လေ။ ဒါနဲ့ မချိုပဲ လိုက်အပ်ပေးလိုက်တာ။ မချိုလား… သူကတော့ ဟိုဘက်မှာ အထိုင်ကျနေပြီလေ။ သူ့ဖောက်သည်နဲ့ သူရှိတာကိုး။ ပြီးတော့ သူက အသက်လဲကြီးပြီ ဆိုတော့ နေရာတကာ လိုက်တိုးလို့မရတော့ဘူးလေ။ ကိုယ့်လို လုပ်စားကိုင်စားတဲ့သူတွေက နည်းတာမှ မဟုတ်တာ။ အဲဒီတော့ ဖောက်သည်ရှိတဲ့ နေရာ နေရတာပေါ့။ ဒီဘက်မှာ ဘယ်နှစ်ယောက်ရှိလဲ ဟုတ်လား၊ အတိအကျတော့ နွယ်လဲ ဘယ်သိမလဲ။ မှန်းခြေလား…အင်း မှန်းခြေတော့ ဆယ့်လေးငါးယောက် လောက်တော့ ရှိမလားပဲ။ ပျံကျမပါဘူးနော် အစ်ကို။ အတည်တကျ ရှိတဲ့သူကိုပြောတာ။ အောင်မယ်လေး နာဂစ်ပြီးကတည်းက ပျံကျတွေ နည်းတာမှ မဟုတ်တာ အစ်ကိုရယ်၊ ကိုယ့်ရှိတာ ဒါပဲဆိုတော့ ဒါနဲ့ပဲ လုပ်စားရတာပေါ့။ နေရာလား။ နေရာကတော့ များသောအားဖြင့် နွယ်တို့သွားတာက သံယောဇဉ်ပေါ့။ ဟုတ်တယ်လေ အစ်ကိုရဲ့။ နွယ်နဲ့ အစ်ကိုနဲ့ စတွေ့တုန်းက သွားတဲ့ဟာလေ။ ကုန်သည်လမ်းပေါ်က။ ဒီက မှတ်မိပါတယ်နော်။ မနှစ်က မီးလောင်သွားတယ်ကော။ အဲဒီညကများ နွယ့် သူငယ်ချင်းတယောက်တောင် အဲဒီမှာ အိပ်ရင်းတန်းလန်း ဆင်းပြေးရတယ်ဆိုလား။ အခုတော့လဲ အဲဒီဘေးကပ်လျက် တည်းခိုခန်းပေါ့။ ပြည့်နေရင်တော့လည်း လမ်း၄၀ထိပ်က ပရင့်စ်ဖြစ်ဖြစ်၊ ဆိပ်ကမ်းသာလမ်း အထက်ဖြစ်ဖြစ် သွားလိုက်တာပေါ့ အစ်ကိုရယ်။ အဲ…ပြောရဦးမယ်…နွယ်တို့ သွားနေကျဟာတွေ ကတော့ နည်းနည်း ညစ်ပတ်တာပေါ့။ ဈေးကလဲ ပေါတယ်လေ။ အဲဒါ တချို့ဖောက်သည်တွေက မကြိုက်ချင်ဘူး၊ နည်းနည်းကောင်းတဲ့ ဟို ဆိပ်ကမ်းသာ လမ်းထဲက ဘာလဲ…ဟို…အေရှား…အဲဒီသွားချင်တယ်။ သွားတာက ကိစ္စမရှိဘူး အစ်ကိုရဲ့။ အဲဒီဟာတွေက တခါတခါ မှတ်ပုံတင်တောင်းတယ်။ နွယ်တို့မှ မှတ်ပုံတင်မရှိတဲ့ဟာ။ ခဏလေး အစ်ကို၊ ရေနွေးကလဲ အေးနေပြန်ပြီ၊ ဟိုဘက်ဝိုင်းက အိုးနဲ့ လဲလိုက်ဦးမယ်၊ ရပြီ ရပြီ၊ ဒီအိုး မအေးသေးဘူး။ စကားတောင် ဘယ်ရောက်သွားပါလိမ့်…အဲ…သြော် တည်းခိုခန်း… ဘယ်တတ်နိုင်မလဲ။ နောက်ဆုံးတော့ ရတဲ့ဆီပဲ သွားရတာပေါ့။ ပြောသာပြောတာပါ။ နောက်ပိုင်း ဖောက်သည် သန့်သန့်ပြန့်ပြန့် ကောင်းကောင်းမွန်မွန် လေး မရတာလဲ ကြာပါပြီ။ လာလိုက်ရင် ဇော်တွေချည်းပဲ။ ကိုယ်က ထမင်းပြန်ကျွေးရမယ့် အပေါက်။ မတတ်နိုင် ဘူးလေ။ နောက်ပိုင်းတော့ ကိုယ်ကနပ်သွားပြီ။ ပိုက်ဆံကို အရင်ကြိုတောင်းထားရတယ်။ နို့မို့ ကိစ္စဝိစ္စပြီးမှ တထောင်ပဲ ပါတယ်ဆိုတာနဲ့၊ ငါးရာလိုနေတယ် ဆိုတာနဲ့ စိတ်ပျက်လွန်းလို့။ နွယ်ကတော့ ပါးစပ်သိပ်မရဲသေး ပါဘူး၊ တခါ ဝါဝါ အဲလိုကြုံတာ ဝါဝါ ဒေါသထွက်လွန်းလို့ တည်းခိုခန်းမှာတင် အမေတွေ နှမတွေနဲ့ ကိုင်တုပ်တာ။ ။ ဈေးလား…ဈေးတော့ သုံးထောင်လောက်က စပြောရတာပေါ့ အစ်ကိုရယ်။ မရပါဘူး သုံးထောင်လဲ။ နှစ်ထောင့်ငါးရာ၊ နှစ်ထောင်ပေါ့။ နှစ်ထောင်အောက်တော့ မရတော့ဘူးလေ။ ဒီလောက်လုပ်စားတဲ့သူတွေ များနေတာ။ တရက်တရက် နှစ်ယောက်သုံးယောက် အနိုင်နိုင်လေ အစ်ကိုရဲ့။ ခုဟာကတော့ ဈေးပေါင်ကျိုးနေ ပါပြီ အစ်ကိုရယ်။ ကိုယ်ကသာ တင်းခံနေတာ။ ငွေလိုတဲ့သူက ထောင့်ငါးရာလောက်နဲ့ ကောက်လိုက်ချင် လိုက်သွားတာ။ တခါတခါများ အချင်းချင်း ပြောမိသေးတယ်။ တလောကလုံး ဈေးတက်နေတဲ့ အချိန်မှာ ဈေးကျတာဆိုလို့ ငါတို့ပဲ ရှိတယ်လို့။ စဉ်းစားကြည့်လေ အစ်ကိုရဲ့…အဲ…နွယ်တော့မသိပါဘူး။ မချိုကြီးပြောတာ။ အောင်မယ်လေး သူကတော့ ရှေ့မီနောက်မီလေ။ ဘာတဲ့ သူပြောတာ…ကန်တော်ကြီး ခေတ်မပျက်ခင်တုန်းကတဲ့ ၂၀၀၀ လောက်လို့ပြောတာပဲ။ အင်းအင်း အစ်ကိုသိတယ် မဟုတ်လား…။ တရှော့ကို ရှစ်ရာတဲ့….အဲဒီခေတ်က ဈေးတွေနဲ့ ယှဉ်ကြည့်လေ အစ်ကိုရဲ့။ လက်ဖက်ရည်တခွက်မှ သုံးဆယ်ပဲ ရှိသေးတာကို။ ခု သုံးရာလေ…ကဲ… အဲလိုမျိုး တွက်မယ်ဆို နွယ်တို့ကို ခု ရှစ်ထောင်ပေးရတော့မှာပေါ့။ ဈေးတွက်တွက်ကြည့်တာလေ။ ခုတော့ ၂၅၀၀တောင် အနိုင်နိုင်ဟာ။ ကြည့် သုံးပုံတပုံပဲ ရှိတယ်။ ဟုတ်တော့လဲ ဟုတ်ပါတယ်လေ။ အကုန်လုံးကလည်း စီးပွားကျနေတော့။ နောက်ဆုံး ထမင်းစားရပြီးရော လုပ်နေရတာပေါ့ အစ်ကိုရယ်။

နွယ့်ဇာတိလား…စက်စုလေ…အစ်ကိုသိမယ် မထင်ပါဘူး။ ဘိုကလေး ဟိုဘက် နှစ်နာရီလောက် ဆက်သွားရတာ ပေါ့။ မိသားစုလား…အင်း..နွယ်အပါအဝင်ဆို ခြောက်ယောက်ပေါ့။ တကယ်က ရှစ်ယောက်လေ။ နွယ့်အောက် နှစ်ယောက်က ငယ်ငယ်တည်းက ဆုံးသွားတာကိုး။ ခုကျန်တဲ့ သုံးယောက်က မောင်လေးတွေချည်းပဲ။ တယောက်က ၁၈ နောက်နှစ်ယောက်က ၁၅ နဲ့ ၁၆။ အငယ်နှစ်ယောက်က ရွာမှာပဲလေ။ အကြီးကတော့ ဘိုကလေးမှာပေါ့။ ပျံကျပေါ့ အစ်ကိုရယ်။ နွယ်တို့ ဘာလုပ်တတ်မှာလဲ။ ကိုယ့်မိဘကိုယ်တိုင်ကလဲ လယ်ရှိချောင်းရှိထဲက မဟုတ်ဘူးလေ။ ဒီလိုပဲ အငှားလိုက်လုပ်တဲ့ သူတွေပေါ့။ ဘောက်လိုက်လုပ်တာပေါ့လေ။ နွယ်လား…ကျောင်းကတော့ ငါးတန်းအထိပဲ နေဖူးတယ်လေ။ သိပ်ရှုပ်ရှုပ်ထွေးထွေးတွေတော့ ဘယ်နားလည်မလဲ အစ်ကိုရယ်။ အဲ…ပြောရဦးမယ်.. နွယ် အိမ်ထောင်ကျတော့ ၁၈နှစ်သမီးပေါ့။ ရွာကိုလာလာနေတဲ့ ပွဲစားလိုလို ဘာလိုလိုနဲ့လေ။ ဘယ်သိမတုန်း.. အဲဒီတုန်းကတော့ ကိုယ်လဲ ထင်တခွဲသားနဲ့။ သူကလဲ လေက ခပ်များများ အထင်ကြီးမိတာပေါ့။ နောက်မှ ကိုယ်တော်ချောက ဘာမှမဟုတ်တာ သိရတယ်။ မဟုတ်တာထားပါ။ ကိုယ်က ဆင်းရဲသူဆင်းရဲသားပဲ။ လက်လှုပ်မှ ပါးစပ်လှုပ်ရမယ့်ဟာကို။ သူကဘာမှ မလုပ်တော့ ဘယ်လိုလုပ်မလဲ။ ဘာမှသာမလုပ်တယ် အရက်ကလေးကတော့ တမြမြနဲ့။ နွယ့်ကိုလဲ ရိုက်လားပုတ်လား။ နှစ်နှစ်လောက်ပဲ ကြာတယ်လေ။ ဘိုကလေးဘက် ခဏဆိုပြီး တက်သွားလိုက်တာ။ တော်တော်နဲ့ပြန်မလာလို့ မေးဟယ်မြန်းဟယ် လုပ်တော့မှ ကိုယ်တော်ချောက သူငယ်ချင်းတယောက်နဲ့ ယိုးဒယားဘက်ဆိုလား တက်သွားဆိုတာကိုး။ အဲဒီကတည်းက စုပ်စမြုပ်စပဲလေ။ ပြန်ကိုမပေါ်လာတော့တာ။ နွယ် ဒီဘဝ ဘယ်လိုရောက်လာလဲ ဟုတ်လား။ သူသွားပြီး နှစ်နှစ်လောက်ကြာတော့ အိမ်က စားဝတ်နေရေးကလဲ ကျပ်ပြီးရင်းကျပ်လာတယ်လေ။ အဖေကလဲ ကောင်းကောင်းမမာတော့ အရင်လို အလုပ်မလုပ်နိုင်တော့ဘူး။ အငယ်တွေကလဲ ဆယ့်သုံးလေးနှစ်တွေ။ ဒါနဲ့ နွယ်လဲ ရန်ကုန်မှာ ကြုံရာလုပ်မယ်ဆိုပြီး ဒီမှာရှိတဲ့ အဒေါ်ဆီတက်လာတာ။ ဟင့်အင်း အရင်းတော့ မဟုတ်ပါဘူး အမေ့ ညီမဝမ်းကွဲပေါ့။ ရွှေပြည်သာမှာ နေကြတာလေ။ ယောက်ျားက ဆောက်လုပ်ရေးမှာ လူကြမ်းပေါ့။ အလကားပါ။ သူရတာနဲ့ သူ့အရက်ဖိုးနဲ့။ အဒေါ့်အိမ်ဆိုင်လေး ရှိနေလို့သာ။ လာသာမှီရတယ်။ အဒေါ်ကလဲ ကလေးလေးယောက်လေ။ ဒါနဲ့ ဘာလုပ်ရင်ကောင်းမလဲ ကြည့်နေတုန်း အဒေါ့်အသိက မြို့ထဲက အလှပြင်ဆိုင် မှာ လုပ်မလားမေးတာနဲ့ လုပ်မယ်ဆိုပြီး ခေါင်းညိတ်လိုက်တာ ဒီလိုင်းထဲ တန်းရောက်လာတာပဲ။ ဟုတ်တယ်လေ အစ်ကိုရဲ့။ လမ်းမတော်က ဗျူတီဆလွန်းလေ။ ဘာအလှပြင်ရမလဲ မှတ်ပါတယ်။ ရောက်သွားတော့မှ အနှိပ်ခန်း ဖြစ်နေတာကိုး။ ကိုယ်ကလဲ နှိပ်တတ်တာမှ မဟုတ်တာ။ ပြောတော့ ဒီလိုပဲ ဟိုနှိပ်ဒီနှိပ်ဆို ရပြီဆိုတာကိုး အစ်ကိုရဲ့ ။ ဟင့်အင်း…စစချင်းတော့ မဝင်သေးပါဘူး။ နှစ်လလောက်ကြာမှ ဆိုင်ရှင်အစ်မကြီးက နွယ့်အကြောင်းမေးပြီး နင်လဲ အပျိုမှ မဟုတ်တော့တာ၊ သွားချင်တဲ့သူရှိလဲ သွားလိုက်ပေါ့။ နင်လဲ ပိုက်ဆံ ပိုရတာပေါ့တဲ့။ တခြား နွယ့်အရင်ရောက်နေတဲ့သူတွေ အဲဒါလုပ်နေတာတော့ နွယ်သိပါတယ်။ ကိုယ်တိုင်သာ မလုပ်တာ။ အဲ…အဲဒီတုန်းက နွယ်ရတာက စားတာသောက်တာ အပြီးငြိမ်း ၅၀၀၀ပဲ ရတာလေ။ ၂၀၀၂ပေါ့။ ဒါနဲ့ပဲ နွယ်လဲ ပိုက်ဆံလည်းပိုရတာပေါ့လေ ဆိုပြီး ဒီလိုင်းထဲ ရောက်လာတော့တာပဲ။ အဲဒီမှာ တနှစ်ခွဲလောက် ကြာခဲ့တယ်။ ပြောမယ်ဆို နွယ်အကြာဆုံးပဲ။ တခြားသူတွေက ဝင်လိုက်ထွက်လိုက်နဲ့။ ဒါနဲ့နေလာရင်း တရက် နွယ်နဲ့အဲဒီမှာ သုံးလလောက်ဆုံခဲ့ဖူးတဲ့ တယောက်နဲ့ အပြင်မှာ သွားတွေ့တယ်လေ။ သူက မြို့ထဲမှာ စလုပ်နေပြီ။ အဲဒါနဲ့ သူအဆွယ်ကောင်းတာရော၊ အနှိပ်ခန်းမှာ ပိုက်ဆံအရနည်းတာကောပေါ့၊ နွယ်လဲ အနှိပ်ခန်းက ထွက်လာလိုက် တယ်။ သူ့အားကိုးပြီး ထွက်လာကာမှ မရွှေချောက တရက် မြို့ထဲမှာ အဖမ်းခံလိုက်ရတယ်လေ။ ဘာကြာမလဲ။ နွယ်နဲ့သူနဲ့ မြို့ထဲတွဲလာပြီး တလလောက်မှာပေါ့။ နွယ်က အဲဒီအချိန် ဧည့်သည်နဲ့ တည်းခိုခန်းရောက်နေလို့ ပါမသွားတာ။ ဒါနဲ့သူလဲ ထောင်နှစ်နှစ်လားပဲ ကျသွားတယ်ဆိုလား… နွယ်ပြန်ကြားရတာပါ။ ဒါက။ နှစ်စေ့တော့လဲ နွယ်တို့ဆီ ပြန်ရောက်မလာတော့ဘူး။ မသိဘူးလေ နွယ်လဲ ဘယ်ရောက်သွားမှန်းတော့။ ဒါနဲ့ နွယ်လဲ ရွာလည်သွားတာပေါ့။ အနှိပ်ခန်းလဲ ပြန်မသွားချင်တော့ဘူးလေ။ နောက်ဆုံး မထူးဘူး ကိုယ့်ဖာသာပဲ ဆက်လုပ်တော့မယ်ဆိုပြီး လုပ်လိုက်တာ ခုထိပဲ အစ်ကိုရေ။

ဈေးကွက်လား…ကျတာပေါ့ ပက်ပက်စက်စက်။ ဘယ့်နှယ်ပြောပါလိမ့် အစ်ကိုကလဲ။ ၂၀၀၄လောက် အဲ ၂၀၀၅ အလယ်လောက်ထိက သိပ်မဆိုးသေးဘူးလေ။ ၂၀၀၅ နောက်ပိုင်းက စပြီးကျလာတာ။ အနှိပ်ခန်းတွေ ပေါ်လာတာကိုး။ ဟောတခန်း ဟောတခန်းနဲ့။ ကဲ…ကြည့် အခု လမ်းတိုင်းလမ်းတိုင်းမှာလေ။ နွယ်တို့ဖောက်သည်တွေ အကုန် အဲဒီရောက်ကုန်တာပေါ့။ အစ်ကို တွက်ကြည့်လေ။ အနှိပ်ခန်း တဆက်ရှင်က နှစ်ထောင်၊ ကောင်မလေးကိုက တထောင် ထောင့်ငါးရာ မုန့်ဖိုးပေးရင် ရပြီလေ။ နွယ်တို့နဲ့တော့ မတူဘူးလေ။ သူတို့က နောက်ကြောင်းအေးတယ်။ နေတာစားတာ စရိတ်မှ မရှိတာကိုး။ အဲ…စကားဘယ်ရောက် သွားပါလိမ့်။ သူတို့က အပြီးအစီး ၃၅၀၀လောက်ဆို ရပြီလေ။ နွယ်တို့လည်း အဲလောက်ပါပဲ။ ဒါပေမဲ့ မတူဘူးလေ အစ်ကိုရဲ့။ နွယ်တို့ကို ခေါ်နေရင်က တည်းခိုခန်းသွားရတဲ့ ဒုက္ခရှိတယ်။ ခေါ်နေတုန်းလည်း အသိနဲ့ တိုးမလား၊ အိမ်ကမိန်းမ နဲ့ တိုးမလား ကြောက်ရသေးတယ်။ သူတို့ဆီက တိုက်ပေါ် အသာလေး တက်သွားရုံပဲလေ။ ပြီးတော့ နောက်တခုလဲ ရှိသေးတယ် အစ်ကိုရဲ့။ သူတို့က ငယ်ငယ်လေးတွေ။ နွယ်တို့ လမ်းပေါ်ကဟာတွေက ကြီးနေပြီ။ သူတို့နဲ့ ယှဉ်ရင် ပြောပါတယ်။ ပြီး သူတို့က နေမထိ လေမထိ သပ်သပ်ရပ်ရပ် နေရတာလေ အရိပ်ထဲမှာ။ ခြေဆုံးခေါင်းဆုံး ဖြီးလိမ်း ထားရုံပဲ။ ဘယ်လိုပြောမလဲ အစ်ကိုရယ်။ နွယ်တို့ထက် သန့်တယ်ပေါ့။ ဖောက်သည်က ဒီလို ထင်မှာပဲလေ။ နွယ်တို့ကတော့ နေပူထဲ ချွေးထွက်သံထွက်နဲ့ကိုး။ ဒီနေရာ အခြေအနေမကောင်း ဟိုနေရာပြောင်းရ၊ စီမံချက်ရှိလို့ ပြေးရလွှားရ၊ သူတို့က ဒီဒုက္ခတွေ မရှိဘူးလေ။ ဒါကြောင့်ထင်ပါရဲ့။ ဟိုတုန်းကဆို ဒီအပိုင်းထဲက လူကြီးတွေရော လူငယ်တွေရော နွယ်တို့ကို လာခေါ်နေကျ။ ခုများဖြင့် ဟုတ်ပေါင်၊ အားလုံး ကြက်ပျောက်ငှက်ပျောက်။ ခုလာရင် အပြင်လူတွေချည်း။ အပြင်လူဆိုတာက ဒီမြို့ထဲက မဟုတ်တဲ့သူတွေပေါ့ အစ်ကိုရယ်။ မြို့ထဲက လူတွေက အနှိပ်ခန်းအကြောင်း သိနေပြီကိုး။ အဲဒီပဲ သွားကြတာပေါ့။ ဒီမြို့ထဲကလား…အောင်မယ်လေး လူတွေပဲ အစ်ကိုရယ်။ ဘယ်နေနိုင်ပါ့မလဲ။ နွယ်လုပ်စားလာတာပဲ လေးနှစ်ရှိပြီဟာ။ ဒီမြို့ထဲက လမ်းတိုင်းမှာ နွယ်နဲ့ သွားဖူးတဲ့သူ တယောက်မဟုတ် တယောက် ရှိတာပေါ့။ သြော် လူကြီးတွေလဲ ပါတာပေါ့ အစ်ကိုရယ်။ လက်က ပုတီးကိုင်ချင်ကိုင်မယ်။ စိတ်ကနိုင်သေးတာမှ မဟုတ်တာ။ ပြောလို့မကောင်းလို့။ နွယ်ပြောရင် အစ်ကို အံ့သြသွား မယ့်သူတွေ တပုံကြီး။

အနှိပ်ခန်းလား၊ နွယ့်အရွယ်နဲ့ ဘယ်တိုးလို့ ရတော့မလဲ အစ်ကိုရယ်။ ၂၇ ရှိနေပြီဟာ။ အနှိပ်ခန်းမှာက များသောအားဖြင့် ၁၈၊ ၁၉လေးတွေလေ။ ညအိပ်ညနေလား၊ ဒါကလဲ လိုက်ခဲပါတယ်။ ခေါ်တဲ့သူက ရှိဦးမှကိုး အစ်ကိုရဲ့။ ဟိုတလောကတော့ ဗန္ဓုလတံတားအဆင်းက ဘာတဲ့….ပါးစပ်ဖျားတင် မေ့နေပြန်ပါပြီ…အဲအဲ ဟုတ်တယ် စိန်တံခွန်….အစ်ကိုပြောမှ သတိရတော့တယ်။ အဲဒီ တခေါက်ရောက်သွားသေးတယ်။ အခန်းထဲ အပြာကားတွေ ပြတယ်လေ။ အင်း…တတ်နိုင်သမျှတော့ ကွန်ဒွန်သုံးဖို့ ပြောတာပဲ အစ်ကိုရယ်။ နွယ်လဲ မဖြစ်ချင်ဘူး၊ နွယ့်ကြောင့်လဲ သူများ မဖြစ်စေချင်ဘူးလေ။အားလုံးမှာလဲ မိသားစုတွေနဲ့။ ကြောက်တယ်ရယ်တော့ မဟုတ်ပါဘူး အစ်ကိုရယ်။ ဒါပေမဲ့ နွယ့်အဖေအမေက ရှိသေးတယ်လေ။ နွယ်ပဲ လုပ်ကျွေးနေရတာကိုး။ နွယ်တယောက်ထဲဆိုရင်တော့ ဘာအရေးလဲ။ မြန်မြန်သေ မြန်မြန်ဝဋ်ကျွတ်တယ်ပဲ သဘောထားလိုက်တော့ တယ်လေ။ ဒီဘဝကလား။ မထင်ပါဘူး အစ်ကိုရယ်။လွတ်မယ်လို့တော့။ ဒီလိုပဲ လုပ်စားရဦးမှာပါပဲ။ ကိုယ်လဲ တခြားမလုပ်စားတတ်ဘူးလေ။ ပြီးတော့ တခြားဟာလုပ်စားလို့ ဒီပိုက်ဆံမျိုး ရမယ်ဆိုလဲ တမျိုးပေါ့။ ခုတော့…။

အစ်ကိုကလဲ လုပ်ပြန်ပြီ။ နွယ်တို့ ဘယ်နားနိုင်မလဲ။ နေ့တိုင်းဆင်းရတာပေါ့။ နို့မို့ တလ တပတ်လောက်နားနေရမှာပေါ့ အစ်ကိုရဲ့။ အစ်ကို နွယ့်ကို နေ့တိုင်း တွေ့နေတာကြီးကို။ သြော် ဧည့်သည်သိသွားတော့လဲ ဒီလိုပဲ ကြည့်ကျက်တောင်းပန်လိုက်ရ တာပေါ့ အစ်ကိုရယ်။ ဘယ်တတ်နိုင်မလဲ။ မကောင်းတဲ့ အလုပ်မှန်းတော့ နွယ်သိပါတယ် အစ်ကိုရယ်၊ ဒါပေမယ့် လိမ်စားညာစားတာမှ မဟုတ်ပဲလေ။ ဘယ်လိုပြောမလဲ…ကိုယ်က ပညာလဲမရှိ၊ ဥစ္စာလဲမရှိတော့ ကိုယ်နဲ့ရင်းပြီး ရှာစားရတာပေါ့။ အိမ်ကလား…အဖေနဲ့ အမေနဲ့ ကတော့ လူချင်း အဆက်အသွယ်လဲ မရှိတော့ မသိသေးဘူးလေ။ အဒေါ်ကတော့ သိတာပေါ့။ အဒေါ်တင်မကဘူး နွယ်နေတဲ့ ရပ်ကွက်ကလဲ သိတာပေါ့ အစ်ကိုရဲ့။ မြို့ထဲက သူတို့ အလုပ်ပြန်ရင် နွယ်နဲ့ သွားသွားတိုးတတ် တာကြီးကို။ ဟို နွယ်နဲ့ အတူထိုင်ထိုင်နေတဲ့ တယောက်လေ။ မဝါဆိုတာ။ ခုနကပဲ နှုတ်ဆက်လိုက်သေး တယ်လေ။ သူကလဲ နွယ်တို့ အပိုင်းထဲကပဲ အစ်ကိုရဲ့။ ရပ်ကွက်သာမတူတာ။ အောင်မယ်လေး…လုပ်မနေပါနဲ့၊ အစ်ကိုသိပါတယ်။ ပြီးခဲ့တဲ့ အပတ်ကပဲ အစ်ကိုနဲ့ တွေ့သေးတယ်မဟုတ်လား။ နွယ်တောင်ရန်တွေ့လိုက်သေးတယ်။ ညည်း ငါ့လူကို လုသွားတယ်လို့။ စတာနော် အစ်ကို စိတ်မဆိုးပါနဲ့။ ထားပါတော့ အစ်ကိုရယ်။ ဒါတွေက အရေးမကြီးပါဘူး။ ခု အရေးကြီးတာက တနေ့လုံး လူတယောက်မှ မရသေးဘူး အစ်ကိုရဲ့။ လူလဲ မျက်စပစ်ပြရ၊ မျက်လုံးမှိတ်ပြရ၊ ရယ်ပြ ပြုံးပြရ၊ အနားသွားပြီး ခေါ်မလားမေးလိုက်ရနဲ့ ဖတ်ဖတ်ကို မောနေပြီ ။    ။

ညိုထက်ညို (၂၀၀၇)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

One Response to ညိုထက်ညို – ဈေးသည်မလေး မိနွယ်

  1. nono on September 23, 2014 at 9:57 am

    ဖတ်ချင်ပါသေးတယ်

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်