ဖိုးစီ (ရုံးတော) – ဘောင်ဘင်ခတ်သူ

October 5, 2014

ဖိုးစီ (ရုံးတော) – ဘောင်ဘင်ခတ်သူ
(မိုးမခ) အောက်တိုဘာ ၅၊ ၂၀၁၄

 

(၁)

သူ့ နာမည် အရင်းကို ကျနော် ကောင်းကောင်း မမှတ်မိတော့ပါ။ မြေလတ်မြို့လေးတမြို့နားမှာ မြင်းလှည်းမောင်းနေရင်းက မလေးရှား အလုပ်ပွဲစားတယောက်နဲ့ချိတ်ဆက်မိ၍ ထွက်လာခဲ့သည်လို့တော့ ပြောပြဖူးသည်။  ကျနော်ကလည်း မလေးရှားမှာ ကိုယ့်မြန်မာအချင်း ချင်း၊ ကိုယ့်ဒေသသားအချင်းချင်းဆိုတော့ သူ့ကို ခင်မင်မိလေသည်။

ထိုစဉ်က မလေးရှား ဂျိုဟိုး (Joho) ပြည်နယ်တနေရာက စက်မှုဇုံတခုအတွင်းမှာ ကျနော်တို့နေထိုင်သည်။  သူနှင့်ကျနော်တို့က Block တခု ခြားနေသော်လည်း ညပိုင်းတွင် တီဗွီနှင့် မြန်မာ ဗွီစီဒီဇာတ်ကားများ ကြည့်ရှုရန် ကျနော့်အခန်းသို့ လာလည်လေ့ရှိသည်။

တည..၊ သူ ကျနော့် အခန်းတွင်းသို့ဝင်လာကာ ကုတင်ဘေးမှစာအုပ်များကို ဝေ့ကြည့်ရင်း စာအုပ်တအုပ် ဇတ်ကနဲကောက်ကိုင်၍ “ဒီကောင် စာရေးကောင်းတယ်” ဟု ရုတ်တရက်ဆိုသည်။

သူကောက်ကိုင်လိုက်သည့် စာအုပ်က ဆရာမြသန်းတင့်၏ လူများ၊ သက္ကရာဇ်များ၊ ဘ၀။

ကျနော့်မှာ အံ့သြလွန်း၍ ကြက်သေသေကာ နှုတ်ဆွံ့နေခဲ့မိတော့သည်။  မြသန်းတင့်ကို “ဒီကောင် စာရေးကောင်းတယ်” ဟုဆိုလေသော ကျနော့် မြေလတ်သားကြီးမှာ အတန်းပညာ ရှစ်တန်းအောင်ခဲ့သည်ဟု ဆိုသည်။  သူ မလေးရှားရောက်လာကတည်းက အင်္ဂလိပ်လိုရော မလေးလိုပါပြောနိုင်ရန် အထူးကြိုးစားအားထုတ်နေသည်ကို ကျနော်တို့ မြင်ရသည်။ ကျနော်တို့ကလည်း အားပေးကူညီခဲ့ကြပါသည်။  သူက အမှတ်အသားတော့ ကောင်းသည်။

တနေ့ .. သူနှင့်ကျနော် အတူလမ်းလျှောက်လာရင်း လမ်းဘေးစက်ရုံတခုမှ ကြော်ငြာစာဆိုင်းဘုတ်ကို သူဖတ်သည်။  ရေးထား သည်က တော့ မလေးလို “Jawatan Kosong” နှင့် အင်္ဂလိပ်လို “Workers Wanted” အပေါ်အောက် နှစ်ကြောင်းတည်း ဖြစ်၏။

(၂)

“ကိုဝင်း .. “Workers Wanted” ဆိုတာ အလုပ်သမား အလိုရှိသည်လားဗျ”
“ဟုတ်တယ်ဗျ”

ကျနော်ကလည်း ရှည်ရှည်ဝေးဝေး ရှင်းမပြဖြစ်ခဲ့။

မကြာခင်မှာ သူ့အစွမ်းကို မြင်ရလေသည်။  တညနေ ကျနော်တို့ ဘီယာဝိုင်းဖွဲ့နေကြရင်း မီးဖိုချောင်မှ ဟင်း အမြည်းလုပ်နေသောကောင်က Gas ကုန်နေပြီဖြစ်ကြောင်း သတင်းပို့လေရာ သူက “နေ,နေ ကျနော်လှမ်းမှာလိုက်မယ်” ဟုဆိုသည်။  ပြီးနောက် Gas Company ၏ Hotline နံပါတ်ကို ကောက်နှိပ်၍ အများကြားစေရန် ဖုန်းကိုလည်း စပီကာဖွင့်လိုက်ချေသေးသည်။

“ဟယ်လို”

သူ့ ဟယ်လိုအဆုံးမှာ၊ တဖက်မှ ထူးသံထွက်ပေါ်လာသည်။

“ဟယ်လို”။

“ဟယ်လို.. ဟယ်လို ဂက်စ်ဝမ့်တက်”

“နိုး ဆာ၊ ၀ီအာ အယ်လ်ပီဂျီိ”။

“အာ.. ဂက်စ် ၀မ့်တက် အိုင် ဂက်စ် ၀မ့်တက် ”

“ဟိုင်းဆာ၊ ၀ီအာ နော့သ် ဂက်စ်ဝမ့်တက်၊ အာဝါ့စ် အစ်စ် အယ်လ် ပီ ဂျီိ၊ ယူဝမ့်တူ အော်ဒါ ဒဂက်စ် .. ”

“ယာ့ ယာ့ ဂက်စ်ဝမ့်တက်”

“ဆိုး ယူဝမ့် ဒဂက်စ် ”

“နိုး ၊ နိုး ဂက်စ် ၀မ့်တက် ”

ရှေ့ဆက်လွှတ်ပေးထားလျှင် ပိုဆိုးတော့မှာမို့ တယောက်က ဖုန်းကိုကောက်ကိုင်ကာ ရှင်းပြ၍ Gas အော်ဒါ ဇာတ်လမ်းကိုသိမ်း လိုက်ရ လေတော့သည်။

သို့တိုင်အောင် သူက “ကိုဝင်းပြောတော့ “workers wanted”  က အလုပ်သမားအလိုရှိသည်ဆို” လို့ ကျနော့်ကို အထွန့် တက်လိုက်သေး သည်။

သို့ဖြင့် မလေးရှားတွင်နေစဉ် နှစ်နှစ်တာ ကာလအတွင်း သူ့ကို ၀မ့်တက်ဟုသာ ခေါ်ဖြစ်ကြတော့သည်။  သူကားအပြုံးမပျက်ပင်။

ကျနော့်ထံမှ စာအုပ်များ မကြာမကြာ ငှားရမ်းပြီး ပြန်လာပေးတိုင်းလည်း ဓမ္မကထိက၏ လေသံဟန်ပန်မျိုးဖြင့် ဆွေးနွေးလေ့ရှိသည်။  ခက်သည်က သူသည် ဘယ်စာကိုမှ ခြေခြေမြစ်မြစ်မဖတ်။ အမည်၊ ခေါင်းစဉ်နှင့် Highlight လောက်ဖတ်ပြီး သူ့လောက်သိသူ နှစ်ယောက် မရှိတော့လေဟန် တကယ့်ဝေဖန်ရေးဆရာပမာ အာပေါင်အာရင်းသန်သန်နှင့် ဝေဖန်တတ်လေသည်။  ကျနော်တို့ကလည်း သူ့ကို လူပြက် ပမာမျှသာ သဘောထား၍ စိတ်လုပ်မနေအားကြ၊ ပြီးပြီး ပျောက်ပျောက်သာ သဘောထားခဲ့ကြသည်။

 
(၃)

သူမလေးရှားမှ သူ့ဇာတိသို့ ပြန်သွားပြီးကတည်းက မတွေ့ရတော့သည်မှာ ခြောက်နှစ်ခန့်ပင် ရှိရော့မည်။  သတင်းအစအနလည်း မကြားရ။ Online မှာလည်း အဆက်အသွယ်မရှိ။  ကျနော်လည်း စင်ကာပူသို့ ပြောင်းရွှေ့ အခြေချဖြစ်ခဲ့သည်။ တလောက ကျနော်တို့ မိသားစု Peninsular Plaza သို့အသွား MRT မှ အထွက် ရုတ်တရက် လူတယောက် ကျနော့်လက်ကို ဆွဲယမ်းကိုင်လှုပ်၍ နှုတ်ဆက်စကားဆို လာသည်။

“ဟယ်လို ကိုဝင်း”

“ဟား ခင်ဗျား စင်ကာပူရောက်နေသကိုး။ ကြာပြီလား”

သြော်..၊  မစ္စတာ ဝမ့်တက်၊ အမှန်တကယ်ပင် သူ့နာမည်အရင်းကို ကျနော်မမှတ်မိတော့ပါ။  သို့သော် သူ့ စရိုက် သူ့ ဟန် မပျောက်သေးကြောင်း သူ့အဖြေက သက်သေခံလျက်ရှိ၏။

“ကျနော် သရီးယီးယား လောက်ရှိပြီ”

“ အဆင်ပြေရဲ့လား”
“ဒီလိုပါပဲဗျာ .. so so.  Not too bad ဆိုပါတော့”

ကျနော့် ဆရာ မစ္စတာဝမ့်တက် ဘိုစကား အတော်ပင်တိုးတက်နေလေပြီ။

“ဒါ ကိုဝင်းဖယ်မလီလား”
“ဟုတ်ပဗျာ..”

ကျနော် သူ့ကို ဇနီးသည်နှင့်မိတ်ဆက်ပေးပြီးနောက် လမ်းခွဲရန် နှုတ်ဆက်လိုက်သည်။

“သွားဦးမယ်ဗျာ”
“ဟုတ်ပြီလေ ကိုဝင်း။ တွေ့ကြ .. အဲ ..အဲ ..Facebook ပေါ်မှာ တွေ့ကြတာပေါ့။  ကိုဝင်း ဘာနာမည်နဲ့ သုံးသလဲ”

“၀င်းနိုင်ဦးပေါ့ဗျာ ..။  ပရိုဖိုင်မှာ ကျနော့်ပုံနဲ့ပဲ”
“ကျနော့်ကိုတော့ နာမည်အရင်းနဲ့ မရှာနဲ့ဗျာ။ အညာနွေ တမာမြေက တာတေစနေသား .. ဆိုတာ ကျနော်ပဲ။ အက်ဒ်လိုက်လေနော”

အင်မတန် ဘိုဆန်ချင်လှသော ကျနော့်မြေလတ်သားကြီးသည် Facebook ပေါ်မှာဖြင့် ဇာတိမြေ ခင်တွယ်စိတ်ကို မစွန့်ပယ်နိုင်ရှာချေ။

ညရောက်တော့ Facebook ၌ သူ့ကိုရှာမိသည်။  တွေ့ပါပြီ။  မြသလွန်ဘုရားက ဘီလူးရုပ် ပရိုဖိုင်ပုံနှင့် အချက်အလက်မပါသောအကောင့် ပိုင်ရှင် “အညာနွေ တမာမြေက တာတေ စနေသား” ပေတကား။  ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်းသာသိလျှင် သူ၏ဇာတ်ကောင်အမည် အတွက် မည်သို့ဆိုလေမည်မသိ။

(၄)

ဆရာမြသန်းတင့်ကို “ဒီကောင် စာရေးကောင်း” ဟုဆိုခဲ့လေသော မစ္စတာဝမ့်တက်၏ ကိုယ်ပိုင်စာမျက်နှာထက်တွင်တော့ သူသည် ရဲရဲ တောက် မျိုးချစ် အညာသားကြီး ဖြစ်လို့နေပြန်သည်။

ဆရာတော် သံဃာတော်ကြီးများ၏ပုံတော်များနှင့် တရားကောက်နှုတ်ချက်များ ကိုရှဲ၏။ ပြောတိုင်းမယုံနှင့်ဟူသော ကာလာမသုတ် ကောက်နှုတ်ချက်နှင့်ကပ်လျက် “ဒီလိုတဲ့ခင်ဗျ ..ခွိခွိ” ဟု အစချီသော လူထုခေါင်းဆောင်အား ဆဲဆိုထားသည့် အမနာပသတင်းကို ရှဲထား ပြန်၏။

တနေရာ၌ လူမျိုးရေးမုန်းတီးမှုတရားတွင်တွင် ဟောလျှက်ရှိသော စက်မှုတက္ကသိုလ်ထွက် ပါတီဥက္ကဌကြီးအား လူတော်ကြီးသဖွယ် မှတ် ချက်ပေး ချီးကျူးထားပြန်သေး၏။  မည်သူမည်ဝါမသိရသည့် အကောင့်များစွာ၏ ဘာသာရေး၊ လူမျိုးရေး လှုံ့ဆော်ထားသည့် အယုတ္တ အနတ္တပုံများ၊ စာများဖြင့်ပြည့်နေသော သူ၏ဖေ့စ်ဘွတ်ခ်စာ မျက်နှာထက်ဝယ် အေးကွက်ကိုရှာမရချေ။

မည်သည့်ပုံ မည်သည့်စာတွင်မှ မူရင်းတင်ပြသူတို့အား ခြေခြေမြစ်မြစ် ညွှန်းဆိုထားခြင်းလည်းမရှိ။  ကျနော် သူ့ကို Message Box  မှနေ၍ ပြေပြေပြစ်ပြစ် ဆွေးနွေးဖြစ်ခဲ့ပါသည်။ သူ၏ ပညာဗဟုသုတရှာမှီးလိုသော သဘောဆန္ဒကိုလည်း လေးစားကြောင်းပေါ်လွင်အောင် ရှင်း ပြခဲ့ပါသည်။ သို့သော် အတော်များများ သဘောထားကွဲလွဲရာများ၌မူကား တဇွတ်ထိုးပြောသည်ကိုသာ ကြုံခဲ့ရသည်။  တာဝန်ယူမှု၊ တာဝန် ခံမှုဟူသောသဘောကို သူ့အမြင်၌ ကျနော်လိုလူ၏ ဆွေးနွေးချက် မှန်သမျှသည် မိကျောင်းမင်း ရေခင်းပြသည်နှင့်သာ တူနေဟန်ရှိ၏။

ယခုတလော Facebook စာမျက်နှာများထက်၌ သူ့ကို မတွေ့ရပြန်တော့ချေ။ သူ့ဆရာသမားများ အကောင့်ပိတ်သိမ်းကာ ပြေးလေသော ကြောင့်ပင်လော။  သူပင် အမြင်များပြောင်းလဲကာ မစ္စတာဝမ့်တက် မဟုတ်တော့ချေပြီလောမသိ။  ရှာ၍မတွေ့ပြန်တော့ပြီ။  စင်ကာပူ၌ပင် ရှိမရှိ မသေချာတော့။

အချိန်အားရလျှင်ဖြင့် မစ္စတာဝမ့်တက်နှင့် တွေ့လိုပါသေးသည်။ Virtual World ပေါ်၌ ငြင်းခုံရန်ဖြစ်နေရသည်နှင့်စာလျှင် ဟိုအရင်ကလို ပျော်ပျော်ရွှင်ရွှင် စကားတင်းဆိုကာ ပြန်လည်မိတ်ဖွဲ့လိုပါသေးသည်။  ဒီတခါ ဆုံဖြစ်ရင်တော့ သူ့နာမည်အရင်းကို ကျနော် သေသေချာချာ မေးမြန်းမှတ်သားထားလိုက်ရပေဦးမည်။   ။
ဖိုးစီ (ရုံးတော)
အတွဲ (၅)၊ အမှတ် (၇)၊ ဇူလိုင် (၁၃) ၂၀၁၄ Messenger ဂျာနယ်တွင် ပုံနှိပ်ဖော်ပြခဲ့ပြီးဖြစ်သည်။

(ဆောင်းပါးရှင်သည် စင်္ကာပူတွင် ခေတ္တရောက်ရှိ အသက်မွေးဝမ်းကြောင်းပြုနေသည့် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းဆင်း အင်ဂျင်နီယာ တဦး ဖြစ်သည်။  အွန်လိုင်း ပုံနှိပ်စာနယ်ဇင်းများတွင် အတွေ့အကြုံ၊ အမြင်နှင့် အထွေထွေဆောင်းပါးများ ရေးသားနေသူလည်း ဖြစ်သည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

One Response to ဖိုးစီ (ရုံးတော) – ဘောင်ဘင်ခတ်သူ

  1. မောင်ရင်ငတေ on October 5, 2014 at 4:46 pm

    တခု ပြောချင်တာက ပညာတတ်ကြီး ဆိုသူတွေထဲမှလည်း အဲလို လူစား အများကြီးပါ ဗျာ …….

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်