ငြိမ်းချမ်းအေး – တောင်တွင်းက အောင်သင်းက ဘဝ သန်းခေါင်ချဉ်းသည်အထိ အနေမှန်ခဲ့တယ်

October 25, 2014

ငြိမ်းချမ်းအေး – တောင်တွင်းက အောင်သင်းက ဘဝ သန်းခေါင်ချဉ်းသည်အထိ အနေမှန်ခဲ့တယ်
(မိုးမခ) အောက်တိုဘာ ၂၅၊ ၂၀၁၄

စာရေးဆရာ ဦးအောင်သင်း (၁၉၂၇-၂၀၁၄)

ဆရာ အောင်သင်း ဆုံးရှာပြီ။  ဆရာ ဟာ ကျောင်းဆရာကောင်း တဦး ပီပီ လူငယ်တွေ အရေး ကို သိပ် အလေးပေးခဲ့သူ တဦးလို့ လူသိများတယ်။  တကယ်လည်း ဘဝ တလျှောက်လုံး လိုလို ဆရာ တယောက်၊ စာရေးဆရာ ဟောပြောသူ တယောက် အနေနဲ့ လူငယ်များနဲ့ ထိတွေ့ လက်ပွန်းတတီး ဆက်ဆံ နေထိုင် ဖြတ်သန်းခဲ့ပြီး လူငယ့် ရေးရာများ အတွက် ကြံဆကာ အရေး၊ အသား၊ အဟော၊ အပြော အလုပ်မျိုးစုံ နဲ့ နိုင်သလောက် စွမ်းဆောင် အလုပ်ကောင်းတွေ စံပြ လုပ်ပြ သွားနိုင်ခဲ့သူပါ။

ဆရာ ရဲ့ စာပေ ဘဝ မှာတော့ ရသ စာပေ တိုးတက် ဖွံ့ဖြိုး ရှင်သန် ရေး အတွက် ဝေဖန်ရေးရာ တွေ လုပ်ဆောင်ခဲ့ရင်း ဖိုင်တာ တယောက် အနေနဲ့ နာမည်ကြီး ခဲ့တယ်။  စာပေ လူကြမ်း မင်းသား အောင်သင်း၊ စာပေ ရမ်ဘို အောင်သင်း၊ စာပေ စခန်းမှူး အောင်သင်း အစရှိသလို နာမဝိသေသန များစွာ တပ်ခြင်း ခံခဲ့ရတယ်။  ဒါပေမဲ့ သူ့ ရဲ့ ဝေဖန်ရေးရာ တွေ မှာ စေတနာ ပါ ပါတယ်။  မြန်မာ စာပေ အထူးသဖြင့် ရသစာပေ အနုပညာ အကျိုး အတွက် ကျေးဇူး အများကြီး ရှိခဲ့တယ်။

၁၉၈၀ ခုနှစ်များက ဆရာရဲ့ သဘင် မဂ္ဂဇင်း ပါ အကြိုက်ဆုံး ၀တ္ထုတိုများ ကဏ္ဍ ရေးသားချက် တွေရဲ့ သြဇာ ဟာ စာပေ လောကမှာ ကြီးခဲ့တယ်။  စာပေ ဝါသနာရှင်လူငယ် များအတွက်လည်း လေ့လာ သင်ယူ နာကြားစရာ စာသင်ခန်း လို ဖြစ်ခဲ့တယ်။  လူငယ် မျိးဆက်သစ် ပညာ နဲ့ အထွေထွေ တိုးတက်ရစ်ဖို့ ပိုမို ဇောက်ချ လုပ်လာခဲ့တဲ့ ၁၉၉၀ ခုနှစ်များအထိလည်း ရသ စာပေ ရေးရာ အလုပ်တွေ မလျော့ ခဲ့ပါဘူး၊ မဂ္ဂဇင်း ရသ ဝတ္ထ ရှင်သန် အဆင့်မီရေး အတွက် တဖက်တလမ်း ဆရာ လုပ်ပေးနိုင်ခဲ့တယ်။

ဆရာ့ ရဲ့ စာပေ ရေးရာ စွမ်းဆောင်ချက်များကြောင့် ပေ လေးပင် ရှင် လေးပါး ထွက်ရာ ဇာတိ တောင်တွင်း နောက်ခံကို အစွဲပြုပြီး ဆရာ့ကို လေးစားကြည်ညိုသူတချို့က “ဆဌမ ပေပင်” ရယ်လို့ လွန်လွန်ကျူးကျူး ညွှန်းဆိုကြတာတောင် ရှိခဲ့တယ်။

ဆရာ ဟာ စာပေလောက မှာ ဝေဖန်ရေးရာ သုံးသပ်ချက် တွေကြောင့် ပိုမို ပွဲဆူစရာ များ ဖြစ်ခဲ့တာ မှန်ပေမယ့် ကိုယ်တိုင် ရသ ဖန်တီးမှုကလည်း အပြည့် ရှိသူပါ။  မြန်မာစာ ဆရာ ပီပီ စာပေ အရေးအသား ဝမ်းစာပြည့် ရသ အား ကောင်းသူပါ။  ဆရာ့ ရဲ့ စာတမ်းငယ် အက်ဆေး လေး တွေ သိပ် ချစ် စရာ ကောင်းတယ်။  ၁၉၆၀ ခုနှစ်များဆီက တက္ကသိုလ် ဆရာ ပေါက်စ ဘဝ လူငယ် စာပေ သမား အနေနဲ့ တခြား ဝါရင့် ခေတ်စမ်း အက်ဆေး ဆရာကြီးများ နဲ့ အတူ ပါဝင်ခွင့် ရခဲ့တဲ့ ကံကော်မြိုင် စာတမ်းငယ် များ စုစည်းမှု စာအုပ်ပါ ဆရာ့ ရဲ့ အက်ဆေးကလေးတွေ ဆို စွဲမက်ဖွယ်ရာ တွေပါ။  နောက်ခေတ် စာပေဝါသနာ ပါသူများ အတွက် မြန်မာစာ စကားပြေ အရေးအသား ညက်ညော ပြေပြစ် လှပ စံနမူနာ အတုယူ လေ့လာ သင်ယူသမှု ပြုနိုင်စရာ ဖြစ်ခဲ့တယ်။

အများ သတိထားမိနိုင်တဲ့ ဆရာ့ရဲ့ ရသ ဖွဲ့နွဲ့ ပုံဖော် ပိုင်နိုင်မှု တခု ဥပမာ ပြုရရင် ၉၀ ခုနှစ်များ နှောင်းပိုင်း က စ နောက်ပိုင်း မှာ အင်မတန် ထင်ရှားခဲ့တဲ့ ကံ့ကူလက်လှည့် အက်ဆေး ဆောင်းပါး ပါ ဆီးသီးရောင်း သူငယ်တန်း ကျောင်းဆရာ ကိုဉာဏ်စိန် ရုပ်ပုံလွှာ အဖွဲ့မျိုး ဆို အင်မတန် ရသမြောက် ပုံပေါ် လှတယ်။  ဆရာ ကိုဉာဏ်စိန် လည်း ဆရာ အောင်သင်း ကျေးဇူးကြောင့် တိုင်းကျော် ပြည်ကျော် ဖြစ်ခဲ့တယ်။  လူငယ်၊ လူကြီး အားလုံးလည်း လက်ဦး ကံ့ကူလက်လှည့် ငယ်ဆရာ များ ရဲ့ ဂုဏ်ကျေးဇူး ကို ပိုမို သိတတ် နားလည်တတ်ခဲ့တယ်။  ကျောင်းဆရာ များလည်း စာသင်ကြားပုံ နည်းစနစ် အတွေးအခေါ် သစ်တွေ ရခဲ့တယ်။  ဆရာ့ ရဲ့ ကံ့ကူလက်လှည့် ဟာ ဆရာကန်တော့ပွဲတိုင်းမှာ ကျောင်းသား ဟောင်း မိတ်ဆွေ အချင်းချင်း လက်ဆောင် ပေးစရာ စာ တအုပ် ဖြစ်ခဲ့သလို ဆရာ အတတ်သင် ကျောင်းတိုင်းမှာ ညွှန်းဆို ပြောဆိုစရာ စာတပုဒ်လည်း ဖြစ်ခဲ့ပါတယ်။

ဆရာ့ရဲ့ စာပေ ဂုဏ်ကျေးဇူး ထုတ်နှုတ် ပြောဆိုဖို့ရာက များလှပါတယ်။  အနိမ့်ဆုံး အဆင့် ကျောင်းသားလူငယ် ကလေးများ အတွက် ကျောင်းသုံး အထောက်အကူ ပြု ထွက်တဲ့ ဆရာ့ ရဲ့ စာစီစာကုံး စာအုပ်တွေဟာ ကလေးသူငယ် သူသူ ကိုယ်ကိုယ် ကျောင်းသားဘဝ မှာ မြန်မာစာပေ အခြေခံ အရေးအသား အတွက် လေ့လာ သင်ယူ ကိုးကားစရာ ဖြစ်ခဲ့တာချည်းပါပဲ။

ဆရာ ဟာ မဆလ စစ်အစိုးရ ခေတ် မှာ နိုင်ငံရေး မျက်မုန်းကျိုး ခံရမှုကြောင့် တက္ကသိုလ် ဆရာ အလုပ်ပြုတ်ခဲ့ရပြီး နောက်ပိုင်း ပုဂ္ဂလိက ကျောင်းဆရာ ဘဝ နဲ့ အသက်မွေးဝမ်းကျောင်း ရင်း စာပေရေးရာ တွေ ပို ဇောက်ချ လုပ် အောင်မြင်လာခဲ့တယ်။  စစ်တပ် နောက်တကြိမ် အာဏာသိမ်းပြီး ၁၉၈၈ နောက်ပိုင်း ၁၉၉၀ ဝန်းကျင် ခုနှစ်များမှာတော့ ဆရာ ဟာ တိုင်းပြည် အနာဂတ် အတွက် စိုးရိမ် ကြောင့်ကြ စိတ် ပိုကြီး လာဟန်ရှိတယ်။

စစ်အာဏာရှင် စနစ် သက်ဆိုးရှည်မှုနဲ့ အတူ ဆယ်စုနှစ်များကြာ လူငယ် တွေ လမ်းပျောက်နေတာ ကို ဆရာ ကျောင်းဆရာ တယောက်၊ စာရေးဆရာ တယောက်အနေနဲ့ မျက်မြင် တွေ့သိခဲ့ရတယ်။  လူငယ်တွေ လမ်းပျောက်ရင် တိုင်းပြည် အနာဂတ် ပျောက် တာ ဖြစ်ကြောင်း ပညာရှိပီပီ မြော်မြင် သိရှိတဲ့ ဆရာ ဟာ လူငယ်များ တိုးတက်စေဖို့၊ အသိအမြင် တိုး၊ အတွေးအခေါ် ကြွယ်ဝ စေဖို့၊ ပညာကို အလေးဂရုပြု တန်ဖိုးထား တတ်စေဖို့ တပိုင်တနိုင် ရေးသား၊ ဟောပြော မှုများကို ၉၀ ခုနှစ်များမှာ ကျယ်ကျယ်ပြန့်ပြန့် ပြုလာခဲ့တယ်။

စစ်အာဏာ ရှင် စနစ် ဖိနှိမှု အောက်မှာ နိုင်ငံရေး နိုးကြားစေဖို့ရာ အတွက် မတို့မထိ နိုင်တော့ လူငယ်များ ခေတ်ပျက်၊ စနစ်ပျက် ထဲမှာ နိုင်စွမ်းသလောက် အကျိုးကျေးဇူး တည်ဆောက်နိုင်စေရေး အလို့ငှာ ပညာကို ဇောင်းပေး ကြဖို့ ဆရာ အင်တိုက်အားတိုက် နှိုးဆော်ခဲ့တယ်။

ဆရာ့ရဲ့ ဗမာပြည် အနှံ့က မြောက်မြားလှစွာသော စာပေဟောပြောပွဲ များဟာ လူငယ့်ရေးရာ ဆော်သြရာ စင်မြင့် ဖြစ်လာခဲ့တယ်။  လူငယ်တွေကို ပညာ အတွေးအမြင် အမွေ ပေး တဲ့ စာအုပ်များစွာ ရေးထုတ်ခဲ့တယ်။  ၉၀ ခေတ် လူငယ်များ အတွက် ကြီးမားတဲ့ အကျိုးကျေးဇူး သက်ရောက်မှု ဖြစ်စေခဲ့တယ်။  စနစ်ဆိုး တခုလုံး ကို ပြင်နိုင်စွမ်း မဖြစ်ခဲ့ပေမယ့် စနစ်ဆိုး က မွေးထုတ် ဖန်တီးလိုက်တဲ့ ဒဏ်ရာ ဒဏ်ချက် တချို့ကို တော့ ဆရာ ဟာ တနိုင် ကုသပေးနိုင်ခဲ့တယ် လို့ ဆိုနိုင်တယ်။

ဆရာ အောင်သင်း ဟာ ဆရာကြီး ဦးဝန်/မင်းသုဝဏ် (၁၉၀၉-၂၀၀၄) လက်အောက် မှာ မြန်မာစာ မဟာဝိဇ္ဇာ ဘွဲ့ သင်တန်း ကို တက္ကသိုလ် မင်းမော် နဲ့ အတူ တက်ရောက် သင်ယူနေစဉ် ဦးဝန် ရဲ့ စီစဉ် ဖိတ်ကြားမှုကြောင့် ဧည့် ပါမောက္ခ အဖြစ် အချိန်ပိုင်း လာရောက် ပို့ချ တဲ့ ဆရာကြီး ဦးဖေမောင်တင် (၁၈၈၈-၁၉၇၃) နဲ့ အဘိုးဆရာ တော်ခဲ့ဖူးတယ်လို့ ပြောဖူးခဲ့တယ်။  ဦးဖေမောင်တင် ရဲ့ သြဝါဒ ပေါင်းများစွာ နာယူခဲ့ဖူးရာမှာ သူ့ ဘဝ တသက်တာ အတွက် အထိ ဆုံး ဆိုနိုင်တဲ့ သြဝါဒ တခုကတော့ “မောင်အောင်သင်း မင်း အခု ကျောင်းဆရာ ဖြစ်ပြီ၊ ကိုယ့် တပည့် ကို ကိုယ့် ထက် ပိုတော်အောင်သင် ပါ၊ ဒါမှ လူသားဖြစ်စဉ် ကြီး က မျိုးဆက် တဆက်ပြီး တဆက် မြင့်တက် လာမှပေါ့ကွ” ဆိုတာ ဖြစ်တယ်လို့ ဆရာ အောင်သင်း ဆိုခဲ့ဖူးတယ်။

ကျနော့် အတွက်လည်း အလားတူ တသက်တာ ထိ စေတဲ့ တွေးစရာတွေကို ဆရာ အောင်သင်း ဆီက စာပေ ဟောပြောပွဲ တခုမှာ ကလေးဘဝက က ရခဲ့ဖူးတယ်။  စာပေဟောပြောပွဲ ပြုရာ ဖန်ခါးမြေ မြေလတ် မြို့က ဆရာ့ ရဲ့ ဇာတိ ဒေသ ဝန်းကျင် ဖြစ်နေတော့ အဲ့ဒီ ည က ဆရာ တော်တော် လွတ်လွတ်လပ်လပ် ကျယ်ကျယ်ပြန့်ပြန့် အကြောင်းအရာစုံ ဟောပြောခဲ့တယ်။

ရသစာပေ၊ သမိုင်း၊ နိုင်ငံ့ရေးရာ၊ လူငယ့်ရေးရာ၊ ပညာ တန်ဖိုး အစရှိသလို အတွေးအမြင် အနှစ် တွေကို နာမည်ကျော် ကျောင်းဆရာ၊ အဟောအပြောကောင်းသူ ပီပီ အာဝဇ္ဇန်း ရွှင်ရွှင် နဲ့ ပွဲကျ အောင် ဟောခဲ့တာကို ကလေး အရွယ် နဲ့ ကိုယ်တွေ့ကြုံ နားထောင်ခဲ့ရဖူးတယ်။

အဲ့ဒီ ပွဲ ကက်ဆက် တိပ်ခွေ ဟာ ဆရာ့ ရဲ့ မိုးမိုး (အင်းလျား) အမှတ်တရ ရန်ကုန် ဟောပြောပွဲ “အမွေ” လို ပဲ နာမည် ကြီးခဲ့တယ်။ ဗမာပြည် အနှံ့လည်း ပျံ့ခဲ့တယ်၊ ဆရာ အဟော တွေ ဘရိတ် မအုပ် နိုင်ခဲ့လို့ ရန်ကုန် ပြန် အရောက် မှာ စစ်ထောက်လှမ်းရေးရဲ့ ထုံးစံအတိုင်း လိုက်ခြင်းတောင် ခံခဲ့ရသေးထင်ပါ့။  ဆရာ့ စာပေဟောပြောပွဲ တိတ်ခွေ တွေ လက်ရှိ အင်တာနက် ဒစ်ဂျစ်တယ်လ် ခေတ်အထိ လည်း တည်တံ့ ခဲ့လို့ ဆရာ့ အယူအဆ၊ ဇောင်းပေး ပို့ချမှု အာဘော်တွေ လူအများလည်း ယေဘုယျ သိကြမှာပါ။

မြို့က ဟောပြောပွဲ အပြီးမှာတော့ နိုင်ငံသမိုင်း ကို ပြန်လည် သုံးသပ် ပုံတွေ၊ နိုင်ငံရေး အမြင်တွေ၊ ပညာရေး ကို အဓိပ္ပာယ် ဖွင့်ဆိုချက်တွေ၊ စာပေ အခန်းကဏ္ဍ ကို ရှုမြင်ပုံတွေ၊  ကာယ သတ္တိ စိတ္တ သတ္တိ အကြောင်းတွေ၊ ရေရှည်ခံတဲ့ ဇွဲ သတ္တိ အကြောင်းတွေ တွေးစရာ အစုံစုံ အသက် (၁၀) နှစ်သား ကျနော့် ဆီ ကျန်ခဲ့တာဟာ ဘဝ တသက်တာ အမှတ်တရ ဖြစ်စရာပါ။

အသက်ကြီးလာချိန် တချို့ ယူဆချက် တွေ ပြောင်းလဲ သဘောမတူနိုင်စရာတွေ ဖြစ်လာတာ ရှိပေမယ့် အခြေခံ သဘော အားဖြင့် ဆရာ့  ရဲ့ အဲ့ဒီ ည သြဝါဒ က ကျနော့် ဘဝ တလျှောက် မှာ အလေးအနက် ထား ထည့်သွင်း စဉ်းစားစရာ အမြဲ ဖြစ်နေလျက်ပါပဲ။  အထူးသဖြင့် ဆရာ့ ရဲ့ နိုင်သလောက် လုပ်နေတဲ့ စေတနာ ကို မြင်ခဲ့ရတယ်။  အဲ့ဒီ အတွက်လည်း ဒီကနေ့ အထိ ဆရာ့ ဂုဏ် ကျေးဇူး ကို ပူဇော် လျက်ပါပဲ။

ဆရာ့ ရဲ့ “ဦးနှောက် က အမှိုက်တောင်း မဟုတ်ဘူး၊ ပေါက်တတ်ကရ တွေ့သမျှ အမှိုက်တွေ ပစ်မထည့်နဲ့” လိုမျိုး အသေးအဖွယ် အဟော လေးတွေက အစ အခု အချိန် အထိ နားထဲ ကြားယောင်မိပါသေးတယ်။

ဆရာ့ အသံ ကို တိုက်ရိုက် (Live) နောက်ဆုံး ကြားခဲ့ရတာကတော့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကြီး အကြမ်းဖက် မဖြိုခွင်းခံရခင် တည စက်တင်ဘာ (၂၅) လို့ ဆိုနိုင်မယ် ထင်တယ်။  သာသနာ ရေးဝန် ဆိုသူ နအဖ စစ်ဗိုလ်က ခါး သေနတ်ချိတ်လျက် “ဓမ္မစက် နဲ့ မထိန်းနိုင်ရင် အာဏာ စက်နဲ့ လူသတ် အကြမ်းဖက်ရပါတော့မယ်” လို့ မဟန သာသနပိုင် ဆရာတော် ကို လျှောက် အပြီးမှာ လူထုဟာ စစ်အာဏာရှင်များ ထုံးစံအတိုင်း မိုက်သွေးပြတော့မယ် ဆိုတာ ရိပ်မိခဲ့တယ်။  ပြည်ပ အခြေစိုက် ရေဒီယို သတင်း ဌာနများကလည်း အထင်ကရ ပုဂ္ဂိုလ်တွေကို တွေ့ဆုံ မေးမြန်း သဘောထား အမြင် တောင်းခံတာတွေ လုပ်ခဲ့တယ်။

ဒီလိုနဲ့ အကြမ်းဖက်ခံရတဲ့ စက်တင်ဘာ (၂၆) မတိုင်ခင် ည မှာတော့ မေမြို့ စစ်တက္ကသိုလ် မှာ ဆရာ လုပ်ခဲ့ဖူးတဲ့ အဲ့ဒီ ခေတ် ဗိုလ်ချုပ်ကြီး အတော်များများ ရဲ့ ဆရာ ဖြစ်ခဲ့ဖူးသူ ဆရာ အောင်သင်း ကို သတင်းဌာန တခုက မေးမြန်းခန်း လုပ်တယ်။  တပည့်ဟောင်း စစ်ဗိုလ်တွေကို ဆရာ ဘာမှာချင်သလဲ၊ သူတို့ မနက်ဖြန် မှာ သံဃာ နဲ့ ပြည်သူတွေကို ပစ်မိန့်ပေးခဲ့ရင် ဘာ ဖြစ်နိုင်သလဲ လို့ မေးတယ်။

ဆရာ က သူတို့ စစ်တက္ကသိုလ် မှာ တပည့် စစ်ဗိုလ်လောင်း တွေကို သင်ကြားပေးခဲ့တာ ဟာ “တိုင်းပြည့် ရန်သူ အပေါ် နေလို မီးလို ကျင့်ဖို့၊ မိဘ ပြည်သူ အပေါ် ရေလိုလလို ကျင့်ဖို့” ပါ၊ သူတို့ ပစ်ခဲ့ရင် ကျနော် က ဘာမှ ပြောစရာ မရှိ၊ သမိုင်းက ပြော၊ အပြစ်ဒဏ် ခတ်ပါလိမ့် မယ် လို့ ဆိုခဲ့တယ်။

သူတို့ တကယ် ပစ်ခဲ့ပါတယ်။  သမိုင်းက အပြစ်ဒဏ် ခတ်နိုင်ဖို့ အတွက်တော့ ပြည်သူ က စောင့်နေရဆဲပါပဲ။  သမိုင်း တရားစီရင် နိုင်မယ့် နေ့ကိုတော့ ဆရာ  မမီနိုင်တော့ဘူးပေါ့။

ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံး တနေ့ မှာ တရားမျှတမှု ဟာ အောင်ပွဲဝင် ရမယ်ဆိုတာကတော့ ဧကန်ပါ။  ဒီလို ပြော ပြော ရင်းနဲ့ပဲ ငါ့ ဘကြီး လည်း သေ သွားတာ ကြာခဲ့ပါပြီ ကွာ အရွဲ့တိုက် ပြန်ဆိုချင်ပါမယ်။

ဒါပေမဲ့ ဆရာ အောင်သင်း လို မျိုးဆက်ဟောင်း ဆရာကောင်း တွေက မျိုးစေ့ချပေးခဲ့တဲ့ တိုင်းပြည်ချစ်စိတ်၊ တရားမှုရှာလိုစိတ် အပြည့် နဲ့ လူငယ်တွေဟာ မျိုးဆက်သစ် အနေနဲ့ အနည်းအများ ကျန်ရစ်ခဲ့ပါတယ်။  ဒီမျိုးဆက်တွေက လက်ဆင့်ကမ်း တရားမျှတမှု ဒီမိုကရေစီ တိုက်ပွဲ အဆုံးသတ်တဲ့ အထိ ဆင်နွဲကြမှာပါ။

ဆရာ ဆုံးချိန် မှာ ဆရာ့ ဂုဏ်ကျေးဇူးတွေကို ပြန်လည် သုံးသပ်ကြည့်ရင် ဆိုခဲ့တဲ့ စာပေ ဂုဏ်ကျေးဇူး၊ ပညာ၊ အတွေးအမြင်၊ အတွေ့အကြုံ၊ လက်ဆင့်ကမ်း မျှဝေ၊ လမ်းညွှန် သွန်သင်ခဲ့မှု ဂုဏ်ကျေးဇူး တွေထက် ကျနော် ပို တန်ဖိုးထားရတဲ့ အရာကတော့ ဆရာ ရပ်တည်ချက်၊ အနေအထိုင် မှန်ခဲ့ခြင်းကိုပါ။  စစ် အာဏာရှင် နောက်မြီးဆွဲ မလုပ်ခဲ့ဘူး။  ပညာ နဲ့ သက်သက် ရိုးရိုးသားသား အသက်မွေးခဲ့တယ်။  ဖော်လံဖား ပေါင်းမစားခဲ့ဘူး။  ဒီလိုနဲ့ စံနမူနာ ပြ နေထိုင်သွားခဲ့နိုင်တယ်။

ငရုတ်သီးလည်း ကြက်သွန်နဲ့ ပေါင်း အထောင်းခံတာမျိုး အဖြစ်မခံနိုင်တဲ့ အတွက် အစိုးရ သြဇာခံ စာပေ၊ စာနယ်ဇင်း အဖွဲ့တောင် တသက်လုံး မဝင်ခဲ့တဲ့ ဆရာ တယောက် အခု ဆုံးခါနီး မှ စစ်တပိုင်း အစိုးရ ရဲ့ ဝါဒဖြန့်ချိ ခံဖို့ အဓိက ဖြစ်တဲ့ တသက်တာ အမျိုးသားစာပေ ဆု ချီးမြှင့်ခံရတာကို လက်ခံခဲ့ရတာလည်း အကြောင်းကြောင်းတွေကြောင့် နားလည်နိုင်စရာပါပဲ။  သွေဖီရေး အလုပ်၊ အပြော၊ လမ်းကြောင်းမှုတွေ ဆရာ့ဆီက တသက်လုံး တခွန်း မကြားခဲ့ရဖူးပါ။

နိဂုံးချုပ်ရရင် ဆရာ အောင်သင်း စာပေဟောပြောပွဲတွေမှာ အမြဲ လိုလို ရယ်ရယ်မောမော ပြောလေ့ရှိတဲ့ “တောင်တွင်း က အောင်သင်း က သန်းခေါင်ချဉ်းသည် အထိ ဆော်တော့တာပဲ” ဆိုသလို ဆရာ ဟာ ခေတ်အဆက်ဆက် ရပ်တည်ချက် မှန်မှန် နဲ့ တိုင်းပြည် အကြောင်းခြင်းရာတွေ၊ လူငယ့်ရေးရာတွေကို မကြောက်မရွံ့ ပြောဆို၊ ရေးသားရင်း နဲ့ အနေမှန်၊ အသေမှန်ခဲ့သူဖြစ်တယ်။  အနေမမှန်၊ အသေ မမှန် ခဲ့သူ တွေ ပေါလှတဲ့ ကလိယုဂ် ခေတ်ပျက်ကြီး မှာ ဘဝ နေဝင်ချိန် အသက်အရွယ် ဇရာ ထောင်း သန်းခေါင်ချဉ်းသည်အထိ ရပ်တည်ချက် မဖောက်ပြားခဲ့တဲ့ ဆရာ ကို ဒီ တချက်တည်းနဲ့တင် ပူဇော်ထိုက်နေပါပြီ။

ဆရာ့ကို ဒီ စာစု နဲ့ နောက်ဆုံး နှုတ်ဆက် ဂါရဝ ပြုလိုက်ပါတယ်။

ဆရာ အောင်သင်း ကောင်းရာသုဂတိ လားပါစေ။   ။

ငြိမ်းချမ်းအေး
၂၅ အောက်တိုဘာ၊ ၂၀၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, ရသဆောင်းပါးစုံ, လူများ၊ ရုပ်ပုံလွှာများ, ငြိမ်းချမ်းအေး

3 Responses to ငြိမ်းချမ်းအေး – တောင်တွင်းက အောင်သင်းက ဘဝ သန်းခေါင်ချဉ်းသည်အထိ အနေမှန်ခဲ့တယ်

  1. zaw aung on November 4, 2014 at 9:35 am

    His books, articles, talks.. all are deserved to be “aung thin literature musium”

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်