ခင်မောင်စော (ဘာလင်) – မြန်မာ့ရိုးရာ သင်္ချာကိန်းဂဏန်းများ
October 22, 2014
ခင်မောင်စော (ဘာလင်) – မြန်မာ့ရိုးရာ သင်္ချာကိန်းဂဏန်းများ
(မိုးမခ) အောက်တိုဘာ ၂၂၊ ၂၀၁၄
တခါကကြည့်ခဲ့ဘူးသောပြင်သစ်ဟာသရုပ်ရှင်ကားတကားကိုသတိရမိပါသည်။ ၎င်းကားတွင် ပထမ ကမ္ဘာစစ်မဖြစ်မီကမြောနေသူတဦးကို ၁၉၇၀ လောက်၌ နောက်ဆုံးပေါ်ဆေးဝါးများဖြင့်ကုသလိုက် ရာ သတိပြန်လည်ရပြီးကျန်းမာလာသော်လည်း ၎င်းပုဂ္ဂိုလ်သည် နောက်ဆုံးပေါ်ယာဉ်ရထားများ၊ ဂျက်လေယာဉ်များ၊ ရုပ်မြင်သံကြားစက်များ စသည်တို့ကိုမြင်လိုက်ရပါက လန့်ပြီးရူးကောင်းရူး သွားနိုင်သည်ဟုယူဆပြီး ပထမကမ္ဘာစစ်မဖြစ်မီကအခြေအနေအတိုင်း ဖန်တီးထားသည့် ရုပ်ရှင် စတူဒီိယိုအတွင်းမှာထားရသောဇာတ်လမ်းဖြစ်ပါသည်။
ထိုနည်းတူစွာပင်နိုင်ငံခြားတွင်အနေကြာသောမြန်မာတဦးသည် ယခုခေတ်မြန်မာပြည်သို့ အလည်  ပြန်ရောက်စတွင် ဤခေတ်မြန်မာများသုံးနေကြသည့် သိန်းပေါင်းခြောက်သောင်း စသော မြန်မာ့ ရိုးရာမဟုတ်သည့် သင်္ချာကိန်းဂဏန်းများကို ကြားလိုက်ရပါက လန့်ပြီးမရူးစေနိုင်သော်လည်း  ဦးနှောက်တော့ အတော် ခြောက်သွားမည်မှာသေချာပါသည်။
“ခု ဆယ် ရာ ထောင် သောင်း သိန်း သန်း ကုဋေ ၊  လူ့ ပြည်မှာ မောင်သောင်းဘိန်းစားလို့ သေ” ဟူ
သောစာချိုးကလေးကိုသတိရလာမိပါသည်။  ကျွန်တော်တို့ငယ်စဉ်က မြန်မာ့ရိုးရာသင်္ချာကိန်းများ ကို ထိုနည်းဖြင့်မှတ်သားခဲ့ကြရပါသည်။   မြန်မာ့ရိုးရာတွင်မည်သူကမျှ သိန်းတရာ၊ သိန်းတထောင် စသည်ဖြင့်ဆိုလေ့မရှိကြပါ။ သိန်းတရာသည်တကုဋေဖြစ်၍ သိန်းတစ်ထောင်သည် ဆယ်ကုဋေ  ဖြစ်ပါသည်။   ကုဋေထက်ကြီးသော သင်္ချေ စသော ကိန်းများလည်း ရှိပါသေးသည်။ တသင်္ချေသည် တစ်၏ နောက်မှာ သုညပေါင်း ၁၄၀ ရှိသောကိန်း၊   တနည်းအားဖြင့် ခေတ်သစ်သင်္ချာနည်းအရ ၁၀ ကို ၁၄၀ ထပ်ဆင့် (ten to the power one hundred and forty) ဖြစ်ပါသည်။   ဘုရားဆုပန်ပြီး သည့်ဘုရားလောင်းသည်လေးသင်္ချေနှင့်ကမ္ဘာတသိန်း၊ ပစ္စေကဗုဒ္ဓါလောင်းသည်နှစ်သင်္ချေနှင့် ကမ္ဘာတသိန်း၊ အဂ္ဂသာဝကလောင်းသည်တသင်္ချေနှင့် ကမ္ဘာတသိန်း၊ မဟာသာဝကလောင်းသည် ကမ္ဘာတသိန်း၊ အနည်းဆုံးကျင့်ရသည်ဟု ဆိုရိုးစကားရှိ ပါသည်။
အနောက်တိုင်းသားများက ‘သန်း’ ဂဏန်း million ကိုစံပြုသော်လည်း million ထက်များစွာကြီး
သော Billion, Trillionစသောကိန်းများလည်းရှိပါသည်။  မြန်မာ့ရိုးရာက ကုဋေကိုသုံးပါသည်။ ဆယ်သန်းဟုမသုံး၊ တကုဋေသာသုံးရိုးဖြစ်ပါသည်။  မြန်မာများသည် ‘သန်း’ ကိုကြိုက်ဟန်မရှိပါ။
“ရှေးသရောအခါ၊  ပြည်ဗာရာဝယ်၊ ကုဋေကြွယ်သား၊ သူဌေးအားလျှင်၊ သားတယောက်ဖြစ်၊ ချစ်၍ တစေ၊ အိမ်မှာနေခဲ့” ဟုဆားတုံဆရာတော်က လင်္ကာဖွဲ့ ခဲ့ပြီး၊  ကျောင်းသုံးမြန်မာဖတ်စာများတွင် လည်း ထိုကဗျာကို စာမတတ်သူတို့  အတွက်သင်္ခန်းစာအဖြစ်သင်ကြားပေးလေ့ ရှိပါသည်။ “ရှေးသရောအခါ၊  ပြည်ဗာရာဝယ်၊ သိန်းတရာ ကျော်ကြွယ်သား” ဟူ၍၎င်း၊ “ရှေးသရောအခါ၊  ပြည်ဗာရာဝယ်၊ ဆယ်သန်း ကျော်ကြွယ်သား” ဟူ၍၎င်း၊ လင်္ကာမဖွဲ့ ခဲ့ပါ။
မကြာသေးသောလွန်ခဲ့သည့်အနှစ် အစိတ် ကျော် ‘မဆလ’ ခေတ်အတွင်းမှာပင် ‘ကုဋေရှစ်ဆယ် သူဌေးသား’ ဟူသော ရုပ်ရှင်ကားပေါ်ထွက်လာခဲ့သေးသဖြင့် ‘မဆလခေတ်’တွင် သိန်းဂဏန်း ခေတ်မစားသေးဘဲ  ကုဋေကိုသုံးနေဆဲဖြစ်ကြောင်းပြနေပါသည်။
စာရေးသူသည် ဘာလင်မြို့ရှိ ဟွမ်းဘိုလ်တ်တက္ကသိုလ် (Humboldt Universitaet zu Berlin) တွင်မြန်မာ ဘာသာကထိအဖြစိပို့ချခဲ့စဉ်က မြန်မာ့ရိုးရာသင်္ချာကိန်းဂဏန်းများ ဝေါဟာရကြွယ်ဝပုံ၊ သုံးရလွယ်ကူပုံတို့ကို ဂုဏ်ယူပြောခဲ့ဘူးပါသည်။ ဥပမာ “အင်္ဂလိပ်ဘာသာ ဂျာမန်ဘာသာတို့တွင် ‘သောင်း’ ‘သိန်း’ နှင့် ‘ကုဋေ’ ဆိုသော သင်္ချာကိန်းဂဏန်းများမရှိ။ မြန်မာလို တသိန်းခြောက် သောင်း ငါးထောင်ကို အင်္ဂလိပ်လို one hundred sixty five thousand (တရာခြောက်ဆယ့် ငါးထောင်) ဟု ထောင်ဂဏန်းဖြင့်သာ ပြော ရသည်။ ထို့ကြောင့် မောင်တို့မယ်တို့သည် မြန်မာ သင်္ချာကိန်းဂဏန်း တသောင်းခြောက်ထောင်ကို မှားယွင်းစွာတွေးပြီး တဆယ့် ခြောက်ထောင် ဟုပြောကြခြင်းဖြစ်သည်။
ဂျာမန်စကားတွင် နှစ်ဆယ်အထက် ဂဏန်းများကို zwei und zwanzig (two and twenty) ‘နှစ် အပေါင်း နှစ်ဆယ်’, drei und neunzig (three and ninety) ‘သုံး အပေါင်း ကိုးဆယ်’ စသည်ဖြင့်သုံးရသဖြင့် မြန်မာသင်္ချာကိန်းဂဏန်းထက်ပို၍ခက်သည်။ ပြင်သစ် ဘာသာ စကားတွင်လည်း ရှစ်ဆယ့် လေးကို quartre vingt quartre (four times twenty and four) ‘နှစ်ဆယ် လေးလီ အပေါင်း လေး’ ဟုပြောရသဖြင့် မြန်မာကိန်းများကဲ့သို့မလွယ်” စသည်  ဖြင့်ပြောခဲ့ဘူးပါ၏။ တနည်းအားဖြင့် ‘လေကြီး’ ခဲ့မိပါ၏။ လုပ်ဘော်ကိုင်ဘက်ဂျာမန်ပါမောက္ခများနှင့်  အတူ မြန်မာစာနှင့်စကား သင်ကြားရေးစာအုပ်များထုတ်ရာတွင်လည်း မြန်မာ့ရိုးရာသင်္ချာကိန်း ဂဏန်းများ အကြောင်းထည့် သွင်းရေးခဲ့ပါ၏။ ဘဝတူ ဟိုင်ဒဲလ်ဘဲရ်ဂ် တက္ကသိုလ် (Universitaet Heidelberg) တွင်မြန်မာဘာသာကထိကအဖြစ်ပို့ချနေသည့်ဆရာကြီး ဦးတင်ထွေးနှင့် တိုင်ပင်ဆွေး နွေးကြည့်ခဲ့ရာတွင် သူလည်း ကျွန်တော်ကဲ့သို့ပင် မြန်မာ့ရိုးရာသင်္ချာကိန်းဂဏန်းများ သုံးရလွယ်ကူ ပုံ၊  ဝေါဟာရကြွယ်ဝပုံတို့ကို အင်္ဂလိပ်ဘာသာ ဂျာမန်ဘာသာ သင်္ချာကိန်းဂဏန်းများ နှင့်ယှဉ်ပြလေ့ ရှိကြောင်းပြောသဖြင့်အားတက်မိပါ၏။
ယခုခေတ်တွင်တော့ လူတိုင်းပါးစပ်ဖျား၌ ရှုပ်ထွေးလှသော သိန်းပေါင်း ၂သိန်း (ကုဋေ ၂ထောင်နှင့် ညီမျှသည်) စသောအသုံးများကိုသာ သုံးနေကြသည်ကိုတွေ့ ရပါသည်။ ကျွန်တော်တို့၏ တပည့် ဟောင်းတချို့မြန်မာပြညိသို့အလည်သွားပြီး ထိုသင်္ချာကိန်းဂဏန်းများကြားလာပါက ပြန်မေးရမည့် သူများတွင် ပါမောက္ခဒေါက်တာအေးဘားဟတ်ဒ် ရစ်ရှတာ (Prof. Dr.phil. habil. Eberhard Richter)သည်လည်း ကွယ်လွန်ခဲ့သည်မှာကြာပါပြီ။ ဆရာမကြီးဒေါက်တာအာနာမာရီအက်ရှဲ Dr. Sc. Annemarie Esche ( မြန်မာနာမည်ဒေါ်နှင်းဆီ၊ ၎င်းဆရာမကြီးအကြောင်းကို ဆရာဦးသန်းဝင်း လှိုင်က မိုးမခတွင်ရေးထားပြီး ဖြစ်ပါသည်။) မှာလည်း ဇရာပိုင်းမှဗျာဓိပိုင်းသို့ကူးစပြုနေပြီးဧည့်သည် ကို လက်ခံတွေ့ဆုံဆွေးနွေးနိုင်သည့် အခြေအနေမဟုတ်တော့ပါ။ ဆရာကြီးဦးတင်ထွေးမှာလည်း ဇရာပိုင်း ကျော်စပြုနေပါ ပြီ။ ထိုစဉ်ကဆရာအားလုံးတွင် အငယ်ဆုံးဖြစ်ခဲ့သည့် စာရေးသူပင်လျှင် ၆၅နှစ်ပြည့်ပြီး အငြိမ်းစားယူခဲ့သည်မှာ ၃ နှစ်ကျော်ပါပြီ။ တပည့်ဟောင်းတချို့ကဖြစ်စေ စိတ်ဝင်စား သူတချို့ကဖြစ်စေ မေးလာခဲ့သော် မည်သို့ဖြေရမည်ကိုမသိပါ။
အဘယ်ကြောင့်ပါနည်း။ တိုက်တိုက်ဆိုင်ဆိုင် ထိုအသုံးများပေါ်လာသည့်ခေတ်အချိန်အခါတွင်  ပြည်မြန်မာ၌ ဘဝရှင်မင်းတြားကြီးမှာ ‘သန်း’ အမတ်ချုပ်ကြီးမှာ ‘သိန်း’  ဖြစ်နေသောကြောင့် “ဘာကိုမဆို ‘သိန်း’ ကျော်ပြီး ‘သန်း’ အထိမရောက်စေရ အစစအရာရာ ‘သိန်း’တွင်ပြီးပြတ်စေ” ဟု အမိန့် တော်မြတ်များထုတ်ပြန်၍ ထားလေသလောဟုစဉ်းစားစရာဖြစ်နေပါပြီ။
တခါတွင်နန်းတွင်းရုပ်စုံစင်တော်ကြီးကပြဖျော်ဖြေရာတွင်ရုပ်သေးဆရာက သွယ်ဝှိုက်သောနည်းဖြင့် စစ်ကိုင်းမင်းကို အောက်ပါအတိုင်းအသိပေးလိုက်ပါတော့သည်။
လက်စွဲ ၁။    ဟေ့မင်းပါဠိစကားတတ်သလား။
လက်စွဲ ၂။    တတ်ပါ့ဗျာ၊ စမ်းချင်သလိုစမ်း။
လက်စွဲ ၁။    အဲဒါဆို ခြသေ့င်္ကို ပါဠိလိုဘယ်လိုခေါ်လဲ။
လက်စွဲ ၂။      သီဟပေါ့ကွ။
လက်စွဲ ၁။      ရှင်ဘုရင်ကိုရော။
လက်စွဲ ၂။      ရာဇာပါတဲ့ဗျား။
လက်စွဲ ၁။         ဘုရားကို ပါဠိလိုဘယ်လိုခေါ်လဲ။
လက်စွဲ ၂။         မုနိပေါ့ကွ။ မုနိလည်းဘုရား၊ မိနုလည်းဘုရားပါဘဲ။  တန်းခိုးထွားနေပုံက ရဟန်း တော်များတောင် “တေဏုဘသင်္ခါမိ”လို့ မဆိုရတော့ဘဲ “တေထွတ်ဘသင်္ခါမိ”လို့ ဆိုရမည့်ကိန်း  ရောက်နေပါပြီ။
ထိုအခါတွင်မှ ရွှေနန်းရှင်ဘုရား ရိပ်မိသွားပြီး အမိန့် တော်ဖြင့်ပြင်ခိုင်းရသောဟူ၏။
မယ်နုခမြာ အသတ်ခံရခါနီးဆဲဆဲတွင်ခွင့်ပန်၍ ဆရာတော်ဦးဗုဒ်ကိုဖူးမြော်ဝတ်ပြုပြီး “ဆရာတော်ဘုရား၊ သာယာဝတီစားတန်ခိုးထွားလာပါ၍တပည့်တော်တော်မမှာကွပ်မျက်ခံရပါတော့မည်ဘုရား”  ဟုလျှောက်တင်ရာတွင် ဆရာတော်က “မိနုဝဋ်ရှိကခံရပေတော့သည်” ဟုသာမိန့် တော်မူလိုက်သည်။
သာယာဝတီမင်းသားနှင့်နန်းမတော်မယ်နုတို့ နန်းတွင်းတန်းခိုးပြိုင်နေကြပုံကိုနှောင်းခေတ် ရုပ်သေး ဆရာတို့ က ရုပ်သေးဖြင့်တင်ပြလေ့ရှိပါသည်။ ကျွန်ုပ်တို့ ငယ်စဉ်က ကြည့်ခဲ့ရဘူးသော “စကြ်ာရေ ချဇာတ်” ရုပ်သေး တွင် သာယာဝတီမင်းသား ရုပ်ကလေးက “နေညိုညို၊ ကိုကို့ ကိုဖမ်း တဲ့စုန်းရယ်၊ နေ၀င်ခါမှ၊ ငါ့မရီး ‘ရွာသူ’ ကြီးကို ရွာချရမယ်” ဟူ၍၄င်း၊ အင်္ဂလိပ်မြန်မာပထမစစ်ပွဲဖြစ်၍ သာယာဝ တီမင်းသားလှေတပ်ဖြင့်ရန်ကုန်သို့ ချီခါနီး အင်းဝဘုရင်နှင့်မိဖုယားခေါင်ကြီး ဗိုလ်ရှုခံနေစဉ် လှေတော်သားများက “စုန်းမကြီး လင် ရွာသူ့သခင်၊ ‘ပန်းတောင်း’ ကိုတောင်ညာတင်မှ၊  မြတ်ညီ ခင် ဒဂုန်ကျေးကပြန်ခဲ့မယ်လေး” ဟူ၍၄င်း သီဆိုသည်ကိုကြားခဲ့ရ မှတ်ခဲ့ရဘူးပါသည်။ သမိုင်း အထောက်အထား အတိအကျမရှိ၍ ၄င်းသီချင်းများ ဧကန်ဧကရှိခဲ့ကြောင်းမဆိုရဲပါ။  ဖြစ်နိုင်သည် မှာ မယ်နုကိုကြည့်မရသူများက ၄င်းနိမ့်ကျသွားစဉ်တွင် စုန်းမကြီး၊ ရွာသူ (အလတ်စားစုန်း) စသော ချိုးနှိမ်သောအခေါ်တို့ဖြင့် သီချင်းများရေးစပ်လိုက်ကြဟန်၊ ထွင်ခဲ့ကြဟန်ရှိပါသည်။
စစ်သူကြီးမဟာဗန္ဓုလကတော့  စစ်ရှုံးသူအဖြစ် အင်းဝနေပြည်တော်သို့ မျက်နှာငယ်ငယ်ဖြင့်ပြန် လာလိုဟန်မရှိခဲ့ပါ။ မိမိနှင့်မတည့်သူအိမ်ရှေ့မင်းသားထံတွင်လည်း ဒူးမတုတ်လိုတော့ပါ။ ထို့ ကြောင့်ပင် ဓနုဖြူခံတပ်တွင် သူရဲကောင်းပြီပြီ စစ်ပွဲ၌အကျဆုံးခံလမ်းကိုရွေးသွားခဲ့ဟန်တူပါသည်။ စစ်အပွဲပွဲနွှဲလာခဲ့သည့်ဝါရင့်စစ်သူကြီးတဦးအနေဖြင့် စစ်မြေပြင်၌ရွှေထီးဆောင်းပြီးလျှောက်သွားနေ လျှင် ရန်သူသင်္ဘောမှန်ပြောင်းများတွင်၎င်းအားမြင်ပြီး အမြောက်၊ စိန်ပြောင်းတို့ဖြင့် အသေပစ် တော့မည်ကိုလည်းကြိုတင်တွက်ထားခဲ့ပြီးဖြစ်ပါလိမ့်မည်။ ရဲမက်တော်များက အကာအကွယ်ယူပါ ရန်ပြောကြသော်လည်းလက်မခံခဲ့ခြင်းကသက်သေပြနေပါ၏။
နန်းမတော်မယ်နုအကြောင်းကို သတိရမိလာမှ လူ့ဘဝဆိုသည်မှာ “တက်ကြွားကြွကြွမြင့်လွန်းက လည်း လျှောကျနောက်ဆုံးရှိချေ၏” ဆိုသောလင်္ကာအတိုင်းသာ ဖြစ်ပေတော့သည်တကားဟုသာ သံဝေဂရမိပါသည်။
လောလောဆယ်တွင် မြန်မာပြည် နှင့် ဂျာမနီနိုင်ငံဆက်ဆံရေးမှာ  နှစ်နိုင်ငံလုံးက ရွှေလမ်းငွေလမ်း ဖောက်နိုင်ရန်ကြိုးစားနေကြပုံရသည်။ ၂၀၁၄ ခုဖေဖော်ဝါရီလအတွင်းက ဂျာမန်သမတ ယိုအာခင်မ် ဂေါက်ခ် (Joachim Gauck) မြန်မာပြည်သို့ ချစ်ကြည်ရေးခရီးသွားခဲ့ပြီး ၎င်း၏ဖိတ်ကြားချက်အရ ဒေါ်စု ဧပြီလတွင် ဂျာမနီသို့ရောက်လာသည်။ မြန်မာသမတ ဦးသိန်းစိန်လည်း ဂျာမန်သမတ ယိုအာခင်မ် ဂေါက်ခ် (Joachim Gauck) ၏ ဖေဖော်ဝါရီလအတွင်းကဖိတ်ကြားချက်အရ  မြန်မာ  ပြည်နှင့်ဂျာမနီနိုင်ငံ သံတမန်ဆက်ဆံရေးအနှစ် ၆၀ ပြည့်ပွဲတက်ရန်နှင့် ချစ်ကြည်ရေးခရီး အဖြစ် စက်တင်ဘာလဆန်းက ဂျာမနီသို့ရောက်လာသည်။
ဂျာမန်သမတ မြန်မာပြည်သို့ ချစ်ကြည်ရေး ခရီးသွားခဲ့စဉ်က  မြန်မာပြည်ကဂျာမနီနိုင်ငံကို ပေးဆပ်ရန်ရှိသည့် အကြွေးငွေများထဲမှ ၅၀%ကို ပေးဆပ်ရန်မလိုတော့ကြောင်းခွင့်ပြုလိုက်သည်။ မြန်မာသတင်းစာများက ထိုသတင်းကိုရေးရာ၌ ငွေပမာဏကို “ငါးကုဋေ” ဟုမရေးသော်လည်း အင်္ဂလိပ်စကားမှတိုက်ရိုက်ဘာသာပြန်ပြီး ‘သန်း ငါးဆယ်’ ဟုသာရေးပါ သည်။ ‘သိန်းငါးရာ’ ဟုမရေးပါ။ ၎င်းအချက်ကိုထောက်လျှင် စာနယ်ဇင်း သမားများကလည်း ‘သိန်း’ ဂဏန်းကိုလက်မခံကြောင်းပြနေပါသည်။
ပါဠိ၊ လက်တင်စသော လက်ရှိမသုံးတော့ဘဲ ကျမ်းဂန်များအဖြစ်သာကျန်ရှိနေသည့် ဘာသာစကား များ (dead languages) မှ လွဲ၍ လက်ရှိသုံးနေဆဲဘာသာစကားတိုင်း (living languages) မှာ အမြဲအစဉ် ဝေါဟာရ ပြောင်းလဲမှုများရှိခဲ့သည်၊ ရှိနေသည်၊ နောင်လည်းရှိနေဦးမည်ဆိုသည့်အချက် ကို လက်ခံပါသည်။ ကောင်းသော ဝေါဟာရပြောင်းလဲမှုများကို လက်ခံရမည်ဖြစ်သကဲ့သို့ပင် အဆိုး ဘက်နွယ်သော ဝေါဟာရပြောင်းလဲမှုများကိုတော့ လက်မခံသင့်ပါ။ ယခုသင်္ချာကိန်းဂဏန်းဝေါဟာ ရပြောင်းလဲမှုများသည် ကောင်းသော ဝေါဟာရပြောင်းလဲမှုဟုတ်ပါ၏လော။
လက်ရှိလူများသုံးနေကြသော ‘သိန်းဂဏန်း’ နှင့်ပတ်သက်၍ကားအထူးအထွေ မပြောလိုတော့ပါ။ ရှေးရိုးစဉ်လာ ကုဋေကဋာ ကိန်းဂဏန်းကို ဘေးချောင်ထိုးထား ပြီး၊ ဘေးဘိုးဘီဘင် အစဉ်အလာ မရှိတဲ့၊ ကလေးကလားသင်္ချာ ‘သိန်းဂဏန်း’ ကိုဘဲ၊ အဟုတ်အဟပ်ထင်ကာသုံးနေကြရ ခြင်းမှာ၊ ခေတ်လူများ ဆုတ်ကပ်ကြောင့်ပင် ယုတ်ညံ့သွားကြလေသလား၊ မလှုပ်ရဲအောင်လုပ်ထား သော ကြောင့်၊ သင်္ချာဥာဏ်မထုတ်ရဲအောင်ဖြစ်သွားကြလေပြီလား၊ အနှစ်ငါးဆယ်နီးနီး အမှောင်ခေတ် မှာနေခဲ့ရပြီး တက္ကသိုလ်များဘဝမှ ‘ဘွဲ့ရသူအချိန်မှန်မှန်ထုတ်ပေးရေးစက်ရုံ’ အဖြစ် ဘဝလျှောကျ ခဲ့ကာ ‘မသိသူက မတတ်သူကို သင်ပေးရသောခေတ်’ ဖြစ်သွားပြီး ပညာရေးအဆင့်အရမ်းနိမ့်ကျ သွားခြင်းကြောင့် သင်္ချာအတွေးအခေါ်ပါ နိမ့်ကျသွားခြင်းပင်လော ဆိုသည်ကိုတော့ စာရှုသူတို့ စဉ်းစားကြပါကုန်လော့။
ကိုးကားသောကျမ်းများ။
၁။ ကျီးသဲလေးထပ်ဆရာတော်၊ ဇိနတ္ထပကာသနီကျမ်း၊ ဟံသာဝတီပုံနှိပ်တိုက်၊ ရန်ကုန်၊ ၁၉၅၂
၂။ ကြေးမုံဦးသောင်း၊ လက်ငင်းလက်တွေ့ဗုဒ္ဓဝါဒ၊ ပြည်သူ့အလင်းစာပေ၊ ရန်ကုန်၊ ၁၉၆၆
၃။ Gehard Naumann, Le Francှais Pratique, VEB Verlag Enzyklopaedie, Leipzig, 1980
၎။ Eberhard Richter, Lehrbuch des modernen Burmesisch, Leipzig, 1982
၅။ Annemarie Esche, Eberhard Richter, U Khin Maung Saw, Burmesisches Uebungsbuch, Leipzig, 1986
၆။ ဦးဘသန်း၊ ကျောင်းသုံးမြန်မာရာဇဝင်၊ ရန်ကုန်၊ ၁၉၅၄
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa
Related posts
Tags:
အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ
6 Responses to ခင်မောင်စော (ဘာလင်) – မြန်မာ့ရိုးရာ သင်္ချာကိန်းဂဏန်းများ
  1. San Hla Gyi on October 22, 2014 at 7:41 am
    ဟုတ်ပါတယ် ခင်ဗျ။ အခုခေတ်လူတွေ အကုန်လုံး ကုဋေဆိုတဲ့ မြန်မာစကားလုံးကို မသုံးသလောက် ဖြစ်နေကြတယ်။ မသိကြလို့လည်း ဖြစ်နိုင်ပါတယ် ခင်ဗျ။ ကျနော့်စိတ်ထင် ဒီပုံအတိုင်းဆို ဒီစကားလုံးက ပေါရာဏ စကားလုံးအဖြစ် နောက်ပိုင်း ပြောင်းသွားမယ်လို့တောင် ထင်မိပါတယ်။ ဟိုတလောတုန်းက ရန်ကုန်မြို့ ဆင်ခြေဖုန်းက အိမ်တလုံး အရောင်းအဝယ်ဈေးနှုန်းကို ပြောတဲ့လူတိုင်းက သိန်းပေါင်း သုံးသောင်းလို့ချည်း ပြောခဲ့ကြတယ်။ တကယ်ဆို ကုဋေသုံးရာဆိုရင် ရှင်းရှင်းကလေး ဖြစ်နေရဲ့သားနဲ့ဗျာ။ အမိန့်ထုတ်တာတော့ မဖြစ်နိုင်ဘူးထင်တယ်။ ဒီကုဋေဆိုတဲ့ စကားလုံးကို မသုံးတာ သိန်းပါတဲ့ ပုဂ္ဂိုလ် မတက်ခင်ကတည်းကပါ။
    • Khin Maung Saw on October 22, 2014 at 4:38 pm
      You are right. I just wrote as a ‘Satire’ about the persons with the names ‘Thein’ & ‘Than’!!
      The real cause was explained by U Nyunt Shwe who is living in Japan as follows:
      ဦးခင်မောင်စောရဲ့ ကိန်းဂဏန်း ဆောင်းပါး အင်မတန်ကောင်းပါတယ်။ ဗဟုသုတတွေလဲ တပုံကြီးရပါတယ်။ ကျွန်တော်လဲ အဲဒီ သိန်းတရာ သိန်းတထောင်ကို မကြိုက်ဘူးဗျာ၊ အဲဒါမျိုး တီထွင်တာဟာ ရှိပြီးသားက ထောင့်လို့၊ အသုံးရခက်လို့ဆိုရင် ကြိုဆိုချင်ပါတယ်။ ခုဟာက တကယ်တော့ ဝေါဟာရရှားပါးမပြည့်စုံသူတွေဆီကနေ နိုင်ငံခြားပြန်တွေကတဆင့် ခိုးချတာ၊ ပြန့်ပွားသွားတာလို့ ယူဆမိပါတယ်။ ဇစ်မြစ်က ဂျပန်ပါ။ ဂျပန်မှာ သိန်းနဲ့တော့ မပြောပါဘူး၊ ဒါပေမယ့် သောင်းပေါင်း ကိုးထောင်ကိုးရာကိုးဆယ့်ကိုး ဒဿမ ကိုးဆယ့်ကိုးယန်းအထိ သောင်းဂဏန်းနဲ့ပဲ ပြောပါတယ်၊ အဲဒါကျော်သွားလို့ သောင်းတသောင်းပြည့်သွားမှ အိုးကု လို့ခေါ်ပါတယ်၊ အိုးကုထက်ကြီးတာကတော့ ချိုးပါ။
      ဘာလို့ သောင်းက မြန်မာမှာ သိန်းဖြစ်ရသလဲဆိုတာကိုတော့ ဒီလိုယူဆပါတယ်၊ အကြမ်းပျင်းအားဖြင့် ယန်းတသောင်းဟာ မြန်မာငွေတသိန်းဝန်းကျင်နဲ့ လဲနေတာ နှစ်ပေါင်းအတော်ကြာသွားပါပြီ။ အဲဒီကတဆင့် လာတယ်လို့ ထင်မိပါတယ်။ ဒါ ကျွန်တော့် တွေးဆချက်ပါ။ မြန်မာမလေးတွေ ဆံပင်အညိုရောင်တို့ ရွှေဝါရောင်တို့ဆိုးတာလဲ အဓိကက ဂျပန်မှာ ပန်းကန်ဆေးပြီးပြန်သွားတဲ့ ကိုယ့်ယဉ်ကျေးမှုကိုယ်ကို မြတ်နိုးရကောင်းမှန်း ထိန်းသိမ်းရကောင်းမှန်း မသိတဲ့ မိန်းကလေးတွေကတဆင့် ကူးစက်ကုန်တာပါ။
      ဂျပန်ကနေ သယ်သွားတဲ့ မကောင်းတာတွေ အတော်များတယ်ထင်ပါတယ်၊ မိန်းမရွှင်လုပ်ငန်းက စလို့ပေါ့ဗျာ။
      လေးစားခင်မင်လျက်၊
      ညွန့်ရွှေ
  2. MgMgKyi on October 22, 2014 at 7:55 pm
    Dear Khin Maung Saw
    Very glad to see & hear that you are still alive & kicking.
    Would really like to hear your views on the State of Rakines!
    I visited Tin Win in Berlin, about 5 years ago.
    Papiermacher Maung Maung Kyi, now still alive in Wales, UK.
    email : mmk1945@hotmail.com
  3. Ba Ba Gyi on October 25, 2014 at 2:43 am
    ဦးညွန့်ရွှေရဲ့ရှင်းလင်းချက်ကိုဖတ်ရမှဘဲ SLORC ခေတ်က “အိုက်ဒိုး ပဂေးဆန်” တွေ ဂျပန်မှာထောင်ချီပြီးရောက်ခဲ့ရာက ‘သိန်းဂဏန်း’ ကိုလက်ရှိလူများသုံးနေကြတာကို ယုတ္တိဗေဒနည်းနဲ့တွက်ချက်လို့ရပါတော့တယ်။ ကျွန်တော်တတ်တဲ့ဂျပန်စကားကလည်း ငယ်စဉ်ကကာတွန်းတွေမှာပါတဲ့ “ခူးရား၊ ဘာကဲရိုး၊ ဒေါရဘော၊”စတဲ့ မဟုတ် တရုတ်တွေဘဲရှိတာကလား။ ဦးညွန့်ရွှေတွေးသလို ဘယ်တွေးတတ်မလဲ။ ရှင်းလင်းချက်အတွက် အထူးကျေးဇူးတင်ပါတယ်။
ကြော်ငြာ … ကြော်ငြာ …
စာအုပ်မြင် ချစ်ခင်ပါစေ
မိုးမခမှာ ကြော်ငြာပါ
Help MoeMaKa
မိုးမခ Kindel Store
မိုးမခ Kindel Store
MoeMaKa Online Store
MoeMaKa Online Store
Colorful People Memorial Place
Twitter: moemaka
%d bloggers like this:
ကြော်ငြာရန် …
မိုးမခနဲ့ ပတ်သက်သမျှ
ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ
By
ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...
Read more »
ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်
By
ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...
Read more »
မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ
By
မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...
Read more »
မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ
By
မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...
Read more »
သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ
Donate while shopping on amazon
Recent Comments
ကဏ္ဍများအလိုက်
ကဏ္ဍများအလိုက် မာတိကာစဉ်