အရှင်ကုသလသာမိ (အတည်မဲ့) – စကန်ဒီနေဗီးယားတိုင်းပြည်များသို့ခရီး (အပိုင်း ၄)

October 16, 2014

– စကန်ဒီနေဗီးယားတိုင်းပြည်များသို့ခရီး (အပိုင်း ၄)
(မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၁၄

ယခင်အပတ်မှ အဆက်

(၁၇)
Fulda ဘူတာမှ အထွက်တွင် ဒိန်းမတ်လူငယ်တစ်ဦး အခန်းထဲရောက်လာသည်။ အတန်ကြာ ခရီးနှင်ပြီးသောအခါ ရဲများ တံခါးလာခေါက်သည်။ အမှန်အားဖြင့် တံခါးက သော့ခတ်ခြင်း၊ ဂျက်ချခြင်း မရှိပါ။ တံခါးခေါက်သည့် ယဉ်ကျေးမှုကို လေးစားသွားရပြန်သည်။ မြန်မာနိုင်ငံသားများ ပြောလေ့ရှိသော “လုပ်ကြပါ လုပ်ကြပါ၊ ရှင်တို့က ရဲတွေကိုး”ဟူသော စကားကလည်း ခေါင်းထဲ ရောက်ဖြစ်အောင် ရောက်လိုက်သေးသည်။ အမှန်ဆို သူက ရထားပေါ်မှာ တာဝန်ရှိသူပဲ၊ ရထားတွဲပေါ်မှာ လွတ်လပ်စွာ ဝင်ထွက်ခွင့်ရှိနေပါလျှက် တံခါးခေါက်ပြီးမှသာ ဝင်လာသည်။ ဂျာမန်အမျိုးသားကြီးက တံခါးဖွင့်ပေးလိုက်သည်။ ရဲအရာရှိက “ပတ်စပို့နဲ့လက်မှတ်ပေးပါ”ဟု ဆိုသည်။
စာရေးသူလည်း လိုအပ်သည့်ပစ္စည်းမျိုးစုံ ထည့်ထားသည့် လွယ်အိတ်ထဲကို စမ်းပြီး ပတ်စပို့ကို ရှာသည်။ “နိုး နိုး မင်း မပါဘူး၊ ပြစရာမလိုဘူး”ဟု ရဲအရာရှိက ပြောသည်။

ရဲအရာရှိများက ဂျာမန်အမျိုးသားကြီးနှင့်တူရကီအမျိုးသားထံမှ လက်မှတ်များကို တောင်းသည်။ စာရေးသူစိတ်ထဲ ထူးဆန်းနေသည်။ မြန်မာနိုင်ငံဆိုလျှင်တော့ ဘုန်းကြီးဖြစ်သည့်အတွက် အချို့နေရာများ အခွင့်ထူးခံ ဖြစ်နေရသည်။ အမှန်အတိုင်း ပြောရလျှင် သာသနာ့အလံပါလို့ လမ်းဂိတ်ကြေးမကောက်တာ၊ ဘုန်းကြီးပါလို့ ကားကို စစ်ဆေးခြင်း မပြုလုပ်သော မြန်မာပြည်က အချို့ကိစ္စများကို သဘောမကျပါ။

စည်းကမ်းဥပဒေနှင့်ကြည်ညိုလေးစားမှု ကဏ္ဍနှစ်ခုမှာ တစ်ကန့်စီသာ ရှိနေသင့်သည်။ တစ်ခါတစ်ရံ သာသနာ့အလံထောင်ပြီး ဘုန်းကြီးကားကို ဂိတ်ကြေးကောက်လျှင် အချို့ဘုန်းကြီးများက “ဟ မင်းက ဘုန်းကြီးကားလည်း ကောက်တာပဲလား”ဟု ငေါက်လားငမ်းလား လုပ်တတ်သည်။ သံဃာတစ်ပါးအနေဖြင့် ထိုအပြုအမူမျိုး (ထိုအခွင့်ထူးရလိုမှုမျိုး)ကို စက်ဆုပ်ပါသည်။

(၁၈)
ယခု ဒီမှာတော့ ဘုန်းကြီးဖြစ်လို့မဟုတ်တာ သေချာသည်။ ဆွစ်ဇာလန်အမျိုးသမီးလည်း ဘာမှ ပြစရာမလို။ ဒိန်းမတ်လူငယ်လည်း ပြစရာ မလို။ ထူးတော့ ထူးဆန်းနေသည်။ အရင်ကတော့ ကြားဖူးသည်။ ကပ္ပလီများ၊ အရှေ့အလယ်ပိုင်းဆန်ဆန်၊ တူရကီဆန်ဆန်လူများကိုတော့ လက်မှတ်စစ်များ၊ ရဲများက သတိထားတတ်ကြသည်ဟု ဆိုကြသည်။ ဤအတိုင်းပင် ဖြစ်လေသလော။ ဂျာမန်အမျိုးသားကြီးသည် ရဲများပြန်သွားသောအခါ နားကြပ်တပ်ပြီး ဆက်အိပ်နေသည်။ တူရကီအမျိုးသားလည်း ငိုက်မြည်းနေသည်။

ဆွစ်ဇာလန်သူကတော့ ဓာတ်မီးအသေးလေးဖြင့် စာဖတ်နေသည်။ စိတ်ထဲတွင် မတင်မကျဖြစ်နေသည်များကို သူ့ကို မေးချင်သည်။ စာဖတ်တာ အနှောက်အယှက်များ ဖြစ်နေမလားဟု တွေးမိသဖြင့် မမေးဖြစ်ဘဲ ရှိသည်။ အတန်ကြာသောအခါ စာဖတ်ရာမှ မျက်လုံးလှန်ကြည့်ပြီး “အော် မအိပ်သေးဘူးလား”ဟု ဆိုသည်။ စာရေးသူလည်း မိမိသိချင်နေသောမေးခွန်းကို မဆိုင်းမတွ မေးမိသည်။ “ငါ စဉ်းစားနေတာ … စောစောက ငါတို့ဆီက ပတ်စပို့နဲ့လက်မှတ်ကိုတော့ ဘာဖြစ်လို့ မတောင်းတာလဲ မသိဘူး”။ သူက ပခုံးနှစ်ဖက်ကို မြှင့်၊ ခေါင်းကို အနည်းငယ် တစ်ဖက်ကို စောင်းကာ “ငါ ဘယ်လိုလုပ် သိမလဲ”ဟု ဆိုသည်။

ထိုစဉ် ဘေးနားက ဒိန်းမတ်လူငယ်က စကားဝင်ပြောသည်။ “အင်း ဒီလိုလည်း ဖြစ်နိုင်တယ်၊ အခု အရှေ့အလယ်ပိုင်းမှာ အစ္စလန်တိုင်းပြည် ထူထောင်ချင်တဲ့ ဂျီဟတ်သူပုန်တွေ သိတယ်မလား၊ အဲဒီထဲက ခေါင်းဆောင်တွေက ဥရောပရောက် မွတ်စလင်တွေ ဖြစ်နေတယ်၊ နောက်ပြီး သူတို့က ဥရောပမှာ ဖောက်ခွဲရေးတွေ လုပ်မယ်လို့ ကြေညာထားတော့ မွတ်စလင်ပုံစံပေါက်ရင် ရဲတွေက သတိထားနေကြတာ ဖြစ်မယ်”။

တစ်ဖက်က တူရကီအမျိုးသားကို တစ်ချက်စောင်းငဲ့ကြည့်ပြီး ဆက်ပြန်သည်။ စာရေးသူကတော့ တူရကီအမျိုးသားများ ကြားများကြားလေမလားဟု စိုးထိတ်နေမိသည်။ သူကတော့ အနည်းငယ် စောင်းငဲ့ကြည့်ရုံမှတစ်ပါး သိပ်ဂရုစိုက်သည့်ဟန် မပြပါ။
“အခု တို့ဥရောပကို မွတ်စလင်တွေ အများကြီး ရောက်လာပြီ၊ အချို့က ဒုက္ခသည်အဖြစ်နဲ့ ရောက်လာကြတာ၊ ဆိုမာလီယာ၊ အီရတ်၊ ဆီးရီယား၊ လစ်ဗျားနဲ့ ပါလက်စတိုင်းက မွတ်စလင်တွေကို ဥရောပက သနားစရာဒုက္ခသည်တွေလို့ သဘောထားပြီး အများကြီး ခေါ်လာခဲ့တာ နှစ်ပေါင်းမနည်းတော့ဘူး၊ ဒီအစိုးရကပဲ ထောက်ပံ့ကြေးပေး၊ နေစရာပေး၊ ပညာသင်ပေးနဲ့။ ဟိုး … အီရတ်နဲ့ကူဝိတ် စစ်ပွဲကာလကတည်းကလို့ ထင်တယ်။ နောက်ပြီး တူရကီတွေကလည်း ဥရောပထဲပါနေတော့ ပုံစံမျိုးစုံနဲ့ဒီဘက်ကို ရောက်လာကြတယ်။ သူတို့ရဲ့ လူဦးရေတိုးပွားနှုန်းက ကြောက်ခမန်းလိလိပဲ”ဟု အားရပါးရ ပြောနေသည်။

“နေပါဦး … အချို့သတင်းတွေ အဆိုအရ ခရစ်ယာန်တွေက သူတို့ဘာသာတရားအပေါ် ယုံကြည်မှုလျော့ပြီး မွတ်စလင်အဖြစ် ပြောင်းကုန်ကြတယ်လို့ တွေ့ရတယ်၊ အဲဒိလို မဟုတ်ဘူးလား”ဟု စာရေးသူက မေးမိသည်။

ထိုအခါ လူငယ်က အားရပါးရ ရယ်လေသည်။ သူက ဘာသာပြောင်းတာ မရှိမဟုတ်၊ အချို့အကြောင်းကြောင်းကြောင့် ပြောင်းတာလည်း ရှိနိုင်ကြောင်း၊ သို့သော် အနည်းစုသာ ဖြစ်ကြောင်း၊ တိုးပွားမှု၏ အဓိကအကြောင်းတရားကတော့ သူတို့၏ မွေးနှုန်းသာဖြစ်ကြောင်း အချက်အလက်များနှင့် ပြောပြလေသည်။

အမှန်အားဖြင့် သူသည် မည်သည့်ဘာသာကိုမျှ ယုံကြည်သူမဟုတ်ကြောင်း၊ သို့ရာတွင် အကြမ်းဖက်မှုများကို အားပေးသော မည်သည့်ဘာသာ၊ မည်သည့်အဖွဲ့၊ မည်သည့်အတွေးအခေါ်ကိုမျှ အားမပေးကြောင်း၊ အကြမ်းဖက်မှုကို မည်သည့်ပုံစံဖြင့်ဖြစ်စေ ရှုတ်ချကြောင်း ပြောပြသည်။

ဆွစ်ဇာလန်သူကလည်း “ဥရောပကို တူရကီနိုင်ငံလို ဖြစ်မှာတော့ ငါသိပ်ကြောက်တာပဲ”ဟု ဝင်ပြောသည်။ “ဘာကြောင့် ကြောက်ရတာလဲ … ဆိုပါဦး”ဆိုတော့။ သူသည် စကားပြောရတာ အာခြောက်လာလို့လား မသိ၊ ရေဗူးထုတ်ပြီး ရေတစ်ကြိုက်သောက်သည်။
“လုပ်ပါဦး … မင်း ပြောတာ ငါ စိတ်ဝင်စားတယ်”ဆိုတော့ သူက ထုံးရစ်ထားသော သူမ၏ ရွှေအိုရောင်ဆံပင်များကို ဖြေချပြီး မျက်နှာတစ်ခြမ်းခန့်အထိ ဖြာချထားကာ စကားဆက်သည်။ “သိပ်တော့ အများကြီး မရှိပါဘူး၊ ငါ တူရကီကို အလည်သွားဖူးတယ်၊ ဆွစ်ဇာလန်မှာ ကျောင်းတက်တဲ့ တူရကီသူငယ်ချင်းနဲ့ လိုက်သွားတာ၊ သွားတာက နွေရာသီလေ၊ အဲဒီတော့ ငါက တိုတိုလေး၊ ပေါ့ပေါ့ပါးပါးလေး ဝတ်တာပေါ့၊ အဲဒီမှာ အချို့အမျိုးသားတွေ ငါ့ကို ထူးထူးဆန်းဆန်း စူးစူးရဲရဲ ကြည့်ကြတာ စိတ်တောင် တိုလာခဲ့တယ်၊ ဒါနဲ့ သူငယ်ချင်းက အဝတ်အစား ပြောင်းဝတ်ရင်ကောင်းမှာပဲလို့ အကြံပေးတာနဲ့ အဝတ်အစားအသစ်တွေ ဝယ်ဝတ်ရတယ်၊ ဘုရား ဘုရား ဥရောပကြီး တူရကီလိုဖြစ်ရင်တော့ ဒုက္ခပဲလို့ အတွေးရခဲ့တယ်၊ ငါ အဲဒါ တွေးမိတိုင်း သိပ်မုန်းတာပဲ”ဟု အားပါးတရ ပြောလေသည်။ သူ့မျက်နှာမှာလည်း မနှစ်မြို့သည့် အမူအရာများ အထင်းသား တွေ့နေရသည်။

(၁၉)
စာရေးသူကတော့ မိခင်တစ်ယောက်နှင့်အသက်မတိမ်းမယိမ်းရှိသော ကလေးသူငယ်များ ၄/၅ယောက်ခန့် ခြံရံနေသော၊ ဖရန့်ဖွတ်မြို့တွင် မကြာခဏ တွေ့ရတတ်သော ခေါင်းမြီးခြုံအမျိုးသမီးအချို့ကို မျက်စိထဲ မြင်ယောင်မိလေသည်။

(၂ဝ)
ဆွစ်ဇာလန်သူ၊ ဒိန်းမတ်လူငယ်တို့နှင့် စကားတွေ ပြောပြီး ခဏကြာသောအခါ အိပ်ပျော်သွားသည်။ အဘယ်မျှကြာသွားသည် မသိ။ အိပ်ပျော်ရာမှ နိုးလာတော့ ရထားကြီးက ရပ်နေသည်။ အခန်းတွင်းတွင် ဂျာမန်အမျိုးသားကြီးနှင့် ဒိန်းမတ်လူငယ်ကို မတွေ့ရတော့ပေ။ အချို့လူတွေ ဘူတာပလက်ဖောင်းပေါ်တောင် ရောက်နေကြပြီ။ စာရေးသူလည်း အခန်းအပြင် ထွက်ပြီး စနည်းနာကြည့်သည်။ “ဟန်နိုဗာ” ဟု တွေ့ရသည်။ ဟန်နိုဗာကလည်း ဘူတာအကြီးကြီးတစ်ခုပင် ဖြစ်သည်။ ရဲမေများ၊ ရဲများ အရေးတကြီးပုံစံဖြင့် ခပ်သုတ်သုတ် သွားလိုက်လာလိုက် ဖြစ်နေကြသည်။ ဆက်သွယ်ရေးစက်များနှင့် အလုပ်ရှုပ်နေကြဟန် ရှိသည်။ ဘာဖြစ်ပါလိမ့်။
ခဏကြာသောအခါ ကုလား ၁ဝ ယောက်လောက်ကို ရဲများ ခြံရံထားသောမြင်ကွင်းကို တွေ့လိုက်ရသည်။ ပတ်စပို့မပြနိုင်သောသူများနှင့်လက်မှတ်မပါသူများကို ရထားပေါ်က ဆွဲချနေခြင်း ဖြစ်သည်ဟု သိရသည်။ ထိုပုဂ္ဂိုလ်များနှင့်ပတ်သက်ပြီး ဆွေးနွေးနေသဖြင့် ရထားက ဆက်မထွက်နိုင်ဖြစ်နေရကြောင်း နောက်မှ သိရသည်။ ရထားက ၄၅ မိနစ်ခန့် ရပ်တန့်နေသည်။ ရဲများ ခြံရံပြီး ပတ်စပို့မပါသောကုလားများကို တစ်နေရာသို့ ခေါ်ဆောင်သွားသည်ကို တွေ့ရသည်။

ဆက်လက်ဖော်ပြပါမည် …

အရှင်ကုသလသာမိ (အတည်မဲ့)
www.facebook.com/ashinkusalasami


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်