မောင်ရင်ငတေ – အတွေးစတစ (ခရီးသွားခြင်း အနုပညာ)

September 30, 2014

မောင်ရင်ငတေ – အတွေးစတစ (ခရီးသွားခြင်း အနုပညာ)
စက်တင်ဘာ ၃၀၊ ၂၀၁၄
စိုပြေစိမ်းလန်းခြင်းနဲ့ တောင်ကြားလမ်းတွေရဲ့ ခရီးသွားခြင်းအနုပညာ (ဓါတ်ပုံ မရငတ)

မောင်ရင်ငတေကတော့ ခရီးတခုသွားခြင်းကို အနုပညာတခုလို့ သဘောထားချင်ပါတယ်။ ခရီးတခုသွားနေခြင်းက အနုပညာနဲ့ ဘာဆိုင် သလဲလို့ မေးချင်တဲ့သူတွေလည်း ရှိနိုင်ပါတယ်။ သွားနေတဲ့ခရီးတခုမှာ မြင်မြင်သမျှ ခံစားတတ်ရင် အနုပညာပါလို့ ပြောချင်တာပါ။ စက်ဘီး ဆိုက်ကား ကား ရထား မြင်းလှည်း လေယာဉ် အားလုံးဟာ အနုပညာပါ။ ခရီးသွားနေစဉ် မြင်မြင်ရသမျှသော သဘာဝ အိမ် တော တောင် မြေ မြစ် ချောင်း မြောင်း အင်း အိုင် စိမ့် စမ်း လမ်း တံတား လယ်ယာ သစ်ပင် ပူခြင်း အေးခြင်း မိုးရွာ ဆီးနှင်းကျ တိမ်ထူထပ် လေပြင်းတိုက် စိမ်းလန်း ခြောက်သွေ့ ခေတ်သစ် ခေတ်ဟောင်း သမိုင်းမဝင် သမိုင်းဝင် စသည့်စသည့် အရာရာ အားလုံးဟာ ခံစားတတ်ရင် အနုပညာပါ။ ဒါကြောင့် မောင်ရင်ငတေ ခရီးသွားနေရခြင်းကို နှစ်သက်တာပါ။ လမ်းဘေးမှာတွေ့ရတဲ့ အမှိုက်ပုံးဆိုတာတွေတောင်မှ ထားတတ်ရင် အနု ပညာမြောက်ပါတယ်။  အမှိုက်ပုံးတွေကိုလည်း အမှိုက်ပစ်ချင်စရာဖြစ်အောင် (ဖြစ်နိုင်မယ်ဆိုရင်) ဖန်တီးကြစေလိုပါတယ်။  မောင်ရင်ငတေ ကတော့ အမှိုက်ပုံးတွေတွေ့ရင်လည်း ဓါတ်ပုံရိုက်ဖြစ်ပါတယ်။

ခရီးသွားနေရခြင်းရဲ့ အနုပညာများကို ခံစားတတ်လာခြင်းနောက်ပိုင်းမှာ နေပူကျဲကျဲအောက်မှာ ကားခေါင်မိုးပေါ်မှာ စီးခဲ့ဖူးတဲ့ ခရီးသွားခဲ့ ရခြင်းတွေရဲ့ အရသာတွေဖုန်အလူးလူးနဲ့ မျောက်ဖြူအလား တယောက်ကိုတယောက်ကြည့် ဟားတိုက်ရယ်ခဲ့ရတာမျိုးတွေ တဝုန်းဝုန်း တဒိုင်းဒိုင်း မြည်နေတဲ့ အင်ဂျင်စက်သံတွေကြားမှာ အိပ်စက်တတ်ခြင်းတွေ တအီအီ တကျည်ကျည်နဲ့ ကုန်းတက်ကို ရုန်းကန်တက်နေရတဲ့ နွားလှည်းအိုကြီးတွေ တတောက်တောက် တတက်တက်နဲ့ စီးခဲ့ဖူးတဲ့ တောမြင်းလှည်းအိုတွေ ချွေးတပြိုက်ပြိုက်ကျအောင် ကုန်းတက်ကို ကုန်းရုန်းနင်းခဲ့ဖူးတဲ့ စက်ဘီးခရီးတွေသွားခဲ့ရတာ နေရာမျိုးစုံမှာ ပုံစံမျိုးစုံနဲ့ အများကြီး အများကြီးပါ။ အဲဒီလိုမျိုး ခရီးလမ်းတွေ သွားလာ ဖူးခဲ့ရတာတွေဟာ ….. မေ့လို့ရကောင်းတာတွေ မဟုတ်ပါဘူး။

 နွေနေအောက်မှာ ခြောက်သွေ့နေလည်း ခရီးသွားခြင်းအနုပညာ (ဓါတ်ပုံ မရငတ)

လမ်းပန်းဆက်သွယ်ရေး အစဉ်ပြေ ချောမွေ့ပါတယ်ဆိုတဲ့ နေရာတွေ ရောက်လာတဲ့ အခါမှာတော့ အေးစိမ့်နေတဲ့ လေအေးစက်ရဲ့ အအေး ဒဏ်နဲ့ ငြိမ့်ညောင်းလှပါပေတယ်ဆိုတဲ့ လမ်းမတွေပေါ် ရထားဆိုရင် တနာရီ ကီလိုမီတာ နှစ်ရာကျော်သုံးရာ ကားဆိုရင်တော့ တနာရီ တရာကျော် အမြန်နှုန်းအောက်မှာ ကျန်ရစ်ခဲ့တဲ့ ဓါတ်မီးတိုင်တွေ ရိပ်ရိပ်တွေကိုကြည့်ပြီး ခံစားကြည့်တတ်စေလိုပါတယ်။ နှိုင်းယှဉ်ခံစားကြည့် တတ်ရင် အနုပညာမြောက်နိုင်ပါတယ်။ ခရီးသွားနေစဉ်မှာလည်း မောင်ရင်ငတေ တော်ရုံတန်ရုံနဲ့ မအိပ်မငိုက်တတ်ပါဘူး။ အပြေး မောင်းနေတဲ့ ကား သို့မဟုတ် ရထားတွေရဲ့ ပြူတင်းဘေးမှာ ခေါင်းတင်ငေးပြီး နေ့နေ့ညည စီးခဲ့ရတာကို သိပ်သဘောကျခဲ့တာပါ။ အခုတော့ မြန်နှုန်းမြင့် ကားရထားတွေရဲ့ မှန်လုံပိတ်စနစ်ဆိုတာကြောင့် အဲလိုမျိုး သဘာဝ အရသာတွေကို တိုက်ရိုက်ခံစားရနိုင်ဖို့က မလွယ်ကူတော့ပါဘူး။ မရနိုင်တော့ပါဘူး။ ဒါပေမယ့် ရသမျှတော့ မောင်ရင်ငတေ ငေးပါတယ် တွေးပါတယ် ကြည့်ပါတယ်။ဒါတွေဟာ စိတ်ကိုကြည်လင်စေပါတယ်။ လန်းဆန်းစေပါတယ်။ ကြည်းနူးစေပါတယ်။ မယုံရင်တော့ ကိုယ်တိုင်သွားကြည့်ပါလို့သာ ပြောချင်ပါတယ်။ ဘဝအမောတွေရဲ့ ချုပ်ကိုင်မှုအောက်က ရုန်းလွတ်ချင်ရင် ဒီနည်းက အကောင်းဆုံးပါ။ခရီးသွားရင်း အိပ်ငိုက်နေတာမျိုး (ခဏတဖြုတ် ခရီးသွားရင်း အိပ်တာကို မဆိုလိုပါဘူး။)  မဟုတ်ပါဘဲ … ….. ကြုံတွေ့သမျှတွေဟာ စိတ်ဝင်စားတတ်ရင် စိတ်ဝင်စားချင်စရာတွေပါ။ မာကို ပိုလိုလိုသွားသွား ကိုလံဘတ်စ်လို ဘတ်စကိုဒဂါးမားလိုသွားသွား ရှင်မဟာရဋ္ဌသာရလိုသွားသွား ရုံးကိစ္စ အလုပ်ကိစ္စနဲ့ အလကားရ လို့သွားသွား သွားတတ်ရင် အကျိုးရှိတာပါ။ ကျားတွေ မတွေ မဆိုင်ပါဘူး ဝါသနာနဲ့သာ ဆိုင်ပါတယ်။ဒါပေမယ့် ဒီနေရာမှာ တချို့တွေ ပိုက်ဆံပွတ် နေရရင် ပြီးနေကြတဲ့ သူတွေကို မဆိုလိုပါဘူး။ ဒီကို ရောက်နေတာ အနှစ်သုံးဆယ် လမ်းထိပ် အလုပ်နဲ့အိမ် ပြီးနေကြတဲ့သူတွေကို မပြောလိုပါဘူး။ သားကိစ္စ မယားကိစ္စ ချာလပတ် လုံးလည်လိုက်နေသူတွေကိုတော့ ပြောချင်ပါတယ်။ တနှစ်တခေါက်လောက်တော့ ခရီး သွားကြပါလို့။

နွေနေအောက်မှာ ခြောက်သွေ့နေလည်း ခရီးသွားခြင်းအနုပညာ (ဓါတ်ပုံ မရငတ)

တချို့တွေက ပြောကြတာ ရှိပါတယ်။ တနေရာကို တခေါက်ရောက်ပြီးရင် ရောက်ပြီးပြီ၊ နောက်ထပ်  သွားစရာ မလိုတော့ဘူး ဆိုကြပါတယ်။ မောင်ရင်ငတေကတော့ အဲလို မဟုတ်ပါဘူး။ မရောက်ဖူးတဲ့ နေရာကို သွားဖို့ ဦးစားပေးရမှာ မှန်ပေမယ့် အခွင့်အခါကြုံခဲ့ရင် ရောက်ပြီးသား နေရာတွေကိုလည်း ထပ်ခါထပ်ခါ သွားပါတယ်။ ရောက်ပြီးသားသာဆိုပေမယ့် သွားခဲ့တုန်းက အချိန် ရာသီဥတု သွားခဲ့ပုံ သွားခဲ့နည်း ကားနဲ့လား ရထားနဲ့လား တခါနဲ့တခါ တွေ့ကြုံရပုံတွေက ဘယ်လိုမှမတူနိုင်တာပါ။ အဲဒါ အနုပညာပါ။ ခံစားမှု အနုပညာပါ။ ခရီးသွားခြင်းက ရတဲ့ အနုပညာပါ။ အဲဒီ ခရီးသွားခြင်း အနုပညာ အကြောင်ပြုပြီး အနေချောင်နေသူကတော့ ပြင်သစ်နိုင်ငံပါ။ တနိုင်ငံလုံး နေရာတိုင်းမှာ ပြတိုက်လို ကြည့်ချင် လည်ချင်စရာတွေ ဖန်တီး ထိမ်းသိမ်းပေးထားသလို တနှစ်ကို လာရောက်တဲ့ ခရီးသွားသူ သန်း ရှစ်ဆယ်ကျော် ကိုးဆယ်နီးပါး ရှိနေတာပါ။ အဲဒါတောင်မှ နယ်စပ်လမ်းပေါင်းစုံက လမ်းသေး လမ်းမွှားတွေမှာ ဝင်စို့ထွက်စို့ လုပ်နေသူတွေကို စာရင်း ကောက်လို့ ရနိုင်မယ် မထင်ပါဘူး။

Eurostar and Thalys at Paris Gare du Nord (ဓါတ်ပုံ မရငတ)

ပြောင်းလဲတိုးတက်လာတဲ့ နည်းပညာတွေနဲ့အတူ ကနေ့ခေတ်ကြီးမှာ ခရီးသွားလာမှုတွေကလည်း ပိုမိုခေတ်စားလာတာနဲ့အမျှ ခရီးသွား လာခြင်း ပုံစံတွေလည်း အမျိုးမျိုး ပြောင်းလဲလို့ လာပါတယ်။ တကမ္ဘာလုံးမှာ ကိုယ်ပိုင်ကားတွေ ဘတ်စ်ကားတွေ မီးရထားတွေ လေယာဉ်ပျံ တွေ ပျားပန်းခပ်မျှ ဟိုမှသည်မှ စုန်ဆန် ဥဒဟိုသွားလာလှုပ်ရှားနေကြသလို လူတွေ လူတွေကလည်း အရှေ့ကလူက အနောက်ကို လာနေကြသလို တောင်ကလူက မြောက်ကိုသွားလို့ ရထားဘူတာရုံတွေ လေဆိပ်တွေ ကားဂိတ်တွေမှာ ကြက်ပျံမကျစည်ကားစွာ သွားနေလာနေကြတာ နေ့စဉ်မြင်တွေ့နေရပါတယ်။

ခရီးသွားကြရခြင်းမှာက အကြောင်းမျိုးစုံ ရှိပါတယ်။ အလုပ်ကိစ္စ ကျောင်းကိစ္စ အရောင်းအဝယ်ကိစ္စ သွားခြင်းတွေက စတင်လို့ နွေရာသီ ကျောင်းအလုပ်အားလပ်ရက်တွေမှာ အမေနဲ့ရွာကို လွမ်းကြလို့ ပြန်လည်တာ မြို့မရောက်ဖူးလို့ သွားတာတွေကော အပါအဝင် (မောင်ရင် ငတေတို့ရဲ့ ရွှေတိုင်းပြည် ကြီးမှာတော့ ဘုရားဖူးထွက်ကြတာပေါ့၊) အကြောင်းပေါင်းစုံနဲ့ သွားလာခဲ့ကြပါတယ်။အခုခေတ်မှာတော့ ကားတွေ ရထားတွေ လေယာဉ်ပျံတွေရဲ့ လျှင်မြန်လာတဲ့ အမြန်နှုန်းတွေနဲ့အတူ ခရီးကွာဝေးမှုတွေက တဖြေးဖြေး ပိုကျုံ့လို့လာတာပါ။ လွန်ခဲ့တဲ့ အနှစ်ငါးဆယ်ကျော်က ကီလိုမီတာ တသောင်းလောက် ကွာဝေးတဲ့ ဥရောပနဲ့ အာရှ သင်္ဘောခရီးဟာ လေးငါးခြောက်လ ကြာမြင့်ခဲ့တာ မျိုးပါ။ အခုခေတ်မှာတော့ ဂျက်လေယာဉ်ပျံကြီးတွေနဲ့ ဆယ့်သုံးလေး နာရီသာကြာ စီးသွားလိုက်ရင် ရောက်ပါပြီ၊ ဈေးတွေကလည်း သက်တောင့်သက်သာနဲ့ သာမန်လူသားတွေ ခရီးထွက်နိုင်ခဲ့ကြပါပြီ။

အချိန်တွေကျုံ့သွားစေတဲ့ ဝေဟင်ခရီး (ဓါတ်ပုံ မရငတ)

ဥရောပက သန့်ရှင်းရေး အလုပ်သမားတယောက်ဟာ တိုင်ဝမ်ကျွန်းပေါ်က ဖိုက်စတား ဟိုတယ်မှာ တည်းခိုနေတာမျိုးတွေ ဟောင် ကောင်မြို့သား လမ်းဘေးမှာ ဈေးရောင်းတဲ့ တရုတ်ပေါက်ဖော်ကြီး တယောက်ကို ပါရီ ရွှေမြို့တော်ကြီးက ရှောင်ဇေလီဇေ အမည်ရ လမ်းမကြီးပေါ်မှာ နောက်ဆုံးပေါ် ကင်မရာကြီးတကားကားနဲ့ မှတ်တမ်းတင်နေတာမျိုး တွေ့ရတာတွေက မောင်ရင်ငတေတို့ ခေတ်မှာ ကြွားဝါစရာ မဟုတ်တော့ပါဘူး။ ဒါပေမယ့် လူ့စိတ်ဆိုတာမျိုးက ဆန်းကျယ်လှတာမို့ ကိုယ့်ရဲ့ဓါတ်ပုံ လှတပတလေးတွေကို ဖေ့စ်ဘုတ်ခ်ပေါ်မှာတင်ကြတာကတော့ ခွင့်လွှတ်နိုင်ကြရမှာပါ။ အရင်ခေတ် အခါက ဖေ့စ်ဘုတ်ခ်ဆိုတာကြီး မပေါ်သေးခင်ကလည်း အိမ်ရှေ့ဧည့်ခန်း လူမြင်သာတဲ့ နေရာတွေ နံရံခပ်မြင့်မြင့်မှာ အကောင်းဆုံးသော ပုံကြီးပုံကောင်းများကို (သေချာကူးချဲ့ပြီး) ချိတ်ထားကြတာ မဟုတ်ပါလား၊ (တချို့ဆိုရင် ဘွဲ့ဝတ်စုံနဲ့ ပုံကြီးများပါ။) (အခုလည်းတွေ့နေရဆဲပါ) ဧည့်ခန်းလယ်က ဆက်တီစားပွဲပေါ်မှာလည်း ဓါတ်ပုံအယ်လ်ဘမ်ကြီးတွေ ခန်းခန်းနားနား ရှိုးထားကြတာပါ။ ဒါတောင် အဲဒီခေတ်က ဓါတ်ပုံတပုံဆိုတာ ကင်မရာသမားခေါ်ရိုက်ခ ဆေးကူးခ မနည်းမနော ကုန်ကျတာပါ။ အခုခေတ်လို ဒေါ်လာတရာ ပေးရင်ရတဲ့ ဒီဂျစ်တယ် ကင်မရာခေတ်မှာ ဆေးကူးခရိုက်ခ မလိုတော့
ပါဘဲ ကိုယ်တိုင်ရိုက်ကိုယ်တိုင်တင် ကိုယ်တိုင်ကြည့်ကြရတဲ့ ဖေ့စ်ဘုတ်ခ်မော်ဒယ်တွေ များသထက် များလာတာကလည်း ကျိုးကြောင်းဆီလျှော်လှပါပေတယ်။ ဖေ့စ်ဘုတ်ခ် ဆိုတာကြီးကို အချိန်ပိုမှရမှ ခိုးကြောင်ခိုးဝှက် ဝင်ကြည့်ကြရတဲ့ မဟာပညာကျော် လူကြီးမင်းဆိုသူများကိုလည်း မောင်ရင်ငတေ ဒီနေရာက ပြောချင်တာက “လက်ဘက်ရည်ဆိုင်ထိုင်နေသူတွေဟာ အချိန်ပိုလို့ ထိုင်နေကြသူများ” ဆိုတဲ့ ခေတ်ဆွေး အတွေးအခေါ်တွေထဲက ထွက်လာခဲ့ကြပါလို့ခင်ဗျာ၊ ပါရီမြို့က လမ်းဘေးဆိုင် ထိုင်ရင်း ဒီလိုအကြောင်းလေးတွေ ဆွေးနွေးချင်ပါသေးတယ်။

အချိန်တွေကျုံ့သွားစေတဲ့ ဝေဟင်ခရီး (ဓါတ်ပုံ မရငတ)

ခရီးသွားကြရခြင်း အကြောင်းအရာများမှာ အခု ခေတ်အစားဆုံးကတော့ အလည်ခရီး ထွက်ခြင်းပါ။ အလုပ်ကိစ္စတွေ ဘာအကြောင်းမှ မပါဝင်ဘဲ ရွာပြန်လည်တာမျိုး မဟုတ်ပါဘဲ ကိုယ်မရောက်ဖူးတဲ့ ဒေသကို ကိုယ်ကိုယ်တိုင် ရွေးချယ်ပြီး သွားကြတာမျိုးပါ။ သွားကြတဲ့ ခရီးတွေက ပုံစံမျိုးစုံ ရှိပါတယ်။စွန့်စားသွားလာတဲ့ ခရီးကြမ်းတွေ ငွေကြေးအကုန်ခံနိုင်မှ ရောက်နိုင်မယ့် ခရီးတွေကိုတော့ ဒီနေရာ ဒီအကြောင်းတွေမှာ ထည့်မပြောတော့ပါဘူး။ ငွေအကုန်ခံနိုင်တဲ့ ကိစ္စမျိုးတွေက မောင်ရင်ငတေနဲ့ လည်း မပတ်သက်ပါဘူး။

ဒီကနေ့ မြန်မြန်နဲ့ များများရောက်အောင် သွားကြတာကတော့ ခရီးသွားလုပ်ငန်းတွေက စီစဉ်ကြတဲ့ ခရီးတွေပါ။ အဲဒီလို သွားကြတဲ့ခရီးစဉ်တွေကတော့ ကောင်းတာလည်း ရှိသလို မကောင်းတာတွေ လည်း အများကြီးပါ။ မောင်ရင်ငတေ အဓိက မကြိုက်နှစ်သက်ရတာက လမ်းခရီးမှာ ကိုယ်စိတ်ဝင် စားတာတွေကိုတွေ့လို့ ခရီးလမ်းကြောင်းပြောင်း သွားချင်ရင် သွားလို့ မရနိုင်တာပါ။ ဒါပေမယ့်လည်းခရီးစဉ်ကို စီစဉ်ထားသူတွေ လုပ်ငန်းရှင်တွေ ကောင်းရင်ကောင်းသလို နေရာခပ်များများကို မြန်မြန် ရောက်နိုင်တဲ့အတွက် ဒီလို ခရီးသွားလုပ်ငန်းတွေ ပိုမိုများပြားလာနေတာ တွေ့ရပါတယ်။

မောင်ရင်ငတေတို့ကတော့ အဲဒီလိုမျိုး ခရီးသွားလုပ်ငန်းကကားတွေနဲ့ သွားလေ့သွားထ မရှိခဲ့ပါဘူး။ ရွှေကြေးစည် ရွှေအိုးစည်တို့လို ဘုရားဖူးကားတွေခေတ် မတိုင်မီ ကျောင်းသားဘဝ မောင်ရင်ငတေ့ ဖားသားကြီးဖြစ်သူရယ် ဦးလေးတော် တယောက်ရယ်ကြောင့် ကိုယ်တိုင် စီစဉ်ကြရတဲ့ ခရီးစဉ်တွေ တော်တော်များများ သွားဖြစ်ခဲ့ရပါတယ်။ ရွှေပြည်ကြီးရဲ့ အလယ်ပိုင်း အထက်ပိုင်းက မိုးခေါင်ရေရှား အညာဒေသ ဧရာဝတီမြစ်ရိုး ချင်းတွင်းမြစ်ရိုး မြစ်ဝကျွန်းပေါ် ရှမ်းတောင်တန်းတွေပေါ် ကားလမ်း ပေါက်ရာ အရပ်တွေကို တော်တော်များများ ရောက်ခဲ့ပေါက်ခဲ့ဖူးပါတယ်။

(ခုတော့ ဖားသားကြီးလည်း မရှိတော့သလို ဦးရီးတော်သူလည်း ကိုယ်အောက်ပိုင်း မသန်တော့လို့ ဘယ်မှ မသွားနိုင်တော့ပါဘူး။ မောင်ရင် ငတေ ခရီးသွားခြင်း အနုပညာတွေရဲ့ လက်ဦးဆရာတွေပါ။ သူတို့နှစ်ယောက်ရဲ့ ကျေးဇူးကြောင့် ခရီးသွားခြင်း အနုပညာကို တတ်မြောက် လာရတာပါ။ ခရီးတွေ သွားတိုင်း သူတို့ကို လွမ်းမိပါတယ်။ ကျေးဇူးမှတ်တမ်း ဒီနေရာကနေ တင်လိုက်ပါတယ်။)

Trip to Timor Island (Timor-Leste) (Photo NMyar SG)

မောင်ရင်ငတေ မိတ်ဆွေ စင်ကာပူရောက်နေတဲ့ သူနာပြုဆရာမလေးတယောက် သူနေတဲ့ နေရာနဲ့ နီးစပ်ရာ ခရီးတခုကို သွားနေရင်း ရိုက်ထားတဲ့ ဓါတ်ပုံတပုံပါ။ သူကတော့ အမှတ်မထင် ရုတ်တရက်  ရိုက်လိုက်ပြီး သူမရဲ့ ဖေ့စ်ဘုတ်ခ်စာမျက်နှာမှာ တင်လိုက်တာပါ။ အဲဒါမျိုးကို မောင်ရင်ငတေက ပို၍သဘောကျတာပါ။ ခရီးသွားတယ်ဆိုတာမျိုးက ဥရောပမှ ကမ္ဘာပတ်မှ ခရီးသွားတာ မဟုတ်ပါဘူး။ ဘယ်အရပ် ဘယ်သွားသွား တောသွားသွား တောင်သွားသွား ခရီးသွားတာပါ။ မှော်ဘီသွားလည်း ခရီးသွားတာပါ။ ရွှေစက်တော်သွားလည်း ခရီးသွားတာပါ။ လှေစီး သင်္ဘောစီးလည်း ဘတ်စကားတိုးစီးလည်း ခရီးသွားတာပါ။ သူရိုက်ထားတဲ့ပုံကို အမှတ်တရအနေနဲ့ ကူးယူဖော်ပြ ပေးလိုက်ပါတယ်။
ခရီးသွားခြင်း အနုပညာနဲ့ ပတ်သက်လို့ မောင်ရင်ငတေရဲ့ မိတ်ဆွေ ပါရီမြို့ကို ရောက်လာဖူးတဲ့ မိတ္ထီလာမြို့သူ ဆရာဝန်မလေး တဦးက တော့ အခုလို မှတ်ချက်တခုပေးပါတယ်။

မောင်ရင်ငတေရဲ့ ခရီးသွားခြင်းအနုပညာ (Photo NW Paris)

“ပတ်ဝန်းကျင်သစ် တစ်ခုကို ရောက်ရင် စိတ်က လန်းဆန်းသွားတယ် Relax ဖြစ်သွားတယ်။ ဒေသသစ်ရဲ့ Lifestyle, Food, Culture ကို မြည်းစမ်းရတာလည်း စိတ်ဝင်စားစရာ ကောင်းတယ်။ ကမ္ဘာလောကကြီးကို မတူညီတဲ့ ရှုထောင့်ကနေ ခဏဝင်ခံစားရတာလည်း အတွေး သစ်တွေရစေတယ်။ မိတ်ဆွေသစ်တွေလည်း ရစေတယ်။”

ဟုတ်ပါတယ် မှန်ပါတယ်ခင်ဗျာ၊ ဘယ်အကြောင်းကြောင့်ဖြစ်ဖြစ် ဘယ်လိုနည်းနဲ့ ခရီးတွေသွားသွား ခရီးတခုကို သွားရတော့မယ်ဆိုရင် ခလေးလေးတွေကအစ ဖိုးကြီးအို ဖွားကြီးအိုတွေအဆုံး အပျော် မျက်နှာတွေနဲ့ပါ။ ခရီးသွားခြင်းနဲ့အတူ ပျော်ရွှင်ခြင်းအနုပညာတွေကို ရှာဖွေ တွေ့ရှိနိုင်ကြပါစေ။
မောင်ရင်ငတေ ၂၆၀၉၂၀၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, မောင်ရင်ငတေ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်