အောင်ဒင် – အပိုင်း (၇၆) ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုအစိုးရနှင့် တတိယလှိုင်း (ဂ)

September 24, 2014


(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၅၊ အမှတ် ၂၁၄၊ စက်တင်ဘာ ၁၈၊ ၂၀၁၄၊ စာမျက်နှာ ၁၈) 



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင် – အပိုင်း (၇၆) ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုအစိုးရနှင့် တတိယလှိုင်း (ဂ)

#ဘတ်ဂျက်ခွဲဝေလျာထားမှုတွင် မပါဝင်သော လုပ်ငန်းများကို မသက်ဆိုင်သည့်ခေါင်းစဉ်များမှ ထုတ်နှုတ်သုံးစွဲခြင်း၊ ဘတ်ဂျက်လျာထားမှုမှ ပိုငွေများအား နိုင်ငံတော်သို့ ပြန်လည်အပ်နှံခြင်းမရှိခြင်း

မြန်မာနိုင်ငံရဲ့  ဘဏ္ဍာရေးနှစ်က ဧပြီလ ၁ ရက်နေ့မှာစပြီး မတ်လ ၃၁ ရက်နေ့မှာ အဆုံးသတ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း အစိုးရဋ္ဌာနများအားလုံး၊ နိုင်ငံတော်အဖွဲ့အစည်းများအားလုံးဟာ လာမည့်ဘဏ္ဍာရေးနှစ်အတွက် သက်ဆိုင်ရာဋ္ဌာနအလိုက် ရရန်ရှိငွေ၊ သုံးရန်ငွေ၊ ဆောင်ရွက်မည့် စီမံကိန်းများ၊ လိုအပ်မည့် ခန့်မှန်းချေ ငွေကြေးပမာဏများကို တွက်ချက်ပြီး ဘဏ္ဍာရေးကော်မရှင်ကို နှစ်တစ်နှစ်ရဲ့  နောက်ဆုံးလများ (နိုဝင်ဘာ၊ ဒီဇင်ဘာလများ) နောက်ဆုံးထားပြီး တင်ပြရပါတယ်။ အဲဒီနောက် ပြည်ထောင်စုအစိုးရက ဘဏ္ဍာရေးကော်မရှင်နဲ့ ညှိနှိုင်းပြီး ရရှိသည့် ပြည်ထောင်စုတစ်ရပ်လုံးရဲ့  အရအသုံး ခန့်မှန်းခြေငွေစာရင်းကို အခြေပြုပြီး “ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်း” ကို ရေးဆွဲပြီး လက်ရှိဘဏ္ဍာရေးနှစ်မကုန်ခင် ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းရပါတယ်။ (၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၂၂၁)

အဲဒီဥပဒေကြမ်းကို ဘဏ္ဍာရေးနှစ်သစ်မစခင်မှာ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးပြီး သမ္မတတင်သွင်းတဲ့ ဘတ်ဂျက်ကို ပြည်ထောင်စုလွှတ်တော်က လိုအပ်သလို ညှိနှိုင်းပြင်ဆင်ဖြည့်စွက်ပြီး အတည်ပြုပေးပါတယ်။ အတည်ပြုလိုက်တဲ့ “ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေ” မှာ ဝန်ကြီးဋ္ဌာနအလိုက်၊ အစိုးရအဖွဲ့အစည်းများအလိုက် သက်ဆိုင်ရာဘဏ္ဍာရေးနှစ်မှာ သတ်မှတ်ထားသော လုပ်ငန်းများအတွက် သုံးစွဲခွင့်ပြုငွေများ၊ လစာ၊ ခရီးစားရိတ်၊ ဧည့်ခံစားရိတ်၊ ဝန်ထမ်းအိမ်ယာ၊ နိုင်ငံတကာလေ့လာရေးစတဲ့ ခေါင်းစဉ်အသီးသီးအလိုက် သုံးစွဲခွင့်ပြုငွေများ၊ ရအောင်ရှာဖွေပြီး နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းရန် တာဝန်ရှိငွေများ” ကို အတိအကျခွဲဝေ သတ်မှတ်ထားပါတယ်။

ဒီဥပဒေအတိုင်း အစိုးရဋ္ဌာနများက သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အတွင်း ဆက်လက်အကောင်အထည်ဖော်ရာမှာ ခွင့်ပြုထားတဲ့ လုပ်ငန်းများကိုသာ ခွင့်ပြုထားတဲ့ ငွေကြေးပမာဏနဲ့ ခွင့်ပြုထားတဲ့ အချိန်ကာလအတွင်းမှာ ပြီးစီးနိုင်ဖို့ ကြိုးစားဆောင်ရွက်ရပါတယ်။ လုပ်ငန်းဆောင်ရွက်မှုအတွက် အမှန်တကယ်ကုန်ကျငွေက ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုထားတဲ့ ငွေထက် နည်းတယ်ဆိုရင် ပိုငွေကို နိုင်ငံတော်ကို ပြန်လည်အပ်နှံရပါတယ်။ အဲဒီပိုငွေကို ဋ္ဌာနဆိုင်ရာအကြီးအကဲများရဲ့ သဘောနဲ့ အခြားကိစ္စများမှာ သုံးစွဲခွင့်မရှိပါ။ သတ်မှတ်ထားတဲ့ ခေါင်းစဉ်အောက်က ပိုက်ဆံကို သတ်မှတ်ထားတဲ့ကိစ္စအတွက်သာ ခွင့်ပြုထားတဲ့ ပမာဏအတိုင်း သုံးစွဲရပါတယ်။ ရှာဖွေရန်တာဝန်ရှိတဲ့ ငွေကိုလည်း သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်း အပြည့်အဝရှာဖွေပြီး နိုင်ငံတော်ကို အပ်နှံရမှာပါ။

ဒါပေမည့်လည်း ဦးသိန်းစိန်အစိုးရရဲ့  ဝန်ကြီးဋ္ဌာနအချို့ဟာ ဒီလောက်ရိုးစင်းရှင်းလင်းတဲ့  ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းတွေကို မလိုက်နာကြပါ။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၊ ပထမ (၆) လအတွင်းမှာ ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုထားတဲ့ လုပ်ငန်းများထဲမှာ မပါဝင်တဲ့ လုပ်ငန်းတွေကို မသက်ဆိုင်တဲ့ ခေါင်းစဉ်များအောက်က ခွင့်ပြုငွေများနဲ့ သုံးစွဲဆောင်ရွက်ထားတဲ့ ဝန်ကြီးဋ္ဌာနအချို့ကို ပြည်ထောင်စုစာရင်းစစ်ချုပ်က စစ်ဆေးဖော်ထုတ်နိုင်ခဲ့ပါတယ်။ အောက်ပါဇယားကို ကြည့်ပါ။

ရုံး/ဋ္ဌာန  

ဘဏ္ဍာရေးနှစ်အတွက် ခွင့်ပြုချက်မရှိပဲ ဆောင်ရွက်သည့်လုပ်ငန်း 

ငွေကြေးပမာဏ (ကျပ်)

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာန၊ ဆည်မြောင်းဦးစီးဋ္ဌာန

မင်းမြင်ရေလှောင်တမံစီမံကိန်းအတွက် စက်ပြင်စားရိတ်၊ မော်တော်ယာဉ်ပြင်ဆင်စားရိတ်၊ နေ့စားလစာ၊ ဒေါင်းမြူးစီမံကိန်း၊ ပေါင်းနက်စီမံကိန်း၊

သန်းပေါင်း ၄၄ ဒသမ ၉၅၆

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာန၊ ဆည်မြောင်းဦးစီးဋ္ဌာန

စက်မှုတိုင်း (၁) ရန်ကုန်မြို့အတွက် Mini Dredger တစ်စီး တည်ဆောက်ခြင်း

သန်းပေါင်း ၆၁ ဒသမ ၂၄၈

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာန၊  ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

တက္ကသိုလ်ဈေးလမ်းနှင့် ရေစင်လမ်းကတ္တရာအဆင့်မြှင့်ထပ်ပိုးလွှာခင်းခြင်း

သန်းပေါင်း ၁၅၀ ဒသမ ၃၈၁

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာန၊ စိုက်ပျိုးရေးဦးစီးဋ္ဌာန

လေအေးပေးစက် (၇) လုံး၊ ရုပ်မြင်သံကြားစက် (၁) လုံး၊ ကွန်ပြူတာ (၁) လုံး၊ ဂါလံ (၈၀၀) ဆံ့ သစ်သားရေစင်တည်ဆောက်ခြင်း၊ ၂ လက္မ စက်ရေတွင်းတူးဖော်ခြင်း

သန်းပေါင်း ၁၀ ဒသမ ၀၃၄

ပညာရေးဝန်ကြီးဋ္ဌာန၊ ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဋ္ဌာန

ရန်ကင်းပညာရေးကောလိပ်မှ ၃ ထပ်၊ သံကူကွန်ကရစ်စာသင်ဆောင် ဆောက်လုပ်ခြင်းအတွက် ခွင့်ပြုငွေမှာ ကျပ်သန်းပေါင်း ၁,၅၆၈ ဒသမ ၁၈၄ ဖြစ်ပြီး တင်ဒါအောင်မြင်သော ကုမ္ပဏီသို့ပေးရငွေမှာ ကျပ်သန်းပေါင်း ၁,၃၇၂ ဒသမ ၀၉၅ ဖြစ်သည့်အတွက် ပိုငွေမှာ ကျပ်သန်းပေါင်း ၁၉၆ ဒသမ ၀၈၉ ဖြစ်ပါသည်။ ယင်းပိုငွေကို နိုင်ငံတော်သို့ ပြန်လည်အပ်နှံခြင်းမရှိပဲ (၃) ထပ်ဆောင် (B) နှင့် (C) တိုးချဲ့ခြင်း၊ အဝင်ကားလမ်း ကားပါကင်ဆောက်လုပ်ခြင်း၊ မြေယာရှူခင်းဆောက်လုပ်ခြင်း၊ အဝီစိတွင်းတူးခြင်းများအတွက် ခွင့်ပြုချက်မရှိပဲ သုံးစွဲထားခြင်း။

သန်းပေါင်း ၁၉၆ ဒသမ ၀၈၉

ပညာရေးဝန်ကြီးဋ္ဌာန၊ အဆင့်မြင်ပညာရေးဦးစီးဋ္ဌာန (အထက်မြန်မာပြည်)

ကလေးတက္ကသိုလ်၊ (၃) ထပ်စာသင်ဆောင် (၃) လုံး၊ မြေကာနံရံ၊ ရေနုတ်မြောင်း၊ စင်္ကြန်လမ်း (၂) ဘက် နှင့် သံပန်း

ပြုလုပ်ခြင်းများနှင့် ပါတ်သက်၍ နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းရမည့်ငွေ

သန်းပေါင်း ၁၁၉ ဒသမ ၀၁၅

ပညာရေးဝန်ကြီးဋ္ဌာန၊ ပုသိမ်တက္ကသိုလ်

ဘွဲ့နှင်းသဘင်ခန်းမတည်ဆောက်ခြင်းအတွက် ခွင့်ပြုငွေ ကျပ်သန်းပေါင်း ၃,၅၃၀ ဒသမ ၉၆၀ ဖြစ်ပြီး တင်ဒါအောင်သောကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုသောငွေမှာ ကျပ်သန်းပေါင်း ၃,၃၅၀ ဖြစ်၍ ပိုငွေ ကျပ်သန်းပေါင်း ၁၈၀ ဒသမ ၉၆၀ ကို နိုင်ငံတော်သို့ ပြန်လည်အပ်နှံရန် ပျက်ကွက်ခြင်း

သန်းပေါင်း ၁၈၀ ဒသမ ၉၆၀

ပညာရေးဝန်ကြီးဋ္ဌာန၊ ပညာရေးသုတေသနအဖွဲ့

ဦးစီးဋ္ဌာန

“ကျွေးမွေးစားရိတ်”၊ “စက်ကိရိယာပြင်ဆင်စားရိတ်”၊ “အစားအစာနှင့် ရိက္ခာ” ခေါင်းစဉ်များမှ ကျခံသုံးစွဲရမည့် ငွေ ကျပ်သန်းပေါင်း ၁၉၈ ဒသမ ၅၉၂ အား “လုပ်အားခ” ခေါင်းစဉ်မှ ထုတ်နှုတ်သုံးစွဲထားခြင်း။

သန်းပေါင်း ၁၉၈ ဒသမ ၅၉၂

#နိုင်ငံတော်ဘဏ္ဍာငွေများကို လက်ဝယ်ကိုင်ဆောင်ထားခြင်း

ပြည်ထောင်စုလွှတ်တော်က နှစ်စဉ် ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေအရ ခွဲဝေသတ်မှတ်ပေးတဲ့ ရန်ပုံငွေတွေဟာ သက်ဆိုင်ရာ အဖွဲ့အစည်း/ဝန်ကြီးဋ္ဌာနတွေရဲ့  ဘဏ်ငွေစာရင်းတွေထဲမှာ ရှိနေပါတယ်။ သက်ဆိုင်ရာ ရုံး/ဋ္ဌာနအတွက် တစ်နှစ်တာသုံးစွဲဖို့ ခွဲဝေသတ်မှတ်ပေးတဲ့ နိုင်ငံတော်ဘဏ္ဍာငွေတွေကို သက်ဆိုင်ရာ ရုံး/ဋ္ဌာနများက သတ်မှတ်ထားတဲ့ လုပ်ငန်းခေါင်းစဉ်များအတိုင်း သတ်မှတ်ထားတဲ့ ဘဏ္ဍာရေးနှစ်တစ်နှစ်အတွင်းမှာ သုံးစွဲရမှာဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် မသုံးစွဲဖြစ်တဲ့၊ ဒါမှမဟုတ် ပိုလျှံတဲ့ ဘဏ္ဍာငွေကို နိုင်ငံတော်ကို ပြန်လည်အပ်နှံရမှာဖြစ်ပါ တယ်။ ဋ္ဌာနဆိုင်ရာအကြီးအကဲများရဲ့ ဆုံးဖြတ်ချက်နဲ့ မသုံးစွဲဖြစ်တဲ့ငွေ၊ ပိုလျှံရန်ပုံငွေကို ရုံး/ဋ္ဌာနရဲ့  ဘဏ်ငွေစာရင်းထဲမှာဖြစ်စေ၊ တာဝန်ရှိသူတစ်ဦးဦးရဲ့  လက်ဝယ်မှာဖြစ်စေ ကိုင်ဆောင်ထားခွင့်မရှိပါ။ နောက်တစ်နှစ်လုပ်ငန်းများအတွက် သုံးစွဲခွင့်မရှိပါ။ အဲဒီလို ပိုတဲ့ငွေ၊ မသုံးစွဲဖြစ်တဲ့ငွေကို နိုင်ငံတော်ကို ပြန်မအပ်ပဲ လက်ဝယ်ကိုင်ဆောင်ထားရင် နိုင်ငံတော်ဘဏ္ဍာငွေအလွဲသုံးစားလုပ်မှုမြောက်ပါတယ်။ ဒါပေမည့် ဦးသိန်းစိန်အစိုးရရဲ့  ဝန်ကြီးဋ္ဌာနအချို့ဟာ မသုံးစွဲဖြစ်တဲ့၊ ပိုလျှံတဲ့ နိုင်ငံတော်ဘဏ္ဍာငွေတွေကို နိုင်ငံတော်သို့ အချိန်မီပြန်မအပ်ပဲ ကာလတစ်ခုကြာ သိမ်းဆည်းထားတာ၊ နောက်ဘဏ္ဍာရေးနှစ်မှာ ဆက်လက်သုံးစွဲနေတာတွေကို ပြည်ထောင်စုစာရင်းစစ်ချုပ်က ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၊ ပထမ (၆) လစာရင်းများစစ်ဆေးရာမှာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အောက်ပါဇယားကို ကြည့်ပါ။

ရုံး/ဋ္ဌာန

ပိုလျှံငွေ (သို့မဟုတ်) မသုံးစွဲဖြစ်သောရန်ပုံငွေကို ပြန်လည်မအပ်နှံခြင်း 

ငွေကြေး
ပမာဏ (ကျပ်)

သာသနာရေးဝန်ကြီး

ဋ္ဌာန

သာသနာရေးဦးစီးဋ္ဌာနမှ ၁၂-၁၂-၂၀၁၃ နေ့တွင် စက်ကိရိယာပြင်ဆင်ထိန်းသိမ်းစရိတ်ခေါင်းစဉ်မှ ကျပ် သန်းပေါင်း ၂၀ ကိုထုတ်ယူပြီး ကျပ် ၄ ဒသမ ၂၄၈သန်း သာသုံးစွဲ၍ ကျပ်သန်းပေါင်း ၁၅ ဒသမ ၇၂၂ အား မသုံးစွဲနိုင်ခြင်း၊ ယင်းငွေအား သုံးစွဲရန်မရှိပဲ ဘဏ်မှ ထုတ်ယူထားပြီး ကာလတစ်ခုကြာမှ ဘဏ်သို့ပြန်လည်ပေးသွင်းခြင်း။

သန်းပေါင်း ၁၅ ဒသမ ၇၂၂

သာသနာရေးဝန်ကြီး

ဋ္ဌာန

သာသနာရေးဦးစီးဋ္ဌာနမှ အစားအစာနှင့် ရိက္ခာခေါင်းစဉ်မှ ကျပ် ၉ ဒသမ ၅၂၂ သန်းထုတ်ယူပြီး ကျပ် ၂ ဒသမ ၉၇၁ သန်းသာသုံးစွဲ၍ မသုံးစွဲဖြစ်ငွေ ကျပ်သန်းပေါင်း ၆ ဒသမ ၅၅၁ ကို ကာလတစ်ခုကြာမှ ဘဏ်သို့ပြန်လည်ပေးသွင်းခြင်း။

သန်းပေါင်း ၆ ဒသမ ၅၅၁

သာသနာရေးဝန်ကြီးဋ္ဌာန

သာသနာရေးဦးစီးဋ္ဌာနမှ ငှါးရမ်းခနှင့်ထုတ်လုပ်ခခေါင်းစဉ်မှ ကျပ် ၆ သန်းထုတ်ယူပြီး ကျပ် ၃ဒသမ ၄ သန်းကိုသာသုံးစွဲ၍ ပိုငွေ ကျပ်သန်းပေါင်း ၂ ဒသမ ၆ ကို ကာလတစ်ခုကြာမှ ဘဏ်သို့ပြန်လည်ပေးသွင်းခြင်း။

သန်းပေါင်း ၂ ဒသမ ၆

ပညာရေးဝန်ကြီးဋ္ဌာန

အဆင့်မြင့်ပညာဦးစီးဋ္ဌာန (အောက်မြန်မာပြည်) မှ ရန်ကုန်တက္ကသိုလ်အတွက် သင်ကြားရေးအထောက်အကူပစ္စည်းများအတွက် ပေးချေရန် ကျပ်ငွေ ကို ၂၅-၃-၂၀၁၃ နေ့တွင် ထုတ်ယူပြီး ပေးချေခြင်းမရှိ၊ ဘဏ်သို့ပြန်လည်အပ်နှံခြင်းလည်းမရှိပဲ ၃၁-၇-၂၀၁၃ နေ့အထိ (၄) လကျော် ကိုင်ဆောင်ထားခြင်း။

သန်းပေါင်း ၆၇ ဒသမ ၄၅၆

ပညာရေးဝန်ကြီးဋ္ဌာန

အဆင့်မြင့်ပညာဦးစီးဋ္ဌာန (အောက်မြန်မာပြည်) သည် သာမာန်နှင့်ငွေလုံးငွေရင်းအသုံးစရိတ်မှ ပိုလျှံငွေ ကျပ် ၈၂၉ ဒသမ ၇၁၅ သန်းအနက် ကျပ် ၈၁၀ ဒသမ ၄၇၄ သန်းအား နိုင်ငံတော်သို့ပြန်လည်အပ်နှံပြီး ကျပ်သန်းပေါင်း ၁၉ ဒသမ ၂၄၁ အား အပ်နှံရန်ကျန်ရှိနေခြင်း။

သန်းပေါင်း ၁၉ ဒသမ ၂၄၁

ပညာရေးဝန်ကြီးဋ္ဌာန

ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ အသေးသုံးငွေအဖြစ် ခွဲဝေချထားပေးသော ကျပ် ၁၀ ဒသမ ၃ သန်းအား ၂၈-၃-၂၀၁၃ နေ့တွင် ဘဏ်မှထုတ်ယူပြီး လုံးဝသုံးစွဲမှုမရှိပဲ (၅) လကျော်ကြာပြီး ၆-၉-၂၀၁၃ နေ့မှ ဘဏ်သို့ပြန်လည်ပေးသွင်းခြင်း။ ရုံးအသုံးအဆောင်ပစ္စည်းခေါင်းစဉ်မှ မြို့နယ်အတွင်း မူလတန်းကျောင်းများအတွက် ခွဲဝေချထားငွေ ကျပ် ၁၃ ဒသမ ၉သန်းအား လက်ဝယ် (၅) လကျော်ကိုင်ဆောင်ပြီးမှ မူလတန်းကျောင်းများသို့ ခွဲဝေပေးခြင်း။

သန်းပေါင်း ၂၄ ဒသမ ၂

ကျန်းမာရေးဝန်ကြီးဋ္ဌာန

ကျန်းမာရေးဦးစီးဋ္ဌာန (ရုံးချုပ်)၊ ရန်ကုန်ကလေးဆေးရုံကြီးမှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်၊ ဒုတိယ (၆) လတွင် ငွေမထုတ်ရသေးသော ချက်လက်မှတ် တန်ဖိုး ကျပ် ၂၁၁ ဒသမ ၆၀၃ သန်းနှင့် ဋ္ဌာနလက်ဝယ်ကိုင်ဆောင်ထားသော ချက်လက်မှတ်တန်ဖိုး ၆၆၂ ဒသမ ၇၂၅သန်း၊ စုစုပေါင်းပိုလျှံငွေ ကျပ်သန်းပေါင်း ၈၇၄ ဒသမ ၃၂၈ ကို ပြန်လည်အပ်နှံခြင်းမရှိခြင်း။

သန်းပေါင်း ၈၇၄ ဒသမ ၃၂၈

ယဉ်ကျေးမှုဝန်ကြီးဋ္ဌာန

အနုပညာဦးစီးဋ္ဌာနမှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်၊ ဒုတိယ (၆) လအတွက် သုံးစွဲမှုမရှိသော ကျပ် ၂၇၀ ဒသမ ၅၃၂ သန်းအား ပြန်လည်အပ်နှံခြင်းမပြုပဲ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် သုံးစွဲနေခြင်း။

သန်းပေါင်း ၂၇၀ ဒသမ ၅၃၂

ပြည်ထဲရေးဝန်ကြီးဋ္ဌာန

ရန်ကုန်တိုင်းဒေသကြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနမှ မိတ္တူကူးစက် (၂) လုံးဝယ်ယူရန် ကျပ် ၂ ဒသမ ၇ သန်းကို ၃၀-၅-၂၀၁၃ နေ့တွင် ငွေထုတ်စာရင်းမှ ထုတ်ယူပြီး ၁၁-၇-၂၀၁၃ နေ့တွင်မှ ပေးချေခြင်း။

သန်းပေါင်း ၂ ဒသမ ၇

နယ်စပ်ရေးရာ

ဝန်ကြီးဋ္ဌာန

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဋ္ဌာနမှ လမ်းကြိတ်စက်ပြုပြင်ရေးအတွက် ကျပ် သန်းပေါင်း ၄၄၆ ဒသမ ၁၇၅ အား စာချုပ်မချုပ်မီ ကြိုတင်ထုတ်ယူ၍ လက်ဝယ်ကိုင်ဆောင်ထားခြင်း။

သန်းပေါင်း ၄၄၆ ဒသမ ၁၇၅

ပြန်ကြားရေးဝန်ကြီးဋ္ဌာန

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဋ္ဌာနမှ မော်တော်ကားဝယ်ယူရန် ကျပ် ၂၈ သန်းအား စာချုပ်မချုပ်ခင် ကြိုတင်ထုတ်ယူထားပြီး မော်တော်ယာဉ်လက်ခံရရှိမှုမရှိခင် ငွေပေးချေထားခြင်း။

သန်းပေါင်း ၂၈

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်

နည်းပညာဝန်ကြီးဋ္ဌာန

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ခဲ့ပြီး ဘဏ္ဍာနှစ်ကုန်တွင် ပေးချေနိုင်ခြင်းမရှိသော အသုံးစားရိတ် ကျပ်သန်းပေါင်း ၁,၄၃၆ ဒသမ ၉၂၂ အား ပြန်လည်အပ်နှံခြင်းမရှိပဲ ငွေပေးမိန့်ချက်လက်မှတ်များပြုလုပ်၍လည်းကောင်း၊ ငွေသားထုတ်ယူ၍လည်းကောင်း စာရင်းစစ်ချုပ်မှ စစ်ဆေးချိန်အထိ လက်ဝယ်ကိုင်ဆောင်ထားခြင်း။

သန်းပေါင်း ၁,၄၃၆ ဒသမ ၉၂၂

ပညာရေးဝန်ကြီးဋ္ဌာန

ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဋ္ဌာနမှ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်၊ ကလေးဗဟိုပြုသင်ယူမှုချဉ်းကပ်နည်းသင်တန်းမှ သင်တန်းနည်းပြနှင့် သင်တန်းသားများအတွက် ရုံးချုပ်၏ အစာအစာနှင့် ရိက္ခာငွေစာရင်းခေါင်းစဉ်အောက်မှ ကျပ် သန်းပေါင်း ၄၄၁ ဒသမ ၄၂၅ ခွဲဝေပေးခဲ့ရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ပြည်နယ်၊ မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တို့မှ ပိုလျှံငွေများကို နောက်ကျ၍အပ်နှံခြင်း၊ အပ်နှံမှုမရှိခြင်း။

ပညာရေးဝန်ကြီးဋ္ဌာန

အဆင့်မြင့်ပညာဦးစီးဋ္ဌာန (အောက်မြန်မာပြည်) ရန်ကုန်တက္ကသိုလ်မှ အဆောက်အဦပြင်ဆင်ထိန်းသိမ်းရေးခေါင်းစဉ်အောက်မှ ကျပ် ၅၂၃ ဒသမ ၄၄၈ သန်း၊ အခြားပြင်ဆင်ထိန်းသိမ်းစရိတ်ခေါင်းစဉ်အောက်မှ ကျပ် ၂ ဒသမ ၈၄၃ သန်း ကို ထုတ်ယူထားပြီး အမှန်တကယ်လုပ်ငန်းဆောင်ရွက်ခြင်းမရှိပဲ ကာလတစ်ခုကြာမှ ဘဏ်သို့ ပြန်လည်ပေးသွင်းခြင်း။

သန်းပေါင်း ၅၂၆ ဒသမ ၂၉၁

ပညာရေးဝန်ကြီးဋ္ဌာန

အမှတ် (၂) အခြေခံပညာဦးစီးဋ္ဌာန၊ မိုးကုတ်မြို့နယ်ပညာရေးမှူးရုံးမှ အထက်တန်းကျောင်း (၁၄) ကျောင်း၏ ကျောင်းလခပေးသွင်းမှုရငွေ ကျပ် ၁ ဒသမ ၂၆၁ သန်းအား (၇) လကျော် လက်ဝယ်ကိုင်ဆောင်ထားခြင်း။

သန်းပေါင်း ၁ ဒသမ ၂၆၁

အထက်ပါစာရင်းအရ အစိုးရဋ္ဌာနများရဲ့  ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများကို မလိုက်နာမှု၊ ဖောက်ဖျက်မှုတွေဟာ အင်မတန်ကြီးမားနက်ရှိုင်းလှကြောင်း သိနိုင်ပါတယ်။ နိုင်ငံတော်ဘဏ္ဍာငွေတွေကို နိုင်ငံတော်သို့ အချိန်မီပြန်လည်အပ်နှံခြင်းမရှိပဲ ကာလအတန်ကြာအောင် ဋ္ဌာနရဲ့  ဘဏ်ငွေစာရင်းမှာသိမ်းဆည်းထားတာ၊ ဘဏ်ကနေထုတ်ယူပြီး ငွေလုံးငွေရင်းကို လက်ဝယ်ကိုင်ဆောင်ထားတာ သံသယဖြစ်စရာပါ။ သက်ဆိုင်ရာဋ္ဌာနရဲ့ ဘဏ်ငွေစာရင်းမှာ သိမ်းဆည်းထားပြီး ကာလတစ်ခုကြာမှ နိုင်ငံတော်ကို ပြန်လည်ပေးသွင်းတဲ့အခါ ပိုလျှံငွေ အတိအကျကိုပဲ ပြန်ပေးတာလား၊ အဲဒီငွေပေါ်မှာ ဘဏ်ကပေးတဲ့ အတိုးငွေကိုပါ ပေါင်းပြီး ပြန်ပေးတာလား ဆိုတာကိုတော့ စာရင်းစစ်ချုပ်က ရှင်းပြမထားပါ။ နိုင်ငံပိုင် ဘဏ်တွေမှာ ဘဏ်တိုးနှုံးက တစ်နှစ်ကို ၈ ရာခိုင်နှုံးကနေ ၁၀ ရာခိုင်နှုံးအထိ ရှိမယ်ထင်ပါတယ်။ ၈ ရာခိုင်နှုံးနဲ့ တွက်ရင်တောင် ကျပ် (၁) သန်းအတွက် အတိုးငွေက တစ်နှစ်ကို ကျပ် ၈ သောင်း၊ တစ်လကို ကျပ် ၆,၆၀၀ ဖြစ်ပါတယ်။ ဘဏ်အပ်ငွေ ကျပ် သန်း ၁၀၀ အတွက် တစ်လကို အနည်းဆုံး ကျပ် ၆၆၀,၀၀၀ လောက် အတိုးငွေ ရရှိမှာပါ။ ဋ္ဌာနအကြီးအကဲဖြစ်တဲ့ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွန်ကြားရေးမှူး လစာထက်တောင် ပိုများပါတယ်။ သန်းပေါင်း ရာနဲ့ချီတဲ့ ဘဏ်အပ်ငွေတွေအတွက် လစဉ်ရမည့် ဘဏ်တိုးငွေက မနည်းလှပါ။ အဲဒီငွေတွေကို ဘဏ်မအပ်ပဲ ပုဂ္ဂလိကလုပ်ငန်းရှင်များကို ချေးငှါးမယ်ဆိုရင် တစ်လကို (၄) ရာခိုင်နှုန်းကနေ (၆) ရာခိုင်နှုန်းအထိ အတိုးငွေရနိုင်တာမို့ ကျပ်သန်းပေါင်းများစွာအတွက် တစ်လအတိုးငွေဟာ ကျပ်သိန်းပေါင်းများစွာဖြစ်ပါတယ်။

နိုင်ငံတော်ဘဏ္ဍာငွေကို ပြန်မအပ်ပဲ ဋ္ဌာနပိုင် ဘဏ်စာရင်းထဲမှာ သိမ်းဆည်းထားတာက ဘဏ္ဍာရေးစည်းမျဉ်းကို မလိုက်နာတာဖြစ်ပေမည့် နိုင်ငံတော်ဘဏ္ဍာငွေကို ပြန်မအပ်ပဲ ဋ္ဌာနဆိုင်ရာ အရာရှိတစ်ဦးရဲ့ လက်ဝယ်မှာ ကိုင်ဆောင်ထားတယ်ဆိုရင်တော့ အလွဲသုံးစားမှုမြောက်နိုင်ပါတယ်။ သက်ဆိုင်ရာအရာရှိဟာ လက်ဝယ်ကိုင်ဆောင်ထားတဲ့ နိုင်ငံတော်ဘဏ္ဍာငွေတွေကို ပုဂ္ဂလိကဘဏ်မှာ အပ်နှံပြီး ဘဏ်တိုးငွေတွေကို ထုတ်ယူသုံးစွဲနေတာ၊ ပုဂ္ဂလိကလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံတာ၊ ငွေတိုးချေးတာ စတဲ့ မသမာမှုတွေ လုပ်နိုင်ပါတယ်။

(စာပြီးနေ့၊ ဩဂုတ်လ ၂၃၊ ၂၀၁၄)

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းဆောင်းပါး, အောင်ဒင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်