ဖိုးစီ (ရုံးတော) – မန်ကျည်းတန်း ပုံပြင်

October 21, 2014

 

 
ဖိုးစီ (ရုံးတော) – မန်ကျည်းတန်း ပုံပြင်
မိုးမခ၊  အောက်တိုဘာ ၂၁၊ ၂၀၁၄
××××××
၁) တင်းကုပ်တိုင် သက်သေ
မြို့ကြီးသား မဟုတ်သော နယ်ဘက်မှ လာခဲ့သူများ၏ မွေးရပ်ဇာတိကို မေးလာလျှင် တိကျရေရာစွာ ဖြေဖို့ ခက်တတ်ကြသည်။  နီးစပ်ရာမြို့ “နတ်မောက်ကပါ”၊ “မြို့သစ်ကပါ” စသဖြင့် ဖြေကြတာ များလေသည်။  ကျွန်တော် ကတော့ ပြည့်ပြည့်စုံစုံ ဖြစ်အောင် နတ်မောက် လမ်းဘေး ဗိုလ်မင်းရောင် အသတ်ခံရတဲ့ လေးတိုင်စဉ်ရွာ တောင်ဘက် “ရုံးတော” ကပါ လို့ ရာဇ၀င်လေးနဲ့ ချီကာ ဖြေတတ်ပါသည်။  ကိုယ့်ရွာကိုတော့ ချစ်တတ်ကြ၊ ဂုဏ်ယူတတ်ကြသူချည်းပဲ မဟုတ်လား။
ဟုတ်ပါသည်၊ ကျွန်တော့်ကို မွေးတဲ့ရွာ နံမယ်က “ရုံးတော”။  ငယ်ငယ်က အဖေ့ဆီမှာ စပ်စု ဖူးသည်။
“ကျုပ်တို့ ရွာကို ဘာလို့ ရုံးတော လို့ ခေါ်သတုန်း”။
ဘုန်းကြီးကျောင်းထွက် အဖေက စာသံ စာဟန်နှင့် ခန့်ခန့်ညားညား ဖြေလေသည်။
“ရုံးပင်ပေါသည့် ပ၀တ္တိ နိမိတ်ကြောင့် ရုံးတောတီတိ  ရုံးတောမည် ၏” ဟူသတည်း။
သူ့ စာဆိုနဲ့ သူတော့ ဟုတ်လို့ပင်။ ခက်သည်မှာ ထိုအချိန်က ရှစ်နှစ်သား ကျွန်တော့်မှာ ရုံးတော မဆိုထားဘိ ၊ ရုံးပင်တပင်တောင် မမြင်ခဲ့ဖူးသဖြင့် “အဖေ့ဟာက ရုံးပင်ပေါတယ်သာပြောသယ်၊ တောမပြောနဲ့ တပင်တောင် မရှိပါဘူးဗျာ” ဆိုတော့ အဖေ့ မျက်နှာပျက်လေသည်။
“နဂိုကတော့ တောကြီးပေါ့ လကွာ၊ မီးကြီး နှစ်ခါလောင်တော့ သာတွေကိုပဲ အိမ်တိုင် ပြန်လုပ်ရတော့ ကုန်ပြီပေါ့။  ဟောဟို တင်းကုပ်တိုင်ဟာ ရုံးသားပဲ”။
အဖေ လက်ညှို ထိုးပြသော မလှမ်းမကမ်းက တင်းကုပ်တိုင်ကို ကိုင်ကြည့်ရင်း ကြက်သီးတွေ ထလာခဲ့ ဖူးသည်။  သြော်.. ဤအရာကား ရုံးပင်မှ ဖြစ်လာသော ရုံးသား ပေတကား။  တောထ နေအောင် ပေါက်ရောက်ခဲ့ သော ရုံးပင် များကြောင့် ရုံးတော မည်ခဲ့လေသည် တကား။
“အို.. အသင် ရုံးပင် ရုံးတော၊ သင်ကား တို့ရွာ၊ တို့မြေ၊ တို့သွေး၊ တို့သား တို့နာမည်။ မင်းအပင်ကို ခုတ်၊ တိုင်လုပ်ပြီး ငါတို့ နေခဲ့ကြလေပြီ။  နှောင်းခေတ် မျိုးဆက်ကျလျှင်ဖြင့် ငါ့အဖေ ငါ့ကို ဖြေသလိုမျိုး ငါဘယ်လို ဖြေနိုင်ပါ့”။
ထိုအချိန်ဝယ် ရုံးတော ဆိုသော အမည်နာမ ကလေးက လွဲ၍ ပြစရာ တင်းကုပ်တိုင်ကလေးမှ ကျန်ပါဦး တော့မည်လော မဆိုနိုင်။
××××××
(၂) အမည်သညာ ခေါ်စရာ
ဒေါက်တာ သန်းထွန်း စာတမ်း တစ်ခုတွင် အညာက ရွာတွေ အမည် မှည့်ခေါ်ပုံအကြောင်း ဖတ်ရဖူးသည်။  တောတောင်ကိုချစ်၊ သစ်ပင်ကိုချစ်၊ စိမ့်စမ်းရေမြေ သဘာဝကို ချစ်တတ်ကြလေသော ကျွန်တော်တို့ ဘိုးဘွား တွေ အမည်ပေးခဲ့ကြပုံများသည် လွမ်းမောဖွယ်အတိ ဖြစ်ပါ၏။
ကျွန်တော်တို့ ရွာတောင်ဘက်မှာ “၀ါးကြီးအိုင်” ဆိုသော ရွာကြီးရှိသည်။  ထိုရွာမှာပင် ကျွန်တော့် ပညာရေး လမ်းခင်းခဲ့ရသည်။  သစ်ကြီး၊ ၀ါးကြီး၊ စိမ့်စမ်း အိုင်ကြီး ဘာမှ မရှိတော့သော ၀ါးကြီးအိုင်။  အဘိုး အဘေး တွေထံကတော့ တခါတုန်းဆီက ကျားများပင် ခိုအောင်းရှိ နေခဲ့ဖူးသယောင် ပုံပြင်သဖွယ် ကြားရဖူးသည်။  ခုများတော့ ရွာကြီးက အထက်တန်းကျောင်း၊ ဆေးရုံ၊ ရဲစခန်း တို့ဖြင့် လူနေ ထူထပ်စည်ကားကာ သစ်ပင်၊ ၀ါးပင်ကတော့ မကျန်တော့ သလောက်ပင်။  ၀ါးကြီးအိုင် နှင့် ယင်းချောင်း ခြားနေသော တဖက်ကမ်းမှာ မန်ကျည်းတန်းရွာ နှစ်ရွာ။  အညာဒေသ ထုံးစံ မန်ကျည်းပင်ကြီးများ အုံ့ဆိုင်းတန်းစီ ရှိနေလိမ့်မည်ထင်လျှင်ဖြင့် ပိုတွက်ရာကျပါလိမ့်မည်။
တလောဆီက ရေစကြိုနယ်က သူငယ်ချင်းနှင့် နှစ်ရာကျော် မန်ကျည်းပင်အိုကြီးများ အကြောင်း စကား စပ်မိသည့်အခါ သူတို့ဆီတွင်လည်း ဘုရားစူး မန်ကျည်းပင် လက်ချိုးရေလို့ လက်တဖက် မပြည့်တော့သော ရွာများသာ များပါသည် ဆို၏။
အမွှေးတိုင် ကြော်ငြာများ အားကောင်းလှသည့် ခေတ်တခုတွင် ကျွန်တော်တို့ ကစားဖော် မန်ကျည်းပင်အိုကြီးများ တရုတ်လုပ် ဆိုင်ကယ်များ အဖြစ် အသွင်ပြောင်းသွားခဲ့ကြသည်။  ငါးနှစ်ပြည့် အောင် အစီးမခံသည့် စက်တပ်ယာဉ် တခု အတွက် နှစ် (၁၀၀) ကျော်က ဘိုးမွေ ဘွားမွေတွေကို ရက်စက်စွာ ခုတ်လှဲခဲ့ကြသည်။  ကိုယ့်ကိုယ်ကိုလူရာဝင်ရန် ကိုယ့် ဇာတိရပ်ရွာ အမည်ကို ပြန်ပြီး သင်းသတ်ခဲ့ကြသည့် အဖြစ်။
ကျွန်တော့် မိသားစုမှာ ယာကွက်များစွာ ရှိသည်။  ထို ယာကွက်များကိုလည်း အပင်များဖြင့်ပင် အမည်ပေးရသည်။  ညောင်ပင်ယာ၊ ဖက်သန်းပင်ကွက်၊ အင်လေးပင်၊ အရှေ့ထန်းတန်း အစရှိသဖြင့်။  တလောက တနယ်သူ (နေပြည်တော်သူ) ဇနီးမယားက ရွာလိုက်လည်တော့ ကျွန်တော်က ပိုင်သမျှ ယာမြေတွေ လိုက်ပို့ကာ ကြွားမိသည်။
“ဒါက အင်လေးပင်ယာ”၊  သူသည်လည်း ကျွန်တော်ငယ်စဉ်က အဖေ့ကို မေးခဲ့ဖူးသည့် နည်းတူ ထပ်တူ ပုစ္ဆာပြုလေ၏။
“ဘာလို့ အင်လေးပင်လို့ ခေါ်တာလဲ”။
“အင်ပင် လေးပင် ရှိလို့ပေါ့ကွာ”။
“ဘယ်မှာလဲ အင်ပင် လေးပင် က”။
မေးခွန်း လားရာကို မမြင်မိ၍ အလွယ် ဖြေမိလေသော ကျွန်တော့်မှာ မျက်နှာအောက်ချ၍ လေသံ တိုးတိုးသာ ဟ နိုင်တော့သည်။  သူ စိတ်ကျေနပ်ပုံ မရပါ။  မတတ်နိုင်။
ညောင်ပင်ယာကို ခေါ်သွား ပြန်လည်း ပြစရာ ညောင်ပင်ကြီး မရှိတော့ ပါ။  လက်ပံပင်ကွက် အတွင်းမှ ဧရာမ လက်ပံပင်ကြီးမှာလည်း မူလတန်းကျောင်းက ကလေးတွေအတွက် စာသင်ခုံလုပ်ရန် လွှဆွဲတိုက်လိုက်ကြပြီ။  ကလေးတွေ အနာဂတ်အတွက် နံမည်တွေ၊ အသက်တွေကို သင်းသတ် ခြွေခဲ့ရသည်။
ရုံးပင်တွေ ခုတ်ပြီး အိမ်တိုင် လုပ်ခဲ့ကြသော ကျွန်တော့် ရွာသားတွေ မှားသလား၊ လက်ပံပင်ကြီး ခုတ်လှဲပြီး မူလတန်းကျောင်းကို အဖေ လှူခဲ့တာ မှားသလား။  အဖြေမပေါ်သည့် ကျွန်တော့် အတွေး တွေက ပြန့်ကျဲ လျက်ရှိသည်။
(၃) စင်္ကာပူ မန်ကျည်းတော
စင်္ကာပူမှာ ကျွန်တော် နေသော အရပ်ကို မြန်မာလို ပြန်ဆို ခေါ်ရလျှင် “တောမြေ” ဟု ခေါ်ရမည် ထင်သည်။  အရှေ့ အနောက် တောင်မြောက် စုပေါင်း အကျယ်အ၀န်းက ကျွန်တော်တို့ မြို့သစ် တမြို့နယ်စာ ခန့်သာရှိသော ဤ ကျွန်းကလေးပေါ်မှာ လူမထိရသေးသည့် တောရိုင်းမြေ အများအပြား ရှိနေပါသေးသည်။
ဖတ်ရှုရသော ဇယားများအရ မြေ ဧရိယာ (၄၁) ရာခိုင်နှုန်း ခန့် ကျန်သေးသည်ဟု ဆိုသည်။  ဟုတ်လောက် ပါပေသည်။  ကျွန်တော့် အိမ်နားမှာပင် မျောက်ရိုင်းအုပ်တွေ ခိုအောင်းနေသည့် တောကြီး သုံးခု ပတ်ခြာလည် တည်ရှိ သည်။  လူတွေက ငှက်ပျောသီး အစရှိသော အစာများ မကျွေး ရလေအောင်လည်း တားမြစ်ထားသည်။
စင်ကာပူမှာ သက်ဆိုင်ရာ မြို့နယ် ကောင်စီ၏ ခွင့်ပြုမှု မပါဘဲ သစ်ပင် မဆိုထား၊ သစ်ကိုင်းပင် ခုတ်ခွင့်မရှိ။  သစ်ကိုင်း သစ်ပင် ခုတ်စရာ မလိုအောင်လည်း အခြေခံ လူမှု အဆောက်အဦ ပြည့်ပြည့်စုံစုံ စီစဉ်ထား ရှိပြီး ဖြစ်သည်။
နံနက်တိုင်း ရုံးသွားလျှင် တောမြေရိပ်သာ အမှတ်ခုနစ် လမ်းအတိုင်း သွားနေကျ ဖြစ်သည်။  ပြောပြချင်သည် ကတော့ လမ်းလည် ကျွန်းပေါ်မှ စီစီတန်းတန်း လန်းဆန်းနေသည့် မန်းကျည်းပင်တန်းများ။  စုစုပေါင်း အပင် (၅၀) တိတိကို (၅) မီတာ အကွာခန့်စီ သေသေချာချာ စိုက်ထားသည်။  ဒေသခံမျိုးရင်း ဟုတ်ပုံမရပါ။  အညာ မန်ကျည်းပင်များနှင့် တပ်အပ်တူပါသည်။  ကမ္ဗောဒီးယား သို့မဟုတ် မြန်မာပြည်မှ ယူဆောင်လာပုံရသည်။
မန်ကျည်းပင်တန်း ဆုံးတော့ ထန်းပင်တန်းဗျ။  ထန်းတန်းလည်း ထို့အတူ အကွာအဝေး ညီညီ စီတန်း စိုက်ထားသည်။  မန်ကျည်းပင်၊ ထန်းပင်တန်း မြင်ရလို့ စိတ်ရွှင်သော်လည်း လမ်းလည်မှာ တန်းစီကာ ညီညီညာညာ စိုက်ထားခြင်းခံရသော မြင်ကွင်းကိုတော့ စိတ်မသက်သာ။  ကစားဖော် သူငယ်ချင်းများ က နေ့စဉ်စီပြီး အလေးပြု ခံနေသော အဖြစ်မျိုး။
(၄) ပြောင်းပြန် သက်သေ
အချို့က စင်္ကာပူကို ဘာမှ မရှိတဲ့ နိုင်ငံ၊ ဘာမှ မထွက်တဲ့ နိုင်ငံ၊ ရေတောင်ဝယ်သောက်ရတဲ့ နိုင်ငံစသဖြင့် သညာပြုကြသည်။  ၁၉၆၅ ဆီလောက်ကတော့ ဟုတ်ပါလိမ့်မည်။  ခုတော့ စင်္ကာပူသည် သူ့ ရေသူသောက်ဖို့ အဆင်သင့်ဖြစ်ခဲ့ပြီ။  ဘာဆိုဘာမှ မရှိသော သယံဇာတ အရင်းအမြစ်ကို လူတွေပညာတတ်အောင် လုပ်ကာ ပညာဖြင့် ဖန်တီးပြီး ရှိအောင်၊ ထွက်အောင်လုပ်နိုင်ခဲ့ကြပြီ။  တိုးတက်လာမည့် သူ့လူဦးရေနှင့် မြေ၊ ရေ၊ လေ သုံးစွဲမှု အတွက် နှစ် ရာ ဂဏန်းစာ ရှိသော အကြီးစား စီမံကိန်း Master Plan များဆွဲပြီး အဆင်သင့်ဖြစ်အောင် စီမံ ခန့်ခွဲ ထားပြီး ဖြစ်သည်။
အကျိုးဆက် ကတော့ ကျွန်တော့်ရွာက ပ၀တ္တိ နိမိတ်ရွာ အမည်သာ ကျန်ပြီး သစ်ပင် ရုပ်ပင် ပျောက်ခဲ့ရသော ဖြစ်စဉ်သည် ပညာဖြင့် စီမံခန့်ခွဲသော ဤဒေသမှာ ပြောင်းပြန် သက်သေပြလျက်ရှိသည်။  အညာ မန်ကျည်းတန်း ဘေးက တောသားသည် စင်္ကာပူ မန်ကျည်းတန်းဘေးမှာ နေ့စဉ် ရုံးသွားလျက် ရှိပါသည်။
ဖိုးစီ (ရုံးတော)
အတွဲ (၄)၊ အမှတ် (၄၃) Messenger ဂျာနယ် တွင် ပုံနှိပ် ဖော်ပြခဲ့ပြီး ဖြစ်သည်။
ဓာတ်ပုံများ – စင်္ကာပူ အမျိုးသား ဥယျာဉ် အစိုးရ ဌာန ၏ တရားဝင် ယဉ်ကျေးမှု အမွေအနှစ် အဖြစ် စောင့်ရှောက်ထားသည့် မန်းကျည်းပင်ကြီးများ။  စိတ်ဝင်စားသူများ အောက်ပါ အွန်လိုင်း လိပ်စာ တွင် ဝင်ရောက် လေ့လာနိုင်ပါသည်။
(ဆောင်းပါးရှင်သည် စင်္ကာပူ တွင် ခေတ္တ ရောက်ရှိ အသက်မွေးဝမ်းကြောင်း ပြုနေသည့် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းဆင်း အင်ဂျင်နီယာ တစ်ဦး ဖြစ်သည်။  အွန်လိုင်း ပုံနှိပ် စာနယ်ဇင်းများတွင် အတွေ့အကြုံ၊ အမြင်နှင့် အထွေထွေ ဆောင်းပါးများ ရေးသားနေသူလည်း ဖြစ်သည်။)
မိုးမခ တွင် ဖော်ပြပြီးခဲ့သည့် ဖိုးစီ (ရုံးတော) ၏ ဆောင်းပါးများ
၁) ကုလားရှဖီး၊ ဘုန်းကြီးတူမ နဲ့ ကျနော်ကြုံခဲ့ ဖူးသော လုပ်ကြံပွဲများ
၂) အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကြိယာ တမျိုးတည်းနဲ့ ကျနော်တို့ တိုင်းပြည်
http://www.moemaka.blogspot.com.au/2014/09/blog-post_551.html
၃) ဦးဇောတိက နှင့် (၃) နာရီ
http://www.moemaka.blogspot.com.au/2014/09/blog-post_530.html
၎) ဗလသေန တော့ မလိုချင်ပါ
၅) မိနီကတော့ သေတာ သေတာပါပဲ
http://www.moemaka.blogspot.com.au/2014/10/blog-post_40.html
၆) ဘောင်ဘင်ခတ်သူ
၇) ခါချဉ် တစ်ကောင် တင်းတဲ့မာန်
၈) ပိုးဟပ် တောင်ပံ ခတ်သံ
၉) အမေ ၏ နိုင်ငံရေး

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်