သက်ခိုင် – လွဲသွားတဲ့ ပန်တျာကျောင်း၊ ဆရာမရဲ့ ဂေါ်သဇင် ဒုက္ခနဲ့ လူလည်အောင်ဖေ

October 27, 2014

 

သက်ခိုင် – လွဲသွားတဲ့ ပန်တျာကျောင်း၊ ဆရာမရဲ့ ဂေါ်သဇင် ဒုက္ခနဲ့ လူလည်အောင်ဖေ

(မိုးမခအခန်းဆက်၊ အောင်ဖေ (၁၆))၊ အောက်တိုဘာ ၂၇၊ ၂၀၁၄

(၁)

အောင်ဖေက ဆိုခဲ့တဲ့အတိုင်း (၄)တန်းအထိက မူလတန်းကျောင်းမှာတက်ရတယ်၊ အဲဒီခေတ်က မူလတန်းမှာ ဘိုစာကလည်း မသင်ရသေးဘူး၊အမတွေက ဘိုစာတွေ ဘာတွေ ကျက်နေရင် သွားသွားနားထောင်တယ် တခါတခါတောင် လိုက်လိုက်ဆိုသေးပေါ့၊ ဒါနဲ့၅တန်းရောက်တော့ အိမ်ရှေ့ကအလကကျောင်းကို ပြောင်းတက် ရတော့တာပဲ၊ အောင်ဖေပျော်တာပေါ့ ဘာရမလဲ ဘိုစာလည်း သင်ရပြီပေါ့လေ။ စသင်ကတည်းကိုက အေဘီစီဒီကတော့အပျော့ အိုင်အမ်အေ စတူးဒန့်တို့ ဘာတို့ထိကို သဘောပေါက်နေပြီ စိတ်ကလည်းဝင်စားတော့ အိုကေပေါ့လေ၊ အဲဒီမှာ ပထ၀ီတို့ သမိုင်းတို့ကလည်းပါသေး၊ အလယ်တန်းကျောင်းသား ဖြစ်လာတာကို ပါရဂူတန်းတက် ကျောင်းသားလို မြောက်ကြွမြောက်ကြွ ဖြစ်နေတော့တာပေါ့။

မူလတန်းတုန်းကလို ဆရာတွေ ဆရာမတွေက ထစ်ကနဲရှိ ရိုက်မယ်ဆိုတာ သိပ်မရှိတော့ဘူး ဘာလို့ဆိုတချို့ ဆရာ တယောက်နှစ်ယောက်ကပဲတကျောင်းလုံး ဖိန့်ဖိန့်တုန်လောက်အောင် ၅-၆-၇-၈ ကျောင်းသား ကျောင်းသူတွေ အကုန်လုံးကို ထိန်းနိုင်ကြတာကိုး သူတို့များ ဖြတ်လျှောက်ပြီဆိုကျောင်းသားတွေငြိမ်ပဲ။ ဆရာကြီး ဦးချစ်သိန်းဆို တကျောင်းလုံးက ချစ်ကြောက်ရိုသေကြတာ။

အောင်ဖေ(၅)တန်းစာမေးပွဲ စဖြေရတော့မယ် မဖြေခင်(၂)ရက်အလိုမှာပဲ အောင်ဖေ့အဖေက ရုတ်တရက် သွေးတိုးနဲ့ ဆုံးပါလေကော၊ ညနေကတည်းကနေမကောင်းလို့ဆိုပြီး အိပ်နေတာ ထမင်းစားဖို့ အကိုသွားနိုးတော့ ခေါင်းမထောင်နိုင်တော့လို့ ဆေးရုံကိုပို့တာ ဆေးရုံရောက်တော့ ဆုံးသွားတော့တာပဲအဲဒီတုန်းက အောင်ဖေအသက် ၁၁နှစ်ကျော်ပဲ ရှိသေးတယ်၊ ဟာငါတို့အဖေတော့ မရှိတော့ဘူး ငါတော့ အဖေမဲ့သွားပြီ ဒါပဲအောင်ဖေသိတာပေါ့လေ၊သဂြိုလ်တဲ့ရက်ကြတော့ ၁၂နာရီနေအိမ်က ကားတွေထွက်မယ်ပေါ့လေ ဘာလို့ဆိုရန်ကုန်ဆေးရုံကြီးမှာ အလောင်းထားတာကိုး ပြီးမှကြံတောကိုသွားကြမှာ ဒါပေမယ့် မထွက်နိုင်သေးဘူး အောင်ဖေက မြန်မာစာဖြေတာ ၁၂နာရီမှပြီးတာဆိုတော့ အောင်ဖေ့ကို အကုန်လုံးစောင့်နေကြရတာစာမေးပွဲဖြေပြီးပြီးချင်း အမြန်ပြေးထွက် ထမင်းစားခိုင်းတာတောင် မစားနိုင်တော့ဘဲ အဖေ့နောက်ဆုံးခရီးကို လိုက်ပို့ကြရကော၊ အဖေ့ရုပ်ကလာဒ်ကိုတင်ထားတဲ့ နိဗ္ဗာန်ယာဉ်နောက်ကနေ အောင်ဖေတို့ကား လိုက်ရတာ အမေကတော့ တလမ်းလုံး ငိုပေါ့လေ၊ အောင်ဖေကတော့ ငိုရကောင်းမှန်း မသိတာလား ဘာလားတော့ မသိဘူး မျက်ရည်တစက်မှ မကျလိုက်ဘူး။

တကယ်တော့ အောင်ဖေ့အမေဆိုတာ မောင်နှမတွေအထဲမှာ နို့ညှာမိန်းကလေး သူ့အောက်က မောင်တယောက်ပဲ ရှိတာဆိုတော့ သူကအမတွေကြားထဲမှာ အငယ်ဆုံးလို ဖြစ်နေတော့တာပေါ့။ ဒါကြောင့်ရွှေပေါ်မြတင်သဘော ထားထားရာကနေ အဖေနဲ့အကြောင်းပါကြတာ အဖေကသူ့လုပ်ငန်းက အောင်မြင်တာဆိုတော့ လူကြီးတွေ သဘောတူ ပေးစားခဲ့ကြတာကိုး၊ ဒါကြောင့် အဖေမရှိတော့ဘူးဆိုတော့ အမေလည်း အတော်တော့ တုန်လှုပ်သွားတယ်နဲ့ တူပါရဲ့၊ ဘာလို့ဆို သားသမီး ၇ယောက်တာဝန် သူယူရပြီကိုး။

အဖေဆုံးပြီးတော့ အဒေါ်ကလည်း အောင်ဖေတို့နဲ့ လာနေတယ် အဓိကသူပဲစီးပွားရေး ဦးစီးတာပေါ့ အောင်ဖေတို့ မောင်နှမတွေအထဲက တချို့လည်း ကျောင်းထွက် အလုပ်လုပ်ပေါ့လေ၊ အထူးသဖြင့် အကိုကြီးက ကျောက်မြောင်းက အဖွားအိမ်မှာ သွားနေတော့တယ်၊ သူကအဖွားအချစ်တော်၊ အမအကြီးဆုံးနဲ့ အောင်ဖေ့အထက်က အမက ကျောင်းထွက် အလုပ်လုပ်၊ ကျန်တဲ့မောင်နှမတွေက ကျောင်းနေပေါ့၊

အမတွေကမှာတယ် စာကိုကြိုးစား ငါတို့မှာ အဖေမရှိတော့ဘူး ဒါပေမယ့် ငါတို့တော်ရင် ဘယ်သူမှ မနှိမ်ဘူးပေါ့လေ၊ အောင်ဖေကတော့ သူများသိပ်တိုက်တွန်းလို့ ဘာတို့တော့ ဟုတ်ဟန်မတူပါဘူး စာတော့ပုံမှန် အဆင်ပြေနေတာပါပဲ၊ မူလတန်းတုန်းကလောက် အမှတ်တွေလည်း သိပ်မကောင်းတော့ဘူး ဆိုပေမယ့် အဆင့်ကတော့ ၁၀အတွင်းထိတော့ ၀င်နေသေးတယ်၊ အထူးသဖြင့် ဘိုစာကိုတော့ အောင်ဖေ အတော်စိတ်ဝင်စားတယ်။ အဲဒီခေတ်က အောင်ဖေတို့ကို ဘိုစာသင်တဲ့ ဆရာတွေ ဆရာမတွေဆိုတာ အဘိုးကြီး အဖွားကြီးတွေဆိုတော့ ဘိုမကြီးတော့ ဘိုကြီးတွေ စာသင်နေသလား အောက်မေ့ရတယ် အပြင်ကနားထောင်ရင် ပီနေတာပဲလို့ ဆိုရမယ်။ တရက်တော့ အောင်ဖေမှတ်မိသေးတယ် ၇တန်းမှာ နာမ၀ိသေသန ကိုနှိုင်းယှဉ်နဲ့ အနှိုင်းမဲ့ ရွေးရတာ ဘာရမလဲ အောင်ဖေတို့ တက်ကြွတာများ good ကို ပြောင်းလိုက်တာ gooder တို့ goodest တို့ ဖြစ်ကုန်ပါလေကော၊ ဆရာမကပြောတယ် အောင်ဖေနင်စာမကျက်ဘူးလားပေါ့၊ ကျနော်ကျက်ပါတယ် ဆရာမ ဒါကဘယ်လိုလုပ်ပြီး ကျန်နေလဲ မသိပေါ့၊ နောက်မှသိရတာက ကျက်ဖို့ မှတ်ထားတာကို စာကျော်ကျက်သွားတော့ ဒီဟာကbetter နဲ့ best ဖြစ်တယ်ဆိုတာကို သိကိုမသိတော့တာ လုပ်ပုံ။

ဆိုခဲ့တဲ့အတိုင်း အမတွေက ၈တန်းရောက်တော့ အောင်အောင်မြင်မြင် အောင်စေချင်တယ်၊ ဘာလို့ဆို ဂုဏ်ထူးစပေးမှာ ဖြစ်သလို ၀ိဇ္ဇာ သိပံ္ပလိုင်းလည်း ခွဲမှာဆိုတော့ ဘာပဲဖြစ်ဖြစ် ဂုဏ်ထူးပါရင် အိုကေပေါ့လေ၊ ဒါပေမယ့် သူတို့မှာ အကြံအစည်ရှိတာ အောင်ဖေမသိဘူး၊ ဒါနဲ့စာမေးပွဲအောင်တော့ ထင်သလိုမဟုတ်ဘူး ဘိုစာက မပါဘူး သင်္ချာတခုပဲပါတယ်၊ အမတွေက မကြည်တော့ဘူး၊ ပထမ ၂-၃ခုပါရင် စက်မှုအထက်တန်းကျေင်း ပို့မလိုလို ပြောနေရာကနေ ဘာဖြစ်လာတယ် မှတ်သလဲ အောင်ဖေ့ကို ပန်တျာကျောင်း ပို့မယ်၊ မင်းသားလုပ်ခိုင်းမယ် ဖြစ်ပါလေကော၊ အဲဒီမှာ အောင်ဖေပွဲခံတော့တာပဲ၊ ဘာလို့ဆို အမတွေက အဆိုအကတွေဆို အားပေးတတ်ကြတာကိုး၊ ပိုဆိုးတာက အောင်ဖေတို့အမျိုးက ဇတ်မျိုး ငါတို့အမျိုး ဂုဏ်သိက္ခာ ထိန်းရမယ် ဘာညာနဲ့ စွတ်ပြောကြတော့တာပဲ။

သူတို့ပြောတယ် ဆိုတာကလည်း အကြောင်းရှိတယ် သွားငြင်းလို့မရဘူး ဘာလို့ဆို အောင်ဖေတို့အဖွား၊ အမေ့ရဲ့အမေက ဇတ်ထောင်ဖူးတယ် ဘာတဲ့ မိုးအငြိမ့်တို့ သစ်ဆန်းအငြိမ့်တို့ဆိုတာ မြန်မာ့အသံမှာတောင် ဓါတ်ပြားရဖူးတယ်လား ဘာလားမသိလေ၊ လူရွှင်တော် မိုးဒီ ဆိုရင် အဖွားတို့အငြိမ့်မှာ ပါဖူးတယ်၊ အောင်ဖေငယ်ငယ်က ကျောက်မြောင်း သွားရင်တော့ ဇတ်တိုက်တာတို့ တောင်ဥက္ကလာက ဘုရားပွဲကို အငြိမ့်လာကတာတို့ မီလိုက်သေးတယ်၊ ဒီရိုးရာကို ပြန်ထိန်းမယ်ဆိုတဲ့သဘော သူတို့ကလုပ်ကြတာ၊

အောင်ဖေရယ်လေ မနည်းပြောယူရတယ် မလုပ်ပါရစေနဲ့ ကျနော် သိပ္ပံလိုင်းဝင်အောင်တောင် မနည်းကြိုးစားထားရတာ ဒီလိုတော့ မလုပ်ချင်ပါဘူးပေါ့၊ ဒါဆို နင်ဘာလုပ်မှာလည်းတဲ့ မေးပါလေရော အဲဒီတော့ အောင်ဖေက ခပ်တည်တည်ပြန်ဖြေတယ် ကျနော်လေယာဉ်မှူး လုပ်မယ်ပေါ့လေ၊ အဲဒီမှာ ခေါင်သူကြီး လုပ်နေတဲ့ အမအကြီးဆုံးလည်း နည်းနည်းတော့ တွေဝေသွားတယ်၊ တိမ်လွှာမို့မို့လွင် တို့ ဘာတို့ရုပ်ရှင်တွေလည်း ကြည့်ထားဖူးတော့ ယူနီဖောင်းနဲ့ ခန့်ချော ရုပ်ရှင်မင်းသားဝင်းဦးကြီး မျက်နှာ ပြေးမြင်သွားပုံ ရပါတယ်၊ အေးဒါဆို မဆိုးဘူး နင်ဖြစ်အောင်လုပ် မဟုတ်လို့ကတော့ အသေပဲဆိုပြီး ခြိမ်းခြောက်ပြီး လက်လျှော့သွားတာ၊

 နောက်တော့ ဘာမှဝင်မပြောဘဲ နေခဲ့တဲ့အကို အလတ်ကပြောတယ် မင်းကဘာလို့ လေယာဉ်မှူး လုပ်မယ်ပြောရတာလဲပေါ့၊ “မင်းအရပ်၎ပေကျော်လောက်နဲ့ ဟေ့ကောင် အပေါ်ကခလုပ်တွေကို လှမ်းနှိပ်ရမှာ လက်မမှီဘူး စိတ်ကူးမယဉ်နဲ့တဲ့” ၊ ဒါဆိုလည်း အင်ဂျင်နီယာပေါ့ဗျာ လို့ပြောတော့ ဘာမှမပြောတော့ဘူး၊ အမတွေ မကြားတာ ကံကောင်းတယ်မှတ် မဟုတ်ရင် တစခန်းထလာဦးမှာ။ အမှန်တော့ အောင်ဖေက အကတို့ဘာတို့ မလုပ်ချင်လို့ မဟုတ်ဘူး သွားလုပ်မိရင် အခြောက်တို့ဘာတို့ သူငယ်ချင်းတွေ စမှာကြောက်လို့ အဲဒီလို အကြောက်အကန်ငြင်းခဲ့တာ။

(၂)

အောင်ဖေ(၉)တန်းရောက်တော့ တဘက်ရပ်ကွက်(၆)မှာရှိတဲ့ အထက(၂)ကို သွားတက်ရတယ်၊ ပထမတော့ အောင်ဖေတို့ကျောင်းသားတွေကို Aတန်း၊ ဂုဏ်ထူးတန်းဆိုပြီး မြှောက်မြှောက်စားစားနဲ့ ကျောင်းက လက်သပ်မွေးတယ်၊ စာတွေအားလုံးက ဘိုလိုတွေချည်းပဲဆိုတော့ အောင်ဖေတို့ သိပ်တော့ မဟန်တော့ဘူး အလွတ်ကျက်ပေမယ့်လည်း တခါတခါ သဘောကို မပေါက်နိုင်ဘူး၊ တော်သေးတာက ကျူရှင်တွေ ဘာတွေ ယူထားလို့ တော်ကာကြတာ မဟုတ်ရင်မချောင်။

အောင်ဖေတို့က သိပ္ပံတွဲဆိုတော့ ဇီဝဗေဒတွေဘာတွေ ပါလာပြီ၊ အဲဒီမှာ ရုက္ခနဲ့ သတ္တတွေခွဲထားတဲ့နေရာမှာ အောင်ဖေက အပင်တွေအကြောင်း အဓိကထားတဲ့ ရုက္ခဆိုရင် ကြည့်လို့ကိုမရဘူး ဘာတဲ့ plasma membrane ပလမ်စမာမမ်ဘရိန်း တို့ဘာတို့ Cytoplasm ဆိုင်တိုပလပ်ဇမ်တို့ဆို ကြားကိုမကြားချင်တာ ပုံလည်းမဆွဲချင်ဘူး ငါ့လာမေးရင် အကောင်တွေပိုင်းပဲ ဖြေမယ်ဆိုပြီး ခေါင်းမာတတ်လာကော၊ ဒါနဲ့ ပထမအစမ်းဖြေတော့ ကျက်ထားတာတွေ တခုမှမပါလာဘူး မေးတာတွေကလည်း ဖြေဖို့အဆင်မပြေတော့ အောင်ဖေမဖြေပဲထားလိုက်တယ်၊

အမှတ်စာရင်းတွေ ထွက်လာတော့ အောင်ဖေတို့ကို ဘိုင်အိုလော်ဂျီ သင်တဲ့ ဆရာမ ဒေါ်သန့်စင်ထွန်းက န/၁၆ ထပါဦးပေါ့၊ ဒါနဲ့အောင်ဖေ မတ်တပ်ရပ်တယ် တယ်တော်ပါလား အမှတ်က (၀)ပေါ့လေ၊ အတန်းထဲကကောင်တွေက ပြုံးစိစိနဲ့ ဒီကောင်ဘာဖြစ်ပါလိမ့်ပေါ့၊ အောင်ဖေ ခပ်တည်တည်ပဲ ပြန်ထိုင်တယ်၊ ငါမှမဖြေတာ ဘာဖြစ်လဲပေါ့ ဒါပေမယ့် တေးထားလိုက်တယ် ငါမဖြေချင်လို့ ဖြေရင်ရစေရမယ်ကွ ဘာညာနဲ့ ဒုတိကအစမ်းအတွက် ကြိုပြင်တော့တာပဲ အားလုံးကို မရအရကို အလွတ်ကျက်ဖြစ်တာ တီနီယမ် ဆိုလီယမ်ဆိုတဲ့ တုတ်ကောင်သံသရာလည်ပုံဆို အခုအချိန်ထိတောင် အလွတ်ရနေသေး။ အဲဒါနဲ့ စာမေးပွဲဖြေတော့ အကုန်လုံးကို ဖြေနိုင်တာ ခပ်တည်တည်ပေါ့၊

အမှတ်တွေထွက်လာတော့ ထုံးစံအတိုင်း ဆရာမက ခုံနံပါတ်ခေါ်တယ် န/၁၆ ဘယ်သူလဲပေါ့၊ အောင်ဖေ မတ်တပ်ရပ်တယ်၊ ဆရာမအတော် အံ့သြသွားတယ်၊ ပြီးတော့ နုတ်ကပြောတယ် ဟာငါ့တပည့်က တယ်တော်ပါလား အတန်းထဲမှာ အမှတ်အများဆုံး ၈၈မှတ်တဲ့၊ တတန်းလုံး ၀ိုင်းသြဘာပေးပေါ့၊ ဒါနဲ့မေးတာပေါ့ မင်းကဘာလို့ ပထမအစမ်းတုန်းက ဇီးရိုး ဖြစ်ရတာလည်းပေါ့၊ ကျနော်အပင်တွေအကြောင်း မကျက်ချင်တာနဲ့ ဖြေကို မဖြေခဲ့တာပေါ့လေ၊ ဆရာမဆို ရီတာပေါ့ အဲဒီလို မလုပ်ရဘူး၊ ကိုယ်ကကျောင်းသား ကိုယ့်တာဝန်အရ ဒါတွေကို ကျက်ရမှတ်ရ လေ့လာရမယ်ပေါ့လေ။

ဟုတ်ကဲ့ပါဆရာမပေါ့လေ၊ ဒါနဲ့အောင်ဖေလည်း ဆရာမ အသိအမှတ်ပြုခံရတော့ ငယ်ငယ်ကတည်းက အိမ်မှာ စိုက်ပျိုးပေါင်းသင် လုပ်လာခဲ့တဲ့အထဲက နာမည်အကြီးဆုံး ရှဥ့်မတက်တို့ ဂေါ်သဇင်တို့ကို ခူးခူးသွားပြီး ဆရာမကို လက်ဆောင်ပေးတော့တာပဲ၊ ဆရာမက ဆွေဇင်ထိုက်နဲ့ဆင်တာကိုး ပန်းပန်ရင် အတော်လှမယ်ဆိုပြီး သွားဖားပြီးပေးတာ၊ ဆရာမခမျာ ဒုက္ခတွေ့တော့တာပဲ။

ဒီပန်းတွေက အရမ်းအနံ့ကမွှေးတာကိုး အဲဒီတော့ အင်းဆက်ပိုးမွှားတွေက ဘယ်နေနိုင်တော့မလည်း လာနားတော့ တာပေါ့၊ ဆရာမဆို စာကလည်းသင်ရသေး သူ့ခေါင်းနားလာလာဝဲတဲ့ ယင်ကောင်တွေကို မောင်းမောင်းထုတ်ရသေး အဲဒီလိုကို ဖြစ်ကုန်ရော၊ အောင်ဖေနင့်ပန်း ငါ့လာမပေးနဲ့တော့လို့ မပြောရှာပါဘူး၊ နောက်တော့ အောင်ဖေလည်း သဘောပေါက်သွားပြီး ဒီပန်းတွေ မပေးဖြစ်တော့ဘူး၊ အဲဒီကြမှ ဆရာမလည်း လက်ညောင်းသက်သာသွားတော့တယ်။

(၃)

အောင်ဖေ ၉တန်းနှစ်မှာပဲ အမအကြီးဆုံးက ဆုံးသွားပါလေကော၊ အမေဆိုသူ့သမီးကြီးကို သိပ်ချစ်တာဆိုတော့ လင်ဆုံး သမီးဆုံးဖြစ်တော့ စိတ်ဓါတ်တွေဘာတွေကျပေါ့။ နေထိုင်မကောင်းကလည်း ခဏခဏဖြစ်တော့ မြန်မာဆေးနဲ့ကုလိုက် အင်္ဂလိပ်ဆေးနဲ့ ကုလိုက်ပေါ့၊ နောက်တော့မှ ပုံမှန်ပြန်ဖြစ်တာ။

၁၀တန်းတက်တော့ အောင်ဖေတို့ A တန်းကနေ B တန်းကို ရောက်သွားပါလေကော၊ သိပ္ပံတန်း ၂ခန်းမှာ ဒုတိယအခန်းရတာပေါ့ စာကလည်း နည်းနည်းညံ့လာပြီ၊ မသိတာ နားမလည်တာတွေကလည်း များလာတာကိုး၊ နောက်တော့ စိတ်လေပြီး လက်ဘက်ရည်ဆိုင်ထိုင်တာတို့ ဘာတို့စလာကော၊ ကျောင်းလည်း ပြေးဖူးတယ်ရှိအောင် ပြေးမယ်ဆိုပြီး တခါပြေးကြည့်တယ် ကန်တော်ကြီး သွားကြတာ သူငယ်ချင်း၎-၅ယောက်၊ ပြန်လာတော့ စိတ်ထဲမပျော်တော့ဘူး ငါအမှားလုပ်မိပြီပေါ့၊ စိတ်ထဲမှာ တခုခုဝေးသွားသလို ခံစားလိုက်ရတယ်၊ ဒါကြောင့်နောက်ဆို ကျောင်းမပြေးတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။

လက်ဘက်ရည်ဆိုင်ကတော့ အဆင်ပြေရင် တခါတခါထိုင်ဖြစ်တယ်။

တရက်တော့ သူငယ်ချင်းတွေက စုရုံးစုရုံးနဲ့ တိုးတိုး တိုးတိုး လုပ်နေကြတယ်၊ ဘာများလဲပေါ့ အောင်ဖေသွားစပ်စုတယ်၊ အဲဒီမှာ ဗူးသီးက “ဟာ ဟေ့ကောင်တွေ ဟုတ်ပြီဟ၊ ငါတို့က အောင်ဖေကို မေ့နေတာကိုး၊ ဒီကောင်နဲ့ လောင်းကြမလား” ပေါ့ ဆိုပြီး အသံပြဲကြီးနဲ့ ပြောပါလေကော။ အောင်ဖေလည်း ဘုမသိဘမသိနဲ့ ဘာလဲကွပေါ့လေ၊ အဲဒီကြမှ ဇာတ်စုံသိရတော့တာ။

ဖြစ်ပုံကဒီလို၊ အောင်ဖေတို့ ၁၀တန်းရောက်တော့၊ သိပ္ပံဆောင်တွေဘက်မှာ ၉တန်းအသစ်လေးတွေလည်း ရောက်လာကြပြီလေ၊ အဲဒီအခန်းတွေဘက်မှာ ကောင်မလေးတယောက်က အတော်လှတယ်တဲ့ ဘယ်ကောင်ပဲဖြစ်ဖြစ် လိုက်စကားပြောပြော ဘာမှပြန်မပြောဘူးတဲ့၊ အောင်မယ် လာပုံက၊ အဲဒါကိုတကျောင်းလုံးကကောင်တွေ သိနေကြပြီ အောင်ဖေပဲ မသိသေးတာ၊ “ဟ နေပါဦးကွ၊ သူက ဘာလို့ ပြန်မပြောတာလဲ” ပေါ့၊ အောင်ဖေမေးတယ်၊ ဟိုကောင်တွေ ဖြေတာက ရှင်းရှင်းပဲ “မင်းကြီးတော်က မကြိုက်လို့ပေါ့ဟ” တဲ့၊

ဒါကြောင့် မအူမလည်ကောင်တွေဆို လက်ဘက်ရည်တ၀ိုင်းစာ လောင်းကြတယ်တဲ့ စကားတခွန်း မင်းကိုပြန်ပြောရင် မင်းကိုငါတို့က မုန့်ကောလက်ဘက်ရည် ကြိုက်သလောက်ဝါး ငါတို့တိုက်မယ်၊ ဘာမှပြန်မပြောရင် မင်းကငါတို့ကို တိုက်ရမယ်ဆိုပြီး ခဏခဏလောင်းပြီး ပွဲတော်တည်နေကြတာကိုး အတော်ဆိုးတဲ့ကောင်တွေ အခုလည်းအောင်ဖေ့ကိုတွေ့မှ သတိရပြီး ပြောပြကြတာ။

ဒါနဲ့အောင်ဖေက ငါ့ပြစမ်းပါဦးကွ ဘယ်သူလဲဆိုတာ ငါတော့အတော်များများလည်း သိပါတယ် မင်းတို့အခုဖြစ်နေတာက သောက်ပိုလုပ်နေသလိုပဲပေါ့၊ ဒါနဲ့ဖုန်းနိုင်က အသာခေါ်သွားပြီး အခန်းရှေ့ မယောင်မလည်လုပ်ပြီးပြတယ်၊ အဲဒီကောင်မလေးပေါ့၊ ဆံပင်မတိုမရှည်လေးနဲ့ ငါတို့က သူ့ကို “မဟာဆန်သူ” လို့ ခေါ်ကြတယ်တဲ့၊ သူပြတဲ့ ကောင်မလေးကြည့်တော့ အောင်ဖေသိတဲ့ ကောင်မလေးဖြစ်နေတယ်၊ ဘာလို့ဆို အလက၃မှာ တက်တုန်းက အောင်ဖေတို့က တတန်းကြီးတယ်၊ သူက တတန်းငယ်တယ်၊ အောင်ဖေ၈တန်းတုန်းက သူက၇တန်း၊ အခုအောင်ဖေ ၁၀တန်းရောက်တော့ သူက၉တန်းလာဖြစ်တာပေါ့၊ အောင်ဖေ၉တန်းတက်နေတုန်းမှာ သူက ၈တန်းနဲ့ကျန်နေခဲ့တော့ မတွေ့တာ တနှစ်ကြာသွားတာပေါ့၊ ဘာလို့ ဒီကောင်မလေးကို သိသလဲဆိုရင် အောင်ဖေတို့အိမ်မှာ သူတို့အတန်းက တံမျက်စည်းကို လာလာအပ်နေကြဆိုတော့ မျက်မှန်းတန်းမိပြီး ပြုံးပြနုတ်ဆက် အဲဒီလိုရှိတာကိုး၊ အခုမှ အရွယ်တွေကလည်း ရောက်လာ လူတွေက အပျိုလူပျိုဘော်တွေဝင်ကြပြီဆိုတော့ လှတာတွေ ချောတာတွေ စသတိထား လာမိကြတာကိုး။

အဲဒီတော့ အောင်ဖေကပြောတယ်၊ ဘာဖြစ်လဲပေါ့ ကောင်မလေးက လှပါတယ်၊ မဆိုးပါဘူးပေါ့လေ၊ ဟိုကောင်က ဆဲပါလေကော၊ “လှတာတော့ မင်းပြောမှလား သောက်ရူးရ၊ လှယုံတင်မကဘူး ဘယ်ကောင်မှ အကပ်မခံလို့ပေါ့ဟ၊ စကားတောင် တခွန်းမှ ပြန်မပြောပါဘူးဆိုနေမှ” တဲ့၊ အောင်ဖေက ပြန်ပြောလိုက်တယ် “အာ … လိုက်တဲ့ကောင်က အချိုးမပြေလို့ နေမှာပေါ့ကွ၊ သရဲသဘက်စီးသလို သွားပြောနေမှာတော့ ဟိုကသောက်မြင်ကပ်မှာပေါ့” လို့။

အမှန်က ဒီကောင်တွေကို ဆွပေးလိုက်တာ၊ အောင်ဖေသာ သွားစကားပြောရင်တော့ ကောင်မလေးက အားနာပါးနာနဲ့ ပြောမှ သေချာတယ်ဆိုတာသိလို့၊ တကယ်လို့ ဒီကောင်တွေ ပိုင်ပြီဆိုပြီး လာလောင်းရင် မှတ်လောက်သားလောက် ဖြစ်အောင် အောင်ဖေက အခြားဝိဇ္ဇာဘက်က ကောင်တွေနဲ့ပါ ပေါင်းပြီးဝါးတီးဆွဲမယ်ပေါ့လေ။

ထင်တဲ့အတိုင်းပဲ ဒီကောင်တွေ အောင်ဖေက သောက်ကြီးသောက်ကျယ်ပြောတယ်ပေါ့လေ သူတို့ကြိတ်တိုင်ပင်ကြတယ်၊ ဒီကောင့် မှတ်လောက်အောင် ဆုံးမရမယ်ပေါ့၊ အောင်ဖေကလည်း အချဉ်မဟုတ်ဘူး တနေ့တနေ့ ဒီကောင်တွေ အခုလိုဖြစ်နေကြတာကို ကြည့်မရတော့ မလောင်းလောင်းချင်လာအောင် ဆွဆွပေးနေတယ်၊ ဟိုကောင်တွေကလည်း အချင်းချင်းဆိုတော့ လောင်းရတာ ခက်နေကြတာပေါ့၊ ဒီကြားထဲ ဘယ်ကောင်က ၀င်မွှေလည်းမသိပါဘူး၊ ကောင်မလေးက ပြောတယ်တဲ့ သူ့ကောင်လေးက အောင်ဖေတို့ B တန်းမှာရှိတယ်တဲ့ ဖြစ်ရော၊

အဲဒီမှာပွဲက ဆူလာပြီ သူ့ကိုယ်မယုံ၊ ကိုယ့်သူမယုံတွေ ဖြစ်လာကော၊ သူလိုလို ငါလိုလိုနဲ့ အထင်ခံရ မနည်းဘူးဆိုတဲ့အထာနဲ့ ဖြစ်ကုန်ကြတာ၊ တကောင်နဲ့တကောင် ချောင်းချောင်းနေကြတော့တာပဲ။ ဒါနဲ့ တနေ့တော့ ဗူးသီးက အသာလေးလာပြောတယ်၊ ဟေ့ကောင်မင်းကို လာလောင်းလိမ့်မယ် မင်းဘယ်လိုလဲ လောင်းရဲလားပေါ့၊ အခုသတင်းတွေကလည်း အမျိုးမျိုး ထွက်နေတယ်ပေါ့လေ၊ ဒါနဲ့ “ဟေ့ကောင်ဗူးသီး သူတို့တွေ ငါ့လာလောင်းရင် ငါသေချာပေါက်နိုင်တယ်ကွ၊ ဘာလို့ဆို ကောင်မလေးနဲ့ ငါနဲ့ သိတယ်ကွ” ပေါ့လေ၊ အဲဒါဆို မင်းသေချာရင် ငါမင်းဘက်ကလောင်းမယ်ကွ၊ ဟိုဟာကွာ သူ့ကောင်က ငါတို့အခန်းက ဆိုတဲ့သတင်းကလည်း ငါလျှောက်လွှင့်တာ ဒီကောင်တွေ ပိုစိတ်ဝင်စားလာအောင်တဲ့ ဟောပေါ်လာပါလေကော၊ ဒါဆို ဒီကောင်တွေ လောင်ချင်းရင် ငါကလောင်းမယ် ပြောလိုက်ကွာဆိုတော့ ဒီကောင်သွားညှိ ပါလေကော။ ဒါနဲ့အလောင်းအစား လုပ်ဖြစ်ကြကော။

အောင်ဖေကလည်း တခြားအတန်းကကောင် ၃-၄ယောက်ပါ ဆွဲထည့်ထားတယ် စားရရင် တန်အောင်လို့၊ ဟိုကောင်တွေကလည်း ဇတ်စုံရှင်းပြထားတော့ သဘောတကျကျပေါ့ ငါတို့တော့ အပီဆွဲ(၀ါး)ရမယ်ပေါ့လေ။ ဒါနဲ့ လက်ဘက်ရည်ဆိုင်မှာ စည်းကမ်းချက်တွေ ညှိကြတယ်၊ ဘေးကနေ စကားလိုက်ပြောရမယ်၊ ကောင်မလေး အတင်းစကားပြောအောင် သွားမထိရဘူး၊ ၉ရပ်ကွက်ထဲ စ၀င်လို့ ၃လမ်းတလျှောက်ပဲ ပြောခွင့်ရမယ်၊ ကောင်မလေး ဘာမှပြန်မပြောရင် အရှုံးတဲ့။ ဆိုလိုတာက ကောင်မလေးက အင်္ဂလိပ်စာ ကျူရှင်က ညနေ၇နာရီဆို စပြန်မယ်၊ သူကလမ်းကြားထဲကနေ ၃လမ်း၊ ပြီးရင် ၂လမ်း၊ ပြီးရင်ချောင်းကျော်တာနဲ့ သူနေတဲ့လမ်းဘက်နားကပ်သွားပြီ ချောင်းကျော်မသွားရပေါ့လေ။ အောင်ဖေလည်း သဘောတူလိုက်တယ်။

ဒါပေမယ့်တခုတော့ စိုးရိမ်နေမိတယ် စကားလိုက်ပြောရမှာက ညဘက်ဖြစ်နေပြီ တော်ကြာထအော်ရင်တော့ ပွဲခံပြီပေါ့၊ စိတ်ထဲတော့ အတော်လေးညစ်သွားတယ် ငါဖြစ်မှဖြစ်ပါ့မလားပေါ့လေ၊ လောင်းကလည်း လောင်းထားပြီးပြီဆိုတော့ မထူးတော့ဘူးဆိုပြီး စိတ်ထဲဒုန်ဒုန်းချလိုက်တယ် ပြောမယ်ပေါ့လေ။

အဲဒီချိန်းထားတဲ့ညနေမှာ ကောင်မလေးက အင်္ဂလိပ်စာကျူရှင်က ထွက်လာတော့ တယောက်တည်း၊ ဒါနဲ့ ဖုန်းနိုင်တို့ မျက်ရိပ်ပြလိုက်တော့ လက်ဘက်ရည်ဆိုင်ကနေ ထသွားပြီး နောက်ကနေ လိုက်သွားရတော့တာပေါ့၊ ရင်ထဲကတော့ တထိတ်ထိတ်ပဲ ဘာမှပြန်မပြောဘဲ အိမ်သွားတိုင်ရင်တော့ ငါတော့အမှုတက်ပြီပေါ့လေ၊ ဆံပင်ညှပ်ဆိုင် လမ်းကြားလေးကလည်း လမ်းမီးမှိန်မှိန်နဲ့ မှောင်နေတော့ ကောင်မလေးနားကပ်သွားရင်း စကားစလိုက်တယ်။

“ဟာ ပြန်လာတာ တယောက်ထဲလား” ပေါ့၊ မေးပုံကိုက တယောက်တည်း လာနေတာ သိသိနဲ့သွားမေးတာကိုက။ ကောင်မလေးက လှည့်တောင်မကြည့်ဘူး၊ ဟာပြဿနာပဲ ငါတော့ရှုံးပြီနဲ့တူရဲ့ပေါ့လေ။ ဒါနဲ့ ဘေးနားက ကပ်လျှောက်ရင်း “စာတွေကော လိုက်နိုင်လားဗျ” ဆိုပြီး စကားလမ်းကြောင်းပြောင်းလိုက်တယ်၊ နှစ်ယောက်လုံးက ၃လမ်းထဲ ၀င်လာပြီဆိုတော့ လမ်းမီးကလည်း လင်းနေတော့ ရုတ်တရက် ကောင်မလေးက ငါ့ကိုလာဘူးတာ ဘယ်သူပါလိမ့်ဆိုတဲ့ အထာနဲ့ တချက်စောင်းကြည့်တယ်။

ဟာအဲဒီမှာ အောင်ဖေ အောင်ဘာလေ ပေါက်သွားတော့တာပဲ။

“ဟာ ဘယ်သူများလဲလို့ အကိုကိုး၊ အကိုကော ဘယ်ကပြန်လာတာလဲ ကျူရှင်ကပဲလား” တဲ့၊ အောင်ဖေလေ ထကချင်စိတ်ကို မနည်းထိန်းထားရတယ် ငါတို့တော့ နိုင်ပြီကွပေါ့၊ ဟုတ်တယ် ကျနော်လည်း ကျူရှင်ကပြန်လာတာ တွေ့လို့ နုတ်ဆက်စကားပြောရင်း ၃လမ်းဘက်ကပဲပြန်မလို့ အတူတူလိုက်လျှောက်လာတာ၊ ဘာညာနဲ့ စကားတွေကို ရည်းစားစကားပြောပုံ မဟုတ်ဘဲ သူငယ်ချင်း အချင်းချင်း စကားပြောပုံဘာညာနဲ့ စွတ်ပြောတော့တာပဲ၊ ကောင်မလေးကလည်း ပျော်ပျော်ရွှင်ရွှင်ပါပဲ၊ အသိတယောက်ကို စကားပြောသလို ပုံမျိုးပြောနေတော့တာပဲ၊ အမေလာမကြိုဘူးလား တယောက်တည်းဆို သိပ်မကောင်းဘူး ဗရုတ်တွေနဲ့တွေ့ရင် စိတ်ညစ်နေရမယ် ဘာညာသွားပြီး သူတော်ကောင်းယောင်ဆောင်ပြီး ဆရာ သွားလုပ်နေလိုက်သေးတယ်၊

 “ဟုတ်တယ်အကိုရ ခါတိုင်းဆို အမေလာကြိုတယ် ဒီနေ့မှ မလာဖြစ်တာ အကိုနဲ့တွေ့လို့ တော်သေးတယ် မဟုတ်ရင် တယောက် မဟုတ်တယောက် လိုက်လိုက်နေတာ စိတ်အတော်ညစ်ရတာ” တဲ့၊ အဲသေရော ခွေးမသားတွေ သူ့အမေအမြဲလာကြိုတာ ငါ့ကိုမပြောဘူး ချောက်တွန်း လွှတ်တယ်ပေါ့လေ၊ တော်သေးရဲ့ လာတာနဲ့ မတိုးလို့ပေါ့။ ဒါကြောင့် ဘယ်ဘာသာဆို ဘယ်လိုခက်တယ် သတိထား၊ ဘယ်ပုဒ်စာတွေက ဘယ်လို ဘယ်ချမ်းသာနဲ့ ကျောင်းစာအကြောင်းတွေပဲ ပြောရဲတော့တယ်။

နောက်ကနေ အခြေအနေ လိုက်ကြည့်တဲ့ကောင်တွေကို တချက်လှမ်းကြည့်တော့ မျက်စိမျက်နှာတွေ ပျက်နေကြကော ဟ ငါ့ကောင် တယ်ဟုတ်ပါလားပေါ့၊ ငါတို့တော့ ဒီလိုကောင်ကို သောက်ဖက်လုပ်ပြီး စကားပြောမယ် မထင်ထားတာ ဒီကောင်က တယ်ဟုတ်ပါလားပေါ့ တအံ့တသြနဲ့ ၀မ်းသာနေတဲ့ပုံ။ လက်တပြပြနဲ့ ဆက်လုပ်ပေါ့လေ။

စကားတပြောပြောနဲ့ ချောင်းထိပ်နားရောက်လာတော့ “ကဲသွားတော့နော် တော်ကြာ မေမေတို့တွေ့သွားရင် တမျိုးထင်နေဦးမယ်” လို့ပြောပြီး ကောင်မလေးကို လက်ပြနုတ်ဆက်တော့ ကောင်မလေးကလည်း “ဟုတ်ကဲ့ အကို” ဆိုပြီး လက်ပြန်ပြတာ ဟိုကောင်တွေ မြင်လိုက်တော့ ငူငူကြီးရပ်ကြည့်နေကြတယ်လေ။

အောင်ဖေလည်း လာကွာလက်ဘက်ရည်ဆိုင် ပြန်သွားကြတာပေါ့ ငါလည်းဆာနေပြီကွ ဘာညာနဲ့ ဒီကောင်တွေကို ပြန်ခေါ်လာခဲ့ကော၊ လမ်းမှာတော့ ဒီကောင်တွေ မနေနိုင်မထိုင်နိုင် မေးကြတာပေါ့၊

“ဟေ့ကောင် အောင်ဖေ မင်းဘာတွေ ပြောဖြစ်လဲကွ၊ ကောင်မလေးက မင်းကို ပြန်ပြောနေတာ တော်တော်လေးကို အဆင်ပြေနေပုံကွ” ဘာညာနဲ့ တယောက်တပေါက် ၀ိုင်းပြီးတော့ မေးတော့တာပဲ။ အောင်ဖေကလည်း ခပ်တည်တည်ပါပဲ ဒီလိုပေါ့ကွာ လူနဲ့လူချင်းက မတူကြဘူးလေ ဘာညာနဲ့ ခပ်တည်တည်ရွှီးတော့တာပဲ။

အောင်ဖေ့သူငယ်ချင်းတွေလည်း အတော်ကိုဝိုင်းလွှေးကြတာပေါ့ ရတုန်းဝါးထားမှ ဆိုတဲ့အထာနဲ့၊ ဗူးသီးလည်း သစ္စာဖောက်ဖြစ်ရော ခါတိုင်းသူတို့နဲ့ပေါင်းနေကြ အခုမှအောင်ဖေနဲ့ပေါင်းသွားတယ် ဘာညာပေါ့လေ။ ဟိုကောင်ကတော့ ဘာမှမပြောပါဘူး “ငါစိတ်ကသိနေသလိုပဲကွ” တဲ့။

အခုလို ကောင်မလေးက စကားပြန်ပြောတာမှ လက်တောင်ပြပြီး နုတ်ဆက်ပြန်ကြတယ် ဘာညာနဲ့ ကျောင်းမှာ သတင်းတွေက ထွက်ကုန်ပါလေကော၊ အဲဒီတော့ အောင်ဖေ့သူငယ်ချင်းတွေကလည်း ဆက်မြှောက်ပေးတယ် ဟေ့ကောင်အောင်ဖေ ကောင်မလေးကို ဆက်လိုက်တဲ့၊ အောင်ဖေကတော့ ငါစဉ်းစားပါဦးမယ် ဘာညာပြောတော့ ဟေ့ကောင်သေနာရဲ့ ဒီအခွင့်အရေးမျိုး နောက်ရမှ မဟုတ်ဘူးတဲ့။

အောင်ဖေကတော့ သိနေပြီးသားပဲလေ၊ ဆက်ပြီး ငါကွ ဟုတ်လှပြီရဲ့ ဆိုပြီး ဆက်တိုးလို့ကတော့ အတန်းပိုင်လား၊ အိမ်လား တခုခုတော့ အတိုင်ခံထိမယ်ဆိုတာ၊ ပြီးရင်ကောင်မလေးကလည်း ငါကရိုးရိုးသားသားထင်ပြီး စကားပြန်ပြောတာ အခွင့်ကောင်းယူတယ်ဆိုပြီး နာမည်ပျက်သွားမယ်လေ၊ အောင်ဖေ ရူးသလို ပေါသလိုနဲ့ စာကြိုးချင်ယောင်၊ ငယ်သေးသယောင်ပဲ လုပ်နေလိုက်တော့တယ်။

သက်ခိုင်

(၁၄း၃၆)နာရီ

 

၀၂.၁၀.၂၀၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, သက်ခိုင်, အခန်းဆက်များ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly MARCH 2017 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်