အရှင်ကုသလသာမိ (အတည်မဲ့) – စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၂)

October 8, 2014

– စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၂)
(မိုးမခ) အောက်တိုဘာ ၈၊ ၂၀၁၃

ယခင်အပတ်မှ အဆက်

(၅)

စနေနေ့တစ်နေ့လုံး ကလေးများအတွက် ယဉ်ကျေးလိမ္မာသင်တန်းနှင့် လူကြီးများအတွက် အဘိဓမ္မာသင်တန်းများ ပို့ချသည်။ သင်တန်းများပြီးသည်နှင့် ခရီးသွားဖို့ ပြင်ရသည်။ ခြေအိတ် ၅ စုံ၊ ဆွယ်တာ ၁ ထည်၊ သင်္ကန်းနှစ်စုံနှင့် အခြားတိုလီမိုလီအနည်းငယ်သာ ထည့်ဖြစ်သည်။ ဂျာမနီနိုင်ငံအပူချိန်နှင့်သိပ်မကွာဟု ထင်သဖြင့် ခေါင်းစွပ်များ မယူဖြစ်ခဲ့ပါ။

ရထားက ည ၁ဝ နာရီ ၁၉ မိနစ်။ ၉ နာရီခွဲကျော်သည်နှင့် ရထားဘူတာသို့ တစ်ပါးတည်း ထွက်ခဲ့သည်။ လမ်းမပေါ်တွင် ကားများလည်း ရှင်းနေသည်။ အသွေးအရောင်စုံသော လူများကတော့ ဟိုဟိုဒီဒီ သွားလာနေကြဆဲဖြစ်သည်။ ဂျာမနီ ၉ နာရီခွဲက အလင်းရောင် ရှိနေသေးသည်။ ၁ဝ မိနစ်ခန့် လမ်းလျှောက်ပြီးတော့ ဘူတာသို့ ရောက်သည်။ ညအချိန်မှာတောင် ဘူတာကြီးက ရထားများ ဝင်လိုက်ထွက်လိုက် ရှိနေသည်။

ခေ
(၆)

ဖရန့်ဖွတ်မြို့ဘူတာသည် ဂျာမနီနိုင်ငံတွင် ဒုတိယမြောက် အကြီးဆုံး ရထားဘူတာကြီးဖြစ်သည်။ Departure Hall ၅ ခုနှင့် ပလက်ဖောင်းပေါင်း ၂၅ ခုကျော် ရှိသည်။ ဖရန့်ဖွတ်မြို့မှ ပြင်သစ်၊ ဘယ်ဂျီယံ၊ နယ်သာလန်၊ ဆွစ်ဇာလန်၊ ဒိန်းမတ်၊ သြစတြီးယား စသော နိုင်ငံများနှင့် ပြည်တွင်းမြို့များသို့ ပြေးဆွဲနေသော ရထားပေါင်းများစွာ၏ ဆုံရာလည်း ဖြစ်သည်။

နေ့စဉ် ရထားအစီးရေ ၁၁ဝဝ ခန့် ဝင်ထွက်နေပြီး ခရီးသည်ပေါင်း ၃၅ဝ,ဝဝဝ ခန့် သွားလာနေသည်ဟု သိရသည်။ ရွှေပြည်ကြီးသား စာရေးသူအတွက် အံ့သြစရာများပင် ဖြစ်သည်။

ရွှေပြည်ကြီးက အစည်ကားဆုံး ရန်ကုန်ဘူတာကြီးကို မျက်စိထဲ မြင်ယောင်မိသေးသည်။ ည ၉ နာရီလောက် ထွက်ရမည့်ရထားက နောက်ရက်မနက်ခင်းအထိ မထွက်နိုင်သေးလို့ စောင့်ခဲ့ရသည့်အတွေ့အကြုံများ၊ နယ်က ဘူတာလေးတွင် နာရီပေါင်းများစွာ နောက်ကျသဖြင့် အလဟဿဖြစ်ခဲ့ရသည့် စိတ်ပန်းလူပန်းအဖြစ်အပျက်များကလည်း အတွေးထဲ ရောက်ဖြစ်အောင် ရောက်လိုက်ကြသေးသည်။

ရထားအစီးရေ ၁၁ဝဝ ခန့်ဆိုသော်လည်း ၉၅ ရာခိုင်နှုန်းခန့်က အချိန်တိကျပါသည်။ အချို့အချိန်မမှန်သည့်ရထားဆိုသည်မှာလည်း ၅/၁ဝ မိနစ်ခန့်သာ ဖြစ်သည်။ ထို့ထက်ပိုနောက်ကျသည့်အဖြစ်အပျက်က နည်းပါသည်။

(၇)

စီးရမည့်ရထားက City Night Line ရထားဖြစ်သည်။ ပြင်သစ်၊ ဆွစ်ဇာလန်၊ နယ်သာလန်၊ ဒိန်းမတ် စသည့် ဥရောပနိုင်ငံများသို့ နေ့စဉ်ပြေးဆွဲနေသည့် ညရထားဖြစ်သည်။ အိပ်စင်ပါယူလျှင် ဈေးပိုသဖြင့် ထိုင်ခုံသာ ဝယ်ထားသည်။ ရထားက ဘူတာတွင် မဆိုက်သေးဖြင့် ဘူတာအတွင်း ထိုင်ခုံပေါ်တွင် ခဏထိုင်စောင့်သည်။ ဘူတာအတွင်း သန့်ရှင်းရေးသမားများမှာ အာဖရိကန်များနှင့်အရှေ့အလယ်ပိုင်းဆန်ဆန်၊ တူရကီဆန်ဆန် လူမျိုးများသာ များသည်။

ဘူတာအတွင်းရှိ အမှိုက်ပုံးများကို လှန်လှောပြီး ပုလင်းအဟောင်းများ၊ ရေဗူးခွံနှင့်အချိုရည်ဗူးအခွံများကို ရွေးယူနေသူအချို့ကိုလည်း တွေ့ရသည်။ ရွေးယူနေကြခြင်းမှာလည်း အကြောင်းရှိပါသည်။ အချို့ဗူးခွံများတွင် ဖန်းဟုခေါ်သော (Fund ကို ဆိုလိုသည်ဟု ထင်သည်) တံဆိပ်လေးများ ပါတတ်သည်။ ထိုတံဆိပ်လေးပါသောဗူးခွံကို စူပါမားကတ်အတွင်းရှိ စက်တွင် ထည့်လိုက်ပါက တစ်ဗူးကို ယူရို ၂၅ ဆင့် ပြန်ရသည်။ အမှိုက်ကောက်ရသက်သာအောင် ပြုလုပ်ထားသည့်စနစ်တစ်ခု ဖြစ်သဖြင့် သဘောကျမိသည်။ ထိုစနစ်ကြောင့် ဗူးခွံများကို ရောက်တတ်ရာရာ မစွန့်ပစ်ဘဲ အိမ်မှာစုထားလျှင် မုန့်ဖိုးတော့ ရနိုင်လေသည်။ အမှိုက်အလွန်ပေါသော စာရေးသူတို့နိုင်ငံအတွက် အတုယူစရာစနစ်တစ်ခုဟု သဘောပိုက်မိသည်။

(၈)

၁ဝ နာရီခန့်တွင် ရထားက ဘူတာတွင် လာရပ်သည်။ ရထားမထွက်ခင် အပေါ့အပါးသွားဦးမှ စိတ်ကူးမိသည့်အခါ ဘူတာရှိအိမ်သာမှာ ယူရို ၁ ကျပ် (မြန်မာငွေနှင့်ဆိုလျှင် ၁၃ဝဝ ခန့်)ဆိုသည်ကို သတိရသောကြောင့် ရထားထွက်မှ ရထားပေါ်ရောက်မှ ကိစ္စရှင်းတော့မယ်ဟု တွေးလိုက်သည်။

တစ်ခါမှ မသွားဖူးသည့်ခရီးဖြစ်သဖြင့် ရထားဆိုက်ပြီးသည်နှင့် ရထားပေါ်တက်သည်။ အတွဲနံပါတ် ၁၉၄၊ ထိုင်ခုံနံပါတ် ၆၄ ကို လိုက်ရှာသည်။ ရထားတွဲပေါ်တွင် လူ ၆ ယောက်စီပါသော အခန်းလေးများ ကန့်ထားသည်။ တူရကီဆန်ဆန်အမျိုးသားတစ်ဦးနှင့် ဥရောပအမျိုးသမီးငယ်တစ်ဦးပါသည်။ အမျိုးသားက ကိုယ့်ထိုင်ခုံပေါ် ထိုင်နေသည်။ လက်မှတ်ပြပြီး နေရာပြောင်းလိုက်သည်။

ဥရောပအမျိုးသမီးငယ်နှင့်မျက်နှာချင်းဆိုင်ထိုင်ခုံဖြစ်သည်။ နှုတ်ဆက်ဖို့ အကဲခတ်ကြည့်သောအခါ အမျိုးသားက ခေါင်းငုံ့ကာ မျက်လုံးမှေးနေသည်။ အမျိုးသမီးငယ်က စာအုပ်အထူကြီးကို ဖတ်နေသည်။ ကိုယ်လည်း အားကျမခံ စာအုပ်ဖတ်ရုံနှင့်တရားထိုင်သလို တည်ငြိမ်အေးချမ်းသွားတတ်သော စွန်းလွန်းဂူဆရာတော်ကြီးအတ္ထုပ္ပတ္တိစာအုပ်ကို အိုင်ပက်ထုတ်ပြီး ဖတ်နေလိုက်သည်။

(၉)

ရထားထွက်ခါနီးသောအခါ အဘိုးအိုတစ်ဦး တက်လာသည်။ ရှေ့ဆင့်နောက်ဆင့် အရှေ့အလယ်ပိုင်းဆန်ဆန်လူလတ်ပိုင်းတစ်ဦး ဝင်လာသည်။ စာအုပ်သာ ဆက်ဖတ်နေလိုက်သည်။ ၅ မျက်နှာခန့်ဖတ်ပြီးသည့်အခါ ပျားပန်းခတ်မျှ လှုပ်ရှားသွားလာနေသော ဘူတာအတွင်းရှိ ခရီးသည်များနှင့် ဝင်လိုက်ထွက်လိုက်ဖြစ်နေသော ရထားများဖြင့် ရှုပ်ယှက်ခတ်နေသော ပြင်ပလောကကို ငေးကြည့်နေဖြစ်သည်။ ၁ဝ နာရီ ၁၉ မိနစ်အတိတွင် ရထားစထွက်သည်။

ရထားထွက်ပြီး ၅ မိနစ်ခန့်ကြာသောအခါ အဘိုးအိုက အခန်းမီးပိတ်ချင်တယ်။ သဘောတူလားဟု မေးသည်။ အားလုံးသဘောတူလိုက်သည်။ အခန်းတွင်းမှာ တစ်ဦးနှင့်တစ်ဦး မြင်နိုင်ရုံ အလင်းမှိန်မှိန်လေးသာ ရှိတော့သည်။ မီးပိတ်ပြီးသည်နှင့် အဘိုးအိုနှင့်အာရပ်ဖြစ်ဟန်တူသူတို့ ခေါင်းငိုက်စိုက်ချကာ အိပ်ကြသည်။ အခြားတစ်ဦးက တောင်ကြည့်မြောက်ကြည့် ကြည့်နေသည်။ အမျိုးသမီးက တံခါးအပြင်ကို မိမိလိုပင် ငေးနေသည်။

အတန်ကြာသောအခါ အပြင်ခဏသွားချင်တယ်၊ သူ့ပစ္စည်းများကို ခဏကြည့်ထားပေးပါဟုဆိုပြီး အမျိုးသမီးအပြင်ထွက်သွားသည်။ ခဏကြာသောအခါ ပြန်ရောက်လာပြီး ကျေးဇူးတင်ကြောင်း ပြောသည်။ ထိုမှစကာ မိတ်ဆက်ဖြစ်သည်။ ကိုယ့်နိုင်ငံအမည်ကို မနည်းပြောယူရသည်။ နီးယားထိုင်းလန်းဆိုမှ နည်းနည်းကြားဖူးတယ်ဟု ဆိုသည်။ “ဟဲ ဟဲ ကိုယ့်ကိုယ်ကိုတော့ မြန်မာဆိုတာ ကမ္ဘာမှာ ဘယ်လိုကွ၊ တို့မြန်မာဆိုတာ ကမ္ဘာမှာ ဘယ်ဂုဏ်ယူစရာကွ”နဲ့ ထင်လာလိုက်တာ ဥရောပရောက်မှ ကိုယ့်နိုင်ငံကို မသိသူများ မြောက်မြားစွာရှိနေပါလားဆိုသည်ကို သိရသည်။ ရောက်စက “မြန်မာ”ဆိုတာကို မသိဘူးဟု ပြောလာလျှင် “ဒီလူ အတော်ဗဟုသုတနည်းတာပဲ”ဟု ယူဆမိသည်။ ယခုတော့ ရိုးသွားပါပြီလေ။

(၁ဝ)

ရထားအပြင်မှာ မီးရောင်မှိန်မှိန်လေးများကို ရိပ်ခနဲရိပ်ခနဲ ဖြတ်သန်းနေသည်။ အလင်းမကွဲသေးသော ကောင်းကင်ယံတွင် တိမ်လိပ်အချို့ကိုလည်း တွေ့ရသည်။ ညအချိန်ဖြစ်လို့ တိမ်များက အမည်းရောင် အနည်းငယ်သန်းနေသည်။ မီးရောင်တဖျက်ဖျက်နှင့်ဥဒဟိုပြေးသွားနေသော လေယာဉ်များက စာပေထဲမှ ဈာန်ရ ရသေ့၊ ရဟန်းများ တန်ခိုးပြပြီး ဈာန်ပျံနေသလို ထင်ရသည်။ စိတ်က တစ်ချက်တစ်ချက် တိမ်ကြိုတိမ်ကြားတိမ်လိပ်လေးများကြားကနေ အမိမြန်မာနိုင်ငံကို လှမ်းကြည့် လွမ်းဆွတ်မိသေးသည်။

ရုတ်တရက် တိမ်လိပ်ချွန်ချွန်လေးများကို တွေ့လျှင် မြန်မာပြည်မြေပုံလေးအလား စိတ်က မှန်းမိသည်။ မြန်မာပြည်က မြေပုံကိုက ခြေထောက်က တစ်ချောင်းတည်းရယ်။ ခြေထောက်တစ်ချောင်းတည်းရှိလို့ မတည်မငြိမ်ဖြစ်နေရတာများလား မြန်မာပြည်။ စိတ်ကူးထဲတွင် တနင်္သာရီဘက်သို့ ချွန်ထွက်နေသော ခြေထောက်ကြီးလိုမျိုး ဘင်္ဂလားပင်လယ်အော်ထဲမှာ ခြေထောက်ကြီးတစ်ချောင်းလောက် ထပ်တပ်ပေးလိုက်ရလျှင်တော့ မြန်မာပြည်ကြီး တည်ငြိမ်သွားမလား။ အတွေးများက ရထားတွဲကြီးလို အမျှင်မပြတ် တရစပ်ပြေးလွှားနေသည်။

ပြဿနာပေါင်း သောင်းခြောက်ထောင်နှင့် နလန်မထူနိုင်သော နာတာရှည်ရောဂါသည်ကြီးလို ဖြစ်နေသော အမိမြန်မာကို တွေးမိတိုင်း ရင်ထဲမှာ ဗလောင်ဆူရသည်။ အတွေးထဲက ထွက်ပြီး စိတ်က ပစ္စုပ္ပန်မှာတည်လာတော့ ရထားတွဲလေးထဲ အတူခရီးသွားတွေအားလုံး ငိုက်မြည်းနေကြလေပြီ။ ရထားကြီးက သူ့အရှိန်နှင့်သူ တဂျုန်းဂျုန်း တဂျက်ဂျက် မြည်ဟီးနေသော်လည်း စာရေးသူတို့အခန်းလေးက တိတ်ဆိတ်ငြိမ်သက်လှသည်။

ဆက်လက်ဖော်ပြပါမည် …

အရှင်ကုသလသာမိ (အတည်မဲ့)

ဝ၇၊ ၁ဝ၊ ၂ဝ၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရေခြားမြေခြား မြန်မာများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်