ညိုထက်ညို – စိတ်ကိုစွဲလမ်းစေတတ်သော (အပိုင်း ၂) (၀တ္ထုတို)

October 16, 2014

– စိတ်ကိုစွဲလမ်းစေတတ်သော (အပိုင်း ၂) (၀တ္ထုတို)
(မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၁၄

နောက်နေ့မနက်ကျတော့ သူ နန်းတို့ နှစ်ယောက်ကို Panorama တွင် ၀င်ခေါ်ပြီး ဘုရင့်နောင် နန်း အစ်ကိုဝမ်းကွဲအိမ်တွင် ဓာတ်ဆီဝင်ထည့်ကာ ဘုရင့်နောင် အကျော်က လက်ဖက်ရည်ဆိုင် တဆိုင်တွင် သူတို့ မုန့်ဟင်းခါး ၀င်စားကြသည်။ ပြီးတော့ ဘုရင့်နောင် တံတားကို ကျော်၍ ပုသိမ်ဘက်သို့ ထွက်ခဲ့သည်။

လမ်းတလျှောက်လုံး နန်း တို့ ညီအစ်မနှစ်ယောက် နှင့် သူ စကားပြောလာခဲ့သည်။ ကောင်းကင်မှာတော့ တိမ်တွေ ထူနေသည်။ ဗိုလ်မြတ်ထွန်း တံတားကြီးပေါ် သူတို့ ကားလေး ဖြတ်တော့ နန်းက ဟိုးအောက်က လှေကလေးတွေကို ငေးကြည့်နေတာ သူ နောက်ကြည့်မှန်ထဲမှ တွေ့သည်။ သူတို့ ပုသိမ်ရောက်တော့ နေ့လယ်တနာရီ ထိုးနေပြီ ဖြစ်သည်။ သူတို့ သိပ်မဆာသေးသောကြောင့် ဘုရားအရင် ဖူးရန် ဆုံးဖြတ်လိုက်သည်။ ပုသိမ် ရွှေမုဋ္ဌော ဘုရား ရင်ပြင်တော်ပေါ် ရောက်တော့ သူ နန်းတို့ ညီအစ်မကို ဓာတ်ပုံရိုက်ပေးသည်။ ကြားရက်မို့ ထင်သည်။ စေတီရင်ပြင်တော်ပေါ်တွင် သူတို့လို အာဂန္တုများမှ လွဲ၍ လူသူ ကင်းရှင်းနေသည်။ ပြီးတော့ သူတို့ ရေကြည်ဦး ဘုရား ဟုလဲ ခေါ်သည့် ဟိုယခင်က ဘုရားကို ငုံပြီး တည်ထားသော လေးကျွန်းမာန်အောင် ဖောင်တော်ဦး စေတီ ဆီ ထပ်သွားကြသည်။ လေးကျွန်းမာန်အောင် မှာ ရှုခင်းကောင်းသောကြောင့် သူ နန်းတို့ညီအစ်မ နှစ်ယောက် ကို မိုးပေါက်ကလေး တွေကို တခါတခါ သယ်သယ် လာနေသည့် စိမ်းစိမ်းစိုစို လေညင်းတွေကြား ဓာတ်ပုံတွေ ထပ်မံရိုက်ပေးသည်။ ပြီးတော့ သူ ဘုရားပစ္စယံ သို့ တက်ပြီး ဟိုး မှောင်ကြီးမည်းကြီး ထဲတွင် အထီးကျန် စံပယ်နေသော အရင်က စေတီတော် အဟောင်းကို သံတိုင်တွေ ကြားထဲက ချောင်းကြည့်သည်။ ခဏနေတော့ သူ အောက် ပြန်ဆင်းလာသည်။ ပြီးတော့ သူတို့ နဂါးရုံဘုရား ရှိရာဆီ လမ်းလျှောက်လာခဲ့သည်။

နဂါးရုံ ဘုရားရှိ ရွှေဝါ ငါးကြင်းလေးတွေ ရှိရာ ကန်ကလေးကို ရောက်တော့ နန်း အစ်မ နှင့် နန်း ငါးစာရောင်းသော နေရာမှ ပေါက်ပေါက်ဆုပ် နှင့် တူသည့် ငါးစာကလေး တွေကို ကန်တော့နှင့် ထည့်ထားသော ငါးစာခွက် ကလေးတွေ ၀ယ် ၍ ငါးလေးတွေကို အစာကျွေးကြသည်။ ဂျင်းဘောင်းဘီ နက်ပြာရောင် ကလေးဝတ်ထားသော ဖြစ်မြဲထုံးစံအတိုင်း နှုတ်ခမ်းဖျားတွင် အပြုံးကလေးတွေ စိမ့်အိုင်နေသည့် နန်း နှင့် ကန်ထဲတွင် အစာလုရင်း လူးလာကူးခတ် နေသော ရွှေဝါငါးကြင်းကလေး တွေကို သူ တလှည့်စီ ငေးနေတုန်း သူ့ထက် လေးငါးခြောက်နှစ် ခန့် ကြီးပုံရသော နန်း အစ်မက သူ့ကို

“ဝေမိုး၊ ကျွေးဦးမလား”

ဟု မေးတော့ သူ အတွေးလွန်နေသောကြောင့် သူ့ကို တခုခု စားဖို့ ပြောသလား မှတ်ကာ

“သုံးဆောင် အစ်မ သုံးဆောင်၊ ကျွန်တော် မဆာသေးဘူး”

ဟု ပြောလိုက်မိသည်။ နန်း တို့ နှစ်ယောက်ဆီက တခစ်ခစ် ရယ်သံကြားမှ သူ မှားသွားမှန်း သူ သတိရသည်။ ငါးကလေး တွေကို အစာကျွေးပြီးတော့ သူတို့ ခခကြီး ဆိုင်ဘက် ထွက်လာခဲ့သည်။

“ဝေမိုး  မရှင်းရဘူးနော်၊ ရှင်းရင် မစားတော့ဘူး”

ဟု သူ့အကြောင်း နန်းဆီက တဆင့် တိတိကျကျ သိနေပြီဖြစ်သည့် နန်းအစ်မက သူ့ကို ခပ်သွက်သွက် ပြောတာ ကြားလိုက်ရတော့ ရှင်းဖို့ စိတ်ကူးထားပြီးသည့် သူ့ စိတ်ကူး ပျက်သွားသည်။ သူတို့ သုံးယောက်စလုံး သိပ်မစားနိုင်ကြ။ စားနေတာကို လက်စသတ်လိုက် ပြီးတော့ နေ့လယ်နှစ်နာရီ ခွဲနေခဲ့ပြီ။ သူ နန်း တို့ နှစ်ယောက်ကို သွားရန် ကျန်နေသေးသည့် ဘုရားများဆီ ထပ်မံပို့သည်။ ဟိုဟိုသည်သည် လမ်းမေးပြီး သူတို့ ပြုပြင်ခြင်း ကင်းမဲ့နေပြီ ဖြစ်သော ဘုရားတဆူ အပါအ၀င် နောက် ဘုရားသုံးလေးဆူ ရောက်သွားကြသည်။ ဘုရားတွေ အားလုံးစုံတော့ ညနေသုံးနာရီခွဲ တော့မည် ဖြစ်သည်။ ဘုရားတဆူ အ၀င်ဝတွင် သူ ညဘက်ကန်မည့် ဘောလုံးပွဲဈေးတွေ ရန်ကုန်ကို လှမ်းမေးရင်း ဘုရားထဲမှ ပြန်ထွက်လာသော နန်းတို့ နှင့် ရန်ကုန်သို့ ပြန်ခဲ့သည်။

ပြန်လာသည့် လမ်းတလျှောက်တွင်တော့ မိုးတဖွဲဖွဲ ကျနေသည်။ မိုးစက်ကလေး တွေကို ချစ်ချင်ယောင် ဆောင်လို့ ရသော အရွယ်မှာပဲ ရှိနေသေးသည့် နန်း ကတော့ ကားမှန်ကို တ၀က်ဖွင့်ပြီး ဘာကိုမှ သံသယ ရှိပုံမရဘဲ မိုးစက်ကလေး တွေကို လက်ဖ၀ါး ကလေး နှင့် ခံခံကြည့်နေတာ သူ တခါ တခါ နောက်ဘက် စကား လှည့်ပြောတော့ တွေ့သည်။ သူ လမ်းဘေး တဖက်တချက် ရှိ မြစ်ဝကျွန်းပေါ်  သင်္ကေတတွေနှင့် မိုးစက် သေးသေးကလေးတွေ အောက်က လယ်ကွင်းစိမ်းစိမ်း တွေကို တချက်တချက် ငေးရင်း ကားကို ဂရုစိုက် မောင်းလာခဲ့သည်။ ရန်ကုန်ကို ပြန်ရောက်တော့ ည ရှစ်နာရီ ထိုးနေပြီဖြစ်သည်။ နန်း ကတော့ မရောက်တာ ကြာပြီဖြစ်သည့် မြန်မာပြည် ရောက်လေရာရာ မှာ ပျော်နေပုံရသည်။ သူ တနေ့လုံး လျှောက်သွားခဲ့ရသောကြောင့် မသိမသာ ကလေး နွမ်းနေဟန်ရှိသည့် နန်းကို တချက် လှမ်းငေးရင်း ဘောလုံးပွဲကြည့်ရန် အိမ်သို့ ပြန်ခဲ့သည်။

နောက် နှစ်ရက် သုံးရက်မှာတော့ သူ နန်း တို့ ညီအစ်မနှစ်ယောက်ကို နန်း သွားချင်သည့် ရန်ကုန်ထဲက နေရာတွေ နှင့် သူကိုယ်တိုင် ဘယ်တုန်းက နောက်ဆုံး ရောက်ခဲ့မှန်း မမှတ်မိတော့သည့် ဘုရားတွေ ကို လိုက်ပို့ပေးခဲ့သည်။ သည်လိုနှင့် နန်း မိဘမဲ့ဂေဟာတွင် ကျွေးမွေးရန် စီစဉ်ထားသည့်နေ့ သို့ ရောက်လာသည်။

ထိုနေ့မနက် ကိုးနာရီလောက် သူတို့ ထွက်လာတော့  တမနက်လုံး ရွာမည် ထင်ထားခဲ့သည့် မိုးက မရွာသော်လည်း မှိုင်းမှိုင်းညို့ညို့ ဖြစ်နေသည်။ မိဘမဲ့ဂေဟာ ရောက်တော့ သီလရှင် ဆရာကြီးက သူတို့ကို စောင့်ကြိုနေသည်။ နန်းတို့ ညီအစ်မ နှင့် သူ ကလေးလေးတွေ စာသင်နေသည့် စာသင်ခန်းတွေရှေ့ ဖြတ်ပြီး ကျောင်းပေါ် တက်ခဲ့သည်။ သူတို့ ထမင်းစားရန် ရည်ရွယ်ချက် မရှိသော်လည်း ဆရာကြီးက သူတို့ သုံးယောက်ကို ထမင်း အရင်ကျွေးရန် စီစဉ်ထားသည်။

သူတို့ စားပြီး ခဏနေတော့ သီလရှင် နှစ်ပါး နှင့် ကလေးများ ကျောင်းပေါ် တက်လာသည်။ သူကတော့ နန်းဆီက ဒစ်ဂျစ်တယ် ကင်မရာလေးနှင့် နန်း အတွက် ဓာတ်ပုံတွေ မှတ်တမ်း တင်ပေးနေမိသည်။ နန်း မိဘနှစ်ပါး အမည်များ နှင့် နန်းအမည်က ကျောက်သင်ပုန်း တချပ်ပေါ် တွင် ထင်ထင်လင်းလင်း ရေးထိုးထားသည်။ ကလေးတွေ နန်း တို့ မိသားစုအတွက် ဆုတောင်းပြီး တော့ ထမင်းစားကြသည်။ ပြီးတော့ နန်း က ချစ်ဖို့ကောင်းသော ကတုံးလေး တယောက်ကို ဖက်၍ ဓာတ်ပုံရိုက်သည်။ အားလုံးပြီးကြတော့ သူတို့ ဆရာကြီး ကို နှုတ်ဆက်စကား ဆိုပြီး လက်ကလေးတွေ ပြပြီး ကျန်နေခဲ့ကြသော ကလေးတွေကို နောက်မှာ ချန်ထားကာ ပြန်ခဲ့ကြသည်။

ထိုညတွင်တော့ နန်း တို့ ညီအစ်မနှစ်ယောက် နှင့် သူ သိမ်ကြီးဈေး အောက်ထပ်ရှိ Wonder စားသောက်ဆိုင် တွင် ထမင်းစားကြသည်။ မက်ဒေါ်နယ်၏ သင်္ကေတ M ကို နန်း အဆိုအရ ပြောင်းပြန်ရိုက်ထားသော ၀မ်းဒါး ၏ အထိမ်းအမှတ်  W ကို ကြည့်ရင်း နန်း က အပြုံးကလေးတွေ ဝေ့ခိုနေသည့် နှုတ်ခမ်းကလေး နှင့် သဘောကျနေသည်။ မက်ဒေါ်နယ် နှင့် စကြ၀ဠာ တခု စာ မက ဝေးနေသည့် အရပ်တွင် နေထိုင်သူ သူကတော့ ကြည့်ဖူးသော ရုပ်ရှင်တွေ ဖတ်ဖူးသော စာနယ်ဇင်း တွေထဲက မက်ဒေါ်နယ် တံဆိပ်ကို ပြန်စဉ်းစားသော်လည်း ခေါင်းထဲ ဘာမှမပေါ်ဘဲ နန်း ပြောသမျှ အင်းလိုက်နေမိသည်။ ထမင်းစားကြ ပြီးတော့ နန်း တို့ ဘာမှမပြောခင် သူ ကောင်တာသို့ ပိုက်ဆံသွားရှင်း လိုက်သည်။ နန်း အစ်မ ဖြစ်သူကတော့ သူ့ကို

“ပြောထားတဲ့ကြားကဟယ်၊ ဝေမိုး က လုပ်ပြန်ပြီ”

ဟု ရာနှုန်းပြည့် အားနာသံဖြင့် သူ့ကို ပြောသည်။ ဆိုင်ထဲက ပြန်ထွက်လာတော့ နန်းက ဂဏန်းပေါင်း စားချင်သည် ဟု ပြောသောကြောင့် သူတို့ ၁၉ လမ်းဘက် ထွက်ခဲ့ကြသည်။ ၁၉လမ်း ထဲက ”၀င်း” တွင် ဂဏန်းပေါင်း မှာထားရင်း နန်း တို့ ညီအစ်မနှစ်ယောက်က ၁၉လမ်းထိပ် မဟာဗန္ဓုလလမ်းပေါ်တွင် ဈေးလျှောက်ကြည့်ရန် ထွက်သွားသည်။ သူ ကတော့ ဂဏန်းပေါင်းကို စောင့်ရင်း ကျန်နေခဲ့သည်။ နန်း တို့ ညီအစ်မပြန်လာတော့ သူ့ လက်ထဲ ဂဏန်းပေါင်း ရနေပြီ ဖြစ်သည်။ သူ နန်း အစ်မကို ယောက်လမ်းတွင် ၀င်ပို့ပြီး နန်း ကို ဟိုတယ်သို့ ပြန်ပို့တော့ ကားပေါ်မှ အဆင်းတွင် နန်း က သူ့ကို

“ကိုဝေမိုး ခုနက ကျတဲ့ ညစာဖိုးတော့ ပြန်ယူပါနော် ”

ဟု အပြုံး စိုစိုစွတ်စွတ် ကလေးနှင့် ပြောရင်း သူ မတားလိုက်နိုင်ခင် တွင်ပင် ဂီယာဘောက်စ် နောက်ရှိ ကက်ဆက်ခွေတွေ ထည့်ထားသည့် အံလေးထဲ ထောင်တန် အလိပ်ကလေး ကို ထိုးထည့်လိုက်သည်။ သည်တခါတော့ သူ ပြန်လည် လက်ခံလိုက်ရသည်။

နောက် နှစ်ရက် သုံးရက် လောက်နေတော့ နန်း ပြန်ရန် ရက် တဖြည်းဖြည်း နီးလာသောကြောင့် သူ နန်း အတွက် အမှတ်တရ လက်ဆောင် တခုခု ပေးရန် သတိရသည်။ အရာရာ ကြည်လင်ဝင်းပ နေသော နန်း အတွက် ဘာပေးရမလဲ သူ စဉ်းစားမရသဖြင့် နောက်ဆုံး သည်ရက်တွေတွင် စကားပြောကြရင်း သူ သိထားသည့် နန်း အရမ်းချစ်သည် ဆိုသော Hello Kitty အရုပ်ကလေး ၀ယ်ပေးရန် ဆုံးဖြတ်လိုက်ပြီး ဗိုလ်ချုပ်လမ်းပေါ် သိမ်ဖြူ ထောင့်နားလောက်ရှိ အမှတ်တရ ပစ္စည်း အရောင်းဆိုင်တွင် သူ  လျှပ်စစ်မီးရောင်အောက်တွင် လင်းရန် sensor ထည့်ထား သော ကစ်တီရုပ်လေး တရုပ် ၀င်ဝယ်လိုက်သည်။ မိန်းကလေးတွေ အရုပ်ချစ်တတ်မှန်း သူ စဉ်းစားရင်း  နန်း ဆီ ဖုန်းဆက်တော့ နန်း က ဟိုတယ်မှာပဲ အစ်မ ဖြစ်သူ နှင့် အတူ ရှိနေသည်။ ခဏနေတော့ သူတို့ ပန်းဆိုးတန်း က ရွှေခရားကြီးတွင် လက်ဖက်ရည် သွားသောက်ကြသည်။ သောက်ပြီးအပြန် ကားပေါ်မှာပဲ သူ နန်းကို အရုပ်ကလေး လက်ဆောင်ပေးလိုက်သည်။ အပြည့်အ၀ ကျေနပ်ခြင်းတွေ တသွင်သွင် စီးဝင်နေသော မျက်နှာကလေး နှင့် နန်းက အပြုံး နူးနူးညံ့ညံ့ ၀တ်ထားသော ဆင်မယဉ်သာ နှုတ်ခမ်းကလေး နှင့် Thank you ဟုဆိုကာ အရုပ်ကလေးကို လှမ်းယူသည်။

နောက်တရက် မနက်ခင်းမှာ  နန်း က သူငယ်ချင်း များနှင့် တနေရာရာတွင် သူ အပါအ၀င် ညစာစားချင်၍ စီစဉ်ပေးရန် ပြောသည်။ သူ နန်း တို့အတွက်ကော သူ့အတွက်ပါ အဆင်ပြေနိုင်မည့် နေရာ သုံးလေးနေရာ စဉ်းစားအပြီး နောက်ဆုံး ရန်ကုန် အင်တာနေရှင်နယ် ဟိုတယ်ထဲရှိ million coin တွင် ညစာစားရန် နန်း ကို အကြံပေးလိုက်သည်။ နန်း ကတော့

“ကိုဝေမိုး မရှင်းရဘူးနော်၊လုံးဝ မရှင်းရဘူးနော်”

ဟု  သုံးလေးငါးခါ သူ့ကို စိတ်မချဟန်ဖြင့် တဖွဖွ မှာနေသည်။ သူ သဘောတကျ ရယ်မောရင်း နန်း နှင့် သဘောထား ကွဲလွဲလိုခြင်း မရှိတော့သောကြောင့်

“အင်းပါ နန်း ရဲ့”

ဟုပဲ နန်း ကို ပြန်ပြောမိသည်။ ထိုနေ့က နန်း နှင့် သူ ရှိနေသည့် တချိန်လုံး လိုလို ဆေးလိပ်သောက်နေတတ်သည့် သူ့ကို နန်းက ကြည့်ရင်း သူ တရက် ဆေးလိပ် ဘယ်နှစ်လိပ်သောက်လဲ ဟု မေးသည်။ သူက တဘူးလောက်တော့ ရှိမလားပဲ ဟု ပြန်ပြောတော့ နန်း ဘာမှ ဆက်မပြောတော့။ သူကတော့ စိတ်ကို စွဲလမ်းစေတတ်သော ဆေးလိပ်တွေ အကြောင်း စဉ်းစားမိရင်း  နန်း ကကော စိတ်ကို စွဲလမ်းစေတတ်သော စာရင်းထဲ ပါနေသလား အပြုံး သန့်သန့်ရှင်းရှင်း ကလေးတွေ မကြာမကြာ တသိမ့်သိမ့် စီးဆင်းနေတတ်သော နန်း မျက်နှာ နုနုငယ်ငယ် ကလေးကို ကြည့်ရင်း တွေးနေမိပြန်သည်။ အဲဒီ အတွေးတွေနှင့် စီးစီးပိုင်ပိုင် ကပ်ငြိရင်း ထိုညက နန်း အပါအ၀င် နန်း သူငယ်ချင်း ကောင်မကလေး လေးငါးယောက် နှင့် သူ ညစာစားမိတော့ နန်း ပြန်ရန် ရက်တွေ ကပ်လာပြီဖြစ်တာ တွေးမိသည်။ သူ ထမင်းစားပြီး နန်း တို့ လွတ်လွတ်လပ်လပ် စကားပြောနိုင်ရန် million coin အပြင်ဘက်သို့ ထွက်လာခဲ့တော့ မိုး ပေါ်မှာ လမင်းကြီးက ပြက်ပြက်ထင်ထင် သာ နေသည်။

ထို့နောက်တော့ နန်း ပြန်ရန် ငါးရက်လောက်ပဲ လိုတော့သောကြောင့် သူတို့ ဝေးဝေးလံလံ မသွားဖြစ်တော့။ ရန်ကုန်မြို့ထဲမှာပဲ နန်း သွားချင်တဲ့နေရာတွေ သူ လိုက်ပို့ပေးခဲ့သည်။ မှတ်မှတ်ရရ စွယ်တော်စေတီ ကို တရက်ရောက်တော့ လူတယောက်က သူ့ကားပေါ်မှ “တပြည်သူ မရွှေထား” ပုံ ပေါက်နေပြီ ဖြစ်သည့် နန်းကို ကြည့်၍ နိုင်ငံခြားသားလား ဟု ပိုက်ဆံကောက်ရန် လာမေးသည်။ နန်း က သွက်သွက်လက်လက် မြန်မာလို ပြန်ဖြေလိုက်မှ ထိုသူ ပြန်ထွက်သွားသည်။ နန်း တို့ ပုဂံရောက်စဉ် ကလည်း နန်း ကို ဂျပန်တိုးရစ်စ်ဟု အထင်မှားကာ ကလေးတွေ ပစ္စည်းရောင်းရန် ပြေးလာကြကြောင်း နန်းက ရယ်သံတ၀က်ဖြင့် ဘယ်သူကမှ အထင်မှား လောက်စရာ မရှိအောင် မြန်မာ ပီသနေသည့် အင်္ကျီမှာ  ချွေးတွေ အမြဲ ရွှဲနေတတ်သော  သူ့ ကို ရှင်းပြသည်။ ဘယ်လိုမှ ဆက်စပ်၍ မရနိုင်အောင် ကွာခြားကွဲပြားနေသော ဟေမိုဂလိုဘင် အပြည့် လင်းလက် နန်း ဘ၀ တောက်ပ အစိတ်အပိုင်း တွေနှင့် မနက်ဖြန် မီး လာ မလာ ပင် သေချာအောင် မပြောနိုင်သေးသော သူ့ ဘ၀ ဘယ်လိုပြောရမှန်း မသိသည့် ရှုပ်ရှုပ်ထွေးထွေး လေးလေးလံလံ ကိုယ်ခံအား တချို့တ၀က် ကျဆင်းနေသည့် ပြည်တွင်းဖြစ် အစိတ်အပိုင်းတွေ အကြောင်း သူ တွေးရင်း နောက်တနေ့ မနက် သူ ဆိပ်ကမ်းသာ လမ်း ထဲရှိ  မီးဖိုမှ မီးစက်သံတွေ တ၀ုန်းဝုန်း ညံနေသည့် စိတ်တိုင်းကျ တွင်  ဂျာနယ်မှ ဘောပွဲ သတင်းတွေ ဖတ်နေတုန်း နန်း ဆီက ဖုန်းဝင်လာသည်။ တိုင်းရင်းသားကျေးရွာ သို့ သွားလိုသောကြောင့် သူ အားမအား လှမ်းမေး တာဖြစ်ကြောင်း နန်း ဆီက သိရတော့ အခုထက်ထိ သူ့ကို အားနာနေသေးသည့် နန်း ဆီ သူ အိမ်ပြန် ကားယူ၍ ထွက်လာခဲ့သည်။

ကားပေါ်ရောက်မှ နန်း သူငယ်ချင်းဖြစ်သူက နန်း က တက္ကစီနှင့် သွားမည်ပြောကြောင်း၊ ကျေးရွာထဲတွင် တက္ကစီ ပေးမ၀င်သဖြင့် ကိုယ့်ကားနဲ့ကိုယ် သွားမှ အဆင်ပြေမှာ ပြောရကြောင်းတွေ သူ့ ကို ရှင်းပြနေသည်။ သူ ၀တ်ကြေတမ်းကြေ အရေးမကြီးသော နန်း သူငယ်ချင်း ၏ စကားတွေကို  နားထောင်ရင်း အရေးကြီးသော နန်း မျက်နှာကလေးကို နောက်ကြည့်မှန်ထဲက ရံဖန်ရံခါ ငေးကာ ဗန္ဓုလ တံတားကို ဖြတ်ပြီး ကားမောင်းလာခဲ့သည်။ သူတို့ ကားကလေး တိုင်းရင်းသား ကျေးရွာရောက်တော့ လမ်းနံဘေး ကွင်းကြီး ထဲမှာ ဖွင့်ထားသော လက်ဖက်ရည်ဆိုင် ကလေး တဆိုင်မှာ လက်ဖက်ရည် အရင် သောက်ကြသည်။ ပိုက်ဆံရှင်းတော့ ပိုက်ဆံလာယူသော အစ်မကြီးကို

“ဒီက ယူပါ အစ်မ၊ ကလေး တွေဆီက မယူပါနဲ့ဗျာ”

ဟု သူ လူကြီးတယောက်လို ပြောတော့ သူ့ထက် လေးနှစ်သာသာ လူ့လောက အကြောင်း ရိပ်မိတာ  သေသေချာချာ နောက်ကျသော နန်း နှင့် နန်း သူငယ်ချင်း မရှောင်မလွှဲသာ ခိုးခိုးခစ်ခစ် သဘောကျနေသည်။ ရယ်သံကလေးတွေ ထုံနေအောင် ဆွတ်ထားသော နန်း အပြုံးကလေး တွေမှာ သိပ်သည်းဆ ဘယ်လောက်ရှိလဲ သူ စဉ်းစားရင်း နန်းတို့ နှစ်ယောက် နှင့် ရပ်ထားသော ကားဆီ ပြန်ထွက်လာခဲ့သည်။ ပြီးတော့ သူ တိုင်းရင်းသား ကျေးရွာထဲတွင် တလမ်းဝင်တလမ်းထွက်  ကားမောင်းလာရင်း ရှုခင်းကောင်းသော နေရာတွေမှာ ကားရပ် ၍ နန်း ကို လူကြီးဆန်စွာ ဓာတ်ပုံရိုက်ပေးသည်။ ဒီရေတော ရှိရာရောက်တော့ သူ ရွှံ့စပ်စပ်ပေါ် ပြေးနေသော ဂဏန်းကလေး တကောင်ကို  သစ်သား တံတားကလေး ပေါ်တွင် ဆောင့်ကြောင့် ထိုင်၍ လိုလိုလားလား ကြည့်နေသော နန်း ကို ပမာဏတွေ တနေ့တခြား ကျဆင်းလာနေသော ဒီရေတောတွေ အကြောင်း သူသိသမျှ ရှင်းပြရင်း နန်း ဆံပင်ခွဲကြောင်း ကလေး ကြားက ဦးရေပြား စိမ်းစိမ်း ကလေးကို အမှတ်တမဲ့ ကြည့်နေမိသည်။ ရိုးရာအိမ်ကလေး တွေနှင့် အတိပြီးသော လမ်းကလေးကို ဖြတ်သန်းရင်း မွန်ရိုးရာ အိမ်ကလေး တအိမ် အပေါ်ထပ်ရောက်တော့ ၀ရံတာဘက်တွင် သူ နို့နှစ်ရောင် အင်္ကျီလက်ရှည် ကလေး ၀တ်ထားသော အပြုံးကလေးတွေ ကို တကူးတက ၀တ်ခိုင်းစရာ မလိုသည့် နန်းကို  ဓာတ်ပုံရိုက်ပေးသည်။ နန်း နောက်ဘက် လမ်းတဖက်ခြမ်း သင်ဖြူးခင်းထားသလို ဖြစ်နေသော ရေကန်ကြီး ရှိရာက လှုပ်လီလှုပ်လဲ့ လျှောက်လာသော လေညင်း နုနုနယ်နယ် ကလေးတွေက အထူးတလည် ပြုပြင်စီရင် မထားသော နန်း ဆံနွယ် သွယ်သွယ်လျလျ ကလေးတွေ ကြားတွင် သဘောထား ကွဲလွဲခြင်း မရှိဘဲ သာသာယာယာ လွင့်ဝဲနေကြသည်။

ထိုည ညစာ ကို သူ နန်းတို့ ညီအစ်မ နှစ်ယောက်နှင့် ဆရာစံ လမ်းထဲရှိ မီးလုံးဝါ၀ါ ကလေးတွေ ထွန်းထားသော အနောက်တိုင်း ဆန်ဆန် ဆိုင်ကလေး တဆိုင်မှာ စားသည်။ နန်း က သူ့ထက် အရင်ဦးအောင် သူ့ပန်းကန်ထဲ ဟင်းတွေ ထည့်ပေးတော့ နားမလည်ချင် ယောင်ဆောင်လို့ မရတော့သော စိတ်တွေနှင့်

“ကျေးဇူး”

ဟု သူ ပြောလိုက်ရသည်။ ပြီးတော့ သူ နန်း ထက် အရင်ဦးအောင် ပိုက်ဆံ ရှင်းပေးလိုက်ပြီး နန်း တို့နှစ်ယောက် နှင့် ဆိုင်ကလေး ထဲက ပြန်ထွက်ခဲ့သည်။ နန်း အစ်မ ကို ယောက်လမ်း ပြန်ပို့အပြီး ထိုနေ့ည နန်း နှင့် သူ စာအုပ်ဆိုင် ထပ်ရောက်တော့ ဂျင်းဂျက်ကက် ကလေး အောက်က ‘I Love L.A’ ဟု စာတန်း ရေးထိုးထားသော အညိုရောင် တီရှပ်ကလေး ၀တ်ထားသော နန်း က ဇူလိုင်လထုတ် ရွှေအမြုတေကို တခုတ်တရ မေးသည်။ စာအုပ်က မထွက်သေးသောကြောင့် နန်း အခြားစာအုပ်ပဲ ငှားလိုက်ရသည်။ နန်း ပြန်ဖို့ နှစ်ရက်ပဲ လိုတော့ကြောင်း သူ တွေးလိုက်မိရင်း ပန်းဆိုးတန်း ရှိ စာအုပ်ဆိုင်ကြီးများတွင် နောက်နေ့ သွားမေးရန် ဆုံးဖြတ်လိုက်သည်။

နောက်တရက် ပန်းဆိုးတန်း ရောက်တော့ ရွှေအမြုတေ က မထွက်သေး။ နောက်တရက် ထပ်ရောက်ပြန်တော့လဲ မထွက်သေးကြောင်း စာအုပ်ဆိုင်တွေ ထံမှ သူ သိရသည်။ တလက်စတည်း နန်း ကို အေဂျေခရိုနင်း ၏ ၀တ္ထု ကို ထင်လင်း ဘာသာပြန်သည့် “အဆိပ်” လက်ဆောင် ပေးချင်သောကြောင့် “အမေ့အိမ်” ထဲ ၀င်မေးတော့ နည်းနည်းပါးပါး သူ နှင့် သိနေသည့် စကတ်ထမီ အပြာရောင်လေး ၀တ်ထားသည့် အရောင်းဝန်ထမ်း ကောင်မလေးက

“အဆိပ် တော့ မရှိဘူး၊ ငါးဆယ်ပဲ ရှိတယ်”

ဟု နောက်နေသည်။ “အဆိပ်” ကို သူ့ အပေါင်းအသင်း စာအုပ်ဟောင်း ရောင်းသူတွေထံမှ အပါအ၀င် ဘယ်မှာမှ ရှာမတွေ့ဘဲ လက်လျှော့လိုက်ရပြီး မနက်ဖြန် နန်း ပြန်တော့မည် ဖြစ်သောကြောင့် သူ ရွှေအမြုတေ မဂ္ဂဇင်း အဟောင်းတစောင်ကို ကောက်လှန်ပြီး စာအုပ်ဖြန့်ချိရာကို ကြည့်လိုက်တော့ ၃၇လမ်း အထက်လမ်းရှိ ဇဗ္ဗူတလူ စာပေ ဖြစ်နေသည်။ သူ့ အိမ်ရှိရာ သူ ပြန်လာရင်း အထက်လမ်းဘက် စာအုပ်တိုက်ရှိရာ သွားလိုက်သည်။ စာအုပ်တိုက်က မနက်ဖြန်မနက် မဂ္ဂဇင်း ထွက်မည်ဟု သူ့ကို ပြောသည်။

ထိုညနေက နန်း လဲ ပြန်ရန် ပစ္စည်းများ ထုပ်ပိုးရင်း အလုပ်ရှုပ်နေခဲ့သည်။ သူ ကတော့ ယောက်လမ်းရှိ နန်း အစ်မ၀မ်းကွဲတော်သူ အိမ် နှင့် Panorama လူးလာခေါက်တုံ့နေသော နန်း ကို လိုက်ပို့ရင်း တနေကုန်ခဲ့သည်။ ညနေလေးနာရီ လောက်မှ နန်း က ကောက်ကာငင်ကာ ဗိုလ်ချုပ်ဈေး သွားမည် ဟု ပြောသည်။ ကားတွေ လူတွေ နှင့် ရှုပ်ယှက်ခတ် နေသော ဗိုလ်ချုပ်ဈေးထဲ နန်း အသိဆိုင်သို့ ၀င်သွားသော နန်း ကို သူစောင့်ရင်း မြင်နေရသော မုန့်စိမ်းပေါင်းသည် ဆီက မြန်မာမုန့်တွေကို သူ့ထက်ပင် အလေးအနက် ထားပုံရသေးသည့် နန်း အတွက် မုန့်စိမ်းပေါင်း ၀ယ်လိုက်သည်။

နန်း နှင့် နန်း သူငယ်ချင်း ပြန်ထွက်လာတော့ ညနေ ငါးနာရီ ထိုးတော့မည် ဖြစ်သည်။ သူ ကားပေါ်တွင်

“မုန့်စိမ်းပေါင်း စားပါဦးလား”

ဟု နန်းကို ပြောပြောပေးပေး လက်ထဲက အုန်းဆံနိုင်းချင်း မုန့်စိမ်းပေါင်း ထုပ်ကို နန်း ကို ပေးလိုက်တော့  နန်း ဆီကွှ့ညေု ပသက ဆိုသော အသံလေး ထွက်လာသည်။ တဆက်တည်း မုန့်စိမ်းပေါင်း ထုပ်ကို လှမ်းယူသော နန်း လက်ဖျားကလေး နှင့် သူ မတော်တဆ တွေ့ထိမိတော့ ဖဿ တွေ  ဝေဒ နာ တွေ ကတဆင့်   သူ့စိတ်ထဲမှာ ရစ်ခ်ျတာစကေး ဘယ်လောက်မှန်း သူ မသိသည့် လှုပ်ခတ်မှု တွေ ဖြစ်သွားသည်။ ပြီးတော့ နန်း က သူ့ဆီက မုန့်စိမ်းပေါင်း ကို ယူကာ နှစ်နှစ်ခြိုက်ခြိုက် စားသည်။ ထို့နောက် နန်း က သူ ပြီးခဲ့တဲ့ အပတ်က တွေ့ခဲ့သော အရုပ်လေး တရုပ် ရန်ကင်းစင်တာတွင် ၀ယ်ချင်သည် ဆိုသောကြောင့် သူ ရန်ကင်းဘက်သို့ မောင်းခဲ့သည်။ ပြိုတော့မလို အုံ့နေသော မိုးသားတွေ အောက်က ရန်ကင်းစင်တာ ထဲမှာ နန်း တို့ အရုပ်ကလေး ၀ယ်ပြီးတော့ သူတို့ ဟိုတယ်သို့ ပြန်ခဲ့သည်။

သူ အိမ်ခဏပြန်ပြီး နန်း အကြောင်းကို ဘယ်လိုမှ ခါချကြည့် ၍ မရတော့သော စိတ်တွေနှင့် လေးလံညွှတ်ပိ ရင်း နန်း ဆီ အလိုအလျောက် ပြန်ရောက်သွားတော့ နန်း ပစ္စည်းတွေ တ၀က်လောက်တော့ သေသေသပ်သပ် ထုပ်ပိုးပြီး နေတာကို တွေ့ရသည်။ သူ နန်း ကို ဘယ်သွားဦးမလဲ မေးတော့ နန်း က စာအုပ်ဆိုင်သွား စာအုပ်တွေ ပြန်အပ်ပြီး လက်ဖက်ရည်ဆိုင် ထိုင်ချင်သည် ဟု သူ့ကို ပြောသည်။ နန်း အစ်မလဲ သူတို့နှစ်ယောက် နှင့် တူတူ ပါလာသည်။

နန်း ဆီက စာအုပ်တွေကိုတော့ သူပဲ အပ်ပေးလိုက်တော့မည် ဟု ဆိုကာ သူ ယူထားလိုက်ရင်း ပန်းဆိုးတန်း တခြမ်းပဲ့ ဗလီ ဘေးနားက ရွှေခရားကြီး ရှေ့ သူတို့ ကားထိုးရပ်လိုက်တော့ ဆိုင်အပြင်ဘက် လမ်းမပေါ် ခုံတွေကြားတွင် တနေရာပဲ လွတ်နေသည်။ ဆိုင်ရှေ့ လမ်းမပေါ်တွင် ထိုင်ရန် နန်း အတွက် မသင့်လျော်သဖြင့် သူတို့ ဆိုင်ထဲ ၀င်လာခဲ့သည်။ နန်း စားချင်သည် ဆိုသော ပဲပလာတာ ကို သူ မှာပေးပြီး သူကတော့ လက်ဖက်ရည်ပဲ မှာလိုက်သည်။ နန်း က နန်းအစ်ကို သူ့ သူငယ်ချင်းဆီ ဘာမှာဦးမလဲ ဟု သူ့ ကို မေးလိုက်တော့မှ မနက်ဖြန် မနက် နန်း ပြန်တော့မည့်အကြောင်းက သူ့ ခေါင်းထဲ စေ့စပ်ကြောင်းလမ်းစရာ မလိုတော့ဘဲ နေရာမလပ် ပြန်ဝင်လာသည်။ ဘာပဲဖြစ်ဖြစ် ဖြတ်ခဲ့ရသော လမ်းတွေမှာ ဟိုတုန်းကတည်းက သစ်ရွက်တွေ ကြွေကျခဲ့ပြီး ဖြစ်တာကို သူ သတိရရင်း

“မမှာတော့ပါဘူး နန်း ရာ၊ သတိရတယ်သာ ပြောလိုက်ပါတော့”

ဟု သူ ပြောပြီး

“နန်းကော နောက်တခေါက် ဘယ်တော့ ပြန်လာဦးမလဲဗျ”

ဟု နန်း ကို မေးလိုက်သည်။ နန်းက

“ပြန်လာဦးမယ်၊ ဒီမှာ အရမ်း ပျော်တာပဲ၊ ဖြစ်နိုင်ရင် နောက်နှစ်တောင် ပြန်လာချင်တယ်၊ ဒါပေမယ့် ကျောင်းရှိသေးတော့ နောက် နှစ်နှစ် လောက်မှ ပြန်လာဖြစ်မယ် ထင်တယ်”

ဟု သူ့ကို ပြန်ပြောသည်။ သူ တခုခု ပြန်ပြောဖို့ စဉ်းစားနေဆဲ နန်း အစ်မတော်က

“ဝေမိုး တော့ နန်း ကို လန့်နေတော့မှာပဲ၊ လိုက်ပို့ရလွန်းလို့”

ဟု ဆိုကာ သူ့ကို နောက်သည်။ သူ စဉ်းစားစရာ မလိုတော့သောကြောင့် နန်း အစ်မ ကို

“မဟုတ်တာ အစ်မရာ၊ ကျွန်တော်တို့က ဧည့်သည် မျှော်နေတာပါ၊ ကိုယ့်ဆီ လာလည်တာပဲ ၀မ်းသာလှပါပြီ”

ဟု အလိုက်သင့် ဆိုကာ  ကွက်လပ်တွေ ပြည့်နေသော တခါမှ မှီတွယ်စရာ မရခဲ့ဖူးသော စိတ် နှင့် နန်း အကြောင်းတွေချည်း ‘ဒီရေမြင့်သစ် ရင်း ဆိုင် အပြင်ဘက်ကို တချက်ကြည့်လိုက်သည်။ ရှဲခနဲ ကြော်သံလှော်သံတွေ အခိုးအငွေ့ တွေ ကြားမှ နန်း အတွက် မနက်ဖြန် တရက်လောက်ပဲ ထပ် အသုံးဝင်တော့မည့် ပန်းဆိုးတန်း လမ်းမကြီးကို ၀ါမှိုင်းသောမီးရောင် တွေအောက်မှာ သူ တွေ့သည်။

အိပ်မက်ထဲမှာ အိပ်မက် မက်နေရာမှ လန့်နိုးသလို လန့်နိုးလာသော နောက်တနေ့ မနက် ရှစ်နာရီလောက် ကျတော့ သူ အိမ်ပေါ်က ဆင်းလာပြီး  ၃၇လမ်း အထက်လမ်းရှိ ဇဗ္ဗူတလူ သို့ လာခဲ့သည်။ ဆိုင်တံခါး ဖွင့်ထားသောကြောင့် သူ ဆိုင်ထဲ ၀င်လိုက်တော့ ရွှေအမြုတေ မဂ္ဂဇင်းများ ရိုက်နှိပ်ရာ ၄၂လမ်းရှိ ပုံနှိပ်တိုက် မှ ရောက်မလာသေးကြောင်း၊ ဆယ်နာရီလောက်ကျ မှ ရောက်မည်ထင်ကြောင်း ဆိုင်ထဲက လူတယောက်က သူ့ကို ပြောပြသည်။ သူ နန်း ဆီ ကိုးနာရီလောက် အရောက်သွားရမှာကို တွေးမိပြီး

“နိုင်ငံခြားက ဧည့်သည်အတွက်ပါဗျာ၊ ၄၂ လမ်းဆိုတော့ အခု သွားယူပေးလို့ ရမလား မသိဘူး၊ ကျွန်တော့်မှာ ကားပါပါတယ်”

ဟု သူ ပြောလိုက်တော့ မနက်စောစောစီးစီး အသည်းအသန် ဖြစ်နေသော သူ့ကို ထိုသူက အားနာဟန် ဖြင့် ကြည့်ပြီး ၄၂လမ်း သို့ ဖုန်းလှမ်းဆက်သည်။ ၄၂လမ်း ပုံနှိပ်တိုက်မှ သူ့အတွက် မဂ္ဂဇင်း တအုပ်ကို လူတယောက်လွှတ်၍ ပေးပေးမည် ဖြစ်ကြောင်း ပြောတော့ သူ  အုံလိုက်ကျင်းလိုက် ၀မ်းသာ သွားသည်။ မိနစ်နှစ်ဆယ်လောက်နေတော့ ကုလားလေး တယောက်က ရွှေအမြုတေ မဂ္ဂဇင်း အသစ်စက်စက်ကလေး လက်ထဲကိုင်ရင်း ဆိုင်ထဲ ၀င်လာသည်။ ဟိုး ပြီးခဲ့သည့် နှစ်ပေါင်းများစွာက ရွှေအမြုတေ နှင့်မတူဘဲ  အေဖိုးဆိုက်ဇ် အရွယ် ယခင်ထက်ပါးပါး ဖြစ်နေသော သည်တလ ရွှေအမြုတေကလေး ၏ မျက်နှာဖုံးက အိန္ဒြာကျော်ဇင်ကတော့ နေကာမျက်မှန် တလက်ကို တပ်လျက် သူ့ကို ပြန်ကြည့်နေသည်။

သူ မဂ္ဂဇင်းကို ယူပြီး နန်း ရှိရာဆီ ရောက်တော့ နန်း က သွားရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။ သူ့ ကားကို နန်းကို လေဆိပ်လိုက်ပို့မည့် နန်း သူငယ်ချင်း သုံးယောက်က စီး၍ နန်း ကတော့ နန်း တို့ အမျိုး တယောက် ကားနှင့် လိုက်လိမ့်မည်ဟု သူ နန်း သူငယ်ချင်းမ တယောက် ဆီက သိရသည်။ သူတို့ ကားနှစ်စီး ဟိုတယ်ရှေ့က ပြိုင်တူ ထွက်လာချိန်တွင် စောစောက သူ ဓူဝံကြယ်ကို ဆွတ်သလိုဝယ်ခဲ့ရသော ရွှေအမြုတေ ကလေးက သူ့ ပေါင်ဘေး ဂီယာတံနောက်တွင် ငြိမ်ငြိမ်သက်သက် ပါလာခဲ့သည်။ သူ နန်း သူငယ်ချင်းတွေနဲ့ စကားပြောရင်း ဟိုးလွန်ခဲ့သော ခြောက်နှစ်တုန်းကလဲ ခုလိုပဲ ထိုစဉ်တုန်းက ပီဘိ မြန်မာမကလေး နန်း ကို သူ အခု မောင်းနေသော ဆူပါဆလွန်း ကလေးနှင့်ပင် လေဆိပ်သို့ လိုက်ပို့ပေးခဲ့ရတာ ပြန် သတိရလာသည်။ လေဆိပ်နား ရောက်ခါနီးတော့ စာအုပ်ကလေးကို နန်းကို ပေးပေးရန် နန်း သူငယ်ချင်းမ ကို လှမ်းပေးလိုက်သည်။

သူတို့ လေဆိပ်ဝင်းထဲ လေဆိပ် အဆောက်အဦး အ၀င်ဝတွင် ကားတွေ ရပ်ပြီးတော့ ပစ္စည်းတွေ ကားပေါ်က ချကြသည်။ နန်း သူငယ်ချင်းတွေကို မေးကြည့်တော့ အပြန်တွင် သူ့ကား မလိုအပ်တော့၊ နန်းတို့ အမျိုး ကားနှင့်ပဲ သူတို့ လိုက်ပြန်တော့ မည်ဟု ပြောသောကြောင့် သူ လေဆိပ်ထဲ လိုက်မ၀င်တော့ဘဲ ပြန်ရန် ဆုံးဖြတ်လိုက်သည်။ လေဆိပ်ဝင်းထဲ ကားကြာကြာ ရပ်လို့ မရသောကြောင့် သူ အပြေးတပိုင်းပဲ အထုပ်တွေနှင့် အဆောက်အအုံ အ၀င်ဝတွင် အလုပ်ရှုပ်နေသော နန်း ကို ကပျာကသီ နှုတ်ဆက်လိုက်သည်။ နန်းထံမှ

“လိုက်ပို့တာတွေ အရမ်းကျေးဇူးတင်တယ်နော်”

ဟူသော အသံ ဖြူလွလွကလေး နှင့် သူ အဓိပ္ပာယ် ဘယ်ဓာတ်ခွဲခန်း မှာမှ ခွဲနိုင်မည် မထင်သည့်   အံ့သြဖို့ ကောင်းလောက်အောင် စိတ်ထဲ တွယ်ကပ်ခဲ့ပြီ ဖြစ်သော အပြုံးကလေး က သူ့ဆီ ရောက်လာသည်။

“ရတယ် နန်း၊ နောက်တွေ့မယ်ဗျ နော်”

ဟု သူ ဘာ အိုဗာအက်တင် မှ မပါဘဲ ဘာမှ မခံစား ရသလို ပကတိအတိုင်း ပြန်ပြောရင်း နန်း နှင့်တကွ နန်းအစ်မ နှင့် နန်း သူငယ်ချင်း အားလုံးကို ခြုံ၍ ပြည်ဖုံးကားချ နှုတ်ဆက်လိုက်ပြီး သူ့ ကားရှိရာ ပြန်လာခဲ့သည်။ နောက် ဆယ့်ငါးမိနစ်လောက်နေတော့ သူ့ကားကလေးက ပြည်လမ်းပေါ်တွင် ပြေးနေသည်။ နောက် နှစ်နာရီလောက်နေတော့ သူ လမ်းဘေး လက်ဖက်ရည်ဆိုင် တဆိုင်တွင် ထိုင်ရင်း ဆိုင်နံဘေးမှ ဖြတ်သွားသော  လူတွေ ကားတွေကို ထုံးစံအတိုင်း အဓိပ္ပါယ်မဲ့ ငေးကာ  ဆေးလိပ်သောက်နေသည်။ အခုလောက်ဆို နန်းတယောက်တော့ လေယာဉ်ပေါ် ပါသွားလောက်ပြီ။ ခက်တာက သူက ရန်ကုန်မြို့ တနေရာက မြေကြီးပေါ်မှာ ကျန်နေခဲ့ခြင်း ဖြစ်သည်။    ။

ညိုထက်ညို (၂၀၀၆)

အပိုင်း (၁) ဖတ်ရှုရန်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်