အေးငြိမ်း – ၃၅ သိန်းနဲ့ စာရိတ္တ

October 20, 2014

– ၃၅ သိန်းနဲ့ စာရိတ္တ

(သူ့ဖေ့စ်ဘွတ်) အောက်တိုဘာ ၂၀၊ ၂၀၁၄

မနေ့ညက ဆွေမျိုးတစ်သိုက်ကို Orchard လိုက်ပို့။ ဓာတ်ပုံလေးဘာလေးရိုက်ပေါ့။ အဲဒီမှာ ပါလာတဲ့ အစ်မကြီးတစ်ယောက်က ဓာတ်ပုံရိုက်ဖို့ လက်မှာဆွဲထားတဲ့အိတ်ကြီး အောက်ခဏချထားလိုက်တယ်။ သုံးလေးပုံလောက် ပဲပေးလိုက်ပြီး ရီကြမောကြနဲ့ ပြန်ထွက်လာကြတယ်။ အိတ်ကြီးယူဘို့ သတိမရဘူး။

နောက် Ion Orchard ထဲ window shopping လုပ်ကြ။ သူက နာမည်ခပ်ဆန်းဆန်း အိတ်ဆိုင်တစ်ဆိုင်ရွတ်ပြလို့ directory ထဲ လိုက်ရှာတော့ Ion ထဲမှာ မတွေ့ဘူး။ ဖုံးထဲမှာ ဆိုင်နာမည်ရိုက်ထည့်ရှာလိုက်တော့ တော်တော်လေး ဝေးသေးတာနဲ့ မသွားတော့ဘူး။ ဒါနဲ့ အိမ်ပြန်လက်ဆောင် ပေါချောင်ကောင်းတွေ ၀ယ်ရအောင် Bugis ကို လာကြ။ ဘူတာထဲက ထွက်လိုက်တော့မှ အလိုလေး၊ ငါ့အိတ်အနီကြီး မေ့ကျန်ခဲ့ပြီ။ ခုနက ဓာတ်ပုံရိုက်တဲ့နေရာမှာ ကျန်ခဲ့တာ. . . လို့ အလန့်တကြားဆိုတော့ ကျွန်ုပ်လည်း မျက်လုံးပြူး၊ မျက်ဆန်ပြူး။ အိတ်ထဲဘာတွေပါသွားသေးလဲ ဆိုတော့ သူလည်း သေသေချာချာမမှတ်မိ။ ပတ်စ်ပို့တွေ ဘာတွေ ပါသွားသလား ဆိုတော့ ပတ်စ်ပို့တော့မပါ၊ သူကိုင်ထားတဲ့ အိတ်ထဲမှာ တဲ့။

အဲဒီတော့မှ မပူပါနဲ့ဗျာ။ စင်ကာပူမှာက လမ်းမှာတွေ့တဲ့အိတ်တွေကို ယူလေ့မရှိပါဘူး။ တာရားရစ်စ် (လျှာလိပ်လိုက်တာ) တွေ ချထားခဲ့တာ ဖြစ်မှာစိုးလို့ ရဲတိုင်ကြတာ များပါတယ်။ တကယ်လို့ တစ်ယောက်ယောက်က ရဲမခေါ်သေးဘူးဆိုရင်တော့ အဲဒီနေရာမှာပဲ ရှိဘို့ များပါတယ်၊ လာ ဆိုပြီး နောက်ကြောင်း ခပ်သုတ်သုတ်ပြန်။

Wheel Lock ထဲက ထွက်လိုက်တော့ အိတ်အနီလေး တိုင်မှာချိတ်လျက်သား ရှိနေတာကို လှမ်းတွေ့လိုက်လို့ ဟိုမှာ ဟိုမှာ လို့ အော်လိုက်တာနဲ့ တောင်တော်မူ (ဟုတ်ပေါင်) တူတော်မောင်က အတင်းပြေးသွားဆွဲ။ (ဖြည်းဖြည်းလုပ်ပါကွာ၊ ဒီအနားရောက်မှတော့ ဘယ်သူမှ မလုတော့ပါဘူး။)

အဲဒီတော့မှ ဟိုအစ်မကြီးလည်း ဟင်းကနဲ သက်မကြီးချ။ ဟင်း၊ တော်ပါသေးရဲ့၊ မြန်မာပြည်မှာဆို ရတော့မှာ မဟုတ်ဘူး လို့ ပြောရင်း အိတ်ကိုဖွင့်ကြည့်။ အိတ်ထဲမှာ ပိုက်ဆံအိတ်တစ်အိတ်။ ပိုက်ဆံအိတ်ထဲမှာ မြန်မာငွေတချို့နဲ့ ဖုံးကဒ် (စင်းကဒ်) တစ်ကဒ်။

“အောင်မယ်လေးလေး။ ဒီစင်းကဒ်က ခုခေတ် စင်းကဒ်မဟုတ်ဘူး။ ဟိုးတုံးက ဖုံးတစ်လုံး ၃၅ သိန်းခေတ်တုံးက ၀ယ်ထားတဲ့ စင်းကဒ်ကလေး။ တော်ပါသေးရဲ့။”

သူပြောတာနားထောင်ပြီး ကျွန်တော့်မှာ တွေးစရာတွေ အများကြီးရလာပါတယ်။

ပထမ – ဟင်း၊ တော်ပါသေးရဲ့၊ မြန်မာပြည်မှာဆို ရတော့မှာ မဟုတ်ဘူး – ဆိုတာရယ်။

နောက်ပြီး – ဒီစင်းကဒ်က ခုခေတ်စင်းကဒ်မဟုတ်ဘူး။ ဟိုးတုံးက ဖုံးတစ်လုံး ၃၅ သိန်းခေတ်တုံးက ၀ယ်ထားတဲ့ စင်းကဒ်ကလေး – ဆိုတာ။

ဒီလိုဗျ။ သူတို့မလာခင်ကတည်းက ကျွန်တော်က ဆက်သွယ်ရလွယ်အောင် ဟန်းဆက်ယူလာခဲ့၊ ဒီမှာ ဖုံးကဒ်ဝယ်ထည့်လို့ ရတယ်လို့ မှာလိုက်တာ။ ဒီကဖုံးကဒ် လဲထည့်တော့ ဟိုကပါလာတဲ့ စင်းကဒ်ကို ပိုက်ဆံအိတ်ထဲ ထည့်ထားတာပေါ့။

စင်းကဒ်တစ်ခုကို ၃၅ သိန်း ပေးဝယ်ရတယ်ဆိုတာသာ တခြားနိုင်ငံကလူတွေကြားရင် မင်းတို့ရူးနေသလား လို့ အပြောခံရပါလိမ့်မယ်။ ဟုတ်ပါတယ်။ တကယ့်ကို ရူးတာပါ။ ရူးတာက ကျွန်တော်တို့ မဟုတ်ပါ။ ၃၅ သိန်းဖြစ်အောင် လုပ်ထားတဲ့သူတွေ ရူးတာပဲဖြစ်ပါတယ်။ ဘာရူးတာလဲဆို ငွေရူး၊ ဂုဏ်ရူး၊ အာဏာရူး ရူးနေတာပါ။ အရင်တုံးက ၃၅ သိန်း လောက် ပေးဝယ်ရတဲ့ စင်းကဒ်တွေကို ၁၅၀၀ နဲ့ရောင်းမယ်ဆိုတော့ ဇဝေဇ၀ါ၊ ဟုတ်ကော ဟုတ်ပါ့မလားတောင် ဖြစ်ကုန် တယ်။ ကျွန်တော်တို့ အကြာကြီး၊ ရာစုနှစ်တစ်ဝက်ကျော် အရူးလုပ်ခံခဲ့ကြရတယ်။

နောက်တစ်ခု –

မြန်မာပြည်မှာဆို ရတော့မှာမဟုတ်ဘူး လို့ သူကပြောလိုက်တော့ ကျွန်တော့်စိတ်ထဲ အတော်မအီမသာ ဖြစ်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ တစ်မျိုးသားလုံးရဲ့ အကျင့်စာရိတ္တနဲ့ တိုက်ရိုက်ပတ်သက်နေလို့ ပါဘဲ။

ကျွန်တော်တို့ဆီမှာ ပိုက်ဆံအိတ်တွေ့လို့ ပြန်ပေးတဲ့သူဆိုရင် တခမ်းတနား ဂုဏ်ပြုကြရတယ်။ စေတနာထား စာသင်ပေးတဲ့ ဆရာကို ကြီးကြီးကျယ်ကျယ် အမွှမ်းတင် ဂုဏ်ပြုနေကြရတယ်။

အဲဒါကိုကြည့်ကတည်းက ခေတ်ကြီး ကပြောင်းပြိ၊ ကပြောင်းပြန်ဖြစ်နေမှန်း သိသာပါတယ်။ အဲသလိုရိုးသားတဲ့သူတွေ အင်မတန်ရှားနေပြီဆိုတာကို အဲဒီအဖြစ်အပျက်တွေက သက်သေပြနေပါတယ်။ တကယ်ဆို ပိုက်ဆံအိတ် ကောက်ရလို့ ပြန်ပေးတာ၊ ဆရာက စေတနာနဲ့ စာသင်ပေးတာတို့ဟာ လုပ်ရိုးလုပ်စဉ် ဖြစ်ရိုးဖြစ်စဉ် ဖြစ်နေရမှာ မဟုတ်ပါလား။ (အကယ်၍ သည်လောကကြီးဟာ ဖြူစင်သန့်ရှင်းနေတဲ့ လောကကြီးဆိုရင်)

ကျွန်တော်တို့ခေတ်တုံးကတောင် အခုလောက်ဆိုးအုံးမယ် မထင်ပါဘူး။ ကျွန်တော်ဆယ်တန်းရောက်တဲ့ထိ ကျူရှင်ဆိုတာ လေသံတောင် မကြားဖူးသေးပါဘူး။ ကျောင်းစာနဲ့ပတ်သက်လို့ အပြင်စာဆိုလို့ ၅ တန်းမီးနင်း၊ ၈ တန်းမီးနင်း ဆိုပြီး အင်္ဂလိပ်စာလုံးတွေကို အသံထွက်ရော အဓိပ္ပာယ်ပါ ဖော်ပြထားတဲ့စာအုပ်တွေ၊ ဆရာဦးအောင်သိန်းဟန်တို့ ထုတ်တဲ့ အထူးထုတ် ဆိုတာလောက်ပဲ ရှိပါသေးတယ်။

ဟိုတလောက ဟိုဆရာကိုကျောင်းသားတွေဖက်ပြီး ငိုကြလို့ ဘာဆရာဆုဆိုလဲ ပေးတာကြားရတော့ ကျွန်တော့်မှာ ငါးသလောက်ပြုံးတောင် ပြုံးမိပါရဲ့။ ပြုံးတာက အဲသည့်ဆရာကို မဲ့ချင်လို့မဟုတ်ပါ။ ခေတ်ကြီးကို စိတ်ကုန်လို့ ပြုံးမိခြင်း ဖြစ်ပါတယ်။

ကျွန်တော် ငါးတန်းကျောင်းသားဘ၀က သိပံ္ပလားမသိ၊ သင်တဲ့ ဆရာမဒေါ်မေကြည်ဆိုတာ ရှိတယ်။ ကွင်းကောက် တွဲဘက် အလယ်တန်းကျောင်းမှာ။ ၆ တန်းကျတော့ ဆရာမ ကျောင်းပြောင်းရတယ်။ ကျွန်တော်တို့ ကျောင်းသားဘ၀က ဆရာဆရာမ တွေက ကျောင်းသူကျောင်းသားတွေကို သူတို့ သားသမီးတွေလို ချစ်တာကလား။ ကျောင်းသူကျောင်းသားတွေကလည်း သူတို့ဆရာဆရာမတွေကို အရမ်းချစ်ကြတာပေါ့ ခင်ဗျာ။ ဆရာဦးပြုံးချိုတို့၊ ဦးထွန်းရွှေတို့ဆိုတာ အင်မတန်ချစ်ဘို့ကောင်းတဲ့ ဆရာကြီးတွေ။ သူတို့မှ တကယ့် နာသုံးနာနဲ့ ဆရာအစစ်။

ဆရာမကျောင်းပြောင်းရတော့မယ်ဆိုတော့ အတန်းထဲမှာ ငိုပွဲကြီး ကျင်းပကြသပေါ့။ ဆရာမကလည်းငို၊ ကျောင်းသူ ကျောင်းသားတွေကလည်း ငို။ ငိုလိုက်၊ နှပ်ညှစ်လိုက်နဲ့ ခုခေတ်လိုသာ ဖွဘုတ်ပေါ်တက်ဖွလိုက်လို့ကတော့ ကျွန်တော်တို့ဆရာမ ဒုဝန်ကြီးတောင် တက်ဖြစ်လောက်တယ်။

ကျုပ်တို့ တောမယ် ဘယ့်နှာလုပ် တံခါးတွေ ဘာတွေရမတုံးဗျာ။ ဒီအတိုင်း ခါးပန်းခေါင်းအုံးအိပ်ကြတာပေါ့။ (ဟဲ့ကောင်လေးတွေ၊ ခါးပန်းဆိုတာနားမလည်ရင် နင့်ကြီးတော်သွားမေးချည်) တောထဲတောင်ထဲသွားသွား၊ လယ်ထဲကိုင်းထဲသွားသွား အိမ်ကို ဒီအတိုင်း ဟောင်းလောင်း ပစ်ထားခဲ့ကြတာဘဲ။ ဘယ့်နှယ် အိမ်စောင့်တွေ ဘာတွေ ရှိမလဲ။ ဒါပေမဲ့ဗျာ။ သူခိုးသူဝှက်ဆိုတာ အင်မတန်ရှားပါတယ်။ (ရှားဆို ခိုးစရာမှမရှိဘဲကိုး၊ အဟိ)။ အဲလေ တကယ်ပါ။ ကျွဲတွေ၊ နွားတွေလည်း တောထဲ ဒီအတိုင်းလွှတ်ထားကြတာပါဘဲ။ ပျောက်တယ်ဆိုတာ ခပ်ရှားရှားပါ။

ကျွန်တော်တို့ ငယ်ငယ်တုံးက ပစ္စည်းတွေဘာတွေ ကောက်ရရင် အတန်းပိုင်ဆရာ၊ ဆရာမပြန်အပ်လိုက်တာပါဘဲ။ တစ်ခါမှ ဘယ်သူမှ အလစ်သုတ်ထားတာ မရှိပါဘူး။ အဲဒါဟာ အဆန်းလားဗျာ။ အခု ပစ္စည်းကောက်ရလို့ ပြန်ပေးတာကို ရိုးသားဆု ပေးတာကမှ ဆန်းတာခင်ဗျ။

အဲဒါဟာ လူတစ်ယောက်ထဲနဲ့တင် ဆိုင်တာမဟုတ်ပါဘူး။ တစ်မျိုးသားလုံး၊ တစ်မျိုးသားလုံးနဲ့ ပြောပြောနေရတာ အူယားလိုက်တာဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ဟိုလူကြီးတွေရဲ့ “တစ်မျိုးသားလုံး အကျင့်စာရိတ္တမြင့်မားရေး” – ဆိုတဲ့ ဆိုင်းဘုတ်ကြီး မြင်ယောင်လာလို့ပဲ။ အကျင့်မကောင်းတဲ့သူတွေက အကျင့်စာရိတ္တမြင့်မားရေး ဆိုတဲ့ ဆိုင်းဘုတ်ကြီး ထောင်ထားတာ မြင်ရတော့ ကျုပ်ဖြင့် လက်ကို ယားနေတာပဲ။

တစ်ချိန်ချိန်မှာ ကျုပ်တို့တိုင်းပြည်ကြီးလည်း ရိုးသားတာကို အထူးအဆန်းလုပ်နေရတဲ့ဘ၀ကနေ ကင်းလွတ်ပါစေလို့ ဆုတောင်းပေးလိုက်ပါရဲ့

၃၅ သိန်း နဲ့ စာရိတ္တ . . . . နောက်ဆက်တွဲ

အပြောမတတ်တော့ ဆဲသလို ဆိုသကိုး။

ကျွန်တော်တို့နေတာ မြောက်ကျွန်းမှ မဟုတ်ဘဲ။ (လာပြန်ပြီ မြောက်ကျွန်း။ ဟကောင်၊ မြောက်ကျွန်းဆိုတာ မျောက်တွေနေတဲ့ကျွန်း ပြောတာမဟုတ်ဘူးဟ။ သိချင် ဘုရားသုံးဆူ ဘုန်းကြီးကျောင်းက ဆရာတော်ကြီးကို မေးလျှောက် ပေတော့။) လူတွေပေကပဲ။ ဘယ့်နှာလုပ် ရာနှုန်းပြည့် ကောင်းနေပါမတုံး။ စင်ကာပူဆိုတာ အစစအရာရာကောင်းမွန်နေတဲ့ စံပြတိုင်းပြည်လို့ ကျွန်ုပ်တော့ မထင်ပေါင်ဗျာ။ (ခရစ္စတိုဖာ ပေါက်ကျိုင်းထဲမှာ အသေးစိတ် အကုန် ဖွင့်ချထားပါတယ်။) ဒါပေသိ အတိုင်းအတာတစ်ခုထိ ကောင်းပါတယ်။

ကျွန်တော် စင်ကာပူမှာနေတဲ့အတွက် ဒီကလူတွေအကြောင်း၊ ဒီနိုင်ငံအကြောင်း အတော်လေး တီးမိခေါက်မိရှိပါတယ်။ အဲဒါကြောင့် ရန်ကုန်က အဆွေအမျိုးတွေလာတော့ ထမင်းစားရင် စားပွဲပေါ် ပိုက်ဆံအိတ်တို့၊ ဖုံးတို့ အမှတ်တမဲ့တင်မထားနဲ့။ အလစ်သုတ်တတ်တယ်လို့ ရောက်စကတည်းက သတိပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်နှစ်ပတ်ကတောင် ဘယ်ကမန်နေဂျာ ဆိုပါလိမ့် ကုမ္ပဏီက ပိုက်ဆံ စင်းဒေါ်လာ ၅ သောင်း ဘတ်သွားတဲ့သတင်း ကြားလိုက်ပါသေး။

ကျွန်တော်တို့မြန်မာပြည်ဟာ ‘ဗုဒ္ဓဘာသာကိုအခြေခံတဲ့ယဉ်ကျေးမှု’ ထွန်းကားတဲ့တိုင်းပြည် ဖြစ်နေတာရယ်။ နောက်ပြီး အင်မတန် ချစ်စရာကောင်းတဲ့ ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနား စတဲ့ ဓလေ့ထုံးစံ၊ ကျင့်ဝတ်တွေ ရှိတာရယ်ကို ကျွန်တော်အလွန်နှစ်သက်ပါတယ်။

ဒါပေမဲ့ အခု နေ့တိုင်းတရားပွဲတွေကျင်းပနေပြီး လူတွေ ကိုယ်ကျင့်စာရိတ္တ ချို့ယွင်းလာတာကိုတော့ဖြင့် ကျွန်တော် ၀မ်းနည်းလို့ မဆုံးပါဘူး။ ကိုယ့်အထက်လူကြီးကို (အသက်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ) ရိုသေလေးစားတာ၊ ဆက်ဆံတဲ့အခါမှာ လေးလေးစားစား ဆက်ဆံတာ၊ ကိုယ့်ဆရာဆရာမတွေ (စာသင်ပေးတဲ့ ဆရာဆရာမတွေတင်မကဘဲ မြင်ဆရာတွေ ဖြစ်တဲ့ စာရေးဆရာတွေ အပါအ၀င်) ကို ရိုရိုသေသေ လေးလေးစားစား ဆက်ဆံတာ၊ ကိုယ့်ထက်အသက်ကြီးတဲ့သူတွေကို ရိုသေလေးစားတာ၊ ကိုယ့်မိဘတွေကို ရိုရိုသေသေ လုပ်ကျွေးသမှု ပြုတာတွေဟာ ကျွန်တော်တို့ မြန်မာလူမျိုးတွေမှာပဲ ရှိမယ်ထင်ပါတယ်။ တခြား ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ သီရိလင်္ကာ နဲ့ ဂျပန် စတဲ့နိုင်ငံတွေမှာလည်း ရှိနိုင်ပါတယ်။ ကျွန်တော်သေသေချာချာ မသိပါ။

ဒါပေမဲ့ လူကြီးသူမတွေရှေ့၊ ဆရာဆရာမတွေရှေ့မှာ ခေါင်းငုံ့သွားတာ၊ လူကြီးသူမပြောစကား နားထောင်တာကို လူလူချင်း နှိမ်တာ၊ လူညွန့်ချိုးတာ၊ လူ့အခွင့်အရေးချိုးဖောက်တာလို့ ဟောဒီနိုင်ငံမှာ ထင်ကြပါတယ်။ ကလေးတွေကို ကိုယ့်ခြေထောက် ပေါ် ကိုယ်ရပ်နိုင်အောင် ငယ်စဉ်ကတည်းက လေ့ကျင့်ပေးလိုက်တော့ ငါလုပ်မှရမယ်။ ငါ့ဟာငါပဲ ဆုံးဖြတ်မယ်။ ဘယ်သူ ပြောတာမှ နားထောင်စရာမလိုဘူး။ ဘယ်သူ့မှ ဦးညွတ်စရာမလိုဘူး ဆိုတဲ့အစွဲတွေ ဟောဒီက ကလေးတွေမှာ ရှိနေပါတယ်။ မယုံရင် စင်ကာပူက မြန်မာမိဘတွေကို မေးကြည့်ကြပါခင်ဗျား။ (အဲလေ မိဘတွေက အတင်းကွပ်ညှပ်ပြီး နေ့တိုင်း သွန်သင်ပေးနေရင်တော့လည်း တစ်မျိုးပေါ့။)

ပထမပို့စ်မှာ ရေးလိုက်တာက အားလုံးကို ခြုံပြီးရေးလိုက်တာပါ။ အားလုံးဆိုးနေတယ်၊ အားလုံးကောင်းနေတယ်ဆိုတာ ဘယ်မှာမှ မရှိနိုင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ လူတွေဖြစ်နေလို့ပါဘဲ။ မြန်မာပြည်မှာလဲ အလစ်သုတ်တဲ့သူရှိသလို ကောက်ရတဲ့ပစ္စည်းကို ရိုးရိုးသားသား ပြန်ပေးတဲ့သူတွေ အများကြီးရှိပါ့။ စင်ကာပူမှာလဲ ဒီအတိုင်းပါဘဲ။

ကျောင်းကိုအဖြစ်ပဲလာ၊ ကိုယ့်ကျူရှင်မတက်တဲ့ကလေးကို မျက်နှာသာမပေး၊ စာကိုသေသေချာချာမသင်တဲ့ ဆရာဆရာမတွေ ရှိသလို –

လေးမျက်နှာအထက်တန်းကျောင်းက ကျွန်တော့်မိတ်ဆွေများဖြစ်တဲ့ ဆရာဦးမြင့်သိန်းတို့၊ ဦးဝင်းကြိုင်တို့၊ ဦးဟန်မြင့်တို့၊  ဆရာမဒေါ်မြကြည်တို့ ဆိုတာ ကျူရှင်လခ တစ်ပြားတစ်ချပ်မှမရဘဲ ညဘက် အချိန်ပိုတွေ သင်ပေးနေတာ ကျွန်တော် အသိပါဗျ။ သူတို့ကို ဘယ်သူကမှ ဖိအားပေးလို့မဟုတ်ပါဘူး။ သူတို့တပည့်တွေကို ဂုဏ်ထူးတွေ တသီကြီးနဲ့အောင်စေချင်တဲ့ စေတနာနဲ့ပါ။ ကွင်းကောက်က ဆရာဆရာမတွေလည်း အတူတူပါဘဲ။ ပီတိစားနေရတဲ့သူတွေပါ။ သူတို့လို ဆရာဆရာမတွေ မြန်မာပြည်တနံတလျား အများကြီးရှိပါတယ်။ အထူးသဖြင့် တောကျေးလက်တွေမှာပါ။

ကျွန်တော်တို့ရွာ (ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ၀ါေးတာကွင်းကျေးရွာ) ဘက်တွေမှာ ခိုးတာဝှက်တာ အင်မတန်မှ ရှားပါတယ်။ တလင်းထဲ ဒီအတိုင်း စပါးတွေ ပုံထားတာပဲ။ လူလစ်တိုင်း ခိုးကြစတမ်းဆို အဲဒီစပါးတွေ တစ်စေ့မှတောင် အိမ်ပြန်ရောက်စရာ မရှိပါဘူး။

ဒါပေမဲ့ ယာခင်းထဲ အုပ်လိုက်လာပြီး ခပ်တည်တည် မြေပဲတွေနှုတ်သွားတာတွေလည်း ရှိတာဘဲ။ ပိုင်ရှင်က တွေ့တာတောင် သူတို့ကအုပ်ကောင်းတော့ ကိုယ့်သတ်သွားမှာစိုးလို့ ဒီအတိုင်းကြည့်နေရတယ်။ လေးမျက်နှာနားက နင်းကြမ်းတို့ ဒေါင့်ကွေးတို့ရွာတွေက ကိုင်းသမားတွေ မေးကြည့်ပါ။

သောက်ရေအိုးစင်တွေက ဘာမှတန်ကြေးမရှိတဲ့ရေခွက်ကို သံကြိုးနဲ့ချည်ထားရတာ ဘာကြောင့်ပါလဲ။

ကျွန်တော်တို့နေတဲ့တိုက်မှာ အတက်အဆင်းလှေခါးကို ၆ထပ်ကနေ မြေညီထပ်ထိ ကျွန်တော်မီးလုံးတွေ လိုက်ထွန်းပါတယ်။ ဒီနေ့ထွန်းရင် နက်ဖြန်မရှိတော့ပါဘူး။ ဘာမှတန်ကြေးမရှိတဲ့ မီးသီးကို ဖြုတ်သွားတာ ဘယ်သူတွေပါလဲ။ ယုတ်စွအဆုံး အပြင်မှာအမှိုက်ပုံးထားရင်တောင် ခိုးသွားလို့ အမှိုက်ပုံးကို အထဲသွင်းထားရတယ်။ ကဲ။

သူတစ်ပါးပစ္စည်းဆိုရင် အဆိပ်ကဲ့သို့၊ မစင်ဘင်ပုပ်ကဲ့သို့ သဘောထားရမယ်ဆိုတာ ကျွန်တော်တို့ လူ့အသိုင်းအ၀ိုင်းမှာ ထွန်းကားလာအောင် လုပ်ပေးဘို့ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ ကျွန်တော်ကတော့ ကျွန်တော်တို့မြန်မာလူမျိုး (မြန်မာလူမျိုးဆိုတာ ၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ၊ ၊ ရှမ်း အားလုံး) တွေကို ကိုယ်ကျင့်တရားအရာမှာ တခြားနိုင်ငံတွေက တကူးတကလာပြီး လေ့လာယူရတဲ့သူတွေအထိ ဖြစ်လာစေချင်ပါတယ်။ လူ့ဘ၀ရဲ့အနှစ်သာရဟာ ကိုယ်ကျင့်တရား မဟုတ်ပါလား။

ရှေးမြန်မာကြီးတွေရဲ့ ကောင်းတဲ့အစဉ်အလာတွေကို ဖျက်ဆီးပစ်လိုက်တာ ငရဲသားတစ်သိုက်ပါ။

အဲဒါကို ကျွန်တော်တို့ ပြန်ပြီး အဖတ်ဆယ်ယူရပါမယ်။

ဟိုအစ်မကြီးလို “ဟင်း၊ တော်ပါသေးရဲ့၊ မြန်မာပြည်မှာဆို ရတော့မှာ မဟုတ်ဘူး” – ဆိုတာမျိုး နောက်ထပ်မကြားလိုပါ ခင်ဗျား။

(ကျွန်တော်မြန်မာတွေကို အထင်မသေးတတ်ပါဘူးဗျာ။ ကိုယ့်လူမျိုးကို အထင်သေးခံရမှာသာ ကြောက်တာပါ။ မြန်မာတွေကို အထင်သေးစကားပြောလာတဲ့သူတွေ့တိုင်း ကိုင်း၊ ကိုယ့်လူ မင်းနဲ့ငါနဲ့ပြိုင်ရအောင် လို့ ချဲလင်းလုပ်ခဲ့ပေါင်းလည်း မနည်းတော့ပါဘူး။)

ပျောက်ကွယ်နေတဲ့ ၃၈ ဖြာမင်္ဂလာကို ပြန်လည်တူးဖော်ဘို့ တူမတွေကို တနင်္ဂနွေနေ့ ညတိုင်း ဆယ်စောင်တွဲ သင်ပေးပါမယ်။ မနက်ဖြန် စမယ်။

ဖတ်ရှုသူ၊ မှတ်ချက်ပေးသူ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျား။

အေးငြိမ်း

 

၁၈ အောက်တိုဘာ၊ ၂၀၁၄။ ညနေ ၆း၃၀ နာရီ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်