ဖိုးထက် – သေသွားတဲ့ ပင်စင်လစာ

September 29, 2014

Photo – Aung Htet
ဖိုးထက် – သေသွားတဲ့ ပင်စင်လစာ
(မိုးမခ) စက်တင်ဘာ ၂၉ ၊ ၂၀၁၄
လ္ဘက်ရည်တစ်ခွက် သုံးရာကျပ်၊ ခပ်ချာချာ ထမင်းတစ်ပွဲ ခုနှစ်ရာကျပ်၊ အငှားကား ဟိုနား ဒီနား ငှားလျှင် နှစ်ထောင်ကျပ် ခေတ်ကြီးမှာ မြန်မာငွေ နှစ်သောင်း ခုနှစ်ထောင်ဆိုတာ “အဟမ်း” ဆိုတာနဲ့ ပျောက်ပြီ။ ဘယ်နား သွားရှာရမှန်းမသိ။ မလှုပ်လိုက်နှင့်။ အပြင်ထွက်တာနဲ့တင် ငွေသုံးထောင်ကျပ်ခန့် အနည်းဆုံး ကုန်ရသော ခေတ်ကြီးမှာ အနှီ ပင်စင်လစာ နှစ်သောင်းခုနှစ်ထောင်ကျပ်သည် အဘယ်မှာ အားကိုး အားထား လက်ကိုင်ပြုစရာ ဖြစ်ပါမည်နည်း။
သို့သော် ပင်စင်စား အဘိုး၊ အဘွား၊ ဘကြီး၊ ဒေါ်ကြီးများက အဆိုပါ ငွေကြေးလေးကို မက်ပါသည်။ လိုချင်ပါသည်။ သုံးချင်ပါသည်။ ကောင်းကောင်းကြီး စားဖို့ မဟုတ်။ ကြွားကြွားကြီး ၀တ်ဖို့ မဟုတ်။ ပျော်ပျော်ကြီး ဖြုန်းပြစ်ဖို့ မဟုတ်။ စေတနာပါပါကြီး လှူချင် တန်းချင် ကြသောကြောင့် ဖြစ်သည်။ မြန်မာပြည်မှာ အလုပ် လုပ်နိုင်သေးသော ၀န်ထမ်းပင်လျှင် ရရှိသော လစာ ရိက္ခာငွေကြေးက ဘ၀တစ်ခုကိုတောင် နိုင်နင်းအောင် စီမံခန့်ခွဲနိုင်တာ မဟုတ်။ သို့ဆိုလျှင် သာမန်ဝန်ထမ်းဘ၀နှင့် ပင်စင်ယူသွားကြသော အစိုးရ၀န်ထမ်းများ၏ ဘ၀မှာ နဂိုအခံ စုပြီး ဆောင်းပြီး ငွေစ ကြေးစလေးများ ရှိပါမှ။ သို့တည်းမဟုတ် သား၊ သမီးများက ကြည့်ရှူ ထောက်ပံ့နိုင်ပါအုံးမှ အဆင်ပြေသည်။ ဘ၀နေ၀င်ချိန်မှာ ငွေရေး ကြေးရေး မပူမပင်ရှိရသည်။
အထက်တန်းပြ ဆရာမကြီး အန်တီညို ပင်စင်ယူတော့ သူ့ရဲ့ ဆရာမ ၀န်ထမ်း လုပ်သက်က နှစ်ပေါင်း လေးဆယ်ကျော်။  သူ့မှာ စုပြီး ဆောင်းပြီး ငွေကြေး အနည်းငယ်ရှိသည်။ သား၊ သမီးများကလဲ အထိုက်အလျောက်သူ့ကို ပြန်ကြည့်နိုင်သည်။ သူ့အတွက် ပင်စင်လစာ ငွေလေး နှစ်သောင်း ခုနှစ်ထောင်ဆိုတာ မချမ်းသာပေမယ့် ဘာမှ မဟုတ်။ ဘာမှ သုံးလောက် စွဲလောက် ရှိတာ မဟုတ်။ သို့သော်လည်း တစ်နှစ်စာ စုလိုက်လျှင် သုံးသိန်းကျော်ကျော်ခန့်ရနိုင်သည်။ သွားစရိတ်၊ လာစရိတ် နှုတ်လိုက်လျှင် ကျန်ရှိသော မြန်မာငွေ နှစ်သိန်း ခွဲကျော်ကျော်သည် အန်တီညို့အတွက် ပီတိအပြည့်ဖြင့် လှူနိုင်သည်။ ဘုန်းတော်ကြီးများကို ဆွမ်းကပ်နိုင်သည်။ သူငယ်ချင်း လုပ်ဖော်ကိုင်ဖက် မိတ်ဆွေဟောင်းများထဲမှ ချို့တဲ့သူများကို ကူညီနိုင်သည်။ ဒီနှစ်တော့ သူ့ပင်စင်လစာ တစ်နှစ်စာနှင့် သား၊ သမီးများဆီမှ ထည့်ဝင်ငွေများနှင့် ထပ်ဖြည့်ပြီး နှစ်ပေါင်း ဆယ့်ငါးနှစ်ခန့် အလုပ် လုပ်ခဲ့သော နယ်ဘက်က အထက်တန်းကျောင်းလေးမှာ အ၀ိစိရေတွင်းလေး တူးပေးဖို့ ကြံရွယ်ထားသည်။ အရင်ရှိခဲ့သော အ၀ိစိတွင်းက ရေသိပ်မကောင်းတော့ဘူးဟု သူ့တပည့် အဟောင်း လက်ရှိ ဆရာ၊ ဆရာမများက ပြောပြသဖြင့်  လှူဖို့ ကြံရွယ်ထားခဲ့ခြင်း ဖြစ်သည်။
ပင်စင်ယူပြီးနောက် အန်တီညိုက သူ့သမီးအကြီး ရှိရာ ရန်ကုန်သို့ လေး၊ ငါးနှစ်ခန့် လိုက်ပြီး နေသည်။ ရန်ကုန်ပြီးတော့ မန္တလေးက သမီး အငယ်က “အမေရယ် သမီးနဲ့လဲ လာနေပါအုံး” ဆိုတာနှင့် မြေးအငယ်မ မျက်နှာထောက်ပြီး မန္တလေးသို့ ပြန်နေပြန်သည်။ သူလို အသက် ၇၀ နားနီး အဘွားကြီးအတွက် ကားစီးပြီး ကူးရ သန်းရတာ လွယ်တာ မဟုတ်။ မတတ်သာလို့သာ ကူးရ သန်းရပေမယ့် ဖြစ်နိုင်ရင် ဘယ်ကိုမှ ကူးချည် သန်းချည် လုပ်မနေချင်တော့။ တွေ့ချင်တဲ့ သား၊ သမီးတွေ၊ တပည့် တွေ သူ့ဆီ လာတွေ့မှဘဲ တွေ့ဖြစ်တော့သည်။ ဟော…အခုတော့ ပင်စင် ထုတ်ယူဖို့ ရန်ကုန် ကို လူကိုယ်တိုင် မျက်နှာပြရမတဲ့။ ခက်လိုက်တဲ့ အစိုးရနှယ်လို့ ညည်းမိသည်။
ရန်ကုန်မှာ သမီး အကြီးနဲ့ နေစဉ်က ရန်ကုန်မှာဘဲ ပင်စင်ထုတ်ယူဖို့ အကုန်စီစဉ်ထားခဲ့သည်။ အဲဒီတုန်းကတော့ အဆင်ပြေသည်။ သမီးအကြီးနှင့် ပင်စင်ရုံးမှာ တစ်နေကုန် ရောဂါ အတိုးခံ တန်းစီ စောင့်ပြီး တစ်နှစ်စာ ထုတ်လိုက်လျှင် ပြီးခဲ့သည်။ အခု မန္တလေး ပြောင်းပြီးမှ ရန်ကုန်ကို ပြန်ပြီး ပင်စင်လစာ ငွေလေး သုံးသိန်းကျော်ကျော်အတွက် သွားရဖို့ကြတော့ စိတ်က သွားချင်ပေမယ့် ကိုယ်ခန္ဓာကြီးက ခွင့် မပြုတော့။ အသွား အပြန်စရိတ်က ငါးသောင်း ကျော်ကျော်ကုန်အုံးမည်။ ခရီးက ပန်းအုံးမည်။ သက်ရှိထင်ရှား ရှိနေကြောင်း သက်ဆိုင်ရာ ရပ်ကွက်လူကြီး ထောက်ခံစာ၊ နေထိုင်ရာ မြို့နယ် လ၀က ထောက်ခံစာနှင့် ထုတ်လို့ မရနိုင်ဘူးလားလို့ ရန်ကုန်ရှိ သမီး အကြီးကို မေးခိုင်းတော့ လူကိုယ်တိုင်မှ လူကိုယ်တိုင်တဲ့။ ခက်ပေဘူးလား။ မသွားနိုင် မလာနိုင် အိပ်ရာထဲ လဲနေသော သူ့သူငယ်ချင်း ကျောင်းဆရာမကြီး အငြိမ်းစားဆိုလျှင် ဘယ်လို လုပ်မလဲ။ “တော်ပြီး ရှုပ်တယ်။ မထုတ်ချင်တော့ဘူး။ နေပစေတော့။ ငါ့ဘာသာ အ၀ိစိတွင်း လှူဖို့ ကိစ္စ ဖြစ်အောင်လှူမယ်။ နင်တို့လဲ နည်းနည်းဆီ ပိုထည့်ကြ” လို့ သား၊ သမီးတွေကို ပြောရသည်။
နိုင်ငံတော်နှင့် ပါတ်သက်သည့် ငွေကြေးဆိုလျှင် တစ်ကျပ် တစ်ပြားကအစ သေသေချာချာ စာရင်း ဇယားနှင့် ရှိရတယ်ဆိုတာ အန်တီညိုလို ၀န်ထမ်းသက် နှစ်ပေါင်း လေးဆယ် အတွေ့အကြုံရှိသူအတွက် သိပြီးသား။ ပြည်သူလူထု ငွေကြေးကို မလေလွင့်တာ မလေလွင့်အောင်၊ မပျောက်ပျက်တာ မပျောက် ပျက်ရအောင် တိတိကျကျ လုပ်ရတယ်ဆိုတာ သိသည်။ နားလည်သည်။ သူတို့ပင်စင် လစာတွေလဲ တိတိကျကျ လုပ်သင့်တယ်ဆိုတာ အန်တီညိုက နားလည် ခွင့်လွှတ်သည်။ သား၊ သမီးတွေရဲ့ အစိုးရအပေါ် မကောင်းကြောင်း ပြောချင်တာတောင်မှ “ဟဲ့ ဒီလိုဘဲ အလုပ် လုပ်ရတာဘဲ။ အဲဒီလို မလုပ်လို့ သေပြီးသားလူအတွက် ထုတ်ပြီး သုံးနေကြမှာပေါ့” လို့တောင် ရှေ့နေ လိုက်ပေးသည်။ သို့သော် အခုလိုမျိုး မသွားနိုင်၊ မလာနိုင်၊ သွားဖို့ လာဖို့ ခက်ခဲသော သူတို့လို အဘွားကြီး၊ အဘိုးကြီးတွေအတွက် လူကိုယ်တိုင် မျက်နှာပြကို ပြရမယ်ဆိုတာကတော့ လွန်ကို လွန်လွန်းတယ်လို့ ထင်လာသည်။ သက်ရှိထင်ရှား ရှိနေသေးကြောင်း သက်ဆိုင်ရာ နေထိုင်သည့် မြို့နယ် ထောက်ခံစာနှင့်ဆိုလျှင် လုပ်ပေးမယ်ဆို လုပ်ပေးလို့ ရတာဘဲ မဟုတ်ဘူးလား။ ရပ်ကွက်လူကြီး ထောက်ခံစာကို မယုံကြည်လျှင် မြို့နယ် အဆင့် ထောက်ခံစာ ယူခိုင်းပေါ့။ ဒါမှ မဟုတ်သေးဘူးဆိုရင် သက်ဆိုင်ရာ တိုင်း ထောက်ခံစာယူခိုင်းပေါ့။ အခုတော့ ကော့သောင်း ရောက်နေသော မြစ်ကြီးနားမှာ တာဝန်ကျခဲ့သည့် အငြိမ်းစား ၀န်ထမ်းကြီးက မြန်မာပြည် တောင်ဖျားကနေ မြောက်ဖျားအထိ ပြန်လာရမည့် သဘော။ အငြိမ်းစားယူပြီးရင် မသေမချင်း အဲဒီမြို့နယ်ထဲက အပြင်မထွက်နဲ့။ ထွက်ရင်လဲ ဆေးရုံပေါ်မှာ ပိုက်တန်းလန်းနဲ့ ရှိနေရင်တောင် လူနာတင်ယာဉ်ငှားပြီး ပင်စင်ရုံးကို ပြန်ရမည့် အပေါက်။
အန်တီညို၏ သား၊ သမီးတွေကတော့ သူတို့ အမေ ဆုံးဖြတ်ချက်ကို အထွန့်တက်မနေ။ အမေ စိတ်ကျေနပ်၊ စိတ်ပြတ်ရင် ပြီးတာဘဲ။ ပျော်သလိုနေ။ အဆင်ပြေရာမှာနေ။ မချမ်းသာကြပေမယ့် သူတို့ အမေ၏ ကျန်းမာရေး၊ လှူရေး တန်းရေးတွေမှာ တတ်နိုင်သလောက် ၀င်ပြီး ကူကြ၊ ပံ့ကြသည်ဘဲလေ။ သူတို့ အမေ သတင်းစာလေးတွေဖတ်၊ ကိုရီးယားဇာတ်လမ်းတွဲများကြည့်၊ မြေးတွေ စာသင်၊ ထူထူထောင်ထောင် လမ်းလျှောက်နိုင်သေးတာကိုဘဲ ကျေးဇူးကြီးလှပြီ။ ဘ၀နေ၀င်ချိန်အချိန်များမှာ အေးအေးလူလူ နေရသည့် အချိန်တွေကို သူတို့ အမေ ရစေချင်သည်။ ပူမနေစေချင်တော့။ “အမေနေရာ တကာ ပါမနေနဲ့တော့” လို့ သူတို့က ပြောတတ်သေးသည်။ ဒင်းတို့က ဆရာမ အငြိမ်းစားကြီးကို ဆရာ လာ လာ လုပ်တတ်သေးသည်။ သံယောဇဉ်ဆိုတာ သိပ်ပူတယ်ဆိုတာတော့ အန်တီညိုလဲ သိတာပေါ့။ ဒါပေသိ ဒီသံယောဇဉ်တွေကြောင့်သာ ဒင်းတို့ အခုလိုမျိုး ပညာတတ်ကြီးတွေ ဖြစ်လာတာ မဟုတ်ဘူးလား။
တစ်နေ့ကတော့ သူ အ၀ိစိရေတွင်းလှူဖို့ ကြံရွယ်ထားသည့် အထက်တန်းကျောင်းက သူ့တပည့် ဆရာ နှစ်ယောက် ရောက်လာသည်။ သူဖုန်းဆက်ခေါ်ထားလို့ အဲဒီ လှူဖို့ တန်းဖို့ ကိစ္စအတွက် လာခြင်းဖြစ်သည်။ သူတို့ အကြမ်းဖျဉ်းတွက်သလောက်သာ ဆိုလျှင် သိန်းနှစ်ဆယ်ခန့် ကုန်မည်တဲ့။ အန်တီညိုက သူ့ ဗီရိုကြီးကိုဖွင့်ကာ အဆင်သင့် ပြင်ထားသည့် သိန်းနှစ်ဆယ်ကို ထုတ်ပေးလိုက်သည်။ “လိုသေးတယ်ဆိုရင် တစ်သိန်း၊ နှစ်သိန်းအထိတော့ တတ်နိုင်တယ်။ အဲဒီထက် များရင်တော့ မင်းတို့ဘဲ လက်ရှိ ကျောင်းအုပ်ဆရာကြီးနဲ့သာ တိုင်ပင်ပြီး အဆင်ပြေအောင် လုပ်လိုက်တော့” လို့ မှာသည်။ သူ့တပည့် ဆရာ နှစ်ယောက်က လိုမည် မထင်ကြောင်း။ သေသေချာချာ စနစ်တကျ လုပ်မည် ဖြစ်ကြောင်း။ အလှူရှင် နာမည် ထည့်ချင်သေးလားလို့ သူ့ကို မေးတော့ “အို ..ထည့်မနေပါနဲ့။ ရှုပ်က ရှုပ်သနဲ့။ အဓိက က ကလေးတွေ ရေကောင်းကောင်း သန့်သန့် သောက်ရ၊ သုံးရ ပြီးတာဘဲ” လို့ မှာသည်။
“ရေတွင်းပြီးရင် ဆရာမကြီး လာကြည့်အုံးမလား။ ဖွင့်ပွဲလေး လုပ်ပေးရမလား” ဟု သူ့တပည့်တစ်ယောက်က အထွန့်တက်တော့ “နင်ဟာလေ ဒီလောက် နှစ်အကြာကြီး ငါစာသင်တာ ခံခဲ့ရတဲ့ အကောင်က ငါ့အကြောင်း မသိသေးဘူးလား။ ငါ့ကို ရှုပ်အောင် လာမလုပ်နဲ့။ အဲဒီ ပိုက်ဆံနဲ့ ရေသုံးလို့ရအောင် ငါ့အစား စီမံခန့်ခွဲပေး။ ကိုင်း ပြန်ကြတော့။ ငါ အိပ်အုံးမယ်” ဟု ငေါက်လွှတ်လိုက်ရသည်။ ဘယ်လို အကောင်တွေလဲ မသိ။ လှူပြီး ပြီးပေါ့။ ဖဲကြိုးကြီးဖြတ် ပ၀ါကြီး ခြုံ လုပ်ချင်တဲ့ အဘွားကြီးလို့များ ငါ့ထင်နေသလား မသိပါဘူး လို့ တွေးမိရင်း သူ့အလှူအတွက် ပီတိဖြစ်မိသည်။ ဆရာမ အလုပ်ဆိုတာ တပည့်မရှား၊ တစ်ပြားမရှိ၊ ပီတိကိုစား အားရှိသည်လို့ ပြောခဲ့ကြသည်ဘဲ။ ဒီပီတိမျိုးကတော့ သူ့တပည့်တွေဆီက ရသည့် ပီတိမျိုး မဟုတ်။ သိန်းနှစ်ဆယ်ဆိုတာ သူ့အတွက် ဘယ်လောက် များတဲ့ ပမာဏလဲ ဆိုတာ ဆရာမဘ၀နှင့် ခြစ်ခြစ်ကုပ်ကုပ် ဘ၀ကို နေလာရသည့် သူက အသိဆုံး။
သူ့ တပည့် နှစ်ယောက် ပြန်သွားတော့ မြေးအငယ်ဆုံးမကို ဒီနေ့ထုတ် ဂျာနယ် တစ်စောင် ယူခိုင်းလိုက်သည်။ ဂျာနယ် မျက်နှာဖုံးမှာ ရန်ကုန်မြို့သစ် စီမံကိန်း ရပ်ဆိုင်းဆိုသည့် သတင်းကို သူစိတ်ဝင်စားသွားသည်။ သတင်းကို ဖတ်ပြီး “သြော်…မသေကြတော့မယ့် လူတွေလိုဘဲနော်” လို့ ပါးစပ်က ထွက်ပြီး ညည်းမိသည်။
 အန်တီညို့ဘေးနားမှာ သချာင်္အိမ်စာတွေ ထိုင်လုပ်နေသော မြေးမက “မေကြီး ဘယ်သူ့ ပြောတာလဲ” လို့ မေးသည်။ “သြော်…အေး…အေး…ဘာမှ မဟုတ်ပါဘူး ငါ့မြေးရယ်။ လုပ်…လုပ်..အဲဒီ နှစ်ပုဒ် ပြီးအောင်တွက်နော်။ အပေါင်းနဲ့ အနှုတ်ကို မရောစေနဲ့။ လက္ခဏာ သေချာကြည့်ပြီးတွက်။ ဂရုမစိုက်ရင် မှားတတ်၊ ရောတတ်တယ်။ ငါ့မြေးပြီးရင် မေကြီးကို ပြ။ မေကြီး စစ်ပေးမယ်။ လုပ်..လုပ်…မြန်မြန်တွက်နော်။ အချိန်မဖြုန်းရဘူး” ဟု ပြန်ပြောပြီး သတင်းတွေကို ဆက်ပြီး ဖတ်နေမိသည်။
ဖတ်လက်စ ပုဂ္ဂလိက ဂျာနယ်ကို ချပြီး အစိုးရ သတင်းစာတွေ ဖတ်မယ်လို့ စိတ်ကူးလိုက်ပြီးမှ “အို…အဲဒီအထဲမှာ ငါနားမလည်တဲ့ တင်ဒါခေါ်တာတွေဘဲ ပါနေတယ်။ ဖတ်နေရင် အချိန်ကုန်တာဘဲ အဖတ်တင်မယ်။ အားနေတုံးလေး တရားစာအုပ်လေး ဖတ်မှ” လို့ တွေးပြီး ဖတ်လက်စ ဘုရားစာအုပ်ကို ဖွင့်ဖတ်နေမိလိုက်သည်။
သူ့စိတ်ထဲမှာ မထုတ်ဖြစ်တော့သော ပင်စင်ငွေ သုံးသိန်းလဲ မရှိတော့။ သူလှူထားသော အ၀ိစိရေတွင်း ကိစ္စလဲ မရှိတော့။ အန်တီညို့ စိတ်ထဲမှာ ဘာဆို ဘာမှ သိပ်ရှိတော့တာ မဟုတ်။ သံယောဇဉ်ဆိုတာ ဖြတ်နိုင်လေး ကောင်းလေ။ သား၊ သမီး၊ မြေး သံယောဇဉ်တွေသာ မဖြတ်နိုင်ရင်သာ ရှိမယ်။ ငွေအတွက်ကတော့ သူ့မှာ သံယောဇဉ် လုံးဝ မရှိအောင် သတိထားတတ်နေခဲ့လေပြီ။

 

ဖိုးထက်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖိုးထက်, ရသဆောင်းပါးစုံ

One Response to ဖိုးထက် – သေသွားတဲ့ ပင်စင်လစာ

  1. အောင်ကျော် on September 29, 2014 at 4:03 pm

    ကိုဖိုးထက် စာလေးတွေ ရသ တစ်ခု မဟုတ် တစ်ခုရတယ်ဗျာ။ ဆက်ပြီးတော့ အများကြီး ရေးနိုင် ခံစားနိုင်ပါစေ။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်