စပယ် – ရကောက် ရထားကြီး ပျော်ပျော်စီး (အပိုင်း – ၁)

October 4, 2014
စပယ် – ရကောက် ရထားကြီး ပျော်ပျော်စီး (အပိုင်း – ၁)
(မိုးမခ) အောက်တိုဘာ ၄၊ ၂၀၁၄

 
 (၁)

ရန်ကုန်မြို့ကြီးရဲ့ ကားလမ်းပိတ်တာတွေကို ရှောင်နိုင်ဖို့ အလုပ်ကအပြန် ညနေတိုင်း ရထားစီးပြီး “မမ” ကို အားပေးပါတယ်။ အိမ်အပြန် နာရီဝက်ကြာတဲ့ ရထားပေါ်က အမှတ်တရလေးတွေကို မှတ်တမ်းတင်ထားကြည့်ပါမယ်။ ရထားမှာ နေရာရတဲ့အခါလည်းရ၊ မရရင်လဲ မတ် တတ်ရပ်။ တယောက်ဆင်း တယောက်တက်နဲ့ ပေါ့။ မနေ့ကတော့ …..

ရထားပေါ်မှာ နေရာလေးရလို့ ထိုင်လိုက်ပြီးချိန်မှာ ကုလားဆင်အမျိုးသမီးကြီးတဦး ရှေ့တည့်တည့် ရပ်လာတယ်။ လက်ထဲမှာ ဆွဲခြင်း တောင်းနဲ့ဆိုတော့ လှမ်းယူပြီး ကိုင်ထားပေးဘို့တောင်းတဲ့အခါ ရတယ်တဲ့။ အောက်ကို ဆွဲခြင်းလေးချလိုက်တယ်။ ခြင်းထဲမှာ အရောင် လက်လက် စက္ကူလေးတွေ တွေ့ရတယ်။ ခနကြာတော့ ကပ်ကျေးတလက်ကို ဆွဲခြင်းထဲကထုတ်ယူပြီး တခုခုလုပ်ဘို့ဟန်ပြင်တော့ ကိုယ်လဲ နည်းနည်း သတိထားလိုက်တယ်။ မတော်တဆ ရထားက ယိမ်းထိုးတဲ့အချိန် ကိုယ့်အပေါ် ကပ်ကျေးအချွန် ထိုးမိမှာစိုးလို့။

သူမကတော့ ခပ်အေးအေးပဲ အနီရောင်လက်နေတဲ့ ပန်းစက္ကူလေးကို ပါထပ်ယူလိုက်တယ်။ ပန်းစက္ကူလေးက အနားလေးတွေကို မတ် တတ်ရပ်နေရင်း ကပ်ကျေးနဲ့ ခပ်အေးအေးပဲ တချပ်ချပ်လုပ်နေတယ်။လက်က ငြိမ်နေတော့ သူဘယ်လိုလုပ်နေပါလိမ့်လို့ စိတ်ဝင်စားမိတယ်။ ကပ်ကျေးသံ တချပ်ချပ်နဲ့အတူ အနားဖွာအောင် ညပ်ထားတဲ့ ရောင်စုံစက္ကူလေးက တဖက်ကို ရှည်ရှည်ကျလာတယ်။ တဖက်ပြီးတော့ နောက်တဖက်ကို လှန်ပြီး ညှပ်ပြန်ပါတယ်။ ကျမက စိတ်ဝင်စားပြီး အလယ်ကပြတ်မသွားအောင် ဘယ်လိုထိမ်းလဲဆိုတော့ စက္ကူလေးကို ပြတယ်။ အလယ်မှာ စက်နဲ့ချုပ်ထားတာကိုး။

သူကရှင်းပြတယ် အလယ်ချုပ်ရိုးကို ပြောင်းပြန်လှန်ပြီးမှ တဖက်စီက ညှပ်ရတာတဲ့။ ကာရာအိုကေဆိုင်တွေမှာ ပန်းကုံးတွေ စွပ်ကြတာရှိ တာကိုး။ သင်္ကြန်နားနီးတော့လဲ သင်္ကြန်ပန်းကုံးတွေအတွက် အော်ဒါတွေရှိတယ်တဲ့။ ပန်းကုံးတကုံးကို ချုပ်ခက ၅ ကျပ်၊ ညှပ်ခက ၈ ကျပ် ရတယ်တဲ့။ သူ ပန်းကုံးတကုံးကို အနားစ ဟိုဘက်ဒီဘက်ညှပ်သွားတာ ၃ မိနစ်လောက်ပဲ ကြာမယ်။

လက်တွေ အသားမာတက်လားဆိုတော့ မတက်ပါဘူး။ ဒီမှာကြည့်တဲ့လက်တောင် ကိုယ်က ကိုင်ကြည့်လိုက်သေးတာ။ သူကတော့ ကျေ နပ်စွာနဲ့ သူရဲ့ကျွမ်းကျင်မှုကို ဂုဏ်ယူနေပုံပေါ်တယ်။ ပြီးတော့ပြောသေးတယ် “သားသမီးတွေက မကြိုက်ဘူး။ မလုပ်စေချင်ဘူးလေ။ ကိုယ် ကတော့ ပိုက်ဆံရတဲ့အလုပ်၊ အရမ်းလဲ ပင်ပန်းတာမဟုတ်တော့ လုပ်ချင်တာ” တဲ့။ ဘေးက ကလေးမလေးက သူ့ကိုထောက်ခံလိုက်တယ် ။ လုပ်သာလုပ်အဒေါ် စိတ်တောင်ငြိမ်သေးတယ်။

“မြောက်ဥက္ကလာမှာ အော်ဒါသွားယူရတယ်။ တခါတလေ အလုပ်အရမ်းကျရင် ညမအိပ်ပဲ ကိုးရီးယားကားလေးထိုးပြီး လုပ်တာပဲ။ ပိုက်ဆံ ကိုလည်း အလုပ်ရှင်ဆီမှာ အကုံးရေနဲ့မှတ်ခိုင်းထားပြီး ငွေများမှ ထုတ်တာလေ။ နိုင်ငံခြားသွားစရာမလိုပါဘူး။ ရန်ကုန်မှာ ရှာတတ်ရင် အလုပ်တွေ တပုံကြီး” လို့ သူက ပြောလိုက်သေးတယ်။ စကားပြောကောင်းနေတုန်း ကိုယ်ဆင်းမဲ့ ဘူတာရောက်လာလို့ “ကဲ အမရေ ထိုင်ပြီးအေးဆေးသာလုပ်တော့” ဆိုတော့ ရတယ် ရတယ် ထိုင်လဲလုပ်တတ်တယ်။ ရပ်လဲလုပ်တတ်တယ်တဲ့။ အဲဒီလို ကိုယ့်အလုပ်အပေါ် ဂုဏ်ယူတတ်တဲ့သူနဲ့တွေ့ရတာ စိတ်ချမ်းသာစရာကောင်းလိုက်ပါဘိ။  ကဲ … ရထားပေါ်က တခန်းရပ်ပြဇာတ်လေးတခုပေါ့။

* * *

(၂)

အလုပ်မှ အိမ်အပြန် ရထားစီးဘို့ ဟုမ်းလမ်း (ပန်းလှိုင်ဘူတာ) ဘူတာကို ကျောင်းကနေ ၁၅ မိနစ်လောက် လမ်းလျှောက်ရပါသည်။ ဘူတာ ဆီကို ကြည့်မြင်တိုင် အ.ထ.က (၄) ကျောင်းလမ်းကနေ ဖြတ်လျှောက်လိုက်ရင် ရထားသံလမ်းကြီးကို တန်းတွေ့ပြီး သံလမ်းကိုကျော် လိုက်တာနဲ့ ဘူတာ ပလက်ဖောင်းလေးဆီကို ရောက်ပါတယ်။ ကိုယ်ပလက်ဖောင်းပေါ်ရောက်ချိန် ရထားကြီးကလဲ ဆိုက်လာတတ်သည်။   လိုက်ချင်ပေမယ့် လက်မှတ်မ၀ယ်ရသေးတော့ ရထားလက်မှတ်ရောင်းတဲ့ ရုံကလေးဆီကို ပလက်ဖောင်းဟိုဘက်ထိပ် ဂုံးကျော်လှေကား ကနေ တက်ပြီးမှ ၀ယ်ရသည်။ ရထားစစီးကာစတုန်းကတော့ ၂၀၀ ကျပ်တန်လက်မှတ်ကို နေ့တိုင်း တံတားပေါ်တက်ဝယ်ပြီးမှ စီးရတာပေါ့။ တခါတလေ ရထားခေါင်းကြီးကိုလှမ်းမြင်နေရပြီဆိုရင် အပြေးအလွှားလက်မှတ်တက်ဝယ်၊ရထားပေါ်ရောက်မှ အမောဖြေပေါ့။ ဒါပေမဲ့ တချို့ရုံးသမားတွေ ရထားဆိုက်ချိန်အပြေးအလွှားရောက်လာပြီး လက်မှတ်တက်ဝယ်တာလဲ မတွေ့ပဲ ရထားပေါ်တက်လာတော့ စပ်စုမိပါ တယ်။ သူတို့က လပေးလက်မှတ်ကို လဆန်းရက်ထဲက ၀ယ်ထားလိုက်တာပါ။ ဒါပေမယ့် လပေးလက်မှတ်က ၁၀၀ ကျပ်တန်ပဲ ရပါသည်။ ၂၀၀ ကျပ်ကို လပေးလက်မှတ်လုပ်မပေးသေးပါ (ဘာကြောင့်လဲမသိ)။  ဒီတော့ အားကျမခံ ကိုယ်လဲ လပေးလက်မှတ်တစောင် ဖြတ် ထားလိုက်ပါတယ်။ လက်မှတ်ရုံဆီ ပြေးရသက်သာသွားပါသည်။

“ယခု ဆိုက်ရောက်မယ့်ရထားဟာ ရန်ကုန်မှ ရွှေပြည်သာ လှော်ကားဘက်သို့သွားမယ့် ရထားဖြစ်ပါတယ်။ အဆင်းသမားတွေကို ဦးစား ပေးပါ။ လက်မှတ်များဝယ်ယူစီးနင်းကြပါ။  လက်မှတ်မပြနိုင်ပါက ဒဏ်ငွေ ၁၀၀၀ ကျပ် ပေးဆောင်ရမည်ဖြစ်ပြီး ၁၀၀ တန်လက်မှတ်ဝယ် ယူထားသူများ ၂၀၀ ကျပ်တန် အထူးတွဲတွင် တက်မစီးကြပါရန်နှင့် တွေ့ရှိပါက ဒဏ်ငွေ ၂၀၀၀ ကျပ် ပေးဆောင်ရမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါတယ်”  လို့ တာဝန်ကျေစွာ ကြေငြာလေ့ရှိတဲ့ သမိုင်းဘူတာရုံက ရုံပိုင်ရဲ့အသံကိုကြားယောင်ပြီး ၂၀၀ တန်အထူး တွဲပေါ် မစီးဖြစ်တော့တာကြာပါပြီ။ သမိုင်းဘူတာက ရုံပိုင်ဟာ (လူမမြင်ဘူးပေမဲ့) ရထားအရမ်းကြပ်နေရင်လဲ “အရမ်းတိုးမတက်ကြပါနဲ့ အန္တရာယ်ရှိတယ်၊ နောက်ရထားတွေလာပါဦးမယ်၊ ဆင်းပြီးမှ တက်ကြပါ” ဆိုတဲ့ စေတနာစကားလေးတွေကိုလဲ ကြေညာပေးလေ့ရှိပါသည်။ မျက်လုံးမှိတ်အိပ်လိုက်သွားရင်တောင် သမိုင်းဘူတာရောက်မှန်း ရုံပိုင်အသံကြားပြီးသိလေသည်။  ကျန်ဘူတာတွေက ရုံပိုင်တွေကတော့ စိတ်ကူးပေါက်မှ လာမယ့်ရထားကို ကြေညာပေးတတ်သည်။

ဘူတာရုံမှာ စောင့်နေကြတဲ့ ခရီးသည်တွေကတော့ အစုံပါပဲ။ လှော်ကားဘက်ကနေ မြို့ထဲ လာအလုပ် လုပ်ကြတဲ့ ဆောက်လုပ်ရေး အလုပ် သမားတွေ၊ ဈေးသည်တွေ၊ ၀န်ထမ်းတွေ ၊တခါတရံ ကင်မရာကိုင်ထားတဲ့ နိုင်ငံခြားသားခရီးသွားတွေ စသဖြင့်ပေါ့။ ညနေ ၅ နာရီနောက်ပိုင်းဆို ရထားတွေ များပါသည်။ မြို့ပတ်ရထား၊ လှော်ကားရထားများ ၁၀ မိနစ် တစီးလောက်လာတတ်ပါသည်။ လေအေးပေးစက်ပါတဲ့ရထားကတော့ ထိုအချိန် ရန်ကုန် ဘက်သွားတာပဲတွေ့ရသည်။ ရွှေပြည်သာဘက်သွားမည့်သူများ အအေးမိမှာစိုးလို့ထင်၏။  ဈေးသည်တွေခေါ်တဲ့ အခေါ်အရဆို ခေါင်းတွဲ အပြာကြီးကို အပြာကောင်၊ ခေါင်းတွဲ အ၀ါ ၂ စီးကို ပထမကောင်နဲ့ ဒုတိယကောင်၊ မှုတ်ကောင်၊ ကွန်ပျူတာရထား စုံလို့ စုံလို့။ ကွန်ပျူ တာရထားဆိုတော့ ကွန်ပျူတာနဲ့ ထိန်းချုပ်မောင်းတာလားလို့ ထင်လိုက်သေး။ နောက်မှ ကွန်ပျူတာတက္ကသိုလ်ဆီသွားတဲ့ ရထားမှန်း သိရသည်။ (မှုတ်ကောင်ဆိုတာကတော့  ရထားစထွက်ရင် အောက်ဖက်အင်ဂျင်ကနေ လေတွေတရွှီးရွှီးထုတ်တော့ ဘေးပတ်ဝန်းကျင်က အမှိုက်၊ ဖုံ၊ သဲ တထွေးကြီးကို တ၀ှီးဝှီးနဲ့ လူတွေကြားမှုတ်လွှတ်တတ်သည်။)

ကဲ အပြာကောင်ကြီးလာပြီ ။ ဘယ်တွဲ လူချောင်မလဲ အခြေအနေကြည့်ပြီးတက်ရမယ်လေ။

တွဲပေါ်ရောက်ပါပြီ။ လက်စသပ်တော့ ဈေးသည်တွေရဲ့ ဈေးဗန်းတွေက သူတို့ဈေးရောင်းရင်ထိုင်တဲ့ ပလတ်စတစ်ခုံပုလေးတွေပေါ်တင်ကာ အလယ်လမ်းမှာချထားကြလို့ ရပ်စရာမရှိပဲ လူချောင်တယ်ထင် နေရတာကိုး။ မျက်မှန်းတန်းမိနေတဲ့ မုန့်လက်ကောက်၊ မုန့်ဗိုင်းတောင့်၊ မုန့် လိပ်ပြာဆိုတဲ့ မြန်မာမုန့်တွေရောင်းကြတဲ့ အဖွဲ့ပဲ။ သူတို့ကလဲ အုပ်စုတောင့်ရင် ဘယ်သူကိုမှ ဂရုမစိုက်ရယ်ပွဲတွေဖွဲ့ကြပြီး သူတို့ရဲ့ ဘ၀ အမောတွေဖြေကြပုံပေါ်သည်။

ရထားကြီးက တငြိမ့်ငြိမ့် (တကယ်တော့ ဘယ်ညာလူးနေတာပါ)၊ တဘူတာဝင် တဘူတာထွက်။ သူတို့ကလဲတသိမ့်သိမ့် ၊ ဖေတော့မောင် တော့လေးတွေနဲ့ ဘူတာစဉ်တက်လာတဲ့ မိတ်ဆွေတွေကိုနေရာပေး နှုတ်ဆက်။ ခုံပေါ်နေရာမရှိတော့ အောက်မှာပဲ ၀င်ထိုင်စကားတွေ ဆက်ကြနဲ့လေ။

အုတ်ကျင်းဘူတာကနေ အမျိုးသားတယောက်တက်လာတာကို သူတို့အဖွဲ့ထဲက တယောက်က “ယောင်္ကျားရေ အချစ်ကလေးလာ နေ ရာချန်ထားတယ်” လို့ အသံကျယ်ကျယ်အော်ခေါ်လိုက်သည်။ ထိုဝတုတ်တုတ် အမျိုးသမီးမျက်နှာက နေလောင်ထားပေမဲ့ သနပ်ခါးကို အားရပါးရလိမ်းခဲ့လို့ထင်သည်။အညိုနဲ့အ၀ါရောကွက်နေတဲ့ ချွေးစို့စို့ ရယ်ကျဲကျဲမျက်နှာက ကြည်ရွှင်နေသည်။ သူမဘေးက ခပ်သွယ်သွယ် မိန်းကလေးက သူရဲ့ဈေးဗန်းလေးကို အသာရွှေ့ပေးပြီးတက်လာသူကို နေရာပေးတော့မှ သူငယ်ချင်းဖြစ်သူရဲ့ယောင်္ကျားကို စနောက်နေမှန်း သိတော့သည်။ လင်မယားနှစ်ယောက် သည်နေ့ရဲ့ ရောင်းရေးဝယ်တာတွေ ဆွေးနွေးနေဆဲ ယောင်္ကျားဖြစ်သူက ထိုင်ရတာကြပ်နေလို့ နေရာပြင်လိုက်စဉ်မှာပင် မိန်းမဖြစ်သူ၏ ဈေးဗန်းပေါ်က နောက်နေ့ရောင်းဘို့ ၀ယ်လာသောမုန့်များထည့်ထားသည့် ကြွပ်ကြွပ်အိတ်ထုတ် ကြီးကို တိုက်မိပြီး လျှောကနဲပြုတ်ကာ အထဲက မုန့်လက်ကောက်တွေ ရထားကြမ်းပြင်ပေါ် ကျကုန်တော့၏။

“အမလေး ကုန်ပါပြီတော်” ဆိုတဲ့ အသံနဲ့အတူ ခပ်သွယ်သွယ်ဈေးသည်က လင်တော်မောင်ကို လိမ်ဆွဲသည်။ ဘေးကလူတွေကလဲ ပြန် ကောက်ပေးရကောင်းမလားဆိုတဲ့ ဇဝေဇ၀ါအတွေးတွေနဲ့ ရထားကြမ်းခင်း (ခရီးသည်တွေရဲ့ ခြေထောက်နား) ပေါ်က မုန့်လက်ကောက် တွေကို ကြည့်နေကြသည်။ ကိုယ်လဲရောယောင်ကြည့်ရင်း တနင်္ဂနွေပိတ်ရက်က ကလေးတွေနဲ့အတူ နေ့လည်ခင်းဝယ်စားဖြစ်ခဲ့တဲ့ မုန့် လက်ကောက်ကြော်တွေဆီ အတွေးရောက်သွားသည်။ တခု ၂၀၀ နဲ့  တစ်ထောင်ဘိုး ၀ယ်စားကြတာ စားလို့ကောင်းလှ၏။

“ပလတ်စတစ်ကို သေချာမှမချည်ထားတာ” လို့ အပြစ်တင်ရင်း ယောင်္ကျားလုပ်သူက လိုက်ကောက်သည်။ ၄-၅ ခုလောက်က သဲ တော် တော်ပေသွားပုံပေါ်သည်။ အထက်အောက်လှန်ကြည့်ရင်း ပြတင်းကနေ လွှင့်ပစ်မလိုလုပ်တော့ မိန်းမငယ်က အလန့်တကြားနဲ့ “မလုပ်နဲ့ အဲတာအကုန် တစ်သောင်းဘိုးရင်းလာတာ” လို့ အော်ရင်း ဘေးဘီကလူတွေကို မလုံမလဲကြည့်ရှာသည်။ သူ့ယောင်္ကျားလက်ထဲက မုန့်တွေကိုလည်း ခပ်ဆတ်ဆတ်လေးဆွဲယူရင်း ပါးစပ်မှ လေတ၀ှူးလောက်မှုတ်လိုက်ကာ အိတ်ထဲသေချာထည့်ချည်လိုက်သည်။ အသက် ၄၀ ကျော်လောက်သာရှိသေးပေမဲ့ ဘာကြောင့်မှန်းမသိ ရှေ့သွားတွေကျိုးနေတဲ့အတွက် စကားပီအောင်မပြောနိုင်တဲ့အဖွဲ့ထဲက မုန့်သည် တယောက်က သူ့ဘော်ဒါကိုအားပေးရှာသည်။ “နင် အိမ်ရောက်ရင် ဖုန်လေးဘာလေးတုတ်ပြီး ဆီနဲ့ပြန်ကျော်ရင် တန့်သွားမှာပါအေ” ။

အနီးအပါးက ခရီးသွားတွေလည်း ဆုံးဖြတ်ချက်ခိုင်မာသွားပြီဖြစ်တဲ့ သူတို့အုပ်စုကို တချက်ကြည့်ရင်း ကိုယ့်အတွေးနဲ့ကိုယ် ပြန်ဖြစ်သွားကြ သည်။ မဆီမဆိုင် အတွေးထဲ မရှိမဲ့ရှိမဲ့ ပိုက်ဆံကို စုဆောင်းပြီး မြို့စွန်တနေရာမှာ ခြံတစ်ကွက်ဝယ်ထားတဲ့ သူငယ်ချင်းကို သတိရလိုက်သည်။ မြေဈေးတွေတက်ဦးမှာဆိုတဲ့အပြောတွေကြား စွန့်စားလိုက်တဲ့သူငယ်ချင်း သူဝယ်မိတာ လယ်မြေဖြစ်နေပြီး လယ်သမားတွေထံ လယ် တွေပြန်အပ်ရမယ်ဆိုတဲ့အထဲပါနေလို့ ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်နေရှာသည်။ ကိုယ်ဆိုရင်ကော အတွေးထဲမှာ မုန့်ရောင်းလိုက်၊ လယ် မြေတွေဝယ်လိုက် စဉ်းစားရင်း …..
ရထားကြီးလဲ ကိုယ်ဆင်းရမယ့်ဘူတာ ဆိုက်လေပြီ။ ဘူတာမှ အိမ်ဆီကို လမ်းလျှောက်ပြန်ရင်း ဗိုက်ဆာသလိုဖြစ်လာ၏။ ထန်းညက်ရည်နံ့လေးမွှေးနေတဲ့ တနင်္ဂနွေနေ့က စားခဲ့တဲ့ မုန့်လက်ကောက် ပူပူလေးကို သတိရလိုက်မိသည်။

* * *

(၃)

ဟောကြည့် ကံများကောင်းချင်တော့ ဘူတာပလက်ဖောင်းပေါ်ရောက်ရုံပဲရှိသေး၊ ရထားကြီးကဆိုက်လာပြီ။ ကံဆိုးချင်တော့ ဒီနေ့လဆန်း ၁ ရက်။ လက်ထဲမှာ ရထားလက်မှတ်မရှိ၊ လပေးလက်မှတ်က အသစ်ဝယ်ရမယ့်ရက်။ ကံမကောင်းတကောင်းလေးဆိုတော့ ရထားကြီး ကလည်း ချောင်လိုက်တာ ခုံလွတ်တွေ လှမ်းတောင်မြင်နေရ။ တက်လိုက်ရင်ကောင်းမလား။ လက်မှတ်စစ်တွေက ခုတလော သိပ်မစစ်ပါ ဘူး။ အင်း … ကံမကောင်းလို့ လက်မှတ်စစ်နဲ့တိုးပြီး မိနေမှ အရှက်ကွဲရချည်ရဲ့။ ဟိုအရင် ၂၀၀ ကျပ်တန်တွဲတွေ စပေါ်ကာစတုန်းက ၂၀၀ ကျပ်တန်တွဲမှာ ၁၀၀ ကျပ်တန်ဝယ်ပြီး တက်စီးလို့ ဒဏ်ရိုက်ခံထိတဲ့ ၀န်ထမ်းအမျိုးသမီးနှစ်ယောက်ကို သတိရမိကာ ရထားတွဲပေါ်တက်လုလု ခြေလှမ်းတွေကိုရုတ်၊ လက်မှတ်ရုံရှိရာ တံတားဘက်ဆီ ဦးတည်ပြီး ထွက်ခွာစ ရထားကြီးနဲ့အပြိုင် တရွေ့ရွေ့ လှမ်းခဲ့သည်။

အဲဒီတုန်းက လက်မှတ်စစ်တွေတက်လာတော့ရှေ့ခုံက အမျိုးသမီးနှစ်ဦး တယောက်ကို တယောက် မျက်လုံးချင်း စကားပြောလိုက်တာကို သတိထားလိုက်မိသလိုပင်။ တတွဲလုံးလက်မှတ်တွေထုတ်ပြခိုင်းရင်း လက်မှတ်လေးတွေကို တ၀က်ဖြဲပြီးပြန်ပေးသည်။ ရှေ့ကအမျိုးသမီး တွေဆီ လက်မှတ်တွေပြခိုင်းချိန်မှာတော့ ငါတို့မသိဘူးတဲ့။ တွဲမှာ ၂၀၀ ကျပ်လို့ရေးထားပါတယ်ခင်မျာဆိုတော့ … နင်တို့ ထင်ထင်ရှားရှား မှမရေးတာဆိုပြီး ရန်တွေ့ကြပါလေရော။ လက်မှတ်စစ်က တော်တော်သည်းခံပြီး အမတို့ နှယောက်ဆို ဒဏ်ငွေ ၄၀၀၀ ကျပ် ကျမယ်။ ဒါပေ မဲ့ ၁၀၀၀ လျှော့ပြီး ၂ ယောက်ကို ဒဏ်ငွေ ၃၀၀၀ တော့ပေး၊ မပေးရင်တော့ ရုံပိုင်ကြီးနဲ့လိုက်တွေ့ပါတဲ့။ ဟိုဘက်ကလဲမလျှော့။ ငါတို့လို ၀န်ထမ်းတွေကို ဒီလိုမလုပ်သင့်ဘူးဆိုပဲ။ သဘောကောင်းပုံရတဲ့ လက်မှတ်စစ်ဟာ ခေါင်းရှုပ်မခံတော့ပဲ နောက်ဆုံး၂၀၀၀ ကျပ်နဲ့ ကိစ္စဖြတ်လိုက်တယ်။ အမျိုးသမီးတွေခင်မျာ ပိုက်ဆံ ၂၀၀၀ လည်း ပေးရ၊ တတွဲလုံးကလဲ ၀ိုင်းကြည့်ကြဆိုတော့ သူတို့ဆင်းမယ့် ဘူတာ အရောက် ဆောင့်ဆောင့် အောင့်အောင့်နဲ့ ဆင်းသွားကြလေရဲ့။ လက်မှတ်စစ်နောက်တဦးက ခင်ဗျားတို့ ၀န်ထမ်းတွေဖြစ်ပြီး နောက်တခါ ခိုးမစီးနဲ့နော်လို့ပြောလိုက်တော့ မျက်စောင်းပြိုင်တူထိုးလိုက်ကြတယ်။ ဒဏ်ကြေးငွေကရော မီးရထားဌာနမှာ စာရင်းရှိပါ့မလား။
###

ကြည့်မရတဲ့သူတွေထဲ သူတို့ထိပ်ဆုံးကပါသည်။

မြို့ပတ်ရထားဆိုက်ချိန်ခဏလေးမှာ လူတွေအလုအယက်တိုးတက်ကြ၊ ဆင်းကြတဲ့ ရထားတွဲပေါက်တွေမှာ လွတ်လွတ်ဖယ်မပေးပဲ ကပ်ပြီး ရပ်နေကြသူတွေ၊ ရထားတွဲပေါ်မှာ ဘေးကလူတွေဂရုမစိုက်ပဲ ခြေနှစ်ချောင်း ခုံပေါ်ဆန့်ပြီး မြို့ပတ်ရထားကြီးကို ချောင်းသာကမ်း ခြေအလား ထိုင်နေကြသူတွေ၊ ကွမ်းယာတွေဝယ်စားပြီး ပလတ်စတစ်အိတ်လေးတွေ ကြုံသလိုလွှင့်ပစ်၊ ဘေးကလူတွေဆီလေ အဝှေ့နဲ့ ရောက်၊ ပြတင်းဝကနေ ကွမ်းတံတွေးတွေကို တပျစ်ပျစ်နဲ့ထွေးကြသူတွေ။ ဆေးလိပ်မသောက်ရဇုံလို့ အင်္ဂလိပ်လို၊ မြန်မာလို၊ စာမတတ် သူတွေအတွက် စီးကရက်ပေါ် ကန့်လန့်ဖြတ်မျဉ်းဆွဲထားတဲ့ပုံ၊ သုံးမျိုးစလုံးပါတဲ့ စာရွက်အသစ်စက်စက်တွေ ဘယ်လောက်ကပ်ထား၊ ကပ်ထား နံဘေးလူတွေ အားမနာ၊ အငွေ့တထောင်းထောင်းထအောင် စီးကရက်သောက်နေသူတွေပေါ့။

တနေ့လုံးဆောက်လုပ်ရေးလုပ်ငန်းမှာ ဖုန်တွေ၊ သဲတွေရှုနေရလို့ မထိုင်ရတာချင်းအတူတူ လေ၀င်တဲ့ ရထားတွဲအပေါက်ဝလေးရပ်မိပါ တယ်။ အတက်အဆင်းလုပ်သူတွေက မျက်စောင်းထိုးလိုက်၊ မကြားတကြား ပြောလိုက်နဲ့။  လုပ်ချင်တာလုပ်ကွာ ဂရုမစိုက်ချင်တော့ဘူး၊ တနေကုန်အလုပ်ကြပ်က စောင့်ကြည့်ခံနေရလို့ ခုတော့ နေချင်သလိုကိုနေမယ်။

ရှေ့မှာလာရပ်နေတဲ့ကောင်မလေးတွေက နေရာလိုချင်နေတာ၊ ရှေ့ဘူတာကျ ဟိုကောင်တွေတက်လာရင် နေရာပေးဘို့ မသိဟန်ဆောင်ပြီး မျက်လုံးမှိတ်အိပ်နေလိုက်မှ။ ကိုယ်တွေလဲ ပင်ပန်းနေပြီ။

ဆေးလိပ်သောက်လို့ နှာခေါင်းလက်ဝါးနဲ့အုပ်နေကြတယ်ပေါ့။ အနံ့မခံချင် ပြည်သူပိုင်ရထားမစီးနဲ့။ ဆေးလိပ်၊ ကွမ်းယာရောင်းတဲ့သူတွေကရောင်းလို့ တို့လဲဝယ်သောက်တာဘာဖြစ်လဲ။ အလံပြတဲ့ဂတ်ဗိုလ်တောင် ကွမ်းယာတွေ တချိန်လုံးစားနေတာ။ သူလဲပျင်းရှာမယ်၊ နောက် ဆုံးတွဲမှာ ခြင်းလေးထဲ ရေဗူးနဲ့အတူ အလံအနီ၊ အပြာလေး နှစ်ချောင်းထည့်ပြီး လိုက်လာတာ၊ ဘူတာကရထားထွက်ခါနီး အလံစိမ်းလေး မယမ်းချင်ယမ်းချင် ယမ်းပြရတဲ့အလုပ်ပဲရှိတော့ အိပ်ပျော်သွားမခက်လား။

ဈေးသည်တွေကိုဈေးမရောင်းဘို့ ဘယ်လောက်အမိန့်တွေထုတ်ထုတ် ရောင်းမြဲ ရောင်းဆဲ။ တချို့ကတော့ ဂတ်ဗိုလ်လေး ရော့စားဆိုပြီး သူတို့ရောင်းတာလေးတွေ လာလာပေးရှာသား။ ရထားပေါ်ပါလာတဲ့အများစုကလည်း တနေကုန်မောလာတဲ့ အလုပ်ကြမ်းသမားတွေ ဆိုတော့ ဒီလိုဈေးပေါပေါရောင်းနိုင်တဲ့ ရထားတွဲဈေးသည်ပဲ စောင့်စားကြတယ်လေ။ ကြက်ဥဆို ၃လုံး ၂၀၀ ကျပ်။ နဲနဲလေးတော့ ပုပ်ချင်သ ပေါ့။ ပဲပြားသုတ်ဆို ၁ ခု ၅၀ ကျပ်၊ ၂ ခုလောက်ဆို ဗိုက်အဆာပြေ၊ အချဉ်ရည် နီနီရဲရဲလေး ခပ်ရွှဲရွှဲစမ်းလိုက်ရင် စားကောင်းသွားတာပဲ။ သစ်သီးတွေဆို ပေါပေါပဲပဲရတာ ရထားပေါ်ပဲရှိတယ်။ ဒီတော့ကိုယ်လဲ အလုပ်ရှုပ်ခံမနေတော့ဘူးလေ။ အလံစိမ်းလေးပြဘို့ပဲ။ အဲ ကုန်တွေ တင်မယ့်သူတွေကတော့ နဲနဲပါးပါးသိတတ်ပေါ့လေ။

မထိုင်ရနေပါစေ။ ဒီလို လူတကိုယ်စာ ချောင်ချောင်ချိချိလေးရပ်ရရင် ကျေနပ်ပါတယ်။ အေးကွာ ဟိုနေ့က အမြန်ရထားကြီး မထွက်ရသေးလို့ ရထားတွေ အကုန်လုံးနောက်ကျပြီး ကျပ်လိုက်တာ ရပ်တာတောင် မနည်းရပ်ယူရတယ်။ တနေကုန် မတ်တပ်ရပ်၊ ရထားပေါ်ရောက်တော့ လည်းရပ်၊ အိမ်ကျစကားပြောချင်စိတ်တောင်မရှိတော့ပဲ တန်းအိပ်ပစ်လိုက်တယ်။ မင်း မနက်ကျဘယ်ချိန်ထွက်လဲ။ ငါတော့ ၆ နာရီကောင် စီးမှ နေရာရလို့ အိမ်က ၅ နာရီခွဲထွက်မယ်။

အဘတို့အထမ်းသမားတွေက တွဲမြင်တိုင်းမတက်နိုင်ဘူး၊ နောက်ဆုံးတွဲတို့ဘာတို့ရွေးတက်ရတယ်။ အထမ်း တွေနဲ့ဆို အတက်အဆင်းကလဲ ဂရုစိုက်ရတယ် ဘေးလူတွေမထိမိအောင်လေ။ ခုရထားခတွေ ပြောင်းကုန်ပြီနော်။ အဲယားကွန်း ၄၀၀ တန်တွေ ၃၀၀ ကျပ် ဖြစ်သွားပြီး ကျန်တာတွေ ၂၀၀ ဖြစ်မယ်တဲ့။ ၁၀၀ တန်တွဲတွေလဲလျှော့လိုက်တော့ တို့လိုအရောင်းသမားတွေအတွက် ပိုခက်သွားတာပေါ့ ။ အရင်ကဆို ၁၀၀ တန် ၁စောင်ဝယ်ထား တနေ့လုံး ဘယ်ရထားတက်စီးစီးရနေတာပဲ။  ၂၀၀ တန်က အသွားတစောင်၊ အပြန်တစောင်ဝယ်ရမယ်ဆိုတော့ တနေ့ ၄၀၀ ၊ အခြေခံသမားတွေ ဘယ်ကိုက်မလဲကွာ။

တော်သေးတယ်၊ ဒီလို ၂၀၀ တန်တွဲတွေများများပါတာ အမတို့လိုရုံးသမားတွေ ကားပိတ်လွန်းလို့ စိတ်ညစ်နေတာ၊  ခုတော့ ရထားပဲ ပုံမှန် စီးဖြစ်နေတယ်။ ၂၀၀ တန် ရထားချည်းတောင်ထွက်နေပြီလေအမရဲ့။ ကောင်းတယ်၊ တို့တော့ကြိုက်တယ်။
###

မြို့ပတ်ရထားကြီးစီးရင်း ကျမပတ်ဝန်းကျင်မှာနေ့စဉ်လိုလို ကြားနေရ၊ မြင်နေရတဲ့ အသံတွေ၊ ပုံရိပ်တွေ၊ အတွေးတွေကိုခံစားရင်း ကိုယ်ပိုင်အတွေးတွေဖြန့်ကျက်မိပါတယ်။လူအမျိုးမျိုး စိတ်အထွေထွေဆိုတော့ စိတ်ကောင်းလေးတွေလဲတွေ့၊ စိတ်ပုပ်လေးများနဲ့လဲဆုံပေါ့။ ဒါပေ မယ့်တာဝန် သိစိတ်ဆိုတာကတော့ ရှားပါးပစ္စည်း ဖြစ်နေပြီထင်ပါရဲ့။ နှစ်ပေါင်းများစွာ တာဝန်ယူမှုမရှိတော့တဲ့နိုင်ငံကြီးမှာ ဒါဟာ သိပ်မ ဆန်းပါဘူး။

လူတော်တော်များများ ပြောကြ၊ရေးကြတာရှိပါတယ်။ အတွေးအခေါ်တွေပြောင်းပစ်ရမယ်တဲ့။ ဟုတ်ပါရဲ့ …။ တော်တော်များများ စိတ်ဓာတ်တွေ က အကျင့်တန်နေကြပြီ။ ကူညီချင်စိတ်တွေ ခေါင်းပါးကုန်ကြပြီ။ ကျင့်ဝတ်ဆိုတာ နားမလည်ကြ။ ခုခေတ်ကလေးငယ်လေးတွေကို မူလ တန်းကတည်းက ပြုစုပျိုးထောင်ပါမှ နောင်ဆယ်စုနှစ်ကျော်ကျော်မှာ စိတ်ဓာတ်အမြင့်စား နိုင်ငံသားတွေဖြစ်လာနိုင်မှာဆိုတော့ ကျမတို့ ဘယ်လိုဖြေရှင်းကြရင်ကောင်းမလဲ။ လူထုစိန်ဝင်းရေးတဲ့ ရှက်စိတ်ဆိုတဲ့ စာစုလေးကိုသတိရမိတယ်။ အဲဒီအထဲမှာ လူနဲ့တိရိစ္ဆာန်တွေကို စည်းခြား ပေးတာ အရှက်ပါတဲ့။

လူသားတွေမှာမှ အတ္တအရှက်၊ အုပ်စုအရှက်၊ ယုံကြည်အရှက်၊ သစ္စာအရှက်ဆိုပြီး တြိဂံပုံလေးနဲ့ ဆရာကခွဲခြားပြထားတာ။ တြိဂံရဲ့ထိပ်ဆုံးက သစ္စာအရှက်၊ အောက်ဆုံးက အတ္တအရှက်။ အပေါ်တက်သွားလေ ယဉ်ကျေးမှုမြင့်သွားလေပဲတဲ့။

အိုး ဒါဆိုရင် ဘူတာကိုရောက်ချိန်လူချောင်နေတဲ့ရထားကြီးပေါ်တက်မလိုဟန်ပြင်ပြီးမှ လက်မှတ်စစ်နဲ့တွေ့ပြီး အရှက်ကွဲမှာစိုးလို့ (သူများ ပြောမှာ ရှက်တဲ့စိတ်နဲ့) ရထားပေါ်မတက်တော့တဲ့ကျမ၊ တြိဂံရဲ့အောက်ဆုံးမှာပဲ ရှိနေတာပေါ့။ လက်မှတ်မရှိရင် ရထားပေါ်တက်ကို မတက်သင့်ဘူးဆိုတဲ့ (ကိုယ့်လိပ်ပြာကိုယ်ရှက်တဲ့) တာဝန်သိစိတ်ဓာတ် ကျမဆီမှာ ဘာကြောင့်မရှိပါလိမ့်။ အရင်ကတည်းကမရှိတာလား၊ တဖြည်းဖြည်းနဲ့ ပျောက်သွားတာလား။ ကလေးတွေကိုပြုစုပျိုးထောင်လိုပါတယ်ဆိုတဲ့ စကားကြီးစကားကျယ်လုပ်နေတဲ့ကျမ ကျောစိမ့် သွားမိပါတယ်။ ဘယ်ကစကြမလဲ။ ငယ်ငယ်တုန်းကဆိုခဲ့ရတဲ့ ကျောင်းကောင်စီသီချင်းလေးကို နှလုံးသားထဲစိမ့်ဝင်နေအောင် ကျမပြန် ဆိုချင်ပါတယ်။ ပြန်ဆိုပါ့မယ်။

“မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည်”
“မိမိအတန်းကို ကောင်းအောင်ကြိုးစားမည်”
“မိမိကျောင်းကို ကောင်းအောင်ကြိုးစားမည်”
“မိမိတိုင်းပြည်အတွက် ကောင်းအောင်ကြိုးစားမည်”

ဆက်လက်ဖော်ပြပါမည်။

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags