စပယ် – ရကောက် ရထားကြီး ပျော်ပျော်စီး (အပိုင်း နှစ်)

October 8, 2014

– ရကောက် ရထားကြီး ပျော်ပျော်စီး (အပိုင်း နှစ်)
(မိုးမခ) အောက်တိုဘာ ၈၊ ၂၀၁၄

 

မီးရထားကား
မညည်းမတွား
ခုတ်မောင်းလျှက်…… တင်မိုး (ဦး)

သူငယ်ချင်းတဦး၏ ဖေ့ဘွတ်ပေါ်မှာတင်ထားတဲ့ ကဗျာလေးကိုဖတ်လိုက်ရတော့ သဘောကျမိသည်။ မညည်းတွားတတ်တဲ့ မီးရထားကြီးကို ညည်းတွားမှုများစွာနဲ့ စီးနင်းနေခဲ့ကြသူတွေထဲ ကျမကလဲ တယောက်အပါအ၀င်ဖြစ်နေလို့ပါ။

(တကယ်တော့ ဆရာဦးတင်မိုးက သူ၏မိသားစုအသိုက်အမြုံလေးကို ရည်ရွယ်စပ်ဆိုခဲ့သော လွမ်းစရာကဗျာလေး ဖြစ်သည်။)

ထိုနေ့ညနေကတော့ မီးရထားကြီးတွေ ရပ်ဆိုင်းကုန်ကြသည်။ ပန်းလှိုင်ဘူတာရောက်ချိန်မှာ မီးရထားတစင်းရပ်နေသေးတာမို့ အပြေး တပိုင်း အသော့နှင်လိုက်သည်။ ဟိုနောက်ဖက်ကိုလှမ်းကြည့်လိုက်တော့ နောက်တစင်းရဲ့ ခေါင်းတွဲပြာကြီးကိုမြင်နေရပြန်သည်။ ဒီတော့ ရှေ့တစင်းသွားချင်လဲသွား ဖြည်းဖြည်းပဲ လျှောက်တော့ သည်။ ဟော ရပ်ထားတဲ့ ရထားရဲ့ ရှေ့ခပ်လှမ်းလှမ်းမှာလည်း နောက်တစင်းပါလား ။ ဘာတွေများဖြစ်ပါလိမ့်။ ဂတ်ဗိုလ်ကို သွားစပ်စုလိုက်တော့ သမိုင်းမှာ ရထားတစီး လမ်းချော်သွားသည်တဲ့။ ရထားလမ်းဆိုတာကလဲ တ လမ်းတည်းသာရှိတော့ ဒီလမ်းပေါ်က တကောင်ဖောက်လို့ကတော့ နောက်ကကောင်တွေ သွားပြီပေါ့။ “ဘယ်လောက်ကြာနိုင်လဲ” ဆိုတော့ ကျနော်လဲမသိဘူးတဲ့။ မီးရထားဝန်ထမ်းတောင်မသိဘူးဆိုမှတော့ သူတို့ကိုယုံစားပြီး စောင့်နေလို့မဖြစ်ချေ။ ကိုယ့်ဦးတည်ရာလမ်း အတွက် ကားလမ်းမပေါ်တက်ခဲ့သည်။

အငှားယာဉ်လေးတစင်းက အနားမှာ ခပ်ဖြေးဖြေးလှိမ့်ရင်း ခရီးသည်ရဲ့ စိတ်ကိုလှမ်းဖတ်နေသည်။ သူများစိတ်ချမ်းသာအောင်လုပ်ပေးတာ ကုသိုလ်ရပါတယ်လေ။ ဒီနေ့တော့ ပိုက်ဆံ ၃၀၀၀ ကျပ် ဒါနပြုတာပေါ့။ အငှားယာဉ်ပေါ်တက်လိုက်ပြီးမှ နှမြောတသစွာနှင့် ရပ်နေသော ရထားကြီးကို တချက်စောင်းငဲ့ကြည့် မိလိုက်သည်။ အပြန်လမ်းတလျှောက် ကားတွေက ပိတ်ကျပ်လို့နေသည်။ ကားလမ်း (ဗဟိုလမ်း) နှင့်အပြိုင် ရထားလမ်းကို လှမ်းကြည့်လိုက်တော့ ရထားလမ်းခုလတ်မှာ ရပ်နေကြရတဲ့ နောက်ထပ်ရထား သုံးစင်းကို နှစ်ဘူတာခြားလောက် စီမှာ တွေ့ရသည်။ ရထားပေါ်မှာ လူတချို့ကျန်နေကြသေးပေမဲ့ သိပ်မများ။ ခရီးဝေးသူတွေလား၊ တခြားလမ်းက သွားဘို့ခက်ခဲသူတွေလား။ လမ်းချော်တာကို မီးရထားဌာနက ဘယ်လိုရှင်းကြလဲဆိုတာ ကျမ ခဏတော့ စဉ်းစားလိုက်သေးသည်။ နောက်တော့ပိတ်ဆို့နေတဲ့ ကား တွေကြားက ကျမစီးလာတဲ့ တက်စီကားဆရာကို ဘယ်လမ်းကပိုမြန်နိုင်လဲ မေးဘို့သာ စိတ်ဝင်စားတော့သည်။ ကားဆရာကလည်း ဖြေပါ သည်။

“အမက ခုမှလမ်းပိတ်တာ၊ ကျနော်က မနက် အငှားယာဉ်လေးစထွက်ကတည်းကပိတ်နေတာ၊ စိတ်ရှည်ရှည်ထား” တဲ့။
ဟုတ်ကဲ့၊ဟုတ်ကဲ့။ နံဘေးက ကားတွေ၊ ဟိုးတဘက်ရထားလမ်းပေါ်က ရပ်နေတဲ့ ရထားကြီးတွေကိုကြည့်ရင်း ကျမစိတ်ကို အရှည်ကြီးဆန့် ထုတ်လိုက်သည်။
####

ပျော်စရာပင်ဘူတာစဉ်ဆိုက်၊
စားလိုက်သွားလိုက်ရယ်မောလိုက်နှင့်တသိုက်ကြီးပင်၊
ခရီးစဉ်တိုင်းကြင်နာသမှုသူပြုစု။
နွေပန်းဆောင်းပန်း၊မိုးဦးပန်းတို့
တလမ်းလုံးပင် ပန်းလွင်လွင်နှင့် ပျော်ရွှင်စရာခရီးစဉ်။   

ငယ်ငယ်တုန်းက မိသားစုနှင့်အတူ အမြန်ရထားကြီးစီးပြီးနယ်ကနေ ရန်ကုန်ကို မကြာ မကြာ သွားခဲ့ဖူးသည်။ ကျောင်းမနေခင် ရထားစီးဖူး တုန်းက အမှတ်ရနေတာလေးတခုရှိသည်။ ကျမအရမ်းသဘောကျတဲ့ ပန်းရောင်အ၀တ်ဦးထုတ်လေး (မေးသိုင်းကြိုးလေးလဲပါသည်) က ရထားပြတင်းပေါက်ကနေ အပြင်ငေးကြည့် နေတုန်း လေအဝှေ့မှာ ဖတ်ကနဲအပြင်ဘက်ကို လွင့်ကျသွားသည်။ လူကြီးတွေပြောပြထားလို့ ပြတင်းပေါက်ဘေးက မှန်ပုံးလေးကိုခွဲပြီး အထဲကသံကြိုးလေးဆွဲလိုက်ရင် ရထားကြီးက ရပ်ပေးသည်တဲ့။ ဒါကြောင့် မှန်ပုံးခွဲခိုင်းပြီး ရထား ရပ်အောင်လုပ်ပေးဘို့ လူကြီးတွေကို အရေးဆိုသည်။ ကျမအဖေက လူတွေအန္တရာယ် ရှိနိုင်တဲ့ကိစ္စတွေမှ ဒီလိုလုပ်သင့်ကြောင်းရှင်းပြသည်။ ရထားလမ်းဘေး တောရိုင်းပင်စိမ်းစိမ်းတွေပေါ်တင်ကျန်ခဲ့တဲ့ ဦးထုတ်လေးက တဖြည်းဖြည်းဝေးကျန်ခဲ့တာကို မျက်ရည်တွေဝဲပြီးကြည့်ခဲ့ သော လေးနှစ်သမီး၏စိတ်ခံစားမှုကို ယခုလေးဆယ်တော်တော်ကျော်နေချိန်ထိမှတ်မိနေသည်။

မူလတန်းကျောင်းသူဖြစ်လာချိန် အဖွားနှင့်အတူ ကျောင်းပိတ်ရက်တွေမှာ ရန်ကုန်ကို ရထားကြီးနှင့်လိုက်လာတတ်သည်။ လက်ပံတန်း ဘူတာသည် ကျမအတွက်တော့ အရမ်းချစ်စရာကောင်းလှသည်။ ဂေါင်းပြောင်ပြောင်စာကလေးကျော်ကို ဖက်စိမ်းစိမ်းလေးထဲက ဆီထမင်း ၀ါဝါလေးတွေနဲ့ တွဲစားရတာ အရသာရှိလှသည်။ ဈေးသည်တွေက ယခုခေတ်ထက် ပိုပြီး သပ်သပ်ရပ်ရပ် ရှိတာကို အမှတ်ထင်ထင်ရှိ၏။ ထိုစဉ်က ရထားဈေးသည်တွေ ဆင်းရဲချင်ဆင်းရဲကြပေမည်။ ဒါပေမဲ့ မမွဲတေသေးတာ သေချာ၏။ ဘူတာစဉ် ရေကုသိုလ်ဆိုပြီး ရေအိုး လေးတွေ ရွက်ထားကြသူများနဲ့၊ ရေသောက်သူတွေက စေတနာအလျောက် ထည့်ပေးကြတဲ့ ဗိုလ်ချုပ်ခေါင်းပုံပါတဲ့ ဘော်ငွေရောင် အကြွေစေ့လေးတွေက ၀ါဖျော့ဖျော့ ကြွေရည်သုတ် ရေအိုးဖုံး ပန်းကန်လေးတွေပေါ်မှာ  ရှိနေတတ်တာကိုလဲ သတိရမိသည်။

အထက်တန်းကျောင်းရောက်တော့ မြို့ပြင်က ကျောင်းကြီးဆီကို ညီအမတွေ၊သူငယ်ချင်းတွေ တစုတဝေး ရထားလမ်းဘေးက လျှောက် သွားလေ့ရှိသည်။ ကျောင်းအပြန် ရထားလမ်းနံဘေး ထိကရုန်းပင် တွေကိုအပြိုင် ခြေထောက်နှင့်လိုက်ထိပြီး ကစားကြသည်။ ထိရင်အိပ် ပျော်သွားတဲ့ အရွက်တွေကြားက ခရမ်းရောင်ထိကရုန်းပွင့်လေးတွေကိုတော့ လက်ထဲမှာ အပြည့်ခူးကြသည်။ ရထားလမ်းဘေးတလျှောက် အရိုင်းပန်းပင်လေးတွေကစိတ်ကြည်နူးစရာပင်။ အဲဒီအချိန်ကကြွပ်ကြွပ်အိတ်၊ မုန့်အိတ်အခွံတွေလို အမှိုက် သရိုက်တွေလမ်းဘေးမှာ မရှိ သလောက်ပင်။ (မုန့်ဟင်းခါးတွေ၊ အသုတ်တွေဆို ဖက်တွေနှင့်ရောင်းကြသည်။ ဟင်းရည်အတွက် အိမ်က ချိုင့်လေးတွေ ယူလာကြ သည်။) ယခုအရွယ်မှာတောင် မြို့ပတ်ရထားစီးရင်း ရံဖန်ရံခါ ထိကရုန်းပင်လေးတွေကို လမ်းဘေးမှာ တွေ့လေမလား ကျမ ရထားပေါ်က လှမ်းမျှော်ကြည့်မိသည်။

အဲဒီလိုကြည့်ရင်း ဟိုတလော မိုးတွေရွာနေချိန် အုတ်ကျင်းဘူတာနားမှာ အဆောင်းမပါပဲ နီကြောင်ကြောင် ဆံပင်လေးတွေက မိုးရေတွေနဲ့ စိုရွှဲကပ်ပြီးနေတဲ့ ဆယ်ကျော်သက်လေးတယောက်က သံလမ်းတံခါးကို ဖွင့်ပေးနေတာတွေ့တော့၊  မသစ်တော့ပေမဲ့ မစုတ်ပြတ်တဲ့ ယူနီဖောင်းအပြည့်ဝတ်ပြီး သံလမ်းတံခါးအနီးမှာ အနီ၊ အစိမ်း အလံလေးတွေ ကိုင်စောင့်နေတတ်တဲ့ ငယ်ငယ်တုန်းက ကျမတို့မြို့ဘူတာရုံ က ရထားသံလမ်းတံခါး စောင့်သောလူကြီးကို ပြန်မြင်ယောင်မိသည်။ နှာခေါင်းချွန်ချွန်၊ မျက်အိမ်ချိုင့်ချိုင့်နှင့် သူ၏မျက်နှာပြုံးပြုံးကြီးက သူ့အလုပ်ကိုဘယ်တုန်းကမှ ငြီးငွေ့ပုံမပေါ်။

ကျမတို့တတွေ တက္ကသိုလ်ကျောင်းသူတွေဖြစ်လာပြန်တော့လည်း ရန်ကုန်တက္ကသိုလ်ကြီးဆီကို မီးရထားကြီးစီးလို့ပင်သွားခဲ့ရသည်။ ပါတီ၊ ကောင်စီတွေ လူရာဝင်သောခေတ်မှာ သာမန်အရပ်သားတဦး မီးရထားလက်မှတ်တစောင်ရဖို့မလွယ်လှ။ ထိုအချိန်အခါမျိုးတွင် ပါတီမှ လူကြီးတဦးဦး ထောက်ခံပေးသောစာဖြင့်  မြို့မှ တက္ကသိုလ်ကျောင်းသားတွေ ရန်ကုန်ရှိ တက္ကသိုလ်အသီးသီးမှာ တက်ရောက်ဘို့ ရထား တတွဲမှာ စုပြီးစီးကြရတာသတိရမိသည်။ ကျောင်းသားအုပ်စုလိုက်ဆိုတော့ ပျော်စရာကောင်းလှသည်။ တက္ကသိုလ်ကျောင်း တွေ ခဏခဏ ပိတ်လိုက်ဖွင့်လိုက်အချိန်တွေမှာလည်း အမြန်ရထားကြီးနှင့်ပင် စခန်းသွားခဲ့ရသည်။ ကျောင်းပိတ်ချိန်မဟုတ်ပဲ ပိတ်လိုက်သည့် အခိုက် အတန့်တိုင်းမှာ ရခိုင်ကသူငယ်ချင်းတွေက လေယာဉ်ပျံနှင့်၊ ဧရာဝတီတိုင်းက အုပ်စုတွေက သင်္ဘောဆိပ်၊ ကျန်အများစုကဘူတာကြီး အသီးသီးဆင်းကြရသည်။ထိုစဉ်က ရခိုင်သူငယ်ချင်းအုပ်စုသည် ရထားအင်မတန်စီးချင်ကြသည်။သူတို့ဆီမှာ ရထားလမ်းမရှိ။ ခုတော့ မှာလည်း ရထားလမ်းဖောက်ပြီးပြီမို့ ရခိုင်သူ၊ ရခိုင်သားတွေ ရကောက်ရထားကြီးပျော်ပျော်စီးနေကြပြီလားမသိ။

ဒီလိုနှင့် ကြင်ယာစုံခဲ့ချိန် မောင်တရွာ မယ်တမြို့ဖြစ်နေတုန်း  အမြန်ရထားကြီးနှင့်လိုက်လာတတ်သော ချစ်သူကိုကြိုခဲ့ရသည့်အပျော်၊ ရန် ကုန်မှာ အခြေကျ၊ ရင်သွေးတဦးရပြီးချိန် ရထားကြီးစီးပြီး ဇာတိမြို့လေးဆီ မိသားစုပြန်လာတဲ့အပျော်။ ဒါတွေကိုလည်း ရထားတွေမြင်တိုင်း ၀ိုးတိုးဝါးတား သတိရမိသေးသည်။
###

တညသား၌
ရထားအဆိုက်၊မှောင်မိုက်ညထဲ
သူလမ်းခွဲ၍နှင်းမှုန်ထဲမှာဆင်းခဲ့ပြီ …။

ခုတော့ သမီးများနှင့်ကျမ နယ်မြို့လေးဆီ လူကြီးမိဘ၊ အဖိုးအဖွား ကန်တော့ကြဖို့ပြန်ကြရင် အမြန်ကားတွေပဲ စီးဖြစ်တော့သည်။ အမြန်ရ ထားကြီးတွေက အချိန်မမှန်တော့။ အမြန်ရထားကြီးတွေရဲ့ သပ်ရပ်လှပမှု တွေလည်း ယိုယွင်းခဲ့လေပြီ။ နည်းပညာတွေ တိုးတက်ကာ ပညာခေတ်ကြီးကို ရောက်နေပါတဲ့ ကျမတို့သားသမီးတွေကို ဘာကြောင့် သူများတကာ တိုင်းပြည်တွေကလို ကျည်ဆံရထားကြီးတွေ၊ အ၀င် အထွက် စနစ်ကျလှတဲ့ စင်ကာပူ MRT လိုမျိုးတွေ ပေးမစီးနိုင်ပါသလဲ။ ကျမတို့ညံ့ခဲ့ကြသည်။ ခုတောင် အတော်အတန်ပြင်ဆင်ထားတဲ့ “မမ”  ရဲ့  အော်လဒူတို့၊  မှုတ်ကောင်ကြီးတို့၊  ပထမကောင်တို့၊  အပြာကောင်တို့နှင့်ပြေလည်နေတာကိုပင်  ကျေးဇူးတွေတင်နေရတာမဟုတ်လား။ လွန်ခဲ့သောနှစ်ပေါင်း (၆၀) ကျော်လောက်က အရှေ့အာရှရဲ့ကျားတစ်ကောင် ဘယ်အမှောင်၊ ဘယ်ဘူတာမှာများ ဆင်းကျန်ခဲ့ပါလိမ့်။

တရက်သား ရထားစီးနေစဉ် လူငယ်တစ်ဦးမူးရူးပြီး ရထားပေါ်မှာ ဆဲဆိုသောင်းကျန်းနေခဲ့သည်။ ဘေးလူတွေမှာလည်း စိတ်မသက်သာ လှစွာကြည့်နေတုန်း ရထားထိန်းရဲတစ်ဦးရောက်လာပြီး ရှေ့ဆိုက်သည့်ဘူတာမှာ ချပစ်ခဲ့သည်။ နားရင်းတချက်တီးပြီး ဆင်းခိုင်းခဲ့သည်။ အမူးသမား၏ဆဲဆိုသံကိုမကြားရတော့သဖြင့် တခဏ စိတ်ချမ်းသာသွားပေမယ့် ထိန်းကျောင်းသူတွေရဲ့ အမူအကျင့်တွေက ရင်လေးစရာ ပင်။
ဘယ်လိုပဲဖြစ်ပါစေ မီးရထားကြီးကတော့ သူ့အပေါ်တက်လာကြသော လူဆိုးလူကောင်းတွေကို ရွေးချယ်နိုင်ခြင်းမရှိပါ။ သို့သော် ခရီးသည် အများစုနှင့် ရထားထိန်းတို့ကတော့ လူညစ်တွေကို တရားဥပဒေအရ ထိန်းကျောင်းသင့်သည်။ ထိန်းကျောင်းနိုင်ရမည်။

အချိန်ဆိုသော ကာလရထားကြီးသည်လည်း သူ့အပေါ်ရောက်ရှိလာသော ခေတ်ဆိုး၊ ခေတ်ကောင်းတို့ကိုသယ်ဆောင်ရင်း တရွေ့ရွေ့ သွားနေသည်။ ပြည်သူတွေကို အသိတရားတွေနည်းစေ၊ ဆင်းရဲတွင်းတွေ နက်စေသော ခေတ်ဆိုးတွေကို ဘယ်သူတွေက ထိန်းကျောင်းကြ မည်လဲ။ ဘယ်လိုပုံစံတွေနှင့် ထိန်းသင့်ကြပါသလဲ။

အတွေးတွေဆန့်နေမိသည့်ကျမ ရန်ကုန်မြို့ရဲ့ ပိတ်ဆို့နေသော ယာဉ်တန်းကြီးကြားထဲ တရွေ့ရွေ့ လိုက်ပါနေရဆဲပင်။ အငှားယာဉ်ကား ဆရာလဲ စိတ်ရှည်နေဆဲပင်။

“မီးရထားကား
မညည်းမတွား၊ ခုတ်မောင်းလျက်” …။

ရကောက် ရထားကြီး ပျော်ပျော်စီး (အပိုင်း တစ်) အား ဖတ်ရှုနိုင်ရန် …။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)