ကေတုမာလာ – အစဉ်အလာတစ်ခုကို ပြောင်းလဲလိုက်တဲ့အခါ

October 18, 2014

ကေတုမာလာ – အစဉ်အလာတစ်ခုကို ပြောင်းလဲလိုက်တဲ့အခါ

(The Voice Weekly) အောက်တိုဘာ ၁၈၊ ၂၀၁၄

အစဉ်အလာဆိုတဲ့စကားလုံးကို ထိန်းသိမ်းခြင်း စောင့်ရှောက်ခြင်းဆိုတဲ့ စကားလုံးတွေနဲ့ တွဲမြင်ရလေ့ရှိပါတယ်။ ခေတ်အဆက်ဆက်က လူတွေရဲ့လိုအပ်ချက်အမျိုးမျိုး အယူအဆအဖုံဖုံတွေကနေ မှီတည်ဖြစ်ပေါ်လာတဲ့ ရှေးအစဉ်အလာတွေဟာ တစ်ခါတစ်ရံ လူ့အသိုင်းအဝန်းကြားမှာ အမှန်တရားတစ်ခုလို ပုံမှားရိုက်ပြီး လွှမ်းမိုးနေလေ့ရှိပါတယ်။

၂၀၁၁ နှစ်တုန်းက ကမ္ဘာ့သတင်းတစ်ခုကို အမှတ်မထင် ကြားခဲ့ရတယ်။ အဖိနှိပ်ခံတိဗက်ပြည်သူတွေ လွတ်မြောက်ရေးအတွက် တစ်ဘဝလုံးမြှုပ်ပြီး ကြိုးပမ်းလုပ်ဆောင်ခဲ့တဲ့ တိဗက်တွေရဲ့ အဓိပတိရာဇာ ဘုန်းတော်ကြီး ဒလိုင်းလားမား နိုင်ငံရေးကနေ အနားယူလိုက်ပြီဆိုတဲ့သတင်းပါပဲ။ အဲဒီသတင်းကြားရတော့ အဖိနှိပ်ခံတိဗက်တွေရဲ့ လွတ်မြောက်ရေး မျှော်လင့်ချက်လည်း ဝေးပြီလို့ တွေးမိပြီး တိဗက်တွေအတွက် အဲဒီတုန်းကတော့ တကယ်ပဲ စိတ်မကောင်းဖြစ်ခဲ့ရတယ်။ စိတ်ထဲမှာလည်း ဘုန်းတော်ကြီး ဒလိုင်းလားမားကို မေးခွန်းထုတ်နေမိပါတယ်။ တရုတ်က အင်အားကြီးလာလို့ လက်လျှော့လိုက်တာလား… နှစ်ပေါင်း ၅၀ကျော် ကြိုးစားခဲ့ပြီးပြီး အခုတော့ မဖြစ်နိုင်တော့ဘူး ထင်လို့ အလျှော့ပေးလိုက်တာလား… ဘာဖြစ်လို့ လက်လျှော့လိုက်ရတာလဲ… အစရှိတဲ့ မေးခွန်းတွေ ဘုန်းတော်ကြီး ဒလိုင်းလားမားကို စိတ်ထဲကနေ မေးနေခဲ့ဖူးတယ်။

၂၀၁၁ ခုနှစ် နောက်ပိုင်းမှာတော့ ဓမ္မစကူးလ်ဖောင်ဒေးရှင်းဆိုတဲ့ လမ်းတစ်ခုကို ဖောက်နိုင်ဖို့အတွက် လုံးပန်းနေရတာနဲ့ ကမ္ဘာ့သတင်းတွေနဲ့ ဝေးသွားခဲ့တယ်။ တိဗက်တွေကိုလည်း မေ့သွားခဲ့တယ်။ လမ်းသစ်တစ်ခုအတွက် အစပထမ တစ်ကိုယ်တော် လှုပ်ရှားခဲ့ရတဲ့ ကာလတွေဆိုရင် သတင်းတွေနဲ့ လုံးဝကို အဆက်အသွယ်ပြတ်သွားခဲ့တယ်။

၂၀၁၄ ခုနှစ်ထဲ ရောက်လာတဲ့အခါမှာတော့ သတင်းတွေထဲမှာ နာမည်နဲ့သာ ရင်းနှီးနေခဲ့ရတဲ့ ဘုန်းတော်ကြီး ဒလိုင်းလားမားကို အပြင်မှာ မြင်တွေ့ခွင့်ရခဲ့တယ်။ ဘုန်းတော်ကြီး သီတင်းသုံးနေထိုင်ရာ အိန္ဒိယနိုင်ငံ မြောက်ပိုင်းက ဒါရမ်ဆလာ (Dharamsala)လို့ ခေါ်တဲ့ မြို့ကိုလည်း ရောက်ဖို့ အခွင့်သာခဲ့တယ်။ ဟိမဝန္တာ တောင်စဉ်တောင်တန်း ဧရိယာထဲက မကလောက်ဂမ်(Mcleodganj) ဆိုတဲ့ တောင်ကုန်းလေးကတော့ ဘုန်းတော်ကြီးဒလိုင်းလားမားရဲ့ နန်းတော်ကျောင်း တည်ရှိရာနေရာဖြစ်သလို တိဗက်ဒုက္ခသည်တွေ ခိုလှုံရာ အေးချမ်းတဲ့ နေရာလေးတစ်ခုလည်း ဖြစ်ပါတယ်။

တစ်နေ့တော့ မနက်စာစားဖို့အတွက် တိဗက်မိတ်ဆွေတွေနဲ့အတူ တိဗက်ကော်ဖီဆိုင်လေးတစ်ခုကို ရောက်ခဲ့တယ်။ ဆိုင်ထဲမှာ မနက်စာသုံးဆောင်နေတဲ့သူတွေ အားလုံးကလည်း တိဗက်တွေချည်းပဲ။ အများစုက ဘုန်းတော်ကြီးတွေ။ လက်ဖက်ရည်စိမ်းသောက်ရင်း ခဏကြာတော့ သတိထားမိလိုက်တာက ဆိုင်ထဲက လူတွေအားလုံးရဲ့ အကြည့်နဲ့အာရုံဟာ စာရေးသူကျောခိုင်းထားတဲ့ တီဗီဆီကို ရောက်နေကြတယ် ဆိုတာကိုပါ။ ဘာများကြည့်နေကြတာလဲဆိုပြီး စာရေးသူလည်း တီဗီကို လှည့်ကြည့်လိုက်မိပါတယ်။ တီဗီချန်နယ်တစ်ခုကနေ အသက် ၄၅နှစ်ဝန်းကျင်လောက်ရှိတဲ့ အမျိုးသားကြီးတစ်ယောက် မိန့်ခွန်းပြောနေတာကို တွေ့ရတယ်။ သူက အခမ်းအနားတစ်ခုမှာ တိဗက်လိုပြောနေတာလို့ ထင်ရတယ်။ ဆိုင်ထဲက ဘုန်းတော်ကြီးတွေရော လူတွေပါ အားလုံးဟာ ငြိမ်သက်ပြီးကို အဲဒီအမျိုးသားကြီးပြောနေတာကို နားထောင်နေတာ တွေ့ရတော့ ဒီလူကြီးက ဘာမို့လို့ ဒီလောက်တောင် အာရုံစိုက်နေကြတာလဲဆိုပြီး စိတ်ထဲမှာလည်း သိချင်စိတ်တွေ ဖြစ်လာတယ်။ ဒါနဲ့ မျက်နှာချင်းဆိုင်က မိတ်ဆွေတစ်ယောက်ကို ခပ်တိုးတိုး လှမ်းမေးလိုက်တယ်။ အဲဒီပုဂ္ဂိုလ်က ဘယ်သူလဲလို့ ဆိုတော့ ငါတို့ဝန်ကြီးချုပ်ဆိုပြီး တစ်ဖက်က ပြန်ဖြေတယ်။ သူတို့ဝန်ကြီးချုပ်က ဘယ်လိုလူမျိုးလဲ ပိုပြီးသိချင်သွားတာနဲ့ ကျောခိုင်းထားတဲ့ တီဗီကို ပြန်လှည့်ကြည့်နေလိုက်မိတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေတဲ့ ခေါင်းဆောင်တစ်ယောက်ဟန်၊ စကားပြောကောင်းမယ့်ဟန်ကို မြင်ရတော့ သူ့မှာ ပညာတတ်တစ်ယောက်ရဲ့ဟန်တွေ ရှိတယ်နော်လို့ တိဗက်မိတ်ဆွေကို လှမ်းပြောလိုက်မိတယ်။ တစ်ဖက်က ပြန်ပြောလိုက်တဲ့စကားကတော့ စာရေးသူကို ပိုပြီး စိတ်ဝင်စားသွားစေပါတယ်။ “ငါတို့ဝန်ကြီးချုပ်ဟာ ဟားဗတ်တက္ကသိုလ်ကနေ ဥပဒေ ပါရဂူဘွဲ့ ရထားတာ”တဲ့။

ဘာသာတရားကိုင်းရှိုင်းမှု အားကောင်းတဲ့ ရိုးရာယဉ်ကျေးမှုအစဉ်အလာ စောင့်ရှောက်မှုအားကောင်းတဲ့ တိဗက်လူ့အဖွဲ့အစည်းမှာ လူငယ်ဝန်ကြီးချုပ်တစ်ယောက်ဖြစ်လာတဲ့သူ၊ သူ့နာမည်က လော့ဘ်ဆန် ဆန်ဂေး (Lobsang Sangay) ပါ။ အိန္ဒိယနိုင်ငံ ဒါဂျီးလင်း (Darjeeling) က တိဗက်ဒုက္ခသည်စခန်းမှာ မွေးဖွားကြီးပြင်းလာခဲ့ရတဲ့ လော့ဘ်ဆန် ဆန်ဂေးဟာ ၂၀၁၁ခုနှစ် သြဂုတ်လ ၈ရက်နေ့မှာ တိဗက်အဝေးရောက်အစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ် ဖြစ်လာပါတယ်။ အရင်တုန်းကသိထားခဲ့တာက တိဗက်မှာ ဘာသာရေးခေါင်းဆောင်အဓိပတိဖြစ်တဲ့ ဒလိုင်းလားမားအစဉ်အဆက်ဟာ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးအာဏာကို ပိုင်ဆိုင်တဲ့သူတွေ တိုင်းပြည်ရဲ့ဘုရင်တွေ ဖြစ်ကြတယ်လို့ သိထားခဲ့တာပါ။
တိဗက်ရဲ့သမိုင်းကို ပြန်ကြည့်ကြည့်တော့ တိဗက်မှာ ဘာသာရေးယုံကြည်မှု အားကောင်းလာခဲ့တဲ့ ၁၄၀၀ ခုနှစ်ဝန်းကျင်မှာ ကြီးမြတ်တဲ့ ပညာရှင်ဘုန်းတော်ကြီးလည်းဖြစ်၊ တိဗက်ရဲ့ နာမည်ကျော် ဗုဒ္ဓဘာသာဂိုဏ်းတစ်ခုကို တည်ထောင်ခဲ့သူလည်းဖြစ်တဲ့ ပထမဒလိုင်းလားမား ပေါ်ထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ တတိယဒလိုင်းလားမားလက်ထက်မှာမှ မွန်ဂိုဘုရင်က အဲဒီဒလိုင်းလားမားဆိုတဲ့အမည်ကို စတင်ပေးခဲ့တာပါ။ ဒလိုင်းလားမားဆိုတဲ့ စကားလုံးကို အနန္တပညာရှင်ကြီး (Ocean of Wisdom)လို့ စာတွေထဲမှာ အဓိပ္ပာယ်ဖွင့်ထားတာတွေ့ရတယ်။ တတိယဒလိုင်းလားမားလက်ထက်ကျမှ ဒီနာမည်ကို စတင်ခေါ်ဝေါ် သုံးစွဲခဲ့ကြတယ်။

ပထမဒလိုင်းလားမားကနေ စပြီး ယနေ့အထိ ဒလိုင်းလားမားအစဉ်အဆက်ဟာ ဘာသာရေးရဲ့ အဓိပတိတွေ ဖြစ်ကြပါတယ်။ ဒါပေမဲ့လည်း ပထမဒလိုင်းလားမားကနေစပြီး စတုတ္ထဒလိုင်းလားမားအထိ တိုင်းတစ်ပါးကျူးကျော်ခံ၊ ဘုရင်ခံအုပ်ချုပ်မှု စနစ်အောက်မှာနေနေရတဲ့ အချိန်တွေ ဖြစ်ခဲ့ရတယ်။ ၁၆၄၀ ခုနှစ်ကျော်ကာလ ပဉ္စမဒလိုင်းလားမား လက်ထက်ရောက်မှ နှစ်ရှည်လများဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ကြီးလည်း ပြီးဆုံးပြီး သံတမန်စွမ်းရည်ပြည့်ဝတဲ့ ပဉ္စမဒလိုင်းလားမားဟာ အချုပ်အခြာအာဏာပိုင် တိဗက်ပြည်ကို ပြန်လည်စုစည်းနိုင်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး တိဗက်ပြည်သူတွေဟာ ဒလိုင်းလားမားအစဉ်အဆက်ကို ဘာသာရေးအဓိပတိ အဖြစ်သာမက တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးအာဏာပိုင် ဘုရင်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

နှစ်ပေါင်းများစွာ ကျင့်သုံးစောင့်ထိန်းလာခဲ့တဲ့ သမိုင်းအစဉ်အလာတစ်ခုကို ၂၀၁၁ ခုနှစ်မှာတော့ ၁၄ဆက်မြောက် ဘုန်းတော်ကြီး ဒလိုင်းလားမား (14th Dalai Lama)ဟာ ဝေဖန်မှုတွေကြားထဲကနေ သတ္တိရှိရှိပဲ ပြောင်းလဲပစ်လိုက်ပါတယ်။ ၂၀၁၁ ခုနှစ် မတ်လ ၁၀ ရက်နေ့မှာတော့ နိုင်ငံရေးကနေ အနားယူပြီး နိုင်ငံရေးအာဏာကို လွှဲပေးနိုင်မယ့် ခေါင်းဆောင်တစ်ယောက်ကို ရွေးချယ်တင်မြှောက်ပေးဖို့ တိဗက်ပြည်သူတွေကို အသိပေးကြေငြာခဲ့ပါတယ်။

ဘာဖြစ်လို့ ဘုန်းတော်ကြီး ဒလိုင်းလားမားဟာ သမိုင်းအစဉ်အလာတစ်ခုကို ပြောင်းလဲဖို့ ကြိုးစားရတာလဲ ပြောင်းလဲချင်ရတာလဲ။ စာရေးသူ စိတ်အဝင်စားဆုံးက ဒီအပိုင်းပါပဲ။ အစဉ်အလာရှေးရိုးစွဲသမားတွေ အပြစ်တင်လည်း ခံမယ်၊ နောင်တစ်ချိန် တိဗက်သမိုင်းက သူ့ကို အပြစ်တင်ရင်လည်း ခံမယ်။ သူကိုင်စွဲထားတာက သူဟာ တိဗက်လူမျိုးတွေကို ကာကွယ်ပေးရမယ်၊ စောင့်ရှောက်ပေးရမယ်၊ တိဗက်ပြည်နဲ့ တိဗက်လူမျိုးအကျိုးစီးပွားအတွက် ဘုန်းတော်ကြီး ဒလိုင်းလားမားဟာ ရှေးအစဉ်အလာတစ်ခုကို ပြောင်းလဲခဲ့တယ်။ သူမရှိရင်တောင် တိဗက်ပြည်သူတွေကို ကာကွယ်ပေးမယ့် ခိုင်မာတဲ့အဝေးရောက်အစိုးရတစ်ရပ် ပေါ်ထွန်းလာဖို့ ဆန္ဒပြင်းပြခဲ့ပါတယ်။ ဒါဟာ တိဗက်လူမျိုးတွေအတွက် ဘုန်းတော်ကြီး ဒလိုင်းလားမားက သမိုင်းစာမျက်နှာသစ်တစ်ခုကို ဖွင့်လှစ်ပေးလိုက်တာပါပဲ။

စာရေးသူတို့ နိုင်ငံမှာလည်း အစဉ်အလာနဲ့ ပတ်သက်လာရင် နိုင်ငံရေးဘက်မှာပဲကြည့်ကြည့် ဘာသာရေးဘက်မှာပဲကြည့်ကြည့် လူမှုရေးဘက်မှာပဲကြည့်ကြည့် တရားသေကိုင်စွဲထားကြတဲ့သူတွေ များလှပါတယ်။ တချို့အစဉ်အလာတွေဟာ လူအများအကျိုးစီးပွားအတွက် ပြောင်းလဲပေးဖို့ လိုအပ်တယ်လို့ စာရေးသူဘက်က ယူဆပါတယ်။ အစဉ်အလာအကြောင်းပြောတော့ စာရေးသူရဲ့ အတွေ့အကြုံလေးတချို့ကို သတိရမိပါတယ်။

၂၀၀၈ ခုနှစ် သီရိလင်္ကာမှာ ပညာသင်ယူနေစဉ်ကတည်းက လုပ်ချင်နေခဲ့တဲ့ စီမံကိန်းတစ်ခုကို ၂၀၁၁ ခုနှစ် မြန်မာပြည်ပြန်ရောက်မှ စတင်နိုင်ဖို့ စာရေးသူ အခွင့်အလမ်းရှာခွင့်ရခဲ့တယ်။ ပထမဦးဆုံး ဒီစီမံကိန်းကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းဖြင့် အကောင်အထည်ဖော်မယ်ဆိုတဲ့ အစီအစဉ်တွေကို စာရေးသူထက် ပညာရေးဘက်မှာရော အသက်အရွယ်မှာပါ စီနီယာကျတဲ့ ဆရာတော်တစ်ပါးဆီ သွားရောက်ပြီး ဒီစီမံကိန်းကို ဦးဆောင်ပေးဖို့ အတူတကွ လုပ်ဆောင်ကြဖို့ ဆွေးနွေးခဲ့ပါတယ်။ မဖြစ်နိုင်ဘူးဆိုတဲ့ အကြောင်းပြချက်များစွာဖြင့် စာရေးသူရဲ့ ပထမဦးဆုံး Organizing ဟာ မရှုမလှ အလဲထိုးခံလိုက်ရပါတယ်။

နောက်ပိုင်းမှ ပြန်သိလိုက်ရတာက သီလရှင်တစ်ပါးက စတင်မယ့် စီမံကိန်းမို့လို့ သူ အဲဒီတုန်းက ငြင်းလိုက်တာပါတဲ့။ အဲဒီနောက်ပိုင်းမှာတော့ စာရေးသူရဲ့ Organizing  ပုံစံကို ပြောင်းလိုက်ရပါတယ်။ စာရေးသူနဲ့ အသက်အရွယ်မတိမ်းမယိမ်း ပညာအရည်အချည်း မတိမ်းမယိမ်း ရဟန်းတော်တွေနဲ့ သီလရှင်ဆရာလေးတွေကို Organize လုပ်ပြီး အုပ်စုလေးတစ်စုဖြစ်အောင် အရင်လုပ်ဆောင်ခဲ့ရပါတယ်။ အဲဒီလိုလုပ်ဆောင်ပြီးမှ စီနီယာဆရာတော်တွေကို ချဉ်းကပ်ပြီး Organizing လုပ်ငန်းကို အုပ်စုလိုက် ဆောင်ရွက်ခဲ့ကြတယ်။ သီလရှင်တစ်ပါးက စတင်လုပ်ဆောင်တယ် ဆိုတဲ့ အမြင်မပေါ်အောင်လည်း အားထုတ်ခဲ့ရပါတယ်။သီလရှင်တွေဆိုရင် နှိမ်ချင်ကြတဲ့ ထည့်သွင်းမစဉ်းစားချင်ကြတဲ့ ဒီလို အစွဲလေးတွေ ရှိနေသေးတဲ့ လူ့အဖွဲ့အစည်းတွေကြားထဲမှာ စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်ဖို့ စတင်ကြိုးစားရတဲ့ သီလရှင်တစ်ပါးအတွက် စိန်ခေါ်မှုတွေက အလွန်များလှပါတယ်။ ဒီ့ထက်ဆိုးတာက ရှိပါသေးတယ်။

စီမံကိန်းအစပိုင်း စာရေးသူတို့ သက်ငယ်ပိုင်းတွေ အလူးအလဲရုန်းကန်ရတဲ့ ၁နှစ်ကျော်ကျော်ကာလလောက်ကတော့ Decision Making လို့ ခေါ်တဲ့ ဆုံးဖြတ်ချက်ချတဲ့ နေရာမှာ အဲဒီအချိန်တုန်းက ဆရာတော်တွေ စိတ်မဝင်စားခဲ့ပါဘူး။ အဆင်ပြေသလို လုပ်လိုက်ဆိုပြီး လှည့်တောင်မကြည့်တတ်ကြပေမဲ့ နောက်ပိုင်း စီမံကိန်းလည်း အကောင်အထည်ပေါ်လာတဲ့အခါ လူထုက လက်ခံလာတဲ့အခါ လုပ်ငန်းစဉ် အရှိန်အဟုန်ကလည်း မြင့်လာတဲ့အခါမှာတော့ Decision Making လို့ ခေါ်တဲ့ ဆုံးဖြတ်ချက်ချတဲ့ နေရာဟာ အာဏာတွေနဲ့ လက်ဝါးကြီးအုပ်ခြင်းကို ခံခဲ့ကြရတယ်။ မြန်မာပြည်မှာ အာဏာသိမ်းတာ ခေတ်စားနေတုန်းပဲ ထင်ပါတယ်။ စတင်ရှေ့ဆောင်သူ (Pioneer) အဖြစ်နဲ့ တစ်လျှောက်လုံး ဘယ်လောက်ပဲ ကြိုးစားရုန်းကန်နေခဲ့ရပေမဲ့ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ပါဝင်ခွင့်မရခဲ့ဘူး၊ အကြံပေးခွင့်မရခဲ့ဘူး။ အကြီးက ပြောသမျှ ဘယ်အငယ်ကမျှ ပြန်ပြီးမေးခွန်းမထုတ်ရဲ စောဒကမတက်ရဲခဲ့ကြတဲ့ အစဉ်အလာကြီးထဲမှာ စာရေးသူတို့လည်း ဘယ်အချိန်ထိ မျှောပါနေကြရဦးမလဲမသိပါဘူး။

အစဉ်အလာတစ်ခုကို ပြောင်းလဲခဲ့တဲ့ ဘုန်းတော်ကြီးဒလိုင်းလားမားဟာ နိုင်ငံရေးကနေ အနားယူပြီး သူ့ရဲ့နိုင်ငံရေးအာဏာကို သူပေးချင်တဲ့သူကို သူ့စိတ်ကြိုက်လွှဲအပ်ခွင့် ရှိတာတောင် သူက အဲဒီလို မလုပ်ခဲ့ပါဘူး။ ဘုန်းတော်ကြီးဒလိုင်းလားမားဟာ အပြောင်းအလဲတစ်ခုကို လှလှပပလေး ပြောင်းလဲပေးခဲ့ပါတယ်။ အဝေးရောက်တိဗက်တွေ အားလုံးကို အုပ်ချုပ်ရေးအတွက် ခေါင်းဆောင်အသစ်ကို အများဆန္ဒနဲ့ ရွေးချယ်တင်မြှောက်ပေးဖို့ မေတ္တာရပ်ခံတိုက်တွန်းခဲ့ပါတယ်။ အရင်ကတည်းက ကျင့်သုံးခဲ့တဲ့ သူ့အစိုးရအဖွဲ့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ကိုယ်တိုင် အဆိုပြုခဲ့တယ်။

လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲတစ်ခုကိုလည်း ၂၀၁၁ ခုနှစ် ဧပြီလ ၂၇ ရက်နေ့ အိန္ဒိယနိုင်ငံ ဒါရမ်ဆလာမြို့မှာ ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။ အဲဒီရွေးကောက်ပွဲမှာ ဒေါက်တာ လော့ဘ်ဆန် ဆန်ဂေး (Dr Lobsang Sangay)ဟာ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိပြီး တိဗက်အဝေးရောက်အစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ်ဖြစ်လာပါတယ်။ တိဗက်အဝေးရောက်အစိုးရအဖွဲ့ဟာ ဒါရမ်ဆလာမြို့မှာ ရုံးစိုက်ပြီး တိဗက်လွတ်မြောက်ရေးကြိုးပမ်းမှုအပြင် အဝေးအရောက်တိဗက်တွေအတွက် ပညာရေး ကျန်းမာရေး လူမှုရေးကိစ္စအဝဝကို အစိုးရတစ်ရပ်ပုံစံအတိုင်း ဖြည့်ဆည်းလုပ်ဆောင်ပေးနေတဲ့ တိဗက်တွေ အားကိုးအားထားကြရတဲ့ အဝေးရောက်အစိုးရတစ်ရပ်လည်း ဖြစ်ပါတယ်။

လော့ဘ်ဆန် ဆန်ဂေးရဲ့ ဒေလီတက္ကသိုလ်က ဟောပြောချက်တစ်ခုကို မထင်မှတ်ဘဲ ကြည့်ခွင့်ရလိုက်တော့ တိဗက်အဝေးရောက်အစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ်ကို တကယ်ပဲချီးကျူးမိပါတယ်။ ပညာရှင်ပီပီ ရှုထောင့်ပေါင်းစုံက ထောက်ပြချက်တွေကိုလည်း သဘောကျမိပါတယ်။ စာရေးသူလည်း လော့ဘ်ဆန် ဆန်ဂေးရဲ့ ဟောပြောချက် မိန့်ခွန်းတွေ ကြည့်ပြီး သဘောကျ ချီးကျူးနေတဲ့အချိန် ရုတ်တရက် ခေါင်းထဲမှာ မေးခွန်းတစ်ခုက သတိပေးတဲ့အနေနဲ့ ပေါ်လာတယ်။ ဟောပြောချက်တွေ လစဉ်မိန့်ခွန်းတွေ ရွှန်းရွှန်းဝေအောင် ပြောနေတာကို နားထောင်ရုံ ကြည့်ရုံနဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်လို့ ဆုံးဖြတ်လို့ရနိုင်ပါ့မလား။ ဘယ်ရမလဲလေနော်။ တကယ်တော့ တော်တဲ့ ကောင်းတဲ့ တိုင်းပြည်ခေါင်းဆောင်တစ်ယောက် ဆိုတာကို သူ့ရဲ့လုပ်ရပ်တွေက ဆုံးဖြတ်ပေးသွားကြတာပါ။ မိန့်ခွန်းတွေက ဆုံးဖြတ်ပေးတာမဟုတ်ဘူး၊ လူထုက ဆုံးဖြတ်ပေးတာပါ။
အဲဒီတော့ စာရေးသူလည်း ဝန်ကြီးချုပ် လော့ဘ်ဆန် ဆန်ဂေးအပေါ် တိဗက်လူထုရဲ့ သဘောထားကို သိချင်လို့ တိဗက်မိတ်ဆွေတချို့ကို မေးမြန်းကြည့်ဖြစ်ပါတယ်။ စာရေးသူ မေးမြန်း စကားပြောခွင့်ရခဲ့တဲ့ မိတ်ဆွေတွေက လော့ဘ်ဆန် ဆန်ဂေးကို မဲပေးခဲ့ကြတဲ့သူတွေချည်းပဲ ဖြစ်နေခဲ့ပါတယ်။ တကယ်တော့ သူ့ကို မဲမပေးခဲ့တဲ့သူတွေကိုလည်း မေးမြန်ချင်ခဲ့ပေမဲ့ မတွေ့သေးတာနဲ့ အခွင့်မသာခဲ့ပါဘူး။ သူတို့ကို အရင်ဆုံး ဘာကြောင့် လော့ဘ်ဆန် ဆန်ဂေးကို ရွေးပြီး မဲပေးရတာလဲလို့ မေးတော့ အကြောင်းပြချက် တော်တော်များများ တူကြတာ တွေ့ရပါတယ်။

ပထမတစ်ချက်က ပညာတတ်ဖြစ်လို့တဲ့.. ဟုတ်ပါတယ်။ လော့ဘ်ဆန် ဆန်ဂေးဟာ တိဗက်လူမျိုး ၆သန်းကျော်ထဲမှာ အမေရိကန်ပြည်ထောင်စု ဟားဗတ်တက္ကသိုလ်ကနေ ဥပဒေ ပါရဂူဘွဲ့ကို ပထမဦးဆုံးရရှိခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ အမေရိကန် ဟားဗတ်တက္ကသိုလ်မှာ ထမ်းဆောင်နေတဲ့ ရာထူးတာဝန်တွေကို စွန့်လွှတ်ပြီး သူ့လူမျိုးကောင်းကျိုးအတွက် ဒါရမ်ဆလာကို ပြန်လာခဲ့သူလည်း ဖြစ်ပါတယ်။ တိဗက်တွေရဲ့ ရှေ့ရေးအတွက် ပညာတတ် ပညာရှိ ခေါင်းဆောင်တစ်ယောက် လိုအပ်နေပြီဆိုတာ တိဗက်တွေ စဉ်းစားလာကြပါပြီ။ ဒါဟာ နောင်လာမယ့် တိဗက်မျိုးဆက်တွေ ပညာရေးဘက်မှာ အားကောင်းလာမယ့် အလားအလာတစ်ခုပါပဲ။ တရုတ်အစိုးရအတွက်တော့ ပညာတတ် အတိုက်အခံတစ်ယောက် တိုးလာပြီလို့ ဆိုရပါမယ်။

နောက်တစ်ချက်ကတော့ တက်ကြွပြီး ငယ်ရွယ်တဲ့အတွက် သဘောကျတယ်တဲ့။ တစ်ချိန်က Isolated country အဖြစ် ကမ္ဘာကြီးနဲ့ အဆက်အသွယ်ဖြတ်ပြီး ရှေးအစဉ်အလာတွေကြားမှာ နေထိုင်ခဲ့ကြတဲ့ တိဗက်တွေ အခုတော့ မျက်စိဖွင့် နားစွင့်လာကြပါပြီ။ အင်အားကြီးမားလာတဲ့ တရုတ်နိုင်ငံကနေ လွတ်မြောက်ဖို့အရေး ကြိုးပမ်းရာမှာ ထက်မြက်တက်ကြွတဲ့ လူငယ်ခေါင်းဆောင်တစ်ယောက်နဲ့ ထပ်ပြီး အားဖြည့်ချင်နေကြတယ်ဆိုတာ ပေါ်လွင်လာပါတယ်။ ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့တကွ အဝေးရောက်တိဗက်တွေ မိခင်ဌာနေဖြစ်တဲ့ တိဗက်ကို ပြန်နိုင်ဖို့အရေး လူငယ်ခေါင်းဆောင် လော့ဘ်ဆန် ဆန်ဂေးရဲ့ အဝေးရောက်အစိုးရအဖွဲ့မှာတော့ စိန်ခေါ်မှုတွေ များမှာသေချာပါတယ်။

နောက်တစ်ချက်ကတော့ တိဗက်လူမျိုးတွေအတွက် တကယ်ကို အနစ်နာခံတယ် စေတနာမှန်တယ် လို့ ခံစားရတယ်တဲ့။ ဒီအချက်က တကယ်ကို အရေးကြီးပါတယ်။ တိုင်းပြည်ရဲ့ခေါင်းဆောင်ဟာ တိုင်းသူပြည်သားတွေကို ဟိုလှည့်လိုက် ဒီလှည့်လိုက်နဲ့ မျက်လှည့်ပြနေမယ်ဆိုရင် တိုင်းသူပြည်သားတွေမှာလည်း သံသယတွေ မလုံခြုံမှုတွေနဲ့ နေထိုင်ကြရလိမ့်မယ်။ စာရေးသူကတော့ တိဗက်မိတ်ဆွေပြောတဲ့ စကားကို အတော်သဘောကျပါတယ်။ ““စေတနာမှန်တယ်လို့ ခံစားလို့ရတယ်””တဲ့။ ဟုတ်ပါတယ်၊ ခေါင်းဆောင်တစ်ယောက်ဟာ စိတ်ရင်းစေတနာသာ မှန်ပါစေ သေချာပေါက် တန်ပြန်မှုရှိမှာပါ၊ လူထုက ခံစားလို့ရပါတယ်။

လော့ဘ်ဆန် ဆန်ဂေးဟာ အမေရိကန်နိုင်ငံမှာ ပါရဂူဘွဲ့အတွက် ကျောင်းတက်နေစဉ် အတောအတွင်းမှာလည်း ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ တရုတ်ပညာရှင်တွေ တွေ့ဆုံဆွေးနွေးပွဲ အပါအဝင် တရုတ်- တိဗက် ပညာရှင်များ ကွန်ဖရင့်တွေကို ၅ ကြိမ်တိုင်တိုင် ဟားဗက်တက္ကသိုလ်မှာ စီစဉ်ပေးနိုင်ခဲ့ပါတယ်။ တိဗက်လူမျိုးတွေအတွက် သူ့ရဲ့ကြိုးပမ်းမှုတွေဟာ အသိအမှတ်ပြုခြင်း ခံခဲ့ရပါတယ်။ နောက်ထပ်လည်း တိဗက်အရေးအတွက် အကြမ်းမဖက်တဲ့ဝါဒကို ကိုင်စွဲပြီး တွေ့ဆုံဆွေးနွေးဖို့ ကြိုးစားမယ်ဆိုတဲ့ လော့ဘ်ဆန် ဆန်ဂေးရဲ့ အားထုတ်မှုတွေ အောင်မြင်ပါစေလို့လည်း ဆုတောင်းပေးမိပါတယ်။

နောက်တစ်ချက်ကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ အဲဒါက လော့ဘ်ဆန် ဆန်ဂေးရဲ့ ဖခင်ဟာ တိဗက်လူမျိုး ကောင်းကျိုးအတွက် ဘဝတစ်လျှောက်လုံး အများကြီး လုပ်ဆောင်ပေးခဲ့တယ်တဲ့။ တိဗက်မိတ်ဆွေက ဒီလိုပြောတော့ စာရေးသူလည်း ရွှေပြည်ကြီးကို သတိရမိသွားတယ်။ ကမ္ဘာ့နိုင်ငံ အတော်များများမှာလည်း ဒီလို အကြောင်းပြချက်နဲ့ ရွေးချယ်ခဲ့တဲ့ သာဓကတွေ အများကြီးရှိပါတယ်။ ဘမျိုး ဘိုးတူ ဆိုတဲ့ စကားလုံးက ဘယ်တုန်းက ပေါ်ခဲ့သလဲမသိဘူး။ သမိုင်းတွေထဲမှာတော့ သားဆိုးတွေ ရှိခဲ့သလို အဖေထက် လက်စောင်းထက်တဲ့သားတွေလည်း အများကြီး ပေါ်ခဲ့ဖူးပါတယ်။ လော့ဘ်ဆန် ဆန်ဂေးကိုလည်း အဖေထက် တော်တဲ့သားဖြစ်မယ်လို့ တိဗက်တွေကတော့ မျှော်လင့်ထားပါတယ်။

ဒီအချက်တွေကတော့ မိတ်ဆွေပြောပြတဲ့အထဲက ယေဘုယျတူညီကြတဲ့အချက်တွေပါ။ အဲဒီလို မေးမြန်းခဲ့တဲ့အထဲမှာမှ တိဗက်လူငယ်လေးတစ်ဦး ပြောခဲ့တာလေးကို စာရေးသူ သဘောအကျဆုံးဖြစ်မိတယ်။ သူက ဒီလို ပြောတယ်… ““အရင်တုန်းကဆို နိုင်ငံရေးအာဏာ၊ အုပ်ချုပ်ရေး ဆုံးဖြတ်ချက်ချတာတွေက ဘုန်းတော်ကြီး ဒလိုင်းလားမားရဲ့ တာဝန်ပဲလေ.. ကိုယ်တွေနဲ့မဆိုင်လို့ ယောင်လို့တောင် အိပ်မက်မမက်ဖူးဘူး။ အခုတော့ တိဗက်ပြည်သူတွေ ကောင်းကျိုးအတွက် အုပ်ချုပ်ရေးယန္တယားထဲမှာ ကျွန်တော်လည်း ပါဝင်ချင်ရင် ပါဝင်လို့ ရနိုင်ပြီးလေ။ တကယ်လို့ ကျွန်တော်လည်း ကြိုးစားရင် ဝန်ကြီးချုပ်ဖြစ်လာနိုင်တာပဲလေ””…တဲ့။ မျှော်လင့်ချက်တွေ အားမာန်တွေ အပြည့်နဲ့ ပြောနေတဲ့ လူငယ်လေးကို ကြည့်ပြီး စာရေးသူ တကယ်ပဲ သဘောကျမိတယ်။ လူငယ်တွေကို ကြိုးစားဖို့ အခွင့်အလမ်းတွေ ပေးခဲ့တဲ့ ဘုန်းတော်ကြီး ဒလိုင်းလားမားကိုလည်း ကျေးဇူးတင်နေမိတယ်။

စာရေးသူကလည်း ဆက်ပြီးတော့ ဘုန်းတော်ကြီး ဒလိုင်းလားမား နိုင်ငံရေးအာဏာ မလွှဲခင် (Before) နဲ့ လွှဲပြီး (After) အခြေအနေမှာ တရုတ်အစိုးရရဲ့ သဘောထားကို မေးမြန်းကြည့်ခဲ့ပါတယ်။ ပါရဂူဘွဲ့ရ ပညာတတ်တစ်ယောက် တိဗက်အဝေးရောက် အစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်ဖြစ်လာတော့ တရုတ်အစိုးရဟာ တိဗက်တွေ ပညာတတ်လာမှာ စိုးရိမ်လာပုံရပါတယ်။ ပြည်ပမှာ ခိုလှုံကာ ပညာသင်ကြားဖို့ တိဗက်ကနေ ထွက်ပြေးလာတဲ့ ကလေးအရေအတွက် ကျဆင်းလာတယ်လို့ မိတ်ဆွေတွေက ပြောပါတယ်။ တရုတ်အစိုးရဟာ အရင်ကထက်ကို အဆပေါင်းများစွာ နယ်စပ်လုံခြုံရေးကို တင်းကျပ်လိုက်တဲ့ အတွက်ကြောင့်လို့ ဆိုပါတယ်။ ဟုတ်ပါတယ် ဖိနှိပ်တတ်တဲ့ အစိုးရတွေဟာ အဖိနှိပ်ခံလူထုတွေ ပညာတတ်သွားမှာကို ကြောက်တတ်ကြပါတယ်။

Before နဲ့ After မှာ တရုတ်အစိုးရဘက်က မူဝါဒပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ရှိလာသလားလို့ မေးကြည့်တော့ သူကပြောတယ်  အစက်တစ်စက်လောက်(Spot) ပြောင်းလာတယ်တဲ့။ အရင်တုန်းက တရုတ်အစိုးရလက်အောက်မှာ နေနေရတဲ့ တိဗက်တွေဟာ ဒလိုင်းလားမားဆိုတဲ့ စကားလုံး၊ ဒလိုင်းလားမားအကြောင်း လုံးဝပြောခွင့်မရှိသလို ဘုန်းတော်ကြီး ဒလိုင်းလားမားရဲ့ ဓာတ်ပုံတွေကိုလည်း အိမ်တွေမှာ ပူဇော်ခွင့် လုံးဝမပေးပါဘူး။ အခုတော့ တိဗက်ရဲ့ ဒေသတချို့(အနည်းငယ်)မှာတော့ ဓာတ်ပုံတွေ ပူဇော်ခွင့် ပြုထားတယ်လို့ ပြောပြပါတယ်။

ဘုန်းတော်ကြီး ဒလိုင်းလားမားရဲ့ နိုင်ငံရေးအာဏာလွှဲအပ်မှုကို ခံရတဲ့ ရွေးကောက်ခံခေါင်းဆောင် လော့ဘ်ဆန် ဆန်ဂေးဟာလည်း အစပိုင်းမှာတော့ တိဗက်ရှေးရိုးစွဲလူကြီးတွေရဲ့ သံသယဖြစ်မှုတွေကို ခံခဲ့ရပေမဲ့ အခု ၃နှစ်တာကာလကို ဖြတ်သန်းပြီးချိန်မှာတော့ တိဗက်လူကြီး လူငယ်အားလုံးရဲ့ ယုံကြည်မှုကို အပြည့်အဝ ရရှိနေပြီးဖြစ်ပါတယ်။ တိဗက်ကျောင်းသားကျောင်းသူတွေ လူငယ်လေးတွေအတွက် သူဟာ စံပြတစ်ယောက်ဖြစ်လာပါပြီ။ ဘုန်းတော်ကြီး ဒလိုင်းလားမားဟာ နိုင်ငံရေးစနစ်တစ်ခုကို လူရော မူပါ (ဖွဲ့စည်းပုံအခြေခံဥပဒေပါ) ပြောင်းလဲပြင်ဆင်ပြီး တိဗက်တွေကောင်းကျိုးကို ဖော်ဆောင်ပေးခဲ့ပါတယ်။ လူထုကို တကယ်တန်ဖိုးထားတဲ့ ခေါင်းဆောင်တွေဟာ ပြောင်းလဲပေးရမှာကို မကြောက်ကြပါဘူး။

Before နဲ့ After အပြောင်းအလဲတွေကို တစ်ခုပြီး တစ်ခုမေးနေတဲ့ စာရေးသူကို တိဗက်မိတ်ဆွေတွေကလည်း အားကျမခံ ပြန်ပြီး မေးခွန်းထုတ်ကြပါတယ်။ စာရေးသူတို့ နိုင်ငံရဲ့ ၂၀၁၀ ရွေးကောက်ပွဲ Before နဲ့ After မှာ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေက ဘာတွေလဲဆိုပြီး သူတို့က မေးကြပါတော့တယ်။ တကယ်တော့ စာရေးသူဟာ မြန်မာ့အရေး ကျွမ်းကျင်သူလည်း မဟုတ်တော့ ပညာရှင်ဆန်ဆန်လည်း မဖြေတတ်ပါဘူး။ ရှေ့မှာကိုယ်ကချည်းပဲ မေးထားတော့ အခု သူတို့မေးတာကို ပြန်မဖြေလို့ကလည်း မဖြစ်ပါဘူး။ အဲဒီတော့ စာရေးသူလည်း မျက်လုံးလေးကို အသာမှိတ်ပြီး Before နဲ့ After မှာ သိသိသာသာ ထင်ထင်ရှားရှား ပြောင်းလဲသွားတာက ဘာဖြစ်မလဲ …. ဘာဖြစ်မလဲနဲ့ အသဲအသန် စဉ်းစားနေတုန်း ရုတ်တရက် မြင်ကွင်းတစ်ခုက မျက်စိထဲပေါ်လာတယ်။ ဒါနဲ့ မျက်လုံးဖွင့်ပြီး  မိတ်ဆွေတွေကို ပြောလိုက်တယ်။ ““ ဝတ်စုံပြောင်းလဲသွားတယ်… ဒို့လူကြီးတွေ အရင်တုန်းက စစ်ဝတ်စုံဝတ်ကြတယ်လေ အခုတော့ အဲဒီပုဂ္ဂိုလ်တွေ တိုက်ပုံနဲ့ ပုဆိုး ပြောင်းဝတ်ကြတယ်”” လို့ စာရေးသူက ပြန်ဖြေလိုက်တော့ မိတ်ဆွေတွေက စာရေးသူကို မျက်မှောင်ကျုံ့ပြီး တအံ့တသြ ကြည့်နေကြတယ်။ ပြီးတော့ ဘာမှ ဆက်မမေးကြတော့ပါ။

၂၀၁၁ ခုနှစ် ဘုန်းတော်ကြီး ဒလိုင်းလားမား နိုင်ငံရေးကနေ အနားယူတော့မယ် ဆိုတဲ့သတင်းကြားတုန်းက တိဗက်တွေအတွက် စိတ်မကောင်းဖြစ်မိတာကို အခုတော့ နောင်တရမိတယ်။ အဲဒီတုန်းက စိတ်ထဲမှာ ဘုန်းတော်ကြီး ဒလိုင်းလားမား အသက်ကြီးလာလို့ အားလျှော့သွားပြီ အားနည်းသွားပြီလို့ ထင်ထားခဲ့တာ။ တက်တက်စင်အောင် လွဲပါတယ်။ အခုချိန်မှာ တွေ့ရတဲ့ ဘုန်းတော်ကြီးဒလိုင်းလားမားဟာ စိတ်ဓာတ်ခွန်အားတွေ ပိုကြီးလာပြီး ပိုအားကောင်လာတယ်လို့ ခံစားရတယ်။

တစ်ချိန်တုန်းက မိတ်ဆွေ ထိုင်ဝမ်ဘိက္ခူနီတစ်ပါးနဲ့ စကားပြောရင်း သူက ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ အပြင်မှာ ဆုံဖူးတဲ့အကြောင်း ပြောပြတယ်။ အဲဒီတုန်းက သူ့ကို ဒီလို မေးခဲ့ဖူးတယ် ““ဘုန်းတော်ကြီး ဒလိုင်းလားမားမှာရှိတဲ့ ဂုဏ်အရည်အချင်းတွေထဲက ဘယ်အချက်ကို သဘောအကျဆုံးလဲ””လို့ ဆိုတော့ သူက ““ Humble ””လို့ ပြန်ဖြေတယ်၊ ဘုန်းတော်ကြီး ဒလိုင်းလားမားရဲ့ ထောင်လွှားမှုမရှိတာ နှိမ့်ချမှုရှိတာကို သူက အနှစ်သက်ဆုံးလို့ ဖြေခဲ့ဖူးတယ်။ အခုဒီအချိန်မှာလည်း အဲဒီလိုမေးခွန်းမျိုး တစ်စုံတစ်ယောက်က မေးလာခဲ့ရင် စာရေးသူကတော့ ““သမိုင်းအစဉ်အလာတစ်ခုကို ပြောင်းလဲရဲတဲ့သတ္တိ”” လို့ ဖြေလိုက်မိမှာပါ။

ကေတုမာလာ
30. Aug. 2014
(ဗွိုက့်စ် ၀ိကလိတွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။ စက်တင်ဘာ ၂၂၊ ၂၀၁၄)
www.facebook.com/ketu.mala


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်