ကိုသန်းလွင် – သိမ်ရေစက်ချ

October 10, 2014

ကိုသန်းလွင် – သိမ်ရေစက်ချ
(မိုးမခ) အောက်တိုဘာ ၁၀၊ ၂၀၁၄

(၁)

ပါဠိလို” သက္ကစ္စ” ကို မြန်မာလိုပြန်သော် “ ရိုသေမှု “ ဟု ဆိုရမည်ထင်ပါ၏၊ ဝေဘူဆရာတော်ဘုရားကြီးက အလှု၌ ရေစက်ချလျင် ရေစက်ခွက်ကို လက်နှစ်ဘက် နှင့်ကိုင်ပြီး ရိုသေစွာ၊ လေးနက်စွာ ချကြရမည်ဟု မိန့်ကြား ဘူးသည်၊ ရှေးဘုရားရှင် တဆူ ထံတော်၌ ဆုတောင်းခဲ့ဘူးသူတယောက်သည် ကျွန်တော် တို့ ခေတ် တွင် ခေါင်းဆောင်ကြီးတယောက် ဖြစ်လာလေသည်၊ ဆရာတော်ကြီး ကို ဆည်းကပ်ကိုးကွယ် ကြသည့် သူဌေး တွေ က ထိုခေါင်းဆောင်ကြီးကသူတို့ ပစ္စည်း ဥစ္စာများကို ပျက်စီးအောင် လုပ်နေ ပါသည်ဟု ဆရာတော် ကြီး ကို လျောက်ထား ကြသည်၊ ဆရာတော်ကြီးက “ သူက ရှေးဘုရားတဆူမှာ သက္ကစ္စ အောင်ခဲ့ဘူးတယ် ၀ိဇ္ဇာ ဖက်ရင် ဒီဘ၀မှာတင် တရားစစ် တရားမှန် ရမှာဟဲ”့ ဟု မိန့်ဘူးလေသည်၊

(၂)

ငှက်ပျောရွာ ဘုန်းကြီးက ခေါ်သည်ဆို၍ ၂၀၁၁ ခု မြန်မာပြည် အပြန်မှာ ဆရာတော်၏ ခြေတော်ရင်း သို့ အရောက် ကျွန်တော်သွားရပါသည်၊ ငှက်ပျောရွာသည် ခင်ဦးနှင့် ၅ မိုင်ခန့်သာဝေးပြီး နွေရာသီတွင် ကားဖြောင့် ဖြောင့်မောင်းနိုင်သော မြေလမ်းရှိပါသည်၊ ဆရာတော်ကြီးမှာသက်တော် ကြီးပါပြီ၊ ၇၅ နှစ် ဂ၀ တော့ ကောင်းကောင်း ရှိနေပါပြီ၊

ဂျပန်ခေတ် ဂျပန်တွေ ဗုံးကျဲသောအခါ အဖေ နှင့်အမေ မိသားစုမှာ ခင်ဦးတွင်နေ၍ မရတော့ဘဲ ငှက်ပျောရွာ သို့ စစ်ပြေးကြရသည်၊ ခင်ဦး၌ ဗုံးကျသည်ဟုမကြားဘူးသော်လည်း ရှုတ်ထွေးနေသော အချိန၊် အစိုးရ အုပ်ချုပ်ရေး ကင်း မဲ့နေချိန်တွင် တောကြောင်တွေ ဓါးပြတွေ ရန်ကလည်းရှိတတ်သည်၊ အဖေ၊ အမေ တို့ မိသားစုလိုက် ဘုန်းတော်ကြီး ကျောင်းမှာ ကာလကြာရှည်နေကြရပါသည်၊ ကျွန်တော့်ကို မမွေးသေး ကျွန်တော့် နံပါတ် ၄ အစ်ကိုကိုတော့ ငှက်ပျောရွာမှာ စစ်ပြေးရင်းမွေး ရသည်ဟု အမေက ပြောဘူးသည်၊ ထိုစဉ်ကာလများမှာပင် နောင် ဦးမေဒါ ဟု ဆရာတော်ကြီးဖြစ် လာမည့် ကိုရင်ကလေးနှင့် အမေ တို့ မိတ်ဆွေ ဖြစ်ခဲ့ကြလေသည်၊

ထိုခင်မင်မှုမှာ စစ်ပြီးသော်လည်း ပြီးမသွားပေ၊ အိမ်က သာရေးနာရေးကိစ္စများမှာ ဦးမေဒါ ကို ပင့်ကြလေသည်၊ ဘုန်းကြီး ဦးမေဒါသည် ကျွန်တော်တို့ နှင့် အနေ မဝေးကွာပါ၊ အိမ်သစ်တက်တော့ လည်း ဆရာတော်ကို ပင့် ရသည်၊  ခင်ဦးမှာ မြေးတွေ ကိုရှင်ပြုတော့ လည်း ဆရာတော်ကိုယ် တိုင် ရေစက်ချပေးသည်၊

ဘုန်းကြီးက “ကုလား” ဟုခေါ်သော ကျွန်တော့် အထက်က အစ်ကိုမှာ ငှက်ပျောရွာသူနှင့် အိမ်ထောင်ကျပြီး ငှက်ပျောရွာမှာပင် ကျောင်းဆရာလုပ်ရ လေသည်၊ မဆလ ခေတ်က လွှတ်တော်အမတ်တွေ တန်ခိုးကြီးချိန် ငှက်ပျောရွာမှာ ရှင်းလင်းပွဲ လုပ်ရာ အစ်ကို ကစကားထ ပြောလေသည်၊ စကားပြောတာ ဘယ်လောက် ရေလည်သည်၊ အမတ်က ဘယ်လိုသဘောတွေပေါက်သည် ကိုတော့ ကျွန်တော်မသိ၊ အမတ်လုပ်သူ က အစ်ကို ကို ဖမ်းရမည်ဟု ရဲတွေကို အမိန့်ပေးလေသည်၊ “ငှက်ပျောရွာက ကျောင်းဆရာလေးကို ဖမ်းခိုင်းနေပါတယ် “ဟု ရဲတွေ ကဆရာတော်ကြီးနားကို ပေါက်အောင် လျောက်ကြရသည်၊ ဆရာတော်ကြီး က “ ငါ့ရွာမှာ ဖမ်းတာ ဆီးတာတွေ မလုပ်ရဘူး “  ဟု လွှတ်တော်အမတ်ကို ပြောရလေသည်၊ နောင်သော် လွှတ်တော် အမတ်မှာ အမေ့ သူငယ်ချင်းဖြစ်နေရာ ဇတ်ရည်တော့ လည်သွား ကြပါ၏၊ ဘုန်းကြီး ၏ကျေးဇူးကိုတော့ ကျောင်းဆရာ ကျွန်တော့် အစ်ကို တသက်မမေ့တော့ပေ။

အမေ တို့ချောင်ချောင်လည်လည် ဖြစ်ချိန်တွင် သူ့ကျောင်းဝန်းအတွင်း သိမ် မရှိသေးလို့ သိမ်ဆောက်ပြီး လှုပါ ဟု ဘုန်းဘုန်းက အမေ့ကို မေတ္တာရပ်လေသည်၊ အမေသည် မဆိုင်းမတွ ဆောက်ပါမည်ဟု အာမခံသည်၊ ထိုစဉ် က ငွေ ၂ သောင်းမျှ အမေလှုလိုက်ရပါသည်၊ သိမ်တဆောင် ဆောက်ဖြစ်သွားလေသည်၊ ကဗျည်း လည်းထိုး ပြီးပြ၊ီ အမေလည်း သိမ်ကျောင်းတို့ ၏ ဒကာမကြီးဖြစ်ပေပြီ၊ ငယ်စဉ်က ထိုသိမ်သို့ ကျွန်တော် ရောက် ဖူးသည်၊ ရေစက်ချတာ ဆွမ်းကျွေးတာတွေတော့ ကျွန်တော်မမှတ်မိတော့ပေ၊ သူ့ သိမ်အကြောင်းတော့ အမေ သည် စကားစပ်မိတိုင်း ပြောလေသည်၊ ထိုအခါစစ်အတွင်း က ဘယ်လို ဆင်းရဲဒုက္ခ ရောက်ရပုံ ငှက်ပျောရွာ မှာ ဘယ်လိုနေရပုံ၊ ဘုန်းကြီးတွေ က သူ့ကို မြို့သူမို့ ထင်းခွေ ရေခတ် မလိုက်ရပုံတွေ ပါတတ်သည်၊ ကျွန်တော်ကား ဘုန်းဘုန်းတို့ ၏ ကျေးဇူးကို နားရည်ဝနေလေပြီ၊

ဆရာတော်ကြီးဦးမေဒါ က ကျွန်တော်ကို သူ့ကျောင်းထဲမှာ မမွေးသည့်တိုင် ကျွန်တော် ငယ်နာမည်ကိုခေါ်၍ နှုတ်ဆက်ပါသည်၊ အမေဆောက်သွားသော သိမ်သည် ယခုအခါ ယိုသည့်နေရာယို ပေါက်သည့်နေရာပေါက် ဖြစ်နေလေပြီ၊ အကာအရံမရှိတာကိုလည်းအုတ် တက်ချင်နေသည်အပေါ်က အမိုးကို ဘုံ သုံးဆင့်ဖြစ်အောင် တက်ချင်သည်၊၊ “ မင်းတာဝန်ယူနိုင်ပါ့မလား ” မေးသည်၊ ကျွန်တော်က မဆိုင်းမတွ “ တပည့်တော် ပြင်ပါ့မယ် ဘုရား “ ဟုလျောက်လေသည်၊ မြန်မာ တို့၏ဓလေ့ မှာအဘယ်မျှချစ်စရာကောင်းပါသနည်း၊ အမေဆောက်သွား သော သိမ်ကိုပြုပြင်ရန်အတွက် အမေ့သားသမီး တွေ ကို ဘုန်းဘုန်းက အရင်တွေ့အောင်ရှာလေသည်၊ ဘုန်းကြီးက ပိုင်ရှင် သား တွေ ဘယ်မှာလဲ မေးသည်ကို ကျွန်တော့်ထံ သတင်းရောက်အောင်ပိ့ပေး သူတွေ ကိုကျေးဇူးတင်ရ တော့ သည်၊

(၃)

“ မင်းအမေတို့စစ်အတွင်းက နေ သွားတာဒီကျောင်းနေရာပေါ့ကွာ” ဟုဆိုသည်၊ ဆရာတော် သတင်းသုံးရာ အုပ်နှစ်ထပ် ကျောင်း မှာ ကြီးကျယ်ခန့်ငြားပါသည်၊ “ မင့်အမေက မာနလဲကြီးသကွ။ ငါတို့ ဆရာတော်ကြီး ကလဲ မင်းအမေကို ခင်ပါတယ်” ၊ စစ်ပြေးစဉ် က ဒုက္ခ အဖုံဖုံကို ကျွန်တော်တွေးကြည့်မိသည်၊ အမေသည် သူတပါးကို အားမကိုးလို၊ အလုပ်အကိုင်မရှိဘဲ ဘုန်းတော်ကြီးကျောင်းမှာ ခိုကပ်စားသောက်ရသောဘ၀ ကို အဘယ်မှာ အမေ နှစ်သက် လက်ခံ နိုင်ပါမည်နည်း၊ ခေတ် က မကောင်းဘူးဆိုတော့ လည်း ဘာမှ မတတ် နိုင်ပြီ၊ ကလေးတွေ ဘေးရန်ကင်း ကွာနေနိုင်ရေးအတွက် အမေ သည် ဘုန်းကြီးကျောင်းမှာသာ စစ် အတွင်း ကာလ နေခဲ့ပုံရသည်၊

ကျွန်တော့် နံပါတ် ၄ အစ်ကိုမှာ ငှက်ပျောရွာမှာဘဲမွေးသည်၊ ဂျပန်တွေ တက်လာတုံးမွေးသဖြင့် ဂျပန်၊ ဂျပန်ကြီး ကိုပန်ကြီး ဟုခေါ်ကြလေသည်၊ ဆရာတော်ဘုရားက “ အခုဒီ ကမြင်ရတဲ့ အိမ်တွေ နေရာမှာ ရေ ကန်ကြီးကွ၊ မင်းအမေတို့ ရေချိုး၊ အ၀တ်လျှော်လုပ်ရတာ ဒီရေကန်ဘဲ” ဟု ပြနေသည်၊ ယခုအခါ ကန်ကြီးက ကောနေပါပြီ လူနေအိမ်တွေ ကျိုးတိုးကျဲတဲတွေ့နေရ၏၊ ကျွန်တော်သည် အမေ့ ကိုသတိရမိပြီး ပင်ပမ်းဆင်းရဲစွာ ရုန်းကန် လှုတ်ယှားရပုံများကိုတွေး မိလေသည်၊ စစ်အတွင်း က ဘယ်လောက် ဆင်းရဲခဲ့တာဟုပြောတာမကြားရစဖူး၊ အစ်ကိုအကြီးဆုံးက ၀က်သားဟင်းစားချင်သောကြောင့် ပူစာသဖြင့် ၀က်သားဟင်းဆီပြန် တအိုးလုံးချက်ပြီး စားစမ်းဟဲ့လို့ဆိုကာ ကြွေး ခဲ့ပုံ အမေပြောဘူးတာကို ကြားယောင်လာသည်၊

စင်္ကာပူပြန်ရောက်သော် ပထမ သိန်း ၃၀ ပို့ ရပါသည်၊ နောက်ထပ် ၁၀ သိန်းထပ်မံပို့ရပါသည်၊ ကျွန်တော်ပို့ သော ငွေမှာ အုတ၊် သဲ၊ ကျောက် စသည်ဖြင့် ပစ္စည်းဘိုးတွေသာ ဖြစ်ပါသည်၊ လက်ခက မကုန်ပါ၊ ရွာထဲက ပန်းရံတွေ။ လက်သမားတွေမှာ ဆရာတော် ခေါ်သည်ဆိုသည်နှင့် အရောက်လာပြီး အကူအညီ ပေးကြပါသည်၊ ဆရာတော်က ဆင့်လျင် မအားဘူးဟူ၍ မရှိကြပေ၊ မိမိ အလုပ်ရှိလျင် ထိုအလုပ်ကိုပစ်ပြီး လာကြရသည်၊

ဘာမျှမကြာလိုက်၊ အကြမ်းထည်ပြီးနေပြီဟု၎င်း၊ အမိုးလုပ်နေပြီ၊ ဆေးသုတ်နေပြီ စသည်ဖြင့် ကြားနေရသည်၊ တလအတွင်းမှာပင် အားလုံးပြီးပြီ ရေစက်ချဘို့ လာနိုင်ပါပြီ ဟုဆိုသည်၊ ဘယ်နေ့ အရောက်လာပါဟု မဆို ပါ ကျွန်တော်တို့ အဆင်ပြေသည့်အချိန်တွင်လာနိုင်ပြီဟုဆိုသည်၊ အလုပ်မပြတ်နိုင်သောကျွန်တော်တို့ ကအေးအေးဆေးဆေး၊

(၄)

တနေ့သော် မမျှော်လင့် ဘဲ ကျွန်တော့်ဆိုင်သို့ အပ်ခြည်မျှင် ဆရာတော်ကြွလာလေသည်၊ ဆရာတော်ကို ကျွန်တော်တို့ မသိပါ၊ ဒကာ မိတ်ဆွေတယောက် က ဆရာတော်ကို လှည့်လည်ပြရင်း ဆွမ်းကပ်ချင်သော ကြောင့် နေရာကလေးခဏ သုံးချင်ပါသည်ဆိုပြီး ရောက်လာခြင်းဖြစ်ပါ၏၊ ဆရာတော်မှာ စကားပြောလျငိပြုံးပြုံး ပြုံးပြုံး ဖြင့် ချင်ခင်စရာကောင်းသည်၊ သူအသက် ၅၀ အထိဘဲလူ့ဘောင်ထဲမှာနေမည်၊ အသက် ၅၀ ပြည့်ပြီး သည်နှင့် တောထွက် တရားရှာတော့မည်ဟုဆိုသည်၊ ( ၂၀၁၄ ခု ဖေဖ၀ါရီ လက ဆရာတော် မွေးနေ့ပွဲ ကျင်းပ ကြသည်ဟုကြားလိုက်ရ၏၊ နောက်များမကြာမီ ဆရာတော် ဘ၀နတ်ထံ ပျံလွန်တော်မူသွားရှာပြီ ဟု ကြားရ လေသည် ) ကျွန်တော်တို့ က ၀မ်းပမ်းတသာ ခရီးဦးကြိုပြု နေရာပေးပါသည်၊ ဆွမ်းကပ်ပြီးသော် ဆရာတော်နှင့် အလာပ၊ သလာပ နှစ်နာရီခန့် စကားပြောချိန် ရလိုက်ပါသည်၊

ကျွန်တော်သည် ဘယ်ဘ၀ ၀ဋ်ကြွေးဟူ၍မသိ၊ မိမိကိုယ်ကို အိမ်အသစ် နှင့် မနေရ၊ ကားအသစ် မစီးရဘူးဟု စွဲနေလေသည်၊ ကျွန်တော်အင်ဂျင်နီယာ လုပ်စဉ်က ရွှေပြည်သာ မှာ အစ်ကိုအတွက်ရသော မြေကွက်တွင် အိမ် တလုံးဆောက်ဖူးသည်၊ အိမ်အကြမ်းထည်အပြီး ပစ္စည်းတွေ ထည့်နေချိန်မှာ အစ်ကို ရုတ်တရက် ကွယ်လွန် သွားသည်၊ ကျန်ရစ်သူ အစ်ကို့ ဇနီးက ထိုအိမ်ကို သူပိုင်ပါသည်ဆို၍ အိမ်ကိုရဲလွှတ် တရားရုံးနှင့် ချိန်းချောက် လာသောအခါ ကျွန်တော်လက်လွှတ်လိုက်ရပါသည်၊ မေမြို့အနီး သူငယ်ချင်းတယောက် ဆောင်ကျဉ်းပေးသဖြင့် မြေတကွက် ရရာ လယ်စောင့် တဲကလေးထိုးဘူးသည်၊ ထိုတဲမှာ အိပ်မည်စီစဉ်ရာ ပြန်ပေးတွေဆွဲနေသည်၊ ညအိပ်ဖို့ စိတ်မချရဘူးဆို၍ တဲအသစ်မှာကျွန်တော်မအိပ်ရပါ၊ ပုဂံ၊ ညောင်ဦးမှ ဇနီးသည် ရသောမြေကွက်တွင် နေဖြစ်ရုံ အိမ်ကလေး ဆောက်အပြီး အိပ်မည်ဟု ရောက်သွားသော် ရေမသွယ်ရသေး၊ မီးမရှိဘူးဆိုပြီး ဟော်တယ် မှာသာကျွန်တော်အိပ်ခဲ့ရလေသည်၊ စင်္ကာပူမှာ ကျွန်တော်တို့လို ပီအာ တွေမှာ အိမ်သစ်ဝယ်ခွင့်မရှိ အိပ်၊ဒီ၊ဘီ ကဆောက်သော သူများနေပြီးသား အိမ်အဟောင်းကိုသာဝယ်ပိုင်ခွင့်ရှိလေသည်၊

အလုပ်ခွင်ထဲမှာ သူငယ်ချင်းတွေ ကားအသစ် ရကြသော်လည်း တခါမျှကျွန်တော် ကားအသစ် မစီးခဲ့ဘူးရပေ၊ စင်္ကာပူမြို့တွင် ကားအသစ်နှင့် ၆ လ တနှစ် စီးပြီးသား ကားအဟောင်းမှာ ဈေးက ကားအသစ်ဝယ်မစီးချင် လောက်အောင်ကွာလေသည်၊ အယူသီးသည်ဟုဘဲဆိုဆို ကျွန်တော်သည် ပစ္စည်းအသစ်နှင့် ထိုက်တန် သူမဟုတ် ဟူ၍ စွဲနေလေသည်၊

“အရှင်ဘုရား ဘာ့လို့လဲ ဘုရား အတိတ်ဝဋ်ကြွေးဆိုတာ ဖြစ်နိုင်သလား “ ဟုမေးမိသည်၊ ဆရာတော်က “ဒကာကြီးလိုလူတွေ လောကမှာအများကြီး” ဟုဆိုသည်၊” ပြေချင်ရင်တော့ ကျောင်း ကန်ဇရပ်လှုပေတော့ဗျာ” ဟုပြောသည်၊ ထိုအချိန်မှာ ကျွန်တော်ဆောက်သော သိမ်ကို ရေစက်ချရန် ကျွန်တော် သတိရမိလေသည်၊

(၅)

ချက်ခြင်းဆုံးဖြတ်သည်ဆိုသော်လည်း နောင်သုံးလေးလ ကြာမှ ငှက်ပျောရွာကို ရေစက်ချရန်ရောက်ရပါ သည်၊ ဘုန်းကြီးက မနက် ဂ နာရီအရောက်လာရန်ခေါ်သော်လည်း နံနက် ရ နာရီ မထိုးမှီမှာပင် ကျောင်းပေါ်ကို ကျွန်တော်တို့ရောက်သွားပါသည်၊ မနေ့က ငှက်ပျောရွာမှာ ဗျို့ ဟစ်သည်၊ ဗျို့  ဟစ်သည်ဆိုခြင်းမှာ ရွာထဲလမ်း ပေါင်းစုံ လှည့်ခါ မနက်ဖြန် တွင် အလှုဒါယိကာ ဘယ်သူ ဒါယိကာမ ဘယ်သူတို့က ဆွမ်းလုပ်ကျွေးပါမည်၊ ဆွမ်းကြွေး ကြွရောက်ကြပါဟု အိမ်တိုင်းကြားအောင် ဖိတ်ခေါ်ရခြင်းဖြစ်ပါသည်၊

ငှက်ပျောရွာမှာ အိမ်ခြေ ၂၀၀ ထက် မပိုပါ၊ နံနက် ဂနာရီထိုးသော် ကျောင်းဝန်းတခုလုံး လူတွေပြေ့ လျံနေပေပြီ၊ အလှုရှင်ဘယ်သူဆိုတာအရေး မကြီး အလှုကို အားပေးရန် အိမ်မှာ ထမင်းမချက်တော့ဘဲ မီးခိုးတိတ်ဘုန်းတော် ကြီး ကျောင်းသို့ လာ ကြခြင်းဖြစ်ပါသည်၊ ရွာပရိတ်သတ်ကို ကြမ်းပေါ်မှာ ထိုင်ပြီး စားပွဲဝိုင်းတွေ နှင့်ကြွေးသော် လည်း အလှုရှင် ကျွန်တော်တို့ ကို ဇွမ်း ခရင်း စားပွဲ ကုလားထိုင်နှင့်ကျွေးလေသည်၊ အသားဟင်း၊ တို့စရာ၊ ဟင်းချိုဟင်းတွေ နှင့် စားပွဲဝိုင်းမှာ စားစရာတွေမြိုင်လှသည်၊ ဟင်းခွက်စုံအောင်ပင်ကျွန်တော်တို့ မနှိုက်နိုင်ပေ၊

ဘုန်းကြီး၏အစီအမံဖြင့် ရွာထဲမှ တာဝန်ကျသူတွေက ညဥ့်ဦးပိုင်းကထည်းက ထမင်းတွေ ဟင်းတွေ ချက်ကြရ ခြင်းဖြစ်ပါသည်၊ ကျွန်တော်တို့ အလှုရှင်မိသားစုမှာ မီးပူလည်းမခံရ၊ချွေးလည်းမထွက်လိုက်ရပေ၊

ထမင်းစားပြီးသော် ရေစက်ချဘို့လာပါဟုခေါ်၍ အသစ် စက်စက်သိမ်အတွင်းကို ကျွန်တော်တို့သွားရပါသည်၊ ရေစက်ချပေးမည့်ကိုယ်တော်လေးမှာ အသက်မကြီးသေး ကျွန်တော်တို့ထက် အများကြီး ငယ်ပါလိမ့်မည်၊ ဦးပဇင်းမှာ စာမေးပွဲတွေ အများကြီးအောင်သော စာချ ကိုယ်တော်ဖြစ်မည်ထင်သည်၊ ရေစက်မချမီ သိမ်ကို ဆောက် လုပ်လှုဒါန်းရခြင်းမှာ အလွန် မွန်မြတ်သော အလှု ဖြစ်ကြာင်း ကျမ်းဂံတွေ၊ စာပေတွေ ကိုရည်ညွှန်းပြီး တရားဟောပြလေသည်၊ တရားဟောတာကြာရှည်သော် ပရိတ်သတ် ကပျင်းလှပြီ၊ ကျွန်တော်ကတော့ အတွေး တွေ မဆုံးနိုင်ပေ၊ ကွယ်လွန်သွားကြပြီဖြစ်သော  အမေနှင့်အဖေ၊ အစ်မ နှင့် အစ်ကို တွေ ကို သတိရမိသည်၊

သိမ်ဆိုသည်မှာ ဘုရားကျောင်းကန် ဇရပ်ရှိရာနေရာတိုင်းမှာ ရှိသင့်ပါသည်၊ မြင်မြတ်သော ရဟန်းဘောင် ကို တက်နိုင်ရန် မြင့်မြတ်သော သိမ် ရှိရမည်ဟုဆိုကြပါသည်၊ ပရိတ်သတ်မှာ များပြားလှသောကြောင့် ဆောက် ထားသောသိမ်နှင့် မဆန့်ပေ၊ သိမ်အပြင် မှာ ဖျာခင်းပြီး ထိုင်ကြရသည်၊ ဤမြတ်သောနေရာ၌ နောင်တွင် မြောက်များစွာသော ရဟန်းမြတ် တို့သည် မြင့်မြတ်လှသော ရဟန်းဘောင်သို့ တက်ရောက်နိုင် ကြပေတော့ မည်၊ ကျွန်တော်သည် မိမိ အလှု အတွက် ကြည်နူး မဆုံးနိုင်တော့ပေ၊ မိမိအလှုအောင်ပြီဟူ၍လည်း စိတ် ထဲမှာတဖွဖွ ရွတ်ဆိုနေမိတော့သည်၊

ကျွန်တော်သည် ရေစက်ခွက်ကို လက်နှစ်ဘက်ဖြင့် ရိုသေစွာ ကိုင်ပါသည်၊ သက္ကစ္စ မြောက်မမြောက် ကား ကျွန်တော်မသိ၊ ဘေးက ဇနီးသည်ကတော့ ပျော်တပြံးပြုံး၊  ကျောင်းကန်ဇရပ် လှုဒါန်းရခြင်း၏ ရွှင်လန်း ၀မ်းမြောက် ရမှုမှာ ရေစက်ခွက်ကိုင် ရေစက်ချဘူးသူတို့သာသိကြပါလေသည်၊


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကိုသန်းလွင်, ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments