ထင်အောင် – ကျွန်တော်ရောက်ခဲ့ဖူးသော လက်ဖက်ရည်ဆိုင်များ

October 8, 2014

– ကျွန်တော်ရောက်ခဲ့ဖူးသော လက်ဖက်ရည်ဆိုင်များ
(မိုးမခ) အောက်တိုဘာ ၈၊ ၂၀၁၄

လွန်ခဲ့သော ၁၉ ရာစု ၂၀ ရာစု နှစ်ကာလများက မြန်မာဘာသာနှင့်ထုတ်ဝေခဲ့သော မဂ္ဂဇင်းများ၊ ဂျာနယ်များနှင့် စာအုပ်တော်တော် များများတွင် “ပထမဆုံး” ဆိုသော စာလုံးကိုအသုံးပြုထားတာကို မကြာခဏဖတ်ရပါတယ်။  မြန်မာနိုင်ငံတွင် ပထမဆုံးထုတ်ဝေခဲ့သော သတင်းစာ၊ ပတမဆုံးသော မဂ္ဂဇင်း၊ စာကြည့်တိုက်၊ ပထမဆုံး နိုင်ငံခြားပညာတော်သင်စေလွှတ်ခံရသော ကျောင်းသား၊ ပထမဆုံး အနောက်တိုင်း ဆေးပညာဘွဲ့ရသူ စသည်တို့ကို ပညာရှင်များက လေ့လာရှာဖွေကြ၊ စာဖတ်သူများကို ပြန်လည်သိစေရန် ရေးသားဖေါ် ပြကြပါတော့တယ်။  သို့ရာတွင် မြန်မာနိုင်ငံမှာ ပထမဆုံး ဖွင့်လှစ် ရောင်းချခဲ့တဲ့ လက်ဖက်ရည်ဆိုင်မှာ မည်သည့်ဆိုင်၊ မည်သည့်နေရာမှာလဲ ဆိုတာကို မည်သည့် ပညာရှင်ကမှ မရှာဖွေကြသေးတာ ထူးဆန်းနေပါတယ်။

ကော်ဖီ၊ မိုင်လို၊ ဟော်လစ်နှင့် မုန့်မျိုးစုံတွေကို ကြိုက်သလို ဝယ်ယူစားသောက်နိုင်သောဆိုင်ကို ဘာကြောင့် လက်ဖက်ရည်ဆိုင်လို့ အမည် ပေးခဲ့ကြတာလဲဆိုတာကိုက သုတေသန ပြုချင်စရာလေးပါ။  လက်ဖက်ရည်ဆိုင်မှာ တနေကုန်ထိုင်ကာ လေပန်းနေကြတဲ့ စာရေးဆရာတွေ၊ ကျောင်းဆရာတွေ၊ ပါမောက္ခတွေ၊ ကထိကတွေ၊ သုတေသနပညာရှင်ဆိုသူတွေအနက် တယောက်မှ သုတေသနပြုနေပြီဆိုသောအသံကို မကြားမိသေးပါ။

ယခုအခါ မြန်မာတနိုင်ငံ အနှံအပြားတွင် လက်ဖက်ရည်ဆိုင် မြောက်များစွာဖွင့်ထားတာကို တွေ့နိုင်ပါတယ်။ တချို့ လမ်းတလမ်းထဲမှာ သုံး ဆိုင်လောက် ဖွင့်ရောင်းနေကြတာကို တွေ့ရပါတယ်။  ဆိုင်တိုင်းမှာလည်း သူ့ ပရိသတ်နဲ့သူ စည်ကားနေပါတယ်။  ပထမဆုံး လက်ဖက်ရည် ဆိုင်ကို ဘယ်သူမှမသိခဲ့ပေမဲ့ ကျွန်တော်ကတော့ ကျွန်တော် သက်တမ်းတလျှောက်လုံး တွေ့ခဲ့ဖူးသော၊ ရောက်ခဲ့ဖူးသော၊ သောက်ခဲ့ဖူးသော လက်ဖက်ရည်ဆိုင်များကို ယနေ့အထိ မှတ်မိသတိရနေပါသေးတယ်။

ကျွန်တော်ငယ်ငယ်က ရန်ကုန်မြို့ အရှေ့ပိုင်း ပုဇွန်တောင် (၅၁) လမ်းမှာ နေခဲ့ပါတယ်။  ပထမဆုံးတွေခဲ့၊ ရောက်ခဲ့ဖူးတဲ့ လက်ဖက်ရည်ဆိုင်က မွန်ဂိုမာရီလမ်းမကြီး (ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး) နဲ့ (၅၁) လမ်းထောင့်က ဆိုင်ဖြစ်ပါတယ်။ တန်အိတွန်လို့ခေါ်နေကြတဲ့ တရုတ် မိသားစုပိုင်သော တနိုင်တပိုင်ဆိုင်ကလေးပါ။  အလုပ်သမားမရှိဘဲ လက်ဖက်ရည်ဖျော်၊ မုန့်ချ၊ ပန်းကန်သိမ်း၊ စားပွဲသုတ် အားလုံးကို သူတို့ မိသားစုအားလုံးက အလှည့်ကျလုပ်နေကြတာ ဖြစ်ပါတယ်။

ပိုင်ရှင် ပေါက်ဖော်က ယနေ့ လူငယ်တွေ ဝတ်စားနေတဲ့ ပုံစံအတိုင်း ညစ်ပတ်နေတဲ့ စစ်စွပ်ကျယ် အစိမ်းရောင်နဲ့ ဘောင်းဘီတို အဖြူရောင်ကို အမြဲ ဝတ်ထားပါတယ်။  ဆိုင်အဝင်ဝမှာ တချပ်ကို ဆယ်ပြားပေးရသော နံပြားအကြီးကြီးလုပ်တဲ့ နံပြားဖိုရှိပါတယ်။  ဆိုင်အတွင်းမှာတော့ ကျောက်စားပွဲနှစ်ခုနဲ့ သစ်သားစားပွဲ သုံးခုလောက် ချထားပါတယ်။  လက်ဖက်ရည်လာသောက်တဲ့ သူတွေထိုင်ဖို့ကတော့ ယိုင်နဲ့နေတဲ့ သစ်သားခွေးခြေတွေကို တစားပွဲမှာ ငါးလုံးစီ ချထားပေးပါတယ်။

ကျွန်တော်က မိုးလင်းတာနဲ့ နံပြားသွားဝယ်ရပါတယ်။  နံပြားဖိုနားမှာသာ ဝယ်ရတာဖြစ်လို့ ဆိုင်ထဲကို မရောက်ခဲ့ဘူးပါ။  ယခုခေတ် ဆိုင် တွေလို ဆိုင်အမည်လှလှလေးတွေပါသော ဆိုင်းဘုတ်တပ်ဆင်ထားတာ မရှိပါ။  တန်အိတွန်ဆိုင်ဆိုတာနဲ့ လူသိနေတာလေ၊ ဘာလိုတော့ မှာလဲ။

ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ လမ်း (၅၀) ထောင့်မှာ နောက် တရုတ်လက်ဖက်ရည်ဆိုင်တဆိုင် ရှိပါသေးတယ်။  လမ်းထိပ်တိုင်းမှာ ဆိုင်တွေ ရှိနေပေမယ့် သူ့ပရိသတ်နဲ့သူ စည်ကားနေပါတယ်။  လမ်းငါးဆယ်ကဆိုင်က လူပိုစည်ပါတယ်။ ဒီဆိုင်ကို ဦးကြာဥဆိုင်လို့ ခေါ်ပါတယ်။  တန်အိတွန်ရဲ့ ဆိုင်က နံပြား၊ လမုန့်လောက်ပဲရတာကြောင့် မုန့်စားချင်တဲ့သူတွေက ဦးကြာဥဆိုင်ကို သွားကြပါတယ်။  ပေါက်စီ၊ ဝက်သား ပေါင်း၊ ပဲမုန့်၊ လမုန့် စတဲ့မုန့် အမျိုးစုံရသဖြင့် လူပိုစည်တာ ဖြစ်ပါတယ်။

အဖွားက ပေါက်စီတို့ဘဲသားမုန့် တို့စားချင်တယ်ဆိုရင် ဦးကြာဥဆီ ပြေးရတာပေါ့။  သူရဲ့ဆိုင်က တောက တရုတ်လက်ဖက်ရည်ဆိုင်လိုပဲ လိုတာ အကုန်ရပါတယ်။  ဘီအိုစီက ထုတ်တဲ့ ဖယောင်းတိုင် လက်နှိပ်ဓါတ်မီး၊ ဓါတ်ခဲ၊ အနာကပ်ရန် ဖယောင်းချက်၊ ပလာစတာ၊ တင်ချာ ဆေးရည်၊ ကိုဒါနင် ခေါင်းကိုက်ပျောက်ဆေး ကအစ ဘားပလက် အားဆေးအဆုံး အားလုံးကို (၂၄) နာရီ ဝယ်လို့ ရအောင် ဝန်ဆောင်မှုပေးတဲ့ ဆိုင်ဖြစ်ပါတယ်။  မိုးအလင်းထိ လက်ဖက်ရည်ရတာကြောင့် ဆိုက်ကားဆရာတွေ၊ ညဘက်မှ သန့်ရှင်းရေးလုပ်ရတဲ့ မြူနီစပယ် ဝန်ထမ်း တွေ၊ မနက်စောစော ရထားစီးဖို့ ဘူတာကြီးကိုသွားမဲ့ သူတွေနဲ့ အင်မတန်ရောင်းကောင်းတဲ့ ဆိုင်ဖြစ်ပါတယ်။

ရေကျော်တဝိုက်မှာ စည်ကားစပြုလာတာကတော့ ရေကျော်လမ်းမကြီးနဲ့ မြောင်းကြီးလမ်းထိပ်က မောင်အေးလက်ဖက်ရည်ဆိုင် ဖြစ်ပါ တယ်။  ထိုစဉ်က သွန်မဆင်လမ်း (ဗိုလ်တထောင် ဘုရားလမ်း) နဲ့ ဗဟာဗန္ဓုလလမ်းထောင့်က ကျန်းမာရေးရုံး အောက်ထပ်မှာ ရောင်းနေတဲ့ စမူဆာပါ။  အဲဒီအချိန်က ဆယ်ပြားတန် စမူဆာ အကြီးကြီးတွေ ရောင်းနေချိန်မှာ တမတ်ဖိုး ခြောက်ခု၊ တကျပ်ဖိုး (၂၅) ခုတန် တလုတ်စာ စမူဆာလေးတွေကို ကုလားလေးတွေက ရောင်းချပါတယ်။  အင်မတန်ရောင်းကောင်းပါတယ်။  ဒီစမူဆာပုံစံကိုယူပြီး မောင်အေးစမူဆာ အမည်ခံ ရောင်းရာတွင် အမည်ရ သွားပါတော့တယ်။

ဆိတ်သား စမူဆာ၊ အားလူးစမူဆာဆိုပြီး ရောင်းပါတယ်။  ယနေ့ထိလည်း စမူဆာရောင်းကောင်းနေဆဲပါ။  ဘယ်အရာနဲ့ပဲ ရောင်းကောင်း ကောင်း “မောင်အေး လက်ဖက်ရည်ဆိုင်” လို့သာ သုံးကြ ပြောကြပါတယ်။

ဤကဲ့သို့ အိမ်ကလူကြီးတွေ ဝယ်ခိုင်းသော အရာများကို သွားဝယ်ပေးရင်းနဲ့ လက်ဖက်ရည်ဆိုင်များနဲ့ အကျွမ်းဝင်လာပါတော့တယ်။  အဲဒီ အချိန်အထိ ကျွန်တော့် စိတ်ထဲမှာ လက်ဖက်ရည်ဆိုင်မှာ ထိုင်လိုစိတ် မဖြစ်သေးသည့်အပြင် ကျွန်တော့်အတွေးထဲမှာ အလုပ်မရှိ အသုံးမ ကျသောသူများသာ လက်ဖက်ရည်ဆိုင်တွင် လာထိုင်ကာ အချိန်ဖြုန်းနေကြသည် လို့ တွေးမိပါတယ်။  ဝယ်စရာရှိရင် ဝယ်၊ စားစရာရှိရင် စား၊ သောက်စရာရှိရင်သောက်ပြီး ချက်ချင်း ထပြန်သင့်တယ်လို့ ယူဆထားမိပါတယ်။

အထက်တန်းကျောင်းသားအရွယ်မှာ မန္တလေးက သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်များသို့ သွားတတ်သောအကျင့် ဖြစ်လာပါတယ်။ သူငယ်ချင်း ငြိမ်းချမ်း၊ တင်ဝင်း၊ ကြည်မောင်၊ သန့်ဇင်၊ စိုးဝင်း၊ တင်မောင်မြင့်တို့နဲ့ မနက်တိုင်း ၂၆ လမ်းနဲ့ ၇၄ လမ်းထောင့်မှာ ရှိတဲ့ လက်ဖက် ရည်ဆိုင်မှာ စုရပ်ထားကာ ဆုံကြပါတယ်။  သူငယ်ချင်းများက လက်ဖက်ရည်ကို ပုံမှန်၊ ချိုပေါ့ စသဖြင့် ကြိုက်သလိုမှာ သောက် နေကြချိန်မှာ ကျွန်တော်က ကော်ဖီခါးခါးကို မှာသောက်ပါတယ်။

ဒီတော့မှ လက်ဖက်ရည်မှာ သောက်တဲ့သူများလို့ လက်ဖက်ရည်ဆိုင်လို့ ခေါ်ကြတာလား၊ လက်ဖက်ရည်ဆိုင်ဆိုလို့ လက်ဖက်ရည် သောက် ကြတာလားဆိုတဲ့ ပြဿနာကို စဉ်းစား မိလာပါတယ်။  ထိုဆိုင်တွင် နွားနို့၊ ပဲပလာတာ အကြွပ်ကြော်၊ သကြားပလာတာ စသောမုန့်အမျိုးစုံ ကို မှာယူစားသောက်တတ်လာပါပြီ။

မိမိ ထုတ်ထားသော အယူအဆအရ မိမိကိုယ်တိုင်ပင် အလုပ်မရှိ အသုံးမကျ အချိန်ဖြုန်းနေသူတဦးဖြစ်နေကြောင်း ဆင်ခြင်မိလာပါတယ်။  နေရာအနှံ့မှာနေ နတဲ့ သူငယ်ချင်း အားလုံး အဆင်ပြေပြေ ဆုံတွေ့ရန်နေရာမှာ ဒီလက်ဖက်ရည်ဆိုင်ကလေးသာ ဖြစ်နေပါတယ်။

ညနေဘက် ဗထူးအားကစားကွင်းမှာ ဘောလုံးပွဲသွားအားပေးကြရန် ၈၄ လမ်းပေါ်က ထိုင်စိန်လက်ဖက်ရည်ဆိုင်စုရပ်မှာ လူစုလေ့ရှိပါ တယ်။  မန္တလေးတမြို့လုံးမှာ ပေါက်စီ၊ ဝက်သားပေါင်း အကောင်းဆုံးဆိုင်လို့ မန္တလေးသားတွေ ဂုဏ်ယူပြောရတဲ့ဆိုင်ပါ။  ကျွန်တော်တို့အုပ်စု ကတော့ လူစုံတာနဲ့ ဘောလုံးပွဲကိုသွားဖို့သာ အာရုံရှိနေတော့ ပေါက်စီကိုစိတ်မဝင်စားကြတော့ပါ။ လူငယ်ခေါင်းဆောင် ကိုတော်ဝင် ရောက်လာတာနဲ့ စီးတော်ယာဉ်စက်ဘီးကို ဒုံးနင်းကာ ဘောလုံးပွဲအချိန်မီအောင် ပြေးကြရပါတယ်။  ကွင်းရောက်တော့လည်း တမတ်တန်း က အားပေးသူများတာကြောင့် ဝင်ခွင့်ရရန် တန်းစီရပြန်ပါတယ်။

ရန်ကုန်တက္ကသိုလ်တွင် ကျောင်းသားဘဝနှင့် ပညာသင်ကြားနေသောကာလများတွင် လက်ဖက်ရည်ဆိုင်မထိုင်မိပါ။  ဝတ္တုဇာတ်လမ်းများ ထဲတွင် အမြဲပါနေသော ဦးချစ်လက်ဖက်ရည်ဆိုင် ဆိုတာကိုလည်း ဖြတ်လျှောက်ရင်း ငေးကြည့်မိတာလောက်ပဲလုပ်မိပါတယ်။  ဗိုက်ဆာလာ ပါက အိမ်ကထည့်ပေးလိုက်တဲ့ ထမင်းဘူးကိုစားရင်း သူငယ်ချင်းတွေနဲ့ အတန်းထဲမှာပဲ အချိန်ဖြုန်းတတ်ပါတယ်။

တခါတလေ အချိန်ရပါက မြို့ထဲက ရုပ်ရှင်ရုံ ဒါမှမဟုတ် စမ်းချောင်းက ရုပ်ရှင်ရုံတွေကိုပြေးပြီး ရုပ်ရှင်ကြည့်တတ်ပါတယ်။  မြို့ထဲက ရုံ တွေကိုသွားရင်း အချိန်စောနေပါက မီးရထားရုံးကြီးနှင့် မျက်နှာချင်းဆိုင်က ပန်းကမ္ဘာလက်ဖက်ရည်ဆိုင်ကိုဝင်ကာ ကော်ဖီခါးခါးနှင့် ကော် ပြန့်စိမ်း မှာစားကြပါတယ်။  ဒါပေမဲ့ စားပြီး သောက်ပြီးတာနဲ့ ရုပ်ရှင်ရုံကို ပြေးပါတော့တယ်။  ရုပ်ရှင်အစမှာ ပြတဲ့ နမူနာကားတွေလွတ်သွားမှာ စိုးလို့ ပါ။

မန္တလေးမြို့ကို ဒေသကောလိပ်နည်းပြဆရာအဖြစ် ပြန်လည်ရောက်ရှိသောအခါ ကျောင်းနားပတ်ဝန်းကျင်မှာရှိနေသော လက်ဖက်ရည် ဆိုင်တွေမှာ သွားထိုင်ပြီး အချိန်ဖြုန်းနေသောသူတဦး ဖြစ်မှန်းမသိ ဖြစ်လာပါတော့တယ်။

ကျောင်းရှေ့ တည့်တည့်တွင် ရှိနေသော ဆိုင် နှစ်ဆိုင်အနက် ရောင်ပြန်ဆိုင်တွင် အထိုင်များလာပါတော့တယ်။  ဆိုင်ပိုင်ရှင် ကိုမြဒင်က ဆိုင်ထဲကို ကျွန်တော်ဝင်လာတာနဲ့ “ကော်ဖီခါးခါး တစ်” လို့ အော်လိုက်တာကို ကြားလိုက်ရပါတယ်။  ဒီအော်သံကိုပဲ စွဲနေတာလား သူဖျော် တဲ့လက်ရာ ကော်ဖီခါးခါးကိုပဲ သဘောကျနေတာလားမသိပေမဲ့ အခြားဆိုင်တွေ မထိုင်ဖြစ်တော့ပါ။  မနက် ကျောင်းချိန်မတိုင်ခင်ထဲက ထိုင်နေမိတာဟာ ညနေ ကျောင်းဆင်းချိန်အထိ စာသွားသင်ချိန်ကလွဲပြီး သူငယ်ချင်းတွေနဲ့ ထိုင်နေမိပါတော့တယ်။  ကော်ဖီခါးခါး တခွက် ဆိုတာ ဘယ်နှစ်ခါ ကြားနေရမှန်းမသိအောင်ကို ထိုင်မိတာပါ။  လက်ဖက်ရည်တခွက် တကျပ်ဈေးတက်သွားတာကိုတော့ မှတ်မိ သတိရ နေပါသေးတယ်။

ထို့နောက် Video ပြစက်များ မြန်မာနိုင်ငံတွင် ခေတ်စားလာချိန်ဖြစ်ပါတယ်။  ပိုက်ဆံပေါများနေသူ များက အောက်စက်လို့ အမည်ပေးထားတဲ့ စက်ကလေးတွေကိုဝယ်ယူကာ အိမ်က တီဗွီစက်နဲ့ တွဲဖွင့်ပြီး ကြိုက်နှစ်သက်ရာ ရုပ်ရှင်ကားတွေကို အချိန်မရွေး သဘောကျ ဖွင့်ကြည့်နိုင် သော အချိန်ကာလ ဖြစ်လာပါတယ်။

စက်ဝယ်ရန် အင်အားမရှိသော လူတန်းစားတွေ အတွက် အပန်းဖြေနိုင်ရန် Video ပြသသော ရုံကလေးတွေ ပေါ်လာပါတော့တယ်။  အရင် က အလုပ်ဆင်းချိန်တွေမှာ ရုပ်ရှင်ရုံမှာ အပန်းဖြေလေ့ရှိတဲ့သူတွေက ကိုယ်ကြိုက်နှစ်သက်ရာ ဇာတ်ကားကို ကြိုက်ရာနေရာမှာ ကြည့်နိုင်တဲ့ Video ရုံတွေဆီကို ခြေလှမ်းပြောင်းလိုက်ကြပါတယ်။  ဒီရုံတွေမှာကြည့်ဖို့ရန် လူစုတဲ့နေရာကတော့ ရုံနဲ့အနီးဆုံးက လက်ဖက်ရည်ဆိုင် ဖြစ်ပါတယ်။

သီတင်းဝါလကျွတ်ပြီဆိုလျှင် ဘုရားပွဲများ ပွင့်လင်းရာသီရောက်တော့ ရုံပွဲများ မန္တလေးမြို့မှာ ကျင်းပလေ့ရှိပါတယ်။  မြို့တော် သိန်းအောင် စိန်မဟာသဘင် စတဲ့ ဇာတ်အဖွဲ့တွေကို အားပေးရန် စုဝေးသောနေရာကလည်း လက်ဖက်ရည်ဆိုင်မှာပဲ ဖြစ်ပါတယ်။

ပြောင်းလဲပြီး လက်ဖက်ရည်ဆိုင်မှာ အချိန်ဖြုန်းတတ်လာတဲ့ ကျွန်တော့်အတွေးအသစ်က လက်ဖက်ရည်ဆိုင်ဆိုတာ လူအများစုံစည်းဖို့ စုရပ်တနေရာဖြစ်တယ်လို့ တွေးမိလာပါတယ်။

ကျွန်တော်တွင် အရသာမခံစားတတ်၍လားမသိ ဆိုင်အစွဲအလမ်းမရှိ။ အရသာ စွဲလမ်းခံစားမှု လုံးဝမရှိခဲ့ပါ။  လက်ဖက်ရည်ဆိုက်မှာ အချိန်ဖြုန်းမယ်၊ စာထိုင်ဖတ်မယ်၊ သူငယ်ချင်းတွေနဲ့ စုံရမယ့်နေရာတခုလို့သာ ယူဆချက်တွေ ပြောင်းလာပါတယ်။

၁၉၉၉ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်အကူးမှာ ကမ္ဘာပေါ်ရှိ တိုင်းပြည်တိုင်းမှာ ခေတ်စားခဲ့သောစကားလုံးမှာ Y2K ဖြစ်ပါတယ်။  ကွန်ပျူတာ သုံးစွဲ နေသူများ စိုးရိမ်စရာတွေကို တွေးကြ၊ ပြောနေကြသလို ကွန်ပျူတာဆိုတာ လက်နှိပ်စက်နဲ့ တီဗွီတွဲထားတာပါကွာလို့ ဆိုနေသူတွေ ကလည်း ကမ္ဘာကြီးပျက်တော့မတတ် တွေးတော ပူပန်နေကြတဲ့ကာလ ဖြစ်ပါတယ်။

လက်ဖက်ရည်ဆိုင် အတွင်းက ဝိုင်းတိုင်းမှာ ကွန်ပျူတာဆိုတာကိုပဲ ပလူပျံအောင်ပြောနေကြပါတယ်။  ဆိုင်တွေကတော့ လူတွေစည်ကား လာပြီး လွန်ခဲ့သောနှစ်အနည်းငယ်ကမှ စသုံးလာတဲ့ ရှယ်တခွက်၊ ဘူးနို့ဆီ၊ ချက်နို့ဆီဆိုသောစကားလုံးတွေကို မရိုးနိုင်အောင် အော်ဟစ်ရင်း ရာစုနှစ်ကို ကြိုဆိုခဲ့ကြပါတယ်။

နိုင်ငံတကာမှာ ခေတ်စားနေတဲ့ Cybercafe ဆိုတဲ့ဆိုင်တွေ မြန်မာနိုင်ငံကို ရောက်လာတော့မယ်။  Coffee ဆိုတဲ့ သဘောပါတော့ ကွန်ပျူ တာကနေမှာ သောက်လို့ရတဲ့ လက်ဖက်ရည်ဆိုင်လို့ အဓိပ္ပါယ်ဖွင့်လိုက်ပါသေးတယ်။  ဗဟုသုတကနည်းတော့ Online ကနေမှာပြီး အိမ်ကို လာပို့တဲ့ဆိုင်လို့ ထင်နေမိပါတယ်။

မြန်မာနိုင်ငံမှာ Cybercafe တွေ ခေတ်စားလာတာ၂၀၀၀ ခုနှစ်များ တော်တော်ကျော်မှ ဖြစ်ပါတယ်။  လူငယ်တော်တော်များများက လက် ဖက်ရည်ဆိုင် မထိုင်ကြတော့ဘဲ ကွန်ပျူတာနဲ့ ဂိန်းကစားတဲ့အတွက် ဂိန်းဆိုင်တွေမှာသာ အချိန်ဖြုန်းတဲ့ အကျင့်ဖြစ်လာကြပါတယ်။

နောင်ကာလများမှာတော့ မိမိ ကြိုက်နှစ်သက်တဲ့ ဆိုင်က လက်ဖက်ရည်ကို Online ကနေမှာလိုက်တာနဲ့ ဆိုင်က ကောင်ကလေးတွေက Door-to-door စံနစ်ကိုသုံးကာ အိမ်တိုင်ယာရောက် လာပို့ပေးတော့မှာပါ။  ဒီလိုမှာသောက်တာကို မိန်းမက ကန့်ကွက်မှာပါ။  ဆိုင်က ကော်ဖီအစား အိမ်မှာပဲ မိန်းမဖျော်ပေးတဲ့ကော်ဖီကိုသောက်ရဘို့ သေချာသလောက် ဖြစ်နေပါပြီ။  အိမ်မှာဆိုတော့ ဆိုင်မှာလို ပေါက်ကရတွေ ပြောလို့ရတော့မှာ မဟုတ်သလို “ဆိုင်သွားဦးမယ်ကွာ” ဆိုတဲ့အကြောင်းပြချက်နဲ့ ပိုက်ဆံအပိုတောင်းလို့မရနိုင်တော့မှာ သေချာနေပါ တယ်။  ဆိုင်မှာ စာအုပ်တအုပ်ကို ဇိမ်နဲ့ဖတ်လိုက်၊ ရေနွေးလေး မော့လိုက် စည်းစိမ်ကိုလည်း ခံစားနိုင်တော့မယ် မဟုတ်ပါ။

ဒီအကြောင်းတွေကို တွေးတောမိတော့မှ ကျွန်တော်ဟာ လက်ဖက်ရည်ဆိုင်ကို စွဲလမ်းနေပါလားဆိုတာကို သတိထားမိလာပါတော့တယ်။

ဆိုင်ထဲမှာ လာသောက်သူတွေရဲ့ တယောက်တပေါက် ပြောသံများ၊ ငြင်းခုန်သံများ၊ ထောက်ခံသံများ၊ မဟုတ်တာကို ကြွားဝါပြော နေမှန်း သိလျက်နဲ့ ရယ်စရာသဘောထားပြီး နားထောင်နေကြသူများ၊ နိုင်ငံခြားမှာ ဒီလို လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီး အချိန်ဖြုန်းတဲ့ သူမရှိဘူးလို့ နိုင်ငံတကာ အတွေ့အကြုံတွေကို အားရပါးရ ပြောဆိုကာ အချိန်လာဖြုန်းနေသော နိုင်ငံခြားပြန်ကြီးများရဲ့ စကားသံများ၊ အိမ်နီးချင်းနိုင်ငံ တွေမှာ အဆက်ပြေမလားလို့ အထင်တကြီး ငွေရှာသွားသူများ၏ အပြန်ခရီးမှ ညည်းညူသံများ စသဖြင့် အလွှာပေါင်းစုံမှ လူသားအားလုံး၏ အသံပေါင်းစုံ ဆုံစည်းရာ၊ ကြားနာရသော နေရာ၊ သတင်းစုံကို အချိန်နဲ့တပြေးတည်း ကြားသိနိုင်သောနေရာကို လက်ဖက်ရည်ဆိုင် ဟု ခေါ်ကြောင်းကို အသက် (၅၀) ကျော်မှ သိရှိလာပါတော့တယ်။

အခုတော့ လူပိုတယောက်လိုဖြစ်နေပြီဖြစ်သော ကျွန်တော်ဟာ ကော်ဖီခါးခါးကို ပိုသာနှစ်သက်တတ်သူတယောက်ဖြစ်ပါလျက် လက်ဖက် ရည်ဆိုင်မှ စကားသံလေးတွေကို စွဲလမ်းနေတာကြောင့် လက်ဖက်ရည်ဆိုင်ကို မသွားရလျှင် မနေနိုင်အောင်ဖြစ်လို့နေပါပြီ။

ထင်အောင်
(၂၀၀၅ ခုနှစ် ဂျွန်လထုတ် မြို့တော်မဂ္ဂဇင်းတွင် ပုံနှိပ်ဖော်ပြခဲ့ဖူးသည့် ဆောင်းပါးကို ပြန်လည်တည်းဖြတ် တင်ဆက်ခြင်းဖြစ်သည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်