ဖိုးထက် – အိပ်မက်ထဲမှာပဲ မြန်မာပြည်မှာ ကားတိုက်ခံချင်

October 21, 2014

ဖိုးထက် – အိပ်မက်ထဲမှာပဲ မြန်မာပြည်မှာ ကားတိုက်ခံချင်

(မိုးမခ) အောက်တိုဘာ ၂၁၊ ၂၀၁၄

ညသန်းခေါင် ကျော်ခန့်မှာ ကျွန်တော် စာဖတ်လို့ အရှိန်ရနေဆဲ။ အိမ်ရှေ့လမ်းပေါ်မှ “၀ုန်း..ဂျိန်း..” ဆိုသော အသံကြီးကို ကြားလိုက်ရသည်။ ပုံမှန်အားဖြင့် ဒီလို အချိန်ဆိုလျှင် ပါတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်နေတတ်သည်။ လမ်းပေါ်မှ ကြိုကြား ကြိုကြား ဖြတ်သန်းသွားသည့် ကား တစ်စီးတစ်လေ၏ အသံနှင့် အရက်မူးသမားတို့၏ ရယ်သံများ၊ သီချင်း အော်ဆိုသံများသာ ကြားရတတ်သည်။ စာဖတ်လို့ အလွန်ကောင်းသည့် အချိန်လို့ ကျွန်တော် သတ်မှတ်ထားသည်။ အာရုံစူးစိုက်လို့ သိပ်ကောင်းသည်။ အခုတော့ ဘာများ ဖြစ်ပါလိမ့်ဆိုသည့် အတွေးဖြင့် အိမ်ရှေ့ ပြတင်းပေါက်မှ လှမ်းကြည့်လိုက်တော့ လမ်းပေါ်မှာ လူလေးငါး ဆယ်ယောက်ခန့် ၀ိုင်းနေတာ တွေ့ရသည်။ သူတို့ စကားပြောသံတွေကို နားစွန့်လိုက်ပြန်တော့ ကားတိုက်သည့် အကြောင်းအရာကို ပြောနေကြသည်။ စပ်စုစိတ်ဖြင့် လမ်းပေါ်ကို ကျွန်တော်ဆင်းသွားခဲ့သည်။

“ဟာ ဒီလူမူးနေတာဘဲ၊ အရက်စော်ကို နံထောင်းနေတာဘဲ”

“၁၉၉ ခေါ်ရမယ်။ တစ်ယောက်ယောက်ခေါ်ဗျာ။ တိုက်သွားတဲ့ ကားနံပါတ် မှတ်မိလား”

“မှတ်မိလိုက်တယ်။ မောင်းပြေးသွားတယ်ဗျ။”

“ဟေ့လူ ဟေ့လူ မထိနဲ့ မထိနဲ့။ ဒီအတိုင်း ထားလိုက်။ သေနေပြီလား မသိဘူး”

လမ်းမပေါ်မှာ ဆိုင်ကယ်တစ်စီး လဲနေသည်။ ဆိုင်ကယ်စီး အုပ်ထုပ်ဆောင်းထားသည့် လူတစ်ဦး လမ်းပေါ်မှာ မှောက်နေသည်။ သူ့ခေါင်းကလား၊ မျက်နှာကလား မသိဘဲ သွေးပြစ်ပြစ်ကြီးတွေ ထွက်နေတာက မြင်မကောင်း။ အိုင်ထွန်းနေပြီ။ လူက နည်းနည်းမှ မလှုပ်။ ဆိုင်ကယ်စီး အုပ်ထုပ်ကြောင့် ခေါင်းကို ထိခိုက်တယ်လို့ ကျွန်တော် မထင်။ ကျန်သော ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကလဲ မျက်မြင်အားဖြင့် ဘာမှ မထိခိုက်။ မျက်နှာက လမ်းပေါ်ကို မှောက်လျက် ကျနေသောကြောင့် မျက်နှာဘယ်နေရာကို ထိခိုက်မိသွားသလဲဆိုတာလဲ မခန့်မှန်းနိုင်ကြ။ ကျွန်တော် အပါအ၀င် လူဆယ်ယောက်ခန့် ၀ိုင်းနေကြပေမယ့် တစ်ဦးတစ်ယောက်ကမျှ သူ့ကို မထိ။ မိကိုင်။ မတို့။ မထိ။ တစ်ချို့က ဓာတ်ပုံရိုက်နေကြသည်။ တစ်ချို့က မြင်လိုက်ရသော အဖြစ်အပျက်ကို ပြောနေကြသည်။ တစ်ချို့က ရဲခေါ်ပါ၊ လူနာတင်ယာဉ်ခေါ်ပါ၊ ထူပေးပါ စသည်ဖြင့် တစ်ယောက်တစ်ပေါက် တစ်ယောက်တစ်ခွန်း အချိန်ဖြုန်းနေကြသလို ဖြစ်နေသည်။ ကျွန်တော် မနေနိုင်တော့။ လူ့အသက်တစ်ချောင်းထက် ဘယ်ဥပဒေကများ အရေးတကြီး ရှိပါသနည်း။ အသက်ရှူနေသေးပြီး ကိုယ်ခန္ဓာကြီး လှုပ်ရှားစ ပြုနေသည့် လမ်းပေါ်က လူကို ဆွဲထူဖို့ ကျွန်တော် ကြိုးစားသည်။ ကျွန်တော့် လက်မှာ အနာ၊ အပေါက် အပြဲမရှိထား။ ဒီလူ့ သွေးမှာ HIV ရောဂါပိုးရှိရင်လဲ သတိထားကိုင်တွယ်ပါရဲ့နဲ့ သွေးပေသွားလျှင် မကူး မစက်တန်ရာ။

“ဟေ့လူ..မထိနဲ့ဗျ။ ရဲလာမှ ထိ။ ဒီအတိုင်းထားလိုက်။ ရဲကို ဖုန်းခေါ်နေတယ်”

“ခင်ဗျား ရဲစခန်းက ဖုန်းမကိုင်ဘူး။ သေစရာရှိ သေနေပြီ။ လာပါဗျာ အရင် သူ့ကို ဆေးရုံပို့ကြရအောင်။ ဓာတ်ပုံရိုက်ထား။ ကျွန်တော့်တာဝန်ထားပါ။” ဟု လူကြီးလိုလို၊ အဘတစ်ယောက် သားလိုလို ပြန်ပြောလိုက်သည်။

ဖြစ်ချင်ရာ ဖြစ်စေတော့။ အသက်ထက် အရေးကြီးတာ ဘာမှ မရှိ။ မှောက်လျက်လဲနေသော သူ့ကို ဆွဲလှန်လိုက်တော့ အောက်နှုတ်ခမ်းသားတွေ စုတ်ပြတ်နေသည်။ သင်္ဘောသီးကို အသုပ် သုပ်စားဖို့ သင်္ဘောသီးခြစ်ဖြင့် ခြစ်ထားသလို အောက်နှုတ်ခမ်းတစ်ခုလုံး ဖွာလန်ကျဲနေပြီ။ အရက်စော်ကလဲ နံဟောင်နေတာ အရက်နံ့၊ သွေးနံ့ရောပြီး ကျွန်တော်လို ပေစုတ်စုတ် နေ နေကျ အကောင်ပင် အော်ဂလီဆန်ပြီး ပျို့တက် မလာအောင် သတိထားလိုက်ရသည်။

လူတစ်ချို့က ကျွန်တော့်ကို တားမရမယ့် အတူတူ ကူမှလို့ စိတ်ပြောင်းသွားကြသည် ထင်သည်။ ကျွန်တော်နှင့် အတူတူ သူ့ကို တွဲထူကြသည်။ ရေသန့်ဗူး ပြေးဝယ်သူက ၀ယ်ပြီး သူ့နှုတ်ခမ်းကို ရေဖြင့် လောင်းပြီး ဆေးပေးကြသည်။ တစ်စီးတစ်လေ လာနေသည့် ကားတွေကို လမ်းကြောပြောင်း၊ သတိထားမောင်းဖို့ တားပေးသူက တားပေးကြသည်။ သကောင့်သားကတော့ သတိကောင်းစွာ လည်လာဟန်တူသည်။ “အီး…အား…အင်း…ဖုန်း ခေါ်…ဖုန်းခေါ်” ဟု သူ့ဖုန်းကို သူ့ဘေးလွယ်အိတ်ထဲမှာ လိုက်စမ်းနေသည်။ သူ့ဖုန်းထဲက တွေ့ကရာ ဖုန်းနံပါတ်တွေကို ဆက်ခေါ်လိုက်သည်။ ညနက်သန်းခေါင်ကြီး ဘယ်သူမှ ဖုန်းမကိုင်တော့။ ကံအားလျော်စွာ ည ဆယ်နာရီခန့်ကမှ သူခေါ် ထားသည့် home ဆိုတာကို ဆက်မိလျှင် ယောင်္ကျားတစ်ဦး ဖုန်းလာကိုင်သည်။ ဖြစ်ပျက်သမျှကို ခပ်တိုတို ရှင်းပြလိုက်တော့ တစ်ဖက်လူက သူ့အစ်ကို။ ၁၅ မိနစ်အတွင်း ရောက်အောင်လာမယ်။ ဖြစ်တဲ့ နေရာနဲ့ သူ့အိမ်က မဝေးတဲ့။ သူ့ကို ကြည့်တော့ အတော် ထူထူထောင်ထောင်ရှိပြီ။ စွပ်ကြယ်အသစ်တစ်ထည်ဖြင့် သူ့ပါးစပ်ကို လက်ဖြင့် အုပ်ခိုင်းထားသောကြောင့် သွေးက သိပ်မထွက်တော့။ ဒီလိုဆိုလျှင်တော့ အသက်နှင့် အဝေးကြီး ဆိုတာ သေချာသွားပြီ။ မူးတာနှင့် ဒဏ်ရာကြောင့် ခေါင်းမထောင်နိုင်တာမှာ မူးခြင်းက များဟန်တူသည်။ အဘယ်ကြောင့် ဆိုသော် သူ့ကို တွဲကိုင်ထားသည့် ကျွန်တော်သော်မှ မသောက်ဘဲ အနံ့ဖြင့် မူးလာသည်။

ဆယ့်ငါးမိနစ်အတွင်း သူ့အစ်ကိုဖြစ်သူ အငှားကားဖြင့် ရောက်လာသည်။ သူ့ဆိုင်ကယ်ကို လမ်းဘေးက ကွမ်းယာဆိုင် တစ်ဆိုင်မှာ အပ်ထားခဲ့ကြပြီး ဆေးရုံသို့ ထွက်သွားကြသည်။ လမ်းပေါ်မှာတော့ သူ့ဆီက ကွဲကျခဲ့ဟန်တူသည့် အရက်ပုလင်း အကွဲ၊ အစတွေက အများကြီး။ တစ်စစီ ကောက်ပြီး ရှင်းမထုတ်ခင် ထောင့်ပေါင်းစုံက ကျွန်တော် ဓာတ်ပုံရိုက်ယူထားလိုက်သည်။ ရဲစခန်းက ဒီကိုလာခဲ့လျှင် ကျွန်တော့်ကို ခေါ်ပါဆိုပြီး အိမ်ပေါ်သို့ ပြန်တက်လာခဲ့ပြီး အ၀တ်အစားလဲရသည်။ ကိုယ်လက်သန့်ရှင်း လုပ်ရသည်။ နံနက် နှစ်နာရီ ထိုးပေပြီ။ သို့သော်  ဘယ်သူမှလဲ ကျွန်တော့်ကို မခေါ်။ ဘယ်ရဲမှလဲ ကျွန်တော့်ကို လာမမေး။ တိုက်သွားသည် ဆိုသည့်ကားနံပါတ်ကိုတောင် ကျွန်တော်မှတ်ထားထာ အလကား ဖြစ်သွားဟန် တူသည်။

တကယ်ကျတော့ တိုက်သည့် ကားက ထွက်ပြေးတာ မှားပါသည်။ တိုက်မိပြီဆိုမှတော့ ကိုယ်မှားမှား၊ မှန်မှန် ရပ်ပြီး ရှင်းရမည်။ သို့သော်လည်း ဒီယာဉ်တိုက်မှုမှာ ကားသမား အမှားချည်း မဟုတ်လို့ ကျွန်တော် တွေးမိသည်။ ဆိုင်ကယ်မစီးရသည့် ရန်ကုန် မြို့နယ် ထဲမှာ ဆိုင်ကယ်စီးသည်။ အရက်က သောက်ထားတာ ပခန်းကိုကြီးကျော်နှင့် နင်လား နင်လား မေးယူရမည်။ ဆိုင်ကယ်စီး အုပ်ထုပ်ဆောင်းထားသဖြင့်သာ အသက်ပါမသွားခြင်း ဖြစ်တန်ရာသည်။ ဒီအကြောင်းအရာတွေကို တရားရုံးကျမှ ရှင်းမယ်ဆိုပြန်လျှင်လဲ မြန်မာပြည်မှ တရားရုံးများထုံးစံ အလုပ်ပျက် အကိုင်ပျက် ဘယ်နှစ်ရက် ဘယ်နှစ်လ တရားခွင်မှာ အထပ်ထပ် ချိန်းနေမည် မသိ။ ထွက်ပြေးလို့ လွတ်သွားလျှင် ကိစ္စငြိမ်းပြီမို့ တိုက်ပြီး ထွက်ပြေးနေကြတာ သိပ်တော့လဲ မထူးဆန်း။

လမ်းပေါ်မှာ ယာဉ်ကြီးနှင့် ယာဉ်ငယ် တိုက်မိပြီဆိုမှဖြင့် အားကြီးသူက အမြဲတမ်းအမှားလို့ ပြောလို့ရတာမှ မဟုတ်။ စည်းကမ်းမလိုက်နာ၊ ၀င်ချင်သလိုဝင်၊ ထွက်ချင်သလို ထွက်ကြပြီး တိုက်မိ၊ ခိုက်မိကြလျှင် မြန်မာလူမျိုးဆိုတာက သိပ်ပြီး ဆွမ်းကြီး လောင်းချင်ကြတဲ့ အမျိုး။ အထူးသဖြင့် အခုလို လူတစ်ယောက်ကို တိုက်မိပြီဆိုလျှင် တစ်ဖက်ယာဉ်မောင်းက အားလုံး လိုက်ရှင်းပေးပါ့မယ်လို့ ဆိုနေလျှင်တောင်မှ မင်းဘာလဲ။ မင်း ဘယ်လဲ လုပ်ချင်ကြသော လူတွေ အများကြီး အများကြီး။ လူကူးမျဉ်းကြားတွေက ဆေးရောင်ပျယ်လွင့်နေသော ထိမ်းသိမ်းမှု မရှိသည့် ဘုရားပျက်တွေထဲက နံရံဆေးရေး ပန်းချီကားတွေလို ဖြစ်နေသည်။ လူတွေက လမ်းကို အဆင်ပြေသလို ကူးကြသည်။ ကားသမားများက လူကူးမျဉ်းကြားနား ရောက်လျှင် အရှိန်လျှော့ရမည်။ သတိထားရမည်။ လမ်းဖြတ်ကူးနေသူရှိလျှင် ဦးစားပေးရမည်။ ဒီလို အသိတွေ ဘယ်သူမှ မရှိတာ များသည်။ တစ်ခါတစ်ရံ ကားဟွန်းကြီးတွေ အရှည်ကြီး တီးပြီး လူကူးမျဉ်းကြားပေါ်က ကူးနေသူတွေကိုပင် ဆဲသွားသော သူတွေ မရှား။

လမ်းကူးသူတွေကလဲ လမ်းကူးသူတွေ။ ကားအရှိန်နှင့် လာနေတာကို လမ်းကူးတာက ရွာတွေမှာ မောင်ရှင်လောင်း လှည့်နေသလို ခါးလေး လှုပ်လီ လှုပ်လဲ့။ တိုက်မိကြသည်။ သေကြသည်။ သေသောသူက သေပြီ။ ကားသမားလဲ ဘ၀ပျက်ပြီ။ လမ်းအချက်ပြမီးတွေက ဖြစ်သလို။ လူကူးမျဉ်းကြား တော်အိ လျော်အိ။ ကားမောင်းသူက တစ်ဖက်ယာဉ်ကြော၊ လမ်းဖြတ်ကူးသူများသာ မကဘဲ လမ်းပေါ်က ချိုင့်ခွက်တွေကိုလဲ သတိထားရသေးသည်။ မမေ့မလျော့ နှလုံးသွင်း ကားမောင်းပါမှ အဆင်ပြေသည်။ သတိတစ်ချက်လွတ်တာနှင့် ဘ၀တွေ ပျက်သွားနိုင်သည်။

တောင်တွေး မြောက်တွေး သွေးတွေမြင်ပြီး ကျွန်တော်သွေးလန့်သွားဟန်တူသည်။ အိပ်ပျော်ဖို့ ကြိုးစားပေမယ့် အိပ်မပျော်။ တွေ့ကြုံရသမျှ ခဏမေ့ထားလိုက်။ နှာသီးဝ လေ၀င်၊ လေထွက် လိုက်မှတ်။ အခု သေတော့မယ်လို့ စိတ်ထဲမှာ ထင်လိုက်။ မကျေနပ်သမျှ။ စိတ်မချမ်းမသာ ဖြစ်ရသမျှ၊ ချစ်ကြရသမျှ၊ မုန်းကြရသမျှ အကုန် ထားခဲ့ရပြီလို့မှတ်။ မျက်လုံးမှိတ် ငြိမ်ငြိမ်လေးနေဟု ဆရာတော် တစ်ပါး ဆုံးမဘူးတာကို သတိရပြီး ကြိုးစားအိပ်ဖို့ ကျွန်တော် ကြံသည်။ အိပ်ပျော်သွားတာလား၊ နိုးတစ်ဝက် အိပ်တစ်ဝက် ဖြစ်သွားတာလား မသိ။ ကျွန်တော့်စိတ်တွေ ငြိမ်သွားသည်။

လမ်းပေါ်မှာ ကျွန်တော့်ကို ကားတစ်စီး ဖြတ်တိုက်သွားသည်။ ကျွန်တော့် ညာခြေထောက်ကြီး ပြတ်သွားသည်။ ငါး မိနစ် အတွင်း လူနာတင်ယာဉ်နှင့် ရဲကားတွေ ရောက်လာသည်။ ရဲတွေက ယာဉ်တိုက်မှု ဖြစ်သည့် နေရာကို စည်းတားလိုက်သည်။ ကျွန်တော့်ကို သက်တောင့် သက်သာ အနေအထားဖြင့် ဆေးရုံသို့ ခေါ်သွားဖို့ ပြင်ကြသည်။ တစ်ဖက်က တိုက်မိသော ကားသမားနှင့် ရဲတွေ စစ်ချက်ယူနေတာကို လူနာတင်လှည်းပေါ်က ကျွန်တော်က လှမ်းမြင်လိုက်ရသည်။ ကားသမားက ကျွန်တော့်ဘက်ကို လှည့်ကြည့် ပြုံးပြကာ “မစိုးရိမ်နဲ့နော် အားလုံး အဆင်ပြေအောင် ကျွန်တော် တာဝန်ယူပါမယ်” လို့ လှမ်းပြောနေသည်။ ရပါတယ် ဆိုသည့် သဘောသက်ရောက်အောင် ကျွန်တော် လက်ပြန်ပြဖို့ ကြိုးစားတော့ ကျွန်တော့် ညာဘက်လက်ကြီးပါ မရှိတော့တဲ့။ အလန့်တကြားဖြစ်ကာ ကျွန်တော်လန့်နိုးလာတော့ ညဘက်ကို စောင်းပြီး အချိုးအစား မကျစွာ အိပ်ပျော်နေဟန်တူသည်။ ညာဘက် ခြေထောက်ကြီးနှင့် ညာဘက်လက်တစ်ခုလုံး ထုံကျဉ်နေသည်ဘဲ။

ဟူး…ဆောင်းတွင်းလဲ မဟုတ်ပါဘဲနဲ့။ ကျွန်တော့် အိပ်မက်တွေက ကယောက် ကယက်။ ပထမဆုံး မိမိနှင့် မသင့်တော် မလျော်ညီသော ၀င်သက်၊ ထွက်သက် တရားမှတ်ပြီး အိပ်ဖို့ ကြိုးစားသည်။ ဒီတော့ မြန်မာပြည်မှာ ဘယ်လိုမှ မဖြစ်နိုင်သော အိပ်မက်တွေကို မက်သည်။ အိပ်မရမယ့် အတူတူ အလွန်တရာမှာ စိတ်ရှည်သီးခံရသည့် အင်တာနက်သုံးမယ်ကွာလို့ ကျွန်တော် ထထိုင်ပြီး သတင်းတွေ ဖွင့်လိုက်တော့ ရန်ကုန် မြို့လယ် ရုပ်ရှင်ရုံရှေ့မှာ ရိုက်ကြ၊ နှက်ကြသတဲ့။ ပြည်ဘက် စစ်ပြန်ဖြစ်တော့မတဲ့။ ရှမ်းပြည်ဘက် တွယ်ကြပြန်ပြီတဲ့။ ကရင်ပြည်နက်ဘက်ကတော့ အသားကုန် အုပ်နေကြပြီတဲ့။ မအိပ်တော့တာဘဲ ကောင်းမည်။ ပြတင်းပေါက်ဘက်ကို ထွက်လာပြီး လမ်းပေါ်ကို လှမ်းကြည့်တော့ အခုနက လူ၏ သွေးကွက်ကြီးက လမ်းပေါ်မှာ ဒီအတိုင်း တိုင်း ရှိနေဆဲ ဖြစ်သည်။ သဲလေးနဲ့ ဖုန်းမှပါလေလို့ ကျွန်တော်ဆင်းလာခဲ့ပြီးမှ အိပ်မက် မကောင်းတာကို သတိရကာ မနက်ကျမှ လုပ်တော့မယ်လို့ တွေးလိုက်ရသည်။ ညနက်သန်းခေါင် ကျွန်တော့်ကို ကားတစ်စီးစီးက ဖြတ်တိုက်သွားရင် အိပ်မက်ထဲက အတိုင်း ရဲကားတွေ၊ လူနာတင်ယာဉ်တွေ ရောက်လာမှ မဟုတ်။ အခုထိတောင် ယာဉ်တိုက်မှုဖြစ်သွားရာ နေရာသို့ ကိုယ်ရွှေ ကိုယ်ရဲများ ရောက်မလာနိုင်သေး။ ကိုထင်ကျော်တို့၊ လက်ပန်းတောင်းတောင် ကိစ္စတွေနှင့်တင် ဒီလူတွေ အားဟန်မတူပါဘူးလေ။ ပင်ပန်းရှာမှာပေါ့လို့ တွေးပြီး အလင်းဖွင့် ကွမ်းယာဆိုင်သို့ ကွမ်းဝယ်ရန် ထွက်လာခဲ့မိသည်။

တရားဥပဒေ မစိုးမိုးတာတွေ၊ စိုးမိုးတာတွေ ဘေးချိတ်။ ကွမ်းလေးဝါး၊ စာလေးဖတ်၊ အိမ်ထဲမှာနေ၊ နိုင်ငံရေး မလုပ်၊ သူတို့ စီးပွားရေး တုတ်နှင့် မထိုးလျှင် မြန်မာပြည်ဆိုတာ လွန်စွာမှ ခင်တွယ် တပ်မက်ဖို့ ကောင်းသော နေရာဖြစ်သည် မဟုတ်ပါလား။

ဖိုးထက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖိုးထက်, ရသဆောင်းပါးစုံ

One Response to ဖိုးထက် – အိပ်မက်ထဲမှာပဲ မြန်မာပြည်မှာ ကားတိုက်ခံချင်

  1. ko zaw on October 21, 2014 at 6:06 pm

    Driver must run away and surrender at police. Otherwise angry Burmese will kill him :((

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)