ဝတ်မှုန်(စင်္ကာပူ) Survival Job – အသက်ရှင်ဖို့ အလုပ်အကိုင်

October 19, 2014

Survival Job – အသက်ရှင်ဖို့ အလုပ်အကိုင်

(မိုးမခ) အောက်တိုဘာ ၁၉ ၊ ၂၀၁၄

ကျွန်တော် အသက်အရွယ်ရလာချိန်မှာ အလုပ်အကိုင်အကြောင်း နည်းနည်းသဘောပေါက်လာပါတယ်။ ငယ်ငယ်တုံးကတော့ စားဝတ်နေရေးအတွက်ပဲ ပိုက်ဆံရအောင် အလုပ်လုပ်ရတယ်လို့ ခံယူပါတယ်။ ဘွဲ့ရအလုပ်လုပ်တဲ့အချိန်မှာ တချို့ အလုပ်မယ်မယ်ရရ မလုပ်ပဲ၊ စားဝတ်နေရေးပြေလည်နေတာ တွေ့ရတော့ အလုပ်လုပ်မှ စားဝတ်နေရေးအတွက် ငွေကြေးရမယ်ဆိုတဲ့ အများစုလက်ခံတဲ့အယူအဆကို စဉ်းစားတွေးမိလာပါတယ်။ အလုပ်မလုပ်ပဲ ပိုက်ဆံရနေတယ်လို့တော့ မပြောချင်ပါဘူး။ သူတို့ မိဘဘိုးဘွားများ စိုက်ခဲ့တဲ့ စီးပွားရေး ၊ငွေကြေးများကြောင့်လား၊ နောက်ဆုံး ဗမာတွေက လူပျင်းလို့သတ်မှတ်ထားတဲ့ အာရပ်လူမျိုးတွေလည်း စားဝတ်နေရေး အိုကေနေတဲ့အပြင်၊ ရေနံတွေ နင်းကန်ထွက်နေတော့ ချမ်းသာတဲ့နိုင်ငံဖြစ်နေတာလဲ သဘာဝတရားရဲ့ အံ့သြဘွယ်တစ်ခုဖြစ်ပါတယ်။


တစ်ခါက စင်ကာပူနိုင်ငံသားတစ်ဦး မြန်မာပြည်လာတယ်၊ နှေးကွေးစွာလုပ်နေတာတွေ့တော့ ပျင်းတာကိုး၊ ဆင်းရဲမှာပေါ့..လို့ကောက်ချက်ချက်ပါတယ်။ ဟုတ်ပါတယ်၊ စင်ကာပူအလုပ်လာလုပ်မှ ကမ္ဘာအမြန်ဆုံးလမ်းလျှောက်သူ အဆင့်ရထားတဲ့ စင်ကာပူနိုင်ငံက ခပ်မြန်မြန်လှုပ်ရှား၊ လုပ်ကိုင်နေတာကို တွေ့ရတော့ ဟုတ်သလိုလိုပေါ့။ အဲ.. အမေရိကန်၊ ဂျာမဏီ၊ အင်္ဂလန်တွေ ရောက်သွားတော့မှ ..သြော်…တိုးတက်တဲ့နိုင်ငံတွေက ဗမာနိုင်ငံလိုပဲ အေးအေးဆေးဆေး၊ တော်တော်အပျင်းထူတာပဲ။ သောင်္ကြာနေ့ညနေပိုင်းဆို အလုပ်မလုပ်တော့ပဲ၊ သူတို့စနေ၊တနင်္ဂနွေ လှေစီး၊ မြင်းစီး၊ ခရီးသွားမဲ့အရေးအတွက် ပြင်ဆင်နေကြတယ်။ သူတို့က ဆရာကြီးတွေဖြစ်နေတော့ လစာကောင်းကောင်းရပြီး၊ အပိုအလုပ်မလုပ်ဘူး၊ တိကျသေသပ်တဲ့ ဒီဇိုင်း၊ မူပိုင်ခွင့်  R&D တီထွင်မှုတွေကို မောင်ပိုင်စီးထားပြီး၊ လိုင်စင်/ ပါမစ်နဲ့ပဲ လုပ်စားနေပါတယ်။ အခုတော့ တရုပ်၊ ကိုးရီးယားနဲ့ စင်ကာပူ၊ထိုင်း၊မလေးရှားတွေလည်း အမှီလိုက်နေပါပြီ။



အခုပုံမှာ မွတ်ဆလင်၊ မလေးအမျိုးသမီးတစ်ဦး၊ သူတို့မိသားစု အသက်ရှင်နေထိုင်ရေးအတွက် စင်ကာပူ၊ မနက်ခင်း၊ ရထားဘူတာမှာ ကာရီပတ်လို့ခေါ်တဲ့ အာလူးဆာမူစာ (၃)ခု တစ်ဒေါ်လာနဲ့ အလုပ်သွားသူများကို ရောင်းချအသက်မွေးနေတဲ့ မိခင်ငယ်လေးတစ်ဦး ဖြစ်ပါတယ်။ အိန္နိယအမျိုးသမီးတစ်ဦးက ဝယ်နေပါတယ်။ ပုံးတစ်ခုကို ဒေါ်လာ၄၀ နဲ့ နှစ်ပုံးဆိုရင် ဒေါ်လာရှစ်ဆယ်ဖိုး ရောင်းကုန်ရင်၊ သူမ အမြတ်ငွေ ဒေါ်လာ၂၀လောက် ရမယ်ဖြစ်ပါတယ်။ မနက်ခင်းမှာ ဒေါ်လာ၂၀ ရရှိဖို့အတွက် ရိုးသားကြိုးစား လုပ်ကိုင်နေတဲ့ အိမ်ရှင်မတစ်ဦးရဲ့ ဘဝဖြစ်ပါတယ်။ သူမအဖို့ ယောင်္ကျားဖြစ်သူ ဘယ်လိုအသက်ရှင်သလဲတော့ မသိပါ။ အများအားဖြင့် ယောင်္ကျား မစွမ်းကြတဲ့အခါ ဇနီးသည်များ ပင်ပမ်းစွာ လုပ်ကိုင်ရလေ့ရှိပါတယ်။



ဒီဆောင်းပါးမှာတော့ အသက်ရှင်ဖို့ ကျွန်တော်တို့ ဘာအလုပ်လုပ်ရမလဲ ဆိုတဲ့အကြောင်း ဆွေးနွေးချင်ပါတယ်။



လူတိုင်းက လစာကောင်းကောင်း အလုပ်ရမယ်၊ ငွေစုဆောင်းမယ်၊ ရင်းနှီးငွေရရင် ကိုယ်ပိုင်လုပ်ငန်း ထောင်ပြီး၊ လူတွေကိုအလုပ်ခန့်မယ်၊ ကိုယ်ပိုင်အလုပ်မှာ ကိုယ့်နေရာ၊ လုပ်နိုင်မဲ့ လူစားရပြီးရင် ကိုယ်က တခြား စိတ်ဝင်စားစရာတွေ ဆက်လုပ်မယ်။ လူမှုရေးလုပ်မယ်၊ အားကစားလုပ်မယ်၊ ဘုရားတရားလုပ်မယ်… စသဖြင့်ပေါ့။ စားဝတ်နေရေးအဆင်ပြေသူတွေ လုပ်ချင်တဲ့အလုပ်တစ်ခုကတော့ “ နိုင်ငံရေး” ဖြစ်ပါတယ်။ နိုင်ငံတော် အာဏာရက ငွေကြေးထက် အများကြီးသာလွန်ပါတယ်။ 



ဒါပေမဲ့ လူတွေ ကလေးဘဝဖြတ်သန်း၊ ကျောင်းပညာရေးပြီးတော့ အလုပ်ဝင်၊ အိမ်ထောင်ကျ၊ သားသမီးများမွေးလာပြန်၊ ဒီလိုနဲ့ သံသရာလည်နေပြီး အသက်ကြီးတော့ အချိန်တွေကုန်အောင် ဘာလုပ်ရမှန်းမသိနဲ့ သေဆုံးသွားကြတာ၊ မိမိအတွက်၊ ဘာအကျိုးရှိပါသလဲ။



ကမ္ဘာကြီးကို ပြောင်းလဲပစ်လိုက်မယ် ကြွေးကြော်တဲ့လူတွေ နောက်ဆုံးတော့၊ လက်ချည်းကျန်၊ ခါချဉ်ကောင်ကြီး ခါးမသန်ဖြစ်ပြီး၊ ဒေါ်လာတစ်သန်း စုဆောင်းမိတဲ့ စင်ကာပူလူမျိုးအများစုလည်း ရွှေပုံပေါ်ထိုင်နေပြီး ငိုနေရသူတွေ အများကြီးပါပဲ။ ခပ်ရိုင်းရိုင်းရေးရင် ကောက်ရိုးပုံစောင့်တဲ့ ပါပီကလေးလို ဖြစ်နေပါတယ်။ မိမိပိုင်ဆိုင်တဲ့ အိမ်၊ကား၊ ခြံမြေ၊ လုပ်ငန်းတွေက ဒေါ်လာတစ်သန်း တန်နေပေမဲ့၊ ကိုယ့်အနားမှာ ကိုယ့်သားသမီး၊ တူတူမ အရင်းတွေ မနေကြ၊ မရှိကြတော့ဘူး။ ငါ့ပစ္စည်းတွေက တစ်လ ဒေါ်လာ ၅၀၀၀ လောက် ပုံမှန်ရနေတယ်ဆိုပြီး၊ အိမ်၊ ကား၊ ခြံမြေတွေ ထိန်းသိမ်းဖို့၊ ဇနီးသည်မိသားစုများအဖို့ ကုန်ကျစရိတ်ကလည်း တစ်လ ဒေါ်လာ ၅၀၀၀ ဖြစ်နေတော့၊ အလှုအတန်းလုပ်ချင်လဲ ဘုန်းကြီးကျောင်း၊ ဘာသာရေးကို မလှုတန်းနိုင်ပဲ၊ ကိုယ့်နဲ့ကိုယ့်မိသားစု၊ ကိုယ့်လူတွေကိုပဲ လူဒါန်းနေရသူများပါတယ်။



နောက်တဆင့်ကတော့ စင်ကာပူ ၇၀%လောက်ရှိတဲ့ တစ်နေ့လုပ်၊ တစ်နေ့စား၊ လင်မယား၂ယောက်ပေါင်း တစ်လကို ဒေါ်လာ ၃၀၀၀ လောက် ဝင်ငွေရှိတဲ့ လင်မယားတွေပါ။ သူတို့လည်း တစ်နေ့ကို ၁၂နာရီလုပ်၊ ကလေးကျောင်းစရိတ်၊ စားဝတ်နေရေး ဖုန်းစရိတ်၊ ကားရထားစရိတ်၊ တီဗွီအင်တာနက်စရိတ်၊ အဝတ်အစားစရိတ်… မိသားစု ကလေးတစ်ယောက်နဲ့ တစ်လကို ဒေါ်လာ၃၀၀၀လောက်တော့ ဘယ်လောက်ငှချင်ပါ့မလဲ။



ဒီတော့ စင်ကာပူကလူတန်းစား၂ခုကို ကြည့်လိုက်ရင် ဆင်းရဲ၊ ချမ်းသာ ကွာခြားလာတာကိုတွေ့ရပါတယ်။ ပိုင်ဆိုင်မှု ဒေါ်လာတစ်သန်း ဆိုတာက စင်ကာပူနိုင်ငံသား အသက်၅၀ကျော်ရင် ပိုင်ကြတာချည်းပါပဲ။ အိမ်၊ ကား၊ CPF စုဆောင်းငွေ၊ အသက်အာမခံစုဆောင်းငွေ၊ စတော့ရှယ်ရာတွေ ပေါင်းလိုက်ရင် ဒေါ်လာတစ်သန်းတော့ အေးအေးဆေးဆေး ရှိပါတယ်။ နောက်လူမျိုးတစ်ခုကတော့ လက်လုပ်လက်စား CPF စုဆောင်းငွေမရှိတဲ့ ပညာမဲ့လူတန်းစားဖြစ်ပါတယ်။ ငွေကို မသုံးတတ်၊ မစုဆောင်းတတ်တော့ ဆင်းရဲစွာနဲ့ အသက်၆၀ကျော်လဲ၊ ညစောင့်၊ ရှော့ပင်စင်ကာ၊ စားသောက်ဆိုင်ပန်းကန်ဆေး၊ စားပွဲထိုး၊ သန့်ရှင်းရေး လုပ်နေရတဲ့ ယောင်္ကျားမိန်းမတွေပါ။ အင်မတန်များပြားတဲ့ ဆင်းရဲသားများ စင်ကာပူ၊ နယူးယောက်၊ တိုကျိုတွေမှာ ရှိပါတယ်။ စင်ကာပူမှာ တောင်းစားသူများ ပျောက်ကျား တွေ့နိုင်ပါတယ်။ သနားသူတွေက ပေးတော့ ရတာနဲ့ လက်ကြောမတင်းပဲ လိုက်တောင်းနေတဲ့ အမျိုးတွေလည်းရှိပါတယ်။

မြန်မာနိုင်ငံမှာတော့ တောင်းစားသူထက်၊ လိမ်စားသူက ပိုများတယ်လို့ ဆိုနိုင်ပါတယ်။ 



ခရစ်ယာန်ကျမ်းစာမှာ သုတ္တံကျမ်းရေးတဲ့ ဆော်လမွန်မင်းကြီးက ဘုရားသခင်၊..ငွေရတတ်ခြင်းနဲ့ ဆင်းရဲခြင်းကို မပေးပါနှင့်၊ ငွေရပါက ဘုရားသခင်ကိုမေ့မှာစိုးရပြီး၊ ဆင်းရဲပါက သူ့ဥစ္စာခိုးမိမှာစိုးပါ၏…လို့ရေးထားပါတယ်။ မြန်မာပြည်က ဆင်းရဲလွန်းလို့ အကျင့်စာရိတ္တ Corruption Index ကမ္ဘာ့အဆိုးဆုံး ဖြစ်ရတာ ကျနော်တို့လက်ခံရမှာပါ။ ဥပဒေစိုးမိုးမှု လုံးဝနီးပါးမရှိလို့ ဘဏ္ဍာငွေကို နှိုက်စားသူ၊ အခွန်ငွေမပေးတဲ့လူ၊ ကုမဏ္ဍီတွေ အများကြီး၊ အခု ပြုပြင်ပြောင်းလဲရေး ၃နှစ်ကာလမှာ ဖြစ်နေပါတယ်။ လူကောင်း၊လူတော်များ အုပ်ချုပ်နိုင်ပါစေ၊ မီဒီယာလောက ပန်းပန်နိုင်ပါစေ..မြန်မာပြည်အတွက် ဆုတောင်းပါတယ်။

စင်ကာပူရောက် မြန်မာများအတွက် အသက်ရှင်နေထိုင်နိုင်ဘို့၊ မကြောင့်မကျ နေထိုင်ဖို့ ..ရိုးသား၊ မှန်ကန်တဲ့ စီးပွားရေးလုပ်ငန်းများကို ရေးချင်ပါတယ်။



ပင်နီစူလာပလာစာမှာ အရင်က ဗမာအချင်းချင်း၊ နှိပ်ကွပ်၊ ဈေးကြီးနဲ့ရောင်းတဲ့ ဆိုင်များ၊ ငွေလွှဲများ၊ နောက်ဆုံး စာအုပ်ဆိုင်က စာအုပ်အထိ အလွန်ဈေးကြီးစွာ ဝယ်ရပါတယ်။ ပင်နီစူလာပလာစာ အပြင်မှာ တရုပ်၊ကုလား၊မလေး စားသောက်ဆိုင်မှာ တစ်ပွဲ ၃ဒေါ်လာလောက်နဲ့ စားနိုင်ပေမဲ့၊ ဗမာဆိုင်မှာ ဖွယ်ဖွယ်ရာရာ ဟင်း၃မျိုးနဲ့ စားပြီး၊ ၆ဒေါ်လာ၊ ၁၀ဒေါ်လာ ပေးရတာကို မနှမျောတဲ့ ကိုရွှေ၊ ဗမာများကြော ဈေးဆိုင်ပိုင်ရှင်များကလည်း ဈေးတင်ရောင်းကြပါတယ်။ ဗမာဆိုင်မှာ ဟင်းချိုမှုန့်၊ ငရုပ်သီး၊ ဆားများများ ဟင်းလျှာများအတွက် တဒင်္ဂခံစားမှုအတွက် ငွေပေးနိုင်ပါတယ်။ လောကွတ်ကလည်း ကောင်းတော့ ကိုယ်စားတာ ကိုယ်ရှင်းတဲ့ စင်ကာပူစရိုက်ကို လက်မခံဘူး။ ကိုယ်ကပဲ သူများကိုကျွေးချင်တယ်။ နောက်ဆုံးတော့ ဗမာအလုပ်သမားများ စားသောက်၊ သုံးစွဲရင်း ငွေရလေလေ၊ အကြွေးတင်လေလေ ဖြစ်သွားပါတယ်။ ကိုယ်က ငွေမစုဆောင်းမိတော့ ၊ အများစုက တစ်ပူပူ တစ်မျိုး၊ သနားအောင်တစ်မျိုး၊ မြန်မာပြည်က မိဘ၊ဆွေမျိုး၊အိမ်ထောင်ဖက်များက တောင်းလွန်းလို့ မြန်မာပြည်ကိုပို့ရင်းက ပို့နေတာ၊ အိတ်ပေါက်နဲ့ဖားကောက်သလို ဖြစ်နေတယ်။ ဒီတော့ စုဆောင်းငွေမရှိလို့ အလုပ်သမားဘဝက ကိုယ်ပိုင်လုပ်ငန်းဖြစ်ဖို့ဆိုတာ ဝေးလာဝေးပါ။



ဒါပေမဲ့ ၁၀%လောက် မြန်မာများစွာ အောင်မြင်၊ ငွေကြေးအဆင်ပြေကြပါတယ်။ စီးပွားလုပ်တတ်ပါတယ်။ ကျန်တဲ့ ၉၀ ရာနှုန်းကတော့ ရရစားစား တွေချည်းပါပဲ။ အိမ်ကြီး၊ ကားကြီးဝယ်ပြီး လစဉ် အိမ်ဖိုး၊ ကားဖိုးပေးနေရတော့ စုဆောင်းငွေမရှိ၊ လက်ရှိ လစာရတဲ့အလုပ်ကို မပြုတ်ဖို့ပဲ ဆက်လုပ်နေရတယ်။ အိမ်တွေ ပိုင်ဆိုင်ပြီး၊ အမြဲတမ်းကိုယ့်ဘဝ ငွေကို ချွေတာနေတဲ့ လူတွေကိုကြည့်ပြီး တခါတရံတော့ သနားမိပါတယ်။ ငွေပုံပေါ်ထိုင်၊ အိမ်ခြံမြေပိုင်ပြီး ရင်းနှီးလုပ်မစားတပ်၊ ငှားစားဖို့တောင် အိမ်ငှားက အပိုင်စီးမှာကြောက်နေတဲ့ လူတွေရှိပါတယ်။ ဒီလိုလူအတွက် ကိုယ်ပိုင်အလုပ်ကတော့ ဝေးဝေး၊ ဝေးလွန်းလှပါတယ်။



ကိုယ်ပိုင်အလုပ်လုပ်ချင်သူများစွာ  နည်းမျိုးစုံနဲ့ ကြိုးစားကြပါတယ်။

စင်ကာပူမှာ အနေကြာပြီး၊ စင်ကာပူပီအာဖြစ်၊ စီတီစင်ဖြစ်နေတဲ့ မြန်မာလူမျိုးများကတော့ အိမ်ပွဲစားအလုပ်ကို လုပ်ကြတယ်။ အိမ်တစ်လုံး ရောင်းရရင် ပွဲစားခ ဒေါ်လာ ၅ထောင်ကနေ၊ တစ်သောင်းကျော်ထိ ရတယ်ဆိုတော့၊ ကိုယ်အိမ်ဝယ်ပြီး ပွဲစားခပေးလိုက်တာကို နှမျောမိတယ်။ ကိုယ်လဲ ပွဲစားလုပ်ချင်လာတယ်။ သင်တန်းပြေးတက်တယ်။ သင်တန်းကြေး၊ အသင်းဝင်ကြေား ဒေါ်လာ ၂၀၀၀ လောက်ရင်းနှီးပြီး၊ လုပ်ရင်းကိုင်ရင်း၊ ၂နှစ်လောက်ကြာတော့ ဘာမှဖြစ်မလာဘူး။



အသက်အာမခံရောင်းမယ်၊ အချိန်ပိုင်းလုပ်မယ်၊ အဆင်ပြေလာရင် အလုပ်ထွက်ပြီး အချိန်ပြည် အသက်အာမခံလိုက်ရောင်းမယ် ဆိုတဲ့ စင်ကာပူလူမျိုးများစွာ ရှိပါတယ်။ မြန်မာများလည်း အသက်အာမခံ ရောင်းစားမယ် ကြံတဲ့ အမျိုးသမီးများစွာ၊ ဘာမှဖြစ်မလာပါဘူး။ အသက်အာမခံလုပ်ငန်းကတော့ အောင်မြင်ဖို့လမ်း မရှိဆုံး အလုပ်လို့ ပြောပါတယ်။ အိမ်ပွဲစားကမှ အများကြီးအဆင်ပြေနိုင်ပါတယ်။



အလားတူ၊ ဗမာအချင်းချင်း၊ လေယာဉ်လက်မှတ်ရောင်းမယ်၊ ကျောင်းတက်ဖို့ Student Pass, Work Pass လျှောက်ပေးမယ်။ နောက်ဆုံး ကိုယ့်အိုင်စီ ငှားပြီး၊ ဗီဇာလျောက်ပေးမယ်၊ တစ်ခါလျှောက် ဒေါ်လာ၂၀ စသဖြင့် အချင်းချင်းပဲ၊ လုပ်ကိုင်စားသောက်လာတယ်။ အရင်တုန်းက S.Pass, EP ပါမစ်ရသူထံက ဇနီးသည်ဖြစ်ကြောင်း အတုလုပ်တဲ့ခေတ် ဖြစ်ခဲ့ဖူးပါတယ်။ ဘွဲ့လက်မှတ် အတုနဲ့ စင်ကာပူနိုင်ငံသားဖြစ်နေသူများစွာလည်း ရှိပါတယ်။ အခုတော့ စင်ကာပူအစိုးရက ဒါတွေကို တော်တော်ထိန်းထားနိုင်ပါတယ်။ အတုလုပ်စားတဲ့ ခေတ်ကုန်လာပေမဲ့ လုပ်စားနေတုန်းပါပဲ။

ပင်နီစူလာမှာ ဆိုင်ထောင်လုပ်ကိုင်စားသောက်သူတွေလည်း နေ့မြင်ညပျောက်ပါပဲ။ ဈေးကြီးပေးငှားတဲ့ မြန်မာများကြောင့် ပင်နီစူလာပလာစာ ဆိုင်ခန်းသေးသေးလေးကို မျက်နှာစာ၊ တစ်လ ၆၀၀၀ ဒေါ်လာ၊ အတွင်းခန်းကို တစ်လ ဒေါ်လာ ၃၀၀၀ ပေးပြီးငှားရမ်း၊ ငွေလွှဲ၊ စားသောက်ဆိုင်၊ ကုန်စုံဆိုင်၊ အေးဂျင့်ဆိုင်တွေ ဖွင့်ကြတယ်။ ဆိုင်ရှင်ကို လုပ်ကြွေးသလိုပါပဲ။ ဆိုင်ခန်းငှားခ မကာမိလို့ ဆိုင်ပြုတ်သွားသူတွေလဲ မနည်းပါ။ သူပြုတ်၊ ကိုယ်ထောင် သံသရာလည်နေတဲ့ ကိုယ်ပိုင်လုပ်ငန်းပါ။ ဆိုင်ခန်း ငှားခဈေးကြီးနေပြီး မြန်မာအချင်းချင်း ဈေးကြီးတောင်းနေတဲ့ အေးဂျင့်တွေ ကြီးစိုးနေဆဲပါ။



နောက်ဆုံး မြန်မာတွေ လူပွဲစားအဆင့်ကို လုပ်စားရင်းနဲ့၊ ရောက်လာကြတယ်။ ဖြတ်လမ်းနည်းနဲ့ ငွေရချင်သူများ သူများ၊ စင်ကာပူရောက်ရင် ပြီးရောဆိုပြီး အေးဂျင့်ကို ဒေါ်လာ ၃ထောင်၊ ၄ထောင်ပေးပြီး စင်ကာပူကို WP, S-pass အလုပ်လာလုပ်တဲ့ ခေတ်ဖြစ်နေပါတယ်။ လုပ်စားနေတဲ့ ဇတ်လမ်းတွေကတော့ များလွန်းလို့ ကျနော်ရဲ့ ဆွေမျိုးများစွာ ပါဝင်နေပါတယ်။ နောက်ဆုံး အေးဂျင့်အလုပ်ကတော့ အိမ်ဖော် လုပ်အားခကို ညှစ်ယူတဲ့ ဗမာနဲ့စင်ကာပူ အေးဂျင့် ၂ဦးဖြစ်နေပါပြီ။

အလုပ်သများများထံမှာ လုပ်အားခငွေညှစ်ယူခြင်း



အရင်ကတော့ အလုပ်ရမယ်၊ စင်ကာပူ၊ ဒူဘိုင်း တွေမှာ ပွဲခငွေ ဒေါ်လာ ၃၀၀၀ (ကျပ် ၂၅သိန်း) ကြိုတင်ပေးပြီး၊ အလုပ်ပွဲစားအပ်တဲ့ခေတ် တော်တော်ခေတ်စားပါတယ်။ ၃လလောက် အပင်ပမ်းခံလုပ်ရင် အရင်းကျေတော့ မဆိုးပေမဲ့၊ တချို့ ၆လလုပ်လဲ အရင်းမကျေပဲ၊ ညစ်ခံရပြီး ပြန်ရတဲ့ ဗမာတွေလည်း အများကြီးပါ။ အခုခေတ်မှာတော့ ဗမာအလုပ်သမားတွေ ကိုယ့်ဖာသာပဲ၊ စင်ကာပူကို လေယာဉ်စရိတ်၊ နေထိုင်စရိတ် ဒေါ်လာတစ်ထောင် အကုန်ခံပြီး၊ ကိုယ့်ဖာသာအလုပ်လာရှာနေကြပါပြီ။ ဒါပေမဲ့ အေးဂျင့်ပဲ အားကိုးတဲ့ ဗမာများစွာ ရှိနေသေးတော့ အေးဂျင့်များ၊ စားသောက်နေတုန်းပဲဖြစ်ပါတယ်။ အေးဂျင့်များ အဆင်မပြေတဲ့ခေတ် ၂၀၁၁-၂၀၁၄ ကာလဖြစ်ပါတယ်။ ဒါကြောင့် ဘွဲ့ရ အလုပ်ကိုင်ရှာဖို့ စင်ကာပူကို အလုပ်လာရှာဖြင်း အလွန်ခေတ်စားနေပါတယ်။



 မြန်မာလူငယ်တွေ စင်ကာပူမရောက်ဖူးရင် အလုပ်ကောင်းကောင်း မရနိုင်ဘူးလို့ တောင်ပြောနိုင်ပါတယ်။ စင်ကာပူပြန်ဆိုရင် ဘာဒီပလိုမာ၊ ဆာတီဖီကိတ် ဖြစ်ဖြစ်၊ တစ်ခေါက်လောက်ရောက်ဖူးပြီး၊ အလုပ်လုပ်ဖူးသလိုလို နဲ့ ဗမာပြည်ပြန်သွား၊ အလုပ်ကောင်းကောင်းရနေသူများလည်း ရှိပါတယ်။ စင်ကာပူကို အထင်ကြီးလဲ ကြီးစရာဖြစ်ပါတယ်။ လစာ ဒေါ်လာ ၁၅၀၀၊ ဒေါ်လာ ၂၀၀၀ ပေးနိုင်ပါတယ်။ မြန်မာပြည်က လစာ ကျပ်တစ်သိန်း (ဒေါ်လာ၁၅၀) ထက်အများကြီး သာလွန်ပေတာကိုး။ ဒါပေမဲ့ စင်ကာပူက အလွန် စရိတ်ကြီးတယ်ဆိုတာ လူတိုင်းသိပါတယ်။ စင်ကာပူက ကုမ္ပဏီတွေလည်း လူတွေဆီက နည်းမျိုးစုံနဲ့ ငွေညှစ်ယူနေပါတယ်။ ဥပမာ ..အိမ်ငှားခ၊ တယ်လီဖုန်းခ၊ တက္ကစီ၊ရထား၊ဘတ်စကားခ၊ အကျီင်္အဝတ်စား၊ အသုံးအဆောင် Branded များစွာ သွားရည်ယိုစရာရှိပါတယ်။ ဟန်းဖုန်းလှလှလေးအတွက် မိန်းမအိနြေ္ဒအဆုံးခံသူများစွာ ရှိနေတာ ဝမ်းနည်းစရာပါ။

အိမ်ဖော်များထံမှ လုပ်အားခငွေညှစ်ယူခြင်း



မြန်မာအိမ်ဖေါ်များက အများအားဖြင့် မြန်မာပြည်မှာအဆင်မပြေလို့၊ ယောင်္ကျားနဲ့အဆင်မပြေ၊ မိဘမောင်နှမများကို ကြည်ရှုချင်လို့ လမ်းရှာနေတဲ့ ဂေါ်လီမ၊ လူလည်မများ၊ မလည်ရှုပ် တောသူများ၊ စသဖြင့် မိန်းကလေးများစွာ ၆လ၊ ၈လ လခမရပဲ အခမဲ့လုပ်ပေးနေတဲ့ ခေတ်ဖြစ်ပါတယ်။ ပွဲစားက ဥပမာ ပဲခူးမြို၊ လှည်းကူးမြို့နယ်မှာ ကြော်ငြာစာရွက်တွေ ဝေသွားတယ်။ ဖတ်ကြည့်လို့ တစ်လ ၃သိန်းရမယ် ဆိုတော့ ပွဲစားကို တယ်လီဖုန်းလှမ်းဆက်တယ်။ နောက်တော့ ပိုက်ဆံမလိုပေမဲ့လည်း အေးဂျင့်က အင်္ဂလိပ်စကားနည်းနည်းသင်ပေးပြီး၊ စင်ကာပူကို အိမ်ဖေါ်အဖြစ် လွှတ်လိုက်တယ်။ အဆင်ပြေသွားတာ များပါတယ်။ ဆယ်ယောက် တစ်ယောက် ၁၀%လောက်တော့ အဆင်မပြေပါဘူး။ နောက်ဆုံ အိမ်ရှင်ညှင်ပမ်းနှိပ်စက်၊ မတရာကျင့်ခံရသူတွေ များစွာရှိသလို၊ အိမ်ရှင်အဖွားကြီးကို သတ်ပစ်၊ ထိန်းရတဲ့ကလေးကို နာအောင်ရိုက်နှက်တဲ့ အိမ်ဖေါ်တွေလည်း ၁၀% ပေါ်လာပါတယ်။ မခံနိုင်လို့ တိုက်ပေါ်က ခုန်ချသူများလည်း ရှိပါတယ်။

 စင်ကာပူရောက် အလုပ်သမားများရဲ့ ဆေးစစ်ခြင်း၊ Training သင်တန်းများ



မိတ်ဆွေမြန်မာများ စင်ကာပူက ဆောက်လုပ်ရေး၊ သင်္ဘောကျင်း၊ ရေနံဓါတု စက်ရုံတွေကို အလုပ်လာလုပ်သူများအတွက် လုပ်ငန်းခွင်အန္တရယ်ကင်းရှင်းရေးသင်တန်း ဖွင့်ထားပါတယ်။ သင်တန်းဆရာဖြစ်ဖို့ မလွယ်ပေမဲ့ ကြိုးစားပြီး အစိုးရထံက လက်မှတ်များ ရအောင်၊ အချိန်၊ ငွေ အကုန်ခံပြီး သင်တန်းကျောင်းတစ်ခု ထောင်ထားပါတယ်။ စီးပွားရေးလုပ်ငန်းဆိုတော့ သင်တန်းသား များများရမှ ဖြစ်မှာပါ။ သင်တန်းသားမရှိရင် သင်တန်းနေရာငှားခ၊ ပစ္စည်းစရိတ်၊ မှတ်ပုံတင်ကြေးတွေ တစ်လကို အနည်းဆုံး ဒေါ်လာ ၄၀၀၀လောက် ကုန်နေပါတယ်။ ဒါကြောင့် တစ်လကို သင်တန်းသား အနည်းဆုံး ၂၀၀ လောက် သင်ပေးနိုင်မှ၊ သင်တန်းစရိတ်ကြေရုံရှိပါတယ်။ သင်တန်းဆရာ၂ဦးနဲ့ ဝန်ထမ်းလုပ်သူများအတွက် လစာများ တစ်လ အနည်းဆုံးဒေါ်လာ ၂၀၀၀ လောက်ကို ထည့်ပေါင်းရင်၊ ဝင်ငွေ တစ်လ ၉၀၀၀ လောက်မှ မရလို့မဖြစ်ပါဘူး။



 ဒီတော့ သင်တန်းသားများကို ဘယ်လိုလိုက်ရှာရမလဲ။ သင်တန်းကကော.. တကယ်တတ်အောင်သင်ပေးမှာလာ။ အောင်ရုံပဲသင်ပေးပြီး စင်ကာပူမှာ အလုပ်လုပ်ခွင့်ရရုံပဲ လုပ်မှာလား…. မေးခွန်းထုတ်စရာတွေ ရှိပါတယ်။ တကယ်တတ်အောင်သင်ပေးမဲ့ သင်တန်းဆိုရင်တော့ စာမေးပွဲကျနှုံးများရင်တော့ ရေရှည်မှာ သင်တန်းကျရှုံးမှာပါ။ ၂ရက်သင်တန်းနဲ့ အားလုံးတတ်အောင် မြန်မာဘာသာနဲ့ သင်ပေးတောင် တတ်ဖို့မလွယ်ပါဘူး။ အောင်ဖို့နဲ့၊  အလုပ်ခွင်ထဲမှာ အဆင်ပြေရုံ အဓိကထားပြီး၊ သင်တန်းဖွင့်ရပါတယ်။



လုပ်ငန်းတစ်ခုလုပ်ရင် Skills, Material တွေထက် Customer က ပိုပြီးအရေးကြီးပါတယ်။ စီးပွားရေးလုပ်ငန်းကြီးတွေက ပရိုမိုးရှင်းဆိုပြီး ပထမ၆လကို အလကားလုပ်ပေးတယ်။ နောက်ပိုင်းတော့ ပိုက်ဆံတောင်းတယ်။ ဒါမျိုးနည်းလမ်းတွေ များပါတယ်။ သင်တန်းကျောင်းဖွင့်ပြီး စီးပွားဖြစ်လုပ်ဖို့ကတော့ စင်ကာပူမှာ အလွန်များပါတယ်။ အရင်က နိုင်ငံခြားသားများကို အင်္ဂလိပ်၊ ကွန်ပြူတာ၊ စာရင်းကိုင် စတဲ့သင်တန်းများစွာနဲ့ Student Pass ရအောင်လုပ်ပြီး၊ အပြင်မှာအလုပ်လုပ်စားသူများကြောင့် သင်တန်းဖွင့်စားသူ များပါတယ်။ အခုတော့ လုပ်စားတဲ့ သင်တန်းများ နည်းသွားပါတယ်။ အစိုးရ တက္ကသိုလ်၊ ပေါ်လီ၊ အိုင်တီအီးတွေမှာတောင့် အချိန်ပိုင်း သင်တန်းများဖွင့်ပြီး၊ ကုမဏီများ၊ တစ်ဦးချင်းဆီက သင်တန်းကြေးတောင်း လုပ်စားနေရပါတယ်။



အခု အလုပ်သများသင်တန်း Safety Training Course တစ်ခုကို ၂ရက်၊ ဒေါ်လာ ၂၀၀ယူပါတယ်။ ဒီတော့ သင်တန်းသား ရရှိရေးက အသက်ဖြစ်နေပါတယ်။ ဘယ်လို့ပုံ၊ ဘယ်လိုနည်းနဲ့ သင်တန်းသားရနိုင်မှာလဲ။ နည်းမျိုးစုံရှိပါတယ်။ အလွယ်ကူဆုံးနည်းကတော့ အလုပ်သမားများစွာခန့်တဲ့ Keppel Shipyard ဒါရိုက်တာတစ်ယောက်ကို ကော်မရှင်ပေးနည်းဖြစ်ပါတယ်။ ဒါမျိုးတွေက ရိုးနေတော့ လဘ်ပေးလပ်ယူတဲ့ ပုံစံဖြစ်နေပါတယ်။

မြန်မာနိုင်ငံက သင်တန်းများ



အလုပ်အကိုင်ရရှိရေးက အရမ်းအရေးကြီးနေတဲ့ မြန်မာနိုင်ငံဖြစ်ပါတယ်။ ဘွဲ့ရအလုပ်သမားများစွာ ဥပမာ အထည်ချုပ်အလုပ်သမ၊ လစာ ဒေါ်လာတစ်ရာ US$100 ရဖို့အရေးကို ဘွဲ့ရအလုပ်သမ များစွာ လုပ်နေရရှာပါတယ်။ ကျောင်းပြီးတော့ နိုင်ငံခြားသွားအလုပ်လုပ်မလား၊ ကုမဏီတွေက အလုပ်ခန့်မလား… ဒီတော့ သင်တန်းကျောင်းများ အလွန်ခေတ်စားနေပါတယ်။ ဂျပန် တေလေဂျပိုး မြောက်များစွာ ရန်ကုန်ကို ရောက်လာပြီး ဂျပန်စကားပြောသင်တန်း ဖွင့်ပါတယ်။ ဂျပန်စကား ၆လသင်ပေးပြီး၊ တတ်သွားရင် ဂျပန်ကို တစ်လ ဒေါ်လာ ၂၀၀၀ နဲ့ အလုပ်ခန့်မယ်ပေါ့။  စာရင်းကိုင်၊ ကွန်ပြူတာ၊ အင်ဂျင်နီယာသင်တန်းများစွာလည်း ဒီလိုပဲ ညာပြီးတက်ခိုင်းပါတယ်။ လစဉ် သင်တန်းကြေး၊ နေစရိတ်၊စားစရိတ် သုံးသိန်းအထက် ပေးပြီး၊ မျှော်လင့်ချက်နဲ့ တက်ကြပါတယ်။ ၆လပြီးတော့ အလုပ်လဲမပေးနိုင်၊ ခပ်တည်တည်နဲ့ ဂျပန်တေလေဂျပိုးနဲ့ မြန်မာဖက်စပ်လုပ်ငန်းရှင်တို့… လုပ်စားနေပါတယ်။ ကိုးရီးယား၊ အင်္ဂလိပ်၊ ထိုင်း၊ မလေးရှား…အစရှိသဖြင့် ဘာသာစကားသင်တန်းများလဲ မှိုလိုပေါက်နေပါတယ်။



လူတွေ ပိုပြီးအထင်ကြီးတာကတော့ ဂျပန်၊ ကိုးရီးယား သင်္ဘောလိုင်းမှာ သင်္ဘောသားအလုပ်ရမယ်။ ၆လ သင်တန်းပြီးရင် ချက်ချင်း တစ်လကို ဒေါ်လာ ၁၅၀၀လောက်နဲ့ သဘောင်္သားအလုပ်၊ ဂျပန်သင်္ဘောလိုင်းနဲ့ ဖက်စပ်သင်္ဘောတူညီချက်တွေ MoU လက်မှတ်ထိုးပြီး၊ သက်မွေးသင်တန်းတွေလည်း မှိုလိုပေါက်လာပါတယ်။ အလုပ်ကိုင်နဲ့သင်တန်း၊ အင်္ဂလိပ်၊ဂျပန် ဘာသာစကားပြောသင်တန်း အားလုံးပေါင်း သိန်း၃၀ပေးရမယ်။ ၆လပြည့်ရင် အလုပ်သွားလုပ်ရုံပဲ။ စာမေးပွဲတော့ အောင်မှဖြစ်မယ်။ မအောင်ရင် ဆောရီးပဲ ဆိုပြီး ကွာလတီသင်တန်းကျောင်းများလည်း ပေါ်နေပါတယ်။ တကယ် အမှန်အကန်ကျောင်းများစွာ ရှိသလို၊ အကြံအဖန် သင်တန်းကျောင်းများက ပိုပြီးများပါတယ်။



စင်ကာပူ၊ ဒူဘိုင်းကို အလုပ်ကိုင်များကတော့ သင်တန်းတက်စရာမလိုပါဘူး။ ၂ပတ်လောက် သင်တန်းပေးလိုက်ပြီး၊ ပွဲစားခ ဒေါ်လာ ၃၀၀၀ပေးလိုက်ရင် အိုကေသွားပါတယ်။ ဒါမျိုးတွေ လုပ်စားတာရိုးနေပါပြီ။

အိမ်ဖေါ်သင်တန်း



အခု ၂၀၁၄မှာ အရမ်းခေတ်စားလာတာကတော့ အိမ်ဖေါ်သင်တန်းပဲဖြစ်ပါတယ်။ အင်္ဂလိပ်စကားတောင် မပြောတတ်ပဲ ရောက်လာတဲ့ မြန်မာအမျိုးသမီးများစွာရှိပါတယ်။ ဒီရောက်မှ အိမ်ရှင်တွေက သင်ပေးမယ်။ ဈေးချို့ အမိန့်နာခံရင်ပြီးတာပဲ ဆိုပြီး အိမ်ဖေါ်လောက မြန်မာများ နာမည်ရလာပါတယ်။ ဖိလစ်ပိုင်အိမ်ဖေါ်က အဆင့်တန်းရှိပြီး၊ ဈေးကြီးတယ်။ တစ်လ ဒေါ်လာ၆၀၀ တောင်းတယ်။ မြန်မာအိမ်ဖေါ်က အနည်းဆုံ တစ်လာ ဒေါ်လာ ၄၈၀ ပေးရမယ်ဆိုတဲ့ အစိုးရသတ်မှတ်ဈေး၊ မပေးလဲ ရတယ်။ ဒေါ်လာ၃၀၀နဲ့ပဲ လုပ်ပါမယ် ဆိုတဲ့ အရမ်းလုပ်ချင်နေတဲ့ သနားစရာမြန်မာ မိန်းကလေးများစွာ ရှိပါတယ်။ အဲဒီလို မိန်းကလေးတွေကို မြန်မာအေးဂျင့်နဲ့စင်ကာပူအေးဂျင့် ၂ဦးပေါင်းပြီး၊ မိန်းကလေးများရဲ့ ဦးနှောက်ဖေါက်စားတဲ့ လုပ်ငန်းကို လုပ်တယ်။ ၆လလုံးလုံး တစ်ပြားမှ မရပေမဲ့၊ ၇လမြောက်မှာ ရမယ်မျှော်လင့်ချက်နဲ့ ကောင်းကောင်း၊နေ၊စားရတော့ ဝမ်းသာနေကြတယ်။ ၆လပြည့်တော့မှ အေးဂျင့်က နောက်ထပ်၂လ ဆက်လုပ်ရဦးမယ် ..ပြောတော့ …ဘာတတ်နိုင်မှာလဲ။ ဆက်လုပ်ရုံပေါ့။ အားလုံး ၈လ လုံးလုံး အခမဲ့လုပ်ပေးရတယ်။



ဒီမိန်းကလေး မြန်မာပြည် ပတ်စပို့လုပ်ခ၊ မြန်မာပြည်မှာ အေးဂျင့်အိမ်မှာနေထိုင်စရိတ်၊ အားလုံးကို ပြန်ဆပ်ရတယ်။ လေယာဉ်ခကို စင်ကာပူအစိုးရက အိမ်ရှင်တွေပေးရမယ် ဆိုပေမဲ့၊ မြန်မာအိမ်ဖေါ်မလေးများပဲ ပေးရတယ်။

မှန်ကန်တဲ့ပွဲစားလုပ်ငန်း



မြန်မာအချင်းချင်း မှန်ကန်တဲ့ ပွဲစားလုပ်ငန်းများစွာ အလိုရှိနေပါတယ်။ ယခင်စစ်အစိုးရခေတ်က အချင်းချင်း ဖိနှိပ်၊ ရိုက်နှက်အုပ်ချုပ်၊ သေနပ်နဲ့ပစ်သတ်တာမျိုးတွေ အတိတ်မှာ ချန်ထားရစ်သလို၊ အခုခေတ် စင်ကာပူအလုပ်လာလုပ်တဲ့ မြန်မာအချင်းချင်း ကူညီဖို့ အဖွဲ့အစည်း၊ ကုမဏီများစွာ လိုနေပါတယ်။ မြန်မာများကလည်း မပေးရရင် အတုလို့ထင်တာမျိုးလဲရှိတယ်။ ဒါကြောင့် အေးဂျင့်က မြန်မာတွေကို ရိတ်မယ်ဆိုရင် မြန်မာတွေကလည်း ပျော်ပျော်ကြီးအရိတ်ခံတယ်။ မြန်မာလို ပွင့်ပွင့်လင်းလင်းပြောတယ်။ အေးဂျင့်ကလည်း စကားခပ်ကြမ်းကြမ်း ဆဲဆိုပြောရင်၊ မြန်မာအလုပ်သမားကလဲ ကြမ်းရမ်းပြောဆိုတယ်။ နောက်ဆုံး အေးဂျင့်ပဲ နိုင်သွားတယ်။ ရှုံးသွားတဲ့ ဗမာလည်း စင်ကာပူ MOM အစိုးရကို တိုင်ဖို့လုပ်တော့၊ ဥပဒေရှေ့နေတွေက ပိုက်ဆံတောင်းပြန်တယ်။ လုပ်မရတော့ မြန်မာပြည်ပြန်ပြီး မြန်မာအလုပ်သမားဝန်ကြီးဌာနကို တိုင်တယ်။ အေးဂျင့် မြန်မာပြည်လိုင်စင်ပြုတ်သွားတယ်။ ပိုက်ဆံပေးပြီး ကုမဏီအသစ်ပြန်ထောင်တယ်။ ဒါမျိုးတွေက ကျိန်စာတွေဖြစ်ပါတယ်။ 



အဆိုးဆုံးကတော့ Chain Business ဆိုတဲ့ ပစ္စည်းဈေးကြီးကြီးနဲ့ Network Marketing လုပ်ငန်းပါ။ ကိုယ့်မိတ်ဆွေအချင်းချင်း ရောင်းတဲ့လုပ်ငန်း .. ငွေကုန်လူပင်ပမ်း၊ ညနက်မိုးချုပ်လုပ်ရပြီး ခေါင်ချုပ်ကပဲ စားသွားတဲ့ MLM Multi-level Marketing လို့လဲခေါ်ပါတယ်။ မြန်မာပြည်မှာလဲ အလွန်ခေတ်စားပါတယ်။ ဒါမျိုးအလုပ်တွေ ရှောင်ကြပါ။ 

စင်ကာပူမှာလဲ အေးဂျင့်လုပ်ချင်ရင်၊ အစိုးရအသိအမှတ်ပြုသင်တန်းတွေ တက်ရောက်၊ အောင်မြင်ရပါတယ်။ အများအားဖြင့်တော့ သင်တန်းကြေး ဒေါ်လာ၂၀၀၀လောက်၊ ၃လလောက် အချိန်ပိုင်း (ဒါမှမဟုတ်) ၂ပတ် အချိန်ပြည့် သင်တန်းတက်လိုက်ရင်၊ အေးဂျင့်လုပ်ခွင့်လိုင်စင်၊ အေးဂျင့် ကုမဏီဖွင့်ခွင့်လိုင်စင် ကျပါတယ်။ အလုပ်သမားဝန်ကြီးဌာနကလည်း ပိုက်ဆံပေးပြီး၊ သတ်မှတ်ချက်နဲ့ကိုက်ညီရင်… ကုမ္ပဏီကို တစ်ယောက်လာစစ်ပြီး၊ လိုင်စင်ချပေးလိုက်တာပါပဲ။ HDB အိမ်ခန်းတံခါးပြင်ခွင့် လိုင်စင်ကျဖို့တောင် နည်းဥပဒေတွေ ရေးထားတာအများကြီးပါ။



တကယ်တော့ ပါမစ်၊လိုင်စင်ဆိုတာ စင်ကာပူမှာ ဘာမှမခဲယဉ်းပါဘူး။ လုပ်ဖူးတဲ့ အေးဂျင့်လူတစ်ယောက်ကို အပ်လိုက်ရင် သူ့ဖာသာပြီးသွားတာပါ။ နိုင်ငံခြားသားက စင်ကာပူမှာ ကုမ္ပဏီထောင်ဖို့ ဝန်ဆောင်ခ ဒေါ်လာ ၃၀၀၀ လောက်တောင်းပါတယ်။ ကိုယ့်ဖာသာလုပ်ရင် ဒေါ်လာ၃၀၀ ပဲကုန်မှာပါ။ စင်ကာပူလိုင်စင်/ပါမစ်တွေက စည်မျဥ်းတွေများပေမဲ့၊ ဘောင်ဝင်အောင်လုပ်ဖို့လွယ်ပါတယ်။



 မြန်မာပြည်က လိုင်စင်/ပါမစ်တွေ အကြောင်းရေးရင် အလွန်ခက်ခဲ၊ နက်နဲလှတဲ့ ပညာရပ်ဖြစ်လို့ နိုင်ငံခြားကုမ္ပဏီတွေကတော့ အေးဂျင့်ဆီပဲ ပစ်အပ်လိုက်ပါတယ်။ မလွယ်တဲ့ မြန်မာပြည်ပါ။ စင်ကာပူကတော့ လွယ်ပါတယ်။



မြန်မာတွေ ဆင်းရဲ၊မွဲတေ၊ ကျိန်ခြင်း အမင်္ဂလာက လွတ်ဖို့ဆိုတာ အစိုးရကောင်းမှဖြစ်သလို၊ တစ်ဦးချင်းလည်း ကောင်းမွန်တဲ့ စိတ်ထား Good Attitude ရှိဖို့လိုပါတယ်။

အိမ်ဖော်အေးဂျင့်စီ (စင်ကာပူ)



အထူးသဖြင့် လက်ရှိ စင်ကာပူမှာ သုံးသောင်းကျော် ရှိနေတဲ့ မြန်မာအိမ်ဖေါ်အမျိုးသမီးများအတွက် မြန်မာသံရုံးက ဌာနတစ်ခုဖွဲ့ပြီး အကျိုးဆောင်မှာ ဖြစ်မှာပါ။ အိမ်ဖေါ်တစ်ယောက် မြန်မာပြည် ဒေါ်လာ၃၀၀ ပြန်ပို့တယ်ဆိုရင် တစ်နှစ် ဒေါ်လာ၃၆၀၀၊ အိမ်ဖေါ်၃သောင်းက မြန်မာပြည်ပြန်ပို့ငွေက ဒေါ်လာသန်း ၁၀၀ကျော်ပါတယ်။ နိုင်ငံ ဝင်ငွေ တစ်နှစ် ဒေါ်လာ သန်း၁၀၀ကျော် ရှာဖွေပေးနေတဲ့ အမျိုးသမီးလေးများရဲ့ လုပ်စာကို ဦးနှောက်ဖေါက်စားနေသူများ ရပ်တန့်ဖို့ကတော့ ၊ စိတ်သဘောထားကောင်းသူများ အေးဂျင့်အလုပ်ကို ဝင်လုပ်ဖို့ဖြစ်ပါတယ်။ အိမ်ဖော်များရဲ့ အနွံ့အတာတော့ ခံရမှာပါ။ စေတနာဝန်ထမ်းအလုပ်လို့ ပြောနိုင်ပါတယ်။



၂လစာလောက်ပဲ အခမဲ့လုပ်ပေးတဲ့ အေးဂျင့်မျိုး၊ သင်တန်းမျိုး လုပ်ပေးဖို့ နိုင်ငံတော်အစိုးရက မလုပ်နိုင်ပေမဲ့၊ မြန်မာလူမျိုးအချင်းချင်း လုပ်ပေးဖို့ ကောင်းပါတယ်။ မြန်မာက မြန်မာကို ကူညီမှ မြန်မာလူမျိုးများ နိုင်ငံတကာမှာ တင့်တယ်မှာဖြစ်ပါတယ်။ နိုင်ငံခြားသား အေးဂျင့်တွေကတော့ မြန်မာအိမ်ဖေါ်များဆီက ၆လ၊ ၈လ တောင်းနေဦးမျာဖြစ်ပါတယ်။ မြန်မာအေးဂျင့်များတကလည်း စင်ကာပူအေးဂျင့်ပေးတဲ့ ၃လစာ အေးဂျင့်ဖီး ငွေကြေးကို ယူနေမှာပဲဖြစ်ပါတယ်။ နောက်ဆုံး ကလေးမလေးရဲ့ လုပ်အားခကို မြန်မာ၊ စင်ကာပူအေးဂျင့်များက နှိုက်စားနေတာ၊ ကျနော်စိတ်ကုန်ပါတယ်။



တချို့အေးဂျင့်တွေက ပြောပါတယ်။ မြန်မာမ မလွယ်ဘူး။ အိမ်ဖေါ်က အိမ်ဖေါ်လိုမနေဘူး။ သူက ပညာတတ်တယ်၊ ဘွဲ့ရတယ်။ တရုပ်စကားတတ်တယ်နဲ့ အိမ်ရှင်က၊ အိမ်ဖော်အလုပ်လုပ်ဖို့ခေါ်တာ၊ ခိုင်းတာလုပ်ရမှာပေါ့.. ၊ တချို့ မြန်မာမ တွေက အင်္ဂလိပ်စကားလဲ နားမလည်၊ အိမ်ရှင်ကပဲ ဗမာစကားသင်ပြီး ခိုင်းတော့ အဆင်ပြေလာပါတယ်။ ကိုယ့်ဖက် မြန်မာမ တွေကလည်း အားနည်းပါတယ်။ ဖိလစ်ပိုင်လို အဆင့်မျိုးတော့ မရနိုင်သေးပါဘူး။



ဒါကြောင့် မြန်မာလူမျိုးထဲကပဲ အိမ်ဖေါ်များ ကို ဖိလစ်ပိုင်င်္အမျိုးသမီးများလို့ ၊ အေးဂျင့်ခမပေးရပဲ စင်ကာပူကို အလုပ်လာလုပ်နိုင်အောင် ကူညီပေးမဲ့ မြန်မာလူမျိုးများကို စောင့်မျှော်နေပါတယ်။ 



ဝတ်မှုန် (စင်ကာပူ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းဆောင်းပါး, ရေခြားမြေခြား မြန်မာများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်