fbpx

ဖိုးထက် – စိတ်အယားဖြေ ရင်ဖွင့်စာ

October 17, 2014

ဖိုးထက် – စိတ်အယားဖြေ ရင်ဖွင့်စာ

(မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၁၄

“အနုပညာသည် ပြည်သူ့အတွက်”၊ “အနုပညာသည် အနုပညာအတွက်” ဆိုသည့် စကားနှစ်ခွန်းအတွက် ဆရာကြီး ဒဂုန်တာရာတို့ ခေတ်က တစ်ဖက်နှင့် တစ်ဖက် အယူအဆ သဘောထား ကွဲပြားခဲ့ကြဘူးသည်လို့ ကျွန်တော် ဖတ်ဘူးသည်။ စာရေးခြင်းသည် အနုပညာဟု ဆိုလျှင် စာအနည်းငယ် ရေးဖို့ အစဉ်အမြဲ ကြိုးစားနေသော ကျွန်တော့်အဖို့ အနုပညာနှင့် အနည်းငယ် စိုးစိခန့်မျှ ဆက်စပ် ပါတ်သက်သည်လို့ ဆိုပါရစေ။ သို့သော်လည်း အထက်က စကားနှစ်ခွန်းအတွက် ကျွန်တော်က ဘယ်ဘက်ကိုမျှ ၀င်ရောက်ပါဝင်ပြီး မဆွေးနွေးလို။ ဆွေးနွေးရလောက်အောင်လဲ အနုပညာ စွမ်းရည် ပြည့်ဝသည့် စာရေး ဆရာကြီးလဲ မဟုတ်။ တကယ့် ငချွတ်တား။ ကျွန်တော့် အတွက်ကတော့ “အနုပညာသည် ကျွန်တော့်အတွက်”။ ရှင်းလင်းအောင် ထပ်ပြောရပါလျှင် ကျွန်တော် စာရေးတာ ကျွန်တော့်အတွက်။ ဘယ်သူ့ ဘယ်သူ့ အတွက်မှ မဟုတ်။ ကျွန်တော့်စိတ်ခံစားရသမျှ ချစ်ခြင်း၊ မုန်းခြင်း၊ ပီတိဖြစ်ခြင်း၊ မနာလို ၀န်တိုဖြစ်ခြင်း၊ ခံပြင်းခြင်း၊ အားမလို အားမရဖြစ်ခြင်း၊ ဒေါသထွက်ခြင်း စသည့် စသည့် မရေမတွက်နိုင်သော စိတ်ခံစားမှုများ အတွက် စိတ်အယားဖြေဖို့ မိုးမခ လူကြီးများ အားကိုးဖြင့် စာရေးသည်ဟု ဆိုရပေမည်။

လူ့ဘ၀တစ်ခုမှာ ကိစ္စ ၀ိစ္စ တွေ များမြောင် ပေါများလှသည်။ တစ်ချို့အရာများက မျှော်လင့်ထားသော အရာများ။ တစ်ချို့ အရာများက မမျှော်လင့်ထားဘဲ ၀ုန်းကနဲ့ ဒိုင်းကနဲ့ ဘ၀လမ်းကြောင်းပေါ်မှာ ပေါ်လာသည့် အရာများ။ တစ်ချို့ အရာများက နှလုံးသားထဲမှာ ဘယ်တော့မှ မပျောက်နိုင်တော့သော နောင်တ တရားများဖြင့် ပူပင်နေရသည့် အရာများ။ ကိုယ်ရေး ကိုယ်တာအတွက် ခံစားရသမျှ၊ ကြုံတွေ့ရသမျှကို ထစ်ခနဲ့ဆိုလျှင် စာရေးပြီး စိတ်အယားဖြေဖို့ ကြတော့ စဉ်းစားရပြီ။ ရေးတော့ရေး။ ကိုယ့်ဘာသာရေး။ ကိုယ့်ဘာသာ ဖတ်။ သို့တည်းမဟုတ် ဟိုဟိုဒီဒီ ရေးပြီး ပို့မိပြီး တစ်ဦးတစ်ယောက် ဖတ်မိလျှင် မည်သူ့ မည်သူမျှ အကျိုး မရှိမည့် စာမျိုး ကြတော့ တိတ်တိတ်ဆိတ်ဆိတ် နေလိုက်တာ ကောင်းမည်လို့ ကျွန်တော် ထင်သည်။ ကြုံဆုံခဲ့ရဘူးသည်။

လူ့သဘာဝက ပျော်တာဖြစ်ဖြစ်၊ ၀မ်းနည်းတာဖြစ်ဖြစ် အားလုံးကို ချစ်ခင် ကြင်နာရသော သူများသို့ ဝေမျှ ခံစားသည်။ ရင်ဖွင့်သည်။ သို့သော်လည်း တကယ့် ရင်ဘတ် မိတ်ဆွေ မဟုတ်သူများကြတော့ အားလုံးကို ဖွင့်ပြောနေလို့ ဖြစ်တာ မဟုတ်။ စိတ်မ၀င်စားသူများကို ကိုယ်ရေးထားတာလေးများအား သွားပြနေမိလျှင် သူလဲ အကျိုး မရှိ။ ကိုယ်လဲ အကျိုးမရှိ ဖြစ်နေတတ်သည်။ သို့သော်လည်း ကိုယ့်နိုင်ငံကိုယ် တိုးတက်စေဖို့၊ ကိုယ့် လူမှု အဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲစေဖို့ မျက်လုံးနှင့်မြင်၊ စိတ်နဲ့ ခံစားလိုက်ရသော အရာများကြတော့ ဘယ်သူဖတ်မိမိ၊ မဖတ်မိမိ စိတ်အယားဖြေသည့် သဘောဖြင့် ရေးတတ်ကြသည် မဟုတ်ပါလား။

ကျွန်တော်တို့ ခေတ်ကြီးမှာ ခေတ်စားနေသော Facebook ကို ကြည့်ပါအုံးတော့။ စိတ်အယားဖြေဖို့ အလွန်ကောင်းသည့် အရာဖြစ်သည်။ ထစ်ခနဲ့ရှိ ထစ်ခနဲ့ရေး။ ထစ်ခနဲ့ ပုံတွေတင်။ တကယ့်ကို အရူးအမူးဖြစ်နေကြတာ မြင်နေ၊ သိနေ၊ ကြားနေရသည်။  တစ်ခါတစ်ရံ ပျော်စရာ။ တစ်ခါတစ်ရံ အမြင်ကတ်စရာ။ တစ်ခါ တစ်ရံ အတူယူစရာ။

စာရေးသော သူများသည် ပညာ၊ ဗဟုသုတ၊ အခံ ပါရမီသာ ကွာခြားပါလိမ့်မည်။ အရာအားလုံးကို စိတ်မျက်စိဖြင့် လိုက်ပြီး နှလုံးသားဖြင့် ကြည့်တတ်ကြခြင်းတွင် တူညီကြသည်။ ထိုခံစားချက်အပေါ်ကို လိုက်ပြီး မိမိကိုယ်ပိုင် အခံ ဗဟုသုတ၊ ပညာ၊ ကြိုးစား အားထုတ်မှု၊  စိတ်အခံအားဖြင့် စာရေးကြလျှင်သာ တန်ဖိုးရှိသော စာ။ သာမန်ကာ လျှံကာစာ။ ဖတ်ပျော်သောစာ။ အလကား စာ။ တန်ဖိုးမဲ့သော စာ၊ ကိုယ်ရည်သွေးသော စာများ ဖြစ်လာကြသည် မဟုတ်ပါလား။ ကျွန်တော်ကတော့ ကျွန်တော့်စာများကို တန်ဖိုးရှိသော စာများ မဟုတ်နိုင်မှန်း သိပါလျက်နှင့် တန်ဖိုးမမဲ့သော သာမန်ကာ လျှံကာ ဖတ်ပျော်သည့် စာတစ်ပုဒ်ဖြစ်ဖို့ အစဉ်ကြိုးစားရသည်။ ဒါတောင်မှ ရည်မှန်းချက်ကို အစဉ်အမြဲ ရောက်တာ မဟုတ်။

ခွေး၊ ကြောင်၊ ငှက် စသည့် တိရိစ္ဆာန်များသော်မှ သူတို့ကို ချစ်ခင် ကြင်နာသော၊ လှိုက်လှိုက်လှဲလှဲရှိသော အရှင် သခင်များကို ခွဲခြားတတ်ပါသေးလျှင် လူများအဖို့ မိမိကို အမှန်တကယ် ချစ်ခင်သလား၊ မုန်းသလား၊ အမြင်ကတ်သလား စသည်တို့ကို ခွဲခြား စိတ်ဖြာနိုင်ကြနိုင်ပါလိမ့်မည်။ ထို့အတူ ကျွန်တော်ရေးသော စာများကို သူငယ်ချင်း မိတ်ဆွေများ၊ မိဘဆွေမျိုး များ၊ ချစ်ခင် ကြင်နာရသော သူများကို ပြကြည့်တော့ မျှော်လင့်ထားသည့် အတိုင်း တုန့်ပြန်ကြပုံတွေက အမျိုး မျိုး အဖုံဖုံ။

“အောင်မာ မင်းက စာရေးတယ်ဟုတ်လား။ ဟား..ဟား..ဟား..” ဆိုသည့် စကားဖြင့် အလွန်တာသွားသည့် တုန့်ပြန်မှုမျိုးဖြင့် ပြန်ပြောသူလဲ မရှား။

“ဟဲ့.တယ်ဟုတ်ပါလား။ စာတစ်ပုဒ်ရေးဖို့ လွယ်မှတ်လို့။ ကောင်းတယ် ကောင်းတယ်။ ဆက်ရေး။ စာတွေလဲ အများကြီး ဖတ်” ဟု ယေဘူယျ ကျကျ တုန့်ပြန်သူတွေလဲ အများသား။

တစ်ချို့ကတော့ လှိုက်လှိုက်လှဲလှဲ ရင်တွင်းပါသော အပြုအမူ၊ အမူအရာ စကားများဖြင့် ကျွန်တော်ရေးသော စာမဟုတ်၊ ဘာမဟုတ် တွေကို ဖတ်ပြီးလျှင် ဝေဖန်၊ အကြံပေး၊ ဆွေးနွေးကြသည်။ ဥပမာအားဖြင့် အမေဆိုပါစို့။ ငယ်ကတည်းက သူ့ကို စိတ်အဆင်းရဲကြီး ဆင်းရဲအောင် လုပ်တတ်သည့် ကျွန်တော့်ကို အမေက ကျွန်တော့်စာများကို ဖတ်ပြီး “ငါ့သားက ဘယ်ဆိုးလဲ။ စာရေး ကောင်းသားဘဲ။ ဒါပေမယ့် စိတ်ခံစားမှုတွေ များလွန်းတယ်။ စာရေးတာ ကောင်းတဲ့ အလုပ်ဘဲ။ ဘယ်သူ ဖတ်ဖတ်၊ မဖတ်ဖတ် ဆက်သာ ရေး ငါ့ သားလေး” ဟု အားပေးရှာသည်။ ကိုယ့်ဝမ်းက မွေးထားသော သားကို သူကမှ အကောင်းမပြော မည်သူ ပြောပါအံ့နည်း။ မည်သူက မြှောက်ထိုး ပင့်ကော် လုပ်ပါအံ့နည်း။

တစ်ချို့ကတော့ ကျွန်တော်စာရေးတာကို မသိကျိုးကျွံပြုသည်လို့ ကျွန်တော် ထင်သည်။ စိတ်မ၀င်စား။ ပေယျလက်ကန် ပြုသည်။ အထင်ကို မကြီးဘူးဆိုသည့် အချိုးမျိုး။ အထင်ကြီးစရာ မရှိတာကို အထင်မကြီးတာ ၀မ်းမနည်းသော်လည်း ကျွန်တော့်ဘက်က ချစ်ခင်ကြင်နာရသော သူများကိုယ်တိုင် အသိအမှတ် မပြုသလိုမျိုး ခံစားလိုက်ရခြင်းကတော့ အတော်ကြီး ခါးစပ်သော အရသာတစ်ခုဖြစ်ပါသည်။ သို့ပေသိ ဒါကိုက လူ့ဘ၀ထဲက ကြုံဆုံရတတ်သော အရာတစ်ခုလို့ ကျွန်တော် စိတ်ထားလိုက်တော့ အဆင်ပြေသွားသည်။ အမေပြောသလို စိတ်ခံစားမှုတွေ ကျွန်တော် များနေပြန်ပြီ ထင်သည်။

အင်္ဂလန်နိုင်ငံ ဒုတိယမြောက် ချားလ်စ်ဘုရင် လက်ထက်တွင် ကဗျာဆရာ၊ စာရေးဆရာ၊ နိုင်ငံရေးသမား အင်ဒရူး မာဘယ်လ် Andrew Marvell  (1621-1678) ဆိုသည့် ဟူးလ်မြို့ မဲဆန္ဒနယ်မှ အမတ်တစ်ယောက်ရှိသည်။ ဘုရင်က သူ၏ သက်ဦးဆံပိုင် စနစ်ကို အကာအကွယ်ပေးဖို့၊ တော်လှန် ပုန်ကန်ခြင်း မပြုဖို့ အမျိုးမျိုး ကြိုးစားသည်။ ခြိမ်းခြောက်သည်။ သွေးဆောင်သည်။ ဖြားယောင်းသည်။ သို့သော် အင်ဒရူးမာဘယ်လ်က ခြောက်တိုင်းလဲ မကြောက်၊ မြှောက်တိုင်းလဲ မမြောက်ခဲ့။ ပြည်သူလူထု ဘက်ကသာ ရပ်သည်။ ပြည်သူလူထု အကျိုးကိုသာ ရှေးရှူသည်။ ပြည်သူလူထု အကျိုးကို ရှေ့ရှူသည့် ဥပဒေများ၊ စာတန်းများ၊ စာအုပ်များကို ရေးသားခဲ့သည်။

သူသေတော့ သူ့အုတ်ဂူမှာ ပြည်သူတွေ ကမ္ဗည်းထိုးပေးခဲ့သော စာထဲမှာ….

“… beloved by good men, feared by bad, admired by all…”

“ လူကောင်းတွေက ချစ်ကြဘိ၊ လူမိုက်တွေက ကြောက်ကြဘိ။ အတုယူစရာ စံနမူနာတွေ အပြည့်” …. ဆိုသည့် စာကြောင်းလေးပါသည်။

ကျွန်တော်က မစ္စတာ အင်ဒရူး မာဘယ်လ်ကို အားကျပေမယ့် ခြောက်ပေ နှစ်ပေကျင်းထဲ လဲလျောင်းမယ့် လူကိုယ်တိုင်က လူကောင်းမဟုတ်နေတာ ခက်သည်။ ဒီတော့ လူကောင်းတွေက ကျော်ခွသွားကြမည်။ လူမိုက်တွေက ဘယ်သူလဲလို့ ပြန်မေးပြီး ဟားတိုက် ရယ်မောပါလိမ့်မည်။ အတုယူစရာက ဗလာနတ္ထိ။ သို့ပေသိ ပြည်သူလူထုကို အင်ဒရူးမာဘယ်လ်က မျက်နှာမူခဲ့တယ်ဆိုပါလျှင် ကျွန်တော်က ပြည်သူလူထု ကြားထဲမှာ ထိုင်နေသော သူသာ ဖြစ်ပါသည်။ ကျော်ခွဘဲသွားသွား၊ ဟားတိုက်ဘဲ ရယ်ရယ်။ မသိကျိုးကျွံဘဲ ပြုပြု ကျွန်တော့် အုတ်ဂူကို တွေ့သော သူတိုင်းက မေ့ငေါ့ပြီး “ဒီလူကြီးပေါ့ ငါတို့ကို ခွေးဖြစ်အောင် လုပ်ခဲ့တာ” ဟု အပြောမခံရဖို့ဘဲ လိုချင်ပါသည်။ နှမ်းတစ်လုံးထဲနဲ့ ဆီမဖြစ်ပေမယ့် စားလို့ရတဲ့ အစေ့ အဆန် သေးသေးလေးဖြစ်နေရတာကိုဘဲ ဂုဏ်ယူရမည်လား မသိ။

ဤနေရာတွင် ကျွန်တော်၏ စိတ်အယားဖြေသည့် အက်ဆေး (၀ါ) ရင်ဖွင့်စာ (၀ါ) ရင်ဖွင့်သံ ပြီးဆုံးလေ၏။

(သရုပ်ဖော် – ကာတွန်း ATH, သူ့ဖေစ့်ဘွတ်ကယူပါတယ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖိုးထက်, ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)