ကိုသန်းလွင် – ယဉ်ကျေးမှု

September 25, 2014

 
ကိုသန်းလွင် – ယဉ်ကျေးမှု
(မိုးမခ) စက်တင်ဘာ ၂၅၊ ၂၀၁၄
(၁)
တခါတုံးက ကမ်းမမြင်လမ်းမမြင် ပင်လယ်ပြင်ကြီးထဲမှ ရေနံတွင်းတူးစဉ်ပေါ်တွင် အလုပ်လုပ်ရင်း တွေ့ ရသော နိုင်ငံခြားသားတယောက်က ကျွန်တော့်ကိုပြောပြဘူးသည်၊ တချိန်တွင် ရန်ကုန်မြို့တနေရာ လမ်းဘေး တွင်သူကားစောင့်နေဘူးသည်၊ ဆောင်းခါကြီး လေတွေတိုက်ပြီးသူချမ်းနေသည်၊ သူ့အင်္ကျီ မှာ ကြယ်သီး ပြုတ်နေလေသည်၊ ထိုစဉ်တွင် အိမ်ရှင်မတယောက်သည် သူ့ကို လာပါထိုင်ပါဆိုပြီး အိမ် ထဲကိုလာဘို့ခေါ်သည်၊ နောက်သူ့အင်္ကျီကို ချွတ်ခိုင်းပြီး ကြယ်သီးတတ်ပေးလိုက်သည်၊ သူသည် သူ့ အဖြစ်ကိုသူမယုံနိုင်ပေ၊ မြန်မာတွေသည် ယဉ်ကျေးဖေါ်ရွေသူတွေဖြစ်ကြာင်း ကျွန်တော့်ကို ပြောပြ လေသည်၊
(၂)
ကျွန်တော်သည် နိုင်ငံတနိုင်ငံ၏ ယဉ်ကျေးမှု့ ဆိုသည်ကို အဓိပ္ပါယ်သတ်မှတ်နိုင်ရန် ကြိုးစားနေခြင်း     မဟုတ်ပါ၊ ယဉ်ကျေးမှုဆိုသောစကားသည် အဓိပ္ပါယ် ကျယ်ဝန်းလှပါသည်၊ မြန်မာအင်္ဂလိပ် အဘိဓါန် ကမူ Civilization ဟု၎င်း၊ Culture ဟူ၍၄င်း ဖွင့်ဆိုသည်၊ ကျွန်တော်ဆွေးနွေး ချင်သည်မှာ နိုင်ငံတခု ၏ ယဉ်ကျေးမှု အဆင့်အတန်းတိုးတက်အောင် ဘာတွေလုပ်ဖို့လိုသနည်း ဆိုသောမေးခွန်းပင် ဖြစ်ပါ သည်၊
ရုရှားနိုင်ငံသည် တော်စတွိုင်း၊ ဂေါ်ကီ၊ လူရွှန်း လူဝီပတ်စတာနက် စသည်ဖြင့် ၀တ္တုစာရေးဆရာတွေကို မွေးထုတ်ပေးသည်၊ ပြင်သစ်ပြည်မှာ ဗန်ဂိုး၊ ပီကာဆို စသည့် ပန်းချီဆရာကြီးတွေရှိသည်၊ အင်္ဂလန်မှာ အိုက်ဇက်နျူတန် လိုသိပ္ပံပညာရှင်တွေ၊ ဆာဖရန်ဆစ်ဒရိတ်တို့လို စွန့်စားရှာဖွေသူတွေရှိသည်၊ စက်မှု တော်လှန်ရေးကိုစတင်ခဲ့ ရာနိုင်ငံဖြစ်သည်၊ ပေါ်တူဂီ၊ စပိန်တို့သည် ကမ္ဘာအနှံ့ စွန့်စားရှာဖွေသူတွေပေါ် ထွက်သည်၊
ကျွန်တော်တို့ မြန်မာနိုင်ငံတွင် လူ့ယဉ်ကျေးမှုကို အထောက်အပံ့ဖြစ်စေသော အတတ်ပညာ ဘာတွေ ရှိပါသနည်း၊ လူယဉ်ကျေးမှု အဆင့်အတန်းမြင့်မားရေးအတွက် ဘာတွေအထောက်အကူပေးနိုင်ပါ သနည်း၊
ကျွန်တော်တို့နိုင်ငံသည် ဗုဒ္ဓဘာသာဖွံ့ဖြိုးတိုးတက်သောနိုင်ငံဖြစ်ပါသည်၊ ရှင်တော်ဗုဒ္ဓသည် အိန္ဒိယမှာ မွေးဖွား၍ သံသရာဝဋ်ဆင်းရဲမှလွတ်မြောက်ရာ တရားကိုရှာဖွေတွေ့ခဲ့ ခြင်းဖြစ်သော်လည်း ဗုဒ္ဓအယူဝါဒ သည် အိန္ဒိယမှာ မထွန်းကားဘဲ မြန်မာနိုင်ငံမှာသာ ပို၍ထွန်းကားခဲ့လေသည်၊ ဗုဒ္ဓ၏သြ၀ါဒ အတိုင်း ကျင့်ကြံ အားထုတ်နိုင်သူတွေ၊ ပိဋကတ် သုံးပုံကိုအာဂုံဆောင်နိုင်သူတွေမှာ မြန်မာ နိုင်ငံမှာသာ ရှိကြ ပါသည်၊
ဗုဒ္ဓ၀ါဒ ဥပသကာ သောတာပန်ဆိုသည့်အဓိပ္ပါယ်ကို နားလည်သူတွေ မြန်မာပြည်မှာအမြောက်အများ ရှိကြပါသည်၊ ကံကံ၏အကျိုးကို နှစ်နှစ်ကာကာယုံကြည် သူတွေမှာ မြန်မာတွေသာဖြစ်ကြပါသည်၊ သတ္တ၀ါ မှန်သမျှ အိုကြနာကြ သေကြရမည်ဖြစ်ရာ ထို လောကဓံ တရားတွေကို ကြံ့ကြံ့ ခံနိုင်မည့် နည်းလမ်း တွေကို မြန်မာနိုင်ငံတွင် ဆရာအဆက်ဆက် ပို့ချခဲ့ကြပါသည်၊
ဗုဒ္ဓ၀ါဒထွန်းကားသည်နှင့်အတူ ဘုန်းတော်ကြီးကျောင်းပညာရေးကြောင့် မြန်မာပြည်တ၀ှမ်း ဂါရ၀ တရား၊ နိဝါတ တရား၊စေတနာနှင့် ကိုယ်ချင်းစာတရားတို့သည် မြန်မာ့ ယဉ်ကျေးမှုတွင် အမြစ်တွယ် နေခဲ့ကြပါသည်၊ မြန်မာပြည်ရောက်နိုင်ငံခြားသားတွေ အံ့သြမကုန်ဖြစ်ကြရသော လူလူချင်း ကူညီ ရိုင်းပင်းသော အပြုအမူမှာ ထိုဗုဒ္ဓယဉ်ကျေးမှု၏သွန်သင်ချက်များပင်ဖြစ်ပါသည်၊
ထိုသို့ ဗုဒ္ဓသွန်သင်ချက်များထွန်းကားရာကျွန်တော်တို့နိုင်ငံသည်အဘယ်ကြောင့် လူနေမှုအဆင့် အတန်း (သို့) ယဉ်ကျေးမှု အဆင့်အတန်းတွင် အောက်ဆုံးသို့ရောက်နေရပါသနည်း၊ နိုင်ငံအောက် တန်းကျရခြင်းမှာ ဘာသာရေးနှင့်မသက်ဆိုင်၊ ကျွန်တော်တို့နိုင်ငံသည်တခါတုံးကတော့ ရှေ့တန်းမှာ နေဘူးသည်၊ ကုလသမဂ္ဂနှင့် အခြား အဖွဲ့အစည်းတွေမှာ မြန်မာတွေ ထိပ်ဆုံးမှာ နေရာ ယူခဲ့ဘူးကြ သည်၊ ရောက်လေရာရာမှာ ဦးသန့်တို့ နိုင်ငံကပေါ့ဟု ဂုဏ်ယူဝင့်ကြွားခဲ့ကြသည်၊
နိုင်ငံတခု၏ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားရန်မှာ ထိုနိုင်ငံ၏ ပညာသင်ကြားရာဌာနကြီးတွေဖွံ့ဖြိုး ရန်လိုသည်၊ မြကျွန်းညိုညို တက္ကသိုလ်ဟု၎င်း၊ စွယ်တော်ရိပ်ဟုတင်စားခေါ်ဝေါ်ခဲ့ကြသော စက်မှု တက္ကသိုလ်မှာ၎င်း၊ လိပ်ခုံးတက္ကသိုလ်ဟုကျွန်တော်တို့သိခဲ့ကြသော ဆေးတက္ကသိုလ်မှာ၎င်း ထူးချွန် သည့် ပါမောက္ခ ဆရာကြီးတွေ မရှိကြတော့ပေ၊ နိုးကြားတက်ကြွသော စာသင်သူကျောင်းသား တွေ လည်း မရှိကြတော့ပေ၊ ထိုတက္ကသိုလ်ကြီးများသည် အတိတ်က တက္ကသိုလ်တွေဖြစ်ကုန်ကြပြီ၊ အမှန် မှာ တိုင်းပြည် အတွက် လိုအပ်သော အသိပညာရှင်အတတ်ပညာရှင် တွေကို ထိုဌာနကြီး တွေ က မွေးထုတ် ပေးရမည်ဖြစ်ပါသည်၊ ထိုပညာသင်ရာဌာနကြီးတွေ၏နိမိတ်ပုံမှာ ဆေးရောင်ပြယ်နေသော ပန်းချီကား ကြီးများပမာ မှုန်ပျပျသာမြင်ကြရတော့သည်၊
ကျောင်းသားတွေကဆန္ဒပြကြသောကြောင့် ရက်အကန့်အသတ်မရှိကျောင်းပိတ်ခါ စာသင်ခမ်းတွေကို လယ်ကွင်းတွေထဲသို့ရွှေ့ပြစ်သော နိုင်ငံ အဘယ်မှာရှိခဲ့ဘူးပါသနည်း၊ အစိုးရက ယုတ္တိကင်းမဲ့သော အလုပ်တွေကိုလုပ်လျင် ကျောင်းသားတွေ ကဆန္ဒပြမှာဘဲဟု အဘယ်အာဏာရှင်သည် တွေးခေါ်နိုင် သော အသိဥာဏ်ရှိခဲ့ပါသနည်း၊ ကျောင်းသားတွေ၏တောင်းဆိုချက်တွေမှာ ဘာတွေပါဟု စံနစ်တကျ စဉ်းစားကြည့်ခဲ့ကြဟန်မတူ၊ အစိုးရဆို သည်မှာ ပြည်သူဆန္ဒရှိသည့် အတိုင်း ဖြည့်ဆီးပေးရန်သာ ရှိ သည်၊ ပြည်သူ့ဆန္ဒထုတ်ဖေါ်သည်ကို သေနပ် ဖြင့်သာဖြေရှင်းတတ်သော နိုင်ငံမှာ ယဉ်ကျေးမှု ဆို သော အရာ၏နေရာသည် အဘယ်မှာပါနည်း၊၊
တချိန်တွင် တိုင်းပြည်ကိုဦးဆောင်ကြမည့် ကလေးတွေ ခေါင်းဆောင်တွေမှာ လမ်းခုလတ်မှာပင် လမ်း ပျောက်ကုန်ကြရသည်၊ မှားနေသောအချေအနေကိုပြုပြင်ရန်မှာအစိုးရ၏အလုပ် ဖြစ်ပါသည်၊ ပညာရေး လောက ကိုအသစ်ပြန်လည်တည်ဆောက်ကြရမည့်သူများမှာ တက္ကသိုလ် ဆရာကြီး ဆရာမကြီး များ ၏တာဝန် ဖြစ်ပါသည်၊ အစိုးရ၏တာဝန်မှာ ထိုဆရာ ဆရာမ ကြီးများကို သူတို့အလုပ် ကိုသူတို့ လုပ် နိုင်သော ပါတ်ဝန်းကျင်ကိုဖန်တီးပေးရန်ဖြစ်ပါသည်၊ ထိုဆရာကြီးများကို “ ကျောင်းသားတွေထဲမှာ သူပုန်တွေရှိတယ်၊ ခင်ဗျား တို့ဂိတ်စောင့်ကြရမယ်” ဟု ညွှန်ကြားခံရသောအချိန်များသည် အမှောင် အတိ ကျသွားသော အချိန်များဖြစ်ပါသည်၊
ကျောင်းသားရေးရာ ပညာသင်ကြားရေးဆိုင်ရာကိစ္စများကို ကိုင်တွယ်ရန် ပညာရေးကောင်စီရှိရမည်၊ ပညာရေးကောင်စီသည်အစိုးရကို အစီရင်ခံ သတင်းပို့နေရသည့် ကောင်စီမဖြစ်သင့်၊ အစိုးရပြောင်း သွားလျင် ပျက်သွားသော အဖွဲ့အစည်းလည်းမဟုတ်၊ အစိုးရနှင့်သီးခြားရပ်တည်နိုင်ရမည်၊ ပညာ သင်ကြားရေး ကိစ္စများကို မိမိ ဖါသာစီမံ ခန့်ခွဲနိုင်ရမည်၊ အုပ်ချုပ်သူများက မနှောင့်ယှက်နိုင်သော လွတ်လပ်သော အဖွဲ့ အစည်း တခုဖြစ်ရပါမည်၊ မြန်မာနိုင်ငံ ပညာရေးမှာ ကမ္ဘာအဆင့်မှီပြီး နိုင်ငံစုံက အသိအမှတ် ပြုသော ပညာရေးစံနစ်တခု ဖြစ်အောင် ထိုပညာရေးကောင်စီကဆောင်ရွက်ရမည်၊
ထိုနည်းတူ စီးပွားရေးနှင့် စက်မှု လက်မှုဖွံ့ဖြိုးရေးကိစ္စများတွင် အစိုးရက ၀င်ရောက်မနှောင့်ယှက်သင့် ပေ၊ ဈေးကွက်လိုအပ်ချက်နှင့် မိမိဖါသာ တီထွင် ထုတ်လုပ်သူတွေကို သူတို့လုပ်ငန်း တိုးတက်အောင် ဆောင်ရွက်ခွင့်ပေးသင့်သည်၊ အစိုးရ၏တာဝန်မှာ ထိုသူတွေအတွက် လိုအပ်သော Infrastructure ကို တည်ဆောက်ပေးရန်သာဖြစ်သည်၊
နိုင်ငံသားတိုင်းအလုပ်လုပ်ပြီး နိုင်ငံတော်တည်ဆောက်ရေးအတွက်လုပ်အားတွေလိုပါသည်၊ အစိုးရ က ထိုလုပ်သားတွေ၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ လိုအပ်ချက်များကို ပြည့်စုံအောင် ဆောင် ကျဉ်းပေးရပါမည်၊
အစိုးရ၏နောက်ထပ်တာဝန်တခုမှာ အနာဂါတ်အတွက်ခေါင်းဆောင်တွေကို ရှာဖွေ ပြုစုပျိုးထောင်ပေး ရေးပင်ဖြစ်သည်၊ ကျောင်းများမှထူးချွန်သူတွေကို ရွေးချယ်ပေးနိုင်သောစံနစ်ရှိရပါမည်၊ ထိုထူးချွန် သော ကျောင်းသားတွေကို စကောလားရှစ် ပေးရပါမည်၊ သူတို့ကို နိုင်ငံခြားတက္ကသိုလ် တွေမှာ ပညာသင် နိုင်အောင်စီစဉ် ပေးရပါမည်၊ ခေါင်းဆောင်ကောင်းအရေအတွက်မှာ ဆယ်ဂဏန်းမဟုတ်၊ ရာဂဏန်းမဟုတ် ထောင်၊ သောင်းချီ၍ လိုပါသည်၊ ထိုပညာတော်သင်များ ပြန်လာလျင် အုပ်ချုပ်ရေး ယန္တရားကြီး ၏ နေရာအသီးသီးတွင် နေရာချထားပေးနိုင်ရမည်၊
ထိုစကောလားရှစ်ပေးရန် လူရွေးချယ်ရေးကို အစိုးရကတာဝန်မယူနိုင်ဘူးဆိုလျင် အစိုးရကို သတင်းပို့ ရန် မလိုသော အဖွဲ့အစည်းတခုကိုဖွဲ့ပေးသင့်သည်၊ ကျောင်းသားတွေ၏ လိုအပ်ချက်ရေးရာ မှန်သမျှ ကို ထိုအဖွဲ့အစည်းကတာဝန်ယူပေးရမည်၊ ကျွန်တော်တို့နိုင်ငံကို နလံမထူစေသော ပြသနာတခုမှာ စစ်တပ်မှ အကြောင်းအမျိုးမျိုး နှင့် ထွက်လာရသော စစ်မှုထမ်းဟောင်းများကို မြို့ပြ အုပ်ချုပ်ရေး စီမံ ခန့်ခွဲရေး ဌာနများတွင် ရာထူးကြီးများပေးနေခြင်းပင်ဖြစ်သည်၊ ထိုသူများမှာ စာရိတ္တ ကောင်းမွန်သော Role Model များမဟုတ်ကြရာ အုပ်ချုပ်ရေးယန္တရားမှာ နေရာအနှံ့ ပျက်စီးယိုယွင်း နေတော့သည်၊
စင်္ကာပူဝန်ကြီးချုပ်ဟောင်းမှာ ၀န်ကြီးချုပ်ဖြစ်ပြီးချိန်၌ပင် အလုပ်မှ ခွင့်ယူခါ အမေရိကန်တက္ကသိုလ်ကြီး ၌ ၂ နှစ်ကျော် ကျော် အချိန်ယူပြီး ကျောင်းအိပ် ကျောင်းစားပညာသင်ဘူးသည့်သာဓက ရှိဘူးပါသည်၊ ပညာတတ်မှ၊ ပညာသင်ဘူးမှ၊ စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေး၊ တွင် ကျွမ်းကျင်မည်ဆိုခြင်း၏ ပြယုဂ်တခု ဖြစ်ပါသည်၊ ကျွန်တော်တို့ မြန်မာကျောင်းတွေမှာ အချီအချ စကားပြောခြင်း ( Debate)  အကျင့်ကို လေ့ကျင့် သင်ကြား ပေး ခြင်းမရှိကြပါ၊ လူသည် အုပ်စုနှင့်အလုပ်လုပ်နိုင်ရမည်၊ စကားကို အချေ အတင် ပြောတတ်ကြရမည်၊ ဆရာသင်ကြားပြသပေးသည်ကို မှားသည် မှန်သည် ဆွေးနွေးတတ်ကြ ရမည်၊ ခေါင်းဆောင်လုပ်သူ၏ အစီအမံမှာ မှားနေတာကို ထောက်ပြနိုင်ကြရမည်၊
စစ်တပ်၏ အုပ်ချုပ်ရေးစံနစ်တွင် အမိန့်ကို နာခံတတ်ရေးမှာ အဓိကဖြစ်သည်၊ အမှားအမှန်ဝေဖန် တတ်စရာ မလိုပေ၊ ဤသည်မှာ တိုင်းပြည်အတွက် အကောင်းအဆိုးဝေဖန်တတ်သူတွေ မွေးထုတ်ရေး နှင့် ပြောင်းပြန် ဖြစ်နေလေသည်၊ စကားနားမထောင်သည်နှင့် ဆေးလိပ်ခွက်နှင့် ပစ်ပေါက်မည်၊ နင်ဘဲငဆ ဆဲရေးတိုင်းထွာမည်ဆိုသောစစ်ဗိုလ်တွေ၏အလေ့အထသည် ယဉ်ကျေးသိမ်မွေ့သော နိုင်ငံထူထောင်ရေး နှင့်မသင့်လျော်ပေ၊
ယဉ်ကျေးမှုကို လက်ဆင့်ကမ်းသည်ဆိုရာဝယ် ပညာသင်ကြားရေးမှာအဓိကကျသည်၊ ပညာမတတ် ပါလျင် အကောင်းအဆိုးကို ဝေဖန်ရန်ခက်မည်၊ စီမံကိန်းတခု၏ ကောင်းကျိုး ဆိုးကျိုး ရလာဒ်တွေ ကို လည်း ဆင်ချင်တွေးဆနိုင်မည်မဟုတ်၊ ပညာကိုစံနစ်တကျ မသင်ခဲ့ရသူတယောက်မှာ ၀န်ကြီးကဲ့သို့ စီမံခန့်ခွဲရမည့်နေရာတွင်မရှိသင့်ပေ၊ ၀န်ကြီးဆိုသူများမှာ အကျင့်စာရိတ္တ ကောင်းဘို့ကလိုသေး သည်၊ စီမံကိန်းတခုမှာ ကောင်းကျိုးရှိမရှိ ဝေဖန်ဆန်းစစ်နိုင်စွမ်းရှိရမည်၊ အကြံဥာဏ်ကောင်းတွေကို မြင်နိုင် သည့် အရည်အချင်းများ ရှိရမည်ဖြစ်သည်၊
နိုင်ငံတော်အစိုးရ၏ စီမံကိန်းများတွင် ပြည်သူတွေ သက်သာချောင်ချိစွာနေစရာအိမ်ရရှိရေး၊ ဆိုတာ ပါဝင်ရမည်၊ အချေခံလိုအပ်ချက်များဖြစ်သည့် လျပ်စစ်မီး နှင့် ရေ၊ ကားတွင်ထည့်ရန်ဓါတ်ဆီ၊ တို့ကိုအလျံပယ် ရှိနေစေရမည်၊ သားသမီးတို့ ကို ထိုက်ထိုက်တန်တန် ပညာသင်ပေး နိုင်ရမည်၊ ခေတ်ကြီးက တရစပ် ပြောင်းလဲနေသည်၊ ပြင်ပကမ္ဘာကြီးမှာ အသိ၊ အတတ်ပညာတွေ တိုးပွားလာ နေသည်၊ လူတို့ အသုံး အဆောင် ပစ္စည်းတွေမှာ ရပ်တန့်နေသည်မရှိ အမြဲတန်း တိုးတက် ပြောင်းလဲ နေသည်၊
ကျွန်တော်တို့ သည် လကမ္ဘာသို့ လူ လွှတ်တင် နိုင်ရန် မလိုပါ၊ အနုမြူဗုံးလုပ်တတ်ရန်လည်း မလို၊ တိုင်းသူပြည်သားတိုင်း  လူတိုင်းစေ့နေနိုင်ရေးသာအဓိက ဖြစ်စေချင်သည်၊ လမ်းဖေါက်တာကောင်းပါသည်၊ သို့သော်ထိုလမ်းပေါ်တွင် ကားတွေ ပြည့်ကျပ်မနေစေရပေ၊ သန်းခေါင်စာရင်း ကောက်တာကောင်းပါသည်၊ သို့သော် ထိုစာရင်းတွေသည် ကွန်ပျူတာပေါ်တွင် မှတ်တမ်း၏တင်ပြီးဖြစ်သင့်သည်၊ ပတ်(စ)ပို့ထုတ်ရာတွင်ဖြစ်စေ၊ မှတ်ပုံတင် ကဒ်ထုတ်ပေး ရာတွင် ဖြစ်စေ ကွန်ပျူတာက စံနစ်တကျ ထုတ်ပေးတာမျိုး ဖြစ်သင့်သည်၊ ငွေသွင်းငွေထုတ် ဘဏ်လုပ်ငန်း တွေမှာ စက်ကလုပ်ပေးတာမျိုးဖြစ်သင့်သည်၊ မော်တော်ကားလိုင်စင်လဲတာကို လူတယောက်နှင့် တနေကုန် စောင့်ရတာ မျိုးမဖြစ်သင့်ပါ၊
နိုင်ငံထူထောင်ရေး လုပ်ကြရာတွင် တရုပ်ကျေးကျွန်ဖြစ်ရမည်၊ အမေရိကန်၏အထောက်အပံ့ခံ လုံးလုံး ဖြစ်ရမည် ဟုကျွန်တော်မဆိုလိုပါ၊ သို့ပါသော်လည်း နိုင်ငံတိုးတက်ရေးမှာ နိုင်ငံခြားအကူအညီလိုပါ သည်၊ နိုင်ငံခြား ရင်းနှီးမြှုတ်နှံမှုတွေလိုပါသည်၊ လူထဲမှာတိုးဝှေ့ လုပ်ရသောအလုပ်တွေကို ကွန်ပျူတာ အကူအညီနှင့် မတိုးဝှေ့ရအောင် လုပ်နိုင်သင့်ပြီ၊ ဘတ်စကား ကို ချွေးတလုံးလုံး ဖြင့် စီးရသော အဖြစ် တွေမှာ မရှိသင့်တော့ပါ၊ ကားတွေမှာ တွဲလောင်းခိုစီးရ သော အဖြစ်တွေမရှိသင့်တော့ပါ၊ ရန်ကုန်နှင့် မန္တလေး ကို Bullet Train တွေပြေးဆွဲနေစေရမည်ဟု မဆိုလိုပါ၊ သို့ပါသော်လည်း ပြည်သူတွေ သက်သာချောင်ချိရေးကို အစိုးရက ဦးစားပေး ဖြစ်စေချင်သည်၊
(၃)
ခုံတော်မောင်ကျဘမ်းက “ဆွမ်းတနပ် လောက်တော့ ဘယ်အိမ်မဆိုဝင်ပြီးပါးရိုက်လောင်းပါ လို့ ပြောရင်ရတယ်” ဟုပြောဘူးသည်၊ မြန်မာကျေးရွာများတွင် စိမ်းသည် ကျက်သည်မရှိ ဧည့်သည် ဆိုလျင် ဧည့်ဝတ်ကျေတတ်ကြပါသည်၊ ဖေါ်ရွေပြူငှာခြင်းမှာ မြန်မာတို့၏ စွဲနေသော ဓလေ့ပင် ဖြစ် တော့သည်၊ ထိုဓလေ့ အကျင့်ကောင်းလေးတွေသည် တဖြေးဖြေး ငွေကိုသာဦးစားပေး ကြသော လောကကြီး၌ ပျောက်ကွယ် ရတော့မည့် အန္တရာယ် ရှိနေသည်၊
ကျွန်တော်တို့နိုင်ငံ၏ ယဉ်ကျေးမှုအဆင့်အတန်းမှာ အောက်ဆုံးကိုရောက်နေပါပြီ၊ ပညာတတ်တွေ နိုင်ငံပြင်ပ ကိုရောက်နေကြသည်၊ တသွေး၊ တသံ၊ တမိန့်ဖြင့်ထင်ရာစိုင်းနေသော စံနစ်ကြီးမှာ နိုင်ငံ တကာ အလည်တွင် အောက်ကျနေပါသည်၊ မြန်မာဆိုသော လူမျိုးတို့သည် နေရာတကာမှာ မျက်နှာ ငယ်ကြရပါသည်၊
မလေးရှားနိုင်ငံမှ ဘတ်(စ)ကားဖြင့် ထိုင်းသို့ဝင်သော် မြန်မာပတ်(စ) ပို့ဆိုသည်နှင့် ၀င်ခွင့်ရရန် ထိုင်း လူဝင်မှုကြီးကြပ်ရေးကို လာဘ်ထိုးဘို့ ပိုက်ဆံထည့်ပေးလိုက်ရပါသည်၊ မြန်မာပြည်မှ ဆရာဝန်ဘွဲ့ ရခဲ့ သူတွေမှာ စင်္ကာပူ ၌ ကားပါတ်(ခ) များတွင် ဂိတ်ပေါက်အစောင့် လုပ်ကြရသည်၊ MA ဘွဲ့ ရပြီး သူတွေ၊ ဘီ၊အီး၊ဒီ ကျောင်းဆင်းတွေမှာ အိမ်ဖေါ် အလုပ်လုပ်နေ ကြရသည်၊ ကျွန်တော့်သား သည် စိန့်ပီတာ စဘတ်မြို့ကိုသွားရာ ရုရှား အရာရှိများက ဗမာပတ်(စ)ပို့ဆို၍ အ၀င်ရော အထွက်မှာပါ သီးခြားခွဲပြီး နာရီဝက်ကြာအောင် အစစ်ဆေးခံရသည်ဟု ဆိုသည်၊ အိမ်ပြန် ရောက်တော့ ဗမာ ပတ်(စ) ပို့ကို မကိုင်ချင်တော့ဘူးဟုပြောသည်၊
ရုရှားနိုင်ငံကြီးမှာ ကောင်းကောင်းမွန်မွန် အုပ်ချုပ်ရန် ဇာဘုရင်တွေမလိုတော့ပါ၊ အီဂျစ်ပြည်တွင် ဖါရိုဘုရင်ဘုရင်တွေကို တမ်းတနေကြမည်မထင်၊ ဗြိတိသျှ ဘုရင်မကြီးနှင့် ယိုးဒယားဘုရင် တို့ကိုမူ သူတို့တိုင်းပြည်တွေက ချစ်ခင်လေးစားကြဆဲဖြစ်သည်၊ သို့သော်ဗမာပြည်မှာတော့ အင်အား တောင့်တင်း သောစစ်တပ်ကြီးရှိလိုကရှိစေ၊ ထိုစစ်တပ်ကြီးက တိုင်းပြည်ကို အုပ်ချုပ်နေသည်ကတော့ မလိုအပ်တော့ပါ၊ ဘုန်းမီးနေလ တောက်ပနေသော စစ်ဗိုလ်ချုပ်ကြီးတွေ မလိုအပ်ပါ၊ အုပ်ချုပ်ရေးကို ၀င်မစွက်စေချင်တော့ပါ၊ မရှိမဖြစ်၍ ထားရစေကာမူ အကျင့်စာရိတ္တ ကောင်းသော စစ်ဗိုလ်စစ်သားကို သာမြင်ချင်ကြပါသည်၊ စီးပွားရေး လုပ်သော၊ ဗိုလ်ကျသော၊ ထင်ရာစိုင်းသော စစ်ခေါင်းဆောင်တွေ ကိုအရေးကြီးသောနေရာ တွေမှာ မတွေ့ချင်မမြင်ချင်ကြပါ၊
အစိုးရအဖွဲထဲတွင် ပျက်နေတာတွေကို ပြင်ချင်စိတ်ရှိသော သူတွေပါစေချင်ပါပြီ၊ သမတကြီးမှာလည်း ပျက်နေတာတွေရှိတယ် ပြင်ကြရမယ်ဆိုသော အသိကိုရှိစေချင်ပါပြီ၊ နောက်ကျသည်ဟုမရှိပါ အခုပြင် လျင် နောင်နှစ်အနည်းငယ်အတွင်း ဒေသတွင်းမှာ ယဉ်ကျေးမှုအဆင့်အတန်းမြင့်သော နိုင်ငံအဖြစ် ရပ်တည် နိုင်လိမ့်မည်ဟု ကျွန်တော်ယုံကြည်ပါသည်၊

 

(Photo – Aung Htet)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

2 Responses to ကိုသန်းလွင် – ယဉ်ကျေးမှု

  1. San Hla Gyi on September 25, 2014 at 8:30 pm

    မှန်ပါတယ် ခင်ဗျာ။ ဘာသာရေးကြောင့် တိုင်းပြည် ဆင်းရဲတာ မဟုတ်ပါဘူး။ အဲဒီလို ပြောတာတွေ ကြားဖူးတိုင်း စိတ်မကောင်း ဖြစ်တာ ကြာပြီ။

  2. zarni on September 26, 2014 at 12:02 pm

    British, german, japan , chinese all government want obey people. Good gov leader – country is prosperity. Workibg class – no need to think so much, do as leader said. Leader say, “do what i say, dont do what i do” is U Ne win and his army..
    Burmese culture is time to change. Good attitude to be leaders.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments