ကျော်ဟုန်း – ကြမ်းဆွေးပေါက်ကျွံ ခြေဖ၀ါးနု (အပိုင်း – ၂)
September 23, 2014
ကျော်ဟုန်း – ကြမ်းဆွေးပေါက်ကျွံ ခြေဖ၀ါးနု (အပိုင်း – ၂)
(မိုးမခ) စက်တင်ဘာ ၂၃၊ ၂၀၁၄
လှေက ၃ လလှေဆိုတော့ ၃ လ တခါ ရနောင်းကိုပြန်လာပါတယ်။ ဘာဖြစ်ဖြစ် လှေသားအတွေ့ အကြုံ အတော်အသင့်ရလိုက်ပြီ။
ထုံးစံအတိုင်း ကူညီသူကြီး ကိုဝင်းမြင့်အိမ်မှာ စတဲချပေါ့။  ပါလာသမျှလေးထဲကလည်း သူတောင်းသလောက်ပေးလိုက်တာပေါ့။ ဒီ
တခေါက်ပြန်လာတော့ သူ့ မိန်းမ မဖြူသွယ်ကို မတွေ့ ရတော့ဘူး။  ဘယ်သွားလဲ မေးမိတော့  မဖြူသွယ်က အကျင့်မကောင်းတဲ့
အကြောင်း၊ လင်မသိဘဲ ဗွီဒီရုံကပိုက်ဆံတွေ၊ အပ်ထားတဲ့ပိုက်ဆံတွေယူပြီး မြန်မာပြည်ပြန်ပြေးသွားကြောင်း ကိုဝင်းမြင့်ကပြောပြ
ရှာတယ်။  ဒါပေမဲ့  ကိုဝင်းမြင့်က တပင်လဲ တပင်ထူနိုင်သူဆိုရမလားပဲ။ မဖြူသွယ်နေရာမှာ မိငယ်ရောက်နှင့်နေပြီ။ မိငယ်ကပဲ
ကျနော်တို့ လှေသားတွေကို ချက်ပြုတ်ကျွေးပေါ့ဗျာ။
ဘာပဲဖြစ်ဖြစ်  ငွေပိုလေးရှိလာတော့ ဘီယာဆိုင်ထိုင်ဖြစ်လာတယ်။ ကျနော်တို့ မှာက အသိမိတ်ဆွေတိုးဖို့ လိုတယ်လေ။  ဒါကြောင့်
ကိုဝင်းမြင့်အခန်းမှာ အတူနေသူတွေနဲ့  ဘီယာဆိုင်လိုက်ထိုင်ဖြစ်ကြတယ်။ သူရှင်းကိုယ်ရှင်း အလှည့်ကျရှင်းစနစ်နဲ့  ဘီယာသောက်
ကြတာပါ။ လှေသားတွေကလည်း ရမ်းသဗျ။  ဘီယာ ဆင်းဂါး ၁၂ လုံး တပါကင်မှ ဘတ် ၄၅၀ ရှိတာကို ဘတ် ၁၀၀၀ ပေးသောက်
တဲ့ သူတွေဗျ။  ကျနော်ဖြင့် နှမြောလိုက်တာ။ အသက်နဲ့ ရင်း၊ အခက်နဲ့ ရင်း၊ ကြမ်းတမ်းမှုတွေနဲ့ ရင်းပြီး ရေထဲမှာ ရှာလာသမျှ  ကုန်း
ပေါ်ရောက်လို့ ဘီယာဆိုင်က မဒီကညာတွေနဲ့ တွေ့ တော့ သူဌေးလိုသုံးကြတာဗျာ။သူဌေးတောင် သူတို့ လောက် ပက်ပက်စက်စက်
မသုံးလောက်ဘူးထင်ပါရဲ့။ ဘီယာဆိုင်က မိန်းကလေးတွေကို ပိုးကြေးပမ်းကြေးနဲ့  ရာတန်တွေ ပေးတာလည်းတွေ့ ရဲ့။ ကောင်မလေး
တွေကလည်း သူတို့ ကို အီစီကလီ၊ပီတီတီ။ သောက်လိုက်၊သေးပေါက်လိုက်နဲ့ ဆိုင်မှာညနေကနေထိုင်လိုက်တာ နောက်နေ့ မိုးလင်း
ထိပဲ။ ဒါကြောင့် ကုန်းပေါ်လှေသားရောက်ပြီး တပတ်လောက်ဆို ခြူးတပါးမှ မရှိ၊ ဗလာနတ္ထိ။ ဒါကြောင့်  ကိုဝင်းမြင့်တို့ လိုလူတွေ
အိမ်မှာကပ်နေ။ လှေထွက်စရိတ်ရရင် ပြန်ဆပ်။ သံသရာလည်နေတာ။ တချို့ များဆို  ဘီယာဆိုင်မှာ အကြွေးတောင်မှတ်ခိုင်းထားပြီး
ဆက်သောက်ကြသေးသဗျ။ ကျနော်တို့ လည်း လှေသားအချင်းချင်း ပိုရင်းနှီးခွင့်ရအောင် သောက်ရပေမယ့် ကုန်သွားတဲ့ ပိုက်ဆံကို
နှမြောသား။
နံနက်လင်းအားကြီး ဘီယာဆိုင်ကအပြန် လမ်းဘေးမှာ လူတယောက်လဲနေတာတွေ့ ရတယ်။  လူတချို့ လည်း မလှမ်းမကမ်းက  ကြည့်နေတာတွေ့ ရတယ်။ ကျနော်တို့ လည်း  ဘာဖြစ်လဲလို့  စူးစမ်းကြည့် ကြည့်မိတာပေါ့။  ကိုယ်မှာ ဓားဒဏ်ရာ အချက်ပေါင်းများ
စွာနဲ့ သေနေတဲ့သူ မျက်နှာတွေ့ လိုက်တော့  ခေါင်းနပန်းကြီးသွားတယ်။ မူးခဲ့တဲ့ ဘီယာတွေ ဘယ်ပျောက်သွားလည်းမသိတော့ဘူး။
သေနေတဲ့သူက ကျနော်နဲ့ လှေပေါ်မှာရန်ဖြစ်ခဲ့တဲ့ မွန်လေး။ စိတ်မကောင်းလိုက်တာဗျာ။ ဘာလို့ ဒီလောက် ရက်ရက်စက်စက်သတ်
သွားကြပါလိမ့်။ ကျနော်က ရဲကိုအကြောင်းကြားဖို့  အနီးနားကလူတွေကိုပြောတော့ ရဲက အကြောင်းကြားတဲ့သူကိုတောင် ဖမ်းသွား
ဦးမယ်တဲ့။ ကိုယ်နဲ့ မဆိုင်ရင် အေးအေးနေတဲ့။ ကိုယ့်လမ်းကိုသွားတဲ့။ ဥပက္ခာပြုရက်လိုက်ကြတာလို့ စိတ်ထဲတွေးရင်း ကိုယ်တိုင်က
လည်း ဘာမှမလုပ်တတ်တော့ ကိုယ့်အခန်းဆီကိုပဲ စိတ်မသက်မသာနဲ့ ပြန်လာခဲ့ရတော့တယ်။
အိမ်ရောက်တော့လည်း မျက်စိထဲက မွန်လေးပုံကို မထွက်။ ကျန်လူတွေက မူးမူးနဲ့ အိပ်ကုန်ပြီ။ ကျနော်နဲ့ ဆန်းတင့်ပဲ  အတွေ့ ကြုံ
သစ်ဆိုတော့ မအိပ်နိုင်ဘဲ စိတ်မကောင်းဖြစ်နေတာလေ။ ကိုယ်တွေနဲ့ လှေအတူလိုက်ခဲ့ဖူးသူဆိုတော့ ရန်ဖြစ်ဖူးပေမဲ့ သံယောဇဉ်ရှိ
တာပါပဲ။ ဒါနဲ့ ကိုဝင်းမြင့်တို့ လင်မယားနိုးလာတော့ ဒီအကြောင်းပြောပြမိတယ်။ ကိုဝင်းမြင့်နဲ့ မိငယ်က  အေးအေးပဲ  ပြန်ဖြေတယ်။
ဒီအရပ်မှာ ဒီလိုပဲတဲ့။ ဖြစ်ရိုးဖြစ်စဉ်တွေတဲ့။ လှေပေါ်မှာအစာမကြေခဲ့သမျှ ကုန်းပေါ်ရောက်ရင် အသေရှင်းတော့တာပဲတဲ့။ ရည်းစား
ကြောင့်ဖြစ်တာရှိသလို အရက်မူး၊ စကားများပြီး သတ်ကြတာလည်းရှိသတဲ့။ ထိုင်းရဲတွေက ဗမာသေရင် အမှုလိုက်ပေးတာ မရှိဘူး
ဆိုပဲ။ ဗမာကို ထိုင်းတွေက ငါးတကောင်၊ ပုဇွန်တကောင်လောက်တောင် တန်ဖိုးထားတာမဟုတ်ဘူးဆိုပဲ။ ဒီအရပ်မှာ  ဗမာသေ
တာသိရင် တရုတ်ဘုံကျောင်းက အလောင်းလာကောက်ပြီး မီးသင်္ဂြိုလ်လို့  တော်သေးတာလို့ ပြောတယ်။ ကျနော့်စိတ်ထဲ ထိုင်းက
ဗမာကို အနိုင်ကျင့်သတ်လို့ သေသွားတာတွေ၊ ဗမာပြည်သားချင်းသတ်ကြလို့ သေသွားတာတွေ တွေးပြီး အမျိုးအမည်မသိဝေဒနာ
ခံစားနေရတယ်။ မြန်မာပြည်သားတွေအတွက် ဥပဒေမဲ့အရပ်လို့  စိတ်ထဲ အသိတခုဝင်လာတော့ ရင်မှာ ကတုန်ကယင်။
#   #    #    #    #
ဒီလိုနဲ့  ဒုတိယမြောက် လှေလိုက်ဖြစ်ပြန်တယ်။ ဒီတခါတော့ ပထမလို မစိမ်းတော့။ လှေလိုက်ဖော်တွေထဲ ခင်မင်ရသူတွေတိုးလာ
တော့ မသိတာရှိရင် မေးလို့ ရပြီ။ အရင်လှေတုန်းက အတူလုပ်ဖော်ဖြစ်တဲ့ရခိုင်သားလှဝင်းက ကျနော်တို့ အတွက်  အားအကိုးရဆုံး
ပဲ။ သူက ထိုင်းလိုလည်းတတ်တော့ မသိတာရှိရင် ပြောပြပေးတယ်။  သူနဲ့ အတူ ရန်ကုန်သားနီစိုးအောင်လည်း ကျနော်တို့ နဲ့  အဖွဲ့ 
ဖြစ်လာတော့ ၄ ယောက်အုပ်စုလေးဖြစ်သွားတာပေါ့။ ၀ါးလတ်လှေဆိုတာကလည်း လှေသားက ၁၅ ယောက်လောက်ပါတာပါ။ထိုင်း
က ပဲ့နင်းကြီးရယ်၊ စက်ဆရာရယ်၊ ငါးဆရာရယ် ၃ ယောက်လောက်ပဲရှိတာ။တချို့ လှေတွေမှာ စက်ဆရာ၊ ငါးဆရာလုပ်နေတာ ဗမာ
တွေပဲလို့  ရခိုင်သားလှဝင်းက ပြောပြတယ်။ ငါးဆရာဆိုတာက ရေပြင်ကိုကြည့်ပြီး ဒီနေရာမှာ ငါးဖမ်းရင် ဘာငါးရမယ်၊ ဘယ်ပုဇွန်ရ
မယ်ဆိုတာခန့်မှန်းပြောနိုင်တဲ့သူတဲ့။ သူတို့ ပြောလို့ ဖမ်းတိုင်းလည်း တကယ်ရတာကိုး။ လှေမှာ အနေချောင်၊ အစားချောင်သူဆိုလို့ 
ပဲ့နင်းအကူ ဖိုးချွေး၊ စက်ဆရာ၊ ငါးဆရာပါပဲ။ ကျန်လူတွေက အကုန်ဖြဲရတာ။
ခုလည်း ပထမဆုံးမိတဲ့ငါးက ထိုင်းလို ပါဒတ် ခေါ်တဲ့ ငွေရောင်ငါးတွေ။  ကိုယ်လုံးပြားပြားရှည်သွယ်သွယ်နဲ့ ။  အဲဒိ ပါဒတ်ငါးတွေကို
ထုံးစံအတိုင်း ပုံးရှည်ထဲဗန်းထဲကောက်ထည့်တော့ အထာမသိတဲ့ကျနော့်ကို ငါးဆူးစူးပါလေရော။ဆစ်ခနဲဖြစ်ပြီး ညာဖက်လက်ညှိုးနဲ့ 
လက်မကြားမှာ သွေးတွေ ပန်းထွက်လာတယ်။  ငါးစွယ်ကို အသာပြန်ထုတ်ပြီး ဆက်အလုပ်လုပ်ရတာပါပဲ။ လက်အိတ်ရှည်ဝတ်ပြီးမှ ငါးတွေကို ဆက်ကောက်နေလိုက်တယ်။ အဲဒိနေ့ က အလုပ်လုပ်နေတုန်း သွေးပူနေလို့ လားမသိ။ ညရောက်မှ ကိုက်ပြီးနာကျင်လာ
တာ။ မခံနိုင်အောင်နာတယ်။ တအင်းအင်း တကျွတ်ကျွတ်နဲ့ အော်နေရတော့ ကျနော့်ဘေးနားကပ်အိပ်နေတဲ့ လှဝင်းက  သူဆောင်
ထားတဲ့ ပါးတခြမ်းမည်းဆေးသောက်ဖို့ ပေးတယ်။  ဆေးကိုတထုပ်လုံးသောက်လိုက်မှ နည်းနည်းအနာသက်သာသလိုရှိပြီး အိပ်
ပျော်သွားလေရဲ့။ ဘယ်လောက်အိပ်သွားလည်းဆို နောက်ငါးတစူးဆွဲတင်လို့ အချက်ပေးဘဲလ်သံအော်တဲ့အထိ မနိုးဘူး။ ဆန်းတင့်
က အတင်းကိုယ်ကို ဆွဲထူနှိုးမှ ပြူးပြဲကုန်းထရတာ။ လက်နာနာကြီးနဲ့ ငါးရွေးရတာပေါ့ဗျာ။
ငါးရွေးပြီးချိန် ရေးရှူးကို လှဝင်းအကူအညီနဲ့ လက်ငါးစူးလို့ ကိုက်ခဲနေကြောင်းပြောပြီးဆေးတောင်းတယ်။ဖြစ်တဲ့နေရာကိုပလာစတာ ကပ်ပေး၊ ပတ်တီးစည်းပေးတယ်။  နောက်ပြီး  သောက်ဖို့ အတွက်  ယာထိုင်းကျိုင်ဆေးထုပ် ပေးတယ်။ ဒါပဲ။ ယာထိုင်းကျိုင်ဆေးကို ဗမာတွေက ပါးတခြမ်းမည်းလို့ ခေါ်တာ။ တံဆိပ်ကပုံကိုကြည့်ပြီးခေါ်တာဖြစ်ပါလိမ့်မယ်။ ဗမာပြည်မှာရှိတဲ့ လိမ္မော်ဂျင်ဆေးထုတ်မျိုး
ပါပဲ။ အကိုက်အခဲပျောက်ဆေးပေါ့။ လှေပေါ်မှာတော့ နေမကောင်းတာ ကောင်းတာ မသိဘူး။ ငါးဆွဲတင်ပြီဆိုရင် ဇယ်ဆက်သလိုကို
အလုပ်လုပ်ရတာဗျ။ ကျနော်ကလက်အနာရှိန်ကြောင့် ကိုယ်လည်းပူနေတယ်။အလုပ်ကို ဘယ်လက်တဖက်တည်းနဲ့ လုပ်နေရတာ။
လှဝင်းတို့ ၊ ဆန်းတင့်တို့ က ကူချင်ပေမဲ့ သူတို့ လည်း သူ့ အလုပ်နဲ့ သူ ရှုပ်နေတာ။ ဒီတော့ နာနာနဲ့ အလုပ်လုပ်ရ၊ ဘယ်လက် အား
ကိုးချည်းမရတော့ ညာလက်နဲ့ လည်းဖေး လုပ်ရတာပေါ့။ ပင်လယ်ဆားငံရေထိတော့ အနာက စပ်ဖျဉ်းဖျဉ်း။ နောက်ဆုံး ကျနော့်ညာ
လက်က တဖြည်းဖြည်းယောင်လာတာ။ ဖျဉ်းပါ ဆွဲတယ်။
ဒီတခေါက်ကျ ငါးဖမ်းလှေက ငါးသိပ်မဆွဲရဘူး။ ဘာလို့ လည်းဆို စစ်သင်္ဘောလိုက်လို့  ပင်လယ်မှာ ပတ်ပြေးနေရတာ များတယ်။
ကမ္ဘာ့ရေကြောင်းလိုင်းပေါ်ရောက်အောင် ပြေးရတာတဲ့။  ကမ္ဘာ့ရေကြောင်းထဲရောက်ရင် အေးဆေးပဲ။  သက်ဆိုင်ရာ စစ်သင်္ဘောက
ဆက်မလိုက်တော့ဘူး။ ဒီတော့မှ လှဝင်းကိုမေးကြည့်မိတယ်။ “ငါတို့  ငါဖမ်းလှေကို စစ်သင်္ဘောက ဘာလို့ လိုက်တာလဲ” မေးတော့
အနီးကလူတွေ  ၀ိုင်းရယ်ကြကုန်ရောဗျာ။  သူတို့ ပြောပြမှ ကိုယ်လိုက်တဲ့ ငါးဖမ်းလှေက  ငါးခိုးဖမ်းလှေမှန်း သိရတော့တာ။ ကျနော်
အစကဘယ်သိမလဲ။ ထိုင်းပင်လယ်မှာပဲ ငါးဖမ်းနေတာထင်တာလေ။ လှဝင်းက အခု ငါတို့ ငါးဖမ်းနေတာ ဗမာပင်လယ်မှာတဲ့။ ထိုင်း
တွေက ဗမာ့ရေ၊ အင်ဒိုရေ၊ အိန္ဒိယရေပိုင်နက်တွေမှာ ငါးခိုးဖမ်းတာဆိုပဲ။ ဗမာ့ရေမှာ အများဆုံးခိုးဖမ်းတယ်လို့ ရှင်းပြတယ်။ ကျနော့်
လည်း ၀ိုင်းရယ်ကြမယ်ဆို ရယ်စရာပဲလေ။ ကိုယ်လိုက်တဲ့လှေကို ငါးခိုးဖမ်းလှေမှန်းမသိတဲ့ကောင်။ အဲဒိလောက် ထူပါတယ်။
နီစိုးအောင်ကလည်း လှေလိုက်သက် ၅ နှစ်တောင်ရှိပြီဆိုတော့ ထိုင်းငါးခိုးဖမ်းလှေတွေအကြောင်း သူသိသလောက်ပြောပြတယ်။ ငါး
ခိုးလှေတွေမှာ ၀ါလတ်လှေ၊ ၀ါတန်းလှေ၊ မီထွန်းလှေဆိုတာရှိကြောင်း။ ၀ါလတ်ထက် ၀ါတန်းလှေက ကြီးကြောင်း၊  မီးထိုးလှေဆိုတာ
လှေပတ်လည်မှာ ၁၀၀ ၀ပ်အား မီးလုံးတွေဆင်ထားပြီး ပြည်ကြီးငါး(ကင်းမွန်)ကို သီးသန့် ဖမ်းတဲ့လှေမျိုးဖြစ်ကြောင်း  ရှင်းပြတယ်ဗျ။
ဘယ်လှေအမျိုးအစားပဲဖြစ်ဖြစ် ထိုင်းလှေတွေက ထုံးစံအတိုင်း ခိုးဖမ်းကြတာချည်းပဲတဲ့။ ဗမာ့ရေတပ်ကလည်း သူတို့ စစ်ဆင်ရေးမရှိ
တဲ့အခါမှာ ပွိုင့်တခုက စောင့်နေပြီး ခိုလှေတွေဆီ သတင်းပို့ တာတဲ့။ ဆက်ကြေးလာပေးရင် ငါးခိုးဖမ်းခွင့်ပြုနေတာတဲ့။ စစ်ဆင်ရေး
ရှိတဲ့အခါဆိုရင်လည်း ခုလိုလိုက်ဖမ်းတော့ ထွက်ပြေးရတာပဲတဲ့။ စစ်သင်္ဘောလာရင် ထိုင်းငါးခိုးဖမ်းလှေတွေက ကြိုသိတာများတယ်
ဆိုပဲ။ သူတို့ လှေက သစ်သားခွံပေမဲ့ ရေဒါပါတယ်။ ခိုးလှေအချင်းချင်းလည်း သတင်းပေးတာလည်းရှိတော့ များသောအားဖြင့် ထွက်
ပြေးနိုင်တာချည်းပဲတဲ့လေ။ မိတာနည်းတယ်ဆိုပဲ။ ရေတပ်နဲ့ တွေ့ ရင် သူတို့ တောင်းတဲ့ပိုက်ဆံပေးတဲ့အပြင်  စီးကရက်၊  အချိုရည်၊
အရက်တွေပါ ခိုးဖမ်းလှေတွေကပေးတော့ ဗမာ့ရေတပ်သင်္ဘောကဖမ်းမိတာနည်းလို့ ကြောက်စရာမလိုကြောင်း နီစိုးကပြောပြတယ်။
နီစိုးက ရန်ကုန်သားလည်းဖြစ်ပြန်ဆိုတော့ ဗဟုသုတစုံတယ်။ နောက်ပြီး သူက တွေးတွေးဆဆနဲ့ ပြောသေးသဗျ။ ငါတို့ ဗမာတွေက
အုပ်ချုပ်တဲ့သူတွေမကောင်းတော့ ငါတို့ လူငယ်တွေလည်း ဘ၀ပျက်နေတာပေါ့သွာတဲ့။ တိုင်းပြည်ဝင်ငွေလည်း ယိုပေါက်တွေနဲ့ မွဲရ
တာကြည့်တဲ့။ ကိုယ့်ရေပြင်မှာ ထိုင်းတွေက ကိုယ်ဗမာလူငယ်တွေနဲ့ ငါးခိုးဖမ်းပြီး ကြီးပွားနေတာ။ ကိုယ်ဗမာတွေရေက ငါး၊ပုဇွန်တွေ
ကိုယ့်မစားရ၊ ကိုယ်ငွေမရဘဲ ထိုင်းတွေက ချမ်းသာကုန်တာတွေဟာ အုပ်ချုပ်သူတွေ မကောင်းလို့ တဲ့။
နီစိုးပြောမှဘဲ ကျနော်လည်း စဉ်းစားမိတာ။ ကျနော်တို့ ရေပြင်က ခိုးဖမ်းတဲ့ ငါးတွေဆို မျိုးစုံ။ ပုဇွန်ဆိုလည်း ကျနော်တို့် ဧရာဝတီသား
တောင် မမြင်ဖူးတဲ့ မျိုးကောင်းပုဇွန်ကြားတွေ။ ထိုင်းတွေက လိုင်မားလို့ ခေါ်တယ်။ နီညိုစိမ်းစပ်ကြား ပုဇွန်ထုတ်ဗျ။ အခွံက ပါးတယ်။
အကောင်ကြီးတာများ ၃ ကောင်ဆို တကီလို ရှိတာ။  ထိုင်းမှာတောင် အဲဒိပုဇွန်က တကီလို ဘတ် ၃၅၀ ကျော်ကနေ ဘတ် ၄၀၀ ပေါက်ဈေးရှိတာ။ ဒါတောင် ရနောင်းက လေလံဈေး၊ ဘန်ကောက်ရောက်ရင် ဘယ်ဈေးပေါက်မလဲမသိဘူး။ ငါးတွေဆိုလည်း ငါးမုတ်
ဖြူ၊ ငါးမုတ်မည်း၊ကင်းမွန်၊ ပင်လယ်ငါးပုဏ္ဏား၊ ငါးရွှေ၊ ပင်လယ်ငါးခူ၊ ငါးလိပ်ကျောက်၊ ငါးမန်း၊ငါးပျက် အမျိုးကိုစုံနေတာပဲ။ ကိုယ်မမြင်
ဖူး အမည်မသိငါးတွေအစုံ။ ပုဇွန်ဆိုလည်း မျိုးစုံ။ ထိုင်းကခိုးဖမ်းပြီး ကြီးပွားနေတာ။ ကျနော့်တို့ ဆီမှာ ဒီလို အဖိုးတန် ငါး၊ ပုဇွန်တွေရှိ
လျက်နဲ့  ထိုင်းတွေလို ရေအောက်ကြမ်းပြင်အထိ ခွမ်းချပြီး ဖမ်းတဲ့ပညာမရှိတော့ ကိုယ့်ငါးက သူများစားဖြစ်သွားတာ ရင်နာစရာပဲ။ ဒီ
ကြားထဲ  ဗမာ့ရေတပ်က  ကိုယ့်ရေပြင်ကို မကာကွယ်နိုင်တဲ့အပြင် လိုင်စင်ရ ပင်လယ်ဒမြအကြီးစားလုပ်နေတော့ ပြည်သူတွေ ငတ်  တာပေါ့။
ထိုင်းတွေ ငါးခိုးဖမ်းတာ ဘယ်လောက်စနစ်ကျသလဲ ကြည့်။ ငါးဖမ်းလှေတွေမှာ ၃ လလှေ၊ ၅ နှစ်လှေဆိုတာရှိတယ်။ လှေဝမ်းထဲမှာ
ရေခဲထည့်လာတာ ဘယ်လောက်ရှိပါ့မလဲ။ တခါ ငါးခိုးဖမ်းပြီးရင် ရေခဲအုပ်ဖို့ ကုန်သွားတာပဲ။ ဒါပေမယ့် သူတို့ ဆီမှာ ကဲ့လှေဆိုတာ
ရှိတယ်။ အဲဒိကဲ့လှေက တကယ်ဆို သင်္ဘောပါပဲ။ သံခွံကိုယ်ထည်နဲ့ ။  အဲဒိ ကဲ့လှေက ငါးဖမ်းလှေတွေဆီက  ငါးပုံးတွေ၊ ပုဇွန်ပုံးတွေ
ကို သယ်ယူပြီး သက်ဆိုင်ရာ ခိုးလှေပိုင်ရှင်ဆီ အပ်ပေးတယ်။  လိုတဲ့ ကြိတ်ပြီးသား ရေခဲတွေလည်း  ခိုးလှေဆီကို  ပြန်ချပေးတယ်။ စားစရာမျိုးစုံ။ အရက်၊ဘီယာ၊ဘိန်း၊ ယာမား၊ ဖန်စီဒိုင်း၊ ဖဲထုတ်၊ ဆေးဝါးအစုံ ပြန်ယူလာပေးတယ်။ သယ်သွားတဲ့ ငါး၊ ပုဇွန်တွေလည်း
အပျောက်အရှမရှိစေဘဲ လှေပိုင်ရှင်သူဌေးဆီပို့ ပေးတာ။ ပြောရရင် ဆက်သားလှေပေါ့။ ဒီတော့ ပင်လယ်ထဲ ရေခဲမပြတ်၊ ရိက္ခာတွေ
မပြတ်၊ အရက်မပြတ်၊ ဘိန်းမပြတ်၊ လိုလို့ မှာရင် မိန်းမတောင်ရသေးဆိုပဲ။ လှဝင်းပြောပြတာ။ ဗမာပြည်တွင်းက အစိုးရလုပ်တဲ့ ပုလဲ
နဲ့ ငါးလုပ်ငန်းထက် အများကြီးသာကြောင်း၊ ထိုင်းမုဆိုးမပိုင်တဲ့ ငါးခိုးလှေလိုတောင် ဗမာအစိုးရက မလုပ်နိုင်ကြောင်း နီးစိုးက ဖြည့်ပြီး
ဝင်ပြောလို့  ရယ်ကြရသေးသဗျာ။
ဒါ့အပြင် ဆီလှေဆိုတာလည်း ရှိသေးကဗျ။ ငါးဖမ်းလှေတွေ ဆီလိုရင် ဆီလှေကို အကြောင်းကြားလိုက်တာနဲ့  ငါးဖမ်းနေတဲ့နေရာကို
အရောက်လာဆီဖြည့်ပေးတာ။ လှေသားတွေအတွက် အင်္ကျီလက်ဆောင်ကို အထုပ်လိုက်ပေးသွားသေးတာဗျ။ ဂျင်းပျော့ ရှပ်အင်္ကျီ
တွေမှ ပေးတာ။ နောက် ပင်လယ်ထဲ ပုဇွန် အရှင်လိုက်ဝယ်တဲ့လှေလည်းရှိသေးတယ်။ ခုန ကျနော်ပြောတဲ့ လိုင်မားပုဇွန်ကြား အရှင်
တွေလိုက်ဝယ်တာ။ တခါတလေ ပုဇွန်အုပ်ထဲမှာ မသေဘဲကျန်နေတတ်တဲ့ ပုဇွန်တွေရှိရင် ရွေးနေတဲ့လှေသားတွေက ပဲ့နင်းဆီအပ်
ရတယ်။ ပဲ့နင်းက သူ့ အိပ်ခန်းဘေးက ငါးမွေးကန် မှန်ပုံးထဲမှာ ပင်လယ်ရေနဲ့ ထည့်မွေးထားပြီး ပုဇွန်အရှင်လိုက်ဝယ်တဲ့လှေဆီ ပြန်
ရောင်းတာ။ ၀ယ်တဲ့သူတွေက ဂျပန်တွေတဲ့။ ပုဇွန်ကို သူတို့ ပါလာတဲ့ပစ္စည်းနဲ့ နည်းမျိုးစုံစမ်းသပ်တယ်။ စိတ်ကြိုက်ဖြစ်ပြီဆို ကြိုက်
ဈေးပေးတယ်။ မ၀ယ်ဖြစ်တောင် ပဲ့နင်းအတွက် လက်ဆောင်ကောင်းတွေ ပေးတာ။ ဗမာ ပုဇွန်က အဲဒိလောက်ကို အဖိုးတန်တာဗျ။
သူတို့ ဂျပန်မှာ  ဗမာ့ပင်လယ်ပုဇွန်ကြားကို ပြန်မွေးဖို့   ပင်လယ်ထဲလိုက်ဝယ်တာလို့  လှေသားသက်ရင့်တဲ့ လှဝင်းက ပြောပြတော့
ကျနော့်မှာ ပါးစပ်အဟောင်းသားနဲ့ ။ အံ့သြလို့ ၊ နှမြောလို့ ။
#   #   #    #    #
ဒီတခေါက် စစ်သင်္ဘောလိုက်ဖမ်းလို့ ပြေးရ။ မုန်းတိုင်းရှိလို့ ကျွန်းကြားခိုရနဲ့ မို့  ငါးမဖမ်းဖြစ်တာများတယ်။ ကျနော့်လက်ကလည်း ပို
ယောင်ကိုင်းလာတယ်။ ဆေးထည့်စရာမရှိတော့ ပလာစတာပဲ အနာဝကပ်ထားရတာ။ပင်လယ်ဆားငံရေထိပြီး အနာဝကပြဲလာတာ။
မုန်တိုင်းခိုချိန်မှာ အလုပ်မလုပ်ရလို့  တော်သေး။ ဒါပေမဲ့ မခံနိုင်အောင်တဆစ်ဆစ်ကိုက်တာဗျ။ အော်နေ ငြီးနေရတာ။  ညနေပိုင်းမှာ
ကျနော့်ကို ရန်ကုန်သားနီစိုးက “ရော့ ..ဒါလေးရှုလိုက်”ဆိုပြီး ဖြူဖြူအမှုန့် တွေကို ခဲစက္ကူပြားပေါ်ထည့်ပေးတယ်။ ပိုက်လုံးတိုလေးကို  ပေးတယ်။ လက်ထဲမှာလည်း ဂက်စ်မီးခြစ်နဲ့ ။ ကျနော်က ဘာလဲမေးတော့။ မင်းကိုက်ခဲနေတာ၊ ငြီးနေတာ မကြည့်ရက်လို့ တဲ့။ ဒါရှူ
လိုက်ဆိုပြီး ခဲစက္ကူအောက်ကိုမီးရှို့ ပေးတာ။ အငွေ့ တွေရှုလိုက်တော့ ချက်ချင်းဆိုသလို အကိုက်အခဲပျောက်သလိုဖြစ်သွားတယ်။ ဒါ
နဲ့  ဘာဆေးလည်းလို့ မေးကြည့်တော့ ရေခဲတဲ့။  ရေခဲက အမှုန့် ရှိလို့ လားဆိုတော့ နီစိုးက ရယ်တာမှ ဟက်ဟက်ပက်ပက်။ နောက်
သူပြောမှ ခေါင်းနပမ်းကြီးသွားတာ။ ရေခဲဆိုတာ ဘိန်းဖြူတမျိုးတဲ့။  နီစိုးက လှေသားတွေအလုပ်မြန်မြန်လုပ်နိုင်တာ ယာမား၊ ရေခဲ၊
ဘိန်းဖြူတွေသုံးလို့ ဖြစ်ကြောင်း၊ ဒါတွေက မူးယစ်ဆေးပေမယ့် အလုပ်ကြမ်းသမားတွေအတွက် ဆေးဖြစ်ကြောင်း၊ အကိုက်အခဲတွေ
ပျောက်ကြောင်း ဆွယ်တရားဟောလေသလား၊ ဘာလားမသိ။ လက်ရှိတော့ လက်အနာသက်သာသလိုရှိလို့  သူ့ ကျေးဇူးတင်မိတာ
အမှန်ပဲ။
ဒီတခေါက်တော့  ကျနော်တို့ လှေက ပင်လယ်မှာ အဖမ်းအဆီးကြမ်းလို့ ဆိုပြီး ၃ လ မပြည့်ခင် ရနောင်းပြန်ဝင်လာတယ်။ ကျနော့်
တို့ လှေသားတွေလည်း  ပိုက်ဆံ သိပ်မရလိုက်တဲ့အခေါက်ဆိုပါတော့။  ဒါပေမဲ့  ကျနော့်အဖို့ က  ကမ်းမြန်မြန်  ပြန်ရောက်တာကိုပဲ
ကျေးဇူးတင်စရာဗျ။ လက်က ယောင်ကိုင်းနေတာ။ အရေခွံတောင်ပါးပြီး ညိုပုပ်နေပြီ။  ကမ်းပေါ်ရောက်ရောက်ချင်း အိမ်ခန်းထဲမှာပဲ
ဆေးခန်းလုပ်ထားတဲ့ အပ်ပုန်းဆရာဝန်နဲ့ ပြရတာ။ သူက ဆရာဝန်တော့ မဟုတ်ဘူး။ သူနာပြုအဆင့်ပါပဲ။ ဒါပေမဲ့  ကျနော်တို့ တွက်
တခုတည်းသော အားကိုးရာ ဆရာဝန်ပေါ့။ သူက အားမရှိလို့ ပုလင်းကြီးချိတ်ချင်တယ်ဆိုရင်လည်း လွယ်လွယ်ကူကူချိတ်ပေးတာ။
နေမကောင်းဘူးပြောရင် ဘာဆေးမှန်းမသိ။ တန်းထိုးတာ။ နောက် ရောင်စုံဆေးတွေပေးတာ။ သူ့ ဆေးခန်းလည်းစည်သဗျ။ ကျနော်
ကိုတော့ ထုံဆေးမရှိ။ အစိမ်းခွဲပြီး ပြည်တွေ၊ သွေးပုပ်တွေ ညှစ်ထုတ်ပေးတာ။  နာလိုက်တာဗျာ။ ဒါပေမဲ့  အပ်ပုန်းဆေးခန်းကြောင့်ပဲ
လက်နာက ခွဲပြီး ၂ပတ်လောက်ကြာတော့ နဂိုလက်အရွယ်ဖြစ်လာတယ်။ အယောင်ကျလာတယ်။သက်သာလာတယ်။ ထုံးစံအတိုင်း
ကိုဝင်းမြင့်အခန်းမှာ နေ၊ နား၊ စားရင်း နောက်တခါလှေပြန်ထွက်ဖို့ ပြင်ရတာပေါ့လေ။
#   #    #    #   #
ဒီတခါ နားရတာက တလကျော်တယ်။ ပင်လယ်မှာ ဗမာစစ်င်္ဘောတွေအဖမ်းအဆီးသတင်းကို ထိုင်းတွေက နားစွန့် နေကြတာဗျ။
ဈေးတက်သွားတာလဲလို့ ဈေးသည်ကို မေးကြည့်တော့ ဗမာတွေ ပစ်ဖမ်းနေလို့ တဲ့။ အဲဒါသာကြည့်။ ထိုင်းလုပ် ငါးသေတ္တာရဲ့ အဓိက
ကုန်ကြမ်းဟာ ပလာတူးငါးဗျ။ ဗမာ့ပင်လယ်က ပလာတူးတွေ ဖမ်းမနိုင်အောင်ကို အလျှံအပယ်ရှိတာ။ ဗမာမှာကျတော့ ပလာတူးငါး
အစိမ်းဆိုတာ မမြင်ဖူးတဲ့သူတွေတောင်ရှိတယ်။ ထိုင်းက ကိုယ့်ဆီကငါးကို ခိုးဖမ်းပြီး ငါးစည်သွပ်ဗူးတွေကို ဈေးကြီးပြန်ရောင်းတာ။
ကိုယ့်ပစ္စည်းကို ဈေးကြီးပြန်ဝယ်စားရတဲ့တိုင်းပြည်။ ဘယ်လောက်များ အသုံးမကျလိုက်လေသလည်းဆိုတာ တွေးမိလေ၊ စိတ်နာရ လေပဲ။
ကျနော်တို့ ကံကောင်းလေတယ် ဆိုရမလားပဲ။  လှဝင်းနဲ့ နီစိုးအောင်လည်း ကျနော်တို့ လိုက်တဲ့လှေမှာ ပြန်ပါလာတယ်။ အရင်လို
အေးစိန်၊ဆန်းတင့်၊ လှဝင်း၊ နီစိုး ၄ ယောက် အုပ်စုလေး မပျက်တော့ ၀မ်းသာရတာ။ နီစိုးနဲ့ လှဝင်းက ကျနော်တို့ ထက် လုပ်သက်
ရင့်တော့ ထိုင်းစကားတတ်တယ်။ ပိုက်ဖာတတ်တယ်။ သူတို့ ပြပေးလို့  ပိုက်ဖာတာတောင် ကျနော်တို့ နားလည်နေပြီ။  လှေလိုက်
ပြီး ပိုက်မဖာတတ်ရင် အလွန်မျက်နှာငယ်ရသဗျ။ ထိုင်းလိုမတတ်ရင်လည်း သူများ နှိပ်ကွတ်သမျှ ခံနေရတာ။  စာနာတတ်တဲ့ နီစိုး
နဲ့  လှဝင်းကြောင့် အနေချောင်လာတာမို့ သူတို့ ကို ပိုခင်ရသဗျ။
ကျနော်တို့ လှေလည်း ဒီတခါသူများလှေတွေလို ကျွန်းခိုနေနေရတယ်။ဗမာစစ်င်္ဘောသတင်း စနည်းနာရင်းဆိုပါတော့။လှေတွေများ
ပူးကပ် ကျောက်ချထားလိုက်တာ ရွာလေးတရွာလောက်ရှိမယ်ထင်ရတယ်။ အဲသလိုအချိန်မျိုးမှာ လှေသားတွေထုံးစံအတိုင်း ဖဲရိုက်
အရက်သောက်၊ ဘိန်းရှု၊ ငါးသောက်ပေါ့။ ဖန်စီဒိုင်းဆေးရည်ကို ဘာကြောင့် လှေသားတွေ ငါးလို့ ခေါ်သလည်း မသိဘူး။ ကျနော်တို့ 
အထဲမှာတော့ ရန်ကုန်သားနီစိုးက စွယ်စုံချသဗျ။ သူ့ ကိုလည်း ခင်လာတော့ တားရတာပေါ့။ အလွန်အကျွံ မူးယစ်ဆေးတွေ မသုံးဖို့ ။
သူက ငါတို့ လှေသားဘ၀မှာ ဒါလေးတွေနဲ့ ပဲ စည်းဇိမ်လုပ်နေရတာတဲ့။ပိုက်ဆံဆိုတာက စုချင်လို့ စုရတာမဟုတ်ဘူးတဲ့။မင်းတို့ ရော
လှေ ၂ ခါလိုက်ပြီးတာ ပိုက်ဆံ ဘယ်လောက်စုမိသလဲလို့ မေးတယ်။ ကျနော်တို့ က စရောက်ခါစဆိုတော့ အခြေမကျသေးလို့  မစုမိ
ကြောင်း၊  မင်းတို့ အနေနဲ့ က လှေလိုက်တာကြာပြီမို့  ငွေစုမိသင့်ကြောင်းပြန်ပြောမိတယ်။ နီစိုးက ရယ်တယ်။  ရေထဲကလာတဲ့ ငွေ၊
ရေထဲမှာပဲပြန်ကုန်တာ မင်းကြာရင်သိမယ်တဲ့။
ကျွန်းကပ် လှေနားချိန်ဆိုတော့  တလှေပေါ် တလှေကူး လည်ပတ်ကြရင်း သတင်းစုံလည်းကြားရတတ်တယ်ဗျ။ မမျှော်လင့်မိတဲ့
သတင်းတခုကို သယ်လာတဲ့သူက လှဝင်း။  ကျနော့်တို့ ရဲ့ ကျေးဇူးရှင် ကိုဝင်းမြင့် ရေထဲကျသွားပြီတဲ့။  ရေထဲကျသွားတယ်ဆိုတာ
သေသွားပြီလို လှေလောကသားတွေ ပြောတဲ့စကားဗျ။ ကျနော်က ကိုဝင်းမြင့် သေတယ်ဆိုတာမဖြစ်နိုင်ကြောင်း၊ သူကလှေမလိုက်
ဘဲ ရေထဲကျတယ်ဆိုတာ မဖြစ်နိုင်ကြောင်းပြောမိတာပေါ့။ စိတ်ထဲကလည်း ကျနော်တို့ ကိုဝင်းမြင့် သေတာ မဟုတ်ပါစေနဲ့ လို့  ဆု
တောင်းနေမိတာ။ ဒါပေမဲ့ သတင်းက အတိအကျဗျ။ လှဝင်းက သူကြားလာသမျှကို ရှင်းပြနေတော့  ကျနော်မှာ မယုံချင်လည်း  ယုံ
ရတော့တာ။
ကိုဝင်းမြင့်က အရင်တုန်းက လှေသားတဲ့။ လှေမျိုးစုံလိုက်ဖူးတော့ ထိုင်း သူဌေး၊  ရေရှူး၊ ပဲ့နင်း၊  အကုန်နီးပါး သိတယ်တဲ့။ သူက လူ
လည် တဦးဖြစ်ကြောင်း၊  လှေသားမွေးစားပြီး ထွက်စားရိတ်တွေ၊ လုပ်အားခငွေတွေကို ပဲ့နင်းနဲ့ ပေါင်းပြီး  ခေါင်းပုံဖြတ်စားတဲ့သူဖြစ်
ကြောင်း၊ မိန်းမလည်း တပြီးတယောက်ယူကြောင်း၊ နောက်တယောက်တွေ့ ရင် အရင်မိန်းမကို ပြဿနာရှာပြီးမောင်းထုတ်တတ်
ကြောင်း၊ မိန်းကလေးများကို ပြည့်တန်ဆာခန်းတွေမှာ ထိုင်းလူမိုက်တွေနဲ့ ပေါင်းပြီး ရောင်းစားတဲ့အလုပ်လည်း လုပ်ကြောင်း၊ သူဖွင့်
ထားတဲ့ ဗွီဒီယိုရုံက သူ့ ဆရာ ထိုင်းရေရှူးဟောင်းတဦးဖြစ်ကြောင်း၊ အဲ့ဒီရေရှူးက ဗမာပြည်ထဲ သစ်မှောင်ခို လုပ်နေကြောင်း၊ အဲဒိ
သစ်မှောင်ခိုလုပ်ရာမှာလည်း ကိုဝင်းမြင့်က အစုရှယ်ယာဝင်ထားကြောင်း။ ဒီတခေါက် သစ်မှောင်ခိုအသွားမှာ ကိုဝင်းမြင့်ဆီက ငွေ
တွေနဲ့ သစ်တွေဝယ်ပြန်အလာ လမ်းမှာ ပစ်သတ်ပြီး ရေထဲချခဲ့တာဖြစ်ကြောင်း၊ လုံးစေ့ပတ်စိရှင်းပြတော့မှ ကိုယ့်ကျေးဇူးရှင်လို့ မှတ်
ထားတဲ့ ကိုဝင်းမြင့်ဟာကျားကြီးမှန်းသိရတော့တာ။ မကောင်းတဲ့သူရဲ့ တခန်းရပ်ဇာတ်သိမ်းခန်းဟာလည်း မလှပတတ်တာ သံဝေဂ
ရမိပါသေးတယ်။
လှဝင်းရှင်းပြမှ  ကျနော်တို့ လှေထွက်စားရိတ်တွေ၊ တလရမယ့် လခထဲက ငွေကို ဖြတ်နုတ်ထားတာတွေ သိလာရတယ်။ အစက ထင်တာ သူများတွေထက် လခနည်းတာ လှေသားအသစ်မို့ အရနည်းတာလို့ ထင်မိတာ။ ကျနော်လည်း ကိုယ့်ဗမာပြည်သားသေရ
တာ၊ ထိုင်းတွေရဲ့ ဥပဒေမဲ့ ပြုကျင့်ခံရတာတွေအတွက် စိတ်တော့ ဘယ်ကောင်းမလဲဗျာ။ လှေလိုက်ပြီးပြန်လာရင် ကိုဝင်းမြင့်အခန်း
လေးမှာ တည်းခိုနေရတာဆိုတော့ ခုတခေါက်တော့ ဘုံပျောက်ပြီပေါ့။ ဒုတိယအခေါက်ထဲက လှေသားအလုပ် စိတ်ကုန်နေတာပါ။
စရိုက်ကြမ်း၊ အလုပ်ကြမ်းတွေကြုံရတာထက် ငါးခိုးဖမ်းလှေလိုက်ရမှန်းသိရကတည်းက  ကျနော်ရော ဆန်းတင့်ပါ စိတ်လေနေတာ။
ဒီတခေါက် ရသမျှစုဆောင်းပြီး ခိုးလှေမလိုက်တော့ဘူးလို့ ကြိတ်ကြံထားကြတာ။ ကမ်းပေါ်မှာပိုက်ဆံရနည်းပေမဲ့ ကုန်းပေါ်က ငါး၊
ပုဇွန်တွေဝယ်တဲ့ဂိုဒေါင်တွေမှာ အလုပ်လိုက်ရှာမယ် ဆုံးဖြတ်ထားတယ်။ ၁ နှစ်လောက်လုပ်ပြီးရင် ဗမာပြည်ပြန်ပြီး ရင်းနှီးရှာဖွေစား
မယ်လို့  ၂ ယောက်သားတိုင်ပင်ထားကြတာဗျ။ ကျနော်တို့ က ကိုယ့်ချွေးနဲစာနဲ့ ကိုယ် ရိုးရိုးသားသားရပ်တည်ချင်သူတွေပါ။
#   #    #     #    #
ရာသီဥတုကလည်းသာယာ၊ ဗမာ့ရေတပ်ရန်ကလည်းရှင်းပြီလို့ ထင်တဲ့တနေ့ မှာ ကျနော်တို့ ကျွန်းကပ်လှေတွေအသီးသီးလုပ်ငန်း
စဖို့  ကျွန်းခွာလာကြပြီ။ လုပ်ငန်းခွင် ကိုယ်စီဝင်ကြပြီ။ နေ၀င်ချိန် ညနေအရောက်မှာ ကျနော်တို့ လှေက ပုဇွန်တွေဦးဆုံး တစူးဆွဲ
တင်ပြီးလို့  လူတွေလည်း  အသီးသီး အလုပ်ရှုပ်နေချိန်ပေါ့။  ရေရှူးက ပုဇွန်ကွက်မိတာဆိုတော့ နောက်ထပ် ပိုက်ပြန်ချနေပြီ။ လှေ
ဝမ်းထဲ ရေခဲတူးသူ၊ ရေခဲအုပ်သူတွေနဲ့ ရှိသလို ကုန်းပတ်ပေါ်ကလူတွေကလည်း ထည့်ပြီးသားပုဇွန်ပုံးတွေကို လှေဝမ်းထဲအရောက်
လက်ဆင့်ကမ်းနေချိန်ပေါ့။ကျနော်တို့ လှေက အတည့်သွားနေရာက ဗြုန်းဆို ဂငယ်ကွေ့ ကွေ့ ချလိုက်တာ။ ကုန်းပတ်ပေါ်ကလူတွေ
လဲတဲ့သူလဲ၊ ရေထဲပြုတ်ကျတဲ့သူကျ ဖြစ်ကုန်တော့တာ။ ပြုတ်ကျသွားတဲ့ လူတစုမှာ နီစိုးလည်းပါတယ်။ ကျနော်က “လူတွေ ရေထဲ
ကျကုန်ပြီ..ကယ်ပါဦး”လှမ်းအော်ပေမယ့် ဘယ်သူမှ အရေးမထားနိုင်ကြပါဘူး။ ယိုင်လဲနေတဲ့သူတွေလည်း နီးရာ တွယ်မှီ ကိုင်ထားရ
တာကိုး။ လှေကလည်း လူတွေကျသွားမှန်းသိပေမယ့် ကယ်မယ်စိတ်ကူးရှိပုံမရဘူး။ စက်ရှိန်ကို မြှင့်သထက်မြှင့် အတင်းမောင်းတော့
ပြေးတော့တာဗျ။ အင်ဂျင် ၂ လုံးဖွင့်ပြီးမောင်းပြေးတာဗျာ။  နောက်ကိုလှည့်ကြည့်မိလိုက်တော့ ခပ်လှမ်းလှမ်းမှာ ရေတပ်သင်္ဘောကြီး
တွေ့ ရတယ်။ အဲဒိအချိန်မှာ လှဝင်းက လှေဝမ်းထဲလှိမ့်ချသွားတာမြင်လိုက်တယ်။ လှေကလည်းစက်ကုန်ဖွင့်ပြေးပေမယ့် ပိုက်ချထား
လျက် တန်းလန်းကြီးဆိုတော့ ပြေးရခရီးမတွင်ဘူး။ ရေတပ်သင်္ဘောကလည်း အရင်သင်္ဘောလို ရေဒါမှာမမြင်ရသေးဘူး။ အနီးနားကို
ရောက်နေပြီ။ ကုန်းပေါ်မှာတုန်းက လှေသားတချို့ ပြောနေတဲ့ သင်္ဘောကြီးဖြစ်မယ်ထင်တယ်။ အခု ဗမာ့ရေတပ်သင်္ဘောက  တရုတ်
ဆီက ၀ယ်ထားတာတဲ့။  ထုမကြီးပေမယ့် ရှည်မျောမျောကြီး။ ရေဒါထဲ အချက်ပြအစက်မပေါ်ခင် အနားကို ရောက်လာတတ်တာလို့ 
ကြုံဖူးသူတွေ တဆင့်စကားပြောတာကြားဖူးတယ်လေ။ ခု ကိုယ်တိုင်ကြုံရပြီ။ ဘုရားပဲ တရတော့တာပဲ။ ဗမာဘက်က စစ်ဆင်ရေးရှိ
လို့ ဖမ်းနေတာလား၊ စစ်သင်္ဘောသစ်ကြီးအစွမ်းသိချင်လို့ လက်တည့်စမ်းချိန်လား မပြောတတ်ဘူး။ တကယ်လိုက်ဖမ်းနေတာနဲ့ ကြုံ
နေရပြီ။
ကျနော်တို့ ပဲ့နင်း ထိုင်းကလည်း ဘိန်းစားဗျ။ ဘိန်းရှိန်နဲ့ စွတ်မောင်းနေသလို သူ့ သေနတ်စုတ်နဲ့ စစ်သင်္ဘောကြီးဆီ ပြန်ပစ်သံလည်း
၃ ချက်လောက်ကြားလိုက်ရသေးတယ်။ အဲ့ဒိနောက်မှာ အုံး ..ဆိုတဲ့အသံကျယ်ကြီးကြားလိုက်ရတယ်။ လှေလည်း သိမ့်သိမ့်တုန်ပြီး
ရေတွေ ဒလဟောဝင်လာတယ်။ သွားပြီ။ လှေနောက်မြီးပြတ်သွားပြီ။ လှေဝမ်းနောက်ပိုင်းမှာ အလုပ်လုပ်နေတဲ့ စက်ဆရာတို့ အုပ်စု
တော့  ရှင်လမ်းမရှိတော့ဘူးဆိုတာ သေချာပဲ။  လှေသားတချို့ က ရေထဲခုန်ချနေကြပြီ။ ကျနော်နဲ့ ဆန်းတင့်က  အတွေ့ အကြုံ မရှိ တော့ ကြက်သေသေပြီး နီးရာကုန်းပတ်ဘောင်ကို လက်ဆုပ်ကိုင်ထားတုန်း။ လှဝင်းက ဖောသီး ၂ လုံးဆီသီထားတဲ့ ကြိုးကွင်း ၂ ခု
ကို ကျနော်တို့ ဆီ ပစ်ပေးတယ်။ သူ့ မှာလည်း ဖော့သီး ၂ လုံးတပ်ကြိုးကွင်း အသင့်စွပ်ထားပြီးပြီ။ ရေထဲခုန်ချလို့ အော်သတိပေးရင်း
သူလည်း ရေထဲမျောသွားပြီ။ ကျနော်တို့ လည်း လှဝင်းပစ်ပေးလိုက်တဲ့ ဖော့သီးကြိုးကွင်းစွပ်ပြီး ရေထဲခုန်ချလိုက်ကြတယ်။
လှေက နစ်ကထက်နစ်တဲ့အချိန်မှာ လှိုင်းလုံးတွေကလည်း ကြီးလာတယ်။ ကျနော်တို့ လှေနဲ့ ဝေးသထက်ဝေးအောင်ကြိုးစား ကူးနေ
ရတာပေါ့။ခြေကုန်လက်ပမ်းလည်းကျလုလုဖြစ်နေပြီဆိုတော့ ဖော့သီးအားနဲ့ ရေပေါ်အလိုက်သင့် ခြေလှုပ်ရုံလောက်လေး အမောဖြေ
ကူးနေတုန်း စပိဘုတ်ပေါ်က သေနတ်တွေချိန်ထားတဲ့ ရေတပ်ရဲဘော်တွေ တွေ့ လိုက်ရတယ်။ သူတို့ တွေက ရေစီးအတိုင်းရှေ့ကနေ
စောင့်ဖမ်းတာ။  စပိဘုတ်ပေါ်ဆွဲတင်ပြီး သဘောင်္ကြီးဆီမောင်းသွားကြတယ်။ သင်္ဘောကြီးပေါ်ကတဆင့် ရန်ကုန်မြို့  ဗိုလ်တထောင်
ဆိပ်ကမ်းရောက်လာတော့တာ။ ပင်လယ်ထဲကနေ ရန်ကုန်အရောက် ၂ ရက်လောက်ပဲကြာသဗျာ။ ကျနော်တို့ ဖမ်းမိလှေသားတွေကို
ရဲလက်အပ်လိုက်ကြသပေါ့။ ဖမ်းမိတဲ့အထဲ ထိုင်းတွေလည်းပါတယ်။ ဒါပေမဲ့ လှေတစီးမှာ ထိုင်းရှိရင် ၃ ယောက်ထက်မပိုဘူး။ ကျန်
တာ ဗမာပြည်သားတွေချည်း။ ကျနော်တို့ လှေမှာ  ပဲ့နင်း၊ ရေရှူးနဲ့ ဗမာ ၅ယောက်ပဲ အရှင်မိတာ။ နီစိုးအပါအ၀င် ကျန်လူတွေက ရေ
ထဲကျ သေဖို့ များတယ်။ တခြားလှေက လက်ရာဖမ်းမိတဲ့သူတွေလည်းရှိတယ်။
#  #   #   #   #
ဖမ်းမိတဲ့သူတွေကိုတရားရုံးက အပြစ်ရှိလားမေးတယ်။ လှေသားတွေအားလုံးလည်း အပြစ်ရှိကြောင်း ၀န်ခံလိုက်ရတာပဲပေါ့။ ရေတပ်
ကိုယ်တိုင်ဖမ်းမိတာဆိုတော့ ငြင်းလည်းအပိုပဲလေ။တရားရုံးက တယောက်ကို ၁၄ နှစ်စီ အပြစ်ချလိုက်တယ်။ နိုင်ငံတော်ပစ္စည်းခိုးမှု
ဆိုလား၊ နိုင်ငံတော်ပစ္စည်း အလွဲသုံးစားပြုမှုဆိုလား မမှတ်မိတော့ပါဘူး။ စိတ်တွေက ထူပူနေလို့ လေ။ ဘာမှ မသိတော့၊ မမှတ်မိနိုင်
တော့ဘူး။ လှဝင်းက “အေးကွာ..ဒို့ တွေ မရှိလို့ ရရာကို ရိုးရိုးသားသားလုပ်စားမိသူတွေကျတော့ ထောင် ၁၄ နှစ်ချခံရတယ်။  လာဘ် စားပြီး  ငြိမ့်နေတဲ့ ရေတပ်ကသူတွေကျတော့ ဘာမှမဖြစ်ဘူးကွာ” တဲ့။ သူ့ လှေသားသက်တမ်းတလျှောက်မှာ နိုင်ငံတော်ပစ္စည်းကို
လာဘ်စားပြီး ဒမြတိုက်နေတဲ့ ရေတပ်နဲ့ ခဏခဏ ဆုံဖူးသူဆိုတော့ ပေါက်ကွဲမပေါ့လေ။ ကျနော်နဲ့ ဆန်းတင့်ကတော့  ဘာမှပြောနိုင်
စွမ်းမရှိတော့ဘူး။ လှဝင်း ပြောသလိုပဲ။  ကျနော်တို့ လူငယ်တွေက ရိုးရိုးသားသားလုပ်ကိုင်စားသောက်ချင်သူတွေဆိုတာ ကျိန်ပြောရဲ
ပါတယ်ဗျာ။ခက်တာက ကိုယ့်နိုင်ငံစီးပွားရေးကြမ်းကိုနင်းရတော့လည်း အဆွေးကြီး။ သူများနိုင်ငံထဲ  စီးပွားရှာနင်းရတဲ့ကြမ်းကလည်း  အဆွေးကြီး။ ဘယ်ဖက်နင်းနင်း တချိန်ချိန်တော့ ကြမ်းကျွံခံရမှာပဲလေ။ဘာတတ်နိုင်ပါ့မလဲ။ ဗမာဗုဒ္ဓဘာသာဝင်ပီပီ ကံကိုပဲ ပုံချလိုက်
ရုံပေါ့နော်။   ။
ကျော်ဟုန်း  (စက်တင်ဘာ၊ ၂၀၊ ၂၀၁၄ )
ကျော်ဟုန်း – ကြမ်းဆွေးပေါက်ကျွံ ခြေဖ၀ါးနု (အပိုင်း – ၁)
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Related posts
Tags:
အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, ကျော်ဟုန်း
Comments are closed.
ကြော်ငြာ … ကြော်ငြာ …
စာအုပ်မြင် ချစ်ခင်ပါစေ
မိုးမခမှာ ကြော်ငြာပါ
Help MoeMaKa
မိုးမခ Kindel Store
မိုးမခ Kindel Store
MoeMaKa Online Store
MoeMaKa Online Store
Colorful People Memorial Place
%d bloggers like this:
မိုးမခနဲ့ ပတ်သက်သမျှ
ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ
By
ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...
Read more »
ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ
By
ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...
Read more »
အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်
By
အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...
Read more »
ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ
By
ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...
Read more »
သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ
Donate while shopping on amazon
Recent Comments
Tags
(all tags)