သက်ခိုင် – ပွဲဖျက်အောင်ဖေ၊ ထောင်တလနဲ့ အထူးလုပ်ငန်း

September 30, 2014

သက်ခိုင် – ပွဲဖျက်အောင်ဖေ၊ ထောင်တလနဲ့ အထူးလုပ်ငန်း
စက်တင်ဘာ ၃၀၊ ၂၀၁၄

 (၁)

မိုးကပါးသွားပြီဆိုပေမယ့် ဖျောက်ဆိပ်တော့ ရွာနေသေးတယ်၊ တရက်တော့ မိုးတွင်းတတွင်းလုံး ရွာထားလို့ အချို့မြေတွေက နူးကုန်တာ လည်း ပါမယ်ထင်ပါရဲ့။ စခန်းထဲကအပင်အကြီးကြီးတခု လဲကျပါလေကော။ အဲဒီညနေက မွန်ခရိုင်စခန်းမှာ ဘောလုံးပြိုင်ပွဲရှိနေလို့ စခန်းကဘောလုံးကန်မယ့် ရဲဘော်တွေကော လိုက်ပါအားပေးမယ့်သူတွေကော ကိုလွင်ဦး ဦးဆောင်ပြီး ဒီပီအေစခန်းမှာ သွားအိပ်ကြတယ်။ စခန်းမှာ ကျန်ခဲ့တာဆိုလို့ ရုံးအပေါ်က အခန်းတခန်းမှာ တူတူအိပ်တဲ့ ကိုစိုးမင်းနဲ့ ထွန်းလွင်၊ ဒီဘက်ဘားတိုက်မှာကြတော့ အောင်ဖေ၊ ဖေသန်းနဲ့ ကိုသိန်းစိုး တို့လောက်ပဲကျန်တယ်။

အဲဒီည ၇ နာရီ ၈ နာရီလောက်မှာ အောင်ဖေတို့လည်း လူမရှိဘူးဆိုတော့ စောစောအိပ်ကြမယ်ပေါ့လေ၊ အောင်ဖေ့စိတ်ထဲ လူက လည်းနည်းတယ်၊ စိတ်ထဲလည်း တမျိုးဖြစ်နေတာနဲ့ ဖေသန်းကိုပြောတယ် ဟေ့ကောင်ဘာပဲဖြစ်ဖြစ် သတိထားအိပ်ကွ၊ အရေးကြီးတဲ့ ပစ္စည်းတွေ အနားမှာယူထားချေလို့ပြောပြီး၊ စက်နဲ့ သေနတ်အတို၊ ရေဒီယို ကက်ဆက် စတာတွေကို ဘားတိုက်ထဲ ယူလာခဲ့မိတယ်၊ ဘေးမှာထားအိပ်တာပေါ့။ ခါတိုင်း ရုံးမှာပဲ ထားခဲ့တဲ့ ပစ္စည်းတချို့လည်း ယူလာခဲ့မိသေးတယ်။

အချိန်က ည၂နာရီကျော်လောက် ရှိမယ်ထင်ပါရဲ့ ရုတ်တရက်အောင်ဖေ နိုးလာတယ်၊ အဲဒီမှာ အသံတခုကြားနေရတယ် ထူးဆန်းနေတယ် ဖျစ်ဖျစ် ဖျစ်ဖျစ်နဲ့ ဘာသံပါလိမ့်ပေါ့ အသာနားစွင့်နေတယ်၊ ခဏနေတော့ ဝေါဝေါ၀ူးဝူးဝုန်းနဲ့ သစ်ပင် အကြီးကြီးတပင် စခန်းထဲမှာ လဲကျပါလေကော ဓါတ်မီးထိုးကြည့်တော့ တော်ပါသေးရဲ့ ရုံးအပေါ်မကျလို့ပေါ့လေ၊ ခဏနေတော့ ထွန်းလွင်အော်သံကြီး ကြားရပါလေကော၊ “ကိုအောင်ဖေရေ ကိုအောင်ဖေရေ” နဲ့ “အေးဘာဖြစ်လဲ” ပေါ့၊ “ရုံးအပေါ်သစ်ပင် လဲကျတယ်ဗျ” ၊ ဟာသွားပြီပေါ့၊ “မင်းတို့အခန်းပေါ်ကျလား” “ကျနော်တို့အခန်းပေါ်မကျဘူး ကိုလွင်ဦး အခန်းပေါ်တော့ ပိသွားပြီ” တဲ့၊ ဒါဆိုအိပ်လို့ရရင် ဆက်သာအိပ်နေတော့ကွာ မနက်ကျမှ ရှင်းကြတာပေါ့လို့ ပြောပြီး ဆက်အိပ်ရပြန်တော့တာပေါ့၊ တဖျစ်ဖျစ်မြည်တာ အပင်ကအမြစ်တွေ ပြတ်ထွက်ကုန်ကြတာကိုး၊ အခုလိုအနီးကပ် အပင်ကြီးကြီး တပင်လဲတာ အခုမှသတိထားမိတော့တယ်၊ မနက်ကြတော့မှ အားပါး ရုံးတခြမ်းလုံး ပါသွားပြီကော၊ ရှင်းမနေတော့ဘူး အားလုံး ပြန်လာမှ ရှင်းကြတာပေါ့ဆိုပြီး ထားခဲ့ရတယ်၊ ဘောလုံးပွဲက သွားအားပေးရမယ်လေ ဗိုလ်လုပွဲကို။ မွန်ပညာရေးဌာနနဲ့ အောင်ဖေတို့ ကျောင်းသားအဖွဲ့တွေနဲ့။

စခန်းမှာ ကိုစိုးမင်းတယောက်ပဲထားပြီး အားလုံးချီတက်ကြတာပေါ့လေ၊ ဘောလုံးပွဲမစခင် တခြားစခန်းက ရဲဘော်တွေကကော အောင်ဖေ့ လာပြောတယ်၊ ဘောလုံးကန်ချိန်က ၁ နာရီခွဲမကဘူး ဒိုင်လူကြီးက ပိုပြီးကန်ကန်ခိုင်းတတ်တယ်တဲ့။ အချိန်စေ့ရင် သတိပေးပေးပါတဲ့။ ဒါနဲ့ကန်ကြတာပေါ့၊ ဒီနှစ်မှာကန်ကြတဲ့သူတွေက အရင်နှစ်ကလို မဟုတ်တော့ဘူး ဘောကန်အတော်ကောင်းတဲ့သူတွေပဲ ကန်ကြတာကိုး နိုင်နေတာပေါ့၊ အောင်ဖေထင်ပါတယ် ၅ဂိုးလောက်တောင်နိုင်နေပြီ၊ သေချာတယ် ငါတို့နိုင်ပြီ မပူရတော့ဘူးပေါ့။

ခက်တာက နာရီကြည့်တော့မှ အချိန်ကအတော်ကို လွန်နေပြီ ဒိုင်လူကြီးက ပွဲကိုအဆုံးမသတ်သေဘူး၊ ခက်တော့တာပဲ ဘောကန်တဲ့ နှစ်ဘက်လုံးကသူတွေ အကုန်လုံးကမောနေပြီ၊ ဘယ်လိုလုပ်ရင်ကောင်းမလဲ မသိပေါ့လေ။ အောင်ဖေနဲ့ အတူရပ်နေတဲ့ ကိုမင်းလွင်(ကိုထီး) ကိုပြောလိုက်တယ်၊ ဘယ်လိုလုပ်ကြမလဲဗျပေါ့လေ၊ သူကရှေ့နေ ဒေါက်တာ ကျော်ညွှန့်တို့စခန်းက လူကြီးတဦး၊ အောင်ဖေနဲ့လည်းခင်တယ် အခုတော့နော်ဝေမှာ၊ သူ့အသံကတော့ ရေဒီယိုမှာ ကြားကြားနေရတယ် ရှေ့နေကြီး ဦးမင်းလွင်ဆိုပြီးတော့၊ သူကစိုင်းထီးဆိုင်ဒီဇိုင်းနဲ့ တူတော့ ကိုထီးလို့ ရင်းရင်းနှီးနှီး ခေါ်နေ ကြတာ။

ဒိုင်က အချိန်အတော်လွန်နေပြီဗျလို့ ထပ်ပြောတော့ သူကအကြံပေးတယ်၊ “ကျနော်တို့ အော်ကြမလားဗျ” တဲ့၊ အေးဗျာ ကောင်းသား အော်ကြတာပေါ့ဆိုပြီး၊ နှစ်ယောက်သား လက်ခုပ်လေးတွေအုပ်ပြီး “ဒိုင်လူကြီး အချိန်စေ့နေပြီဗျို့” “ဒိုင်လူကြီး အချိန်စေ့နေပြီဗျို့” လို့ဝိုင်းအော်တော့၊ ပွဲကြည့်ပရိသတ်လည်း ဟာ ဘာလဲပေါ့လေ နာရီတွေဘာတွေကြည့်ပြီး ပြုံးစိစိ ဖြစ်ကုန်ကြတာပေါ့၊ ဒိုင်လည်း စိတ်ဆိုးပြီး ၀ီစီတွေဘာတွေ ပစ်ချပြီး “အေး ခင်ဗျားတို့ပဲလုပ်၊ ကျုပ်မလုပ်တော့ဘူးဆိုပြီး” ထွက်သွားပါလေကော၊ အဲဒီမှာ ပွဲစီစဉ်တဲ့ မွန်ပြည်သစ်က၊ ထားဝယ်ခရိုင်ဒုတပ်မှူး ဗိုလ်မှူးကြီး ကရိတ်ထင်ပါရဲ့ ထလာပြီး “ဘယ်ကောင်လဲကွ၊ ၀င်အော်တာ” ဆိုပြီး သူ့ဘတ်စ်မန်းန်နဲ့ အောင်ဖေတို့ဆီ လာပါလေရော၊ ဖေသန်းလည်း မျက်လုံးကလည်ကလည်နဲ့ အောင်ဖေ့အနား ပြေးကပ်လာတော့တာပဲ။

အနားရောက်တော့ အောင်ဖေနဲ့ ကိုထီးအော်မှန်းသိသွားတော့ “ခင်ဗျားတို့ကလည်း ၀င်မပြောနဲ့လေဗျာ” နဲ့ ထိန်းထိန်း သိမ်းသိမ်း ဖျောင်းဖြ တော့တာပဲ ဆူတော့မဆူပါဘူး၊ အောင်ဖေတို့လည်း လန့်သွားပြီး၊ “ဒီလိုပါဗိုလ်မှူးရ အချိန်က အရမ်းကျော်နေလို့ ဒိုင်လူကြီး သတိမထားမိ ဘူးထင်ပြီး သတိပေးတာပါခင်ဗျ” ဘာညာနဲ့ မျက်နှာချို သွေးရတော့တာပေါ့၊ နောက်ထပ်ဒိုင်တယောက် အသစ်ဝင်လာပြီး ခဏဆက် ကန်ခိုင်းတယ် ၁၀ မိနစ်လောက် နေတော့ ပွဲသိမ်းခရာ မှုတ်လိုက်တယ် အောင်ဖေတို့ကျောင်းသားအဖွဲ့တွေ နိုင်သွားကြတော့ တာပေါ့လေ။

နိုင်သွားလို့ အားလုံးရတဲ့ဆုကြေးငွေတွေနဲ့ ဒီပီအေစခန်းပြန်ပြီး စားသောက်ကြတာပေါ့လေ၊ အောင်ဖေကတော့ သူတို့စခန်း အ၀င်ဝမှာ နေတဲ့ ဒိုင်လူကြီးကို ပြန်ချော့ရတာပေါ့၊ စိတ်မဆိုးပါနဲ့ သတိမထားမိဘူးထင်လို့ပါ ဘာညာပေါ့လေ၊ သူကလည်း နားလည်သွားပုံရပါတယ်၊ ဘာလို့ဆို ငါတို့သောက်မယ့်အရက် ဒိုင်လူကြီးဆိုင်ကပဲ ၀ယ်ကြဟေ့လို့ အကုန်လုံးကိုပြောလိုက်ရတာကိုး။

(၂)

၁၉၉၄ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာလလောက် ထင်ပါရဲ့၊ တရက်မှာတော့ ရှေ့တန်းကနေတဆင့် မာနယ်ပလောကို ဗဟိုကော်မတီ အစည်းအဝေးအတွက် တက်သွားခဲ့ကြတဲ့ ကိုဇော်မိုးကျော်တို့တတွေ စခန်းပြန်ရောက်လာကြတယ်။ သူတို့နဲ့အတူ အင်အားဖြည့်အနေနဲ့ စစ်ကိုင်းသား ကိုနိုင်ထွန်းနဲ့ ရွှေတောင်သား ကိုကျော်နိုင်တို့လည်း ပါလာကြတယ်၊ စံခရုံးမှာရှိနေတဲ့ ကိုနေမျိုး အပါအ၀င်ပေါ့။ စခန်းက လူပိုများသွားတော့ ပျော်စရာလည်း ပိုကောင်းသွားတာပေါ့။

ဒါပေမယ့် အောင်ဖေပျော်လို့ မရတော့ဘူး၊ ဘာလို့ဆိုလုပ်ငန်းတွေ အစီရင်ခံကြတော့၊ သူတို့ဗဟိုကော်မတီ၃ဦးက စခန်းမှာကျန်ခဲ့တဲ့ စခန်းမှူး ကိုလွင်ဦးနဲ့ ဒုစခန်းမှူး အောင်ဖေတို့ကို အပြစ်တွေ ပေးကြပါလေကော၊ ဘာလို့ဆို သိပ်မကြည်လင်တဲ့ ရဲဘော်တွေက တိုင်တာလည်း ပါမှာပေါ့၊ အောင်ဖေကတော့ စခန်းတွင်း ပစ္စည်း၊ ပစ္စယာများ ထိန်းသိမ်းရာမှာ ပေါ့လျှော့မှုနဲ့ ငွေကြေးလိုအပ်တာထက် ပိုမိုသုံးစွဲမှုတဲ့ အဲဒီ ၂ချက်နဲ့ လက်နက်ဖြုတ်ပြီး၊ အကျယ်ချုပ်နဲ့ ထမင်းချက်၁လ ကျပါလေကော။ ပိုက်ဆံပိုသုံးတယ်ဆိုတာက ဆန်းစစ်ကြည့်ရင် ဘတ်ငွေ၅၀၀လောက်ပဲ၊ ကိုလွင်ဦးကတော့ ပိုထိသွားတယ် ၃လတဲ့။

အဲဒီမှာ အောင်ဖေစဉ်းစားတယ်၊ ငါ့နှယ်ဘ၀တလျှောက်လုံး ဒီပါတီကို ယုံယုံကြည်ကြည်နဲ့ လူငယ်ဘ၀ကို မြုပ်နှံပြီး လုပ်ခဲ့ပါတယ်၊ ဒီပိုက်ဆံ ၅၀၀လေးကို သူတို့သွားတဲ့ (၁၀)၏လလောက်အတွင်း ပိုသုံးမိတာနဲ့ အရေးယူခံရပြီ၊ ဒါငါ့အတွက်လည်း သုံးတာမဟုတ်ဘူး ရဲဘော်တွေ အားလုံးအတွက်သုံးတဲ့ဟာပဲ၊ ဒီလောက်ပင်ပင်ပန်းပန်း နေထိုင် လုပ်ကိုင်နေကြတဲ့ ရဲဘော်တွေအတွက် ဒီလောက်သုံးတာ ဘာပြဿနာရှိလဲပေါ့။ ပြီးတော့ ပစ္စည်းတွေ မထိန်းသိမ်းဘူးဆိုတာက ပိုဆိုးတာပေါ့၊ သူ့ဘာသာတဲက အပင်ကြီးအောက် သွားဆောက်မိလို့ မိုးယိုတဲ့ကိစ္စ ငါလုပ်တာလည်း မဟုတ် တဲအသစ်လည်း အချိန်မီ ပြန်ဆောက်ခဲ့တာပဲဟာ၊ ရုံးအပေါ် သစ်ပင်ပိတာလည်း ငါသွားခုတ်တာမှ မဟုတ်တာပေါ့ ဒါကိုဒီလိုစွဲချက်တွေနဲ့ဆိုတော့ မမိုက်ဘူးပေါ့လေ၊ ဒါကြောင့် ငါတို့ဒီလောက် ပင်ပင်ပန်းပန်း တည်ဆောက်ခဲ့တာတောင် အသိအမှတ်မပြုတဲ့အပြင် စော်ကားတယ်၊ တော်ပြီ ဒီလူတွေနဲ့ ဆက်လက်တွဲလုပ်လို့ မရတော့ဘူး ငါထွက်မယ် ဘာညာလုပ်တော့တာပေါ့။
ဒီလိုဆုံးဖြတ်ပြီး နုတ်ထွက်စာတင်တယ်၊ ဘယ်သူမှလက်မခံရဲဘူး၊ နောက်ဆုံး ကိုအောင်ကျော်စိုးက နားအေးအောင်ဆိုပြီး လက်ခံလိုက်ပုံရပါတယ် လက်ခံရရှိကြောင်း လက်မှတ်ထိုးပေးတယ်၊ ဘာလို့ဆို တဂျီဂျီလုပ်နေလို့။ ခက်တာက သူတို့ လက်မခံရဲတာလည်း သဘာဝကျတယ်၊ ဒီလူ့ဘောင်သစ်ပါတီဆိုတာ အနယ်နယ်အရပ်ရပ်က လူငယ်ကျောင်းသားတွေနဲ့ ဖွဲ့စည်းထားခဲ့တာလေ။ ဘာပဲပြောပြော ခပ်တည်တည်နဲ့ပြောရရင် အောင်ဖေကလည်း အချဉ်တော့ မဟုတ်ဘူး ပြည်တွင်းနိုင်ငံရေး လှုပ်ရှားမှုတွေမှာ ရန်ကုန်တိုင်းစည်းရုံးရေး ကော်မတီမှာ ပါခဲ့ဖူးတယ်၊ စည်းရုံးရေးမှူးဆိုတဲ့ အလုပ်အမှုဆောင် တာဝန်နဲ့ကိုး၊ ဒါကြောင့် ပေးထွက်လိုက်ရင် နဂိုကတည်းက မနည်းတည်ဆောက်နေရတဲ့ ပါတီက ပိုပြီးကျစ်လစ်အောင် တည်ဆောက်ရဖို့ ခက်သွားမယ် ထင်ပုံရပါတယ်၊ လက်ရှိဗဟိုကော်မတီဆိုတာ တောထဲရောက်မှ လိုအပ်ချက်အရ ယာယီသဘော ပြန်ဖွဲ့ခဲ့ရပြန်တာကိုး။

အဲဒီလိုထွက်မယ်ဆိုတာကိုတော့ သူတို့ဗဟိုကော်မတီလုပ်တဲ့သူ ၃ယောက် ဗဟိုကို ကြေးနန်းပို့ပုံရပါတယ်၊ ဗဟိုက ဘာမှမလုပ်ရဘူး ပြောသလားမသိ သူတို့လည်း ဘာမှမပြောဘူး ပေးမထွက်ဘူး၊ အောင်ဖေကတော့ သူတို့ အကြောင်းပြန်တဲ့အထိ စောင့်မယ်ပေါ့လေ၊ ဒီအတောအတွင်း ကိုလွင်ဦးကလည်း ဒီပီအေကို ရောက်သွားပါလေကော။

ကိုဇော်မိုးကျော်၊ ကိုအောင်မိုး၊ ကိုအောင်ကျော်စိုးတို့ ပြန်ရောက်လာကတည်းက စည်းကမ်းက တင်းတင်းကျပ်ကျပ်ပို လုပ်လိုက်တော့ ရဲဘော်တွေလည်း အနေကျပ်ကုန်ပုံရပါတယ်၊ ဘာလို့ဆို စခန်းနား သေနတ်လာဖောက်လို့ဆိုပြီး ရွာသားတဦးလက်နက်ကို ခဏသိမ်းထား တာတို့ ဘာတို့တွေ လုပ်တော့၊ ရဲဘော်တွေလည်း မျက်နှာပူပေါ့ သေနတ်က ပီဒီအက်ဖ်ကသေနတ်ဆိုတော့ အဲဒီအချိန် သူတို့စခန်းမှာ တာဝန်ယူတဲ့ စခန်းမှူးကိုလတ်နဲ့ ကိုဂျော်နီတို့က လာယူရတဲ့အထိ ဖြစ်ကုန်ရော။

တရက်တော့ ဖေသန်းကအနားကပ်ပြီးလာပြောတယ်၊ “အကိုဘယ်လိုလဲ ကျနော်တို့ဘာဆက်လုပ်ရမလဲတဲ့” အောင်ဖေလည်း သူ့သနားသွားတယ်၊ အေး မင်းဘာသာမင်းပဲ စဉ်းစားတော့ကွာ ငါကတော့ ထွက်စာတင်ထားတယ် မင်းအတွက်က မခက်ပါဘူး မလုပ်ချင်ရင်တောင် မွန်ပြည်သစ်မှာ သွားလုပ်လို့ရတာပဲပေါ့လို့ ပြန်ပြောလိုက်တယ်။

ဒီလိုအချိန်မှာကတည်းက တချို့ရဲဘော်တွေလည်း ထွက်ကုန်ပြီ၊ ကိုစိုးမင်းဆို စံခရဘူရီကို ပြန်တက်သွားကော၊ သူလည်း အလိုမကျတာ ရှိမယ်ထင်ပါရဲ့၊ ဒီကြားထဲ လှိုင်မင်းထွန်းက စခန်းရှေ့က ကောင်မလေးတယောက်နဲ့ ခိုးပြေးပါလေကော၊ ပြေးတာက အဝေးကြီး မဟုတ်ဘူး အန်အယ်လ်ဒီကနေထွက်ပြီး မွန်တပ်ခွဲမှူးဟောင်း နိုင်အလွိန်းတို့ တဲစုနားမှာ တဲဆောက်ပြီး ဈေးရောင်းနေတဲ့ ကိုချိုဝင်းတို့ အိမ်မှာသွားပုံးနေတာ၊ ဘယ်သူမှ လိုက်ရှာလို့ကို မရဘူး ဘာလို့ဆို သူကဖွက်ထားပေးတာကိုး၊ နောက်တရက်နှစ်ရက်လောက်နေမှ လူကြီးတွေညှိနှိုင်းပြီး အဆင်ပြေသွားကြတော့မှ သူတို့ကို မင်္ဂလာဆောင်ပေးလိုက်ရတယ်၊ နှစ်ယောက်လုံး စခန်းမှာနေကြပေါ့လေ။

(၃)

လှိုင်မင်းထွန်းတို့ စခန်းလာနေကြပြီဆိုတော့ သူတို့အတွက် တဲတွေဘာတွေလည်း ၀ိုင်းဆောက်ကြရတော့တာပေါ့၊ အားလုံးအထိုင်ကြတာနဲ့ ဆောင်းကလည်းစ၀င်ဆိုတော့ သူတို့လင်မယားက ညဘက်ဆို ဖားရိုက်ထွက်ကြတယ်၊ ငါးရလည်း ငါးပေါ့လေ၊ အဲဒီလိုနဲ့တညတော့ စခန်းတဘက် တောင်ယာတဲနောက်ကျောက စမ်းချောင်းမှာ ဖားသွားရိုက်တဲ့ လင်မယား ငွေခွံအိတ်ကြီး ထမ်းပြီးစခန်းကို ပြန်လာတယ်၊ အောင်ဖေကမေးတာပေါ့ ဟေ့ကောင်ဘာကြီးလဲဟပေါ့လေ၊ ဒီကောင်က ပြုံးစိစိနဲ့ မြွေအကိုတဲ့၊ ဒီကောင်နောက်စရာမရှိနောက်တယ်၊ ငါကမြွေလန့်တတ်မှန်းသိလို့ပေါ့လေ။ ခဏနေတော့ စခန်းထဲမှာ လမ်းလျှောက်နေရာကနေ ဘားတိုက်ထဲဝင်လိုက်တော့ အမလေး လန့်သွားတယ်၊ စပါးကြီးမြွေကြီးရယ်လေ ဘားတိုက်ထဲမှာ ဒီအတိုင်းအလျှားလိုက် ချထားတာဘားတိုက်အပြည့် လုံးပတ်ကအောင်ဖေ့ ခြေသလုံးလောက်ရှိမယ် ဒီလောက်ကြီးတာကြီး မတွေ့ဖူးဘူး၊ ဟာဟေ့ကောင် လှိုင်မင်းထွန်း မင်းဟာကြီး စားဖိုထဲသွားထားကွာ ဘာညာပြောတော့ ရဲဘော်တွေအားလုံး ပြုံးနေကြတာပေါ့ အောင်ဖေလန့်မှန်းသိနေကြတာကိုး။ နောက်မှ သိတာက ဒီကောင်တွေလင်မယား ဖားရိုက်ထွက်ရင်းနဲ့ ဖားကိုချောင်းနေတဲ့ ဒီကောင်ကိုတွေ့ကော ဒီမြွေက ဘ၀ပြောင်းချင်တော့ လှိုင်မင်းထွန်းတို့ကို မမြင်ဘူး၊ အဲဒီမှာ ဒီကောင်က ကျောက်ခဲကြီးကြီး တလုံးမပြီး ခေါင်းကို ထုထားခဲ့တာ ပြီးမှ သူ့မိန်းမအိမ်က အိတ်ပြန်ယူပြီး ထမ်းလာခဲ့တာတဲ့ အောင်ဖေတို့ သတ္တိနဲ့များတော့ တခြားစီ။

နောက်နေ့ကြတော့ စခန်းကို ပယော်တောင်ပေါ်ကနေဆင်းလာတဲ့ ဆရာဦးသိန်းဝင်းက မြွေအရေခွံကိုဆုတ်တယ်၊ ဟုတ်မဟုတ်တော့ မသိဘူး တချို့တွေပြောကြတာ၊ စပါးကြီးမြွေက သူ့ကိုအလျှားလိုက် ခွဲနေရင် ခွဲပြီးသားနေရာကို ဒေါက်နဲ့ကန့်လန့် ထောက်ထားရတယ်တဲ့ မဟုတ်ရင် ချက်ချင်းပြန်စေ့သွားတယ်တဲ့ အခုဟာက တည ပစ်ထားပြီးလို့လားတော့ မသိပါဘူး ဘာမှပြန်မစေ့ပါဘူး၊ စပါးကြီးသည်းခြေလား ဘာလား ရလိုက်ကြသေးတယ် နောက်တော့ ဘယ်သူယူတယ် ဘယ်ရောက်သွားတယ် မသိတော့ပါဘူး၊ အရေခွံကိုတော့ အခြောက်လှမ်း အသားတွေကို ကြပ်တိုက်ကင် တချို့အသားတွေကို ငရုပ်သီးနဲ့အခြောက်ကြော်တာ အတော်စားကောင်းဆိုပဲ၊ အောင်ဖေကတော့ စားဖိုထဲဝင်ကို မ၀င်တော့ဘူး တခြားဟာပဲ အဆင်ပြေသလိုစားလိုက်တယ်။

မိုးအကုန်ဆောင်းအ၀င်မှာ ငါးမျှားရတာလည်း အတော်အဆင်ပြေတယ် ဘာလို့ဆိုစခန်းကြိုးတံတားပေါ်ကနေ ငါးမျှားရင် ငါးမြွေထိုးလေးတွေ အတော်ကိုရတာကိုး၊ ဒီငါးမြွေထိုးက မြို့မှာရောင်းတဲ့အကောင်တွေထက် ကြီးတယ်၊  ဒါလေးတွေကို ချက်ပြုတ်စားသောက်ပေါ့၊ စခန်းထဲမှာ စိုက်ထားတဲ့ ပီလောပီနံကလည်း ညဘက်ဆိုရင် တူးတဲ့သူကတူး ပြုတ်တဲ့သူကပြုတ်နဲ့ အတော်တော့အဆင်ပြေတယ်၊ အားလုံးအတွက် အဆာပြေဖြစ်သလို၊ ကိုကျော်နိုင်ကလည်း စခန်းရှေ့က လှိုင်မင်းထွန်း ယောက္ခမကြီးတွေ အိမ်ကိုသွားပြီး သွားသွားပွား ပြီးရင် ဟိုကစခန်းအတွက်ပေးတဲ့ ကောက်ညှင်းတွေယူလာ ပြီးရင်ဆီထမင်းချက် ညဘက်စားကြပေါ့။ ပျော်ဖို့တော့ ကောင်းသား။

ဒီလိုနဲ့ ဒီဇင်ဘာတရက်မှာတော့ သဆင်းဆိုးကြားရကော သူပုန်တွေရဲ့ တပ်ပေါင်းစုစခန်းလည်းဖြစ်ု ကရင့်အခြေစိုက် ဗဟိုစခန်းလည်းဖြစ်တဲ့ မာနယ်ပလော ဗဟိုဌာနချုပ် ကျသွားပြီတဲ့၊ လူတွေလည်း လေသွားတယ်၊ ငါတို့လူတွေ ဘယ်ကိုရောက်ကုန်ပြီလည်း မသိပေါ့၊ ဒါပေမယ့် သေချာတာ တခုတော့ရှိတယ်၊ စနစ်တကျနဲ့ တနေရာရာကို ဆုတ်သွားကြမယ်ဆိုတာကိုပေါ့။

ဒီကြားထဲ ရှေ့တန်းကို ဘယ်သူမှမဆင်းကြရဘူး စံခတက်လိုက် စခန်းပြန်ဆင်းလာလိုက်နဲ့ အလုပ်တော့ ရှုပ်နေကြတယ်၊ ဘာလို့ဆို မာနယ်ပလောကျသွားတော့ မွန်နဲ့ အခြားဒေသဘက်တွေမှာ အခြေတကျ ခြေကုပ်ယူဖို့ လိုလာနေပြီလေ။ အောင်ဖေတင်ထားတဲ့ နုတ်ထွက်စာ ကိစ္စကလည်း ဘယ်သူမှဘာမှ မေးမရဘူး ဗဟိုကဘာအမိန့်မှ မလာသေးလို့တဲ့ ဒါဆိုစောင့်ပေတော့ပေါ့။

၁၉၉၅ ဖေဖေါ်ဝါရီထဲရောက်တော့ မွန်တော်လှန်ရေးနေ့လား ဘာလားမသိ၊ ထားဝယ်ခရိုင်မှာ ပျော်ပွဲရွှင်ပွဲတွေ လုပ်ကြပါလေကော အဲဒီတော့စခန်းတွေက အလှည့်ကျလုံခြုံရေး ယူရတယ် အရင်တုန်းက စစ်ပူတဲ့အခါတိုင်း နေရာယူထားကြရတတ်တဲ့ နေရာတွေကိုပေါ့၊ ၂နေရာခွဲပြီး ကင်းစောင့်ကြရတယ်၊ အောင်ဖေတို့အဖွဲ့က ဒီပီအေကရဲဘော်တွေနဲ့ ကုန်သည်လမ်းကြောင်းဟောင်းခေါ်တဲ့ကြောကို တရက်သွားစောင့်ရတယ်၊ ပွဲက၂ရက်ဆိုတော့ ပထမနေ့ကတဖွဲ့ ဒုတိယနေ့ကတဖွဲ့၊ အောင်ဖေက ပထမနေ့ မစောင့်ချင်ဘူး ဘာလို့ဆို ပထမနေ့စတိတ်ရှိုးမှာ ဆရာမလေး မသီတာက သီချင်းဆိုမယ်ဆိုတာ ကြားထားတယ်လေ ကိုရဲကလိဒ်ဂီတာ တီးမှာဆိုတော့ သူ့ဆီက သတင်းရထားတာ၊ ဒါပေမယ့်မရဘူး သွားရတော့တာပဲ စိတ်ပျက်ပျက်နဲ့ ညနေမစောင်းခင် စစ်ကြောင်းထွက်ရတော့ လူကအင်တင်တင်နဲ့ပေါ့။
စစ်ကြောင်းသဘောနဲ့ တခါမှမထွက်ရဖူးတော့ အလဲ့ ပျော်စရာတော့ကောင်းသား၊ ငါတော့ဒီတခါ အတုမဟုတ် အစစ်သဘောနဲ့ စစ်ကြောင်းချီဖူးပြီပေါ့လေ၊ ပွဲတော်ကလည်း ဒီပီအေစခန်းရှေ့နားက ကွင်းပြင်မှာလုပ်တာဆိုတော့ လူတွေကလည်း အများကြီး၊ အောင်ဖေတို့တွေ စစ်ကြောင်းကိုမြင်တော့ အားပါးလေးစား အားကျတဲ့မျက်လုံးတွေနဲ့ အောင်ဖေတို့ မြောက်ကြွမြောက်ကြွပေါ့၊ ခက်တာက ကိုယ်ငမ်းချင်တဲ့ ဆရာမလေး အရိပ်အယောင်တောင် မတွေ့ရဘူး၊ စတိတ်ရှိုးစင်နား သေနတ်လွယ်ပြီး သွားကပ်လို့ကလည်းမဖြစ် ဘာလို့ဆို ပွဲတော်လုံခြုံရေးယူထားတဲ့ မွန်တပ်က ကောင်တွေက ထုထည့်လိုက်မှာပေါ့၊ လူကယောင်တောင်တောင် လုပ်နေတုန်း “ဟေ့လူ ဆက်သွားလေ ဘာရှာနေတာလဲဗျ” တဲ့ ကိုသိန်းစိုးရယ်လေ အလိုက်ကန်းဆိုးမသိ သောက်သံကျယ်ကြီးနဲ့ အော်လိုက်တာ ရိပ်မိတဲ့သူတွေက ပြုံးပြုံးစိစိပေါ့။ ဘာရန်သူမှတော့ မလာပါဘူး ငါးဖမ်း ထမင်းချက်စား တောထဲတညအိပ် နောက်ရက်ညနေ လာချိန်းတဲ့တပ်နဲ့လဲ ပြန်ပေါ့။
စခန်းပြန်ရောက်တော့ ရေမိုးချိုး ယူနီဖောင်းလေးကို သပ်သပ်ရပ်ရပ်ဝတ်ပြီး စတိတ်ရှိုးပွဲ ချီတက်တော့တာပေါ့၊ ကိုရဲကိုရှာပြီး ဟေ့လူ အခြေအနေ ဘယ်လိုလဲဗျ ဘာညာမေးတာပေါ့၊ ကိုယ်တိုက်တဲ့ ဘီယာဗူးလေးစုပ်ပြီး သူပြောပုံက ဒီညပဲ ဆရာမလေးက သီချင်းထပ် ဆိုဦးမလိုလို ဘာလိုလို “အေးဗျ သူတို့ပါဦးမယ်နဲ့ထင်တယ်ဗျ၊ ကျနော်က တီးတဲ့သူပဲဆိုတော့ စခါနီးမှ သီချင်းတွေ ထွက်လာမှာလေ” အဲဒီလိုပြောတော့ အောင်ဖေပျော်တာပေါ့၊ သီချင်းဆိုရင် ဘယ်လိုစတိုင်လေးများ ရှိနေမလဲမသိ၊ ဟေမာနေ၀င်းလိုမျိုး ယဉ်ယဉ်လေး ဖြစ်နေမှာ သေချာတယ်ပေါ့၊ “မောင်” တွေဘာတွေများဆိုမလား၊ ဒါမှမဟုတ် “ကိုကိုရေ သိပ်ချစ်တယ်၊ အစွဲကြီး စွဲမိပြီရှင်……..” ဘာညာတွေ ဆိုလို့ကတော့ ထကို ကပစ်မယ်ပေါ့လေ စိတ်ထဲကတေးထားတယ်။

ဟိုလူပွား ဒီလူပွားပြီးတော့ သီချင်းတွေဘာတွေ စဆိုပြီ၊ အောင်ဖေတို့ ရတုန်းရခိုက် ဘီယာလေးဘာလေးလည်း နည်းနည်းပါးပါး ရထားတော့ အိုကေစိုပြေနေတော့တာပေါ့။ နည်းနည်းပါးပါးဆိုတာ သောက်ရမ်းသောက်လို့ မရဘူးလေ၊ ပွဲတော်ဆိုတော့ လုံခြုံရေးချထားတဲ့ မွန်တပ်အပြင် တော်ကြာတပ်ပေါင်းစုံထဲက တာဝန်ကျတဲ့ကောင်က အရင်ကလည်း ဒီကောင်ကျွဲသောက် နွားသောက် သောက်ဖူးတယ်၊ အခုလည်းဒီကောင် အတော်မူးနေပြီလားမသိလို့ ထင်သွားပြီး ထိပ်တုံး ခပ်ထားမှ ဂန့်သွားမယ်၊ ဘော်ဒါကဘော်ဒါပဲ တာဝန်ကျနေချိန်ဆိုရင် သကောင့်သားတွေကိုလည်း ကြောက်ရတယ်။ ကြည့်နေရတယ်၊ စစ်သားခြင်းတူပေမယ့် သူတို့ကတာဝန်နဲ့ ကြည့်ကျက်သောက်ရတယ်၊ မဟုတ် လက်စွမ်းပြခံရမယ်။

အထီးတွေကော အမတွေကော တယောက်ပြီးတယောက်ဆိုသွားတယ်၊ ဘာဆရာမလေးမှ ထွက်မလာဘူး ည၁၂နာရီကျော်တော့ ပွဲကသိမ်းပြီ၊ အောင်ဖေတို့ ခံလိုက်ရတယ်၊ နောက်မှ သိရတာက ဆရာမလေးက ဆိုပြီးသွားလို့ ဒီမနက်အစောကြီးပဲ ပယော်က ဆေးရုံကိုတာဝန်ကျလို့ တက်သွားပြီတဲ့ “သေနာကိုရဲ” လို့ စိတ်ထဲက ကျိန်ဆဲ နေမိတော့တယ်။

မတ်လထဲမှာတော့ ထူးခြားတယ်ခေါ်ရမယ်၊ ဘာလို့ဆို စခန်းအထိုင်သာ နေနေခဲ့ရတဲ့ အောင်ဖေအတွက်၊ နုတ်ထွက်စာတင်ထားတဲ့ အောင်ဖေအတွက် ထူးခြားချက်တွေ ဖြစ်လာတယ်၊ ဘာလို့ဆို ပါတီက တွဲဘက်အတွင်းရေးမှူး တာဝန်ယူထားတဲ့ ကိုဇော်နိုင်ဦး တောင်ပိုင်းစခန်းကို ရောက်လာပါလေကော၊ သူလာတော့ ဟာအတွင်းရေးမှူးတော့လာပြီ ထူးခြားပြီပေါ့လေ။

သူရောက်ပြီးနောက်တရက် အောင်ဖေ့ကိုခေါ်တယ် သီးခြားပြောတယ်၊ စစခြင်း အောင်ဖေကမေးတာပေါ့ ဘယ်လိုလဲ ခင်ဗျားတို့ ကျနော်ထွက်လို့ရပြီလားပေါ့၊ သူဖြေတာက ရှင်းရှင်းလေး မင်းကိုပါတီက ပေးမထွက်ပါဘူးတဲ့၊ ဟာဒါဆို ခင်ဗျားကလည်း ကျုပ်မှမလုပ် ချင်တော့တာဆိုတော့၊ သူကပြုံးတယ်၊ ဟေ့ကောင်အောင်ဖေ မင်းထွက်တာတွေ မထွက်တာတွေ ထားလိုက်စမ်းကွာ။ မင်းကိုအရေးကြီး တာဝန် ပေးစရာရှိလို့ကွတဲ့။

အမ်သေပြီ၊ လူကမလုပ်တော့ပါဘူး ပါတီကထွက်ပါမယ်ပြောတာတောင် အရေးကြီးကိစ္စလုပ်ရမယ်တဲ့ ဆင်ဖမ်းပေး ရမှာလား မြွေဖမ်းပေး ရမှာလား မသိ၊ အဲဒီမှာ သူပြောတော့တာပဲ။

“ဒီလိုကွအောင်ဖေရ၊ အခုက မာနယ်ပလောကလည်း ကျသွားပြီ၊ တပ်ပေါင်းစုကလည်း အခြေစိုက်ဖို့အတွက်တောင်မှ အတော်ကိုခက်နေပြီ အရင်ကလိုစခန်းအထိုင်အကြီးကြီး လုပ်လို့ရမယ့်ပုံတောင် မပေါ်တော့ဘူး၊ ဆိုတော့ ငါတို့တွေလည်း နယ်စပ်မှာအရင်ကလို ပုံစံလှုပ်ရှားရတာလည်း အခက်အခဲတွေ ရှိကုန်တယ်၊ အဲဒီတော့ ငါတို့တွေ အထူးလုပ်ငန်းတွေ လုပ်မှရတော့မယ်၊ အဲဒီအထဲမှာ လုပ်မယ့်သူကလည်းရှားတယ်၊ ဘာလို့ဆို လူတိုင်းက သိနိုင်တဲ့သူ မဟုတ်ကြလို့ပဲ၊ မင်းကြတော့ လူတွေအတော်များများ သိကြတယ် မင်းကရန်ကုန်ကကိုး၊ ဒါကြောင့်မင်း ဒီတာဝန်ကို မင်းယူရလိမ့်မယ်” တဲ့။

သူဆိုလိုတာက အောင်ဖေကရန်ကုန်မှာ နေတုန်းကတည်းက နယ်အတော်များများက လာတဲ့ရဲဘော်တွေကို ထိတွေ့ ဆက်ဆံဖူးထားတော့ သူတို့ကိုပြန်ဆက်သွယ်ရမယ်၊ သူတို့ယုံကြည်လောက်တယ်၊ ဒါကြောင့် ပါတီရဲ့မြေအောက် လမ်းကြောင်းသစ်ကို စဖောက်ရမယ်ပေါ့လေ။ ဒီတော့ မကြာခင် ရှေ့တန်းဆင်းဖို့ ပြင်ပေတော့တဲ့။ လူကနုတ်ထွက်လို့ ရမယ်ထင်နေတာ မထွက်ရတဲ့အပြင် ထပ်တောင်ခိုင်းနေ လိုက်သေးတယ်၊ ဟုတ်တော့လည်း ဟုတ်တယ် ကျန်တဲ့သူတွေဆို တခြားနယ်ကရဲဘော်တွေက မသိကြဘူးလေ တချို့ဆိုစိတ်ဓါတ်အရသာ လိုက်လာကြတာ၊ ရန်ကုန်ကိုဆင်းရတဲ့ တာဝန်တွေ မယူခဲ့ကြရဘဲ နယ်မှာတင် ထာဝန်ယူခဲ့ကြရတာကိုး ။သူတို့ကို တခြားနယ်ကလူတွေက ဘယ်သိနိုင်မလဲပေါ့။

ဒါနဲ့ သူပြန်တော့ အောင်ဖေလိုက်ပို့သေးတယ်၊ လမ်းမှာတော့ ကျနော်လုပ်ပါမယ်၊ အန္တရာယ်တော့ကြီးတယ်ဗျ၊ တော်ကြာမိသွားရင် မချောင် ဘူးဗျ၊ အဲဒီကြတော့ ဘယ်လိုလုပ်ရမလဲပေါ့လေ၊ သူကပြောတယ် ဘယ်သူမှမလုပ်နိုင်ဘူး ဟေ့ကောင်ရေ ငါလည်းမလုပ်နိုင်ဘူး ဒါကြောင့် ပါတီမှာ စဉ်းစားတော့ မင်းပဲရှိလို့ မင်းကိုရွေးရတာ မတတ်နိုင်ဘူး အထဲမှာ ထောင်ကျတမ်းကျနဲ့ သေကြေခဲ့တဲ့ကောင်တွေလည်း တပုံကြီး၊ ဒီရဲဘော်တွေအတွက် ငါတို့ဆက်လုပ်ရဦးမှာပဲ အဲဒီတော့ အလုပ်အားလုံးကို ပါးပါနပ်နပ်နဲ့ အောင်အောင်မြင်မြင် ဖြစ်အောင်သာလုပ်ပေတော့၊ မိရင်လည်း ခံလိုက်တော့ တဲ့။

အေးပေါ့လေ ဘယ်တတ်နိုင်မလဲ မလုပ်လို့ကလည်း မဖြစ်၊ မဟုတ်ရင်ပါတီနဲ့ ပြည်တွင်းကရဲဘော်တွေ အဆက်ပြတ်သွားမယ်၊ ပါတီလည်း မြောင်းထဲရောက်သွားမယ်ပေါ့ လုံးပါးပါးသွားမယ်၊ ကိုယ့်အန္တာရယ်ကိုယ်ကြည့်ရှောင်မှ ရမယ်ပေါ့လေ။ အမေ့သား ကံကောင်းပါစေပေါ့။
အားလုံးသဘောတူပြီးတော့ အောင်ဖေခရီးစထွက်ဖို့ ပြင်ရပြီ၊ ရှေ့တန်းကို အောင်ဖေနဲ့အတူ ကိုအောင်ကျော်စိုးလည်း လိုက်ဆင်းရမယ်။ သူကရှေ့တန်းမှာ ဆက်နေခဲ့ပြီးတော့ အောင်ဖေကတော့ လိုအပ်ရင်ပြည်တွင်းကို တိတ်တဆိတ်ဝင်ပြီး ပါတီမြေအောက်ကွန်ယက်ကို အကောင်အထည်ဖော်ရတော့မယ်၊ အော်……..ဘီစီပီတွေလုပ်သလို ငါလည်း လုပ်ရတော့ မှာပါလားပေါ့ မိသွားရင်တော့ကွိုင်ပဲ သေဒဏ်နီး ပါးတော့ ကျနိုင်တယ်လို့ပဲ စိတ်ထဲမှာထားလိုက်ရတော့တယ်။

သက်ခိုင်
(၁၄း၃၅) နာရီ
၈.၉.၂၀၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, သက်ခိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်