ကျော်မောင် (တိုင်းတာရေး) – ပလုံ ပလုံ ပလွတ်

October 16, 2014

ကျော်မောင် (တိုင်းတာရေး) – ပလုံ ပလုံ ပလွတ်
(မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၁၄

ရာဇ၀င်စာအုပ်များ၊ သမိုင်းစာအုပ်များ၊ သမိုင်းနောက်ခံဝတ္ထုတို ၀တ္ထုရှည်များ ဖတ်နေစဉ် ကာလ။ လူကလည်း တက်လူ၊ ဆယ်ကျော်သက်ပိုင်း မလှမ်းတလှမ်းအရွယ်၊ ထမင်းစားလည်း ရာဇ၀င်နဲ့ အခင်းသွားလည်း ရာဇ၀င်နဲ့ ဆိုသလို။သမိုင်းနဲ့ဆိုင်သော စာအုပ်ဆိုလျှင် တခါတလေ ထမင်းမေ့ ဟင်းမေ့ ဖြစ်ကာ စာအုပ်အဆုံးထိ ပြီးအောင်ဖတ်သည်။ စာအုပ်ဖတ်နေတုန်း တခြားသူလာ ခိုင်းလို့မရ။မိဘခိုင်းမှ ဖတ်လက်စ ရာဇ၀င်စာအုပ်၏စာမျက်နှာအား အမှတ်အသားပြုကာ ဘေးချထားပြီး လုပ်စရာရှိတာလုပ်သူ ဖြစ်ခဲ့သည်။ မဂ္ဂဇင်းတွေ စာစောင်တွေမှာ သမိုင်းဆိုင်ရာ ဆောင်းပါးတွေပါလျှင် ဦးစားပေးကာ ရွေးဖတ်လေ့ရှိသည်။

ထိုသို့ ရာဇ၀င်တွေ သမိုင်းတွေ ဖတ်ပြီး လူကြီးတွေ မြန်မာ့သမိုင်း မြန်မာ့ရာဇ၀င်အကြောင်း ပြောနေကြပြီ ဆိုလျှင် လူကြီးဝိုင်းထဲ အသာအယာတိုးကာ ၀င်ဝင်ပြောသည်။ ထို့အတွက် အဟန့်ခံထိခဲ့ရတာလည်း အကြိမ်ကြိမ်။ တချို့လူကြီးတွေက စာသိပ်မဖတ်ဘဲ ကြားဖူးနားဝဖြင့် ပြောတာဖြစ်သည်။ ကျွန်တော်က သမိုင်းစာအုပ် ၊ ရာဇ၀င်စာအုပ်ကိုင်ကာ ငြင်းခုံသည်။ ဒီမှာဗျ ရာဇ၀င်မှာ ဒီလိုပြောထား ရေးထားတယ် ဦးတို့ အဒေါ်တို့ပြောတာ ရာဇ၀င်နဲ့လွဲနေတယ်၊ ရာဇ၀င်ထဲမှာ မပါပါဘူး။ အဲဒီလို။ ပြောလက်စ လူကြီးတွေလည်း ပါးစပ်အဟောင်းသားဖြစ်၊ ကလေးဆိုတော့ ပြန်ငြင်းချင်ပေမဲ့ သူတို့မှာလည်း ရာဇ၀င်မဖတ်ထားတော့ အထောက်အထားက မခိုင်လုံ၊ တခြားလူတွေရှေ့မှာ အရှက်ကွဲတော့ ကျွန်တော့်အပေါ် မကျေမနပ်ဖြစ်ကြသည်။

“ခင်ဗျား သား စာတော်တော်ဖတ်တဲ့ကောင်လေးပဲ၊ အပြင်စာတွေ အများကြီး မဖတ်ခိုင်းနဲ့ဦး၊ တော်ကြာ ကျောင်းစာမှာ ညံ့သွား ရှော်သွားဦးမယ်”ဟု သတိပေးသလိုလိုဖြင့် ပြောကြသည်။ အမှန်က သူတို့ဝိုင်းထဲ ၀င်ပြောတာကို မနှစ်သက်တာဖြစ်သည်။

ဒီတော့ အိမ်ကလူကြီးတွေက သတိပေးပါသည်။ “သားကျော်ရေ လူကြီးတွေ စကားပြောနေရင် ခပ်ဝေးဝေးမှာနေရင်နေ၊ စာကျက်ရင်လည်း ကျက်နေ၊ စာဖတ်ရင်လည်း ဖတ်နေ လူကြီးဝိုင်းထဲ မ၀င်နဲ့နော်” ဆိုပြီး။ ဒီလိုဆိုတော့ ဦးလေးတွေနဲ့ပဲ ငြင်းခုံသည်။ သူတို့က အဲဒီအချိန် လူလတ်ပိုင်းအရွယ်။

တခါတော့ ဦးလေးတွေနဲ့ စကားဝိုင်းဖွဲ့ရင်း ဦးလေးတစ်ယောက်က မေးသည်။

“ငါ့တူ ကျော်ကြီး မင်း ဟိုမင်းကြီးကိုသိလားတဲ့၊ ပုဂံခေတ်တုန်းကလေကွာ”

“ဘယ်မင်းကြီးလည်း၊ ပုဂံရာဇ၀င် ကျွန်တော် ကျွမ်းတယ်။ ပု၊ပင်း၊အင်း၊တောင်၊ညောင်ရမ်းနောင် ကုန်းဘောင် နှစ်ခေတ်ခွဲတဲ့။ ပုဂံခေတ်၊ပင်းယခေတ်၊အင်းဝခေတ်၊တောင်ငူခေတ်၊ညောင်ရမ်းခေတ်၊ကုန်းဘောင်ခေတ်မှာ ကုန်းဘောင်ခေတ်ဦးနဲ့ ကုန်းဘောင်ခေတ်နှောင်းပိုင်း။ ပုဂံမင်းဆက် အကြောင်းက မှန်နန်းရာဇ၀င်တော်ကြီးမှာ သုံး လေးခေါက် ဖတ်ပြီးသွားပြီ။ သူတို့အထဲမှာ ဟိုမင်းကြီးကို သဘောအကျဆုံးပဲဗျ။ အနော်ရထာမင်းရဲ့ အဖေ အဲလေ ဖခမည်းတော်ဖြစ်လာမယ့်သူပေါ့၊ မင်းလောင်းပေါ်တယ်ဆိုလို့ သွားစပ်စုတာ သူကိုယ်တိုင် မင်းလောင်းဖြစ်သွားတဲ့သူ” (စကားစပ်အနေဖြင့် အခုမှ ပြန်တွေးကြည့်သည်။ ကွမ်းဆော်မင်းသည် ပုဂံရာဇ၀င်အရ ဆိုပါက ပြည်သူကတင်မြှောက်သော ဘုရင် ဖြစ်နေပါတကား)

ကျွန်တော်က ခပ်ကြွားကြွားလေး အဲဒီလိုပြောတော့ ဦးလေးက “အေးပါကွာ မင်းသိတာ ဒို့သိပါတယ်။ အလောင်းစည်သူမင်းကြီးကို ပြောတာ”

“သြော် အဲဒီဘုရင်ကြီးလား သူက ကျန်စစ်သားမင်းကြီးရဲ့ မြေးလေ။ မြေးကား အရင်း၊ သားကား အဖျား ဖြစ်ပြီ လို့ ကျန်စစ်သားမင်းကြီး ပြောခဲ့တာ။ ဒီအလောင်းစည်သူဖြစ်မယ့် သူ့မြေးကို အိမ်ရှေ့မင်းအဖြစ် သတ်မှတ်ကြေငြာပြီးမှ သူရဲ့ သားအရင်း ရာဇကုမာရ နန်းတော်ထဲရောက်လာ၊ ရာဇကုမာရက သမ္ဘူလ ရဲ့သား၊ ကျန်စစ်သား မဏိစန္ဒာ အရေးမှာ အနော်ရထာမင်း အမျက်မာန်ရှလို့ ပြေးရင်းလွှားရင်း သမ္ဘူလ နဲ့တွေ့ ၊ လက်စွပ်ပေးပြီး သားမွေးရင် နန်းတော်ကိုလိုက်လာခဲ့လို့ မှာခဲ့တာ။ ရောက်လာတော့ ကျန်စစ်သားမင်းကြီးက မြေးဖြစ်သူကို အိမ်ရှေ့စံ မြှောက်ပြီးသွားပြီ။ အဲဒီမြေးက အလောင်းစည်သူ ဖြစ်လာမယ့်သူပဲ။ လက်ညှိုးညွှန်ရာ ရေဖြစ်တယ်လို့ ပြောကြတဲ့ ဘုရင်ပဲ”

“အေး အေး သူနိုင်ငံခြားသွားတာတွေ သိလား”

“ဟာ သိတာပေါ့”

“ဒါဆို သိရီလင်္ကာနိုင်ငံ သွားတာသိလား”

“သိတာပေါ့ဗျ ၊ သီဟိုဠ်ကျွန်းလေ ဟိုတုန်းက သိန်းဃိုပြည်လို့ခေါ်ကြတယ်၊ အခု သိရီလင်္ကာနိုင်ငံပေါ့ အဲဒီကို သွားတာ။ လမ်းမှာတောင် သူ ဟိုအရုပ်တွေတွေ့တော့ မေးသေးတယ်လေ။ အရုပ်တွေက ဘာလည်း တူရိယာငါးပါး (မှတ်ချက်-ကြေး ကြိုး သားရေ လေ လက်ခုပ်) လွယ်ထားတဲ့ ကျောက်ရုပ်တွေ၊ မြင်တော့ ဘာတွေလည်းမေး၊ ဘေးတော် အနော်ရထာမင်းထားခဲ့တာ၊ သူ့သားတော် မြေးတော်တွေ လာလို့ ဒီနေရာရောက်ရင် တီးမှုတ်ကြိုဆိုမယ့် ကျောက်သူရုပ်တွေလို့ ဖြေတာမှာ ၊ ဟာ ငါရောက်ပြီလေ တီးကြဘူးလားလို့ အပြော အဲ့ဒီကျောက်ရုပ်တွေ အသက်ဝင်ပြီး ထတီးမှုတ်ကြရတာ။ဦးလေးက ဘာမေးချင်တာလဲ”

“အေးကွ တူကြီးရ အဲဒီမှာ ဇဗ္ဗုသပြေပင်ရှိတဲ့ အရပ် သွားတယ်ဆို”

“အင်း ဟုတ်တယ်”

“အဲဒီမှာကွာ သပြေပင်ကြီးရှိရာ အရောက် သပြေသီးကြီးတလုံး ရေထဲကျ၊ အသံမြည်။ နောက် ရေထဲမှာ ရှိတဲ့ ငါးကြီးတကောင်က သပြေသီးကို အစာမှတ်ပြီး ပါးစပ်ဟပြီးဟပ်လိုက်တာမှာ အသံထပ်မြည်သွားတယ်ဆို၊ အဲဒါ ဦးလေးတို့သိချင်တာက ဘယ်လိုအသံတွေမြည်သွားလည်း သိလားလို့၊ မင်းက သမိုင်းစာအုပ်တွေ လက်ကမချတဲ့သူဆိုတော့ မေးကြည့်တာ”

ကျွန်တော် နည်းနည်းမဟုတ် များများကြီး မြောက်သွားသည်။ သွေး နားထင်ရောက်သွားသည်ဆိုရမည်။

“သိတယ် သိတယ်”

အဲဒီအကြောင်း ဖတ်ဖူးတာတော့ မှန်သည်။ ဒါပေမယ့် ဘယ်ရာဇ၀င်၊ ဘယ်သမိုင်းစာအုပ် ထဲမှာလည်း ဆိုတာ မမှတ်မိ။ မှန်နန်းမှာလား ဦးကုလားမှာလား၊ ဆောင်းပါးတပုဒ်ပုဒ်မှာလား မရေရာ။ အကြောင်းအရာကိုသာ မှတ်မိသည်။ သိတယ်လို့ပြောပြီးမှ မသိဘူးပြောရရင်လည်း အထင်ကြီးခံထားရတာတွေက နှမြောစရာ။ သိက္ခာတော့ အကျခံလို့ မဖြစ်။ ခက်တာက ထိုအကြောင်း ဖတ်ခဲ့စဉ် ဘာအသံတွေ ဘယ်လိုမြည်သွားလည်း ဆိုတာ မဖော်ပြထားဟု ထင်သည်။ ပြီးတော့ အလောင်းစည်သူမင်းကြီးက အဲဒီအသံကို သဘောကျပြီး ထိုအသံမျိုးထွက်အောင် တီးခတ်နိုင်သော တူရိယာ တီထွင်ကာ ဆက်သရမည်ဟု မိန့်၊ အဲဒီခေတ်ကဆိုတော့ ပုဂံခေတ်က အနုပညာရှင်တွေ၊ သူတို့က မအိပ်မနေ ကြိုးစားကြ၊ နောက်ဆုံး တူရိယာတခု ဆက်သနိုင်ခဲ့ကြ၊ ဒါတွေ မှတ်မိသည်။ ထိုတူရိယာက ဘာတူရိယာဖြစ်လာမှန်း ကျွန်တော် မမှတ်လိုက်ရ။

ဒါနဲ့ပဲ …

“ဦးလေးတို့ကလည်း လွယ်လွယ်လေးပါဗျ၊ ခဲလုံးတလုံး ရေထဲကျ ဘယ်လိုမြည်မလဲ၊ ပလုံ ပေါ့ ဒါ စာတွေ ၀တ္ထုတွေထဲမှာ ဒီလိုပဲ ပြောကြ ရေးကြတယ်လေ။ မြန်မာကြားတဲ့ အသံကို ရေးကြတာ၊ ဒီတော့ သပြေသီး ရေထဲကျလည်း ပလုံပဲ မြည်မှာပဲ”

“ဟေ့ကောင် အခု သပြေသီးက အကြီးကြီး နော်” ဆိုပြီး ဦးလေးက မရယ်မပြုံးဘဲ ပြောသည်။

“အကြီးကြီးဆို နှစ်ခါလောက် မြည်လိမ့်မယ်။ ပလုံ ပလုံ”

“ငါးကြီးဟပ်တာကကောကွာ”

“သပြေသီးကြီးက အလုံးဆိုတော့ ပလွတ် လို့ မြည်မှာပဲ၊ ရေထဲကျသွားပြီးမှ ငါးကြီးက ရေထဲမှာ ဟပ်တာဆို။ လူကြီးတွေပဲ ပြောတယ်လေ ထမင်းစား ရေသောက်ရင် ပလပ် ပလပ် ပလွတ် ပလွတ် လို့ မြည်အောင် မစားမသောက်နဲ့တဲ့။ ဆိုတော့ ပလွတ် လို့ပဲ အသံမြည်မယ်။ အသံတွေ ပေါင်းလိုက်တော့ “ပလုံ ပလုံ ပလွတ်” ပေါ့”

“အေး ဟုတ်တယ် ဟုတ်တယ် “ပလုံ ပလုံ ပလွတ်” “ပလုံ ပလုံ ပလွတ်”” ၊

“မကြီးရေ”

ဦးလေးတွေက သူတို့အမကြီး ကျွန်တော့်အမေကို မကြီး ဟုခေါ်သည်၊

“မကြီးရေ နင့်သားက ဗြောသံကို ပလုံ ပလုံ ပလွတ် တဲ့ဟေ့” ဆိုပြီး ခွက်ထိုးခွက်လန် ရယ်ကြသည်။

အဲဒီက စပြီး ကျွန်တော် ရာဇ၀င်စာအုပ်ကိုင်တာ တွေ့လျှင် “ဟေ့ ကိုပလုံပလုံပလွတ်ရေ ဗြောတီးနေပြီလား” ဟု စကြ နောက်ကြပါတော့သည်။

ကျွန်တော်ကလည်း မျက်နှာ ခပ်ပြုံးပြုံးထားကာ တုံ့ပြန်ခဲ့ပါသည်။ သမိုင်းစာအုပ်တို့ ရာဇ၀င်စာအုပ်တို့ကိုလည်း ဆက်လက်ဖတ်ရှုနေဆဲပင်။ သူတို့ရှိနေချိန်မှာတော့ မဟုတ်။

ခက်တော့ ခက်ပါသည်။ ဘယ်သဟာကြောင့် ဗြောသံက “ပလုံ ပလုံ ပလွတ်” ဆိုပြီး မဖြစ်ရသည် မသိ။ “ပလုပ်ဗြုန်း” “တုပ်တုပ်ဗြုန်း” “ပလုပ်တုပ်ဗြုန်း” ၊  “ပလုပ်တုပ်တုပ်ဗြုန်း””တုတ်ပလုပ်တုပ်ဗြုန်း” လို့ သူတို့ပဲ ကြားမှ ကြားတတ်ပလေ။

အခုတော့ ကျွန်တော် ငယ်ငယ်တုန်းက ရွှီးခဲ့ ဖြီးဖြန်းခဲ့တာ မှန်နေပြီလားဟု ပြန်တွေးကာ ခဏခဏပြုံးရသည်။ ဗြောသံ ကဗျာပြန်ဖတ်တိုင်း၊ ထိုဗြောသံ ကဗျာကို တီးလုံးထည့်ကာ သီချင်းလုပ်ဆိုတာကို နားထောင်တိုင်း ဗြောတီးသံသည် ကျွန်တော်ပြောခဲ့သလို “ပလုံ ပလုံ ပလွတ်” များ ဖြစ်နေပြီလား ထင်မှတ်ရသည်။

“အရှေ့ကို လျှောက်ပါလို့ …. အနောက်ကိုတဲ့ မျှော်လိုက်ရင် …. (ပလုံ ပလုံ ပလွတ်) …. အရှေ့ကို လျှောက်ပါလို့ …. အနောက်ကိုတဲ့ မျှော်လိုက်ရင်  (ပလုံ ပလုံ ပလွတ်) …..”

အတိတ်ကို ကက်ဆက်တိတ်ခွေ ရစ်သလို ပြန်ရစ်ကြည့်လိုက်သည်။ မှတ်မိပါသေးသည်၊ တခါက ၊ သည်တခါကမှာ လွန်ခဲ့သော ၂၃ နှစ်လောက်က ဖြစ်သည်၊ ကျွန်တော် ပြောခဲ့သော စကားများပါ။

“ခဲလုံးတလုံး ရေထဲကျ ဘယ်လိုမြည်မလဲ၊ ပလုံ ပေါ့ …  ဒီတော့ သပြေသီး ရေထဲကျလည်း ပလုံပဲ မြည်မှာပဲ …. အကြီးကြီးဆို နှစ်ခါလောက် မြည်လိမ့်မယ်…  ပလုံ ပလုံ … ငါးကြီးဟပ်တာကကောကွာ … သပြေသီးကြီးက အလုံးဆိုတော့ ပလွတ် လို့ မြည်မှာပဲ၊ ရေထဲကျသွားပြီးမှ ငါးကြီးက ရေထဲမှာ ဟပ်တာဆို။ ဆိုတော့ ပလွတ် လို့ပဲ အသံမြည်မယ်။ အသံတွေ ပေါင်းလိုက်တော့ “ပလုံ ပလုံ ပလွတ်” ပေါ့ ”

ပုဂံခေတ် အလောင်းစည်သူမင်းကြီးလက်ထက်က စတင်တီထွင်ခဲ့သည်ဆိုသော ဗြော ဆိုသော သားရေတူရိယာ နှင့် ဗြောသံသည် ယခုခေတ်အထိ မပြောင်းလဲ။ အစဉ်အဆက် ထိန်းသိမ်းလာခဲ့သော ဗြောသံ သီိချင်း “မြို့လယ်ကတဲ့ မဏ္ဍပ်”  အစချီ တေးသီချင်းသည်လည်း ယခုမှ ပိုမိုကာ အနှစ်သာရ ရှိလာပုံပေါ်သည်။

အနောက်ကိုမျှော်တာမကြိုက်လို့ စာသားကို “တထောက်ကိုတဲ့ မျှော်လိုက်ရင်” ဟု မဝေးလှသောတချိန်က သီဆိုသူတို့ ပြောင်းလဲဆိုခဲ့ရသည်။

“အရှေ့ကို လျှောက်ပါလို့ …. အနောက်ကိုတဲ့ မျှော်လိုက်ရင်” တွင် အနောက်ဆိုတာ အရှေ့ကို လျှောက်နေသူ၏ အနောက်ဖက်၊ အရှေ့ကို လျှောက်နေသူ၏ ဆန့်ကျင်ရာ ကျောခိုင်းရာ ကျန်ရစ်ခဲ့သည်များကို ပြန်လည်မျှော်ကြည့်ခြင်း ဖြစ်သည်။

ခရီးဆောင်မြန်မာအဘိဓာန်တွင် ဗြောကို “ဗြော၊ န-၁၊နှစ်ဖက်ပိတ် စည်တစ်မျိုး။ ၂၊ဗြောကိုအခြေခံ၍ အလှူအတန်းတို့တွင် တီးလေ့ရှိသည့်တီးလုံး” ဟု ဖွင့်ဆိုပါသည်။ ဒေါ်စောမြဧကြည်က သူရေးခဲ့သော “ဂီတနှင့်အက” စာအုပ်တွင် “ဗြောစည်သည် အလျားသုံးပေ၊ အ၀န်းနှစ်ပေရှိ၍ နှစ်ဖက်ပိတ်စည် ဖြစ်သည်။ တုတ်ဖြင့် ရိုက်၍ တီးရသည်။ ပလုပ်ခေါ် ပုံအငယ်စားလေးနှင့်တွဲ၍ တီးပေရာ၊ ထိုပလုပ်ကိုလည်း တုတ်ကလေးနှစ်ချောင်းဖြင့်ပင် တီးရသည်။ “ပလုပ်တုပ်တုပ်” ဟုခေါ်လျှင် ဗြောစည်ကို “ဗြုံး” ဟု တချက်တီးရသည်။ ထိုနှစ်သံရောစပ်သော် “ပလုပ်တုပ်ဗြုံး” ဟူသောအသံထွက်ပေသည်။” ဟု ရေးသားဖွင့်ဆိုပြခဲ့သည်သာမက “ဗြောစည်ကို အလှူပွဲများတွင် တီးလေ့ရှိကြသည်။ ဗြောတူရိယာဝိုင်းကို ဗြောဟုများသောအားဖြင့် ခေါ်လေ့ရှိကြသည်။” ဟူ၍ ဗြောအသုံးနှင့် ဗြောအခေါ်ကို စာဖတ်သူများနှင့် မိတ်ဆက်ပေးခဲ့သည်။

ဗြောသံ မကြားရသည်မှာ ကြာပြီဖြစ်၍ ဗြောသံကို လွမ်းမိပါသည်။

ဗြောသံသည် အလှူရှင်တို့၏ အောင်သံ၊ မြန်မာပြည်သူ ပြည်သားများ၏ အောင်သံပင် မဟုတ်ပါလား။  ။

၁၁-အောက်တိုဘာ-၂၀၁၄

ကိုးကားချက်

၁) မှန်နန်းရာဇ၀င်တော်ကြီး – စတုတ္ထတွဲ။

၂) ခရီးဆောင်မြန်မာအဘိဓာန်၊ ပထမအကြိမ် (၁၉၉၉)၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့ဦးစီးဌာန။

၃) အလင်္ကာကျော်စွာ ဒေါ်စောမြဧကြည်၊ ဂီတနှင့်အက၊ ပထမအကြိမ်၊ ၁၉၆၈၊ စာပေဗိမာန်ပြည်သူ့လက်စွဲစာစဉ် http://www.shanyoma.org/yoma/Daw-Saw-Mya-Aye-Kyi-Music-and-Dance.pdf

Photo Credit – http://parami2009.blogspot.com/2013/09/blog-post.html


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အတွေးအမြင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်