သက်ခိုင် – သူငယ်လေးအောင်ဖေ၊ မိဆိုး နှင့်ဇော်ဝမ်း

October 13, 2014

သက်ခိုင် – သူငယ်လေးအောင်ဖေ၊ မိဆိုး နှင့်ဇော်ဝမ်း
(မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၄

(၁)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ အထင်ကရ ဈေးဝယ်စင်တာကြီး တခုဖြစ်သော MBK ကုန်တိုက်(၅)ထပ်တွင်းရှိ အစားအသောက်တန်းတွင် မိမိနှစ်သက်ရာကို ဝယ်ယူစားသုံးနေသူ အချို့ဖြင့် စည်ကားနေသည်။ ဝက်စတူးဟင်းနှင့် ကြက်ဥပြုတ်ကို မုန်ညှင်းချဉ်လေးဖြင့် မြိန်ရည် ယှက်ရည် စားသုံးပြီးနောက် ကိုအောင်ဖေက pepsi အချိုရည်ကို တကျိုက်ကျိုက် သောက်လိုက်သည်။

“နေပါအုံးဗျ၊ ကိုမြင့်ဇော်ပြောတဲ့ ထမီခိုးမှုနဲ့ အဖမ်းခံခဲ့ရတယ်ဆိုတာကကော လင်းစမ်းပါဦး ကိုအောင်ဖေရ”

ကျနော့်အမေးစကားကြောင့် ကိုအောင်ဖေ အားပါးတရ တဟားဟားရယ်လိုက်ကာ၊ ပေါက်ပေါက်ရှာရှာဗျာ ကျုပ်က ဘယ်ကထမီ သွားခိုး ရမှာလဲ၊ ဒီလူတွေက ကျုပ်ဆိုအမြဲတမ်း အဲဒီလို နှိပ်ကွပ်ချင်တဲ့သဘော ပေါက်ကရ နောက်တာပါဗျ ဟုအသာတကြည် ပြုံး၍ ဆိုလေသည်။

မဟုတ်ဘူး ဆိုတာကိုတော့ ကျနော်သိသည်၊ သူ၏ နုတ်ထွက်စာကို ပါတီက လက်မခံဘဲ အထူးလုပ်ငန်းဆိုသည့် ပြည်တွင်း ဆက်သွယ်ရေး အလုပ်ကို တာဝန်ပေးသဖြင့် စွန့်စွန့်စားစား လုပ်ခဲ့ရသော သူ့အတွေ့အကြုံများကို ဆက်လက် မမေးမြန်းခင် သူ၏ မြန်မာပြည်တွင်း ဖြတ်သန်းခဲ့ရသော ဘ၀အစိတ်အပိုင်း တချို့တဒေသတို့ကို သိချင်လာသည့်အတွက် ထိုသို့ စကားထောက် လိုက်ခြင်းဖြစ်သည်။ ဒါကြောင့်ကျနော်မေးချင်သည့် အကြောင်းအရာ စကားဝိုင်းလေး စိုပြေသွားစေရန် သူ့ကိုအရွှန်းဖောက်လိုက်သည့် သဘောသာ ဖြစ်သည်။

ဤမှစ၍နောင်တွင် အောင်ဖေဆိုသော လူတယောက် မည်သို့မည်ပုံ လူ့လောကရောက်လာပုံ၊ နိုင်ငံရေး စိတ်ဝင်စားသည့် လူငယ်တ ယောက်ဖြစ်လာပုံ စသည်တို့ကို အောက်ပါအတိုင်း စုံစုံစေ့စေ့ သိရတော့သည်။

(၂)
အောင်ဖေ့ကို သူ့အမေကမွေးတော့ အိမ်မှာတင်မွေးဖြစ်သည်၊ ဒါပေမယ့် အဲဒီခေတ်ကာလက ရှိသည့် မြို့နယ်အဆင့် မီးယပ်နှင့်သားဖွား ဆရာမတဦးက မွေးပေးခဲ့ခြင်းဖြစ်သည်။ တခါတလေမှာ သူအူကြောင်ကြောင် လျှောက်ပြောနေတတ်သည့် ရာဇဖွား၊ နေတက်ရေတက်မှာ မွေးတာ ဘာညာဆိုတာလည်း ဟုတ်တော့ ဟုတ်သည်၊ မနက်၁၀နာရီခွဲချိန်ကိုး။

မွေးခါစက ဖြူဖြူဖွေးဖွေးလေးမို့ သူနာပြုဆရာမကြီးက ချစ်လွန်း၍ ၃-၄နှစ်အထိ  ပြန်လာလာကြည့်တိုင်း အမေလုပ်သူကို စသည့်သဘောဖြင့် ပေးမွေးစားရန် တောင်းခဲ့သေးသည်ဟုလည်း ဆိုကြသည်။ ယခုခေတ် အနေအထား အရဆိုလျှင် အောင်ဖေတို့မှာ မွေးချင်းများသည်ဟု ဆိုရမလို၊ ဘာလို့ဆို အောင်ဖေက အငယ်ဆုံးဖြစ်ပြီး အထက်တွင် အမ၃ယောက် အကို၃ယောက် ရှိကြသည်။ ဒါပေမယ့် အောင်ဖေတို့မှာ ဆိုးဆိုးဝါးဝါးတော့ ထမင်းမငတ်ခဲ့ကြ။

အငယ်ဆုံးဆိုသည့်အတိုင်း အမအကြီးဆုံးနှင့် သူ့အောက်ဆက်တိုက်လာသော အကို၃ယောက်တို့၏ အမှန်အကန် သွန်သင်မှုကိုတော့ အောင်ဖေခံယူခဲ့ရသည်။ ဆိုလိုသည်မှာ ရှေးယခင် မြန်မာမိသားစုထုံးစံအတိုင်း အပြစ်လုပ်လျှင် ဆော်ပလော်တီးခံရခြင်း ဖြစ်သည်။ အထူးသဖြင့်တော့ လမ်းထောင့်တွင်တည်ရှိသည့် အောင်ဖေတို့အိမ်၏ ဘေးလမ်းမကိုမျက်နှာမူထားသည့် ကစားဖော် ကိုဖြိုးတို့ခြံကို ကာထားသည့် ပုဏ္ဍားရိပ်ကိုင်းများက သက်သေတည်ပေသည်။ နားလည်တတ်သည့် ငယ်စဉ်ကစ၍ အဆိုပါ ပုဏ္ဍားရိပ်ကိုင်း သေးသေးမှနေ၍ လူကောင်ကြီးလာသောအခါ ကိုင်းကြီးကြီးများကို ချိုး၍ ဆော်ပလော်တီး ခံရခြင်းပင်တည်း။ အထူးသဖြင့် အမအကြီးဆုံးနှင့် သူမတာဝန်ကို တွဲယူလေ့ရှိသည့် အမှတ်၃အကိုလတ်တို့ ဖြစ်ကြသည်။

ပုံမှန်အားဖြင့် အောင်ဖေအိမ်မှာ တာဝန်ယူရသည်က ပေ၂၀-ပေ၆၀ ဝင်းအတွင်းရှိ ၁၅-၃၀ပေ ပတ်လည် လောက်ရှိမည့် အိမ်ကြမ်းပြင်ကို တိုက်ချွတ်ရခြင်း၊ အိမ်ရှေ့ ၁၀ပေခန့်ရှိသည့် မြေကွက်လပ်၊ အိမ်ဘေးလမ်းမဘက်ခြမ်းရှိ ၃ပေခန့်ကျယ် အိမ်ဘေးတလျှောက်နှင့် မြောင်းနုတ်ခမ်းဘောင်တွေပေါ်တွင် စိုက်ပျိုးထားသည့် အလှစိုက် သစ်ပင်များ၊ ပန်းအိုးများရှိ အပင်များကို ညနေတိုင်း ရေလောင်းပေးရခြင်းပင်၊ နွေဘက်ဆိုလျှင်တော့ အောင်ဖေပိုခံစားသည်၊ ဘာလို့ဆို နောက်ဖေးမြေကွက်လပ်တွင် အကိုများက စားပင် သီးပင်များ စိုက်တတ်၍ ဒါကိုလည်း ရေလောင်းသည့်တာဝန် ယူရတတ်သေးသည်။ ဒီတာဝန်တွေထဲမှ တခုခု လစ်ဟာသွားသည်နှင့် သတ်မှတ်ထားသည့် အရွယ်အစား ပုဏ္ဍားရိပ်ကိုင်းကို အမှု ၁ ခုအတွက် ၁ ချောင်း၊ ၂ မှုအတွက် ၂ချောင်းစသဖြင့် သဘောတူညီချက်ယူကာ တင်ပါးနှင့် မိတ်ဆက်ခံရခြင်းဖြစ်သည်။ အဆော့မက်သော အောင်ဖေအတွက်ကတော့ ကိုဖြိုးတို့၏ ခြံကာထားသည့် ပုဏ္ဍားရိပ်ပင်တွေကို ကလေးဘဝက အမုန်းဆုံးသာဖြစ်သည်၊ တပတ်လျှင် ၂ခါလောက်တော့ မေ့ချင်ယောင်ဆောင် အလုပ်မလုပ်၍ အရိုက် ခံရသောကြောင့်ပင်။

အောင်ဖေ့အဖေက ဟိုယခင်က ရေကျော်ဈေးဟုခေါ်သည့် ယခုပုဇွန်တောင်ဈေးတွင် အထည်ချုပ်ဆိုင် ဖွင့်ထား ခဲ့ဖူးသည်၊ စက်အလုံးရေ ၄-၅၀ဖြင့် တပည့်အချို့နှင့် ဟိုလူဒီလူ အပ်ထည်ချုပ်လျှင် နာမည်ရသော စက်ဆိုင်ပိုင်ရှင် ဖြစ်သည်။ ဒါပေမယ့် အောင်ဖေမွေးတော့ သူက အိမ်မှာသာ သူ့လက်စွဲတော် စက်ကလေး တစ်လုံးနှင့် တောင်ဥက္ကလာ (၉)ရပ်ကွက်ထဲက အိမ်ကလေးတွင်သာ စက်ချုပ်နေတော့သည်။ အောင်ဖေ အမေကို မေးကြည့်တော့ သဘောကောင်းလွန်း၍ ဟိုလူညာစား ဒီလူညာစားနှင့် တော်လှန်ရေး ကောင်စီ တက်ပြီးစ ဥက္ကလာမြို့သစ်ထောင်တော့ ဝယ်ထားခဲ့သည့် ဤအိမ်နှင့်ခြံသာ ရှိတော့သည် ဟုဆိုသည်။

အဖေက အောင်ဖေ့ကို အတော်ချစ်သည်။ ညဘက်ရပ်ကွက်ပတ်၍ လမ်းလျှောက်လျှင် အောင်ဖေ အမြဲတမ်းပါသည်။ ဘာလို့ဆို မာလကာသီး သို့မဟုတ် လမ်းဆုံလမ်းခွတိုင်းတွင် ရောင်းချတတ်သည့် အသီးတခုခု အမြဲဝယ်ကျွေး၍ အောင်ဖေကလည်း လိုက်ခြင်းဖြစ်သည်။ အဖေကတော့ မရိုက်၊ စကားဖြင့်သာ ပြောဆိုဆုံးမတတ်သည်။ အမေကတော့ တခါတလေ စိတ်မထင်ရင် မထင်သလို ဆော်တတ်သည်။ အများအားဖြင့်တော့ သူ့သမီးကြီးကို အာဏာလွှဲထားသည်။

အောင်ဖေတို့ ဆိုးဆိုးဝါးဝါး ထမင်းမငတ်ဆိုသည်ကလည်း တချို့နှစ်များတွင် အမေ့အမ ကြီးတော် အပျိုကြီးက အတူလာနေ၍ အလုပ်တခုခု လုပ်ကာရှာဖွေ ကျွေးမွေးတတ်သောကြောင့်လည်း ဖြစ်သည်။ ကြီးတော်ကြီး အမည်ကဒေါ်ဝိုင်း။ အောင်ဖေတို့ကတော့ အမေ့အထက်ဖြစ်နေ၍ ဒေါ်လတ်ဟုခေါ်ကြသည်။ သူမကား ဟင်းချက်ရာတွင် အတော်ဆုံးဟု အောင်ဖေ့တသက်တာတွင် ခံယူထားသည်၊ သူမအမဲသားဟင်းကို ဘယ်သူမျှ မယှဉ်နိုင်။

ဒေါ်လတ်က တခါလာလျှင် အလုပ်တမျိုးတော့လုပ်သည်။ အောင်ဖေမှတ်မိသည်က ဟင်းချက်ရောင်းခြင်းပင်၊ အမေကတော့ သူမကိုဝိုင်းကူ လုပ်ပေးယုံသာ။ ငါးမြင်း၊ ငါးသလောက်၊ ကြက်၊ အမဲ၊ ချဉ်ပေါင်ကျော်၊ မျှစ်ကျော်၊ ငါးပြာရည်ချက် စသဖြင့် ရာသီအလိုက်ထွက်သော ဟင်းသီးဟင်းရွက် သားငါးမျိုးစုံကို ချက်၍ အိမ်ရှေ့ခန်းတွင် စားပွဲရှည် တလုံးပေါ်တင်ကာ ရောင်းခြင်းပင်။ လက်ရာကောင်းလွန်း၍ များသောအားဖြင့် ရောင်းကုန်တာ များသည်။

ဤဟင်းများထဲမှ အောင်ဖေအကြိုက်ဆုံးက အမဲသားဟင်းနှင့် ငါးပတ်မွှေ၊ ငါးခူမွှေတို့ဖြစ်သည်။ အဆိုပါဟင်းများနှင့် ထမင်းလွှေးပြီးပါက ဒေါ်လတ်ဟင်းအိုးများတင်သော စားပွဲခုံရှည်ကြီးကို အောင်ဖေသိမ်းပိုက် လိုက်တော့သည်။ စာကျက်ဖို့မဟုတ် စာကညနေကတည်းက အပြီးကျက်ထား၍ ညမိုးချုပ်လျှင် လှဲလျှောင်းကာ ၇အိမ်ကြား ၈အိမ်ကြား ကြားဖူးသမျှ သီချင်းတွေကို အော်ဆိုတော့ခြင်းဖြစ်သည်။

“တံငါရွာ နေပူထဲ ကွန်တွေလည်းပဲ ဖြန့်လို့သာ”

“၉ ကားကိုစီးစဉ် သံဇကာတွေ စည်းတားထား၊ ဟိုး ဟိုး ဆရာ ရှေ့မှတ်တိုင်မှာ ဆင်းစို့အချစ်ရာ”

“မေအိပ်တဲ့ အုတ်ဂူလေးထက်မှာ မောင်ထီးလေး မိုးကာပေးပါ့မယ်”

ထိုခေတ်က မင်းအောင်၊ အနိုင်၊ လွှမ်းမိုး၊ ကိုင်ဇာစသဖြင့် သူမှတ်မိထားသမျှ၊ အလွတ်ကျက်ထားသည့် သီချင်းများကို အဆိုပါစားပွဲပေါ်လှဲကာ အော်တော့သည်။

ပထမတော့ ရပ်ကွက်ထဲက လူတွေက လှမ်းအော်ပြောသည်။ “ဟေ့ကောင် အောင်ဖေ စာမကျက်ဘူးလား” ပေါ့၊ ကျက်ပြီးပြီ ဘကြီးတင်ရွှေခင်ဗျ ဘာညာပြန်အော်ပြီး ဆက်ဆိုတော့သည်။ ဟုတ်တော့လည်းဟုတ်သည် အောင်ဖေက ငယ်သေးတုန်းအရွယ်ဆိုတော့ စာကလည်း မများ၊ ဉာဏ်ကလည်း ကောင်းတော့ ခဏလေးတင် ကိစ္စဝိစ္စ အကုန်ပြီးသွားတတ်သည်၊ သင်္ချာဆိုလျှင် အတန်းထဲတင် ပြီးအောင် တွက်လာတတ်သည့် အကျင့်ကလည်းရှိသေးသည်၊ ဘာလို့ဆို ဆော့ချိန်ပိုရအောင် ကြိုးပမ်းခြင်းပင်၊ တော်ချင်လွန်း၍တော့ မဟုတ်တန်ရာ။ အောင်စာရင်းထွက်လျှင်တော့ ၁မှ၎အထိ သူငယ်တန်းမှ ၄တန်းအထိ အမြဲဝင်သည်။ ဒါပေမယ့် ဘယ်သောအခါမှ အဆင့်နံပါတ်တစ် မရခဲ့၊ သူနှင့်ပြိုင်ဘက် တရုပ်မလေးတယောက်ရှိသည်၊ သူမက အတန်းထဲတွင် အမြဲနံပါတ်တစ် အောင်ဖေဘယ်လိုကြိုးစားကြိုးစား၊ အမတွေ ဘယ်လိုမြှောက်ပေးမြှောက်ပေးမရ၊ တခါတရံ ဆရာမက အားနာပါးနာ နံပါတ်၂ ပေးပုံပေါ်သည်၊ ပုံမှန်ကတော့ ၃နဲ့၎ချည်းသာပင်။ နောက်ပိုင်းတော့ အဲဒီတရုပ်မလေးက ကျောင်းနားကအိမ်မှာနေတာဟု ဘာမဆိုင် ညာမဆိုင် အကြောင်းပြကာ နံပါတ်တစ်ရအောင် မကြိုးစားတော့ချေ။ သူတက်ရသည့် မူလတန်းကျောင်းကတလမ်းကျော်တွင် ရှိသည့် အမက (၂၈) ကိုး။

တခါတခါတော့ အောင်ဖေက ဒီလိုသီချင်းတွေလည်း ဆိုတတ်သေးသည်။

“စိန်ခြူးကြာညှောင် လရောင်ကလင်း၊ မယ်ခုမျှော်”

“မိုးတွေကလည်း မစဲပဲရွာနေတယ်၊ မြစ်ချောင်းအင်းအိုင်ရေတွေပြည့်လည်း ငါတို့တိုက်ရမယ်”

ဆိုလိုတာက သီချင်းကြီးလိုလို ဘာလိုလို ဆိုနေရင်းမှ၊ စစ်ချီသီချင်းဘက်ကို ပြောင်းသွားတာမျိုး၊ ခေတ်ပေါ်တေးကနေ ခေတ်ဟောင်းပြောင်း လို့ပြောင်း၊ တခါတလေတော့ စိတ်ပါလက်ပါဖြင့် အဆိုတော်တွေ၏ စီရီးတခွေလုံးကို ဆိုချင်လျှင် ဆိုပစ်လိုက်သေးသည်၊ ထိုသို့နှယ် ပတ်ဝန်းကျင်ကို နှိပ်စက်ပြီးမှ အိပ်တတ်သည်။ နေ့လည်နေ့ခင်းဘက်ဆိုလျှင် “အောင်ဖေရေ အနိုင် အခွေအသစ်ထွက်တယ်တဲ့ နင်ကိုဦးတို့ကို ဝယ်ဖွင့်ခိုင်းလေ” ဘာညာနဲ့ သူများကမြှောက်ပေးလျှင်တော့၊ အောင်ဖေတို့အိမ် နောက်ဘက်ခြမ်း ကိုဖြိုးတို့အိမ်ဘေး ကပ်လျှက်ခြံရှိ ကိုဦးတို့ကို ပူဆာသေးသည်။ ကိုဦးရေ အနိုင်ခွေအသစ်တဲ့ဗျ လုပ်ဦးလေဗျာ ဘာညာနဲ့ လူကြီးသွား အမိန့်ပေးတတ်သေးသည်။ ရပ်ကွက်ထဲက လူတွေကလည်း သူ့ကိုတော့ ကလေးဆို၍ အပြစ်မယူပဲ သဘောထား ကောင်းပေးကြသည်။

(၃)
တခါမှာတော့ ဒေါ်လတ်က စီးပွားဈေးကွက်ပုံစံ ပြောင်းသွားသည်။ ဥက္ကလာသားတွေက ထိုအချိန်က ထင်းမီးကို အများစု အသုံးပြုသည် ဆိုတော့ ပကာသားဟု ခေါ်ရမည်ဖြစ်သော သစ်တိုသစ်စများကို အသိမိတ်ဆွေတဦးထံမှ ဝယ်ယူကာ ပိဿာချိန်ဖြင့် ပြန်လည်ရောင်းချခြင်းပင်။ ထိုမိတ်ဆွေထံတွင် ရှိသောကားဖြင့် အိမ်တိုင်ယာရောက် အဆိုပါ သစ်တိုသစ်စများကို လာပို့ခြင်းကြောင့်ဖြစ်သည်။

တခါမတော့ အဆိုပါကားနှင့်အတူ ထိုဦးလေးမှ ထူးထူးခြားခြား အောင်ဖေ့အတွက် လက်ဆောင် ယူလာခြင်း ဖြစ်သည်။ လက်ဆောင်ကား ဆိတ်မတကောင်တည်း။ အဆိုပါ ဆိတ်မနှင့် အောင်ဖေက စရိုက်တူဆိုတော့ အလွယ်တကူပဲ မိဆိုးဟု နာမည်ပေးလိုက်သည်။

ထို့အတွက် ဆိတ်မကို ဟိုကျောင်းဒီကျောင်း လုပ်ရသည့်အလုပ်ကလည်း အောင်ဖေ့အတွက် တာဝန်တခု ဖြစ်လာသည်၊ အဝေးကြီးတော့မဟုတ်၊ အိမ်ရှေ့ရှိ အလက(၃)ကျောင်းဝင်း အနီးအနားတဝိုက်သာပင်။ ဒီအတွက် အောင်ဖေဂွင်တခုတော့ ဝင်သွားသည်။ ဆိတ်မကျောင်းနေရင်းက သူများမြှောက်ပေးသည့်အတွက် လေးဂွပုံစံ သစ်ကိုင်းခွ သေးသေးတခုကို ခုတ်ကာ သရေပင်များစည်းနှောင်၍ ဇီးသီးစေ့အခြောက်ကို လောက်စာလုံးလုပ်ကာ ဟိုပစ်ဒီပစ် လုပ်ခြင်းပင်၊ လူကြီးတွေ သိတော့ ပုဏ္ဍားရိပ်ကိုင်းစာ မိတော့သည်။

ထို့အတွက် လူကြီးများ မမိအောင် မိဆိုးကို လူမမြင်လောက်သည့် တခြားလမ်းများဘက်ကို ခေါ်သွားခြင်း လုပ်တော့သည်။ ဒါပေမယ့် နောက်လမ်းဖြစ်သည့် ၁၀လမ်းထဲကို မသွားရဲ၊ တရက် အရဲစွန့်သွားကာမှ အောင်ဖေတို့အိမ်နောက်ဘက် ကျောချင်းပေးအိမ်မှ ဇော်ဝမ်း ဆိုသည့်အင်းခွေးကြီးကို အိမ်ရှင်က မချည်ထားသည့် အချိန်ဖြင့်တိုးသဖြင့် မိဆိုးအကိုက်ခံရတော့သည်။

အဆိုပါဇော်ဝမ်းက ရပ်ကွက်တခုလုံးရှိ ခွေးပေါင်းစုံ ဖိန့်ဖိန့်တုန်ကြောက်ရသည့် အကြီးစားအင်းခွေးမျိုး ဖြစ်သည့်အတွက် သူ့ကိုယှဉ်ပြိုင်၍ မည်သည့်အာဂခွေးမှ မတိုက်ခိုက်ရဲချေ၊ အောင်ဖေတို့ကလေးများလည်း သူ့ကိုကြောက်ကြသည်။

ဆိုသည့်အတိုင်း ခြေရှည်ကာ မိဆိုးကိုခေါ်သွားမိ၍ အကိုက်ခံရသလို၊ အောင်ဖေလည်း အရိုက်ခံရတော့သည်။ မိဆိုးကား ထိုကတည်းက ယောင်ရွေ့ပင်နောက်လမ်းကို ခြေဦးမလှည့်တော့၊ အောင်ဖေလမ်းသလား ပြထားသည့်အတိုင်း တလမ်းဝင် တလမ်းထွက်တော့ လျှောက်သွားတတ်လာပြီ၊ ရပ်ကွက်ကို အောင်ဖေကလည်း မှာထားသည် မိဆိုးကိုတွေ့လျှင် ပြန်လာပို့ပေးပါပေါ့၊ လူများကလည်း ထူးထူးခြားခြား တရပ်ကွက်လုံး တကောင်ထဲရှိသည့် ဆိတ်မလေးကို ပြန်လာလာပို့ကြသည်။

အမှန်တော့ သူတို့မပို့လို့ကလည်းမဖြစ်တော့ မိဆိုးက ရပ်ကွက်အတွင်းတွင် ပြဿနာတခုကို ရှာတော့သည်။ ဥက္ကလာသားများက သိကြသည့်အတိုင်း များသောအားဖြင့် ပျဉ်ထောင်အိမ်လေးတွေဖြစ်သလို၊ ရေမိုးချိုးဖို့ အတွက်လည်း ဝါးခြမ်းလေးများကာကာ ရေချိုးခန်းသဘော လုပ်ထားတတ်ကြသည်၊ ထိုအထဲတွင် ကလေးမှီအောင် ဆပ်ပြာစင်လေးတွေလည်း ထားတတ်ကြသည်။ မိဆိုးကား အဆိုပါဆပ်ပြာစင်ရှိ ခွက်များထဲမှ ဆပ်ပြာခဲများကို လိုက်လံစားသုံး ပွဲတော်တည်ခြင်း ဖြစ်တော့သည်။

ပထမတော့ ဆိတ်ကဆပ်ပြာစားမည်လို့ လူတွေကလည်းမထင် ။ ရေချိုးဖို့ လက်ဆေးဖို့လို၍ ဆပ်ပြာကြည့်မှ ခွက်ကတခြား ဆပ်ပြာက မရှိတော့ ဒါကိုနောက်မှ သတိထားမိတော့သည်၊ ဘယ်လိုဖြစ်ရသတုန်းပေါ့၊ ကြာတော့ လပ်ယျားလပ်ယျား လာလုပ်သွားသည့် မိဆိုးလက်ချက်မှန်း သိသွားကြသည်။ ထို့အတွက် ဆပ်ပြာခွက်စင်ကို မိဆိုးမမှီအောင် ရပ်ကွက်ကောင်စီ သဘောတူညီချက် တင်စရာမလိုပဲ အမြင့်ကို ပြောင်းရွေ့လိုက်ကြခြင်းပင်။ ဒါကိုနောက်မှ သိသော အခြားလမ်းမှလူများက အလစ်အငိုက် ခံကြရသေးသည်။

အောင်ဖေ့အကို အမတွေကလည်း အတန်းအသီးသီးက သူငယ်ချင်းတွေကို မှာထားသလို၊ လူကြီးတွေကလည်း သိနေသောကြောင့် အောင်ဖေတို့ အိမ်ရှေ့ရှိ အလက(၃)ကျောင်းလွှတ်လျှင် ကျောင်းသားများက မိဆိုးကိုမုန့်ကျွေး၍ ရပ်ကွက်ကျော်သည့်တိုင်အောင် ခေါ်သွားတတ်ပြီး လူကြီးများပြန်ပို့ခိုင်းမှ ပြန်လာ ပို့ရသည်များလည်း ရှိသည်။

(၄)
တရက်မတော့ ရပ်ကွက်အတွင်းရှိ လမ်းအတော်များများကို ကျွမ်းကျင်နှံ့စပ်နေပြီဖြစ်သော မိဆိုးတကောင် စိတ်ဒုန်းဒုန်း ချလိုက်ပုံရသည်၊ ထို့နောက် ဇော်ဝမ်းရှိသည့် နောက်ကျောလမ်းကို ခေါင်းခါလည်ခါဖြင့် အရဲစွန့်သွားတော့သည်။ ဖြစ်ချင်တော့ ထိုအချိန်တွင်လည်း မိဆိုးကံဆိုးချင်ပုံက ဇော်ဝမ်းကလည်း ကြိုးလွှတ်ထားသည့်အချိန် ဖြစ်နေပြန်သည်။ မိမိအိမ်ရှေ့ကို မည်သို့သော လမ်းလျှောက်တတ်သည့် တိရိစ္ဆာန်သတ္တဝါမှ ဖြတ်တောင်မလျှောက်ရဲသည့် အဓိပတိဘဝကို ခံယူထားသော ဇော်ဝမ်းသည် မိဆိုးခေါင်းခါလည်ခါ မိမိအိမ်ရှေ့ လာရစ်နေသည်ကိုတွေ့သော် ပထမတော့ တခါကကိုက်ထားဖူးသည့်အတွက် အားနာသည့်သဘော ဝူးကနဲ အသံပေး ခြောက်လှန့်လိုက် သေးသည်။ ဒါပေမယ့် မိဆိုးကခပ်တည်တည်ပင် သူ့ကိုစိုက်ကြည့်နေတာကို တွေ့ရတော့ ဇော်ဝမ်းဝပ်နေရာမှ အသထကာ ရာဇအိနြေ္ဒထိန်း၍ အပျင်းကြော ဆန့်ပြသည်။

အပျင်း ကြောဆန့်ပြတာကိုတော့ မိဆိုးမျက်စိမှုန်လျှင်တောင်မှ မြင်နိုင်သည်ဟု တွက်ဆထားပုံရသည်။ သို့သော် မိဆိုးက တုတ်တုတ်မျှမလှုပ်၊ ရပ်၍ရပ်မြဲ သူ့ကိုကြည့်၍ ကြည့်မြဲရှိနေသည်။ ထို့အတွက် (၉)ရပ်ကွက်အတွင်း သူရ၊ ကျော်သူ၊ ဇာနည်ဆိုသည့် အပိုင်း(၃)ပိုင်းတွင် ဇာနည်အပိုင်း၌ ပြိုင်စံရှားသည့် ဇော်ဝမ်း တဟုန်ထိုး ပြေးကိုက်တော့သည်။

လူများကတော့ ဒီတခါမိဆိုးတော့ ဟင်းစားဖြစ်ပြီဟု တွက်ဆထားကြသည်။ သို့သော် လောကကြီးရှိ သက်ရှိများ အယူအဆ မှားယွင်းသွား တော့သည်။ ရပ်ကွက်တွင်းတခါမှ ဇော်ဝမ်း၏ “ဂိန် ဂိန် ဂိန်” ဟုဆိုကာ အော်ကြီးဟစ်ကျယ် နာနာကျင်ကျင် ဟစ်အော်ညည်း တွားသံကို သူ၏သခင်မပင် မကြားခဲ့ဖူးချေ၊ ယခုတော့ အကောင်အလွန်ကြီးသော ဇော်ဝမ်းထံမှ အော်သံကို တလမ်းလုံးကြားလောက်အောင် မိဆိုးက သူမ၏ ဂျိုစွမ်းပကားဖြင့် နားသောတဆင်စေခဲ့ခြင်းပင်ဖြစ်သည်။

ဖြစ်စဉ်ကဇော်ဝမ်းက ပြေးအကိုက် ခပ်တည်တည်နှင့် မသိချင်ယောင်ဆောင်နေသော မိဆိုးက ဇော်ဝမ်းကို ပင့်ဝိုက်ကာ သူမဂျိုတိုတိုလေးဖြင့် ဆော်ထည့်လိုက်ခြင်းဖြစ်သည်၊ ဇော်ဝမ်းခမျာ တသက်နှင့်တကိုယ် ကိုယ်ကသာ ဗိုလ်ကျလာခဲ့ပြီး ခွေးတကာ မော်မကြည့်ရဲခဲ့သည့်ဘဝမှ မမျှော်လင့်ဘဲ ဆိတ်မငပေါက ဝှေ့လိုက်တာ ခံလိုက်ရသဖြင့် အနိစ္စသဘောကို ကောင်းကောင်း သဘောပေါက်သွားပုံရသည်။ သူ့သခင်မ ထိုင်နေသည့် ကွပ်ပျစ်ဘေးနားသွားကာ တအီအီနှင့် ဝမ်းနည်းကြောင်းဖော်ပြနေရှာတော့သည်။ အကျိုးဆက်အားဖြင့် အောင်ဖေတို့ရပ်ကွက်အတွင်း အောင်နိုင်သူမိဆိုးနှင့် ရှုံးနိမ့်သူ ဇော်ဝမ်း ဇတ်လမ်းကလည်း ပိုင်ရှင်သခင်မများ သာမက တရပ်ကွက်လုံးအတွက် ပြောစမှတ်တွင်သွားတော့သည်၊ ထို့အပြင် မိဆိုးအနေဖြင့်လည်း ဇာနည် (၁၀)လမ်းထဲ လွပ်လပ်စွာ သွားလာခွင့်ကို ဇော်ဝမ်းမှ ကန့်သတ်မိန့် ရုပ်သိမ်းပေးတာ ခံစားလိုက် ရပေတော့သည်။

တနှစ်လောက်ကြာသောအခါ မိဆိုးကိုလည်း ဘုန်းကြီးကျောင်းတကျောင်းသို့ အောင်ဖေ့အကိုက သွားရောက်လှူဒါန်းလိုက်သည်၊ ရပ်ကွက်အတွင်းမှ လူအများကတော့ ဆပ်ပြာဖိုးသက်သာသဖြင့် တနည်းဝမ်းသာကြသလို၊ မိဆိုးဇတ်လမ်း မကြားရတော့သဖြင့် တခါတခါတော့ သတိရနေတတ်ကြသေးသည်။

မိဆိုးနှင့်အပြိုင် ရပ်ကွက်ထဲတွင် လွမ်းစရာတခုရှိတာကတော့ ဇော်ဝမ်းကြီးအကြောင်းပင်၊ တိရိစ္ဆာန်တို့တွင်လည်း အတ္တမာန ရှိပုံပေါ်သည်၊ မိဆိုးကို ရှုံးနိမ့်ခဲ့ရသဖြင့် ဇော်ဝမ်းကြီးလည်း ယခင်ကလို ရပ်ကွက်တွင်း သခင်မနဲ့အတူ လမ်းလျှောက်ထွက်တာ မတွေ့ရတော့ များသောအားဖြင့် တခွေခွေသာနေတော့ပြီး များမကြာမီတွင် အိုမင်းလာသည်ကတကြောင်း၊ စိတ်ကျသည်ကတကြောင်း (ဒါကတော့ အောင်ဖေ့အပြော) အေးအေးချမ်းချမ်းပဲ ဇီဝိန်ချုပ်သွား ရပေတော့သည်။

(နောက်ပိုင်းတွင်တော့ အောင်ဖေတို့ငယ်ဘဝအထဲက ထူးထူးခြားခြား မှတ်မှတ်သားသား ပျော်ရွှင်ဖွယ်ရာ အကြောင်းအရာများကို ဆက်လက် တင်ပြပါဦးမည်။)

သက်ခိုင်
(၁၈း၃၃)နာရီ
၁၂.၀၄.၂၀၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, သက်ခိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်