အရှင်ကုသလသာမိ (အတည်မဲ့) – စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၃)

October 12, 2014

– စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၃)
(မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၄

ယခင်အပတ်မှ အဆက်

(၁၁)
“မအိပ်ဘူးလား”ဆိုသော အမျိုးသမီးငယ်၏အသံကြောင့် အတွေးပျက်သွားသည်။ “ငါ အိပ်တော့ အိပ်ချင်တယ်၊ အိပ်မရသေးဘူး၊ ငါ ဥရောပကို စရောက်ကတည်းက စိတ်ကို လွှတ်ထားလိုက်တိုင်း ငါတို့နိုင်ငံကို သတိရတယ်၊ ပြဿနာတွေမြောက်မြားစွာနဲ့ မငြိမ်းချမ်းနိုင်၊ မပြေလည်နိုင်တဲ့အခြေအနေတွေကို တွေးပြီး မောနေတတ်တယ်၊ ပြီးတော့ အလယ်တန်းအဆင့်လောက်တောင် ပညာသင်ကြားခွင့်မရှိတဲ့ မြန်မာပြည်က ကလေးငယ်တွေကို သနားတယ်၊ ငါတို့ရွာမှာလေ အလယ်တန်းအဆင့်ထိ ကျောင်းတက်တဲ့ကလေးက ၁ဝဝ မှာ ၁ဝ ယောက်မရှိဘူး၊ အထက်တန်းဆို ၁ဝဝ မှာ ၂/၃ ယောက်လောက်ပဲ ရှိတယ်။ အထက်တန်းတက်တယ်ဆိုလည်း အလကား စနစ်မကျတဲ့ ပညာရေးကြောင့် ကျောင်းပြီးလည်း လယ်ထွန်တဲ့သူထက် ပိုထူးတာဆိုလို့ မြို့ရောက်ဖူးတာပဲ ပိုပါတယ်၊ ငါ ဒါတွေကို တွေးနေမိတာ”စသဖြင့် ပြောပြမိသည်။ မီးရောင်မှိန်မှိန်များကြားက စိတ်ဝင်တစားနားထောင်နေသော အမျိုးသမီးငယ်၏မျက်နှာကို စိတ်မကောင်းသည့်ဟန်ဖြင့် တွေ့ရသည်။

(၁၂)
“ငါ ပြောတာတွေ များသွားပြီ၊ မင်းလည်း ပြောပါဦး”ဆိုမှ သူက သူ့အကြောင်းတွေကို ပြောပြသည်။ သူက ဆွစ်ဇာလန်နိုင်ငံသူ၊ အသက် ၂၁ နှစ်အရွယ် ကျောင်းသူ၊ မိရိုးဖလာခရစ်ယာန်၊ ဘုရားကျောင်းကို အခမ်းအနားရှိမှ ရောက်ဖူးသည်။ အစက စကားမပြောဖြစ်သော်လည်း ပြောမည့်ပြောတော့ ခရားရေလွှတ်သလို ပြောသည်။ အလွန်သိချင်၊ စပ်စုချင်သော ဥရောပသားတို့ ထုံးစံ ပေါ်လာပုံရသည်။ အင်္ဂလိပ်လိုနေ့စဉ် မပြောဖြစ်သဖြင့် အချို့နေရာများတွင် နှစ်ကြိမ်ပြန်ပြန်မေးရသည်။ ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ အင်တာနက်စာမျက်နှာ များတွင် အနည်းငယ်ဖတ်ဖူးသည်။ ရှောင်လင်ဘုန်းဘုန်းများနှင့် တိဗက်ဘုန်းကြီးများအကြောင်းကိုတော့ အတော်များများ တွေ့ဖူးသည်ဟု ဆိုသည်။

(၁၃)
သူက ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့သို့ ရထားဖြင့် သွားမည်၊ ပြီးလျှင် စက်ဘီးဖြင့် ဒိန်းမတ်နိုင်ငံကို လှည့်လည်မည်ဟု ဆိုသည်။

“ဒါနဲ့ မင်းက တစ်ယောက်တည်း သွားမှာလား”။ “အေးပေါ့ … တစ်ယောက်တည်း သွားရတာ လွတ်လပ်တယ်၊ ညှိနှိုင်းရတာတွေ လုပ်စရာ မလိုဘူး၊ စက်ဘီးနဲ့ သွားနိုင်သလောက် သွားမယ်၊ အဆင်ပြေတဲ့နေရာမှာ ရွက်ဖျင်တဲထိုးပြီး အိပ်မယ်၊ ငါ့မှာ စက်ဘီးလည်း ပါတယ်၊ ရွက်ဖျင်တဲလည်း ပါတယ်”။ “ဟေ … မင်းအတွက် လုံခြုံမှုကော ရှိရဲ့လား”။ “အင်း … ဒီမှာ မိန်းကလေးတစ်ယောက်တည်းဆိုပြီး အပြောင်အပျက်သဘောနဲ့တောင် မနှောက်ယှက်ကြဘူး”။ “ဘုရား … ဘုရား … တို့နိုင်ငံက မင်းလို လှပတဲ့ အမျိုးငယ်လေးတွေ မပြောနဲ့ အသက် ၄ဝ ဝန်းကျင် အမျိုးသမီးတွေတောင် တစ်ယောက်တည်း သွားရတာ စိတ်မချကြဘူး၊ လုံခြုံမှုကို မခံစားရဘူး”။

“အင်း တစ်ခုတော့ ရှိတယ်၊ အီတလီတို့ ပြင်သစ်တို့ကတော့ သိပ်မလုံခြုံဘူး၊ အီတလီက အချို့မြို့တွေမှာ လုတတ်တယ်၊ မြို့လည်ခေါင်မှာလည်း တစ်ခါတစ်ရံမှာ ယီး ယား ဆိုပြီး လှမ်းစတတ်တယ်၊ ပြင်သစ်ကတော့ လုတာတွေ ခိုးတာတွေ ပေါတယ်”

(၁၄)
သူ့စကားတွေကို နားထောင်ရင်းနှင့် ကိုယ့်ကိုကိုယ် ရှက်နေမိတာ အမှန်ပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံ – ဗုဒ္ဓဘာသာနိုင်ငံ။ အစပ်အဟပ်က သိပ်မမိချင်တော့။ အသားအရေ၊ အရပ်အမောင်း၊ ကိုယ်နေဟန်ထား၊ အစစအရာရာ ပြောစရာမလိုသော အမျိုးသမီးငယ်လေးတစ်ယောက် စက်ဘီးတစ်စီးဖြင့် လှည့်လည်၊ အဆင်ပြေသည့်နေရာ ရွက်ဖျင်တဲထိုးပြီး နေ၊ မည်သည့်အနှောက်အယှက် ဘေးရန်မှ မဖြစ်ဘဲ ခရီးသွားနေပုံမှာ မျက်စိထဲမြင်ယောင်ကြည့်ရတာ ကျက်သရေဖြစ်နေသည်။ စိတ်ထဲမှာလည်း အံ့သြနေသည်။ လုံခြုံလိုက်သည့်ဘဝတွေ။ မည်သည့်အရာများက ဤသို့သောအခြေအနေများကို ဖန်တီးပေးလေသနည်း။ လူချင်းမတူလို့လား။

(၁၅)
အရင့်အရင်က ဥရောပယဉ်ကျေးမှုဆိုပြီး နှာခေါင်းရှုံ့ချင်၊ ပါးစပ်ရွဲ့ချင်တတ်သော အပြောအဆိုများကို ပြန်မြင်ပြီး ကိုယ့်ကိုကိုယ် မလုံမလဲ ဖြစ်နေမိသည်။ ဥရောပဆိုတာ အရှက်မရှိတဲ့ ယဉ်ကျေးမှု၊ ဟိရိသြတ္တပ္ပဆိုတာ သိပ်ရှိကြတာ မဟုတ်ဘူး … စသဖြင့် ပြောတတ်ခဲ့သော၊ ပြောနေကြဆဲစကားသံများကို မြင်ယောင်သည်။ ချောချောလှလှအမျိုးသမီးငယ်လေးတစ်ယောက် တောရောမြို့ပါမကျန် စက်ဘီးတစ်စီးဖြင့် လုံခြုံစိတ်ချစွာ ခရီးသွားခြင်းတစ်ခုကပင်လျှင် စာရေးသူအတွက် လေးစားစိတ်ဝင်ခဲ့ရသည်။ အခြားအခြားသော တာဝန်ယူစိတ်၊ မိမိဂုဏ် သိက္ခာအပေါ် တန်ဖိုးထားမှု စသော အံ့သြဖွယ်ရာ စိတ်နေသဘောထားများလည်း များစွာ ရှိနေသည်။

စာရေးသူက ထိုသို့အမြင်များကို တင်ပြလာတိုင်း တို့က သာသနာနဲ့တွေ့ရတယ်၊ သူတို့က သာသနာနဲ့ မတွေ့ရဘူး၊ တို့ကတော့ အားမကျပါ ဘူး၊ ပတိရူပဒေသဝါသ ဘာညာနဲ့ လာရောက်တုန့်ပြန်မှုကို အကြိမ်များစွာ ခံရဖူးသည်။

ဗုဒ္ဓဘာသာဖြစ်ပြီး သူခိုးဖြစ်နေသူနှင့် ဘာသာမဲ့ဖြစ်ပြီး သမ္မာအာဇီဝလုပ်ကိုင်စားသူ နှစ်ဦးမှာ ဘယ်သူက ဗုဒ္ဓဝါဒီလည်း ဆိုတာကို သိစေချင်ပါသည်။ အဖေအမေက ဗုဒ္ဓဘာသာဖြစ်လို့ ဗုဒ္ဓဘာသာဖြစ်လာရုံနှင့် ငါ ဗုဒ္ဓသာသနာနှင့် တွေ့ရတယ်၊ ကံကောင်းတယ်ဟု မထင်လိုက်ပါနှင့်။ မှတ်ပုံတင်ထဲနှင့် မိမိပတ်ဝန်းကျင်မှာ ဗုဒ္ဓဘာသာဟု ကြေညာထားရုံနှင့် ကိုယ့်ကိုကိုယ် ဗုဒ္ဓဘာသာဖြစ်နေပြီဟု မယူဆလိုက်ပါနှင့်။ ဗုဒ္ဓဘာသာဆိုတာ အပေါ်ယံပညတ်တစ်ခုမျှသာပါ။ သမ္မာအာဇီဝ စတဲ့ အကျင့်တရားများကသာ အနှစ်သာရပါ။

အကာ၊ အနှစ် ကွဲသိစေချင်သည်။ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာဖြစ်တာတစ်ခုတည်းနှင့် တလွဲဂုဏ်မယူစေချင်ပါ။ အကျင့်ပျက်မှုတွေ နည်းပါး အောင်၊ ခိုးမှုတွေ နည်းအောင်၊ မုဒိမ်းမှုတွေ နည်းအောင်၊ လိမ်ညာလှည့်စားမှုတွေ လျော့ပါအောင် … ဝိုင်းဝန်းကြိုးပမ်းကြဖို့ လိုပါသည်။ တာဝန်ကိုယ်စီ ယူတတ်ကြဖို့ လိုပါသည်။ တိုင်းပြည်ကောင်းအောင်၊ တိုင်းပြည်မျက်နှာမငယ်ရအောင် စိတ်ကောင်းစေတနာကောင်းဖြင့် ကြိုးပမ်းဆောင်ရွက်သူများကိုလည်း တာဝန်သိသိ၊ ခေါင်းရှိရှိဖြင့် ဝိုင်းဝန်းကျားကန်ပေးဖို့ လိုအပ်ပါသည်။

တိုင်းပြည်မှာ အရွယ်မရောက်သေးသူ မုဒိမ်းကျင့်မှုများ ကြောက်ခမန်းလိလိ မြင့်တက်နေသည်ဟူသော သတင်းနှင့် မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည်ဟူသော ကြွေးကြော်မှုမျိုး … နှစ်ခုယဉ်တွဲနေခြင်းလောက် ရှက်စရာကောင်းတာ မရှိဟုမြင်ပါသည်။ တိုင်းပြည်တွင် ခိုးဆိုးလုယက်မှုများ၊ ရက်စက်စွာသတ်ဖြတ်နေမှုများ၊ စစ်ပွဲများ၊ အဂတိလိုက်စားမှုများ၊ အကြမ်းဖက်မှုကို အားပေးခြင်းများ … စသည်တို့ ဖြစ်ထွန်းရာအရပ်ကို ပတိရူပဒေသဝါသဟု ကြွေးကြော်ခြင်းမှာ ဝမ်းနည်းဖွယ်ပင် ကောင်းလှသည်။

အကယ်၍ မြတ်စွာဘုရားရှင်သာ သက်တော်ထင်ရှားရှိတော်မူဦးမည်ဆိုပါက “ပြုံးတော်မူလိမ့်မှာ” အသေအချာပင် ဖြစ်သည်ဟု ထင်ပါသည်။

(၁၆)
ရထားက ကျည်ဆံရထားများလို သိပ်မြန်ပုံတော့ မရ။ တဂျူန်းဂျူန်း တဂျူတ်ဂျူတ်ဖြင့် ခရီးဆက်နေသည်။ ဘူတာငယ်လေးများကို မကြာ ခဏ ဖြတ်သန်းသွားလာနေသည်ကို တွေ့ရသည်။ Fulda ဟူသော ဘူတာတွင် ရထားက ရပ်နေသည်။ အခန်းအတွင်းမှ လူများ အလျှိုလျှိုထွက်လာကြသည်။ စီးကရက်များ သောက်ကြသည်။ “အမျိုးသမီးက ရထားကတော့ နောက်ကျတော့မှာပဲ၊ ဘာဖြစ်လို့ အကြာကြီး ရပ်နေလဲ မသိဘူး”ဟု ငြီးတွားသည်။

စာရေးသူလည်း အခန်းပြင် ထွက်လိုက်သည်။ အခန်းတွင်းမှာ အနည်းငယ် နွေးထွေးနေသလောက် ပြင်ပလေက အေးစက်နေသည်။ တစ်ချက်တစ်ချက် ပါးပြင်ပေါ် တိုးဝှေ့လာသော လေနုအေးက အရသာရှိလှသည်။ အနားက ဖြတ်လျှောက်သွားသူများက ပြုံးပြသူ ပြုံးပြ၊ ဟဲလိုဟု နှုတ်ဆက်သူက နှုတ်ဆက်သွားကြသည်။ ရထားပေါ်မှဆင်းပြီး စီးကရက်သောက်ကြသူ အတော်များများကို တွေ့ရသည်။ ဘူတာပလက်ဖောင်းအနားက လူများကို လှမ်းကြည့်လိုက်သည့်အခါ စီးကရက်သောက်သူများကြားတွင် စာရေးသူအခန်းထဲက ဆွစ်ဇာလန်သူလေးပါ စီးကရက်ကို ဟန်ပါပါ ဖွာရှိုက်နေသည်ကို မြင်လိုက်ရသည်။

ဘေးနားရောက်လာသော ဂျာမန်အမျိုးသားကြီးနှင့် နှုတ်ဆက်စကားပြောရင်း “မင်းတို့ဆီမှာ စီးကရက်အတော်သောက်ကြတယ်နော်”ဟု ပြောမိသည်။ “ဟုတ်တယ် … ဒီမှာ စီးကရက်သောက်နှုန်းက အရွယ်ရောက်သူအားလုံးရဲ့ ၃ဝ% ကနေ ၄ဝ % ရာခိုင်နှုန်းလောက်အထိ ရှိတယ်၊ စီးကရက်ကြောင့်သာ မဟုတ်ရင် တို့ဆီမှာ ကင်ဆာဆိုတာ ရှိမှာ မဟုတ်ဘူး”ဟု သူ့အမြင်ကို ပြောပြသည်။

“ကင်ဆာဆိုလို့ ပြောရဦးမယ်၊ တို့ဆီက ကင်ဆာကတော့ အစားအသောက်တွေကြောင့် ဖြစ်မယ်ထင်တယ်၊ တို့နိုင်ငံက ကမ္ဘာမှာ ကင်ဆာရောဂါအဖြစ်အများဆုံးနိုင်ငံတွေထဲမှာ ဒုတိယလိုက်တယ်၊”ဟု ကြွားလိုက်မိသေးသည်။ တစ်ပြိုင်နက်တည်းမှာ ကွမ်းတံတွေးများဖြင့် ဆေးရောင်ခြယ်ထားသော ရန်ကုန်မြို့လမ်းမများနှင့် ညစ်ပတ်သောတိုက်ခန်းလှေခါးများကို မြင်ယောင်မိသည်။ ၁၅ မိနစ်ခန့်ကြာသောအခါ ရထားက ဆက်လက်ခုတ်မောင်းသွားလေသည်။

ဆက်လက်ဖော်ပြပါမည် …

အရှင်ကုသလသာမိ (အတည်မဲ့)
www.facebook.com/ashinkusalasami


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်