ကိုသန်းလွင် – ကုလားထိုင်

October 24, 2014

ကိုသန်းလွင် – ကုလားထိုင်
(မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၁၄

(၁)

သီတဂူဆရာတော်ကြီးက တရားပွဲတခုတွင် သူသည် ယိုးဒယားမှ စင်္ကာပူသို့လေယာဉ်နှင့် အလာ စင်္ကာပူ လေဆိပ်သို့ လေယာဉ် ဆင်းသက်ခါနီး တွင် ထိုင်နေသောထိုင်ခုံမှ မထချင်ဖြစ်ရပုံကို ဟာသနှော၍ပြောဘူး သည်၊ လေယာဉ် ခရီးဆိုရာဝယ် သွားလိုသော မြို့သို့ရောက်လျင် မိမိထိုင်ခုံမှ ထရမည်သာ ဖြစ်သည်၊ မြန်မာ ပြည်မှ အာဏာရှိ ပုဂ္ဂိုလ်ကြီးများသည် အချိန်တန်သော်လည်း သူတို့နေရာမှ ဖယ်မပေးချင်ပုံကို ပရိတ်သတ်က သဘောပေါက်သောအခါ ၀ါးကနဲ သြဘာပေးကြလေသည်၊

လူတို့၏သဘာဝမှာ ကုလားထိုင်ကိုထိုင်မိလျင် ထမပေးလိုကြပေ၊ ထိုနည်းတူ သြဇာအာဏာရှိပြီး လုပ်ပိုင် ခွင့်ရှိသော နေရာ ရထားသူများသည် မိမိနေရာမှ ဖယ်မပေး လိုကြ၊ ထိုသူများကို ကုလားထိုင်ထိုင်မိလျင် ဖယ်မပေး လိုသူများ နှင့် ဥပမာပေးကြလေသည်၊

(၂)

အင်္ဂလိပ်လို Chair ကိုမြန်မာမှုပြုသော် ကုလားထိုင်ဟု ဖြစ်လာဟန်တူသည်၊ အင်္ဂလိပ်လို အဓိပ္ပါယ်မှာ စကား ၀ိုင်းကို ဦးဆောင်သူ စီမံကိန်းတခု၏ ဥက္ကဌ၊ တာဝန်အရှိဆုံးလူကို Chair ဟုခေါ်ဆိုခြင်းဖြစ်သည်၊ လွှတ်တော် တွင် သဘာပတိကြီးမှာ လွှတ်တော်၏ Chair ပင်ဖြစ်သည်၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ နိုင်ငံတော်၏၀ိဝါဒ ကွဲပြား နေတာတွေကို ဖြေရှင်းပေးသောတာဝန်ကို ယူရသည်၊ တနည်းဆိုသော် ဥက္ကဌ ကုလားထိုင်မှာ ထိုင် သောသူ သည် သဘာပတိ ကြီးဖြစ်သည်၊ သူ့တွင် သြဇာအာဏာတွေ ရှိသည်၊ ကျွန်တော်တို့နိုင်ငံတွင် ကုလားထိုင်မှာ သြဇာ၊ အာဏာ၊ ပါဝါ၏ ပြယုဂ်တခုဖြစ်လေသည်၊

ထိုကုလားထိုင်ကိုပင် သက်ဦးဆံပိုင် ရှင်ဘုရင်တို့ထိုင်သော် ရာဇာပလ္လင်ဟူ၍ဖြစ်လာပြန်သည်၊

ကျွန်တော်အလုပ်ဝင်စက ၀န်ထမ်းနှစ်ယောက် ကုလားထိုင်လုကြတာကိုတွေ့ရဖူးသည်၊ ကျွန်တော်တို့သည် ရုံးခမ်း တစ်ခမ်းအတွင်းဝယ် အရာရှိ ၄ ယောက်ထိုင်ကြရပါသည်၊ စားပွဲ ၄ လုံး ကုလားထိုင် ၄ ခုရှိကြရာ လက် တင် ပါသော ကုလားထိုင်က တစ်လုံးသာရှိသည်၊ တနေ့သော် ကျွန်တော့်သူငယ်ချင်းထိုင်နေသည့် ခုံကို အရာရှိမက သူ့ နေရာကိုရွှေ့ပြီးထိုင်နေပါလေသည်၊ ကျွန်တော်သူငယ်ချင်းက မခံ၊ ခုံကိုပြန်ပေး ရမည်ဟူ၍ တောင်းရာမှ အကျယ်အကျယ်တွေ ဖြစ်ကုန်သည်၊ အရာရှိမ မှာ အထက်လူကြီး တိုင်စရာရှိသလို ကျွန်တော့် သူငယ်ချင်း ကလည်း ပြောစရာလူရှိသည်၊ အထက်က ညှိနှိုင်းပေးရန် လူလွှတ်လိုက်သော် ထိုလူက အရာရှိ နှစ်ယောက် လုံးကို အင်တာမဗျူးရဲသဖြင့် ကျွန်တော်ကသာ ပြေရာပြေကြောင်း ဖြေပေးလိုက်ရသည်၊ နောက်တနေ့တော့ လက်တင် ပါသည့် ထိုင်ခုံသုံးလုံး ရောက်လာပါတော့သည်၊

နိုင်ငံခြားတွေမှာတော့ Corner Office ကိုဂုဏ်ဒြဗ် အရ လူတွေမက်ကြသည်ဟု ကြားဘူးသည်၊ အခုအချိန်ပြန် တွေးကြည့်တော့ ထိုင်ခုံလု ကြသည်ဆိုခြင်းမှာ ရယ်စရာပင်ကောင်းသေးတော့သည်၊

မ၊ဆ၊လ ပါတီပျက်တော့ မိမိကုလားထိုင် မှဖယ်ပေးရသူ ဆင်းပေးရသူ အရေအတွက်မှာ မနည်းလှပေ၊ တပြည် လုံး ဆိုသော် ရာထောင်ချီ၍ ရှိပါလိမ့်မည်၊ နောက်စစ်တပ် ကနေရာတွေယူပြီးသောအခါ ထိုမဆလခေတ်က အဖြစ်မျိုး မကြုံရလေအောင် သြဇာအာဏာသာမက၊ သေနပ်၊ လက်နက်တွေကို သုံးခါ နေရာကို အပိုင်ယူထား ကြလေတောသည်၊

မိမိလုပ်ငန်းအတွေ့အကြုံ အရ၄င်း၊ ပညာအရည်အချင်းအရသော်၎င်း၊ အခြားနိုင်ငံတွေမှာ ဘယ်လိုမှ မရနိုင် သည့် အဆင့် နေရာတွေကို ရထားသူများသည် ထိုနေရာကို မိမိ အသိစိတ်ဓါတ် နှင့်တော့ အသာတကြည် စွန့်လွှတ် လိမ့်မည် မဟုတ်ပေ၊

ကျွန်တော်တို့ နိုင်ငံတွင် ထိုသို့ မတန်တဆ နေရာယူထားသူများကြောင့် နိုင်ငံထူထောင်ရေးတွင် များစွာ အနှောင့်အယှက်ဖြစ်ကြရလေသည်၊ မိမိတာဝန်ပေါ့လျှော့မှုကြောင့်၊ စိတ်ဝင်စားမှု နည်းပါးခြင်းကြောင့် ပြသနာတွေ ဖြစ်ရသည်ဆိုလျင် မိမိ ရာထူးနေရာမှ ဖယ်ပေးရမြဲ ဖြစ်ပါသည်၊ မိမိထက် ပို၍သင့်တော်သူကို လုပ်ခွင့်ပေးကြရမြဲဖြစ်ပါသည်၊

မကြာသေးမှီက ဖြစ်ရပ်များတွင် အိမ်ဖြူတော်သို့ လူစိမ်းဝင်ရောက်မှုကြောင့် အိမ်တော်လုံခြုံရေးမှုးသည် အလုပ်မှနှုတ်ထွက်ပေးသည်၊ ကိုရီးယားသင်္ဘောနစ်မြုတ်၍ကလေးတွေ သေကြေကြရာ တာဝန်ရှိသူတွေ နှုတ်ထွက်ကြသည်၊ ဂျပန်မုန်တိုင်းကြောင့် ဖူးကူးရှီးမား ဓါတ်အားပေးစက်ရုံ ပြိုကျသော် တာဝန်ခံတွေ အလုပ် ထွက်ပေးကြသည်၊

အမှန်ကတော့ ဇတ်ရုံပြိုလျင် ကန်ထရိုက်မှာ တာဝန်ရှိသည်၊ ကန်ထရိုက်သည် ဇတ်ရုံကို ဆောက်သည်မဟုတ် လော၊ တာဝန်ရှိသောကန်ထရိုက်ကိုအပစ်ပေးရလေသည်၊ မိမိတာဝန်ခံရသော အလုပ်မှာ ပြသနာရှိလျင် မိမိ လုပ်ရပ်အတွက် တာဝန်သိသိ တာဝန်ယူသောဓလေ့သည်မြန်မာတို့ အုပ်ချုပ် ရေး စံနစ်တွင်ရှိဟန် မတူပေ၊

ကျွန်တော်တို့နိုင်ငံတွင် ပရိုက်ဗိတ် စီးပွားရေးလုပ်ငန်းတွေက ဖွံ့ ဖြိုးစဘဲရှိသေးသည်၊ အစိုးရလုပ်ငန်း အစိုးရ ဌာနတွေကဘဲ နေရာတကာ ကြီးစိုးနေကြလေရာ အစိုးရ ၀န်ထမ်း အဖြစ်းကထွက်ရသည်ဆိုလျင် ထိုလူအဖို့ ကမ္ဘာပျက် သလိုဘာမှလုပ်စရာမရှိတော့ပေ၊ မြောင်းထဲရောက်သွားသည်ဟုလည်းဆိုကြသည်၊ ဖြစ်သင့်သည်မှာ အစိုးရ လုပ်ငန်း၊ တာဝန်ရှိသောနေရာတွေမှာ လုပ်နေကြသူတွေသည် အပြင်မှာလည်းမိမိ အရည်အချင်းကို လိုက်၍ နေရာရှိသင့်သည်၊ အများစု လုပ်ပိုင်ခွင့် ပါဝါရှိကြသောနေရာတွေမှာ စစ်ဗိုလ်ထွက်တွေဘဲ ကြီးစိုးနေ လေရာ ထိုသူတို့မှာ မိမိကုလားထိုင်ပျောက်သွားပါက ကမ္ဘာပျက်ဖို့ဘဲ ရှိတော့သည်၊ သူတို့အရည်အချင်းအရမူ အပြင်မှာ အလုပ်နေရာ မရှိနိုင်၊ ကျွန်တော်တို့နိုင်ငံတော် ပြုပြင်ရေးလုပ်ငန်း၏ ပထမဆုံး အလုပ်မှာ စစ်မှုထမ်း ဟောင်းတွေကို မြို့ပြ အုပ်ချုပ်ရေး လုပ်ငန်းများတွင် တာဝန်ချထားနေခြင်းကို ရပ်ဆိုင်းရန်ဖြစ်သည်၊

ဗိုလ်ချုပ်ကြီးတဦးသည်နေရာတခုသို့ရောက်တိုင်း“ ငါတို့ထဲက ဘယ်သူရှိလဲဟေ”့ ဟုမေးလေ့ရှိသည်၊ စစ်တပ် ထဲကထွက်လာသူ ဘယ်သူတွေရှိလဲဟု မေးလိုက်ခြင်းပင်၊ တိုင်းပြည်ယိုယွင်းပျက်စီးရခြင်းမှာ ငါတို့ထဲက လူ တွေ နေရာတကာမှာ ရှိရမယ်၊ ငါတို့ထဲကလူတွေဘဲ အခွင့်အရေးကို ခံစားကြရမယ်ဟူသော အယူအဆ ကြောင့်ပင်ဖြစ် သည်၊ နေရာတခုသို့ရောက်နေသောသူသည် ထိုနေရာနှင့် လိုက်လျောညီထွေရှိသော တာဝန် တွေကို ထမ်းဆောင်ရန်မဟုတ် သူတို့ အထက်ကလူကြီး ခိုင်းသမျှကို သာလုပ်ကြရန်သာဖြစ်သည်၊ ခိုးရမည်၊ ဖွက်ရမည် ကိစ္စမရှိ လူကြီးခိုင်းတာဆို လုပ်သာလုပ် ဟုဆိုလိုသည်၊ မဟုတ်တာ လုပ်ဖို့ ငါတို့စစ်တပ်ထွက် တွေလိုသည်ဟု လည်းဆိုလိုရာရောက်သည်၊

စစ်တပ်အုပ်ချုပ်သော အနှစ်ငါးဆယ်ကျော်ကျော်ကာလ တလျောက်လုံး မှာ ဤနည်းဖြင့် ဗြိတိသျှတွေ ထားခဲ့ သည့်  မြန်မာနိုင်ငံ အုပ်ချုပ်ရေးယန္တရားကြီး ပျက်စီး သွားရခြင်း ဖြစ် ပါသည်၊ ထိုလုပ်ရပ်ကို အစိုးရ သည်ဆက် လက် ကျင့်သုံးနေဆဲပင်၊ ခေါင်းဆောင် လုပ်သူက နေရာလေးရှိတုံး၊ တာဝန်ပေးခံရတုံး စီးပွားရေး ပြည့်စုံအောင် လုပ်ထားကြဟု ညွှန်ကြားသည်၊ ၃သိန်း အထိ ပိုက်ဆံယူခြင်းကို လာဒ်ငွေ မဟုတ်ဖူး ဟုဆိုသည်၊ ထိုပုဂ္ဂိုလ်ကြီးများသည် မည်သည့်ဥပဒေ စံနှုံးတွေကို ကိုးကား သည်ဟုမသိရ၊ မည်သည့် ဥပဒေကျောင်းတွေက ထိုသို့ပို့ချသည်ဟုလည်းမကြားရစဖူး၊ ခေါင်းဆောင် ပြောစကားကို့ နောက်လိုက်တွေက ညီညာဖြဖြ လိုက်နာ ကြသောအခါ စံနစ်ကြီး တခုလုံးပျက်စီးရခြင်းသာ အဖတ်တင်လေ သည်၊ ထိုနိုင်ငံတွင် ချစားမှုပပျောက်ရေး၊ အဂတိလိုက်စားမှု့ ပပျောက်ရေး ကို ဘယ်လိုလုပ်ကြမလဲဟု စဉ်းစား စရာဖြစ်လာပါသည်၊

စစ်ဗိုလ်ချုပ်ကြီးတွေ အလုပ်အကိုင်တော်လျင် စစ်တပ်အနေနှင့် ဆုတံဆိပ်များချီးမြှင့်နိုင်ပါသည်၊ သီဟသူရ၊ ဇေယျကျော်ထင်၊ ဘွဲ့တံဆိပ် အမျိုးမျိုး တီထွင် ပေးနိုင်ပါသည်၊ သို့ပါသော်လည်း ၀န်ကြီးဌာန တခုလုံးကိုတော့ ထိုးမအပ်လိုက်စေလိုပါ၊ အဘယ့်ကြောင့်ဆိုသော် မင်းဒီဌာနကို ကြိုက်သလိုလုပ် ဖျက်ဆီးလိုက်ပေတော့ ဟု ခိုင်းလိုက်သလိုဖြစ်နေတတ်သည်၊ ၀န်ကြီးသည် အခြေ အနေပေးတုံး စီးပွားရေး လုပ်ထားကြဟူသော ခေါင်းဆောင်ကြီးမှာစကားဖြင့် လာဒ်တွေစား အကြံအဖန် စီမံကိန်းတွေမှာသာ စိတ်ဝင်စားနေသောအခါ အောင်မြင်ရန်အကြောင်းမရှိ၊ လောဘတိုက်လာလျင် လူသည် အကောင်းအဆိုးကို မခွဲခြားနိုင်တော့ပေ၊

အမေရိကားမှာ သမတ သည် သက်တန်း နှစ်ခုသာ တာဝန်ထမ်းဆောင်နိုင်သည်၊ ရှစ်နှစ်သာခွင့်ပြုသည်၊ နိုင်ငံ အတော်များများမှာ သမတ ၏သက်တန်းတွေကို ဘယ်နှစ်နှစ်ထက်မပိုရ ဟု ကန့်သတ်ချက်တွေရှိသည်၊ စင်္ကာပူ ၀န်ကြီးချုပ်ဟောင်း လီကွမ်းယူ၊ မလေးရှားမှ မဟာသီယာတို့မှာ အသက်ကြီးလာသော် မိမိ ထက်ငယ်သူ ထက်ထက်မြက်မြက် လုပ်နိုင် သူတို့အတွက် နေရာကို ဖယ်ပေးသည်၊ မြန်မာစစ်တပ်သည် မိမိရာထူးကို သာမက မိမိအနားယူချိန်မှာ ဘယ်တော့ဟု မိမိဖါသာ သတ်မှတ်ကြသည်၊ အံ့သြဘွယ်ရာပင်၊

(၃)

ကုလားထိုင်ကို ပေးဘို့ဆိုလျင် ထိုင်မည့်သူသည် သင့်တော်သော အရည်အချင်း လုပ်ငန်းအတွေ့အကြုံတော့ရှိ ဘို့လိုသည်၊ မဆလ ခေတ်က ဆိုက်ကားသမားများ၊ ဓါးမဦးချ တောင်သူလုပ်ကိုင်နေသူများ၊ ပညာကို ကောင်း စွာ မသင်ဘူးသူတွေကို တရားသူကြီးတွေ အုပ်ချုပ်ရေးအရာရှိတွေ ခန့်ခဲ့ဘူးသည်၊

“ရှေ့နေကြီး ခင်ဗျားစကား တတ်တိုင်း လျှောက်ပြောမနေနဲ့ ကျုပ်ဒီကောင်ကို ထောင်ချဘို့ ညကတည်းကစဉ်းစားပြီးပြီ၊ ဒီကောင်မှာ အပြစ်ရှိ တယ်” ဟု တရားသူကြီးကဆိုသည်၊ အကျိုးဆောင်ရှေ့နေကြီးမှာ တရားခွင်မှာ ဘာပြန်ပြောရမည်မသိ၊

တရားသူကြီးက ဥက္ကဌ ဆိုသော စကားလုံးကို မှန်အောင်မရေးနိုင်၊ ရှေ့ဖတ်စာရေးကလည်း သူရေးထားသလို ငှက်ကဥ ဟုတရားခွင်မှာ ဖတ်လိုက်ရာ ပွဲကျသွားခဲ့ဘူးသည်၊

ကောင်စီဥက္ကဌကြီးက မီးသတ်ကားသည် သူ့အမိန့်ပါမှ မောင်းထွက်ရမည်ဟု အမိန့်ထုတ်သည်၊ မီးလောင်သော် မီးသတ်ဗိုလ်က ကားကိုမောင်းထွက်ပြီး မီးသတ်သည်၊ ဥက္ကဌကြီးက အရက်တွေမူးပြီး မီးသတ်ဗိုလ်ကို ကြီမ်း မောင်းသော် မီးသတ်တပ်သားတွေက ဥက္ကဌ ကြီးကို ၀ိုင်းရိုက်သော ကိစ္စတွေ ရှိခဲ့ဘူးသည်၊

အင်္ဂလိပ်အစိုးရက Indian Civil Servant ခေါ် ICS ၀န်ထမ်းတွေကို ဘွဲ့ဒီဂရီ မရှိသူကို မပေးပေ၊ အနည်းဆုံး တက္ကသိုလ်၊ ကောလိပ် တခုခုမှာ ပညာသင်ဖူးသော အတွေ့အကြုံရှိရမည်၊ အကျင့်စာရိတ္တ မှတ်တမ်းမှတ်ရာ တွေကို စစ်ဆေး သေးသည်၊တရုပ်ပြည်မှာ ရာထူးအာဏာပေး ဘို့ အစိုးရက စစ်ဆေးသော စာမေးပွဲ ကိုအောင် မြင်ကြရမည်၊ သြဇာအာဏာရှိသူက ခန့်လိုက်လျင် မြန်မာပြည် မှာ အထက်တန်းပင် မအောင်သော်လည်း ၀န်ကြီး ဖြစ်နိုင်သည်၊

သစ်တောရေးရာဝန်ကြီးရွေးချယ်ပုံကိုကြည့်လိုက်ဦး၊ ဧရာမ ဗိုလ်ချုပ်ကြီးက “မင်းဘယ်အရပ်ကလဲ” ဟုမေး သည်၊ “ကျွန်တော်ထူးကြီး အင်္ဂပူကပါ” ဟုဖြေသည်၊ “အေးမင်းတို့အရပ်မှာသစ်တောတွေရှိတယ်၊ မင်းသစ်တောဝန်ကြီး လုပ်ကွာ” ဟုဆိုသည်၊ ထိုဝန်ကြီးသည် သစ်တောထိမ်းသိမ်းရေး၊ ပါတ်ဝန်းကျင် ထိမ်းသိမ်းရေး လုပ်ငန်း တွေကို ဘယ်လိုများလုပ်မှာလဲဟု စဉ်းစားဘွယ်ရှိသည်၊

တိုင်းပြည်ကြီးအောက်တန်းသို့ ဆင်းသွားရခြင်းမှာ အာဏာရှင်များက မဖွယ်မရာတွေ လုပ်ခဲ့ကြသောကြောင့် ဖြစ်သည်၊ ယခု အုပ်ချုပ်နေသူများနှင့် နောင်လာမည့် အစိုးရများ သည်ဤအချက်ကို ဆန်းစစ်သင့်သည်၊ ၀န်ထမ်းများ အကျင့်ပျက်ကြသည့် ဥပမာများကိုစုဆောင်းသင့်သည်၊ မတန်ရာသူကို ကုလားထိုင်ပေးလိုက်လျင် ထိုသူသည် ဘယ်သူတွေ ဘာဖြစ်ဖြစ် သူချမ်းသာအောင်သာလုပ်တော့သည်၊ ထို့ကြောင့် ကုလားထိုင်မပေးမီ သင့်တော်သူ ဟုတ်မဟုတ် စဉ်းစားကြဘို့လိုသည်၊ ကျွန်တော်တို့ နီုင်ငံ၏မြို့ပြ အုပ်ချုပ်ရေး ယန္တရားကြီး အဘယ်မျှပျက်စီး နေသည်ဆိုခြင်းကို ချဲ့ကားပြော၍ပင်မဖြစ်နိုင်ပါ၊ နေရာတကာတွင် စစ်ဗိုလ်တွေ၊ စစ်ဗိုလ် အဟောင်းတွေရှိသည်၊ အကျင့်ပျက်သူတွေက အကျင့်ကောင်းသူ တွေထက် အရေအတွက် များစွာပိုသည်၊ အထက်က ဆရာ့ဆရာတွေ ချမ်းသာသလို ငါတို့လည်းချမ်းသာအောင်လုပ် ရမည်ဆိုသော ဆိုရိုးအတိုင်း ကျင့် ကြံနေကြသည်၊ အကျင့်ပျက်သူ များ ပြင်းပြင်းထန်ထန်အရေးမယူသောအခါ ငါတို့လဲလုပ်ရင်ရရမှာပေါ့ဟု ယုံကြည်နေကြသည်၊

ခေတ်ကြီးက IT ခေတ်၊ အဆက်အသွယ် သတင်းဖြန့်ချီရေး ကိစ္စတွေမှာ ယခင်ကလို မဟုတ်တော့ပေ၊ ယခင်က ပြည်သူတွေ အနေဖြင့် အစိုးရသည် ဘယ်နေမှန်းမသိ၊ အစိုးရ၏လုပ်ရပ်သည် သူတို့နှင့်မဆိုင်၊ ပြည်သူက ရွေး ကောက်တင်မြှောက်ထားသောအစိုးရ အဖွဲ့ တခုလုံးကို ထောင်ထဲထည့်လိုက်တာကိုလည်းမသိ၊ ကာလအတန် ကြာမှ သိကြရသည်၊ ရေဒီယိုကျေညာချက်မှာ အစိုးရအမိန့်ဖြစ်ပြီး အစိုးရဆိုသူများက သူတို့ သင့်တော် သည် ထင်မှ ပြည်သူကို အသိပေးသည်၊ ငွေစက္ကူတွေ တရားမ၀င်တော့ဟု အစိုးရက ဆိုသည်၊ ဘာမှမတတ်နိုင်၊ နာခံရန်သာရှိသည်၊

ဟိုတုံးက အစိုးရဆိုသည်မှာ အဝေးကြီးမှာ အခုတော့ သည်လိုမဟုတ်၊ ဖေ(စ)ဘွတ်တွေ၊ အင်တာနက် Website တွေနှင့် သတင်းသည်မိနစ်ပိုင်းအတွင်း တတိုင်းပြည်လုံး သိနိုင်နေကြပေပြီ၊ ပြည်သူ့ဆန္ဒ Feedback ကိုလည်း  မိနစ် ပိုင်းအတွင်းသိနိုင်နေကြပြီ၊  အစိုးရလုပ်ဆောင်ချက်များမှာ မြင်သာ ထင်သာ ရှိရမည်၊ တိုးတိုး တိတ်တိတ်လုပ်ချင်ရာလုပ်သော ခေတ်မဟုတ်တော့ပြီ၊ ဒီမိုကရေစီ အတွေးအခေါ်တွေ ခေတ်စားလာချိန်တွင် မိမိချမ်းသာ လျင်ပြီးရော၊ ထင်ရာစိုင်းချင်၍မဖြစ်တော့ပြီ၊

တခါတုံးက ဥက္ကဌကြီးတယောက်မှာ အစည်းအဝေးခမ်းမ ထဲမှာ ထိပ်ကထိုင်သည်ဖြစ်စေ၊ ပရိသတ်ထဲမှာ ထိုင်သည်ဖြစ်စေ သူ့ကုလားထိုင်က အများထက် ၆ လက္မလောက်ပိုမြင့်သည်၊ အလွန်အကြည့်ရဆိုးသည်၊ ဘယ်လို သင်္ကေတ နှင့် ဘယ်လို အဓိပ္ပါယ်ယူသည်မသိရ၊ ပြောမည့်၊ ဝေဖန်မည့်လူလည်းမရှိ၊ အခုခေတ်သာ ဆိုလျင်တော့ အလွန်အရုပ်ဆိုးသည့် ဟာသတခုဖြစ်မှာသေချာသည်၊ ခေါင်းဆောင်လုပ်သူက ထင်ရာ မြင်ရာ တွေလုပ်လျင် အောက်လူတွေကလည်း မပြောရဲ၊ မိမိ ကုလားထိုင်နေရာလှုတ်မှာ စိုးရိမ်ကြသည်၊ အခုအချိန်မှာ အနီးကပ် ဖါးပြီးစားသူ တွေက မပြောရဲလျင်ရှိစေ၊ ပြည်သူတွေက ပြောကြတော့မည်၊

ရုရှားပြည်ကြီးသည် ဇာဘုရင်တွေခေတ်ကို ပြန်မသွားတော့ပေ၊ အီဂျစ်ပြည်မှာလည်း ဖါရိုဘုရင်တွေ ပြန်လာဘို့ အကြောင်းမရှိတော့ပါ၊ တရုပ်အင်ပါယာပိုင်ရှင် ကူဗလေခန် သည်လည်း ခေတ်သစ်တွင်နေရာမရှိတော့ပါ၊ ရာဇာပလ္လင် နှင့် ရှင်ဘုရင်တွေ ခေတ်မဟုတ်တော့ပြီ၊ မြန်မာ စစ်ခေါင်းဆောင်ကြီးတွေ နှလုံးသွင်းရမည်မှာ တသွေး၊ တသံ၊ တမိန့် စံနစ်သည် ခေတ်နှင့် ဆီလျော်မှု မရှိတော့ကြောင်းပင်၊ အတွေးအခေါ်ဟောင်းတွေ မစွန့်လွှတ်နိုင်လျင် ခါးစည်းခံရမည့်သူတွေက ပြည်သူတွေ သာဖြစ်သည်၊ ခေါင်းဆောင်တွေက အရည်အချင်းမရှိ သောကြောင့် ပြည်သူအားလုံးဆင်းရဲတွင်းမှ မလွတ်နိုင်ကြပုံ ကို မြန်မာပြည် အုပ်ချုပ်ရေးစံနစ်ကို လေ့လာသူ တိုင်း သိနိုင်မြင်နိုင် ကြပါသည်၊

ကျွန်တော်တို့ နိုင်ငံမှာ ကျောင်းသားသမဂ္ဂအဆောက်အဦးကို ဖြိုချတော့လည်း အမိန့်ပေးသူတွေမှာ ဘာမျှမဖြစ်၊ လူအုပ် ထဲကို သေနပ်ပစ်၍ လူတွေ အစုလိုက်အပြုံလိုက် သေကျေကြရတော့လည်း တရားခံ မပေါ်လိုက်၊ လူအုပ်စုနှင့် ၀ိုင်းပြီး ရိုက်ကြနှက်ကြ အသက်တွေသေကြသော်လည်း၊ ဘယ်သူတွေ လက်ချက်လဲ စုံစမ်း မည့်သူ မရှိ၊ ထိုမှောင်မဲသော ကာလများမှ လွတ်မြောက်တော့မည်ဟု ကျွန်တော်တို့ မရဲတရဲ မျှော်လင့်နေကြပါသည်၊

(၄)

နိုင်ငံတော်၏အချုပ်အခြာ အာဏာကို ပိုင်သူတို့မှာ ပြည်သူသာဖြစ်ပြီး အစိုးရဆိုသည်မှာ ပြည်သူကရွေးကောက် တင်မြှောက်လိုက်သော ပြည်သူကိုအလုပ်အကျွေးပြုရသော (Servant Government) သာဖြစ်သင့်သည်၊ ပြည်သူတို့က ဖန်တီးထားသော ကုလားထိုင်တွင် ထိုင်ကာ ပြည်သူ့ဆန္ဒကို ဗြောင်ဆန့်ကျင်ခြင်းမှာ ဒီမိုကရေစီ၏ ပြယုဂ် မဟုတ်ပေ၊ နိုင်ငံတော်သာယာဝပြောဘို့ဆိုလျင် ပြည်သူတွေလည်းဆန္ဒပြည့်ဝသည့်နည်းတူ အစိုးရအဖို့ မှာလည်း နိုင်ငံတိုးတက်ရေး ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ခေါင်းအေးအေးဖြင့် လုပ်နိုင်ဘို့လိုသည်၊

လူ့ဘ၀ဆိုသည်မှာ မွေးဖွားရာကစ သည်ဆိုလျင် သေဆုံးခြင်းသာ ဘ၀နိဂုံးရှိလေသည်၊ မင်း တို့၏စည်းစိမ် ဆိုသည်မှာ သမုဒ္ဒရာထဲတွင်ခဏတက်သည့်ရေပွက်ပမာအချိန်တိုတိုလေးသာဖြစ်ပါ၏၊ သီတဂူဆရာတော်ကြီး တရားပွဲက ကျွန်တော် ရလိုက်သော လောကီသင်္ခမ်းစာမှာ လောဘတက်သူတွေ၊ စီးပွားရှာလို သူတွေ ထိပ်ဆုံး နေရာတက်ယူနေကြပြီး ကုလားထိုင်ကို ဖယ်မပေးလိုပါသော် တိုင်းပြည်ကြီး ဆုတ်ယုတ် ပျက်စီးဘို့သာရှိသည်၊  မိမိ အခွင့်အရေးရသည့် အချိန်လေးတွင် အများကောင်းရာကောင်းကြောင်း လုပ်သင့်သည်၊ ဘယ်သူသေသေ ငတေမာလျင်ပြီးရောသဘောဖြင့်ကုလားထိုင်ပေါ်မှ ဆင်းမပေးချင်သော စိတ်ဓါတ်ကို မထားသင့်ကြပေ၊

Illustration credit – toonpool.com


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကိုသန်းလွင်, ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်